အခန်း (၁၃၅၇-၁၃၅၉)
Vol. 91 Ch. 1357-1359
အခန်း(၁၃၅၇)
လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန်။
ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံးနေရာမှ ကျင့်ကြံသူ။
ရှန်းဝူတိုက်ကြီး၏ နတ်ဆိုးဆန်သော အထွတ်အထိပ် ပါရမီရှင်။
သွေးစုပ်ဧကရာဇ်သည် ပြန်လည် မွေးဖွားသည်မှာ မကြာသေးသော်လည်း ဤနာမည်နှင့် မစိမ်းပေ။
သို့သော်လည်း ရှန်းဝူတိုက်ကြီး၏ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသည် နှစ်(၁၀၀)လျှင် တစ်ကြိမ်သာပွင့်ပြီး ထိုလူသည် ရှေးဟောင်း ကြယ်တာရာလမ်းကို ဝင်သွားခဲ့သည်မှာ သေချာနေသည်ဖြစ်ရာ အဘယ်ကြောင့် လူသားဧကရာဇ် နန်းတော်တွင် ရုတ်တရက် ထွက်ပေါ်လာရပါသနည်း။
သိထားရမည့်အချက်မှာ ဤတစ်ကြိမ် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းဖွင့်စဥ်တွင် သွေးနတ်ဆိုးနန်းတော်မှ သွေးသောက်ဓားဧကရာဇ်သည် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းသို့ လျှို့ဝှက် ဝင်ရောက်ခဲ့ပြီး ကျန်းချန်နှင့် လျှို့ဝှက်နယ်မြေရှစ်ခုမှ ပါရမီရှင်များကို တားဆီးကာ ကြယ်တာရာမြို့ရှိ အင်ပါယာ အမွေအနှစ်များကို ဖျက်ဆီးရန် တာဝန်ယူထားခဲ့သည်။
သွေးသောက်ဓားဧကရာဇ်၏ နတ်သန္ဓေအင်ပါယာ နယ်ပယ်နဝမအဆင့် ခွန်အားဖြင့်ဆိုလျှင် ကျန်းချန်နှင့် အခြားသူများကို အပြစ်ပေးရန် ပြဿနာ ကြီးကြီးမားမား မရှိသင့်ပေ။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် ကြယ်တာရာမြို့တော်ကနေ ဘေးမသီရန်မခ ပြန်လည် ရောက်ရှိလာခဲ့ပြီး သွေးသောက်ဓားဧကရာဇ်က ပြန်မလာနိုင်သည် ဖြစ်ရာ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းတွင် မည်သည့်မတော်တဆမှုများ ဖြစ်ပျက်ခဲ့ပါသနည်း။
သွေးစုပ်ဧကရာဇ်က ကျန်းချန်ကို ခဏမျှ စူးစိုက်ကြည့်လိုက်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။
"ကျန်းချန် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကနေ ဘေးမသီရန်မခ ပြန်လာနိုင်မယ်လို့ ငါတကယ် ထင်မထားခဲ့ဘူး.. ဒါက ငါ့ကို နည်းနည်းတောင် အံ့သြသွားစေတယ်"
"ဟားဟား မင်းက သွေးသောက်ဓားဧကရာဇ်ရဲ့ လက်ထဲမှာ ငါဘာလို့မသေလဲ ဆိုတာကို သိချင်နေတာ မဟုတ်လား"
ကျန်းချန်က လှောင်ရယ်၍ ပြောလိုက်သည်။
"မင်းတို့ သွေးနတ်ဆိုးနန်းတော်က သွေးသောက်ဓားဧကရာဇ်ကို ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းထဲ ပို့လိုက်တာ တကယ် ကောင်းမွန်တဲ့ အစီအစဥ်ပဲ.. ဒါပေမဲ့ သွေးသောက်ဓားဧကရာဇ်က ငါနဲ့ တွေ့သွားတာကတော့ စိတ်မကောင်းစရာပဲ"
"မင်းက သွေးသောက်ဓား ဧကရာဇ်ကို သတ်ခဲ့တာလား"
သွေးစုပ်ဧကရာဇ်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ဤကောင်လေး၏ လက်ထဲတွင် သွေးသောက်ဓား ဧကရာဇ်သာ အမှန်တကယ် ကျဆုံးသွားသည်ဆိုလျှင် ဤကောင်လေး၌ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်လောက်သည့် စွမ်းအား ရှိနေသည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
"အမှန်ပဲ ငါက သွေးသောက်ဓား ဧကရာဇ်ကို သတ်ရုံတင် ဘယ်ကမလဲ.. ဒီနေ့မင်းကိုပါ သတ်ပြီး ငရဲပြည်မှာ သူနဲ့အတူ ပြန်လည်ပေါင်းစည်းပေးမယ်"
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲမှ ဥက္ကာခဲဓားကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် ဓားအလင်းတန်းသည် ကောင်းကင်ကိုပင် ဖြတ်တောက်မည့် စွမ်းအားမျိုးဖြင့် သွေးစုပ်ဧကရာဇ် ဆီသို့ ဦးတည်သွားခဲ့သည်။
ကောင်းကင်ယံကို ထိုးဖောက်၍ သူ့ဆီသို့ ဦးတည်လာသောအပြာရောင် ဓားအလင်းကို ကြည့်ရင်း သွေးစုပ်ဧကရာဇ်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ချက်ချင်းပင် လက်နှစ်ဖက် ဝှေ့ယမ်းလိုက်ရာ ပေရာပေါင်းများစွာ ရှိသော သွေးရောင်ဓားစွမ်းအင် တစ်ခုသည် ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့ပြီး အပြာရောင် ဓားအလင်းတန်းကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
အပြာရောင်ဓားအလင်းတန်းနှင့်သွေးရောင်ဓားစွမ်းအင်တို့ လေထဲတွင် ထိပ်တိုက် ဆုံမိပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် အရှိန်အဝါသည် ကောင်းကင်ယံတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထို့နောက်တွင် သွေးစုပ်ဧကရာဇ်သည် ခြေလှမ်း အနည်းငယ်နောက်သို့ ဆုတ်လိုက်ရပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်ထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ရှေ့မှ လူငယ်သည် အင်ပါယာအဆင့် လက်နက်ကို ထိန်းချုပ်နိုင်ရုံသာမက ဓားပညာရပ်တွင်လည်း အလွန် မြင့်မားသော အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ထိုလူငယ်သည် ကြယ်တာရာမြို့တော်တွင် ရှိသည့် ဓားအင်ပါယာတစ်ပါးပါး၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပုံရသည်။
