အခန်း (၆၇၀)
Vol. 45 Ch. 670
“ဘယ်လိုလဲ စဉ်းစားပြီးသွားပြီလား”
ထျန်းမင်တောင်သခင်၏ လေသံက အေးစက်လျက် ရှိနေ၏။ ၎င်း၏ အသံသည် ငရဲပြည်မှ ထွက်ပေါ်လာခဲ့သည့် အသံလိုပင် ခြောက်ခြားဖွယ်ရာ ကောင်း၏။ သူသည် တစ်ယောက်ချင်းစီတိုင်း၏ မျက်လုံးများကို လိုက်လံ ကြည့်ရှုလျက် ရှိနေပြီး လက်ထဲတွင် ရှိနေသည့် ဝိညာဉ်ကို နည်းနည်းပိုကာ ဖိညှစ်လိုက်၏။ လျှိုချင်းကျီ၏ ဝိညာဉ်သည် တဖြည်းဖြည်း အားနည်းလာခဲ့ပြီးသည့်နောက် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်သကဲ့သို့ပင် ဖြစ်လာသည်။
“အခြေအနေတွေကို ပြောင်းလဲလို့ ရနေသေးလို့လား။ ခင်ဗျားအနေနဲ့ လျှိုကလန် သည်းခံနိုင်တဲ့ ဘောင်အတွင်းမှာ ရှိတဲ့ တခြားအရာတစ်ခုခုကို တောင်းဆိုလို့ရတယ်။ ဒါဆိုရင် ကျုပ်တို့က ကျိန်းသေပေါက် သဘောတူပေးလို့ ရတယ်” သတ္တမဘိုးဘေးကြီးသည် ခဏလောက် စဉ်းစားကာဖြင့် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
ထျန်းမင်တောင်သခင်သည် ခေါင်းကို ခါယမ်းပြီးသည့်နောက် ထူးမခြားနားသလို ပြောဆိုလိုက်သည်။ “မရဘူး”
ထိုစကားစုသည် အားလုံးသော သူတို့၏ နှလုံးသားများကို လှုပ်ခါသွားစေခဲ့၏။
“ကျုပ် လျှိုချင်းယုကိုပဲ လိုချင်တာ”
ထျန်းမင်တောင်သခင်သည် တစ်ချက်ကလေးမှ မမှားယွင်းသည့် ဆုံးဖြတ်မှုမျိုးဖြင့် တစ်ဖက်လူကို လှမ်းကာ ပြောဆိုလိုက်သည်။
“ဒါက”
သတ္တမဘိုးဘေးကြီး၏ မျက်နှာပြင်ပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ သူသည် လျှိုချင်းယုကို လှမ်းကြည့်လိုက်၏။ ပြီးနောက် လျှိုချင်းကျီကို လှမ်းကြည့်လိုက်၏။ သူသည် လက်ရှိ အခြေအနေ၌ ဝေခွဲမရသလို ဖြစ်လို့နေ၏။
လျှိုကလန်၏ လွှမ်းမိုးမှု၊ သက်ရောက်မှု၊ လျှိုချင်းကျီ ကဲ့သို့သော အင်မော်တယ်ဘုရင်တစ်ယောက် ဆုံးရှုံးသွားခြင်းသည် လျှိုကလန်၏ အခြေခံကို အားနည်းသွားစေပေလိမ့်မည်။ လျှိုချင်းကျီကိုသာ ကာကွယ်နိုင်ခြင်း မရှိပါက လျှိုကလန်သည် တစ်နေ့တည်းတွင် လျှိုချင်းကျီကော၊ လျှိုချင်းယုကိုပါ ဆုံးရှုံးရမည့် သဘောဖြစ်သည်။ ထိုသို့ဆိုလျှင် ပိုမိုဆိုးရွားသည့် အခြေအနေမျိုးမဟုတ်ပါလား။
ငရဲလောက၏ တိုက်ပွဲပြီးသည့်နောက် ယနေ့အချိန်အထိ လျှိုကလန်သည် ရှေးတုန်းက အောင်မြင်မှုများကို ပြန်လည် မရရှိသေးချေ။ လက်ရှိ အင်မော်တယ်ဘုရင်နှစ်ယောက်လုံး ဆုံးရှုံးသွားမည်ဆိုပါက တစ်ခါတည်း အောက်ဆုံးအခြေအနေဆီသို့ ရောက်ရှိသွားမည့် အခြေအနေမျိုးပင်။
“သတ္တမဘိုးဘေးကြီး.. မြန်မြန်ဆုံးဖြတ်ချက် ချတော့” လျှိုရွှမ်ချမ်သည် နာကျင်စွာဖြင့် အော်ဟစ်လူးလွန့်လျက် ရှိနေသည့် လျှိုချင်းကျီကို လှမ်းကာ ကြည့်ရှုရင်း ဆော်ဩလိုက်၏။ သူ၏မျိုးဆက်တစ်ယောက် ဤကဲ့သို့ နှိပ်စက်ခံနေရသည်ကို သူ မကြည့်ရက်နိုင်ချေ။ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာရန်အတွက် ပြုစု ပျိုးထောင်ပေးရသည့် အချိန်ကာလသည် တကယ့်ကို များပြားလွန်းခဲ့၏။ သုံးစွဲခဲ့ရသည့် အရင်းအမြစ်များ ကလည်း ကြောက်ခမမ်းလိလိပင်။
