အခန်း (၁၃၆၃-၁၃၆၅)
Vol. 91 Ch. 1363-1365
အခန်း(၁၃၆၃)
ဒေါသတကြီး ကြုံးဝါးသံနှင့်အတူ ဆံပင်ရှည်များ လေထဲတွင် လွင့်ပျံနေသော သွေးရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ထွက်ပေါ်လာခဲ့သည်။
သူ့ရှေ့မှ သွေးရောင်ဝတ်စုံဝတ် လူငယ်ကို စူးစိုက်ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ့ရှေ့မှ သွေးရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်တရာအားကောင်းသော စွမ်းအင်များကို ထုတ်လွှတ်နေပြီး ၎င်း၏ခွန်အားသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေသည်မှာ ထင်ရှား၏။
သို့သော်လည်း ကျန်းချန်သည် ထိုသွေးရောင် ဝတ်စုံဝတ်လူငယ်၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်က တစ်သားတည်း ဖြစ်မနေဟု ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ဆိုရလျှင် ခန္ဓာကိုယ်နှင့် ဝိညာဥ်ကြားတွင် အသားမကျသည့် လက္ခာဏာများ အနည်းငယ် ရှိနေခဲ့၏။
သူ့ရှေ့မှ သွေးရောင်ဝတ်စုံဝတ် လူငယ်သည် သွေးနတ်ဆိုးနန်းတော်၏ ဝိညာဥ်ကနေ ပြန်လည် မွေးဖွားလာသော သွေးဧကရာဇ်တစ်ပါး ဖြစ်နိုင်ပေသည်။
"မင်းရဲ့အခြေအနေကို ကြည့်ရတာ မင်းက သိပ်မကြာခင်ကမှ ပြန်လည်မွေးဖွားလာတဲ့ပုံပဲ.. သွေးဧကရာဇ်ဆယ်ပါးထဲမှာ မင်းက ဘယ်သူလဲ"
ကျန်းချန်က မထီမဲ့မြင်အမူအရာဖြင့် သွေးရောင်ဝတ်စုံဝတ်လူငယ်ကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သွေးရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို သတ်ဖြတ်လိုသောအမူအရာဖြင့် စူးစိုက်ကြည့်ကာ ပြန်ဖြေလိုက်၏။
"ကောင်လေး မင်းကဘယ်ဆိုးလို့လဲ.. ဒီဧကရာဇ်က သွေးဧကရာဇ်ဆယ်ပါးထဲက အရိပ်မဲ့သွေးဧကရာဇ်ပဲ.. မင်းက ဒီဧကရာဇ်ရဲ့ နန်းတော်ကို ဖျက်ဆီးပြီး ဒီဧကရာဇ်ရဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ်.. ဒါ့အပြင် မင်းက ဒီဧကရာဇ် ကျင့်ကြံနေတာကိုလည်း အနှောင့်အယှက် ပေးခဲ့တယ်.. ဒါကြောင့် မင်းနဲ့ထိုက်တန်တဲ့ရလဒ်က သေခြင်းတရားက လွဲပြီး မရှိဘူး"
အရိပ်မဲ့ သွေးဧကရာဇ်သည် သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးထဲတွင် တတိယနေရာတွင်ရှိ၏။
သူက မကြာခင်ကမှ မွေးဖွားလာသူ ဖြစ်၍ ဝိညာဥ်နှင့်ခန္ဓာကိုယ်သည် လုံးဝ မပေါင်းစည်းသေးပေ။
ထို့ကြောင့် သွေးနတ်ဆိုးနန်းတော်၏ အခန်းတစ်ခုထဲတွင် တံခါးပိတ်ကာ ကျင့်ကြံနေခဲ့သည်။
နောက်ထပ် လဝက်ကြာ ကျင့်ကြံလိုက်လျှင် နောက်ဆုံးသောအဆင့်ကို ဖြတ်ကျော်နိုင်မည် ဖြစ်ပြီး ဝိညာဥ်နှင့်ခန္ဓာကိုယ်သည် တသားတည်း ဖြစ်သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ အရေးကြီးနေသော အချိန်မှာပင် သူရှိနေသော သွေးနတ်ဆိုးနန်းတော်ကို ထိုကောင်လေးက လာရောက် နှောင့်ယှက်လိမ့်မည်ဟု မည်သူ ကြိုသိနိုင်ပါမည်နည်း။
ဤကောင်လေးသည် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲကို ဖျက်ဆီးရုံသာမက တံခါးပိတ် ကျင့်ကြံနေသည့် သူ့ကိုလည်း မမျှော်လင့်ဘဲ နိုးထစေခဲ့သည်။
ရလဒ်အနေဖြင့် သူသည် ဝိညာဥ်နှင့် ခန္ဓာကိုယ် တသားတည်းဖြစ်ရန်အတွက် မူလက လဝက်မျှသာ လိုအပ်တော့သော်လည်း ဤကောင်လေးနှင့် တိုက်ပွဲအပြီးတွင် အနည်းဆုံး နှစ်အနည်းငယ်သို့မဟုတ် ဆယ်နှစ်ခန့် အချိန်ပေးရလိမ့်မည်ဖြစ်သည်။
အကယ်၍ မတော်တဆ ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပြီး ဝိညာဥ်နှင့်ခန္ဓာကိုယ် ပေါင်းစည်းမှု မအောင်မြင်ခဲ့လျှင် သူ၏ဝိညာဥ်သည် ဤကမ္ဘာကနေ ထာဝရ ပျောက်ကွယ်သွားရပေလိမ့်မည်။
ဆိုရလျှင် ကျန်းချန်၏ ဤတစ်ခေါက် ရုတ်တရက် ထွက်ပေါ်လာမှုသည် ပြန်လည်မွေးဖွားခြင်း နည်းစနစ်ဖြင့် မွေးဖွားလာသည့်သူ့ကို လုံးဝ ဖျက်ဆီးလုနီးပါး ဖြစ်စေခဲ့သည်။
သို့ဖြစ်ရာ အရိပ်မဲ့ သွေးဧကရာဇ် အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
ကျန်းချန်ကို ကြုံးဝါးလိုက်ပြီးနောက်တွင် အရိပ်မဲ့သွေးဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် ပေရာပေါင်းများစွာ မြင့်မားသည့် သွေးရောင် ဧရာမလူကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် သွေးရောင် ဧရာမလူကြီးသည် အောက်ဘက်ရှိ ကျန်းချန်ကို သွေးဆာနေသော အမူအရာဖြင့် စူးစိုက်ကြည့်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သွေးရောင် ဧရာမလူကြီး၏ မျက်စိကနေ လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်တစ်ခုသည် ဒီရေလှိုင်းကဲ့သို့ ကျန်းချန်ဆီ သက်ရောက်လာခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်သည် အသိစိတ်ကို ဆုံးရှုံးစေပြီး ဝိညာဥ်ကို မျိုချနိုင်သော စွမ်းရည်များ ရှိ၏။
သာမန် နတ်သန္ဓေအင်ပါယာတစ်ပါးပင် လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်အောက်တွင် မျက်တောင်တစ်ခတ် အတွင်း လုံးဝ ဖျက်ဆီးခံရလိမ့်မည် ဖြစ်သည်။
"သိပ်ကို အားကောင်းလိုက်တဲ့ ဝိညာဥ်ဝါးမျို သွေးနည်းစနစ်ပါလား.. သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ဆိုရင်တော့ မင်းရဲ့ ဒီလှည့်ကွက်အောက်မှာ ကျဆုံးသွားမှာ သေချာသလောက်ပဲ.. ဒါပေမဲ့ ငါနဲ့ တွေ့ဆုံခဲ့တာက မင်းအတွက် ဝမ်းနည်းစရာပဲ.. ဒီလှည့်ကွက်လောက်က ငါ့ကိုဖိနှိပ်ဖို့ အသုံးဝင်မှာ မဟုတ်ဘူး"