"ဥက္ကာခဲ ဓားအင်ပါယာရဲ့ လက်စွဲတော်ဓားက တကယ်ကို ထူးခြားတာပဲ"
ဥက္ကာခဲဓား၏ စွမ်းအားကို မြင်လျှင် ကျန်းချန်သည် စိတ်ရင်းထဲကနေ ချီးကျူးလိုက်မိသည်။
ယခုအခါတွင် သူ၏ ဓားနယ်မြေသည် အဆင့်မြင့်နယ်မြေအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဥက္ကာခဲဓားနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူ၏ တိုက်ခိုက်မှုသည် အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
ထို့အပြင် ဤသည်မှာ ဥက္ကာခဲဓား၏ အထွတ်အထိပ် ကာလက အခြေအနေနှင့်များစွာ အလှမ်းဝေးနေပါသေးသည်။
သိထားရမည့်အချက်မှာ ဥက္ကာခဲဓားသည် လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀၀)က တိုက်ပွဲတွင် အပြင်းအထန် ထိခိုက်မှုများခံစားခဲ့ရပြီး ဓားဝိညာဥ်သည် အိပ်စက်သည့် အခြေအနေတွင် ရှိနေခဲ့သည်။
ဓားဝိညာဥ်သာ နိုးထလာလျှင် ဥက္ကာခဲဓားသည် ဓားချက်တစ်ချက်တည်းဖြင့်ပင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်လိမ့်မည် ဖြစ်၏။
"ကျန်းချန်.. မင်းက ဒီဧကရာဇ်ရဲ့ အသက်ကို ယူချင်မှတော့ မင်းမှာ အဲဒီလို စွမ်းရည်ရှိမရှိ ကြည့်ရသေးတာပေ့ါ.. ရှန်းဝူတိုက်ကြီးရဲ့ အထွတ်အထိပ် ပါရမီရှင်တစ်ဦး အနေနဲ့ မင်းက ငါ့ကို ဘယ်လောက်အထိ ဖိအားပေးနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်.. သွေးစုပ်နတ်ဆိုး ကျင့်စဥ်"
သွေးစုပ်ဧကရာဇ်က ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှ သွေးနီရောင် အလင်းတန်းတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး မီတာထောင်ချီ အကွာအဝေးရှိ ကောင်းကင်ယံ တစ်ခုလုံးကိုပင် ချက်ချင်းပင် နီရဲသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ယခင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော ကြောက်မက်ဖွယ်စွမ်းအင်သည် နဂါးနိုးထလာသကဲ့သို့ သွေးစုပ်ဧကရာဇ်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
"ဝုန်း.."
သွေးစုပ်ဧကရာဇ်သည် သွေးစုပ်နတ်ဆိုး စွမ်းအားကို အသုံးပြု၍ ကျန်းချန်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
သူ၏ကြီးမားသော သွေးနီရောင် လက်သီးချက်သည် ကောင်းကင်ယံတွင် ကီလိုမီတာ ရာပေါင်းများစွာ ရှည်လျားသော နက်မှောင်သည့် အက်ကွဲကြောင်းများကိုပင် ဖြစ်ပေါ်စေခဲ့သည်။
လက်သီးပတ်ပတ်လည်ရှိ တစ်ကီလိုမီတာ နေရာလွတ် တစ်ခုလုံးပင် ပျက်စီးသွားခဲ့ပြီး ကမ္ဘာပျက်တော့မည့် အလားပင် ဖြစ်နေခဲ့သည်။
"ဒီသွေးစုပ်ဧကရာဇ်က တကယ်ကို အားကောင်းတာပဲ.. နန်းတော်သခင် တားဆီးနိုင်ပါ့မလား"
သွေးစုပ်ဧကရာဇ်၏ ကြောက်မက်ဖွယ်ရာ လက်သီးချက်ကိုမြင်လျှင် လူသားဧကရာဇ်နန်းတော်မှ ကျင့်ကြံသူများသည် ထိတ်လန့်သွားခဲ့ကြသည်။
ကျန်းချန်အပေါ်တွင် အမြဲတစေ ယုံကြည်မှုရှိခဲ့သော ရှောင်တုလီပင်လျှင် ဤအချိန်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ဤသွေးစုပ်ဧကရာဇ်၏ ခွန်အားသည် တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
သွေးစုပ်ဧကရာဇ်သာ အစောပိုင်းက ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ လက်သီးချက်ကို ထုတ်ဖော်ခဲ့လျှင် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်သည် တစ်စက္ကန့်မျှပင် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
ကမ္ဘာကိုပင် လွှမ်းမိုးနိုင်သော သွေးစုပ်ဧကရာဇ်၏ လက်သီးချက်ကို မြင်သော်လည်း ကျန်းချန်၏ အမူအရာသည် အေးအေးဆေးဆေးသာ ရှိနေခဲ့သည်။
သူက လက်ချောင်းများကို ဆန့်ထုတ်၍ လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံရှိ အာကာပြင် အက်ကွဲကြောင်းများကနေ မီးလျှံများ ပျံဝဲ၍ ထွက်ပေါ်လာခဲ့ပြီး မီးလျှံဓားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"သွားစမ်း"
ကျန်းချန်က ညွှန်ပြလိုက်သည်နှင့် မီးလျှံဓားရှည် ထောင်ပေါင်းများစွာသည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော ကြောက်မက်ဖွယ်ရာ ဓားစွမ်းအင်ကို သယ်ဆောင်ကာ ဥက္ကာခဲများ ကျဆင်းလာသကဲ့သို့ သွေးစုပ်ဧကရာဇ်၏ လက်သီးချက်ကို ထိမှန်သွားခဲ့သည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
