← Chapters

အခန်း (၁၃၅၁-၁၃၅၃)

Vol. 91 Ch. 1351-1353

အခန်း (၁၃၅၁-၁၃၅၃)

Vol. 91 Ch. 1351-1353

အခန်း(၁၃၅၁)

"ဒီကောင် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦးဦးဆီကနေ အမွေဆက်ခံထားပုံပဲ"

သူ၏ရှေ့မှ ချင်ဝူချွယ်ကို ကြည့်ကာ ကျန်းချန်၏မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

အနည်းဆုံးတော့ ချင်ဝူချွယ်သည် ကျင့်ကြံခြင်းအဆင့်တွင်ဖြစ်စေ၊ ဓားစွမ်းအင်တွင်ဖြစ်စေ ကြယ်တာရာမြို့တော် ထဲသို့ မဝင်ရောက်မီကထက် အဆပေါင်းများစွာ ပိုမို၍ အားကောင်းလာခဲ့သည်။

ကျန်းချန်သာ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို မဝင်ရောက်ခဲ့လျှင် ချင်ဝူချွယ်၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

"ကျန်းချန် မင်းလည်း‌ရောက်လာပြီကိုး.. ဒီကြယ်တာရာမြို့တော်မှာ ဆယ်ရက်ပဲ နေနိုင်တယ်ဆိုပေမဲ့ သင်္ချိုင်းနယ်မြေထဲမှာတော့ အကန့်အသတ်မရှိဘူး.. ဆယ်ရက်အတွင်း သင်္ချိုင်းကျောက်တိုင် တစ်ခုခုရဲ့ ခွင့်ပြုချက်ကို ရတာနဲ့ သင်္ချိုင်းနယ်မြေထဲကို ဝင်ပြီး အင်ပါယာ အမွေအနှစ်ကို ဆက်ခံနိုင်တယ်"

ချင်ဝူချွယ်က သူ၏မြင်ကွင်းတွင် ပေါ်ထွက်လာသော ကျန်းချန်ကိုကြည့်ကာ ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။

‌ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ သတ္တမအဆင့်တွင် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီနှင့် ခွန်အားကို မြင်တွေ့ခဲ့ရသည့် အချိန်မှစ၍ ချင်ဝူချွယ်သည် ကျန်းချန်ကို ယှဥ်ပြိုင်လိုစိတ် မရှိတော့ပေ။

ထို့အပြင် ကျန်းချန်သာ မကယ်တင်ခဲ့လျှင် သူနှင့် ရှားယွမ်ဟောင်တို့သည် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းတွင် ကျရှုံးသွားလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် ချင်ဝူချွယ်သည် ကျန်းချန်ကို အလွန် ယဥ်ကျေးစွာ ဆက်ဆံခဲ့၏။

"သင်္ချိုင်းနယ်မြေဟုတ်လား"

ကျန်းချန်က အံ့အားသင့်သောအမူအရာဖြင့် ရုတ်တရက်မေးလိုက်သည်။

"ဒါက ကြယ်တာရာမြို့တော် မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး သင်္ချိုင်းနယ်မြေ ဖြစ်သွားရတာလဲ"

"ဒါက တကယ်ကို ကြယ်တာရာမြို့တော်ပါပဲ.. လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀၀)လောက်က ဒီကြယ်တာရာမြို့တော်မှာ အင်ပါယာနန်းတော် ၁၀၀ ရှိခဲ့ပြီး.. နန်းတော်တိုင်းမှာ အစွမ်းထက် အင်ပါယာတစ်ပါးဆီ နေထိုင်ခဲ့တယ်.. နောက်ပိုင်းမှာတော့ ဒီအင်ပါယာတွေနဲ့ သွေးဝိညာဥ်မျိုးနွယ်စုက ကျင့်ကြံသူတွေအားလုံး ကြယ်တာရာမြို့တော်မှာပဲ အတူတူ သေဆုံးခဲ့ကြတယ်.. အင်ပါယာဟောင်ထျန်းက သူ့ရဲ့ နောက်ဆုံးအချိန်မှာ ‌ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို သူရဲ့နတ်လက်နက်ကနေ ဆင့်ကဲ ပြောင်းလဲခဲ့ပြီး ကြယ်တာရာကောင်းကင်မြို့တော်မှာ ရှိတဲ့ အင်ပါယာနန်းတော် ၁၀၀ ကို သင်္ချိုင်းနယ်မြေ အဖြစ်‌ ပြောင်းလဲခဲ့တယ်"

ချင်ဝူချွယ်က သူသိထားသမျှ အရာအားလုံးကို ကျန်းချန်အား မဖုံးကွယ်ဘဲ ပြောပြခဲ့သည်။

ကျန်းချန်က ချင်ဝူချွယ်၏ စကားကိုကြားလျှင် မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ပေ။

"ဒီသင်္ချိုင်းကျောက်တိုင်တွေမှာ စာရေးထားလား.. ဘယ်သင်္ချိုင်းကျောက်တိုင်က ဘယ်အင်ပါယာရဲ့ သင်္ချိုင်းကျောက်တိုင်လဲဆိုတာ သိနိုင်တဲ့နည်းလမ်းရော ရှိလား"

သူ ဤနေရာကို ရောက်လာသည်မှာ ကြယ်တာရာမြို့တော်ကို မြင်ချင်ရုံတင်မက အခြားကြီးမားသော အကြောင်းအရင်း တစ်ခုလည်း ရှိသေးသည်။

ယင်းမှာ အင်ပါယာရွှယ်ယဲ့၏ အမွေအနှစ်ကို ရှာဖွေပြီး လနတ်ကျောက်တုံးကို ရယူကာ မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ နိုးထနိုင်ရန် အကူအညီပေးဖို့ပင်။

ယခုအခါ သင်္ချိုင်းကျောက်တိုင် အားလုံးသည် အတိအကျပင် တူညီနေခဲ့သည် ဖြစ်ရာ ဆယ်ရက်အတွင်း အင်ပါယာရွှယ်ယဲ့၏ သင်္ချိုင်းကျောက်တိုင်ကို ရှာဖွေရန်မှာ သူ့အတွက် မဖြစ်နိုင်သလောက်ပင် မဟုတ်ပါလော။

"မင်းပြောသလို ရှာဖွေဖို့က မလွယ်ကူလောက်ဘူး.. ငါက‌တော့ ကောင်းကင်ပဟေဠိ သူတော်စင်နယ်မြေရဲ့ အင်ပါယာသွေးစွမ်းအားကို အားကိုးပြီး ငါတို့ဘိုးဘေးရဲ့ သင်္ချိုင်းကို ရှာတွေ့ခဲ့တယ်.. မင်းရဲ့ အရှိန်အဝါကို သင်္ချိုင်းကျောက်တိုင် ခံစားလို့ရ‌အောင် လှုံ့ဆော်ကြည့်ပါလား.. အဲဒါဆိုရင် မင်းကိုသဘောကျတဲ့ သင်္ချိုင်းကျောက်တိုင်က တုံ့ပြန်ဖို့ ဖြစ်နိုင်ခြေရှိတယ်.. ကဲ ငါအရင် သွားတော့မယ်.. မင်းရဲ့လမ်းခရီး ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်"