ကျန်းချန်က မထီမဲ့မြင် ရယ်မောလိုက်ပြီး လက်ဟန်များကို ပြုလုပ်လိုက်ရာ ချက်ချင်းဆိုသလို သူ၏ လက်ထဲတွင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်က ထွက်ပေါ်လာခဲ့သည်။
ချက်ချင်း ဆိုသလိုပင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဧရာ မအနက်ရောင် တောင်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မြေပြင်ပေါ်သို့ သက်ဆင်းလာသည့် ဥက္ကာခဲကဲ့သို့ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် အရိပ်မဲ့ သွေးဧကရာဇ်ကို ဖိနှိပ်ရန် ရွေ့လျားသွားခဲ့သည်။
ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ စွမ်းအားနှင့် ရင်ဆိုင်ရလျှင် အရိပ်မဲ့ သွေးဧကရာဇ်၏ မျက်ဝန်းကနေ ထုတ်လွှတ်လိုက်သော သွေးစွမ်းအားများသည် ချက်ချင်းပင် အချည်းနှီး ဖြစ်သွားခဲ့ကြသည်။
"ဝုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာပြီးနောက်တွင် အရိပ်မဲ့သွေးဧကရာဇ်၏ ပုံရိပ်သည် ချက်ချင်းပင်ကြုံ့ဝင်သွားခဲ့ပြီး သာမန် လူတစ်ယောက် အရွယ်အစား အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။
"မင်း.. မင်းက ငါ့ရဲ့ဝိညာဥ်ကို ဝါးမျို သွေးနည်းစနစ်ကို ဘယ်လိုလုပ်ပြီး ဖြေရှင်းနိုင်ရတာလဲ"
အရိပ်မဲ့သွေးဧကရာဇ်သည် ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။
သူ၏မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များပင် ရှိနေခဲ့၏။
သူ တတ်မြောက်ထားသည့် ဝိညာဥ်ဝါးမျို သွေးနည်းစနစ်သည် ရွှယ်လင်တိုက်၏ သွေးဝိညာဥ် မျိုးနွယ်စုကနေ ဆင်းသက်လာခြင်း ဖြစ်ပြီး သွေးဝိညာဥ်မျိုးနွယ်စု၏ အဆင့်မြင့် လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။
တစ်ချိန်က ထိုနည်းစနစ်ကြောင့်ပင် သူသည် ရှန်းဝူတိုက်ကြီးတွင် ပြိုင်ဘက်ကင်းခဲ့သည်။
နှစ်ထောင်ပေါင်းများစွာ အကြာတွင် ရှန်းဝူတိုက်မှ အသက် (၂၀)ပင် မပြည့်သေးသော ဆံပင်ရှည်ရှည်နှင့် ကောင်လေးတစ်ယောက်သည် သူ၏ ဝိညာဥ်ဝါးမျို သွေးနည်းစနစ်ကို ဤမျှအထိ အလွယ်တကူ ချိုးဖျက်နိုင်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
"ဒါက သာမန် နည်းစနစ်လေးတစ်ခုပါပဲ.. ငါ့အတွက်တော့ ဘာမှစာဖွဲ့လောက်စရာမဟုတ်ဘူး"
ကျန်းချန်က မထီမဲ့မြင်ပြုံးကာ ရေရွတ်လိုက်ပြီးနောက်တွင် အရိပ်မဲ့ သွေးဧကရာဇ်ကို လက်ညှိုးသုံးချောင်း ထောင်ပြကာ အလေးအနက် ပြောလိုက်သည်။
"မင်းက ငါ့အတွက် စတုတ္ထမြောက်ပဲ"
ထိုစကားကို ကြားလျှင် အရိပ်မဲ့သွေးဧကရာဇ်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
"ကောင်လေး မင်းစကားက ဘာအဓိပ္ပါယ်လဲ"
"ငါက ပြန်လည်မွေးဖွားခြင်း မပြုလုပ်ရသေးတဲ့ သွေးမြစ်ကိုနှိမ်နင်းခဲ့တယ်.. ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းမှာ သွေးသောက်ဓားဧကရာဇ်ကို သတ်ဖြတ်ခဲ့တယ်.. မကြာသေးခင်ကလည်း သွေးစုပ်ဧကရာဇ်က ငါ့လက်ထဲမှာ ကျဆုံးသွားခဲ့တယ်"
ကျန်းချန်က ထိုစကားကို ပြောပြီးနောက်တွင် အရိပ်မဲ့သွေးဧကရာဇ်ကို ပြုံးပြ၍ ပြောလိုက်သည်။
"ဂုဏ်ပြုပါတယ်.. မင်းက ငါ့လက်ထဲမှာ ကျဆုံးခဲ့တဲ့ သွေးဧကရာဇ်ဆယ်ပါးထဲက စတုတ္ထမြောက်ကျင့်ကြံသူ ဖြစ်လာတော့မယ်"
"မင်း.."
ကျန်းချန်၏ စကားကိုကြားလျှင် အရိပ်မဲ့ သွေးဧကရာဇ်သည် ခြေဖျားလက်ဖျားများပင် အေးစက်သွားခဲ့သည်။
သူက လုံးဝ တွေဝေခြင်းမရှိဘဲ သွေးနီရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ထိတ်လန့်တကြား ထွက်ပြေးလိုက်သည်။
သွေးသောက်ဓားဧကရာဇ်နှင့် သွေးစုပ်ဧကရာဇ်တို့သည် ဝိညာဥ်နှင့် ခန္ဓာကိုယ်များကို လုံးဝ ပေါင်းစည်းပြီး ပြန်လည်မွေးဖွားလာခဲ့ကြသည့် သွေးဧကရာဇ်ဆယ်ပါးထဲမှ သွေးဧကရာဇ်များဖြစ်ကြသည်။
အထူးသဖြင့် သွေးစုပ်ဧကရာဇ်သည် သူနှင့် နှိုင်းယှဥ်လျှင်ပင် တိုက်ပွဲဝင်စွမ်းရည်တွင် သူ့ထက် အနည်းငယ်မျှ နိမ့်ကျခြင်းမရှိပေ။
သွေးစုပ်ဧကရာဇ်ပင် ဤကောင်လေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဆိုလျှင် သူ့အနေဖြင့် ဤကောင်လေးကို ရင်ဆိုင်နေသည်က သေခြင်းတရားကို ရှာဖွေနေသည်နှင့် အတူတူပင် မဟုတ်ပါလား။
"ငါ့လက်ထဲကနေ ထွက်ပြေးလို့ လွတ်မယ်များ ထင်နေလား"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
ထို့နောက်တွင် အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိနေသည့် အချိန်နယ်မြေနှင့် အဆင့်မြင့် နယ်မြေအဆင့်ကို ရောက်ရှိနေသည့် ဓားနယ်မြေကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အစောပိုင်းက ထွက်ပြေးသွားသည့် အရိပ်မဲ့သွေးဧကရာဇ်၏ ပုံရိပ်သည် အလွန်တရာလျင်မြန်စွာ ပြေးလွှားရာကနေ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အချိန်နယ်မြေ၏ ဥပဒေသက အရိပ်မဲ့ သွေးဧကရာဇ်ကိုမျက်တောင်တစ်ခတ်စာ ချုပ်နှောင်နိုင်ခဲ့သော်လည်း တောက်ပသော ဓားအလင်းသည် ထိုအချိန်လေး အတွင်းမှာပင် လေထုထဲကနေ ရုတ်တရက် သက်ဆင်းလာခဲ့သည်။
"အား.."
