အခန်း (၆၆၇)
Vol. 45 Ch. 667
သူသည် တိုင်ချူး၏ အားအင်အဆင့်ကို မျက်မြင်တွေ့ခဲ့ပြီး ဖြစ်၏။ အလွန်အမင်း ချီးကျူးလောက်စရာ အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်မှာတော့ ခြားနားလွန်း၏။ တစ်ခါမှ မတွေ့ဖူးချေ။ ၎င်းနှင့် ပတ်သက်သည့် ကောလဟလသတင်းများကိုသာ ကြားခဲ့ရ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အစစ်အမှန် အားအင်အဆင့်က ဘာဖြစ်ကြောင်း သေချာမသိချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ အားအင်အဆင့်သည် ထျန်းမင်တောင်သခင်နှင့် မတိမ်းမယိမ်း အခြေအနေမျိုးတွင် တည်ရှိနေပါက ကျိန်းသေပေါက် ဒုက္ခရောက်ပေလိမ့်မည်။
သူ၏ မျက်လုံးထဲတွင်တော့ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်စွမ်း ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် အဆင့်တူချင်းတွင် တိုက်ခိုက်နိုင်မှု စွမ်းရည် နိမ့်ကျတတ်၏။ တိုက်ခိုက်နိုင်မှု စွမ်းရည်သည် တစ်ခါတစ်ရံ အောက်ဆုံးသို့ပင် ရောက်ရှိနေတတ်၏။
“မြေအင်မော်တယ်လောကကို ဖြတ်ပြီးသွားတဲ့ အချိန်ရောက်ရင် ခရမ်းရောင်နက်နဲလောကကို ရောက်လိမ့်မယ်။ မကြာခင်မှာ ငါ ကောင်းကင်မူလလောကကြီးဆီ ရောက်တော့မှာပဲ” လျှိုချင်းကျီသည် ရှေ့ဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်သည်။
ခရမ်းရောင်နက်နဲလောက်ဆီသို့ ဆက်သွားရန် ပြင်ဆင်နေတုန်းမှာပဲ ရုတ်တရက် သူ၏ရှေ့ တောင်ထွတ်တစ်ခုပေါ်၌ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ပေါ်လာခဲ့၏။ ဤလူသည် အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်မတ်မတ်နှင့် ဖြစ်ပြီး ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်၏။
တောင်ထိပ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်မတ်ရပ်လျက် ရှိနေပြီး အလွန်အားကောင်းသည့် အော်ရာများကို ထုတ်ဖော်ထား၏။
လျှိုချင်းကျီ ရောက်ရှိလာသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“အရာအားလုံးက စီနီယာ နန်းဆောင်သခင် ခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာခဲ့တာကိုး။ ခင်ဗျား တကယ်ပဲ ဒီနေရာက ဖြတ်ပြီး လာခဲ့တာပဲ” ထျန်းမင်တောင်သခင်သည် ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုလိုက်၏။
လျှိုချင်းကျီ၏ အားအင်အဆင့်သည် သူနှင့် မကွာခြားချေ။ သို့ပေမဲ့ တစ်ဖက်လူသည် အော်ရာများကို ဖိနှိပ်ပြီး အတွေးများစွာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သို့ တစ်ယောက်တည်း တသီးတသန့် လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူ ရှိနေသည်ကို ကြိုတင်သိရှိရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
