အခန်း (၆၆၈)
Vol. 45 Ch. 668
“ငါ ချင်းကျီကို သွားပြီး ကယ်တင်လိုက်အုံးမယ်။ မင်းတို့ ချင်းယုကိုခေါ်ပြီး နတ်ဘုရားလောကဆီ ပြန်တော့” သတ္တမဘိုးဘေးက မြန်မြန်ဆန်ဆန်နှင့် ညွှန်ကြားလိုက်သည်။
“သတ္တမဘိုးဘေးကြီး .. ကျုပ် ခင်ဗျားနဲ့ လိုက်ချင်တယ်။ ပြီးတော့ ထျန်းမင်တောင်သခင်က ဒီတစ်ကြိမ်မှာ ဝှက်ဖဲတွေ ထုတ်မသုံးဘူးလို့ အာမ မခံနိုင်ဘူးလေ” လျှိုရွှမ်ချမ်သည် မကြာသေးခင်က တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို ပြန်လည်ကာ စဉ်းစားပြီးသည့်နောက် စိုးရိမ်နေမိ၏။ ဤတစ်ကြိမ်တွင် ကြောက်လန့်ဖွယ်ရာ ကောင်းသည့် အစီအရင်ကြီး တစ်ခုကို ဖန်တီးထားပြီး တိုက်ခိုက်မည် ဆိုပါက သတ္တမ ဘိုးဘေးပင်လျှင် လျှိုချင်းကျီ ကဲ့သို့ အခြေအနေမျိုး ရောက်ရှိသွားနိုင်၏။
“ဒါက”
သတ္တမဘိုးဘေးသည် လျှိုရွှမ်ချမ်ကို လှမ်းကြည့်ပြီးသည့်နောက် လျှိုချင်းယုကို လှမ်းကြည့်လိုက်ပြန်၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူက ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလည်း ကောင်းပြီလေ”
အခြားတစ်ဖက်တွင် ရှိနေသည့် လျှိုချင်းယု၏ မျက်လုံးများကတော့ မှိတ်လျက် ရှိနေ၏။ ၎င်းသည် တံခါးပိတ် ကျင့်ကြံနေသကဲ့သို့ပင်။ အပြင်လောကတွင် ဖြစ်ပျက်နေသည့် ပြောင်းလဲမှုများသည် သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။
“အင်း.. ထျန်းမင်တောင်သခင်ကို ငါ အတွက်အချက် မှားသွားခဲ့တယ်” လျှိုချင်းယု စိတ်ထဲတွင်တော့ ထိုကဲ့သို့ တွေးတောလျက် ရှိနေ၏။ ထျန်းမင်တောင်သခင်သည် ကျိန်းသေပေါက် သူ့ကို ကယ်တင်ရန် ကြိုးစားနေခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ကူညီထောက်ပံ့မှုသာ မရှိပါက ထျန်းမင်တောင်သခင် တစ်ယောက်တည်း နှင့် ဘာတစ်ခုမှ ပြုလုပ်၍ မရနိုင်သောကြောင့် ဖြစ်မည်။
“ဘာပဲပြောပြော ကံတရားက ငါ့ဘက်မှာရှိတယ်။ ငါ့ရဲ့ကံတရားက အဆုံးမသတ်သေးဘူး”
လျှိုချင်းယု၏ မျက်လုံးထဲတွင်တော့ အေးစက်သည့် အလင်းတန်းများ ပေါ်လာခဲ့၏။ လက်ရှိအချိန်တွင် သူ၏ စိတ်ထဲသို့ လူပေါင်းများစွာတို့ ဝင်ရောက်လာသည်။ တိုင်ချူး၊ လျှိုကလန်၏ အင်မော်တယ်ဘုရင်သုံးပါး.. သို့ပေမဲ့ သူသည် မုန့်ရှင်းကျီဆိုသည့် အမည်နာမကို စဉ်းစားလိုက်သည့် အချိန်မှာတော့ ချက်ချင်းပဲ အတွေးများ ရပ်တန့်သွားခဲ့၏။ သူ ဘယ်တော့မှ မေ့လျော့လိမ့်မည် မဟုတ်ချေ။ ထိုသူသည် သူ၏ မှတ်ဉာဏ်များကို ဖျက်ဆီးသွားခဲ့၏။