အရိပ်မဲ့ သွေးဧကရာဇ်ထံကနေ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုဓားချက်အောက်တွင် ပျက်စီးသွားခဲ့သည်။
"ကောင်လေး.. မင်းငါ့ကို အတင်းအကျပ်ဖိအားပေးမှတော့ ဒီဧကရာဇ် သေဆုံးခဲ့ရင်တောင် မင်းကို သေရွာဆီ အပါ ခေါ်သွားမယ်"
ပျက်စီးသွားသော ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည့် အရိပ်မဲ့ သွေးဧကရာဇ်၏ ဝိညာဥ်ပုံရိပ်သည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ဝိညာဥ်ခန္ဓာကိုယ်သည် ပူဖောင်းတစ်ခုလို ဖောင်းကားလာခဲ့ပြီး ကျန်းချန်ဆီသို့ တန်းတန်းမတ်မတ်ပင် ပြေးဝင်သွားခဲ့သည်။
"ဝိညာဥ် ငြိမ်းသတ်ခြင်း စည်းတံဆိပ်"
ကျန်းချန်က ချက်ချင်းဆိုသလို ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ အရိပ်မဲ့သွေးဧကရာဇ်၏ ဝိညာဥ်ကိုဖိနှိပ်လိုက်သည်။
ထို့နောက်တွင် အရိပ်မဲ့သွေးဧကရာဇ်၏ ဝိညာဥ်သည် ပေါက်ကွဲဖို့ အချိန်မရသေးခင်မှာပင် ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်၏ ဖိနှိပ်မှုအောက်တွင် လေထုထဲ၌ လုံးဝ ပျက်စီးသွားခဲ့သည်။
အရိပ်မဲ့ သွေးဧကရာဇ်ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် လျှပ်တစ်ပြက်အတွင်း လေထုထဲသို့ တိုးဝင် ပျောက်ကွယ်ကာ သွေးနတ်ဆိုးနန်းတော်၏ နောက်ထပ် ဌာနခွဲတစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။
ကျန်းချန် ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် တိုက်ပွဲ၏ ဆွဲဆောင်မှုကြောင့် ထိုနေရာသို့ ရောက်ရှိလာခဲ့ကြသည့် ကျင့်ကြံသူအချို့သည် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲက ဖျက်ဆီးခံလိုက်ရသည်ကို တွေ့ရှိသွားခဲ့ကြသည်။
မကြာခင်မှာပင် ကျန်းချန်က အရိပ်မဲ့ သွေးဧကရာဇ်ကို သတ်ဖြတ်ပြီး သွေးနတ်ဆိုးနန်းတော်၏ တတိယမြောက် ဌာနခွဲကို ဖျက်ဆီးလိုက်သောသတင်းသည် ကျုံးကျိုးကုန်းမြေတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။
"လူသားဧကရာဇ် နန်းတော်သခင် ကျန်းချန်က တစ်ကိုယ်တော်စွမ်းရည်နဲ့ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲတွေကို အပြတ်အသတ် ချေမှုန်းခဲ့တယ်"
ထိုသတင်းကိုကြားလျှင် လူတိုင်းသည် အံ့သြ တုန်လှုပ်သွားခဲ့ကြသည်။
သန်မာသော လူငယ်ပါရမီရှင် အချို့ပင် စိတ်လှုပ်ရှားနေခဲ့ကြ၏။
သူတို့၏ ခန္ဓာကိုယ်ထဲတွင် တိုက်ပွဲဝင်စိတ်ဓာတ်များ နိုးကြားလာခဲ့၏။
အခန်း(၁၃၆၃)ပြီး၏။
အခန်း(၁၃၆၄)
ကြယ်မြို့တော်သည် ကြယ်သုံးပွင့် အထွတ်အထိပ် အင်အားစု ဖြစ်သည့် ကောင်းကင်ကြယ်ဂိုဏ်းကနေ တည်ထောင်ထားသော မြို့ကြီးတစ်မြို့ ဖြစ်သည်။
ကောင်းကင်ကြယ်ဂိုဏ်းသည် ကျုံးကျိုးကုန်းမြေတွင် ထိပ်တန်း ကြယ်သုံးပွင့်အင်အားစု အဖြစ် ကျော်ကြား၏။
လူသားဧကရာဇ်နန်းတော်ကို ကျန်းချန် မတည်ထောင်မီတွင် ကောင်းကင်ကြယ်ဂိုဏ်းသည် မြို့တော်ငါးခု၏ အောက်တွင် အင်အားအကြီးမားဆုံး ကြယ်သုံးပွင့်အင်အားစု အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။
လက်ရှိတွင် မြို့တော်ငါးခုသည် ၎င်းတို့၏ ပိုင်နက်ထဲတွင်သာ လိပ်လိုခေါင်းဝှက်၍ ရှိနေခဲ့ကြပြီး သွေးနတ်ဆိုးနန်းတော်က ကျုံးကျိုးကုန်းမြေ တစ်လျှောက် စိတ်ထင်ရာစိုင်းနေသည်ကို လျစ်လျူရှုထားခဲ့ကြသည်။
ထိုကြောင့် ကျုံးကျိုးကုန်းမြေမှ ကျင့်ကြံသူ အများအပြားသည် ကြယ်မြို့တော်သို့ ထွက်ပြေးလာကြပြီး ကောင်းကင်ကြယ်ဂိုဏ်း၏ အကာအကွယ်အောက်ကို ခိုလှုံလာခဲ့ကြသည်။
မကြာသေးခင်က လူသားဧကရာဇ် နန်းတော်သခင် ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော်ကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့ပြီး သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲများကို ဖျက်ဆီးခဲ့သောသတင်းသည် ကြယ်မြို့တော်တွင်လည်း ပျံ့နှံ့ခဲ့သည်။
ထိုသတင်းသည် ကြယ်မြို့တော်အတွင်းရှိ လူငယ်ကျင့်ကြံသူများကို တိုက်ပွဲဝင်လိုစိတ်များ လှုံ့ဆော်စေခဲ့သည်။
ကြယ်မြို့တော်ရှိ စိတ်အားထက်သန်သော လူငယ်တစ်ဦးသည် လူအုပ်ကြားတွင် ရပ်လျက် ကြွေးကြော်လိုက်သည်။
"အားလုံးပဲ.. လူသားဧကရာဇ် နန်းတော်သခင် ကျန်းချန်က အခုအချိန်မှာ သွေးနတ်ဆိုးနန်းတော်ကို တစ်ကိုယ်တော်နှိမ်နင်းနေတယ်.. ငါ့ရဲ့အင်အားက နိမ့်ကျပေမဲ့လည်း အနည်းအကျဥ်းတော့ အထောက်အပံ့ ပေးနိုင်မယ်လို့ ယုံကြည်တယ်.. နန်းတော်သခင် ကျန်းချန်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါပြီး သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းမယ်ဆိုရင် မင်းတို့ထဲက ဘယ်သူတွေ ပါဝင်ဖို့ ဆန္ဒရှိကြလဲ"
သူ၏ စိတ်အားထက်သန်သော စကားများသည် ပတ်ဝန်းကျင်ရှိ လူအများအပြားကို ဆွဲဆောင်သွားခဲ့သည်။
လူငယ်တစ်ဦးက ရှေ့သို့ တက်လာကာ ပြောလိုက်သည်။
