← Chapters

အခန်း (၁၆၀)

Vol. 3 Ch. 160

အခန်း (၁၆၀)

Vol. 3 Ch. 160

ရက်အနည်းငယ်ကြာပြီးနော​က်။ ညပိုင်းအချိန်။

သီရာက ဘုရားကျောင်းရဲ့အလယ် တိုက်ပွဲကွင်းပြင်နေရာမှာ ရပ်နေပါတယ်။ လက်ထဲမှာတော့ သန့်စင်လေးကို ကိုင်ထားပြီး သူနဲ့ဆန့်ကျင်ဘက်မှာတော့ စွမ်းအားမြင့် မွန်မြတ်စာသားတွေရေးထွင်းထားတဲ့ သလင်းကျောက်ပုလင်းသုံးလေးငါးခုကို တစ်နေရာစီမှာ ထောင်ထားတာ မြင်တွေ့နိုင်ပါတယ်။

သီရာရဲ့ရှေ့မှာ သွေးစွန်းဘုန်းတော်ကြီးနဲ့ ရဟန်းမင်းကြီးပီးယပ် ရပ်နေပြီးတော့ လက်ရှိပြုလုပ်မယ့် လေ့ကျင့်ရေးနဲ့ပတ်သက်ပြီး သွေးစွန်းဘုန်းတော်ကြီးက စရှင်းပြပါတယ်။

“ဒီသလင်းကျောက်ပုလင်းတွေထဲမှာ ဘုရားကျောင်းက ချိပ်ပိတ်ထားတဲ့ အငြိုးကြီးတစ္ဆေတွေရှိတယ်။ အားလုံးက တစ္ဆေဘုရင်အဆင့်တွေချည်းပဲ။ ဆိုလိုတာက သူတို့တွေက အယ်ဒါအဆင့်ရောက်လုနီးနီး ဒါမှမဟုတ် အားနည်းတဲ့အယ်ဒါအဆင့်ကို ရောက်နေပြီလို့ဆိုလိုတာပဲ။”

သီရာရဲ့အကြည့်တွေက လေးနက်သွားပြီးတော့ လေးကိုပိုပြီး ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။ သူ့ညာဘက်လက်ကို ပက်တီးတွေနဲ့စည်းထားပေမဲ့ ဒဏ်ရာကိုဖုံးကွယ်ချင်လို့မဟုတ်ဘဲ မမြင်သင့်တဲ့ အရာတစ်ခုကို တခြားသူတွေမမြင်ရအောင်လို့ ဖုံးကွယ်ထားတဲ့သဘောပါ။

“တစ်နည်းအားဖြင့် အခုကျွန်မက အယ်ဒါအဆင့် ငါး​ယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရမှာပေါ့။”

မူလက သီရာရဲ့စွမ်းအားက မာစတာအဆင့်ရဲ့ အမြင့်ဆုံးမှာပဲရှိနေခဲ့တာပါ။ ပီးယပ်ရဲ့ထူးဆန်းတဲ့ အစီအရင်တွေကြောင့် စွမ်းအားတိုးတက်လာခဲ့တယ်ဆိုပေမဲ့လို့ သူ့ကိုယ်သူ အယ်ဒါအဆင့်ငါးယောက်နဲ့ ရင်ဆိုင်ရဲလောက်တဲ့အထိတော့ ယုံကြည်မှုမရှိသေးပါဘူး။

ပီးယပ်က ရှေ့ကိုတက်လာပြီး သီရာရဲ့ပခုံးကို လက်နဲ့ပုတ်လိုက်တယ်။ “သမီးတော်၊ မစိုးရိမ်ပါနဲ့။ တစ္ဆေဘုရင်တွေဆိုတာက အယ်ဒါတွေလိုမျိုးပဲစွမ်းတယ် ဆိုပေမဲ့လို့ ဘုရင်အမျိုးအစား မကောင်းဆိုးဝါးနဲ့ မိစ္ဆာမျိုးနွယ်တွေထဲမှာ အားအနည်းဆုံးပဲ။ အစွမ်းထက်တဲ့ လူသားမာစတာတွေက သူတို့ကို အနိုင်ယူနိုင်ကြတယ်။”