ပြောရမည်ဆိုလျှင် သူသည် မုန့်ရှင်းကျီကို ပြန်လည် ဖမ်းဆီးပြီးသည့်နောက် မည်သည့်မှတ်ဉာဏ်များကို ဖျက်ဆီး သွားခဲ့ကြောင်း ပြန်လည် မေးမြန်းရမည်။ သူ၏မှတ်ဉာဏ်များ ပြန်လည်ရရှိပြီးပါက မုန့်ရှင်းကျီအား သေခြင်းတရားထက် ပိုမိုကာ ဆိုးရွားသည့် ဘဝကြီးကို ပေးအပ်မှာဖြစ်၏။ ပြန်လည်မွေးဖွားဖို့ အခွင့်အရေး မရှိသည့် လမ်းစဉ်သို့ပင် ပို့ဆောင်ရပေလိမ့်မည်။ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် အမုန်းတရားများသည် ထိုကဲ့သို့ တွေးတောနေရင်းကပင် ကြီးကြီးမားမားနှင့် တိုးတက်လာခဲ့သည်။
မြေအင်မော်တယ်လောက၏ အပြင်ဘက်မှာတော့ ကြမ်းတမ်းလွန်းသည့် တိုက်ပွဲကြီး ဖြစ်ပျက်နေ၏။ လျှိုချင်းကျီ၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိပြီး အားလုံးသော အရာများကို ဝါးမျိုနိုင်စွမ်း ရှိသည့် အော်ရာများကို ထုတ်ဖော်နေ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အင်မော်တယ် မြူများသည် ၎င်းကို ရစ်သိုင်းလျက် ရှိနေပြီး ၎င်း၏ နဖူးစပ်တွင်တော့ နတ်ဘုရားအလင်းတန်းတစ်ခုက ထွန်းတောက်နေ၏။
“ဖွင့်စမ်း”
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ လျှိုချင်းကျီ၏ နဖူးစပ်ရှိ ရောင်စဉ် အလင်းတန်းများက ပိုမိုကာ တောက်ပလာခဲ့ပြီး ထိုရောင်စဉ်အလင်းတန်းများသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကို ထိုးခွင်းကာ ရောက်ရှိလာသကဲ့သို့ပင်။ လောကကြီးထဲတွင် တည်ရှိနေသည့် နိယာမများ အားလုံးသည် ပြောင်းပြန်လည်ကုန်သည်။
ရုတ်တရက် လျှိုချင်းကျီသည် အချိန်၏ မြစ်ရေစီးကြောင်းထဲ၌ လှမ်းလျှောက်လျက် ရှိနေ၏။ လက်ရှိအချိန်မှာတော့ လျှိုချင်းကျီသည် သမိုင်း သို့မဟုတ် ဤလောကကြီးနှင့် ပတ်သက်ဆက်နွယ်မှု မရှိသည့် တခြားသော လူသား တစ်ယောက်ကဲ့သို့ပင်။
“ဝိညာဉ်ကို မီးအိုးလို အသုံးပြုပြီးတော့ အင်မော်တယ် စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်တယ်။ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့နည်းလမ်း။ တကယ့်ကို ကောင်းမွန်တဲ့ နည်းလမ်းလို့ ပြောရမယ်။ ဟား ဟား ဟား” ထျန်းမင်တောင်သခင်က ရယ်မောလိုက်၏။
သူသည် လျှိုချင်းကျီ၏ နဖူးစပ်ဆီမှ ထွက်ပေါ်လာသည့် သေးငယ်သော ပုံရိပ်လေးတစ်ခုကို လှမ်းကာ ကြည့်ရှုနေ၏။ ယခင်က ထိုကဲ့သို့သော နည်းစနစ်မျိုးကို မြင်ခဲ့ဖူး၏။ အင်မော်တယ်လောကထဲတွင် ရှိနေသည့် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖန်တီးထားသည့် နည်းလမ်းပင် ဖြစ်သည်။