"ဒီညီနောင်ပြောတာ မှန်တယ်.. သွေးနတ်ဆိုးနန်းတော်ကို မဖယ်ရှားရင် ကျုံးကျိုးကုန်းမြေက ကြီးမားတဲ့ ပြဿနာတွေကို ခံစားရလိမ့်မယ်.. ငါတို့တွေအားလုံး နန်းတော်သခင် ကျန်းချန်ကို ကူညီကြစို့"
ထိုစကားကိုကြားလျှင် ရဲရင့်သော အမျိုးသား တစ်ဦးသည် ရယ်မော၍ ပြောလိုက်သည်။
"ဟားဟား.. ဒီကိစ္စအတွက်ဆိုရင် ငါ့ကိုလည်း ထည့်တွက်လိုက်.. နန်းတော်သခင်ကျန်းလို သူရဲကောင်းနောက်ကို လိုက်ပြီး သွေးနတ်ဆိုးနန်းတော်ကို တိုက်ခိုက်ခွင့်ရတာက သေဆုံးရရင်တောင် ဂုဏ်ယူစရာပဲ"
လူအုပ်ကြီးကြားတွင် စိတ်လှုပ်ရှားမှုများ ကူးစက်သွားခဲ့ပြီး လူငယ် ကျင့်ကြံသူများစွာ၏ နှလုံးသားထဲတွင် တိုက်ပွဲဝင်လိုသည့် ပြင်းပြသောဆန္ဒများ တောက်လောင်လာခဲ့သည်။
ထို့နောက်တွင် လူငယ် ကျင့်ကြံသူများသည် အင်အားတစ်ခုကို အလျင်အမြန် ဖွဲ့စည်းလိုက်ပြီး ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ကြယ်မြို့တော်ထဲကနေ ထွက်ခွာသွားခဲ့ကြသည်။
ထိုအထဲတွင် သာမန်နောက်ခံသာ ရှိသော ကျင့်ကြံသူများသာမက ကြယ်နှစ်ပွင့်နှင့် ကြယ်သုံးပွင့် အင်အားစုများမှ လူငယ်ပါရမီရှင်များလည်း ပါဝင်၏။
သူတို့က သူတို့၏ အကြီးအကဲများ၏ ဆန္ဒများကို တိုက်ရိုက် ဆန့်ကျင်ကာ သွေးနတ်ဆိုးနန်းတော်ကို ဆန့်ကျင့်မည့် အဖွဲ့တွင် တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။
ထို့အပြင် အင်အားစုကြီးသည် ကြယ်မြို့တော် တစ်ခုတည်းတွင်သာ ကန့်သတ်မထားဘဲ ကျုံးကျိုးကုန်းမြေရှိ အခြားသောမြို့ပေါင်းများစွာမှ ကျင့်ကြံသူများကိုလည်း ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
ကျုံးကျိုးကုန်းမြေရှိ ကျင့်ကြံသူ အားလုံးကလည်း သွေးနတ်ဆိုးနန်းတော်ကို ဆန့်ကျင်မည့် အဖွဲ့အစည်းတွင် ပါဝင်ခဲ့ကြသည်။
ကျုံးကျိုးကုန်းမြေမှ ကျင့်ကြံသူများသည် ရဲစွမ်းသတ္တိအရာတွင် ချို့တဲ့ခြင်း မရှိခဲ့ကြပေ။
၎င်းတို့ လိုအပ်နေသည်မှာ ၎င်းတို့ကို ဦးဆောင်ကာ သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းမည့် ခေါင်းဆောင်တစ်ဦးသာဖြစ်သည်။
ဤအချိန်တွင် ကျန်းချန်က ရှေ့ထွက်လာခဲ့ရာ ၎င်းတို့၏ စိတ်အားထက်သန်မှုသည် ပေါက်ကွဲထွက်လာခဲ့ပြီး အင်အားကြီးမားသော ဆန့်ကျင်ရေး လှိုင်းလုံးကြီးကို ဖြစ်ပေါ်စေခဲ့သည်။
ကျုံးကျိုးကုန်းမြေရှိ မြို့တော်ငါးမြို့ အနက်မှ တစ်မြို့ဖြစ်သော ယန်ဒီမြို့တွင် ရှောင်ပိုင်ရီနှင့် ယန်ဒီမြို့မှ တပည့်များသည် ကျန်းချန်က သွေးနတ်ဆိုးနန်းတော်ကို တစ်ကိုယ်တော် ရင်ဆိုင်နေပြီး ကျုံးကျိုးကုန်းမြေတစ်လျှောက်ရှိ ကျင့်ကြံသူများစွာ၏ ကောင်းမွန်သော တုံ့ပြန်မှုများကို ရရှိနေကြောင်း သိရှိရသောအခါတွင် ထိုကျင့်ကြံသူများနှင့် အလားတူပင် စိတ်အားထက်သန်နေခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် ရှောင်ပိုင်ရီသည် ယန်ဒီမြို့တော်မှတပည့်များကို အလျင်အမြန် စုစည်းကာ ယန်ဒီမြို့မှ ထွက်ခွာ၍ ကျန်းချန်၏ နောက်ကို လိုက်ပါကာ သွေးနတ်ဆိုးနန်းတော်ကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။
သို့သော်လည်း ရှောင်ပိုင်ရီ၏ လုပ်ရပ်များသည် ထင်သာမြင်သာ ရှိလွန်းသဖြင့် ယန်ဒီမြို့၏ဘိုးဘေး ရှောင်ယန်ဝူ၏ အာရုံစူးစိုက်မှုကို ခံခဲ့ရသည်။
"ရှောင်ပိုင်ရီ မင်းဒါဘာလုပ်တာလဲ"
ရှောင်ယန်ဝူက ဒေါသတကြီး အော်ငေါက်လိုက်သည်။
ရှောင်ပိုင်ရီက ယန်ဒီမြို့မှ ထက်မြက်သော ပါရမီရှင် သုံးပုံတစ်ပုံကို ဦးဆောင်ကာ ထွက်သွားတော့မည်ကို မြင်လျှင် သူကအလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
ရှောင်ပိုင်ရီက တလေးတစားပင် ပြန်လည် ဖြေကြားလိုက်သည်။
"ဘိုးဘေး.. ညီနောင် ကျန်းချန်က သွေးနတ်ဆိုးနန်းတော်ကို တစ်ကိုယ်တော် နှိမ်နင်းနေတယ်.. အခုအချိန်မှာ ကျုံးကျိုးကုန်းမြေမှာရှိတဲ့ ကျင့်ကြံသူတွေကလည်း သူ့ရဲ့ ရည်ရွယ်ချက်ကို ထောက်ခံနေကြပြီ.. ယန်ဒီမြို့ရဲ့ တပည့်တွေအနေနဲ့ ကျွန်တော်တို့လည်း သူ့ရဲ့ဦးဆောင်မှုအောက်မှာ ပါဝင်သင့်တယ်"
"အဓိပ္ပါယ်မရှိလိုက်တာ.. ငါ့ရဲ့အမိန့်မပါဘဲ ဘယ်သူမှ မလှုပ်ရှားရဘူး"
ရှောင်ယန်ဝူက ကန့်ကွက်သော လေသံဖြင့် အော်ငေါက်လိုက်သည်။
"ဒီနေ့ ယန်ဒီမြို့ကနေ ခြေတစ်လှမ်း ထွက်သွားရဲရင် ဘယ်သောအခါမှ ပြန်လာဖို့ မစဥ်းစားနဲ့တော့"
ရှောင်ယန်ဝူ၏ စကားကိုကြားလျှင် ရှောင်ပိုင်ရီသည် မဲ့ပြုံးပြုံး၍ တုံ့ပြန် ပြောဆိုလိုက်သည်။
"ဘိုးဘေး.. အခုအချိန်မှာ သွေးနတ်ဆိုးနန်းတော်က ကျုံးကျိုးကုန်းမြေကို ဖျက်ဆီးနေခဲ့ပြီ.. ယန်ဒီမြို့က မြို့တော်ငါးမြို့ထဲက တစ်မြို့ ဖြစ်ပေမဲ့ အခွံထဲမှာ ပုန်းအောင်းနေတဲ့ လိပ်လိုဖြစ်နေတယ်.. ဒီလို ယန်ဒီမြို့အတွက် ဆိုရင်တော့ ကျွန်တော် ပြန်မလာရလို့လည်း ဘာမှ အရေးမကြီးဘူး"