သွေးစွန်းဘုန်းတော်ကြီးကလည်း ထောက်ခံတဲ့ အနေနဲ့ပြောလိုက်တယ်။ “စွမ်းအားအဆင့်တွေ ဆိုတာက တရားသေသတ်မှတ်ပြီး ကြောက်ရွံနေဖို့ လိုတဲ့အရာမျိုးမဟုတ်ဘူး။ ဒီတစ္ဆေဘုရင်တွေကို ချိပ်ပိတ်ခဲ့တဲ့သူတွေကလည်း ဘုရားကျောင်းရဲ့သူတော်စင်တွေတောင်မဟုတ်ဘူး။ ဒီအတိုင်း ကျောင်းခွဲအကြီးအကဲတွေသာသာပဲ။”

သီရာက သွေးစွန်းဘုန်းတော်ကြီးပြောလိုက်တဲ့ စကားကြောင့် အနည်းငယ်ရှက်ရွံမိသွားခဲ့တယ်။ သူတော်စင်တွေဆိုတာက ရိုမြူလက်ဘုရားကျောင်း ရဲ့အမြင့်ဆုံး စွမ်းအားကိုဖော်ပြနေတဲ့ သင်္ကေတတွေပါ။ သူတို့တွေက သာမန်ဘုရားကျောင်းအကြီးအကဲ တွေထက်ကို ပိုပြီးစွမ်းဆောင်နိုင်သင့်တယ်။

ပီးယပ်က သူ့မုတ်ဆိတ်မွှေးကိုပွတ်ရင်း တွေးဆကာပြောလိုက်တယ်။ “ဒါပေါ့၊ အထူးနည်းလမ်းတွေကို အသုံးမပြုဘဲနဲ့တော့ တစ္ဆေဘုရင်တွေကို သာမန်မာစတာတွေက ဘယ်လိုလုပ်ထိန်းနိုင်မှာပဲ။ ဒီလိုလုပ်နိုင်တာ ငါတို့ရိုမြူလက်ဘုရားကျောင်းက တစ္ဆေနဲ့မိစ္ဆာတွေကိုနှိမ်နင်းဖို့ အထူးပြုလေ့ကျင့်ထားလို့ပဲ။ တခြားအဖွဲ့တွေက မာစတာတွေအနေနဲ့ဆိုရင် ပိုခက်ခဲလိမ့်မယ်။”

အဲဒီနောက်တော့ ပီးယပ်က တစ္ဆေတွေရဲ့သဘော သဘာဝကိုပိုပြီးတော့ ရှင်းပြပါတယ်။ “တစ္ဆေတွေက ရှင်သန်သူတွေသေဆုံးပြီးနောက် ကြွင်းကျန်ရစ်တဲ့ ဝိညာဥ်အကြွင်းအကျန်တွေပဲ။ သူတို့တွေက အမှောင်စွမ်းအားနဲ့အငြိုးအတေးတွေကို စုပ်ယူပြီး ကြီးထွားကြတဲ့အတွက် တစ်ကိုယ်လုံးမှာ အဲဒီလို စွမ်းအင်တွေနဲ့ပဲ ပြည့်နှက်နေတတ်တယ်။

ရိုမြူလက်ဘုရားကျောင်းကတော့ အမှောင်ကိုဖြိုခွင်းနိုင်တဲ့ အလင်းစွမ်းအားကို ကျင့်ကြံတဲ့အတွက် သူတို့ကို တိုက်ခိုက်ရာမှာ သာမန်ကျောင်းခြောက်ကျောင်းက ပညာရှင်တွေထက် ပိုပြီးသာလွန်တယ်။ အမှောင်ကိုကြီးစိုးထားတဲ့   အမှောင်ကျောင်းတော်က လွဲရင်ပေါ့။”

သီရာမှာ ယုံကြည်ချက်နည်းနည်း ပြန်ရလာပါတယ်။ သူကိုယ်တိုင်က ဘန်းဒတ်နတ်ဘုရားခန္ဓာ ပိုင်ဆိုင်ထားသူဖြစ်တဲ့အတွက် ရိုမြူလက်ဘုရားကျောင်းမှာရှိတဲ့ အဖွဲ့ဝင်တွေထဲမှာ အသန့်စင်ဆုံး စွမ်းအားအကြီးဆုံးဆိုတဲ့ အလင်းစွမ်းအားပိုင်ဆိုင်သူတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမဲ့ ငါးယောက်တစ်ယောက်ဆိုတာက သူ့အတွက်များတယ်လို့ ထင်နေသေးတယ်။ တစ်ယောက်ချင်းစီဆိုရင်တော့ သူအနိုင်ယူရင် အနိုင်ယူနိုင်မှာပါ။