ထိုနည်းလမ်းကို အသုံးပြုပါက ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ထွက်ပေါ်လာသကဲ့သို့ပင် ထင်မှတ်မှားရသည်။ သို့ပေမဲ့ ထိုနည်းစနစ်၏ မူရင်း ကွာစီအင်မော်တယ် အင်ပါယာ ငရဲလောကအရှင်၏ လက်ချက်ကြောင့် သေဆုံးသွားသည့်မြင်ကွင်းကို သူ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရ၏။
လေဟာနယ် တစ်ခုလုံး ပြိုပျက်ခဲ့ပြီး ရေတွက်လို့မရအောင် များပြားသည့် လောကအသီးသီးတို့သည် ၎င်း၏ အရှိန်အဟုန်ကြောင့် တုန်ယင်နေခဲ့၏။ သန်းထောင်နှင့်ချီသည့် လူများအားလုံးတို့သည် စိတ်ပျက်မှု အခြေအနေကို ခံစားခဲ့ရ၏။ ကောင်းကင်ယံတွင် သွေးမိုးများပင် ရွာကျခဲ့၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် သေဆုံးခြင်းသည် ထိုမျှ ဆိုးရွားသည့် အခြေအနေတစ်ခုကို ကျရောက်စေခဲ့သည်။
မူလအားဖြင့် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် သေဆုံးပြီးသည့်နောက်တွင် ၎င်း၏ နည်းစနစ်များသည် အချိန်၏ မြစ်ရေစီးကြောင်းထဲ၌ ပျောက်ကွယ်သွားရပေလိမ့်မည်။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ လျှိုချင်းကျီသည် ထိုနည်းစနစ်ကို ထုတ်ဖော်အသုံးပြုနေကြောင်း သူက မျက်ဝါးထင်ထင် မြင်လိုက်ရ၏။ တစ်ဖက်လူ၏ ကျိန်းသေပေါက် ဝှက်ဖဲနည်းစနစ်ပင် ဖြစ်ပေလိမ့်မည်။
“အင်း.. ဆက်ခံသူရဲ့ လမ်းစဉ်။ ဒီလောက် လမ်းအရှည်ကြီးကို လာခဲ့ပြီးပြီ ဆိုမှတော့ ဒီနေရာမှာပဲ အဆုံးသတ် လိုက်တော့ပေါ့” ထျန်းမင်တောင်သခင်က ရေရွတ်လိုက်၏။ သူသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး တစ်ဖက်လူကို ကျိန်းသေပေါက် လွှမ်းခြုံနိုင်သည့် အော်ရာများကို ထုတ်ဖော်လိုက်၏။
“ခင်ဗျားက ငရဲလောကရဲ့ အမွေအနှစ်တွေကိုယူပြီး ဆက်ခံသူလမ်းစဉ်အတိုင်း မလိုက်ဘူးလို့ ပြောချင်နေတာလား” လျှိုချင်းကျီသည် ထူးမခြားနားသလို တုံ့ပြန်လိုက်၏။ သူသည် လက်ကို အရှေ့ဆီသို့ အသာ လှမ်းလိုက်ပြီးသည့်နောက် အလင်းတန်းများမှ အသွင်ပြောင်းလာသည့် သုံးလက်မနီးပါးခန့်ရှိသော ပုံရိပ်ယောင်လူ က တိုက်ခိုက်ခြင်းကို ပြုမူသည်။
“အင်း.. မူရင်းနဲ့တော့ တော်တော်ကွာတာပဲ” ထျန်းမင်တောင်သခင်က ပြောဆိုလိုက်၏။ သူ၏ အမူအရာသည် မပြောင်းလဲခဲ့ချေ။ သူ၏ အကြည့်များက အေးစက်လျက် ရှိနေတုန်းပင်။ သူ၏မျက်လုံးများသည် တကယ့်ကို လေးနက်လျက် ရှိနေ၏။ သူသည် လက်စည်းသင်္ကေတ တစ်ခုကို ဖန်တီးပြီး တိုက်ခိုက်လိုက်၏။ အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့် စွမ်းအင်များကို အကုန်ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ဘုန်း
