အခန်း (၆၇၁)
Vol. 45 Ch. 671
“အဆိုးဆုံး အခြေအနေတွေကို ရောက်မသွားတာပဲ ကံကောင်းလှပြီ” တိုင်ချူးသည် လေးနက်စွာ ပြောဆိုလိုက်၏။ အင်မော်တယ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခြင်း သို့မဟုတ် တစ်ခါတည်း ပျောက်ကွယ် သွားအောင် ပြုလုပ်ခြင်းဆိုသည်မှာ စိန်ခေါ်မှုပင် ဖြစ်၏။ စွမ်းအင်ကွာခြားမှု အလွန်တရာ ကြီးမားသည် ဆိုလျှင်တောင်မှ ထိုအရာကို လွယ်လွယ်ကူကူနှင့် ပြုလုပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ လျှိုချင်းကျီသည် လက်ရှိအခြေအနေမှာတော့ ဆိုးရွားသည့် အခြေအနေမျိုးသို့ ရောက်ရှိခဲ့သည်ဟု သုံးသပ်ရမှာဖြစ်၏။ ထျန်းမင်တောင်သခင်၏ လက်ထဲတွင် အချိန်မရွေး သေဆုံးသွားနိုင်သည့် အခြေအနေမျိုးပင်။
“ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျုပ်တို့က ထျန်းမင်တောင်သခင်နဲ့ လျှိုချင်းယုကို လွတ်မြောက်သွား စေခဲ့တယ်လေ။ အရင်တုန်းက ကြိုးစားခဲ့သမျှ အရာအားလုံးက သဲထဲရေသွန် ဖြစ်ကုန်ပြီ” လျှိုရွှမ်ချမ်က ပြောဆိုလိုက်၏။ သူသည် ထျန်းမင်တောင်သခင် ပျောက်ကွယ်သွားခဲ့သည့် တည်နေရာဆီကို လှမ်းကာ ကြည့်ရှုရင်း မျက်လုံးထဲတွင်၌ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေ၏။ သူက အေးစက်စက်နှင့် ပြောဆိုလိုက်၏။ “တစ်နေ့မှာ ကျုပ် ထျန်းမင်တောင်သခင်ကို သတ်ဖြတ်ပစ်မယ်”
“အလျင်လိုစရာ မလိုဘူး။ လက်ရှိ ဦးစားပေးလုပ်ရမှာက လျှိုချင်းကျီရဲ့ ဒဏ်ရာတွေကို ပြန်ကောင်းအောင် လုပ်ဖို့ပဲ” သတ္တမဘိုးဘေးသည် အကူအညီမဲ့စွာဖြင့် ပြောဆိုလိုက်၏။ ဤတစ်ကြိမ် လာရောက်ရသည့် ခရီးစဉ်သည် ကပ်ဘေးကြီးပင် ဖြစ်၏။ သူတို့သည် လျှိုချင်းယုကို ဖမ်းဆီးရန် တာဝန်ကျရှုံးခဲ့သည်သာမက အင်မော်တယ်ဘုရင်နှစ်ယောက်ပင်လျှင် ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့၏။ တကယ်ကို ဆိုးရွားသည့် အခြေအနေမျိုးပင်။
“ဝိညာဉ်ကို ပြန်လည်ကုစားဖို့အတွက် ဆေးလုံးတချို့တော့ ကျုပ်ဆီမှာ ရှိတယ်” တိုင်ချူးသည် ဆေးလုံးတချို့ကို ထုတ်ပေးပြီးနောက် သတ္တမဘိုးဘေးဆီသို့ ကမ်းပေးလိုက်လေ၏။ သူ၏မျက်နှာထက်တွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ပေါ်ပေါက်လျက် ရှိနေ၏။ တခြား အကြောင်းအရာကြောင့် မဟုတ်ချေ။ သူသည် လက်ရှိအခြေအနေတွင် ဝင်ရောက်တိုက်ခိုက်ရန် အခွင့်အရေး ကြီးကြီးမားမား မရရှိခဲ့ သောကြောင့်ပင်။
သူထုတ်ဖော်ပေးနိုင်ခဲ့သည့် ဝိညာဉ်ပြန်လည်ကောင်းမွန်စေသည့် ဆေးလုံးသည် အန္တိမအဆင့်သာ ရှိသောအရာဖြစ်၏။ အင်မော်တယ်ဘုရင်တစ်ယောက်ကို အကျိုးသက်ရောက်မှုရှိဖို့ မလွယ်ကူချေ။ ထိုသို့ဆိုလျှင်တောင် သူသည် သူ၏ကောင်းမွန်သည့် စိတ်ဓာတ်ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်၏။
“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ချင်းကျီရဲ့ ဒဏ်ရာတွေက ပြင်းတယ်လေ။ သေသေချာချာ စဉ်းစားဆုံးဖြတ်ရမယ်ဆိုလျှင် နတ်ဘုရားလောကဆီကို ပြန်တာပဲ ကောင်းမယ်နဲ့တူတယ်” သတ္တမ ဘိုးဘေးက ပြောဆိုလိုက်၏။ ပြီးနောက် သူသည် တိုင်ချူးကို နားလည်သည်ဆိုသည့် အကြည့်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်သည်။