စကားဆုံးသည်နှင့် ချင်ဝူချွယ်၏ ပုံရိပ်သည် လေထုထဲရှိ စွမ်းအားတစ်ခု၏ လွှမ်းမိုးမှုအောက်တွင် ကျန်းချန်၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့သည်။

ချင်ဝူချွယ်၏ ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ အကြည့်သည် သူ၏ရှေ့မှ သင်္ချိုင်းကျောက်တိုင်များပေါ်သို့ ကျရောက်သွားခဲ့ပြီး သင်္ချိုင်းကျောက်တိုင်များကို စတင်၍ ဂရုတစိုက် လေ့လာခဲ့သည်။

သို့သော်လည်း အချိန်အတော်ကြာ ကြည့်ရှုပြီးသည့် နောက်မှာပင် ကျန်းချန်သည် မည်သည့် သဲလွန်စကိုမှ မမြင်တွေ့ခဲ့‌ပေ။

အဆုံးသတ်တွင် ကျန်းချန်သည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပြီး သင်္ချိုင်းကျောက်တိုင်တစ်ခုစီသို့ ဖြည်းဖြည်းချင်းလျှောက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏အရှိန်အဝါကို လှုံ့ဆော်ကာ သူ၏လက်ကို သင်္ချိုင်းကျောက်တိုင် ပေါ်သို့ တင်လိုက်၏။

နောက်ထပ် တစ်ခဏမှာပင် သူ၏ဝိညာဥ်သည် ထူးဆန်းသော နေရာတစ်ခုသို့ ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။

ကျန်းချန်က ဤနေရာရှိ အခြေအနေကို အကဲခတ်ရန် ပြင်ဆင်နေစဥ်မှာပင် ကောင်းကင်ထက်ကနေ အားကောင်းသော အသံတစ်သံသည် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

"ဒီအင်ပါယာရဲ့အမွေအနှစ်နေရာကို ကျိရှောင် သူတော်စင်နယ်မြေရဲ့ မျိုးဆက် မဟုတ်တဲ့သူတွေ ဝင်ရောက်ခွင့်မရှိဘူး.. ထွက်သွားစမ်း"

ထိုစကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ ဝိညာဥ်သည် ထိုထူးဆန်းသော နေရာကနေ နှင်ထုတ်ခံလိုက်ရသည်။

သို့သော်လည်း ကျန်းချန်သည် ထိုထူးဆန်းသော နေရာကနေ ကြားလိုက်ရသော စကားသံမှ တစ်ဆင့် ထိုသင်္ချိုင်း၏ ပိုင်ရှင် အထောက်အထားကို သိရှိခဲ့သည်။

သင်္ချိုင်း၏ ပိုင်ရှင်သည် ကျိရှောင် သူတော်စင်နယ်မြေ၏ အင်ပါယာတစ်ပါး ဖြစ်သည်မှာ ထင်ရှားပြီး ၎င်း၏ အမွေအနှစ်ကို ကျိရှောင် သူတော်စင်နယ်မြေ၏ မျိုးဆက်များကိုသာ ခွင့်ပြုလိုပုံ ရသည်။

"အင်ပါယာ အမွေအနှစ်ကို လက်ခံဖို့က တကယ်ကို ခက်ခဲတာပဲ"

ကျန်းချန်သည် သူ၏ ရှေ့မှ သင်္ချိုင်း ၁၀၀ကို ကြည့်ကာ ခေါင်းကိုက်သလိုပင် ဖြစ်သွားခဲ့သည်။

အစောပိုင်းက သင်္ချိုင်းနယ်မြေ အတွင်းမှ ကြုံးဝါးသံသည် ကျန်းချန်၏ ဝိညာဥ်ကို အတော်ပင် ထိခိုက်စေခဲ့သည်။

ဤအတိုင်းသာ သင်္ချိုင်းကျောက်တိုင် တစ်ခုချင်းစီကို စမ်းသပ်ရမည် ဆိုလျှင် သူ၏ စိတ်ဝိညာဥ်သည် လုံးဝခံနိုင်ရည် ရှိမည် မဟုတ်လောက်ပေ။

သို့သော်လည်း ယခုအခါတွင် ကျန်းချန် အတွက် ထိုနည်းလမ်းမှလွဲ၍ ပိုမိုကောင်းမွန်သောနည်းလမ်း မရှိပုံရ၏။

"သင်္ချိုင်းအတွင်းက စကားသံက ကျိရှောင် သူတော်စင်နယ်မြေရဲ့ အင်ပါယာ ချန်ထားရစ်ခဲ့တဲ့ အသိစိတ် အပိုင်းအစတစ်ခု ဖြစ်နိုင်တယ်.. ငါ့အနေနဲ့ သင်္ချိုင်း တစ်ခုခုကို ဖွင့်လှစ်နိုင်မယ် ဆိုရင် တခြား သင်္ချိုင်းတွေရဲ့ အချက်အလက်ကို ရယူနိုင်လိမ့်မယ် ထင်တယ်"

ထို့နောက်တွင် ကျန်းချန်သည် နောက်ထပ် သင်္ချိုင်းကျောက်တိုင်ကို ထပ်မံ စမ်းသပ်ရန် စတင်ခဲ့သည်။

ကျန်းချန် နောက်ထပ် စမ်းသပ်လိုက်သော သင်္ချိုင်းကျောက်တိုင်သည်လည်း လျှို့ဝှက်နယ်မြေ ရှစ်ခုမှ အင်ပါယာတစ်ပါး၏ သင်္ချိုင်းကျောက်တိုင် ဖြစ်နေခဲ့သည်။

"ဒီနားမှာ ရှိတဲ့ သင်္ချိုင်းက လျှို့ဝှက်နယ်မြေ ရှစ်ခုက အင်ပါယာတွေရဲ့ သင်္ချိုင်းကျောက်တိုင်တွေ ဖြစ်ပုံရတယ်.. ငါတခြားနေရာမှာ စမ်းသပ်ကြည့်ရမယ်"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် အနီးအနားရှိ သင်္ချိုင်းများကို ချက်ချင်းဆိုသလို လျစ်လျူရှုလိုက်ပြီး ဝေးလံသောနေရာမှ သင်္ချိုင်းကျောက်တိုင်များ ဆီသို့ လျှောက်လာခဲ့သည်။