“အင်း... သဘောတူတယ်” သတ္တမဘိုးဘေးက နောက်ဆုံး၌ ပြောဆိုလိုက်၏။ သူသည် လက်ထဲ၌ ရောင်စဉ် အလင်းတန်းများကို ထုတ်ဖော်လိုက်၏။ ပြီးနောက် လျှိုချင်းယုကို အသာလှမ်းဆွဲလိုက်၏။ “ချင်းကျီကို လွှတ်ပေး။ ချင်းယုကို အခုလွှတ်ပေးမယ်”
“သဘောတူတယ်”
ထျန်းမင်တောင်သခင်၏ နှုတ်ခမ်းထက်တွင် သဘောကျ ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်တည် လာခဲ့၏။ သူသည် လက်ကို မြှောက်ပြီးသည့်နောက် လျှိုချင်းကျီ၏ ဝိညာဉ်ကို ရှေ့ဆီသို့ အသာပေးပို့လိုက်သည်။
တူညီစွာပင် သတ္တမဘိုးဘေးကြီးကလည်း လွှတ်ပေးလိုက်၏။ သူသည် လျှိုချင်းကျီ၏ နောက်ကျောကို အသာ တွန်းကာဖြင့် တစ်ဖက်လူရှေ့ဆီသို့ ပေးပို့လိုက်၏။ သို့ပေမဲ့ လျှိုချင်းကျီ၏ဝိညာဉ်နှင့် လျှိုချင်းယု၏ ဝိညာဉ်သည် နီးကပ်လာသည့် အချိန်မှာတော့ ရုတ်တရက် ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာ၏။
ထျန်းမင်တောင်သခင်၏ မျက်နှာပေါ်တွင် အေးစက်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။ သူသည် လျှိုချင်းယုကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလျက် ရှိနေတုန်းမှာပဲ တစ်ဖက်လူကို လှမ်းဆွဲလိုက်ပြန်၏။ အလင်းတန်းများ ထွန်းတောက်လာပြီးသည့်နောက် ထိုအလင်းတန်းများသည် လျှိုချင်းကျီကို ဖုံးလွှမ်းသွားခဲ့သည်။
ဒွီ
ပြောရမည်ဆိုလျှင် တကယ့်ကို ကြမ်းတမ်းလှသည့် တိုက်ကွက်ကို ထုတ်ဖော်ခဲ့ခြင်းပင်ဖြစ်လေ၏။ သူသည် အကျဉ်းသားချင်း လဲလှယ်လျက် ရှိနေတုန်းမှာပဲ လျှိုချင်းကျီကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ ထျန်းမင်တောင်သခင်၏ အကြံအစည် အောင်မြင်သွားပါက လျှိုချင်းကျီသည် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။
“ဖန်းရှန်... လူယုတ်မာ” သတ္တမဘိုးဘေးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်လှသော လက်သီးချက်ကို ထုတ်ဖော်ကာဖြင့် တစ်ဖက်လူကို ထိုးနှက်လိုက်၏။ ထို့အတူ ကျန်သည့် လက်တစ်ဖက်နှင့် လျှိုချင်းကျီ၏ ဝိညာဉ်ကို ကာကွယ်ပေးလိုက်၏။
လက်ရှိအခြေအနေမှာတော့ လျှိုချင်းကျီသည် ကျိန်းသေပေါက် သေဆုံးရမည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။ ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် ကျိန်းသေပေါက် တစ်ဖက်လူကို လက်လွှတ်ပေးမည့် ပုံပန်းသွင်ပြင်မျိုး မရှိချေ။ လျှိုချင်းကျီသည်သာ သေဆုံးသွားမည်ဆိုပါက လျှိုကလန်အတွက် ကြီးမားသည့် ဆုံးရှုံးမှုမျိုးပင်။
“ဝိညာဉ်ကို ပြန်ပြီး သိုလှောင်ဖို့အတွက် ဆေးလုံးတွေ ဘယ်နေရာမှာရှိလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ အချိန်ကျပြီလို့ ထင်တယ်” ထျန်းမင်တောင်သခင်က လှောင်ပြောင်လိုက်၏။ သူသည် အားရပါးရ ရယ်မောပြီးသည့်နောက် လျှိုချင်းယုကို ခေါ်ဆောင်ကာ မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