မီးလျှံဓားစွမ်းအင် များစွာသည် သွေးစုပ်ဧကရာဇ်၏ လက်သီးချက်ကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ထိမှန်သွားခဲ့ပြီးနောက်တွင် ပေါက်ကွဲသံများသည် ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် သွေးစုပ်ဧကရာဇ်၏ ကြောက်မက်ဖွယ်ရာကောင်းသော သွေးရောင် လက်သီးချက်သည် အဟောသိကံ ဖြစ်သွားခဲ့၏။
"ရှန်းဝူတိုက်ကြီးရဲ့ အထွတ်အထိပ် ပါရမီရှင်လို့ တကယ်ပဲ ကျော်စောထိုက်ပါပေတယ်.. ငါ့ရဲ့ လက်သီးချက်ကို ထပ်ပြီးရင်ဆိုင်ကြည့်လိုက်စမ်း"
သွေးစုပ်ဧကရာဇ်က လက်သီးချက် တစ်ချက်ကို ထပ်မံထုတ်ဖော်လိုက်ရာ သူ၏ လက်သီးစွမ်းအင်ကနေ သွေးရောင်နဂါးကြီး တစ်ကောင် ဖြစ်ပေါ်လာခဲ့ပြီး ကျန်းချန် ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားခဲ့ပြီး နေနှင့်လများပင် လှုပ်ခါသွားခဲ့သည်။
သွေးနဂါးကြီးက ပါးစပ်ကို ကျယ်လောင်စွာ ဟထားပြီး ကျန်းချန်ရှိနေသည့်နေရာလွတ်ကို မျိုချတော့မည့်အလား ဖြစ်နေခဲ့သည်။
"ဟားဟား သွေးစုပ်ဧကရာဇ်.. မင်းက သွေးသောက်ဓားဧကရာဇ်ထက် အများကြီး ပိုမိုသန်မာပါတယ်.. ဒါပေမဲ့ ငါ့ရဲ့လူသားဧကရာဇ် နန်းတော်ထဲမှာ ရမ်းကားဖို့တော့ အရည်အချင်း မပြည့်မီသေးဘူး"
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
ထို့နောက်တွင် မီတာခြောက်ရာ ပတ်လည်ရှိ နေရာလွတ်ကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ်ရာ ဓားစွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
ထိုဓားစွမ်းအားသည် မီတာခြောက်ရာ အချင်းဝက်ရှိ နယ်မြေတစ်ခုကို ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို စုဖွဲ့လိုက်ပြီး သွေးနဂါးနှင့် သွေးစုပ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။
ထို့နောက်တွင် ကျန်းချန် ထုတ်ဖော်လိုက်သည့် နယ်မြေကနေ ဓားအလင်း ရာပေါင်းများစွာသည် ကောင်းကင်ဘုံကနေ ပျံသန်းလာသော ဓားများကဲ့သို့ ပျံဝဲလာခဲ့ပြီး အောက်ဘက်ရှိ သွေးနဂါးကို မျက်စိတစ်မှိတ် အတွင်း သတ်ဖြတ်ပစ်လိုက်သည်။
"အဆင့်မြင့်နယ်မြေအဆင့်ကို ရောက်နေတဲ့ ဓားနယ်မြေပါလား.. မင်း..မင်းက တကယ်ပဲ နယ်မြေစွမ်းအားကို အဆင့်မြင့်နယ်မြေအဆင့် အထိ နားလည်သွားပြီလား"
မီတာခြောက်ရာပတ်လည်ရှိ နေရာလွတ်ကို လွှမ်းခြုံထားသော ဓားနယ်မြေကို ကြည့်ရင်း သွေးစုပ်ဧကရာဇ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ မယုံကြည်နိုင်သော ရေရွတ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
နယ်မြေစွမ်းအားက မီတာခြောက်ရာ အချင်းဝက်ကို လွှမ်းခြုံထားခြင်းသည် အဆင့်မြင့် နယ်မြေအဆင့်ကို ရောက်ရှိနေသည့်လက္ခဏာပင် ဖြစ်၏။
သွေးစုပ်ဧကရာဇ်သည် အလွန်တရာပင် အံ့သြနေခဲ့သည်။
ကျန်းချန်၏ ဓားပညာရပ်အပေါ် နားလည်မှုသည် အလွန်တရာမြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူခံစားမိသော်လည်း အဆင့်မြင့်နယ်မြေ အဆင့်သို့ပင် ရောက်ရှိနေမည်ဟု သူ မထင်ထားခဲ့ပေ။
အသက်(၂၀)ကျော် အရွယ်သာရှိသော ကောင်လေးတစ်ယောက်သည် အဆင့်မြင့်နယ်မြေအဆင့် ဓားနယ်မြေကိုပင် နားလည်နေခဲ့သည်။
ဤကောင်လေး၏ ပါရမီသည် တကယ်ကို နတ်ဆိုးဆန်လွန်းသည်ဟုပင် ဆိုရပေတော့မည်။
အခန်း(၁၃၅၇)ပြီး၏။
အခန်း(၁၃၅၈)
လူသားဧကရာဇ်နန်းတော်မှ ကျင့်ကြံသူများသည် ကျန်းချန်ထုတ်ဖော်ခဲ့သည့် မီတာ ၆၀၀ အကျယ်အဝန်းရှိသော ဓားနယ်မြေကို မြင်လျှင် အသက်ရှူ ရပ်လုမတတ်ပင် ဖြစ်ကုန်ကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
အဆင့်မြင့်နယ်မြေ အဆင့်ကို နားလည်ထားသော နတ်သန္ဓေအင်ပါယာသည် မိမိထက် နှစ်ဆင့် သုံးဆင့် နယ်ပယ်အဆင့်မြင့်သော ကျင့်ကြံသူများနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် ဓားနယ်မြေကို အဆင့်မြင့်နယ်မြေ အဆင့်အထိ နားလည်ထားသော ကျန်းချန်သည် သွေးစုပ်ဧကရာဇ်နှင့် ယှဥ်ပြိုင်နိုင်သည့် ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။
"နန်းတော်သခင်က လူသားဧကရာဇ်ရဲ့ သွေးသားပီသပါပေတယ်.. အရည်အချင်းက တကယ်ကို ထူးခြားလွန်းတယ်"
ကောင်းကင်ယံတွင် ခန့်ညားစွာရပ်နေသည့် ကျန်းချန်ကို ကြည့်ရင်း ယဲ့ချန်ကျွင်းသည် မချီးကျူးဘဲ မနေနိုင်တော့ပေ။
ဆိတ်ငြိမ်နယ်မြေတွင် ကျန်းချန်ကို ပထမဆုံးအကြိမ် တွေ့ဆုံစဥ်က ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့်တွင်သာ ရှိနေသေး၏။
ထိုအချိန်က ကျန်းချန်သည် တိုက်ပွဲဝင်စွမ်းရည်တွင် မိုးထိအောင် မြင့်မားနေလျှင်ပင် သူနှင့်ယှဥ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကျန်းချန်သည် (၁)နှစ် မပြည့်မီ အချိန်အတွင်းမှာပင် ဤအခြေအနေအထိ ကြီးထွားလာလိမ့်မည်ဟု ယဲ့ချန်ကျွင်း မထင်ထားခဲ့ပေ။