“သေစမ်း”
လျှိုချင်းကျီသည် အကြောက်အလန့် ကင်းမဲ့၏။ အသာအော်ဟစ်ပြီးသည့်နောက် လေထုထဲသို့ ခုန်တက်ကာဖြင့် ဓမ္မပုံရိပ်ယောင် တစ်ခုကို ဖန်တီးကာ ထပ်မံတိုက်ခိုက်ပြန်၏။
ဒုန်း
တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက် တွေ့ဆုံချိန်မှာတော့ လေထုတစ်ခုလုံးတွင် ပျက်စီးခြင်း အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ လောကကြီး တစ်ခုလုံးသည် တဝုန်းဝုန်းနှင့် တုန်ခါလျက် ရှိနေသည်။
ဘုန်း ဘုန်း ဘုန်း
အကြိမ်ပေါင်း မြောက်များစွာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် တည်နေရာကြီး တစ်ခုလုံးသည် ပျက်စီးလျက်ရှိ၏။
“ခင်ဗျား တရားလွန်လာပြီ။ အရမ်း တရားလွန်သွားပြီ” လျှိုချင်းကျီ သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သေစမ်း”
ထျန်းမင်တောင်သခင်သည် ၎င်း၏ အတောင်ပံကြီးကို ဖြန့်ကျက်ကာဖြင့် ဓားတိုက်ခိုက်ချက် တစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုဓားတိုက်ခိုက်ချက်၏ အရှိန်နှုန်းသည် အလွန်မြန်ဆန်ပြီး စွမ်းအင်လှိုင်းများကလည်း တည်နေရာတစ်ခုလုံးကို တိုက်စား၏။
ဖူး
လူတစ်ယောက် လွင့်စင်သွားခဲ့၏။ သွေးများ အန်ထွက်လာခဲ့သည်။ ဒဏ်ရာများကို မဖိနှိပ်နိုင်ခင်မှာပဲ ရေတွက်၍ မရအောင် များပြားလွန်းသည့် ဓားအလင်းတန်းများသည် လျှိုချင်းကျီ ဖန်တီးထားခဲ့သည့် ပုံရိပ်ယောင် ခန္ဓာကိုယ်အား တစ်စစီဖြစ်အောင် တိုက်ခိုက် သတ်ဖြတ်လိုက်တော့သည်။ ထို့အတူ လျှိုချင်းကျီသည်လည်း ပျောက်ကွယ်သွားခဲ့၏။ ၎င်း၏ ဝိညာဉ်သည် ထွက်ပြေးရန် ကြိုးစား၏။ သို့ပေမဲ့ မထွက်ပြေးရသေးခင်မှာဘဲ ကြောက်မက်ဖွယ်ရာကောင်းသော လက်ကြီးတစ်ဖက် ပေါ်ပေါက်လာခဲ့ပြီး ၎င်း၏ ဝိညာဉ်ကို ဖမ်းချုပ်လိုက်သည်။
“အင်း.. အချိန်ကိုက် သုံးနာရီပဲ” လေဟာနယ်ထဲမှာတော့ ထျန်းမင်တောင်သခင်သည် သူ၏လက်များကို ပြန်လည်ကာ ရုတ်သိမ်းပြီး လက်ထဲတွင် ရှိနေသည့် လျှိုချင်းကျီ၏ ဝိညာဉ်ကို ကြည့်ရှုလိုက်၏။ အချိန်ကာလကို တွက်ချက်ပြီးသည့်နောက် သူသည် အချိန်အတိအကျ ဖြစ်နေသည်ကို သိရှိပြီး နှုတ်ခမ်းထောင့်များ ကော့တက်သွားခဲ့၏။ အင်မော်တယ်ဘုရင်တစ်ယောက်ကို ဖမ်းယူရန် သုံးနာရီသာ အချိန်ယူခဲ့၏။ သူ့အတွက် ကြီးမားလွန်းသည့် အောင်ပွဲကြီး တစ်ခုပင်။