“ဒီလောကကြီးထဲမှာ ထျန်းမင်တောင်သခင်က ကြီးစိုးနေတယ်။ ပြီးတော့ လျှိုချင်းယုကိုလည်း ကယ်ဆယ်သွားခဲ့ပြီ။ ခင်ဗျား ဒီမှာနေတာ မလုံခြုံမှာ စိုးရတယ်”
သူကဆက်ပြီး ပြောဆိုလိုက်၏။ “ကျုပ်တို့နဲ့အတူ နတ်ဘုရားလောကကို ပြန်လိုက်ခဲ့ပါလား။ လျှိုကလန်က ခင်ဗျားကို ဂုဏ်ပြုခံ ဧည့်သည် တစ်ယောက်အဖြစ် ကြိုဆိုပါ့မယ်”
သတ္တမဘိုးဘေးကြီးသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် မြေခွေးအိုကြီး တစ်ယောက်ဖြစ်၏။ ထို့ကြောင့် တိုင်ချူး ထုတ်ဖော်ပြခဲ့သည့် ဆေးလုံးသည် အားမကောင်းလျှင်တောင်မှ တိုင်ချူး၏ စိတ်ဆန္ဒသည် မည်မျှ မြင့်မြတ်ကြောင်း ကောင်းကောင်း သိရှိနိုင်၏။ တိုင်ချူးကို ဤနေရာ၌ ထားရှိခဲ့ခြင်းသည် ကျိန်းသေပေါက် အန္တရာယ်အတွင်း၌ ထားရှိခဲ့ခြင်းနှင့် ဆင်တူကြောင်း သူ နားလည်သည်။
နတ်ဘုရားလောကတွင်ဆိုလျှင် ၎င်းအား လုံခြုံစေရန်အတွက် လျှိုကလန်က ခေါ်ဆောင်ထားနိုင်စွမ်း ရှိ၏။ ထိုသို့ဆိုလျှင် နှစ်ဦးနှစ်ဖက်လုံးသည် ကောင်းမွန်သည့် အခြေအနေကို ရရှိမှာဖြစ်၏။ တိုင်ချူး၏ အမူအရာနှင့် စိတ်နေစိတ်ထားအရဆိုလျှင် ယုံကြည်ရသည့် လူတစ်ယောက်ဖြစ်မှန်း သူက ကောင်းကောင်း သိရှိ၏။
“ဒါက” တိုင်းချူးသည် ခဏလောက် တွန့်ဆုတ်သွားမိ၏။ သူ၏မျက်လုံးထက်တွင် စဉ်းစားလျက် ရှိနေသည့် အရိပ်အယောင်များ ပေါ်ပေါက်နေသည်။ သတ္တမဘိုးဘေး၏ အဆိုပြုချက်သည် ကောင်းမွန်လွန်း၏။ သို့ပေမဲ့ သူသည် ထိုအရာကို ပယ်ချရပေလိမ့်မည်။
“အင်း.. ခင်ဗျားရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငရဲလောကရဲ့ အကြွင်းအကျန်တွေနဲ့ ရင်ဆိုင်ပြီးတဲ့နောက်မှာ သေသေချာချာ စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်လာခဲ့တယ်။ ကောင်းကင်မူလ လောကကြီးရဲ့ ကံကြမ္မာက ကျုပ်ရှိနေဖို့ လိုအပ်နေသေးတယ်။ ဒီလိုအရေးအကြောင်း အခြေအနေမျိုးမှာ ကျုပ်ရဲ့ လောကကြီးကို မထားခဲ့နိုင်ဘူး”
ထျန်းမင်တောင်သခင်သည် ထွက်ပြေးသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် မသေဆုံးသေးချေ။ အမှောင်ထဲ၌ ပုန်းအောင်းပြီး အချိန်မရွေး လာရောက် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ ထိုသို့ဆိုလျှင် သူ့အနေနှင့် ကောင်းကင်မူလလောကကြီး အစား ဝင်ရောက်ကာ တိုက်ခိုက်ပေးရမှာဖြစ်၏။ စီနီယာနန်းဆောင်သခင် ဝင်ရောက်ကူညီဖို့ ဆိုသည်မှာ မသေချာလှချေ။
“တာအိုရောင်းရင်း... ခင်ဗျားစိတ်ဓာတ်ကတော့ တကယ့်ကို ချီးကျူးစရာပါပဲ” သတ္တမဘိုးဘေးကြီးသည် လေးလေးစားစားဖြင့် မှတ်ချက်ပြုလိုက်၏။ တိုင်ချူးသည် သူ၏အဆိုပြုချက်ကို ငြင်းပယ်ခဲ့၏။ ထိုအရာမှာ ၎င်း၏ လောကသားများအတွက်ဖြစ်ကြောင်း သူက ကောင်းကောင်းသိရှိသည်။
“အနာဂတ်မှာ ခင်ဗျားအနေနဲ့ နတ်ဘုရားလောကထဲကို လာလည်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် လျှိုကလန် ဆီကို လာခဲ့ပါအုံး” သတ္တမဘိုးဘေးက ဖိတ်ခေါ်လိုက်၏။
“အဲဒီနေ့ကရောက်လာမှာပါ” တိုင်ချူးက တုံ့ပြန်လိုက်သည်။
“ခင်ဗျားလာလည်မယ်ဆိုရင် ကျိန်းသေပေါက် လျှိုကလန်က နက်နက်နဲနဲ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပါ့မယ်”