ထိုစကားကို ပြောပြီးနောက်တွင် ရှောင်ပိုင်ရီသည် ရှောင်ယန်ဝူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ သူ၏အဖွဲ့ကို ဦးဆောင်ပြီး ယန်ဒီမြို့၏ အပြင်ဘက်သို့ ထွက်ရန် ပြင်လိုက်သည်။
သူ၏ သဘောထားကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်လိုက်သော ရှောင်ပိုင်ရီကို မြင်လျှင် ရှောင်ယန်ဝူ၏ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရှောင်ပိုင်ရီကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်ရန် ပြင်ဆင်လိုက်၏။
"ဘိုးဘေး ရပ်လိုက်ပါ.. အကယ်၍ ဒီလက်ဝါးရိုက်ချက်နဲ့ ကျန်းချန်ကို ထပ်ပြီး ဒေါသထွက်စေမယ်ဆိုရင် ယန်ဒီမြို့ရဲ့ နှစ်ထောင်သောင်းချီတဲ့ အမွေအနှစ်တွေက တကယ်ပဲ ပျက်စီးသွားနိုင်တယ်"
ထိုအချိန်မှာပင် ရှောင်ထျန်းဟန်၏ ပုံရိပ်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရှောင်ယန်ဝူကို ဖျောင်းဖျလိုက်သည်။
ရှောင်ယန်ဝူက ခဏမျှ တွေဝေသွားပြီးနောက်တွင် အဆုံးသတ်၌ မည်သည့် တားဆီးမှုမှ မပြုလုပ်တော့ဘဲ ရှောင်ပိုင်ရီတို့ အဖွဲ့ကို ထွက်သွားရန် ခွင့်ပြုလိုက်သည်။
"ဘိုးဘေး.. ဘိုးဘေးက အမြဲတစေ တည်ငြိမ်မှုကို ဦးစားပေးပြီး ယန်ဒီမြို့ရဲ့ ခွန်အားကို ထိန်းသိမ်းလိုတာ ကျွန်တော်နားလည်ပါတယ်"
ရှောင်ထျန်းဟန်က လေးနက်စွာ ပြောကြားလိုက်၏။
"ဒါပေမဲ့ သွေးနတ်ဆိုးနန်းတော်ကို မနှိမ်နင်းနိုင်ရင် နောက်ဆုံးရလဒ်က ယန်ဒီမြို့ကိုလည်း ပျက်စီးစေလိမ့်မယ်"
ထိုစကားကို ပြောဆိုပြီးနောက်တွင် ရှောင်ထျန်းဟန်သည် ဆက်လက်၍ ပြောကြားလိုက်သည်။
"အခု ကျန်းချန်က သွေးနတ်ဆိုးနန်းတော်ရဲ့ အဓိကဌာနခွဲ သုံးခုကို တစ်ကိုယ်တော် ဖျက်ဆီးလိုက်ပြီ.. ဒီအချိန်က အဖက်ဖက်က ယိုယွင်းနေတဲ့ သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းဖို့အကောင်းဆုံးအခြေအနေပဲ.. ဘိုးဘေးက ဘာကို တွေဝေနေတာလဲ"
"ငါက လျှို့ဝှက်နယ်မြေရှစ်ခုရဲ့ သတင်းကို စောင့်နေတာပါ.. ကျန်းချန်နဲ့ ဟောင်ထျန်းသူတော်စင် နယ်မြေတို့ရဲ့ ဆက်ဆံရေးက ကောင်းတာမဟုတ်ဘူး.. ငါတို့ယန်ဒီမြို့က ကျန်းချန်နဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေး ရှိလို့ မဖြစ်ဘူး"
"ဒီလိုအချိန်မှာ ဘိုးဘေးက ဒီလိုမျိုး တွေးနေတာလား.. ဘိုးဘေးမှာ ဒီလို စိုးရိမ်ပူပန်မှုမျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မထင်ခဲ့မိဘူး"
ရှောင်ထျန်းဟန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် စိတ်ပျက်သော အရိပ်အယောင်များ ဖျတ်ခနဲ လက်သွားခဲ့၏။
"တစ်ချိန်က ကျန်းချန်ကို ဘိုးဘေးကြီး မှားယွင်းစွာ ဆုံးဖြတ်ခဲ့တယ်.. အခုအချိန်ထိလည်း ဘိုးဘေးက ကျန်းချန် ဘယ်လောက်ထိ ကြောက်မက်ဖွယ်ကောင်းလဲ ဆိုတာကို နားမလည်သေးဘူး.. ဟောင်ထျန်း သူတော်စင်နယ်မြေ ဖြစ်တော့ရော ဘာဖြစ်လဲ.. အခုအချိန်မှာ ကျန်းချန်ရဲ့ အင်အားက ဟောင်ထျန်း သူတော်စင်နယ်မြေထက် ကျော်လွန်သွားခဲ့ပြီ"
ရှောင်ထျန်းဟန်က စိတ်ပျက်လက်ပျက် ရေရွတ်ကာ သူ၏ စကားကို နိဂုံးချုပ်လိုက်သည်။
ရှောင်ယန်ဝူသည် အမြဲတစေ ယန်ဒီမြို့ကို ဦးစားပေးခဲ့သော်လည်း ၎င်း၏ အမြင်ကမူ ကျဥ်းမြောင်းလွန်းသည်။
မူလက ယန်ဒီမြို့သည် ကျန်းချန်ကို ပိုင်ဆိုင်ထား၍ တိုးတက်ရန် ကောင်းမွန်သော အခွင့်အရေး ရှိခဲ့သော်လည်း ရှောင်ယန်ဝူ၏ ရှေးရိုးစွဲ အတွေးအခေါ်သည် အရာအားလုံးကို ပျက်စီးစေခဲ့သည်။
ကျုံးကျိုးကုန်းမြေတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မသိရှိသော ကျန်းချန်သည် ယဲ့ချန်ကျွင်း ပေးအပ်ထားသော သတင်းအချက်အလက်များ အတိုင်း သွေးနတ်ဆိုးနန်းတော်၏ စတုတ္ထမြောက် ဌာနခွဲ ဆီသို့ ဆက်လက် ချီတက်ခဲ့သည်။
သို့သော်လည်း သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲသို့ ရောက်ရှိသောအခါ လုံးဝ တိတ်ဆိတ်နေသည်ကို သူတွေ့ရှိခဲ့၏။
ကျန်းချန်က သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲသုံးခုကို ဆက်တိုက်ဆိုသလို ဖျက်ဆီးပစ်လိုက်သော သတင်းသည် ကျုံးကျိုးကုန်းမြေ တစ်လျှောက် ပျံ့နှံ့ရုံသာမက သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲများကိုလည်း တုန်လှုပ်စေခဲ့သည်။
ထို့ကြောင့် ဤဌာနခွဲမှ လူများသည် ထိုသတင်းကို ရရှိပြီး သူ မလာခင် ထွက်ခွာသွားခဲ့သည်မှာ ထင်ရှားနေ၏။
သူက သွေးနတ်ဆိုးနန်းတော်၏ စတုထ္ထမြောက် ဌာနခွဲကနေ ထွက်ခွာပြီး ပဉ္စမမြောက် ဌာနခွဲဆီသို့ ဆက်လက်သွားရန် ရည်ရွယ်နေစဥ်မှာပင် သူ၏နောက်ကို လိုက်လာကြသော လူအုပ်စုကြီးနှင့် တွေ့ဆုံခဲ့သည်။
"နန်းတော်သခင်ကျန်း.. ကျွန်တော်တို့က နန်းတော်သခင်ကျန်းရဲ့ ဦးဆောင်မှု နောက်ကို လိုက်ပါပြီး သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းဖို့ ဆန္ဒရှိပါတယ်"
ထောင်ပေါင်းများစွာသော ကျင့်ကြံသူများသည် ကျန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ အော်ဟစ်လိုက်ကြသည်။