ကျန်းချန်က ထိုနေရာမှ သင်္ချိုင်းကျောက်တိုင် တစ်ခု၏ဘေးမှ ဖြတ်သွားသောအခါတွင် ထိုသင်္ချိုင်းကျောက်တိုင်သည် အနည်းငယ် တုန်ယင်သွားသည်ကို သတိထားမိလိုက်သည်။

"ဘာလဲဟ"

ကျန်းချန်က ချက်ချင်းပင် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ထိုသင်္ချိုင်းကျောက်တိုင်ကို အံ့သြသော အကြည့်များဖြင့် ကြည့်လိုက်၏။

သူက လျှို့ဝှက်နယ်မြေရှစ်ခုမှ မျိုးဆက် မဟုတ်သလို အင်ပါယာအဆင့် ဘိုးဘေးလည်း မရှိပေ။​

သူ၏ ဖခင်ကျန်းဝူရသည် အင်ပါယာအဆင့် ကျင့်ကြံသူများထက် လုံးဝ မနိမ့်ကျသော်လည်း ရှန်းဝူတိုက်ကြီးမှ မဟုတ်ချေ။

တိကျစွာဆိုရလျှင် ကျန်းချန်သည် ရှန်းဝူတိုက်ကြီးမှ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်သည် သင်္ချိုင်းကျောက်တိုင် ၁၀၀ တွင် အင်ပါယာတစ်ပါး၏ သင်္ချိုင်းကျောက်တိုင် တစ်ခုက သူနှင့်အပြန်အလှန် ဆက်သွယ်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုသင်္ချိုင်းကျောက်တိုင်ရှိ အင်ပါယာသည် မည်သူနည်း။

ကျန်းချန်၏ အကြည့်က အနည်းငယ် လေးနက်သွားခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀၀)က တိုက်ပွဲတွင် ရှန်းဝူတိုက်ကြီးမှ အင်ပါယာများအပြင် ရွှယ်လင်တိုက်မှ ယဲ့မိသားစုလည်း ပါဝင်ခဲ့သည်။

သူ၏ရှေ့မှ သင်္ချိုင်းကျောက်တိုင်သည် နိဗ္ဗာန်မြို့တော်၏ ဘိုးဘေးတစ်ပါးပါး ဖြစ်နိုင်ပါသလော။

ကျန်းချန်က သိလိုစိတ် ပြင်းပြလာခဲ့ပြီး သူ၏လက်ကို ဆန့်ထုတ်ကာ သင်္ချိုင်းကျောက်တိုင် ဆီသို့ တင်လိုက်သည်။

ကျန်းချန်၏ လက်က သင်္ချိုင်းကျောက်တိုင်နှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက်ထဲမှာပင် တောက်ပသော ဓားအလင်းတစ်ခုသည် ကျန်းချန်ကို ရုတ်တရက် ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် ရှေးဟောင်းနန်းတော် တစ်ခုဆီသို့ ရောက်ရှိလာကြောင်း သဘောပေါက်လိုက်၏။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ နားတွင် ရင်းနှီးသော လေသံ တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး ဥက္ကာခဲဓားအင်ပါယာရဲ့ သင်္ချိုင်းကနေ ကြိုဆိုပါတယ်.. မင်းနဲ့ငါက တကယ်ပဲ ရေစက်ပါပုံရတယ်.. ဒီမှာ ပြန်ဆုံတွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

စကားသံ အဆုံးသတ်သည်နှင့် ကျန်းချန်၏ ရှေ့တွင် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ဦးသည် ပေါ်ပေါက်လာခဲ့သည်။

အခန်း(၁၃၅၁)ပြီး၏။

အခန်း(၁၃၅၂)

"ဥက္ကာခဲဓားအင်ပါယာလား"

သူ၏ရှေ့မှ အနည်းငယ် ရင်းနှီးသောပုံရိပ်ကိုမြင်လျှင် ကျန်းချန်၏ မျက်နှာထက်တွင် ရုတ်တရက် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ ရှေ့မှ စိမ်းပြာရောင် အဝတ်အစားကို ဝတ်ဆင်ထားသောသူသည် လေပင်လယ် လျှို့ဝှက်နယ်မြေတွင် သူနှင့်ဆုံတွေ့ခဲ့ဖူးသည့် ဥက္ကာခဲ ဓားအင်ပါယာပင် ဖြစ်သည်။

သူ့ကို တုံ့ပြန်ခဲ့သော သင်္ချိုင်းကျောက်တိုင်က ဥက္ကာခဲ ဓားအင်ပါယာ၏သင်္ချိုင်း ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စန်းလန်အဖွဲ့အစည်းကနေ ယန်ဒီမြို့သို့ ဘေးကင်းစွာ ရောက်ရှိနိုင်ခဲ့သည်မှာ ဥက္ကာခဲ ဓားအင်ပါယာ သူ့ကို လက်ဆင့်ကမ်းပေးခဲ့သော အချိန်နှင့်အာကာသ ဓားနယ်မြေကြောင့်သာ ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် ဥက္ကာခဲဓားအင်ပါယာကို စိတ်နှလုံးထဲကနေ အမြဲတစေ လေးစားခဲ့၏။

ဤတစ်ကြိမ် ကြယ်တာရာမြို့တော်သို့ ဝင်ရောက်လာသောအခါတွင်လည်း သူသည် ဥက္ကာခဲဓားအင်ပါယာ၏ အချိန်နှင့်အာကာသ ဓားနယ်မြေကို တတ်ကျွမ်းခဲ့သောကြောင့်သာ ဥက္ကာခဲဓားအင်ပါယာ၏ သင်္ချိုင်းကျောက်တိုင်ကို ခံစားမိစေခဲ့ပြီး ဥက္ကာခဲ ဓားအင်ပါယာ၏ သင်္ချိုင်းကို အလွယ်တကူ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်က ဥက္ကာခဲ ဓားအင်ပါယာကို ထပ်မံ မြင်တွေ့ခွင့်ရခဲ့သောကြောင့် အလွန်ပင် ဝမ်းသာသွားခဲ့သည်။

"ဟားဟား ကောင်လေး.. မင်း ကြယ်တာရာမြို့တော်ကို ဒီလောက်ထိ မြန်မြန်ရောက်လာနိုင်လိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားခဲ့ဘူး.. ဒါက ငါ့ကိုတောင် အနည်းငယ်အံ့အားသင့်စေတယ်.. ကြည့်ရတာ အရာရာတိုင်းက ဘုရားသခင်ရဲ့ဆန္ဒ ဖြစ်ပုံရတယ်.. မင်း ဒီဧကရာဇ်ရဲ့ အမွေအနှစ်ကို လက်ခံပြီး ကမ္ဘာပေါ်မှာ ဥက္ကာခဲဓားအင်ပါယာရဲ့ အမွေအနှစ်ကို ပြန်လည် ပေါ်ထွက်လာအောင် လုပ်ပေးဖို့ ဆန္ဒရှိလား"

ဥက္ကာခဲ ဓားအင်ပါယာက သူ့ရှေ့မှ ကျန်းချန်ကို ပြုံးရွှင်စွာကြည့်၍ မေးလိုက်သည်။

"အကြီးအကဲရဲ့ အမွေအနှစ်ကို ဆက်ခံခွင့်ရတာက ကျန်းချန်အတွက် ဂုဏ်ယူစရာပါပဲ.. ဒါပေမဲ့.."