ယခုအခါတွင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ် ဆဋ္ဌမအဆင့်ကို ရောက်ရှိခဲ့ရုံသာမက ဓားနယ်မြေတွင်လည်း အဆင့်မြင့်နယ်မြေ အဆင့်ကိုပင် နားလည်နေခဲ့ပြီ ဖြစ်သည်။
သို့ဖြစ်ရာ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင်လျှင် ကျန်းချန်ကို ရင်ဆိုင်ရန် လွယ်ကူနိုင်တော့မည် မဟုတ်ပေ။
"ကျန်းချန် မင်းရဲ့ပါရမီက တကယ်ကို ထူးခြားတယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ဒီဧကရာဇ်က တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ဖူးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ.. မင်းရဲ့ အဆင့်မြင့်နယ်မြေလေးက ဒီဧကရာဇ်ကို ဘယ်လိုလုပ်ပြီး တားနိုင်မှာလဲ.. ဒီဧကရာဇ်က မင်းရဲ့ ဓားနယ်မြေကို ဘယ်လိုချိုးဖျက်ပြီး မင်းကို သတ်မလဲဆိုတာ စောင့်ကြည့်နေလိုက်"
သွေးစုပ်ဧကရာဇ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီးနောက်တွင် ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်နေသည့် သွေးဓားတစ်လက်သည် သူ၏ လက်ထဲတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
ကျန်းချန်၏ ပါရမီသည် အလွန်တရာပင် ထူးခြားပြီး နတ်သန္ဓေအင်ပါယာ နယ်ပယ် ဆဋ္ဌမအဆင့်ဖြင့်ပင် သူ့လို နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်ကို တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့သည်။
အကယ်၍ ထိုကောင်လေးသာ နတ်သန္ဓေအင်ပါယာ နယ်ပယ်နဝမအဆင့်ကို ရောက်ရှိသွားခဲ့လျှင် ရှန်းဝူတိုက်ကြီးတွင် မည်သူမှ မယှဥ်နိုင်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် ထိုကောင်လေးသည် သူတို့ သွေးနတ်ဆိုးနန်းတော်၏ ရှန်းဝူတိုက်ကြီးအား သိမ်းပိုက်မည့် အစီအစဥ်အတွက် အကြီးမားဆုံးရန်သူ တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပါလော။
ထို့ကြောင့် သူ့အနေဖြင့် မည်မျှပင် ပေးဆပ်ရပါစေ၊ ထိုကောင်လေးကို ယနေ့တွင် သတ်ပစ်မည်ဖြစ်ပြီး ကြီးထွားဖို့ အခွင့်အရေး လုံးဝ ပေးမည်မဟုတ်ပေ။
သွေးစုပ်ဧကရာဇ်က သွေးဓားကို လက်ထဲတွင် ကိုင်ဆောင်ထားပြီးနောက်တွင် မီတာ ၃၀၀ ကျယ်ဝန်းသော သွေးပင်လယ်သည် သူ၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ထိုသွေးပင်လယ်ထဲကနေ သုံးပေခန့် ရှည်လျားသည့် သွေးဓားပေါင်း များစွာသည် ထွက်ပေါ်လာခဲ့၏။
ထိုသွေးဓားများသည် အရေအတွက် သုံးထောင်ရှိပြီး သွေးပင်လယ်ထဲရှိ သွေးစွမ်းအားကနေ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထို့အပြင် ထိုသွေးဓားတစ်လက်စီတွင် လေထုကို ဝါးမျိုနိုင်သည့် ဓားစွမ်းအင်များ ပါဝင်နေ၏။
ထိုသွေးဓားအလက် သုံးထောင်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီးနောက်တွင် သွေးစုပ်ဧကရာဇ်၏ ဦးခေါင်းထက်၌ သွေးဓားအစီအရင် တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထိုသွေးဓားအစီအရင်၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုတော့မတတ် ဖြစ်နေခဲ့သည်။
"ကျန်းချန် ဒီဓားအစီအရင်က အင်ပါယာ သွေးစွမ်းအားနဲ့ ဖန်တီးထားတာပဲ.. ဒီသွေးဓားက ကောင်းကင်ကိုတောင် ဝါးမျိုနိုင်တယ်လို့ အဆိုရှိတဲ့အတွက် ကောင်းကင်ဝါးမျိုသွေးဓားလို့ ခေါ်ကြတယ်.. ဒီနေ့ ဒီဧကရာဇ်က မင်းရဲ့ဓားနယ်မြေကို ချိုးဖျက်ဖို့အတွက် ကောင်းကင်ဝါးမျိုဓားနည်းစနစ်ကို အသုံးပြုမယ်"
ဓားအလက်သုံးထောင်ကို ဓားအစီအရင်အဖြစ် ကောင်းကင်ယံတွင် ဖွဲ့စည်းပြီးနောက်တွင် သွေးစုပ်ဧကရာဇ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ၎င်း၏ နက်မှောင်သော ဆံပင်များသည် တစ်ဝက်ခန့် ဖြူဖွေးသွားခဲ့သည်။
"ချိုးဖျက်စမ်း"
ကြွေးကြော်သံနှင့်အတူ သွေးစုပ်ဧကရာဇ်သည် သူ၏ ဓားသုံးထောင်ဖြင့် ဖန်တီးထားသော အစီအရင်ကို လှုံ့ဆော်လိုက်ပြီး ကျန်းချန်ကို တိုက်ိခုက်စေလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဓားသုံးထောင်သည် ကျန်းချန်ကို အမှည့်ခြွေ ခြွေရန် လေထုကို ဖြတ်သန်းလာခဲ့သည်။
ဓားအလက်စီတိုင်းတွင် ကမ္ဘာကြီးကိုပင် ဝါးမျိုနိုင်သော စွမ်းအင်များ ပါဝင်နေခဲ့၏။
"သွေးစုပ်ဧကရာဇ်.. ငါ့ရဲ့ဓားနယ်မြေက အရာအားလုံးကို ထိန်းချုပ်ထားတယ်.. မင်းရဲ့ကောင်းကင်ဝါးမျို ဓားနည်းစနစ်က ငါ့ကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာတဲ့လဲ"
ကျန်းချန်က ပြိုင်ဘက်ကင်း ဓားဧကရာဇ်တစ်ပါး ကဲ့သို့ ကောင်းကင်ယံတွင် ပျံဝဲနေရင်းကနေ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ဓားနယ်မြေအတွင်း၌ အကန့်အသတ်မရှိသော ဓားမုန်တိုင်း တစ်ခုသည် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး သွေးစုပ်ဧကရာဇ်၏ ဓားအလက် သုံးထောင်ကို ချေမှုန်းပစ်လိုက်သည်။