၎င်းတို့၏ အသံများသည် မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်မှာ ကောင်းကင်ကိုပင် ပဲ့တင်ထပ်သွားခဲ့ပြီး အရပ်လေးမျက်နှာသို့ပင် ပျံ့နှံ့သွားခဲ့သည်။
ကျန်းချန်က ပြုံးရွှင်စွာ ပြန်ပြောလိုက်သည်။
"မင်းတို့ရဲ့ စိတ်ဓာတ်က ချီးကျူးစရာပဲ.. အခု သွေးနတ်ဆိုးနန်းတော်ရဲ့ အဓိကဌာနခွဲ သုံးခုကို ဖျက်ဆီးပြီးပြီ.. ကျန်ရှိတဲ့ သွေးနတ်ဆိုးနန်းတော်ရဲ့ အင်အားစုတွေက ပုန်းအောင်နေပုံပဲ.. လောလောဆယ်တော့ သူတို့တွေ ထင်ရာစိုင်းဦးမှာ မဟုတ်ဘူး"
"နန်းတော်သခင်ကျန်း.. သွေးနတ်ဆိုးနန်းတော်ရဲ့ လက်ကျန်အင်အားစုတွေက ပုန်းအောင်းနေတာ မဟုတ်ဘူး.. သူတို့တွေက နန်းတော်သခင်ကျန်းရဲ့ ဖြိုခွင်းမခံရဖို့ အတွက် သူတို့ရဲ့အင်အား အကုန်လုံးကို တစ်နေရာထဲမှာ စုစည်းလိုက်တာပါ"
နတ်သန္ဓေအင်ပါယာ နယ်ပယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးက ကျန်းချန်၏ စကားကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။
"ကျွန်တော်တို့က နန်းတော်သခင်ကျန်းရဲ့ နောက်ကို လိုက်ပါပြီး သွေးနတ်ဆိုးနန်းတော်ကို သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်"
"သွေးနတ်ဆိုးနန်းတော်ရဲ့ ကျန်ရှိနေတဲ့ ဌာနခွဲတွေက တစ်နေရာထဲမှာ စုစည်းသွားတာလား"
ကျန်းချန်၏ မျက်ဝန်းများက လေးနက်သွားခဲ့သည်။
ဤကဲ့သို့ တစ်နေရာထဲတွင် စုစည်းသွားခြင်းသည် သူ့အတွက် အချိန်များစွာ သက်သာစေလိမ့်မည် မဟုတ်ပါလား။
အခန်း(၁၃၆၄)ပြီး၏။
အခန်း(၁၃၆၅)
ကျန်းချန်က နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့် ကျင့်ကြံသူကို တိုက်ရိုက် မေးလိုက်သည်။
"သွေးနတ်ဆိုးနန်းတော်က လူတွေ အခုဘယ်နေရာမှာ စုဝေးနေကြလဲ"
သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲသုံးခုကို ဖျက်ဆီးခဲ့သောကြောင့် ကျန်ရှိသော ဌာနခွဲသုံးခုသည် တစ်ခဏမျှ ပုန်းအောင်နေလိမ့်မည်ဟု သူ မူလက ထင်ခဲ့သည်။
သို့သော်လည်း သူ မမျှော်လင့်ထားသည်မှာ သွေးနတ်ဆိုးနန်းတော်သည် ယခုတစ်ကြိမ်တွင် ကျုံးကျိုးကုန်းမြေကို လွှမ်းမိုးရန် ဆုံးဖြတ်ထားပုံရပြီး လုံးဝ ပုန်းအောင်းရန် ရည်ရွယ်ချက် မရှိခြင်းပင်။
ထိုအစား သွေးနတ်ဆိုးနန်းတော်သည် ကျန်ရှိသော ဌာနခွဲ၏ သုံးခု၏ အင်အားကိုပင် တစ်နေရာထဲတွင် စုစည်းလိုက်သေး၏။
သို့သော်လည်း ထိုကဲ့သို့သော အခြေအနေသည် ကျန်းချန်ကို အလုပ်ရှုပ် သက်သာစေခဲ့သည်။
သွေးနတ်ဆိုးနန်းတော်သည် ကျုံးကျိုးကုန်းမြေတွင် ပြန့်ကျဲနေသဖြင့် ကျန်းချန် အတွက် နှိမ်နင်းရန် အနည်းငယ် ခက်ခဲနေခဲ့သည်။
ယခုအခါတွင် သွေးနတ်ဆိုးနန်းတော်သည် ၎င်းတို့၏ အင်အားများကို တစ်နေရာတည်းတွင် စုစည်းထားခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် ဤအခွင့်အရေးကို အသုံးချ၍ သွေးနတ်ဆိုးနန်းတော်၏ ကျန်ရှိနေသာ ဌာနခွဲ သုံးခုလုံးကို တစ်ချက်တည်းဖြင့် အပြတ်ချေမှုန်းနိုင်မည် မဟုတ်ပါလော။
ကျန်းချန်၏ အမြင်တွင် ကျံးကျိုးကုန်းမြေ၌ ထွက်ပေါ်လာသော သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲများသည် သာမန် ပြဿနာမျှသာ ဖြစ်သည်။
တကယ့် ပြဿနာမှာ ဆိတ်ငြိမ်နယ်မြေထဲရှိ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲမှ ခွင်းရှဂိုဏ်း၏ နတ်သန္ဓေအင်ပါယာများနှင့် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲတွင် ရွှမ်းဝူကောင်းကင် အစီအရင်ဖြင့် ဖိနှိပ်ခံထားရသည့် ကျိုးယို တို့သာ ဖြစ်သည်။
၎င်းတို့သည် ရှန်းဝူတိုက်ကို လုံးဝ ဖျက်ဆီးနိုင်သည့်ကြောက်မက်ဖွယ် ရန်သူများ ဆိုလည်း မမှားပေ။
ထို့ကြောင့် ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲများကို ရှင်းလင်းပစ်မည့် ကိစ္စနှင့် ပတ်သက်၍ အချိန်များစွာ ဖြုန်းတီးလိုခြင်း မရှိခဲ့ပေ။
"သူတို့တွေက သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲတွေထဲမှာ အင်အားအကြီးမားဆုံး ဖြစ်တဲ့ ဌာနခွဲမှာ စုစည်းနေကြတယ်.. အဲဒီနေရာက မြို့တော်ငါးခုနဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ.. အဲဒီမှာ အင်အားကြီးမားတဲ့ သွေးကျင့်ကြံသူ ထောင်ပေါင်းများစွာ စုဝေးနေတယ်လို့ သိရတယ်"
နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူက လျင်မြန်စွာပင် ပြန်ဖြေလိုက်သည်။
"အခုအချိန်မှာ နန်းတော်သခင်ကျန်းရဲ့ ဂုဏ်သတင်းက ကျုံးကျိုးကုန်းမြေမှာ အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဆိုတော့ နန်းတော်သခင်ကျန်း ဖိတ်ခေါ်လိုက်တာနဲ့ သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းဖို့ မြို့တော်ငါးမြို့ရဲ့ အင်အားကြီးမားတဲ့ကျင့်ကြံသူ အများအပြား ထွက်ပေါ်လာလိမ့်မယ်"