ထိုစကားကို ပြောရင်း ကျန်းချန်၏ စကားသံက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ထို့နောက် သူက တုံ့ဆိုင်းစွာ ပြောလိုက်သည်။

"အကြီးအကဲရဲ့ အမွေအနှစ်ကို လက်ခံဖို့က ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်သိပါရစေ.. တကယ်တမ်း ပြောရရင် ဒီတစ်ခေါက် ကြယ်တာရာမြို့တော်ကို လာခဲ့တာက အင်ပါယာရွှယ်ယဲ့ရဲ့ သင်္ချိုင်းကို ရှာဖွေပြီး လနတ်ကျောက်တုံးကို ရယူဖို့ပါပဲ"

"ဒီအတွက် မင်းစိတ်မပူနဲ့.. ဒီအင်ပါယာရဲ့ အမွေအနှစ်က တခြားသူတွေနဲ့ မတူဘူး.. မင်းက အချိန်နဲ့အာကာသဓားနယ်မြေကို တတ်မြောက်ပြီးသား ဆိုတော့ ဒီအင်ပါယာရဲ့အမွေအနှစ်ကို လက်ခံဖို့ အချိန်အများကြီး ယူနေစရာမလိုဘူး ဒါ့အပြင် လနတ်ကျောက်တုံးနဲ့ ပတ်သက်လို့လည်း ဒီအင်ပါယာက မင်းကို ကူညီပေးနိုင်တယ်.. ပြောရရင် ငါနဲ့ အင်ပါယာရွှယ်ယဲ့တို့က နှစ်ထောင်ပေါင်းများစွာ ရင်းနှီးလာတဲ့ မိတ်ဆွေရင်းတွေပဲ.. မင်းင့ါရဲ့အမွေအနှစ်ကို လက်ခံပြီးတာနဲ့ ငါမင်းကို အင်ပါယာရွှယ်ယဲ့ရဲ့ သင်္ချိုင်းဆီ လမ်းညွှန်ပေးမယ်.. မင်းက ငါ့ရဲ့ ဆက်ခံသူလို့ ပြောလိုက်တာနဲ့ သူက မင်းကို လနတ်ကျောက်တုံး သေချာပေါက် ထုတ်ပေးပါလိမ့်မယ်"

ဥက္ကာခဲဓားအင်ပါယာက ပြုံးရွှင်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူ့အနေဖြင့် အင်ပါယာရွှယ်ယဲ့၏ သင်္ချိုင်းကို အချိန်ကုန်ခံကာ ရှာနေစရာ မလိုအပ်တော့ပေ။

အစောပိုင်းတွင် သူသည် အင်ပါယာရွှယ်ယဲ့၏ သင်္ချိုင်းကို ရှာဖွေရန် ခေါင်းကိုက်နေခဲ့သည်။

သူက ဥက္ကာခဲ ဓားအင်ပါယာ၏ အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ရရှိထားသောကြောင့် ဥက္ကာခဲဓားအင်ပါယာ၏ သင်္ချိုင်းကို လှုံ့ဆော်မိသွားမည်ဟု မထင်ခဲ့ပေ။

ကျန်းချန် ပို၍ပင် မမျှော်လင့်ထားသည်မှာ ဥက္ကာခဲဓားအင်ပါယာနှင့် သူ ရှာဖွေနေသည့် အင်ပါယာရွှယ်ယဲ့သည် ရင်းနှီးသော မိတ်ဆွေကောင်းများ ဖြစ်နေကြခြင်းပင်။

ယခုအခါတွင် သူသည် ဥက္ကာခဲဓားအင်ပါယာ၏ အမွေအနှစ်ကို ရရှိနိုင်ရုံသာမက လနတ်ကျောက်တုံးကိုပါ အလွယ်တကူရရှိနိုင်‌တော့မည် ဖြစ်၏။

ဤကဲ့သို့ ကံကောင်းခြင်းမျိုးသည် သာမန် ကံကောင်းခြင်းဟုပင် သတ်မှတ်၍ မရတော့ပေ။

"ကောင်လေး နှစ်ပေါင်း(၁၀၀၀၀)က ကုန်ဆုံးတော့မှာဆိုတော့ အချိန်သိပ်မရှိတော့ဘူး.. ဒီအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံပြီးရင် သွေးဝိညာဥ်မျိုးနွယ်စုကို တားဆီးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ဒီနေ့ ဒီအင်ပါယာက ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့တဲ့ မှတ်ဥာဏ်တွေအားလုံး မင်းဆီ လွှဲပြောင်းပေးမယ်.. ဒါ့အပြင် ငါ့ရဲ့ လက်စွဲတော်ဓားဖြစ်တဲ့ ဥက္ကာခဲဓားကိုလည်း လက်ဆင့်ကမ်းပေးလိုက်မယ်.. ရှန်းဝူတိုက်ကြီးအနာဂတ်က မင်းအပေါ်မှာ မူတည်နေတာကို မမေ့ပါနဲ့"

ထိုစကားကို ပြောပြီးနောက်တွင် ဥက္ကာခဲ ဓားအင်ပါယာ၏ ခန္ဓာကိုယ်ကနေ တောက်ပသော အပြာရောင် အလင်းတန်းတစ်ခု ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

ကျန်းချန်က ဥက္ကာခဲဓားအင်ပါယာ၏ စကားကိုကြားလျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"အချိန်မရှိတော့ဘူး ဆိုတာက ဘာကိုဆိုလိုတာလဲ.. အကြီးအကဲ"

"ငါ့ရဲ့ အမွေအနှစ် မှတ်ဥာဏ်တွေကို လက်ခံပြီးရင် မင်းအားလုံး နားလည်သွားပါလိမ့်မယ်"

စကားဆုံးသည်နှင့် ဥက္ကာခဲ ဓားအင်ပါယာသည် ချက်ချင်းဆိုသလို သူ၏ လက်ကိုမြှောက်ကာ ကျန်းချန်၏ ဦးခေါင်းဆီသို့ ဆန့်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် စနစ်၏ သတိပေးချက်များသည် ကျန်းချန်၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။