ကောင်းကင်ဝါးမျို သွေးဓားနည်းစနစ်သည် ကျန်းချန်၏ အဆင့်မြင့် နယ်မြေအောက်တွင် ကာကွယ်နိုင်စွမ်း လုံးဝ မရှိခဲ့ပေ။
သူ၏ ဓားအလက်သုံးထောင်က ကျန်းချန်၏ ဓားနယ်မြေကို မဖြိုခွင်းနိုင်သော်လည်း သွေးစုပ်ဧကရာဇ်သည် အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။
သိပ်မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်ကနေ ထူးဆန်းသော သွေးအလင်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မူလက ကြံ့ခိုင်နေသော သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ဆံပင်များ ဖြူဖွေးနေသည့် ခါးကုန်းအဘိုးအိုတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ကောင်းကင်ဓားတစ်လက်က ကမ္ဘာမြေကိုတောင် ဝါးမျိုနိုင်တယ်.. မင်းရဲ့ နယ်မြေက အဆင့်မြင့်နယ်မြေ အဆင့်ကို ရောက်ရှိနေရင်တောင် ဒီဧကရာဇ်က ဓားတစ်လက်တည်းနဲ့ ချိုးဖျက်ပစ်မယ်"
သွေးစုပ်ဧကရာဇ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သွေးဓားအလင်း တစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ချက်ချင်းဆိုသလို ထိုးဖောက်သွားခဲ့၏။
ရွှယ်ယိုထျန်း၏ သွေးအဆီအနှစ်များ ပေါင်းစပ် ပါဝင်နေသော ထိုသွေးဓားအလင်းသည် အလွန်တရာပင် အစွမ်းထက်သည်။
ကျန်းချန်၏ အဆင့်မြင့်နယ်မြေ အဆင့်ကို ရောက်ရှိနေသာ ဓားနယ်မြေပင်လျှင် ထိုသွေးဓားအလင်း၏ တိုက်ခိုက်မှုအောက်တွင် အနည်းငယ် ပျက်စီးသွားခဲ့၏။
"သွေးစုပ်ဧကရာဇ်ရဲ့ ဓားက အရမ်းကို အင်အားကောင်းလွန်းတာပဲ.. နန်းတော်သခင်ရဲ့ အဆင့်မြင့်နယ်မြေ အဆင့်တောင်မှ ဒီဓားကို မရပ်တန့်နိုင်ဘူး"
ကောင်းကင်ယံရှိ မြင်ကွင်းကို မြင်လိုက်ရလျှင် ယဲ့ချန်ကျွင်းနှင့်အခြားသူများသည် အလွန်အမင်း ထိတ်လန့်သွားကြသည်။
"ဘယ်ဆိုးလို့လဲ သွေးစုပ်ဧကရာဇ်.. မင်းက သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ငါသာ ဓားနယ်မြေတစ်မျိုးတည်းကို နားလည်ထားရင် မင်းရဲ့ဓားကို တားဆီးနိုင်မှာ မဟုတ်ဘူး.. ဒီနေ့ ငါ့ကို မင်းရဲ့ အစွမ်းအထက်ဆုံး ဓားကွက်ကို မြင်တွေ့ခွင့်ပေးတဲ့ အတွက် ငါကလည်း မင်းကို ငါ့ရဲ့ ပြိုင်ဘက်ကင်း နယ်မြေအစွမ်း ပြသပေးမယ်"
စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။
အလယ်အလတ်အဆင့် မိုးကြိုးနယ်မြေ၊
အလယ်အလတ်အဆင့်လေနယ်မြေ၊
အလယ်အလတ်အဆင့် အချိန်နယ်မြေ၊
ကျန်းချန်က ချက်ချင်းဆိုသလိုပင် အလယ်အလတ် အဆင့်နယ်မြေ သုံးမျိုးကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ ပတ်ပတ်လည်ရှိ မီတာ ၃၀၀ နေရာလွတ်သည် အချိန်များ ရပ်တန့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သွေးစုပ်ဧကရာဇ်၏ ကြောက်မက်ဖွယ်ရာကောင်းသော သွေးဓားအလင်းသည် ကျန်းချန် အရှေ့ရှိ ကောင်းကင်ယံတွင် တိုက်ရိုက် ရပ်တန့်သွားခဲ့သည်။
ထို့နောက်တွင် ကောင်းကင်နှင့် မြေကြီးကို ဖျက်စီးနိုင်သောစွမ်းအားများ ကိန်းအောင်းနေသည့် သုံးရောင်ခြယ်အလင်းတန်း တစ်ခုသည် ကောင်းကင်ယံကနေ ကျရောက်လာခဲ့ပြီး သွေးဓားအလင်းကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
"ဝုန်း.."
သုံးရောင်ခြယ် အလင်းတန်း၏ တိုက်ခိုက်မှုအောက်တွင် သွေးဓားအလင်းသည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားခဲ့သည်။
"ဖူး.."
သွေးဓားအလင်း ပေါက်ကွဲသွားပြီးနောက်တွင် သွေးစုပ်ဧကရာဇ်၏ ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများသည်လည်း ချက်ချင်းပင် အားနည်းသွားကာ သေလုဆဲဆဲ အသက်(၁၀၀)ကျော် အဘိုးကြီးတစ်ဦး ကဲ့သို့ ဖြစ်သွားခဲ့သည်။
"မမျှော်လင့်ဘဲ ဒီဧကရာဇ်က အစွမ်းကုန် တိုက်ခိုက်တာတောင် မင်းကို မသတ်နိုင်ခဲ့ဘူး.. မင်းရဲ့ နယ်မြေစွမ်းအားက ရှန်းဝူတိုက်ကြီးမှာ လေးစားခံရဖို့ လုံလောက်နေပါပြီ.. ကြည့်ရတာ ဘုရားသခင်က ငါတို့ သွေးနတ်ဆိုးနန်းတော်ဘက်မှာ မရှိဘူးထင်ရဲ့"
သွေးစုပ်ဧကရာဇ်က ကျန်းချန်ကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် ခါးသီးသော အပြုံးတစ်ပွင့် ဖြစ်ပေါ်နေခဲ့သည်။
မူလက သူသည် မည်မျှပင် ပေးဆပ်ရပါစေ၊ ကျန်းချန်ကို သတ်ဖြတ်ပြီး သွေးနတ်ဆိုးနန်းတော်၏ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို တစ်ခါတည်း ကြိုတင်ဖယ်ရှားရန် ရည်ရွယ်ထားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ စွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အဆင့်မြင့်နယ်မြေ အဆင့်ကို ရောက်ရှိနေသည့် နယ်မြေတစ်မျိုးနှင့် အလယ်အလတ်နယ်မြေ အဆင့်ကို ရောက်ရှိနေသည့် နယ်မြေသုံးမျိုး။