ကံကောင်းစွာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကလည်း သူ့ကို လမ်းညွှန်ခဲ့၏။ ထို့ကြောင့် ဤနေရာတွင် စောစောစီးစီး လာရောက်ကာ စောင့်စားနေခြင်း ဖြစ်၏။ လက်ရှိအချိန်မှာတော့ လျှိုချင်းကျီတစ်ယောက် ထောင်ချောက်ထဲသို့ လှမ်းလျှောက်လာသည်ကို သူက အေးအေးသက်သာဖြင့် လှမ်းကာ ကြည့်ရှုနေ၏။
“ထျန်းမင်တောင်သခင်”
ထိုလူကို မြင်ရသည့်အချိန်မှာတော့ လျှိုချင်းကျီ၏ မျက်စိသူငယ်အိမ်များက ကြုံ့ဝင်သွားခဲ့၏။ သူ၏ နှလုံးသား တစ်ခုလုံးတွင်လည်း လေးလံသည့် ခံစားချက်များနှင့် ပြည့်နှက်သွား၏။ ထျန်းမင်တောင်သခင် ရုတ်တရက်ကြီး ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ခဲ့ချေ။
ထို့အပြင် ပထမဦးဆုံးပစ်မှတ်အဖြစ် သူ့ကို ရွေးချယ်ခဲ့၏။ သူသည် သူ၏ အော်ရာများကို ဖုံးကွယ်ထားခဲ့သောကြောင့် ထျန်းမင်တောင်သခင်အနေနှင့် သူ့ကို ရှာဖွေ တွေ့ရှိဖို့ဆိုသည်မှာ လွယ်ကူမည် မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က လမ်းညွှန်ခဲ့သည်ဆိုသည့် စကားကို ကြားရသည့် အချိန်မှာတော့ သူ၏ နှလုံးသား တစ်ခုလုံးသည် ချောက်နက်ထဲသို့ ကျဆင်းသွားသကဲ့သို့ပင်။
“အင်း... ဒီလူတစ်ယောက်ရဲ့ နာမည်က သစ်ပင်ရဲ့ အရိပ်လိုပဲ နေရာတကာ လိုက်နေတာပဲ”
တာအိုရောင်းရင်း တိုင်ချူးနှင့် တာအိုရောင်းရင်း မုန့်ရှင်းကျီတို့၏ မြင့်မြင့်မားမား ချီးကျူးခြင်းကို ခံရသည့် ဤလူသည် ကျိန်းသေပေါက် သူတည်ရှိရာနေရာအား ထျန်းမင်တောင်သခင်ဆီသို့ ပေးအပ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ ဤလူသည် မယုံကြည်ရသည့်လူပင်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဘယ်ဘက်ကနေ ရပ်တည်နေတာလဲ” လျှိုချင်းကျီသည် ဇဝေဇဝါ ဖြစ်နေမိ၏။
စဦးတုန်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထျန်းမင်တောင်သခင် ချုပ်နှောင်ထားခဲ့သည့် သေမင်းတမန် ထောင်ချောက်ထဲမှ သူတို့ကို လွတ်မြောက်အောင် ကူညီခဲ့၏။ လျှိုချင်းယုကို ဖိနှိပ် ဖမ်းချုပ်နိုင်ရန်ပင် ကူညီခဲ့သေး၏။ အရာအားလုံးတို့သည် သူတို့ဘက်တွင် တည်ရှိခဲ့သည်ဟု ထင်မှတ်မှားရ၏။ ၎င်းသည် လမ်းမှန်ကျင့်ကြံသူ တစ်ယောက်ကဲ့သို့ပင်။
သို့ပေမဲ့ အဘယ်ကြောင့် ရုတ်တရက်ကြီး လမ်းကြောင်း ပြောင်းကာဖြင့် ထျန်းမင်တောင်သခင်ကို ကူညီနေရသနည်း။
“အင်း.. ခင်ဗျား ဇဝေဇဝါ ဖြစ်နေတယ် မဟုတ်လား” ထျန်းမင်တောင်သခင်က အသာရယ်မောလိုက်၏။ သူသည် အလွန်အမင်း တည်ငြိမ်သည့် ပုံပန်းသွင်ပြင်မျိုးရှိပြီး သူ၏လေသံကလည်း တစ်ဖက်လူကို ဖိနှိပ်ထားနိုင်စွမ်း ရှိ၏။ လေထုထဲသို့ အသာခုန်တက်ပြီးနောက် တည်နေရာအနှံ့တွင် ကြက်သွေးရောင် ရောင်စဉ်များဖြင့် ပျံ့နှံ့သွား၏။