"ဒင်.. သင်က ဥက္ကာခဲဓားအင်ပါယာရဲ့ မှတ်ဥာဏ် အမွေအနှစ်ကို လက်ခံပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ.. သင်က ဓားနယ်မြေမှာ နားလည်မှုများစွာ ရရှိခဲ့ပါတယ်"

"ဒင်.. သင်က ဥက္ကာခဲဓားအင်ပါယာရဲ့ မှတ်ဥာဏ်အမွေအနှစ်ကို လက်ခံပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါတယ်.. သင်က အချိန်နယ်မြေမှာ နားလည်မှုများစွာ ရရှိခဲ့ပါတယ်"

"ဒင်.. သင်က ဥက္ကာခဲဓားအင်ပါယာရဲ့ မှတ်ဥာဏ်အမွေအနှစ်ကို လက်ခံပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါတယ်.. သင်က အာကာသစိတ်ဆန္ဒရဲ့ တတိယ အဆင့်ကို အောင်မြင်စွာ နားလည်လိုက်ပါတယ်"

"ဒင်.. သင့်ရဲ့ ဓားနယ်မြေက အဆင့်မြင့်နယ်မြေအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"

"........"

ကျန်းချန်သည် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်တွင် ဓားနယ်မြေ အတွေ့အကြုံရမှတ် များစွာကို ရရှိထားပြီးသား ဖြစ်သည်။

ထို့ကြောင့် ဥက္ကာခဲဓားအင်ပါယာ၏ မှတ်ဥာဏ်အမွေအနှစ်ကို ရရှိပြီးနောက်တွင် အဆုံးသတ်၌ သူ၏ ဓားနယ်မြေသည် အဆင့်မြင့် နယ်မြေအဆင့်သို့ အောင်မြင်စွာ တိုးမြှင့်သွားခဲ့သည်။

ဥက္ကာခဲ ဓားအင်ပါယာသည် အချိန် နှင့် နေရာလွတ် စွမ်းအားကို ကျွမ်းကျင်သော အင်ပါယာတစ်ပါး ဖြစ်၏။

ထို့ကြောင့် အချိန်နယ်မြေတွင် အတွေ့အကြုံရမှတ်များသည် ကြောက်မက်ဖွယ်ရာ တိုးတက်လာခဲ့ပြီး နေရာလွတ် စိတ်ဆန္ဒတွင်လည်း တတိယအဆင့်ထိ နားလည်သွားခဲ့သည်။

မှန်ပါသည်။ ကျင့်ကြံခြင်း မှတ်ဥာဏ်များ အပြင် ကျန်းချန်သည် တိုက်ပွဲနှင့် ပတ်သက်သော မှတ်ဥာဏ်များစွာကိုလည်း ရရှိခဲ့သည်။

ဥက္ကာခဲဓားအင်ပါယာ၏ မှတ်ဥာဏ်များကို ရရှိပြီးနောက်တွင် ကျန်းချန်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို အလွန်တရာ လေးနက်သွားခဲ့၏။

ဤအချိန်တွင် ကျန်းချန်သည် ဥက္ကာခဲဓားအင်ပါယာ၏ နှုတ်ကနေ အချိန်မရှိတော့ဟု ဆိုလိုရသည့် အကြောင်းအရင်းကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)က တိုက်ပွဲတွင် အင်ပါယာဟောင်ထျန်းသည် သွေးဝိညာဥ် မျိုးနွယ်စု၏ တပ်မှုးချုပ်ဖြစ်သော ကျိုးယိုကို ရှန်းဝူတိုက်ကြီး၏ မူလစွမ်းအားကို အသုံးပြုကာ ရွှမ်းဝူကောင်းကင် အစီအရင်ဖြင့် ဖိနှိပ်ခဲ့သည်။

သို့သော်လည်း ထိုအစီအရင်သည် ကျိုးယိုကို နှစ်ပေါင်း (၁၀၀၀၀)ခန့်သာ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

ဆိုလိုသည်မှာ နှစ်ပေါင်း(၁၀၀၀၀) ပြည့်သည်နှင့် တစ်ပြိုင်နက် အင်ပါယာဟောင်ထျန်း ပိတ်ဆို့ထားသော အစီအရင်ကနေ ကျိုးယိုသည် လုံးဝကို လွတ်မြောက်သွားလိမ့်မည် ဖြစ်၏။

ကျိုးယို လွတ်မြောက်သွားလျှင် သွေးဝိညာဥ်မျိုးနွယ်စု စစ်တပ်ကို ပြန်လည်ဆင့်ခေါ်ဖွယ် ရှိသည်မှာ တွေးနေစရာပင် မလိုအပ်ပေ။

ထိုအခါ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)ခန့်က ရှန်းဝူ ကပ်ဘေးသည် ရှန်းဝူတိုက်ကြီးတွင် သေချာပေါက် ထပ်မံ၍ ပေါ်ပေါက်လာလိမ့်မည် ဖြစ်၏။

သူက အင်ပါယာမြှုပ်နှံခြင်းချောက် ထဲရှိ အစီအရင်ကို ပြုပြင်ခဲ့ပြီးနောက်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ မည်သည့်ပြဿနာမှ ရှိလာလိမ့်မည် မဟုတ်ဟု မူလက ထင်ခဲ့သည်။

သို့သော်လည်း အင်ပါယာဟောင်ထျန်း ကိုယ်တိုင် စီရင်ခဲ့သည့် အစီအရင်တွင် အချိန်ကန့်သတ်ချက် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုကပ်ဘေးစစ်ပွဲသည် မည်သည့်နှစ်တွင် အတိအကျ ဖြစ်ပွားခဲ့သည်ကို မသိသော်လည်း လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ကတိုက်ပွဲဟု ခေါ်ဆိုကြသောကြောင့် သိပ်မဝေးလောက်တော့ပေ။

လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)တွင် အင်ပါယာ ဟောင်ထျန်းသည် ရှန်းဝူတိုက်ကြီး၏ အင်ပါယာများကို ဦးဆောင်ကာ သွေးဝိညာဥ်မျိုးနွယ်စု၏ ကျူးကျော်မှုကို ရင်ဆိုင်ခဲ့သည်။

ယခုအခါတွင် ရှန်းဝူတိုက်ကြီး၌ အင်ပါယာ တစ်ပါးမျှပင် မရှိတော့ပေ။

အကယ်၍ ကျိုးယိုသာ အစီအရင်၏ စည်းတံဆိပ်ကို ဖျက်ဆီး၍ လွတ်မြောက်လာခဲ့လျှင် ရှန်းဝူတိုက်ကြီးသည် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

ထိုအချက်ကို တွေးမိသည်နှင့် ကျန်းချန်၏ စိတ်အခြေအနေသည် အလွန်တရာပင် လေးနက်သွားခဲ့သည်။