သူ၏ သွေးအဆီအနှစ်များကို အသုံးပြုထားသော သွေးဓားအလင်းသည်ပင် ထိုနယ်မြေလေးခု ပေါင်းစည်းစွမ်းအားကို မယှဥ်နိုင်ခဲ့ပေ။
ဤလူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေ အင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်တွင်သာ ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ပြိုင်ဘက်ကင်းလု နီးပါးပင် ဖြစ်သည်။
ရှန်းဝူတိုက်ကြီး တစ်ခုလုံးမှာပင် ကျန်းချန်၏ နယ်မြေစွမ်းအားကို ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိလောက်၏။
ဤအခြေအနေဖြင့်သာ ဆိုလျှင် သူတို့ သွေးနတ်ဆိုးနန်းတော်သည် ရှန်းဝူတိုက်ကို သိမ်းပိုက် အောင်မြင်ရန် မဖြစ်နိုင်သလောက်ပင်။
အခန်း(၁၃၅၈)ပြီး၏။
အခန်း(၁၃၅၉)
"သွေးနတ်ဆိုးနန်းတော်က ရှန်းဝူတိုက်ကြီးမှာ မပေါ်လာသင့်သလို မင်းတို့ သွေးဧကရာဇ်ဆယ်ပါးကလည်း ဒီလောကမှာ အသက်မရှင်သင့်ဘူး.. ဒီနေ့ငါက မင်းကို ဒီလောက ကနေ လုံးဝ ပျောက်ကွယ်သွားစေမယ်"
ကျန်းချန်၏ စကားသံ အဆုံးသတ်သည်နှင့် နောက်ထပ် သုံးရောင်ခြယ် အလင်းတန်း တစ်ခုသည် ကောင်းကင်ယံရှိ လေထုထဲတွင် ပေါင်းစပ် ဖြစ်တည်လာခဲ့ပြီး အောက်ဘက်ရှိ သွေးစုပ်ဧကရာဇ် ဆီသို့ ဆင်းသက်လာခဲ့သည်။
"ဟားဟား ကျန်းချန်.. မင်းက ရှန်းဝူတိုက်ကြီးမှာ နှစ်ထောင်ပေါင်းများစွာ အတွင်း မပေါ်ပေါက်ဖူးတဲ့ အံ့မခန်း ပါရမီရှင်ဆိုတာ ငါလက်ခံပါတယ်.. ဒါပေမဲ့ ငါ့ကို သတ်နိုင်ရင်တောင်မှ သွေးနတ်ဆိုးနန်းတော်ကိုတော့ ဘယ်လိုမှ မင်းအနိုင်ရမှာမဟုတ်ဘူး.. သိပ်မကြာခင် ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ တပ်မှုးချုပ်ကျိုးယို လွတ်မြောက်လာတော့မယ်.. တပ်မှုးချုပ်ကျိုးယို လွတ်မြောက်လာတာနဲ့ ရွှယ်လင်တိုက်က သွေးဝိညာဥ်မျိုးနွယ်စုပါ ရှန်းဝူတိုက်ကြီးကို ရောက်လာလိမ့်မယ်.. မင်းတို့တွေ ငါတို့ကို ဘယ်လိုမှ တားဆီးနိုင်မှာမဟုတ်ဘူး.. သိပ်မကြာခင်မှာပဲ မင်းလည်း ငါ့နောက်ကို လိုက်လာရလိမ့်မယ်"
သွေးစုပ်ဧကရာဇ်သည် အစောပိုင်းတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးအဆီအနှစ်များကို စုစည်းကာ သွေးအလင်းဓားကို အသုံးပြုခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် သွေးစုပ်ဧကရာဇ်၌ စွမ်းအားအနည်းငယ်မျှပင် မကျန်ရှိတော့ပေ။
သို့ဖြစ်ရာ ကျန်းချန်၏ နယ်မြေလေးခု ထပ်ဆင့်စွမ်းအားကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါမည်နည်း။
သူက လုံးဝလခုခံမှုမပြုလုပ်ဘဲ သုံးရောင်ခြယ် အလင်းတန်းကို ဖျက်ဆီးခွင့် ပြုလိုက်သည်။
လေထုထဲတွင် သူ၏ လှောင်ရယ်သံသာလျှင် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့တော့သည်။
သွေးစုပ်ဧကရာဇ်၏ ပုံရိပ်ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း ကျန်းချန်၏ စိတ်သည် အနည်းငယ်လေးနက်သွားခဲ့သည်။
သွေးနတ်ဆိုး နန်းတော်သည် နှစ်ထောင်ပေါင်းများစွာ သိုသိုသိပ်သိပ် နေခဲ့ပြီး မည်သည့် ကြီးမားသော လှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့ပေ။
ဤတစ်ကြိမ် ရုတ်တရက် သွေးနတ်ဆိုးနန်းတော် ထွက်ပေါ်လာခြင်းသည် ကျိုးယိုနှင့် ပတ်သက်နေပုံရ၏။
ကြည့်ရသည်မှာ အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲရှိ ကျိုးယိုကို ဖိနှိပ်ထားသော အစီအရင်သည် အမှန်တကယ်ပင် ပျက်စီးတော့မည်ပုံ ရသည်။
"နန်းတော်သခင် အနိုင်ရပြီ"
ကျန်းချန်က နယ်မြေလေးခုကို ဆက်တိုက် ဆိုသလို ထုတ်ဖော်၍ သွေးစုပ်ဧကရာဇ်အား သတ်ဖြတ်လိုက်သည်ကိုမြင်လျှင် လူသားဧကရာဇ်နန်းတော်ရှိ ကျင့်ကြံသူများစွာ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
သွေးစုပ်ဧကရာဇ်သည် နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းကိုပင် နှစ်ကွက်တည်းဖြင့် အနိုင်ယူကာ ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်ကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သူ ဖြစ်သည်။
သူတို့ အလွန်အမင်း စိတ်ပျက်အားငယ်နေချိန်တွင် သူတို့နန်းတော်သခင် ကျန်းချန်သည် အဆုံးသတ်၌ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ၏ ပြိုင်ဘက်ကင်းဒဏ္ဍာရီကို ထပ်မံ ရေးထိုးခဲ့သည်။
ကျန်းချန်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ရှိ သွေးစုပ်ဧကရာဇ် ကဲ့သို့ ပြိုင်ဘက်ကင်း သွေးဧကရာဇ်တစ်ပါးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ဤတိုက်ပွဲပြီးနောက်တွင် လူသားဧကရာဇ် နန်းတော်သခင် ကျန်းချန်၏ နာမည်သည် ကျုံးကျိုးကုန်းမြေ တစ်ခုလုံးကို လှုပ်ခတ်သွားစေမည်မှာ သေချာသလောက်ပင်။