ဒါပေမဲ့ ပီးယပ်က စကားမဆုံးသေးဟန်နဲ့ သီရာ့လက်ထဲက လေးကိုညွန်ပြလိုက်တယ်။ “ဒါပေမဲ့ သမီးတော်မှာရှိနေတဲ့အရာက အသန့်စင်ဆုံးသော အလင်းစွမ်းအင်တွေချည်းမဟုတ်ဘူး။ ဘုရားကျောင်းရဲ့မွန်မြတ်တဲ့လေးလည်း တစ်ခုအပါအဝင်ပဲ။ ဒီလေးက သမီးတော်ရဲ့သန့်စင်တဲ့စွမ်းအားတွေကို အကျိုးရှိရှိအသုံးချနိုင်အောင် ကူညီပေးနိုင်တယ်။ ဒီတစ်ခါတော့ အရင်တုန်းကလိုမျိုး ရှိသမျှ အလင်းစွမ်းအင်တွေကိုထည့်ပြီး အလင်းမြားတွေအဖြစ် ပစ်လွှတ်တာမျိုးထက် သေသေချာချာ စွမ်းအင်ခြွေတာပြီး တစ်ချက်ဆိုရင်တစ်ချက် ထိရောက်အောင် အသုံးပြုစေချင်တယ်။”

သီရာက မျက်လုံးကိုမှိတ်လိုက်ပြီး အရင်တုန်းက တိုက်ပွဲအတွေ့အကြုံတွေကို ပြန်ပြီးတော့စဥ်းစား ကြည့်လိုက်ပါတယ်။ အရင်က သီရာဟာ ရန်သူတွေကို ကြီးမားတဲ့စွမ်းအားသက်သက်နဲ့ အနိုင်ယူဖို့အတွက်ပဲ စိတ်ထဲထားခဲ့ပါတယ်။ ဒီနည်းလမ်းက အားနည်းတဲ့သူတွေကို အနိုင်ယူရာမှာ အသုံးဝင်တယ်ဆိုပေမဲ့....

သီရာရဲ့မျက်လုံးထဲ လူတစ်ယောက်ရဲ့ပုံရိပ်က ပေါ်လာတယ်။ နတ်ဆိုးတစ်ကောင်လိုမျိုး အနက်ရောင်တောင်ပံတွေက သူ့နောက်မှာရှိနေပြီး ညအမှောင်ထုက သူ့ကိုခြုံလွှာလိိုမျိုး ဝန်းရံထားတယ်။ သီရာဘယ်လိုကြိုးစားကြိုးစား အဲဒီသူကိုအနိုင်ယူဖို့ မတတ်နိုင်ခဲ့ပါဘူး။

“တတိယတစ်ခုကတော့...” ပီးယပ်က လေသံကိုမြှင့်ပြီး ပြောလိုက်တဲ့အတွက်ကြောင့် သီရာသတိပြန်ဝင်လာပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ ပီးယပ်က သီရာရဲ့လက်က ပက်တီးတွေကိုဖြေချလိုက်ပါတယ်။ လက်မှာမျက်လုံးခုနစ်လုံးရှိနေပြီးတော့ အဲဒီမျက်လုံးတွေက ချက်ချင်းပဲပွင့်လာတယ်။

“ဒီရက်ပိုင်းအတွင်း သမီးတော် ဒီနတ်မျက်စိတွေကို ထိန်းချုပ်ဖို့သင်ယူထားပြီးပြီနဲ့တူတယ်။ ဒီအချိန်က စပြီးတော့ သမီးတော်ဟာ ရန်သူတွေကိုပစ်မလွဲ ပစ်နိုင်မှာဖြစ်သလို မြားလမ်းကြောင်းကိုလည်း လိုသလိုထိန်းချုပ်နိုင်လိမ့်မယ်။ ကောင်းကင်ဘုံက ပေးအပ်ခဲ့တဲ့ လာဘ်ဆောင်တစ်ခုပေါ့။”

“သမီးတော် ကြိုးစားပါ့မယ်။” သီရာက ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ သွေးစွန်းဘုန်းတော်ကြီးနဲ့ ပီးယ​ပ်တို့က တိုက်ပွဲကွင်းထဲကနေထွက်သွားတယ်။ ပီးယပ်က လက်ထဲက ကျိုင်းတုတ်နဲ့ တိုက်ပွဲကွင်းမြေပြင်ကိုထိလိုက်တော့ ​ကောင်းကင်ပေါ်မှာ အလင်းစက်ကွင်းဆယ့်နှစ်ခုပေါ်လာပြီး တိုက်ပွဲကွင်းတစ်ခုလုံးကို အလုံပိတ်ချလိုက်တယ်။