သတ္တမဘိုးဘေးကြီးသည် ပြုံးကာ ပြောလိုက်၏။ “အခုလုပ်စရာတွေ ရှိသေးတာမို့ နှောင့်နှေးနေလို့ မဖြစ်တော့ဘူး”
သတ္တမဘိုးဘေးကြီးသည် ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။
တိုင်ချူးသည် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံနှင့် ပြောဆိုလိုက်၏။ “တာအိုရောင်းရင်း လျှိုချင်းကျီကို ဒဏ်ရာတွေနဲ့ ပြန်ခေါ်သွားဖို့ အဆင်ပြေပါ့မလား”
“အင်း”
သတ္တမဘိုးဘေးက ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဇဝေဇဝါ ပြန်လည်ကာ ကြည့်ရှုလိုက်သည်။ “သူ့ဝိညာဉ်ကို ပြန်ပြီးကောင်းမွန်စေဖို့ နည်းလမ်းတစ်ခုခု ခင်ဗျားဆီမှာ ရှိလို့လား”
ဆန်းကြယ်လွန်း လှသည့် နည်းစနစ်များသည် လောကအနှံ၌ တည်ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် အသုံးဝင်နိုင်သည့် နည်းစနစ်တစ်ခုခုဖြင့် ကုစားမှု ပြုလုပ်နိုင်၏။
“ကျုပ်မှာတော့ မရှိပါဘူး”
တိုင်ချူးသည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကျုပ်ခဏခဏ ပြောဖူးတဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ခင်ဗျားတို့ မှတ်မိသေးလား”
“ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်လား”
သတ္တမဘိုးဘေးက ခဏလောက် ရပ်တန့်လိုက်သည်။ “ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့လူလို့ တာအိုရောင်းရင်း ပြောတယ်မလား။ ဒီလူကလည်း ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်း ရှိနေတာလား”
ထိုသို့ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အသုံးဝင်ပုံသည် တကယ့်ကို ကြီးမားသွားခဲ့ပြီ ဖြစ်၏။ ကျင့်ကြံခြင်းလောကထဲတွင် လူတစ်ယောက်ချင်းစီတိုင်းသည် အတတ်ပညာ တစ်ခုချင်းစီကို ကျွမ်းကျင်၏။ အထူးသဖြင့် ပန်းပဲအတတ်၊ ဆေးအတတ်၊ အစီအရင်အတတ်၊ ကောင်းကင်၏ လျှို့ဝှက်ချက်အတတ် ထိုတစ်ခုချင်းစီကို လူတစ်ယောက်ချင်းစီက ကျွမ်းကျင်ကြသည်။ အလုံးစုံသော အရာများကို ကျွမ်းကျင်သူ ဟူ၍ မရှိချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်ရုံသာမက ဆေးဖော်စပ်မှုအတတ်တွင်လည်း ကျွမ်းကျင်နေသေးသည်လား။
“တာအိုရောင်းရင်း နားလည်မှု လွဲနေပြီ”
တိုင်ချူးက အလျင်အမြန်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့ နေရာမှာပဲ အာရုံစိုက်ထားပုံပေါ်တယ်။ သူက ဆေးအတတ်နှင့် အခြား အတတ်ပညာတွေကို ကျွမ်းကျင်ပုံ မပေါ်ဘူး။ ဒါပေမဲ့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေက အရမ်းအရေးကြီးတဲ့ အရာတွေပဲ မဟုတ်လား။ စီနီယာနန်းဆောင်သခင်ရဲ့ ကူညီပေးမှုနဲ့ ဆိုရင် တာအိုရောင်းရင်း လျှိုချင်းကျီ တစ်ယောက် အချိန်အတိုင်းအတာတိုအတွင်း ပြန်ကောင်းလာနိုင်တယ်။ ဘယ်လိုပြန်ကောင်းအောင် ပြုလုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းကို သူ သိရှိနိုင်တယ်”
“ဪ”
သတ္တမဘိုးဘေးကြီးက မျက်ခုံးပင့်လိုက်၏။ ပြီးနောက် အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်သည်။ “အဲ့လိုလုပ်လို့ ရနိုင်သေးတာပဲ”
“စီနီယာနန်းဆောင်သခင်ရဲ့ တွက်ချက်မှုတွေက ကျုပ်တို စိတ်ကူးထားတာတွေရဲ့အထက်မှာ ရှိတယ်” တိုင်ချူးသည် ပြုံးကာရှင်းပြလိုက်၏။