ယခုအခါတွင် ကျန်းချန်သည် တစ်ကိုယ်တော် စွမ်းရည်ဖြင့် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲသုံးခုကို ဖျက်ဆီးနိုင်ခဲ့သည်ဖြစ်ရာ သူ၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့သည်။
သွေးနတ်ဆိုးနန်းတော်က အင်အား အလွန်တရာ ကြီးမားသော်လည်း ကျုံးကျိုးကုန်းမြေရှိ အင်အားစုများကိုသာ စုစည်းနိုင်ခဲ့လျှင် သွေးနတ်ဆိုး နန်းတော်ကို နှိမ်နင်းရန် ခက်ခဲတော့မည် မဟုတ်ပေ။
"သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းဖို့ မြို့တော်ငါးမြို့ရဲ့အကူအညီ မလိုအပ်ပါဘူး...ငါတစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်.. မင်းတို့တွေ သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ့နောက်ကနေသာ လိုက်လာခဲ့ကြပါ"
ကျန်းချန်က ခပ်ပြုံးပြုံးပင် ပြောလိုက်သည်။
ကျုံးကျိုးကုန်းမြေတွင် အင်အားစုများစွာ ရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးများသည် တညီတညွတ်တည်း မဟုတ်ကြပေ။
မြို့တော်ငါးခုသည် အင်အားကြီးမားသော်လည်း သွေးနတ်ဆိုးနန်းတော်၏ ထင်ရာစိုင်းမှုကို လျစ်လျူရှုထားပြီး မိမိကိုယ်ကို ကာကွယ်ရန်နှင့် ခွန်အားကို ထိန်းသိမ်းထားရန်သာ ရွေးချယ်ခဲ့ကြသည်။
ဤကဲ့သို့သော အင်အားစုများကို စုစည်းနိုင်ခဲ့လျှင်ပင် ထိုလူများသည် တိုက်ပွဲတွင် ၎င်းတို့ စွမ်းအားများကို အင်ပြည့်အားပြည့် ထုတ်သုံးကြလိမ့်မည် မဟုတ်ပေ။
ကျန်းချန်သည် ၎င်းတို့အတွက်ဖြင့် သူ၏ အချိန်ကို ဖြုန်းတီးရန် စိတ်မဝင်စားခဲ့ပေ။
သူက သွေးနတ်ဆိုးနန်းတော်၏ ထင်ရာစိုင်းမှုကို အသေးစိတ် သုံးသပ်ခဲ့သည်။
ခွန်အားအရပြောရလျှင် သွေးနတ်ဆိုးနန်းတော်သည် ကျုံးကျိုးကုန်းမြေရှိ အင်အားများနှင့် လုံးဝ နှိုင်းယှဥ်၍ မရပေ။
သွေးနတ်ဆိုးနန်းတော် အနေဖြင့် ကျုံးကျိုးကုန်းမြေတွင် အချိန်တိုအတွင်း လွှမ်းမိုးနိုင်ခဲ့ခြင်းမှာ သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း ကျင့်ကြံသူများကြောင့်သာ ဖြစ်သည်။
အထူးသဖြင့် လျှို့ဝှက်နယ်မြေ ရှစ်ခုက ဆိတ်ငြိမ်နယ်မြေနှင့် ရင်ဆိုင်နေရသော အချိန်တွင် ပြန်လည် မွေးဖွားလာသော သွေးဧကရာဇ်များကို တားဆီးမည့်သူ မရှိခဲ့ပေ။
ခေါင်းဆောင်ကို ဖမ်းမိလျှင် ငယ်သားများကို အလွယ်တကူ နှိမ်နင်းနိုင်သည် ဟူသော ဆိုရိုးစကား ရှိသည်။
သူသာ သွေးနတ်ဆိုးနန်းတော်မှ ထိပ်တန်း ကျင့်ကြံသူများကို သတ်ပစ်လိုက်လျှင် သူ၏နောက်ကို လိုက်ပါလာသူများအနေဖြင့် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများကို နှိမ်နင်းရန် လုံလောက်သည်ထက်ပင် ပိုနေပါသေးသည်။
ထို့နောက်တွင် ကျန်းချန်သည် သူ၏နောက်ကို လိုက်ပါလိုသော ကျင့်ကြံသူ အုပ်စုများကို ဦးဆောင်ကာ သွေးနတ်ဆိုးနန်းတော် ဆီသို့ တိုက်ရိုက်ပင် ဦးတည်ခဲ့သည်။
လမ်းတစ်လျှောက်တွင်လည်း ကျုံးကျိုးကုန်းမြေမှ ကျင့်ကြံသူများစွာသည် သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းရန် အတွက် ကျန်းချန်၏ အဖွဲ့ထဲတွင် ပါဝင်ခဲ့ကြသည်။
ယန်ဒီမြို့မှ ထွက်လာကြသော ရှောင်ပိုင်ရီတို့ အုပ်စုသည်လည်း ကျန်းချန်၏ အဖွဲ့တွင် ပူးပေါင်း ပါဝင်ခဲ့ကြသည်။
ရက်အနည်းငယ် အတွင်းမှာပင် ကျန်းချန်၏ ပတ်ဝန်းကျင်တွင် ကျင့်ကြံသူ ထောင်ပေါင်း များစွာ စုဝေးခဲ့ကြသည်။
ဤကျင့်ကြံသူများ အားလုံးသည် သိုင်းသခင် နယ်ပယ်အဆင့်တွင် ရှိကြပြီး ၎င်းတို့အနက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ထောင်နီးပါးပင် ရှိကာ နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းထက် မနည်း ပါဝင်ကြ၏။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ဟောင်ထျန်း သူတော်စင်နယ်မြေပင် ယှဥ်၍ ရမည်မဟုတ်ပေ။
ကျန်းချန်၏ ဦးဆောင်မှုအောက်တွင် ကျင့်ကြံသူ ထောင်ပေါင်းများစွာသည် သွေးနတ်ဆိုးနန်းတော် ဆီသို့ စုဝေးကာ ချီတက်ခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် တွေ့ဆုံခဲ့သော သွေးနတ်ဆိုးနန်းတော်မှ အင်အားစုငယ်လေးများသည် ကျန်းချန်ပင် ဘာမှမလုပ်လိုက်ရဘဲ အဖွဲ့မှ ကျင့်ကြံသူများ၏ ဖြိုခွင်းခြင်းကို ခံလိုက်ရသည်။
ကျန်းချန်၏ ဦးဆောင်မှုအောက်တွင် ချီတက်လာကြသော ကျင့်ကြံသူ ထောင်ပေါင်းများစွာသည် အလွန် လျင်မြန်စွာပင် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများ စုဝေးနေကြသည့် ဌာနခွဲသို့ ရောက်ရှိလာခဲ့ကြပြီး သွေးနတ်ဆိုးနန်းတော်ကို ဝိုင်းရံလိုက်ကြသည်။
"နန်းတော်သခင်ကျန်း သတိထားပါ.. ရှေးဟောင်းမှတ်တမ်းတွေအရ ကျုံးကျိုးကုန်းမြေနှင့် သွေးနတ်ဆိုးနန်းတော်ရဲ့တိုက်ပွဲမှာ သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်း သွေးဧကရာဇ် ဆယ်ပါးထဲက သုံးပါးပဲ လုံးဝ ကျဆုံးသွားတယ်လို့ ဆိုထားတယ်"
ကျင့်ကြံသူ တစ်ယောက်က ကျန်းချန်ကို အလေးအနက် သတိပေးလိုက်သည်။