သွေးစွန်းဘုန်းတော်ကြီးကတော့ လက်ထဲကနေ ဓားမြှောင်တချို့ကိုပစ်လွှတ်လိုက်ပြီး သလင်းကျောက်ပုလင်းတွေကို ခွဲပစ်လိုက်တယ်။ မကြာခင်မှာပဲ အရောင်အဝါအမျိုးမျိုးရှိတဲ့ တစ္ဆေငါးကောင်ဟာ တိုက်ပွဲကွင်းထဲမှာ ပေါ်လာခဲ့ပါပြီ။

“ရဟန်းမင်းကြီး၊ တစ္ဆေဘုရင်ငါးကောင်ဆိုတာက များလွန်းမနေဘူးလား။ ဆားဗီးယပ် ငါးခါလောက် ဒီလေ့ကျင့်ရေးကိုဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာတောင်အခုထိ သုံးကောင်အထိပဲ အသေသတ်နိုင်သေးတာ။”

ဆားဗီးယပ်က ဓားသူတော်စင်တစ်ယောက်ဆိုတာထက်ပိုပါတယ်။ သူက အစွမ်းထက်တဲ့ အယ်ဒါပါ။ ကျောင်းခြောက်ကျောင်းက အယ်ဒါတွေတောင်မှ သူ့ကိုရင်ဆိုင်ဖို့ ဝန်လေးကြတယ်။ ဒီလိုလူတွေမှ တစ္ဆေဘုရင်သုံးယောက်ကိုပဲ တစ်ပြိုင်နက်တည်း သတ်နိုင်တယ်။

“သွေးစွန်းဘုန်းတော်ကြီး၊ ဘာမှစိတ်မပူနေပဲ ဒီတိုက်ပွဲကို သေချာကြည့်စမ်း။ မကြာခင်မှာ အစွမ်းအထက်ဆုံး သူတော်စင်ဂုဏ်ပုဒ်က တခြားတစ်​​ယောက်ဖို့ ဖြစ်သွားလိမ့်မယ်။” ပီးယပ်ကတော့ ရယ်ရယ်မောမောနဲ့ပဲ သွေးစွန်းဘုန်းတော်ကြီးကို နှုတ်ဆိတ်ခိုင်းလိုက်တယ်။

...

သီရာက သူ့ရှေ့က ရန်သူတွေကိုကြည့်လိုက်တယ်။ ပထမဆုံးအကောင်အထည်ပေါ်လာတဲ့တစ္ဆေက အဝါရောင်အငွေ့အသက်တွေကိုလွှမ်းခြုံထားပြီး သူ့အနားမှာသဲတွေစုဝေးလာကာ ဘုရင်တစ်ပါးကို ခစားနေသလိုမျိုး ခစားနေပါတယ်။ အဲဒီတစ္ဆေဘုရင်ရဲ့ခန္ဓာကိုယ်မှာ အိုဟောင်းနေတဲ့ပက်တီးတွေနဲ့ပြည့်နေပြီး သူ့မျက်လုံးတွေကတော့ ရွှေဝါရောင် တောက်ပနေပါတယ်။ နောက်တော့ သူက သီရာကို ဒေါသထွက်နေတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး သီရာနားမလည်တဲ့ဘာသာစကားနဲ့ အငြိုးကြီးကြီး ပြောလိုက်တယ်။

“.....” ဒါပေမဲ့ သီရာကတော့ တစ်ခွန်းမှနားမလည်။

အချိန်က အရေးကြီးတာမလို့ တခြားရန်သူတွေ အသင့်မဖြစ်သေးခင် သဲတွေနဲ့တစ္ဆေကြီးကိုပစ်ခတ် အနိုင်ယူဖို့ ဆုံးဖြတ်လိုက်တယ်။

ရွှီး...