လူသားဧကရာဇ် နန်းတော်သည်လည်း ကျုံးကျိုးကုန်းမြေ၏ စစ်မှန်သော ထိပ်တန်းအင်အားစု ဖြစ်လာပေတော့မည်။
လျှို့ဝှက်နယ်မြေ ရှစ်ခုပင် ယခုအချိန်မှစ၍ သူတို့ကို ယှဥ်နိုင်ရန် မလွယ်ကူလောက်တော့ပေ။
"ဒီကောင်လေးက ဒီလောက်ထိတောင် အားကောင်းနေပြီလား"
လူသားဧကရာဇ် နန်းတော်၏ တစ်နေရာတွင် ရှိနေသော သွေးမြစ်သည် ကောင်းကင်ယံရှိ အခြေအနေကို ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
သွေးစုပ်ဧကရာဇ် ရောက်ရှိလာခြင်းသည် ကျန်းချန်၏ ထိန်းချုပ်မှုကနေ လွတ်မြောက်ရန် အခွင့်အရေးဖြစ်သောကြောင့် သွေးမြစ်သည် အလွန်အမင်း ပျော်ရွှင်ခဲ့သည်။
သို့သော်လည်း သူက ကျန်းချန်၏ သွေးနတ်ဆိုးဝိညာဥ်ဖောက်ခွဲဆေးလုံးဖြင့် ထိန်းချုပ်ခံထားရသောကြောင့် သွေးစုပ်ဧကရာဇ်ကို လူသားဧကရာဇ် နန်းတော်အား ဖျက်ဆီးခွင့်ပြုမည် မဟုတ်ပေ၊။
သို့မဟုတ်လျှင် ကျန်းချန် ပြန်ရောက်လာသည်နှင့် ဒေါသထွက်ပြီး သွေးနတ်ဆိုး ဝိညာဥ် ဖောက်ခွဲဆေးလုံးကို လှုံ့ဆော်လိုက်လျှင် သူ့အနေဖြင့် သေသွားနိုင်သည် မဟုတ်ပါလော။
သူ၏အစီအစဥ်မှာ သွေးစုပ်ဧကရာဇ်ကို လူသားဧကရာဇ်နန်းတော်အား ဖျက်ဆီးခြင်းကနေ တားဆီးရန် ရည်ရွယ်ပြီး လူသားဧကရာဇ်နန်းတော်မှ လူများကို ဦးစွာ ထိန်းချုပ်ကာ ထောင်ချောက်ထဲသို့ ကျန်းချန် ကိုယ်တိုင် သက်ဆင်းလာမည့်အချိန်ကို စောင့်ဆိုင်းရန် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် သွေးစုပ်ဧကရာဇ်က အမှောင်ထဲတွင် ပုန်းအောင်းနေပြီး ကျန်းချန်ကို တုံ့ပြန်ရန် အခွင့်အရေး တစ်စက်ကလေးမှ မပေးဘဲ ဓားချက်တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်နှင့် သူက အနှောင်အဖွဲ့ကနေ လုံးဝ လွတ်မြောက်သွားပေလိမ့်မည်။
သို့သော်လည်း သွေးမြစ်၏ အစီအစဥ် မစတင်ခင်မှာပင် ကျန်းချန်က ရုတ်တရက် ပြန်လည် ရောက်ရှိလာခဲ့ပြီး သွေးစုပ်ဧကရာဇ်ကို သတ်ပစ်လိုက်သည်။
ဤအချိန်တွင် သွေးမြစ်သည် စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်မိ၏။
ကံကောင်းထောက်မစွာဖြင့် သူ၏ အစီအစဥ်သည် အကောင်အထည် မဖော်ရသေးပေ။
သို့မဟုတ်လျှင် သူသည်လည်း သွေးစုပ်ဧကရာဇ်နှင့် အတူ တစ်ခါတည်း သေဆုံးသွားလောက်ပြီ ဖြစ်၏။
ထိုကောင်လေး၏ ကြီးထွားနှုန်းသည် ကောင်းကင်ကိုပင် အမှန်တကယ် ဆန့်ကျင်နေခဲ့သည်။
သူ ကျန်းချန်နှင့် စတင်တွေ့ဆုံစဥ်က ကျန်းချန်သည် သိုင်းသခင် နယ်ပယ်အဆင့်ရှိ သာမန်ကောင်လေး တစ်ယောက်သာ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။
နှစ်အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူသတ်ဖြတ်နိုင်သော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့၏။
ယခုအချိန်တွင် သွေးမြစ်သည် ကျန်းချန်ကို ဆန့်ကျင်မည့် သတ္တိများ လုံးဝကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
သူက ကျန်းချန်၏ ထိန်းချုပ်မှုကနေ တစ်သက်လုံး လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း ကောင်းစွာသိလိုက်သည်။
"အရှင်မင်းသား ပြန်ရောက်လာတာ တော်သေးတယ်.. မဟုတ်ရင်တော့ လူသားဧကရာဇ်နန်းတော် ဒီနေ့အခက်တွေ့မှာအသေအချာပဲ.. ဒီလိုဖြစ်ရတာ ဒီလက်အောက်ငယ်သား အသုံးမကျလို့ပါ"
ယဲ့ချန်ကျွင်းက မချိပြုံး ပြုံး၍ ပြောလိုက်သည်။
"သွေးစုပ်ဧကရာဇ်က သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးထဲက တစ်ပါးပဲ.. သူ့ရဲ့စွမ်းအားက အထွတ်အထိပ် အခြေအနေကို ပြန်လည် မရောက်ရှိသေးဘူးဆိုပေမဲ့ သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူတွေကို ကျော်လွန်နေခဲ့ပြီ.. မင်းက ဘယ်လိုလုပ်ပြီး သူ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
"အခု ကျုံးကျိုးကုန်းမြေရဲ့ အခြေအနေက ဘယ်လိုရှိလဲ"
"အခြေအနေက အရမ်းဆိုးတယ်.. ကျုံးကျိုးကုန်းမြေမှာ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲခြောက်ခု ပေါ်ထွက်လာခဲ့ပြီ ဌာနခွဲတစ်ခုစီရဲ့ ခွန်အားက ကျုံးကျိုးကုန်းမြေရဲ့ မြို့တော် ငါးခုထက် လုံးဝမနိမ့်ဘူး.. မြို့တော်ငါးခု အနေနဲ့ သွေးနတ်ဆိုးနန်းတော်ရဲ့ဌာနခွဲတွေကို ချေမှုန်းဖို့ နေနေသာသာ မြို့တော်ထဲမှာပဲ လိပ်လိုပုန်းအောင်းနေကြတယ်.. ကြယ်နှစ်ပွင့်နဲ့ကြယ်သုံးပွင့် အင်အားစု အများအပြားကလည်း သွေးနတ်ဆိုးနန်းတော်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ.. အခုအချိန်မှာ ကျုံးကျိုးကုန်းမြေ တစ်ခုလုံးက ရှုပ်ထွေးနေပြီး သတ်ဖြတ်မှုတွေက နေရာတိုင်းမှာ ဖြစ်ပေါ်နေတယ်"