"ကျန်းချန်.. မင်းက ဒဏ္ဍာရီလာ ကံကြမ္မာပိုင်ရှင်ပဲ.. မင်းက ကံကြမ္မာကို ဆန့်ကျင်ပြီး ကောင်းကင်ကို ပြောင်းလဲနိုင်တယ်.. ရှန်းဝူတိုက်ကြီးရဲ့ အခြေအနေကို မင်းက သေချာပေါက် ပြောင်းလဲပေးနိုင်တယ်.. ရှန်းဝူတိုက်ကြီးအနေနဲ့ ဒီကပ်ဘေးကနေ အသက်ရှင်နိုင်မလား ဆိုတာ မင်းအပေါ်မှာပဲ မူတည်နေတယ်.. ပြီးရင် ငါ့သင်္ချိုင်းဂူရဲ့ မျက်နှာချင်းဆိုင်က ညာဘက်မှာရှိတဲ့ ဆဋ္ဌမမြောက် သင်္ချိုင်းကျောက်တိုင် ဆီကို သွားပြီး အင်ပါယာရွှယ်ယဲ့ ဆီမှာ လနတ်ကျောက်တုံးကို တောင်းဆိုနိုင်ပါတယ်"

ကျန်းချန်၏ စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နှက်နေစဥ်မှာပင် ဥက္ကာခဲ ဓားအင်ပါယာ၏ အသံသည် ကျန်းချန်၏နားထဲကို ဝင်ရောက်လာခဲ့သည်။

ထို့နောက်တွင် ဥက္ကာခဲ ဓားအင်ပါယာက သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ စိမ်းပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသော ရှေးဟောင်း ဓားတစ်လက်သည် ကျန်းချန်၏ ရှေ့ကို ချက်ချင်းဆိုသလို ကျရောက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဥက္ကာခဲ ဓားအင်ပါယာ၏ ခပ်‌ရေးရေးပုံရိပ်သည်လည်း ကျန်းချန်၏ ရှေ့ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က ပျောက်ကွယ်သွားသော ဥက္ကာခဲ ဓားအင်ပါယာကို ငေးကြည့်နေခဲ့ပြီးနောက်တွင် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်ကာ သူ၏ရှေ့မှ ဥက္ကာခဲဓားကို သိမ်းဆည်းရန် ဥက္ကာခဲဓားအင်ပါယာ သင်ပေးခဲ့သည့် နည်းလမ်းအား စတင် အသုံးပြုခဲ့သည်။

အခန်း(၁၃၅၂)ပြီး၏။

အခန်း(၁၃၅၃)

ဥက္ကာခဲဓားအင်ပါယာ သူ့ကို လက်ဆင့်ကမ်းခဲ့သော နည်းလမ်းအတိုင်း ကျန်းချန်သည် (၇)ရက်၊(၇)ည အချိန်ယူကာ ကြိုးစားပြီးနောက်တွင် ဥက္ကာခဲဓား၏ အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် ဥက္ကာခဲ ဓားအင်ပါယာ၏ သင်္ချိုင်းကနေ ထွက်လာခဲ့၏။

အပြင်သို့ ရောက်ပြီးနောက်တွင် ကျန်းချန်သည် ဥက္ကာခဲဓားအင်ပါယာ၏ သင်္ချိုင်းကျောက်တိုင် ပေါ်တွင် ပေါ်နေသော အက်ကွဲကြောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ဥက္ကာခဲ ဓားအင်ပါယာ၏ မှတ်ဥာဏ်အချို့ကို လက်ခံရရှိခဲ့သောကြောင့် သင်္ချိုင်းနယ်မြေ အကြောင်းကို ကောင်းစွာသိရှိထားခဲ့သည်။

ဤနေရာရှိ သင်္ချိုင်းတိုင်းတွင် အစွမ်းထက်သော အင်ပါယာဝိညာဥ်တစ်ပါးစီ ရှိကြသည်။

ယေဘုယျအားဖြင့် သင်္ချိုင်းဂူ ဖွင့်လှစ်ပြီးသောအခါတွင် သင်္ချိုင်းထဲကို ဝင်ရောက်လာသူများသည် အင်ပါယာအသိစိတ်၏ သင်ကြားပေးမှုကို လက်ခံရရှိမည် ဖြစ်သည်။

အားသာချက်မှာ သင်္ချိုင်းအတွင်းရှိ ဝိညာဥ်အသိစိတ်များသည် ပျောက်ကွယ်သွားမည် မဟုတ်ဘဲ ၎င်းတို့၏ အမွေအနှစ်ကို တစ်ဦးပြီးတစ်ဦး လက်ဆင့်ကမ်းနိုင်မည်ဖြစ်သည်။

ထို့ကြောင့် လျှို့ဝှက်နယ်မြေရှစ်ခုမှ အင်ပါယာများ၏ အမွေအနှစ်ကို မျိုးဆက် များစွာသော ပါရမီရှင်များသည် ဆက်ခံနိုင်ကြလိမ့်မည် ဖြစ်သည်။

ဥက္ကာခဲ ဓားအင်ပါယာကမူ ၎င်းတို့နှင့် ကွဲပြား၏။

သူက သူ၏ ဝိညာဥ်အသိစိတ် တစ်စိတ်တစ်ပိုင်းကို ပေးဆပ်၍ တစ်သက်တာလုံး နားလည်လာသည့် ကိုယ်ခံပညာအမြင်များကို ကျန်းချန်၏ စိတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးခဲ့ပြီး ကျန်းချန်၏ နယ်မြေခွန်အားကို များစွာ မြှင့်တင်ပေးခဲ့သည်။

ဤနည်းလမ်းဖြင့် အမွေအနှစ်ကို လွှဲပြောင်းပေးခဲ့၍ ဥက္ကာခဲ ဓားအင်ပါယာ၏ ဝိညာဥ်စိတ်က ပျောက်ကွယ်သွားခဲ့ပြီး သင်္ချိုင်း ကျောက်တိုင်ကလည်း အက်ကွဲသွားခဲ့သည်။

ဆိုရလျှင် ဥက္ကာခဲ ဓားအင်ပါယာ၏ သင်္ချိုင်းကို မည်သူမှ ထပ်မံ ဖွင့်လှစ်နိုင်တော့မည်မဟုတ်ဘဲ အနာဂတ်တွင် ကြယ်တာရာ မြို့တော်၌ ဥက္ကာခဲ ဓားအင်ပါယာ၏ အမွေအနှစ်ကို ရယူနိုင်မည့် ဒုတိယလူ တစ်ဦးရှိလာတော့မည် မဟုတ်ပေ။

"အကြီးအကဲ စိတ်မပူပါနဲ့.. ကျန်းချန်က အကြီးအကဲရဲ့အမွေအနှစ်ကို ဆက်ခံပြီး ရှန်းဝူတိုက်ကြီးကို ကာကွယ်ပါ့မယ်"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ လေးနက်စွာ ရေရွတ်လိုက်ပြီး ဥက္ကာခဲ ဓားအင်ပါယာ၏ သင်္ချိုင်းကို သုံးကြိမ်ဦးချလိုက်သည်။