လေးကြိုးကို လက်လွှတ်လိုက်တာနဲ့ ရွှေအိုရောင် အလင်းတန်းတစ်ခုက သဲတစ္ဆေဘုရင်ဆီကိုဖြတ်သန်းသွားတယ်။ သဲတစ္ဆေဘုရင်က ခြေဆောင့်ပြီး မီတာနှစ်ဆယ်လောက်​မြင့်တဲ့ ဧရာမသဲမျက်နှာကြီးတစ်ခုကိုဖန်တီးကာ အလင်းတန်းကိုမြိုချဖို့ကြိုးစားပေမဲ့ အဲဒီမျက်နှာကြီးတစ်စစီဖြစ်သွားတာသာ အဖက်တင်လိုက်တယ်။ အလင်းတန်းကတော့ မျက်နှာကြီးကိုဖြတ်ပြီး ပက်တီးတွေနဲ့ တစ္ဆေဘုရင်ဆီ ဆက်သွားနေပြီ။

“စွမ်းလိုက်တာ...” သီရာ သူ့ဘာသာသူပြောလိုက်တယ်။ သူ့ကိုယ်သူအစွမ်းပိုထက်လာမှန်းသိပေမဲ့ တစ္ဆေဘုရင်တစ်ယောက်ကို တိုက်ကွက်တစ်ကွက်တည်းနဲ့ ဖိနှိပ်နိုင်မှန်းတော့ မသိခဲ့ပါဘူး။

“ဝူး....” တစ္ဆေဘုရင်က ဒေါသတကြီးနဲ့အလင်းတန်းကို ရှောင်လိုက်ရတယ်။ သူ့အင်အားပြတဲ့အကွက်က ကျရှုံးသွားပြီး အရှက်ရစရာဖြစ်လာတဲ့အတွက် အချိန်ဖြုန်းမနေဘဲ လက်သီးကိုဆုပ်ကာ ဧရာမ သဲလက်သီးကြီးကိုဖန်တီးပြီး သီရာကိုထိုးချတယ်။

“ဟင့်... အကြီးကြီးတွေက အလုပ်မဖြစ်ဘူး။” သီရာက သာသာယာယာပဲ နောက်လေးချက်တစ်ချက်နဲ့ သဲလက်သီးကို ဖျက်ဆီးလိုက်တယ်။ အခုလေထုထဲမှာ အလင်းတန်းနှစ်ခုရှိနေပြီး သီရာ့ညာလက်က မျက်လုံးတွေက အဲဒီအလင်းတန်းတွေကိုလိုက်လံ ကြည့်ရှုနေတယ်။

“ရှီး... ရှီး... ရှီး....” သီရာသဲတစ္ဆေဘုရင်ဆီကို အာရုံစိုက်နေတုန်း မြေပြင်မှာ မြွေသေးသေးလေးတွေနဲ့ ပြည့်လာတဲ့အတွက်ကြောင့် သီရာထခုန်လိုက်မိတယ်။ သူနဲ့ဆန့်ကျင်ဘက်မှာ ပါရှားအကမယ်လို ဝတ်ဆင်ထားတဲ့ အစိမ်းရောင်အငွေ့အသက်တွေနဲ့ မိန်းမတစ်ယောက်ရှိနေပြီး လက်ထဲမှာပဝါနှစ်ထည်ကိုကိုင်ထားကာ ဗိုက်လှုပ်အကကနေပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်တိုင်း ပဝါကနေ အဆိပ်ပြင်းမြွေတွေထွက်ကျလာပြီး သီရာကိုကိုက်ဖို့ကြိုးစားတယ်။

“သူတို့က တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ ငါမေ့သွားတယ်။”

သီရာက နောက်ထပ်အလင်းမြားချက်တွေကို ထပ်မံပစ်လွှတ်လိုက်ပြီး အကမယ်တစ္ဆေကို တိုက်ခိုက်လိုက်တယ်။ အကမယ်တစ္ဆေက အနည်းငယ်လှုပ်ရှားလိုက်ရုံနဲ့တင် မြွေတွေက တံတိုင်းကြီးတွေအဖြစ်ဖွဲ့ကာ သူ့ကိုကာကွယ်ပေးတဲ့အတွက် အလင်းတန်းတွေအချည်းအနှီးဖြစ်ကုန်တယ်။ ဒါပေမဲ့အခုဆိုရင် လေထုထဲမှာ ပစ်မှတ်ကိုမထိသေးဘဲ အခွင့်ကောင်းကိုစောင့်​နေတဲ့ အလင်းတန်းခုနစ်ခုအထိရှိနေပါပြီ။