တည်နေရာတစ်ခုလုံးသည် အလင်းတန်းများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ထိုအလင်းတန်းများသည် တာအို၏ နိယာမများပင် ပါဝင်လျက် ရှိနေပြီး အလွန်တရာ နက်နဲပြီး ဆန်းကြယ်လွန်းလှ၏။ ထို့အပြင် ထိုအရာများ အားလုံးသည် တိုက်ပွဲကို ဖုံးကွယ်ရန်အတွက် ဖန်တီးလိုက်ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင်တောင်မှ အနီးအနားတွင် ရှိနေသည့် မြေအင်မော်တယ်လောကရှိ လူပေါင်းများစွာတို့သည် တန့်ကနဲ ဖြစ်သွားခဲ့ကြ၏။ တော်တော်များများတို့သည် ကြောင်အအ ဖြစ်သွားခဲ့ကြပြီး ဘာဖြစ်သွားမှန်း မသိရှိခဲ့ကြချေ။
“စိတ်မပူနဲ့။ ကျုပ် ခင်ဗျားကို မသတ်ပါဘူး”
ထျန်းမင်တောင်သခင်သည် ထူးမခြားနားသလို ပြောဆိုလိုက်၏။ “ခင်ဗျားရဲ့ အသက်ကို အသုံးပြုရအုံးမယ်”
ပြောနေတုန်းမှာပဲ သူသည် လက်သီးဆုပ်လိုက်၏။ ဆန်းကြယ်လွန်းလှသည့် ရောင်စဉ်ရောင်ဝါများ ပေါ်ပေါက်လာခဲ့ပြီး လောကကြီး တစ်ခုလုံးတွင် အလင်းတန်းများ တောက်ပလာခဲ့သည်။ ထိုအလင်းတန်း အားလုံးတို့သည် လျှိုချင်းကျီဆီသို့ ဝင်ရောက်သွားခဲ့သည်။
ဘုန်း ….။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ကြီးမားသည့် လက်ကြီးတစ်ဖက်သည် လျှိုချင်းကျီကို ရိုက်နှက်လေ၏။
“ထျန်းမင်တောင်သခင်... ခင်ဗျား လုပ်ရဲတယ် ဟုတ်လား” လျှိုချင်းကျီသည် တုန်လှုပ်မှု၊ ဒေါသတရားများနှင့် ပြည့်နှက်သွား၏။ သူသည် သူ၏နဖူးထက်တွင် ရှိနေသည့် လခြမ်းကဲ့သို့သော အလင်းတန်းများဖြင့် တစ်ဖက်လူကို ခုခံရန် ကြိုးစား၏။ တစ်ဖက်လူသည် တိုက်ရိုက် သူ့ကို တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ တွေ့တွေ့ချင်း မှာပဲ တိုက်ခိုက်ခြင်းကို ပြုမူခဲ့၏။ ဘာလုပ်ချင်နေသနည်း။
လျှိုချင်းကျီ၏ စိတ်ထဲတွင် များပြားသည့် အတွေးများ ပေါ်ပေါက်လာခဲ့ပြီး သူ၏ ကျောရိုးမကြီး တစ်ခုလုံး၌ ချွေးစေးများ ပြန်လာခဲ့၏။ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီးသည့်နောက် သူသည် ထိုအရာကို ချိုးချေ လိုက်၏။ သူနှင့် သတ္တမဘိုးဘေးတို့အကြားတွင် သဘောတူညီချက် ချမှတ်ထားသည့် ကျောက်စိမ်းပြား ဖြစ်၏။ အန္တရာယ် ကြုံရသည့်အချိန်တွင် ထိုကျောက်စိမ်းပြားကို ချိုးချေလိုက်ခြင်းအားဖြင့် တစ်ဖက်လူက ချက်ချင်း သိရှိနိုင်သည်။
“နောက်ကျသွားခဲ့ပြီ” ထျန်းမင်တောင်သခင်သည် လျှိုချင်းကျီ၏ အပြုအမူကို မြင်ရချိန်မှာတော့ အံ့အားသင့်သည့်ပုံ မပေါ်ချေ။ တစ်ဖက်လူ၏ လက်သည် လျှပ်စီးကဲ့သို့ မြန်ဆန်လှသည် ဆိုလျှင်တောင်မှ ဘာတစ်ခုမှ အသုံးမဝင်ချေ။
ဘုန်း ဘုန်း
ထိုအချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဟုန်သည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ အပြာရောင် ကောင်းကင်ကြီး တစ်ခုလုံးကလည်း တုန်ယင်နေခဲ့၏။ နေနှင့်လ၊ ကြယ်စင်စုများ အားလုံးတို့သည် ဤအားအင်များကြောင့် ပြိုလဲ ပြုတ်ကျလုမတတ်ပင်။
ဘုန်း