ထို့နောက်တွင် ဥက္ကာခဲဓားအင်ပါယာ၏ လမ်းညွှန်မှုအတိုင်း အင်ပါယာရွှယ်ယဲ့၏ သင်္ချိုင်းဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်သည် အင်ပါယာရွှယ်ယဲ့၏ သင်္ချိုင်းကျောက်တိုင်ဆီသို့ ရောက်ရှိလာခဲ့ပြီး သူ၏လက်ကို ကျောက်တိုင်ပေါ်တွင် တင်လိုက်သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ဝိညာဥ်သည် သင်္ချိုင်းနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ပြီး ကျန်းချန်၏ နားထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။

"ကောင်လေး မင်းဆီမှာ ဥက္ကာခဲဓားအင်ပါယာရဲ့ အရှိန်အဝါကို ငါခံစားမိတယ်.. မင်းက သူ့ဆီက အမွေအနှစ်ကို ရယူပြီးမှ‌တော့ ဘာလို့ငါ့ဆီကို လာရတာလဲ"

ကျန်းချန်က အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

"အကြီးအကဲ ကျွန်တော်က ဥက္ကာခဲဓားအင်ပါယာရဲ့လမ်းညွှန်မှုနဲ့ ဒီကို ရောက်လာတာပါ.. ကျွန်တော်က ကိစ္စတစ်ခုအတွက် လနတ်ကျောက်တုံးကို အသုံးပြုချင်လို့ပါ"

"လနတ်ကျောက်တုံးက ဒီအင်ပါယာအတွက် အရမ်းအရေးကြီးတယ်.. မင်းက ဥက္ကာခဲ ဓားအင်ပါယာနဲ့ ပတ်သက်နေပေမဲ့လည်း ဒီအင်ပါယာက လနတ်ကျောက်တုံးကို ပေါ့ပေါ့တန်တန် မပေးလိုက်နိုင်ဘူး.. ငါ့ကို အကြောင်းပြချက်ပေးပါ.. လနတ်ကျောက်တုံးကို ဘာအတွက် မင်းလိုချင်ရတာလဲ"

အင်ပါယာရွှယ်ယဲ့၏ စကားသံသည် လေထုထဲကနေ ထပ်မံထွက်ပေါ်လာခဲ့သည်။

"ကျွန်တော့်ရဲ့ မိတ်ဆွေ တစ်ယောက်က လနတ်ကြမ္မာခန္ဓာကိုယ် ပိုင်ရှင်ပါ. လနတ်ကျောက်တုံးကို ရရှိမှပဲ သူ့ရဲ့ လနတ်ကြမ္မာ ခန္ဓာကိုယ်က အလျင်အမြန် နိုးထနိုင်လိမ့်မယ်"

ကျန်းချန်က ဖုံးကွယ်မနေဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။

"ရှန်းဝူတိုက်ကြီးမှာ လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင် မွေးဖွားလာလိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး.. ကောင်လေး လနတ်ကြမ္မာ ခန္ဓာကိုယ်က ဒီအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ အရမ်းသင့်တော်တဲ့ ခန္ဓာကိုယ်ပဲ.. ဒီအင်ပါယာက ဘဝတစ်လျှောက်လုံး နားလည်လာတဲ့ အမွေအနှစ်ကို လနတ်ကျောက်တုံးပေါ်မှာ စည်းတံဆိပ် ခတ်ပေးလိုက်မယ်.. မင်းက မင်းရဲ့မိတ်ဆွေ လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင်ဆီ ယူသွားပေးပါ.. သိပ်မကြာခင် လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀၀)က ကပ်ဘေးက ပြန်ရောက်လာတော့မယ်.. ဒီအင်ပါယာရဲ့ အမွေအနှစ်က ရှန်းဝူတိုက်ကြီး အတွက် အင်အားအနည်းငယ် ဖြစ်စေဖို့ မျှော်လင့်ပါတယ်"

စကားဆုံးသည်နှင့် လရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်ကနေ ချက်ချင်းဆိုသလို ကျဆင်းလာခဲ့ပြီး ကျန်းချန်၏ ဝိညာဥ်ကို သင်္ချိုင်းကနေ နှင်ထုတ်လိုက်သည်။

"ကလစ်"

ကျန်းချန်အပြင်သို့ ရောက်သည်နှင့် အင်ပါယာရွှယ်ယဲ့၏ သင်္ချိုင်းဂူသည် ရုတ်တရက် အက်ကွဲသွားခဲ့ပြီး အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် မှိန်ဖျော့ဖျော့ လရောင်အလင်းတန်းများ ထုတ်လွှတ်နေသော ဆန်းကြယ်သော အပြာရောင်ကျောက်တုံးတစ်တုံးသည် ထိုအက်ကွဲကြောင်းကနေ ထွက်ပေါ်လာခဲ့သည်။

"ဒါက လနတ်ကျောက်တုံးလား"

ကျန်းချန်က ပျံသန်း၍ ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် ကျောက်တုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက်တွင် သူ၏ မျက်ဝန်းထဲ၌ ထူးဆန်သောအရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤလနတ်ကျောက်တုံးကို အင်ပါယာရွှယ်ယဲ့က ပြုပြင်ထားသည်မှာ ထင်ရှား၏။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်သည် ထိုကျောက်တုံးကနေ မည်သည့်စွမ်းအားကိုမှ မခံစားရသောကြောင့်ပင်။

ဆိုရလျှင် ထိုကျောက်တုံးသည် သာမန်ကျောက်တုံးတစ်ခုနှင့် လုံးဝ မကွာခြားခဲ့ပေ။

ထို့ကြောင့် ကျန်းချန်သည် လနတ်ကျောက်တုံးနှင့် ပထမအကြိမ် ထိတွေ့ခဲ့ရသည့်တိုင် ၎င်းကို ယူဆောင်ရာတွင် မည်သည့်ဖိအားမှ မရှိခဲ့ပေ။

ထို့နောက်တွင် ကျန်းချန်သည် ကြယ်တာရာမြို့တော်တွင် ဆက်လက် လှည့်လည်နေရန် ဆန္ဒမရှိတော့ပေ။

ဤနေရာရှိ အင်ပါယာများသည် တစ်ဦးနှင့်တစ်ဦး အလွန်ပင် ရင်းနှီးကြသည့်အပြင် မာနလည်း အလွန်ကြီးကြသည်။