ကျန်းချန်၏ လက်ရှိခွန်အားသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ် ဆယ်ပါးကို သတ်ဖြတ်နိုင်စွမ်း ရှိသော်လည်း သွေးနတ်ဆိုးနန်းတော်တွင် ပြန်လည် မွေးဖွားလာသော သွေးဧကရာဇ်တစ်ပါးထက်မက ရှိနိုင်ဖွယ် ရှိသည်။
ထိုလူ၏ သတိပေးစကားကို ကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးတွင် သုံးပါးသာ လုံးဝ ကျဆုံးခဲ့သည် ဆိုလျှင် ပြန်လည်မွေးဖွားနိုင်သည့် သွေးဧကရာဇ်သည် ခုနစ်ပါး ကျန်ရှိမည် ဖြစ်၏။
သူဖြေရှင်းခဲ့သော သွေးဧကရာဇ်လေးပါးကို ဖယ်လိုက်လျှင် ခုနစ်ပါးတွင် သုံးပါးသာ ကျန်ရှိတော့သည်။
တစ်နည်းအားဖြင့် ဤသွေးနတ်ဆိုးနန်းတော်တွင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူသုံးဦး စုဝေးနိုင်ဖွယ် ရှိ၏။
နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ သုံးဦး ဟူသော အင်အားသည် ရှန်းဝူတိုက်မှာပင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အင်အားမျိုး ဖြစ်သည်။
လျှို့ဝှက်နယ်မြေ ရှစ်ခုထဲမှာပင် ဟောင်ထျန်း သူတော်စင်နယ်မြေက လွဲ၍ အခြားသော သူတော်စင်နယ်မြေများသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူသုံးဦးကို နှိမ်နင်းနိုင်သည့် ခွန်အား မရှိပေ။
"ဝုန်း.."
ကျန်းချန်တို့နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် ကမ္ဘာကိုပင်တုန်လှုပ်စေသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါများနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော သွေးပုံရိပ် သုံးခုသည် နန်းတော်ထဲကနေ လေထုထဲသို့ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် သွေးအလင်းများဖြင့် လွှမ်းခြုံထားသော သွေးပုံရိပ် သုံးခုသည် လေထုထဲတွင် ဘေးချင်းယှဥ်၍ လျှောက်လှမ်းလာခဲ့ကြသည်။
၎င်းတို့၏ တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ကနေ လွှမ်းမိုးနိုင်သောအရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
"မင်းက ကျန်းချန်လား"
သွေးပုံရိပ်သုံးခုသည် ကောင်းကင်ပေါ်သို့ တက်လှမ်းလာပြီးနောက်တွင် ကျန်းချန်ကို အကဲခတ်ကာ စူးစိုက်ကြည့်လိုက်ကြသည်။
"ဟုတ်တယ် ငါက ကျန်းချန်ပဲ"
သူ့ရှေ့မှ ပုံရိပ်သုံးခုကို ကြည့်ကာ ကျန်းချန်က ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည်။
"မင်းတို့သုံးယောက်က သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးထဲက သွေးဧကရာဇ်တွေ ဖြစ်ပုံရတယ်.. ငါ့ကို မိတ်ဆက်မပေးတော့ဘူးလား"
"သွေးတိမ်တိုက်ဧကရာဇ်"
"သွေးကျီးကန်းဧကရာဇ်"
"သွေးကိုးလွှာဧကရာဇ်"
သွေးပုံရိပ် သုံးခုသည် ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် စူးစိုက် ကြည့်နေခဲ့သည်။
၎င်းတို့၏ ကြောက်မက်ဖွယ်ရာ သွေးစွမ်းအင်များ ပါဝင်နေသော အေးစက်စက်အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းပဲ့တင်ထပ်သွားခဲ့၏။
၎င်းတို့၏ မိတ်ဆက်စကားကို ကြားလျှင် ကျန်းချန်နှင့်အတူ လိုက်ပါလာသော နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့်ကျင့်ကြံသူ များစွာ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့ကြသည်။
သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးတွင် နဝမအဆင့်၌ ရှိသော သွေးတိမ်တိုက်ဧကရာဇ်၊ အဋ္ဌမအဆင့်တွင် ရှိသော သွေးကျီးကန်း ဧကရာဇ်နှင့် ဒုတိယအဆင့်တွင် ရှိသော သွေးကိုးလွှာဧကရာဇ်။
ပြန်လည် ရှင်သန်လာသော သွေးဧကရာဇ်သုံးပါးက ဤနေရာတွင် စုဝေးနေသည် ဖြစ်ရာ ကျန်းချန် တစ်ဦးတည်း ရပ်တန့်နိုင်ပါမည်လော။
"ကျန်းချန် မင်းဒီနေရာထိ လာရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒီကို ရောက်လာပြီဆိုမှတော့ သွားသေလိုက်တော့"
သွေးကိုးလွှာ၏ မျက်ဝန်းများတွင် သွေးရောင်အလင်းများ တောက်ပလာခဲ့သည်။
သွေးကိုးလွှာ၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် အမျှ လေထုထဲရှိ လေများသည် သွေးကိုးလွှာ၏ အသံကြောင့် ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ နားမခံသာသည့် အသံလှိုင်းများ အဖြစ် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်နှင့် အခြားသူများကို ချက်ချင်းပင် ဖိနှိပ်လိုက်သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်း ဖိအားအောက်တွင် ကျန်းချန်၏ အနောက်ရှိ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ များစွာ၏ ခန္ဓာကိုယ်များသည် တုန်ယင်သွားခဲ့ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
ရှောင်ပိုင်ရီနှင့် ရှောင်ကျင့်ယွင်တို့ ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူများသည်ပင် မျက်နှာ အလွန်တရာ ဖြူဖျော့သွားခဲ့သည်။
အခန်း(၁၃၆၅)ပြီး၏။