ကောင်းကင်၏ အခြားတစ်ဖက်တွင် ရှိနေသည့် လက်ကြီးတစ်ဖက်သည် တည်နေရာ တစ်ခုလုံးကို ဖိနှိပ်ထားခဲ့၏။ ထိုအရာသည် လျှိုချင်းကျီ ထွက်ပြေးသွားမည့် လမ်းပေါင်းစုံတို့အား စည်းခတ်လိုက်၏။
“တရားလွန်နေပြီ” လျှိုချင်းကျီက အော်ဟစ်လိုက်၏။ ရောင်စဉ်အလင်းတန်းများသည် သူ၏ နဖူးစပ်မှ ထွက်ပေါ် လာခဲ့ပြီးသည့်နောက် သူသည် အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ရောက်ရှိလာခဲ့သည့် တိုက်ခိုက်ချက်ကြီးကို တိုက်ရိုက်ဆိုသလိုပဲ ခုခံရန် ကြိုးစားလိုက်သည်။
ဘုန်း
ကျယ်လောင်သောအသံကြီး ထပ်မံကာ ထွက်ပေါ်လာပြန်၏။ နက်နဲလျှို့ဝှက်လောက၏အစပ် မြေအင်မော်တယ် လောကကြီးတစ်ခုလုံး၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုက ဖြစ်လာခဲ့သည်။ ထိုအရာသည် မြေအင်မော်တယ်လောကကြီး တစ်ခုလုံးဆီသို့ သက်ရောက်လျက် ရှိနေ၏။ မြေတည်နေရာကြီးတွင် ကြီးမားသည့် အက်ကွဲကြောင်းကြီးများ ပေါ်လာပြီး တိုက်ပွဲ၏ အလယ်ဗဟိုတွင်တော့ ပျက်စီးခြင်းငါးပါး စိုက်လို့နေသည်။
“ဟမ် … မဟုတ်တော့ဘူး” ရှုပ်ထွေးသည့် တည်နေရာကြီးထဲမှာတော့ သတ္တမဘိုးဘေးသည် တွန့်ကနဲ ဖြစ်သွား၏။ သူ၏ မျက်နှာသွင်ပြင်သည် ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ သူသည် လက်ဝါးကို အသာဖွင့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ သူကိုင်ထားခဲ့သည့် ကျောက်စိမ်းပြားက လင်းလက်လျက် ရှိနေကြောင်း မြင်လိုက်ရ၏။ “ချင်းကျီက ဖန်းရှန်နဲ့ တွေ့နေပြီပဲ”
“ထျန်းမင်တောင်သခင်လား”
လျှိုရွှမ်ချမ်က မျက်မှောင်ကုတ်လိုက်၏။ သူသည် မယုံကြည်နိုင်သလို ဖြစ်လို့ နေသည်။ “သူ ထွက်ပြေးသွားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပြန်လာရတာလဲ။ ချင်းကျီက ခန့်မှန်းလို့ မရအောင် အားကောင်းတယ်လေ။ သူ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ဘယ်လိုဖြစ်ပြီး တစ်ဖက်လူက လွယ်လွယ်ကူကူ ရှာတွေ့သွားရတာလဲ”
“ဒါနဲ့ ပတ်သက်ပြီး ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ ရှင်းကျီက ထျန်းမင်တောင်သခင်နဲ့ ရင်ဆိုင်တွေ့နေတယ် ဆိုတာကတော့ သေချာတယ်” သတ္တမဘိုးဘေးကြီးသည် လေးလေးနက်နက်နှင့် ပြောဆိုလိုက်၏။
သူကိုင်ဆောင်ထားသည့် ကျောက်စိမ်းပြားသည် အချိတ်အဆက် ပြုလုပ်ထားသော ကျောက်စိမ်းပြား ဖြစ်၏။ ထျန်းမင်တောင်သခင်နှင့် ရင်ဆိုင်မတွေ့ပါက ကျောက်စိမ်းပြားကို ချိုးချေလိမ့်မည် မဟုတ်ချေ။ အခု ကျောက်စိမ်းပြားကို တစ်ဖက်မှ ချိုးချေခဲ့ပြီး သူ့ဘက်တွင် အလင်းတန်းများက ပေါ်ပေါက်လာခဲ့၏။ ပြောဆိုရမည်ဆိုလျှင် လျှိုချင်းကျီတစ်ယောက် ထျန်းမင်တောင်သခင်နှင့် ရင်ဆိုင်တွေ့နေခြင်း တစ်ခုသာ ရှိသည်။
အန္တရာယ်ကလည်း ကြီးမားလွန်း၏။ လျှိုချင်းကျီကို ကယ်တင်ဖို့ သူတို့ ချက်ချင်းပြုလုပ်ရပေလိမ့်မည်။ အနည်းငယ်သာ နှောင့်နှေးသွားပါက ကျိန်းသေပေါက် အဆုံးသတ်သို့ ရောက်ရှိသွားနိုင်၏။