ယဲ့ချန်ကျွင်းက စိတ်မသက်သာသော အမူအရာဖြင့် ပြောလိုက်သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဆိုလျှင် သူတို့ နိဗ္ဗာန်မြို့တော်၏ ဘိုးဘေး နိဗ္ဗာန်ဓားဧကရာဇ်သည် သွေးနတ်ဆိုး နန်းတော်ကို ဖိနှိပ်ခဲ့ပြီး ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်စေခဲ့သည်။
ယခု သူ့လက်ထက်သို့ ရောက်လာသောအခါတွင် နိဗ္ဗာန်မြို့တော်၏သခင် ဖြစ်သည့် သူသည် သွေးနတ်ဆိုးနန်းတော်၏ သွေးဧကရာဇ် တစ်ပါးကိုပင် မတိုက်ခိုက်နိုင်တော့ပေ။
သူ့အနေဖြင့် သွေးနတ်ဆိုး နန်းတော်က စိတ်ကြိုက် ထင်ရာစိုင်းနေသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
သို့ဖြစ်ရာ ယဲ့ချန်ကျွင်းတွင် သွေးနတ်ဆိုးနန်းတော်နှင့်ပတ်သက်၍ ခံစားချက်ကောင်းများ မည်ကဲ့သို့ ရှိနိုင်ပါအံ့နည်း။
"အရှင်မင်းသား သွေးနတ်ဆိုးနန်းတော်က အင်အားအရမ်းတောင့်တင်းလွန်းတယ်.. ကျွန်တော်တို့တွေ မြို့တော်ငါးခုနဲ့ ပူးပေါင်းပြီး သွေးနတ်ဆိုးနန်းတော်ကို ရင်ဆိုင်ရမယ်ထင်တယ်.. သွေးနတ်ဆိုးနန်းတော်ရဲ့ လုပ်ရပ်တွေကို ခွင့်ပြုထားမယ်ဆိုရင် ကျုံးကျိုးကုန်းမြေ တစ်ခုလုံး ဖျက်ဆီးခံရမှာ စိုးရိမ်မိတယ်"
ယဲ့ချန်ကျွင်း၏ မျက်နှာက တည်ကြည် လေးနက်နေခဲ့သည်။
"အဲဒီလောက် အထိ မလိုပါဘူး သွေးနတ်ဆိုးနန်းတော် ဌာနခွဲ တည်နေရာတွေ အားလုံးကိုသာ ငါ့ကို ပြောပြပါ.. မြို့တော်ငါးခုရဲ့ အကူအညီမရရင်လည်း ငါ့ဘာသာ ဖျက်ဆီးနိုင်ပါတယ်"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားသောအမူအရာဖြင့် ပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀)မှာ ကျုံးကျိုးကုန်းမြေရဲ့ အင်ပါယာတွေ အားလုံးက သွေးဝိညာဥ်မျိုးနွယ်စုနဲ့ တိုက်ခိုက်ပြီး ရှန်းဝူတိုက်ကြီးရဲ့ ထာဝရငြိမ်းချမ်းရေး အတွက် ကာကွယ်ပေးခဲ့တယ်.. ငါကျန်းချန်က အရည်အချင်း မရှိပေမဲ့လည်း သူတို့ရဲ့လမ်းစဥ်ကို လျှောက်လမ်းဖို့ ဆန္ဒရှိတယ်.. ကျုံးကျိုးကုန်းမြေရဲ့ အမှိုက်တွေ အားလုံးကို ငါရှင်းပစ်မယ်"
ထိုစကားကိုကြားလျှင် ယဲ့ချန်ကျွင်းသည် ချက်ချင်းပင် ဒူးတစ်ဖက် ထောက်၍ ပြောလိုက်သည်။
"ကျွန်တော် ယဲ့ချန်ကျွင်းက အရှင်မင်းသားနဲ့အတူ လိုက်ပါပြီး သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းဖို့ ဆန္ဒရှိပါတယ်"
"သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းဖို့ကိစ္စက ငါ့တာဝန်ပဲ ထားလိုက်ပါ"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မင်းကို ဒီကိစ္စထက် ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခု ခိုင်းစရာရှိသေးတယ်"
ထိုစကားကိုကြားလျှင် ယဲ့ချန်ကျွင်းသည် ခဏမျှ မှင်တက်သွားခဲ့ပြီးမှ လက်နှစ်ဖက်ကို ယှက်၍ ဂါဝရပြုကာ ပြောလိုက်သည်။
"အရှင်မင်းသား အမိန့်ပေးပါ"
"မြောက်ပိုင်းတောရိုင်းဒေသမှာ ရှိတဲ့ အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲမှာ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်.. မင်းက လူသားဧကရာဇ် နန်းတော်ကနေ အင်ပါယာမြှုပ်နှံခြင်းချောက်နက်ဆီကို တိုက်ရိုက်သွားနိုင်တဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို အမြန်ဆုံး တည်ဆောက်ရမယ်"
ကျန်းချန်က ထိုစကားကို ပြောနေရင်း ရှောင်တုလီကို လှမ်းကြည့်လိုက်သည်။
"ဆရာ.. ဆရာက မြောက်ပိုင်းတောရိုင်းဒေသရဲ့ အခြေအနေကို ပိုပြီး နားလည်ထားတာ ဆိုတော့ ဒီကိစ္စမှာ ဆရာပါ ဝင်ပြီး ကူညီပေးမှ ဖြစ်လိမ့်မယ်"
သူ့အမြင်တွင် သွေးနတ်ဆိုးနန်းတော် ပေါ်ထွက်လာခြင်းသည် ကျုံးကျိုးကုန်းမြေ အတွက် အသေးအဖွဲကိစ္စ တစ်ခုသာ ဖြစ်သည်။
လျှို့ဝှက်နယ်မြေရှစ်ခု၏ ခွန်အားဖြင့်ဆိုလျှင် ဆိတ်ငြိမ်နယ်မြေမှ ကိစ္စကို ဖြေရှင်းပြီးသည်နှင့် ၎င်းတို့ကို ဖိနှိပ်ရန် မခက်ခဲပေ။
ကျန်းချန် ယခုအခါတွင် စိုးရိမ်နေသည်မှာ အင်ပါယာမြှုပ်နှံခြင်းချောက်နက် ဖြစ်သည်။
နှစ်ပေါင်း(၁၀၀၀၀)ကာလ ပြည့်တော့မည် ဖြစ်၍ အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲရှိ အစီအရင်သည် မကြာမီတွင် ပျက်စီးတော့မည် ဖြစ်သည်။
ထိုအတွက် အင်ပါယာမြှုပ်နှံခြင်းချောက်၏ အခြေအနေကို အမြဲတစေ စောင့်ကြည့်ရန် လိုအပ်၏။
သွေးဝိညာဥ်မျိုးနွယ်စု၏ တပ်မှုးချုပ် ကျိုးယိုကို ဖိနှိပ်ထားသော ရွှမ်းဝူကောင်းကင်အစီအရင် ပျက်စီးသွားသည်နှင့် ရှန်းဝူတိုက်ကြီးနှင့် ရွှယ်လင်တိုက်တို့ အကြားရှိ လမ်းကြောင်းသည် လုံးဝ ပွင့်သွားမည်ဖြစ်ပြီး သွေးဝိညာဥ် မျိုးနွယ်စု၏ တပ်မှုးချုပ် ကျိုးယိုသည်လည်း လွတ်မြောက်လာမည်ဖြစ်သည်။
ထိုအချိန်က ကျုံးကျိုးကုန်းမြေ၏ ကပ်ဘေးအစ ဆိုလည်း မမှားပေ။
အခန်း(၁၃၅၉)ပြီး၏။