ထျန်းမင်တောင်သခင်သည် လျှိုချင်းကျီကို တစ်ခါတည်း သတ်ဖြတ်ပစ်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ ဝိညာဉ်ကို ဒဏ်ရာရရှိရန်သာ ပြုလုပ်ခဲ့ခြင်းဖြစ်၏။ လျှိုရွှမ်ချမ်သည် အစောကြီးကတည်းက ဒဏ်ရာရရှိခဲ့ပြီးသားဖြစ်၏။ ယခု လျှိုချင်းကျီကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့၏။
လျှိုကလန် တစ်ခုလုံးသည် ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိသွားသည်ဟု ပြောဆိုရမှာဖြစ်၏။ ၎င်းတို့တွင် များပြားလွန်းသည့် အရင်းအမြစ်နှင့် ရှေးအမွေအနှစ်များ တည်ရှိနေသည် ဆိုလျှင်တောင်မှ လက်ရှိ ဖြစ်ပျက်ခဲ့သည့် ဒဏ်ရာများကို ကုစားရန်အတွက် နှစ်သန်းနှင့်ချီသည့် အချိန်ကာလကို ကျော်ဖြတ်ရပေတော့မည်။
........
“ဖန်းရှန်... လျှိုကလန်က မင်းကို လက်မလွှတ်ပေးဘူး” သတ္တမဘိုးဘေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဘုန်း
ကောင်းကင်ယံထက်တွင် ရောင်စဉ်အလင်းတန်းများ ထွန်းတောက်သွား၏။ သတ္တမဘိုးဘေးကြီးသည် လျှိုချင်းကျီ၏ ဝိညာဉ်ကို အောင်အောင်မြင်မြင်ဖြင့် ဖမ်းဆီးထားနိုင်ခဲ့၏။ သို့ပေမဲ့ သူ၏လက်တစ်ဖက်သည် သွေးမြူအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။ လျှိုချင်းကျီ၏ ဝိညာဉ်အစိတ်အပိုင်းတချို့သည့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီဖြစ်၏။
ဟူး...
လျှိုချင်းကျီတစ်ယောက် မသေဆုံးသေးကြောင်း မြင်ရချိန်မှာတော့ သတ္တမဘိုးဘေးကြီးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူသည် စွမ်းအင်များကို ထုတ်ဖော်ပြီးသည့်နောက် သူ၏ ပျက်စီးသွားသည့် လက်တစ်ဖက်ကို ပြန်လည်ကာ ကုစားလိုက်၏။ ချက်ချင်းဆိုသလိုပဲ လက်တစ်ဖက် အသစ်တစ်ခုက ပေါ်ပေါက်လာသည်။
လျှိုချင်းကျီတစ်ယောက် မူလခန္ဓာကိုယ်အတိုင်း ပြန်လည်ဖြစ်တည်ဖို့ ဆိုသည်မှာ အချိန်အတိုင်းအတာတိုအတွင်း ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ လျှိုချင်းကျီသည် ပြင်းထန်လွန်းသည့် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ၎င်း၏ ကိုယ်ပိုင်စွမ်းအင်ဖြင့် ခန္ဓာကိုယ်တစ်ခုကို ပြန်လည် တည်ဆောက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
“တာအိုရောင်းရင်းလျှိုချင်းကျီရဲ့ အခြေအနေ ဘယ်လိုလဲ” တိုင်ချူးသည် အလျင်အမြန် ရောက်ရှိလာပြီး မေးမြန်းလိုက်၏။
“အင်း... စိတ်မပူနဲ့” သတ္တမဘိုးဘေးကြီးသည် လျှိုချင်းကျီ၏ ဝိညာဉ်ကို အသာကိုင်ဆောင်ထား၏။ လက်ရှိ အခြေအနေမှာတော့ လက်ထဲတွင် ရှိနေသည့် လျှိုချင်းကျီ၏ ဝိညာဉ်သည် နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်မောကျလျက် ရှိနေသည်။