သူက ဥက္ကာခဲ ဓားအင်ပါယာ၏ အမွေအနှစ်ကို ရရှိထားပြီးပြီဖြစ်သောကြောင့် အခြားသော အင်ပါယာများ၏ သင်္ချိုင်းကို ဖွင့်ကာ အင်ပါယာ အမွေအနှစ်များကို ရယူရန် မဖြစ်နိုင်တော့ပေ။

သို့သော်လည်း ဤတစ်ခေါက် ကြယ်တာရာမြို့တော် ခရီးစဥ်တွင် သူ၏ ခွန်အားတိုးတက်လာရုံသာမက လနတ်ကျောက်တုံးကိုပါ ရရှိခဲ့၍ သူအလွန်အမင်း ကျေနပ်ခဲ့သည်။

ကျန်းချန်က အင်ပါယာမြို့တော်တွင် သုံးရက်မျှ စောင့်ဆိုင်းနေပြီးနောက်တွင် ကြယ်စင်ကျောက်တုံးထဲရှိ ကြယ်စွမ်းအင်များသည် အဆုံးသတ်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြယ်တာရာမြို့တော်ထဲကနေ တိုက်ရိုက်ပင် ပျောက်ကွယ်သွားခဲ့သည်။

ကြယ်တာရာ မြို့တော်ကနေ နှင်ထုတ်ခံရပြီးနောက်တွင် ကျန်းချန်သည် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ရင်ပြင်တွင် ပေါ်ထွက်လာခဲ့သည်။

သူက ရင်ပြင်ကို အကဲခတ်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေပြီး လူတစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ခဲ့ရပေ။

ယုတ်စွအဆုံး ကျန်းချန်သည် သူ့ဆရာ ရှောင်တုလီ၏ အရှိန်အဝါကိုပင် မခံစားမိခဲ့ပေ။

ထို့အပြင် ကျန်းချန်သည် ဟောင်ထျန်း သူတော်စင်နယ်မြေတစ်ခုလုံး၌ လူသတ်ငွေ့များဖြင့် ပြည့်နှက်နေသည်ကို ခပ်ရေးရေး ခံစားခဲ့ရသည်။

"ဟောင်ထျန်း သူတော်စင်နယ်မြေမှာ ဘာတွေများ ဖြစ်ပျက်ခဲ့ပါလိမ့်.. ဘာလို့ ဒီမှာ ဘယ်သူမှမရှိရတာလဲ"

ရင်ပြင်ပတ်ဝန်းကျင်ရှိ အခြေအနေကိုကြည့်ကာ ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အခြားသောသူများက ရင်ပြင်ကနေ ထွက်ခွာသွားသည်ကို သူက အံ့သြစရာ မရှိပေ။

သို့သော် သူ့ဆရာ ရှောင်တုလီ၏ စိတ်နေစိတ်ထားကို သူက ကောင်းစွာ နားလည်ထားခဲ့သည်။

ကိစ္စတစ်ခုခု ရှိမနေလျှင် သူ့ဆရာသည် ကြယ်တာရာမြို့တော်ကနေ သူပြန်လာသည်အထိ ဤနေရာတွင် သေချာပေါက် စောင့်နေလိမ့်မည် ဖြစ်၏။

သူ့ဆရာ ရှောင်တုလီ ဤနေရာတွင် မရှိတော့သည့် အတွက် ဖြစ်နိုင်ခြေမှာ နှစ်ခုသာ ရှိသည်။

ယင်းမှာ ကျုံးကျိုးကုန်းမြေတွင် အဓိက အရေးအခင်းတစ်ခုဖြစ်ပေါ်နေ၍ စောစောစီးစီး ထွက်ခွာသွားခြင်း ဖြစ်နိုင်သည်။

သို့မဟုတ် သူ့ဆရာရှောင်တုလီသည် ဒုက္ခတစ်စုံတစ်ရာ တွေ့နေခြင်းလည်း ဖြစ်နိုင်၏။

ထိုသို့စဥ်းစားရင်း ကျန်းချန်၏ မျက်နှာထက်တွင် သုန်မှုန်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ထိုအကြောင်းကို တွေးတောနေစဥ်မှာပင် လေထဲတွင် ပြင်းထန်သော အာကာပြင်လှိုင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ အကြီးအကဲ ရှားချန်ခုန်းသည် ကျန်းချန်၏ရှေ့ရှိ လေထုထဲတွင် တိုက်ရိုက်ပေါ်လာခဲ့၏။

"ကျန်းချန် ဒီတစ်ခေါက် ကြယ်တာရာမြို့တော်ခရီးစဥ်က မင်းအတွက် ဆုလာဘ်တွေအများကြီး ရရှိစေလိမ့်မယ်ထင်တယ်"

ရှားချန်ခုန်းသည် သူ၏မြင်ကွင်းတွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ စိတ်လှုပ်ရှားနေခဲ့သည်။

ဤကောင်လေးက ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းထဲသို့ ရောနှောဝင်ရောက်လာသည့် သွေးသောက်ဓား ဧကရာဇ်ကို သတ်ဖြတ်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

သူ၏ မျက်စိရှေ့မှ ကျန်းချန်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်ကနေ ဆဋ္ဌမအဆင့်အထိ ထိုးဖောက်နိုင်ခဲ့ရုံသာမက သူ၏ စိတ်နှလုံးကိုပင် တုန်လှုပ်စေလောက်သော ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

ရှားချန်ခုန်းသည် ဤကဲ့သို့သော အရှိန်အဝါမျိုးကို ဟောင်ထျန်းသူတော်စင်နယ်မြေ၏ အထွတ်အထိပ်အကြီးအကဲ နှစ်ဦးထံကနေသာ ခံစားခဲ့ရဖူး၏။

"အကြီးအကဲရှား ဘာကိစ္စတွေ ဖြစ်ပျက်နေတာလဲ.. ကျွန်တော့်ဆရာရှောင်တုလီရော"

ဤအချိန်တွင် ကျန်းချန်သည် ရှားချန်ခုန်းနှင့် စကားများစွာပြောရန် ဆန္ဒမရှိတော့ပေ။

သူက ရှားချန်ခုန်းကို သုန်မှုန်သော အမူအရာဖြင့် စူးစိုက်ကြည့်လိုက်သည်။

သူ၏မျက်ဝန်းထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ရှိနေခဲ့၏။

ဟောင်ထျန်း သူတော်စင်နယ်မြေကသာ သူမရှိတုန်း သူ့ဆရာ ရှောင်တုလီကို တိုက်ခိုက်ခဲ့သည် ဆိုလျှင် သူ့အနေဖြင့် ဟောင်ထျန်း သူတော်စင်နယ်မြေကို ဆယ်ဆ ပိုမို ကြီးမားသည့် နာကျင်မှု ခံစားရအောင် သေချာပေါက် လုပ်ဆောင်လိမ့်မည် ဖြစ်သည်။

အခန်း(၁၃၅၃)ပြီး၏။

All Chapters