“ဝူး....” သဲဘုရင်က နောက်ကနေပေါ်လာပြီး သီရာ့ခေါင်းကိုထိုးချဖို့ကြိုးစားတယ်။ ဒါပေမဲ့သီရာ့လက်က မျက်လုံးတွေကအလျင်အမြန်လှုပ်ရှားသွားပြီး သီရာကဒူးထောက်ချလိုက်တယ်။ ပုံမှန်ဆိုရင်တော့ သီရာက နောက်ကနေအတိုက်ခံရရင် ခုခံဖို့ခက်မှာဆိုပေမဲ့ နတ်မျက်စိတွေရှိနေချိန်မှာတော့ သူ့ကို အလစ်တိုက်ဖို့မဖြစ်နိုင်တော့ဘူး။

“အခွင့်ကောင်းပဲ...” သီရာပြုံးလိုက်တယ်။ တိုက်စစ် မအောင်မြင်လိုက်တဲ့သဲဘုရင်က အခုလေထုထဲမှာ တန်းလန်းကြီးဖြစ်နေပြီး သူ့ကိုခုခံမယ့်သဲတွေကို ဆင့်ခေါ်နိုင်ဖို့ကလည်း အချိန်တစ်ခုလိုသေးတယ်။

ရွှီး....

သီရာက လေးနဲ့ပစ်လိုက်တယ်။ သဲဘုရင်က ကိုယ်ကိုလေထဲမှာလှည့်ပြီး အဲဒီလေးချက်ကိုရှောင်ပေမဲ့ သူ့ဆီကိုတိုးဝင်လာနေတာက အဲဒီအလင်းတန်း တစ်ခုတည်းမဟုတ်ပါဘူး။ လေထုထဲမှာလှည့်ပတ်ပျံသန်းရင်း အခွင့်ကောင်းကိုစောင့်နေတဲ့ အလင်းတန်းခုနစ်ခုကလည်း တိုက်ရိုက်ဆင်းသက်လာခဲ့ပါပြီ။

“ဝူး....” နောက်တော့ သဲဘုရင်ဟာ ဘယ်လိုမှမခုခံနိုင်တော့ဘဲ အလင်းတန်းတွေနဲ့ထိတွေ့ခြင်းခံရကာ ပျောက်ကွယ်သွားခဲ့ပါပြီ။

“တစ်ယောက်ကျပြီ လေးယောက်ကျန်မယ်။” သီရာက ခပ်မြန်မြန်ပဲအကမယ်ကို လက်စဖြတ်ဖို့ ကြိုးစားပေမဲ့ အနက်ရောင်ပန်းထိုးပိုးဝတ်ရုံကြီး ဝတ်ဆင်ထားပြီး အနီရောင်ဦးထုပ်စောင်ထားတဲ့ အသားပြာနှမ်းနှမ်း တစ္ဆေဘုရင်တစ်ကောင်က အနားရောက်လာကာ သီရာ့လည်ပင်းကိုညှစ်တယ်။ သီရာက ဒူးနဲ့တိုက်ပြီး ရုန်းထွက်လိုက်ပေမဲ့ ရင်ထိတ်သွားတယ်။

“မြန်လွန်းတယ်...” ဒီသရဲလာနေတာကို သီရာသတိမထားမိတာမဟုတ်ပါဘူး။ သူ့မျက်လုံးတွေက မြင်ပေမဲ့ တုံ့ပြန်ချိန်မရလိုက်တာပါ။ ပိုးဝတ်စုံနဲ့သရဲကို အပြာရောင်အငွေ့အသက်တွေက ဝန်းရံထားပြီးတော့ သီရာကိုကြည့်နေရင်းကနေ သူ့လျှာကြီးက ဆယ်ပေလောက်ရှည်ထွက်လာတယ်။ နောက်တော့ အဲဒီလျှာကြီးကို လှံတံလိုမျိုးအသုံးပြုခုန်ပြီး အကွာအဝေးတစ်ခုခြားနေတဲ့ သီရာဆီကိုထပ်မံတိုးဝင်လာပြန်တယ်။

“နားလည်ပြီ... ဒီတစ်ယောက်က လျှာသရဲပဲ။”

သီရာက လျှာသရဲကိုရှောင်ရှားလိုက်ရင်း အလင်းတန်းတွေကိုဆက်တိုက်လွှတ်တယ်။ အလင်းတန်းများစွာက ကောင်းကင်ပေါ်မှာ ကွန်ယက်တစ်ခုလိုမျိုးဖြန့်ကျက်ဖြစ်တည်လာပြီး သီရာကိုကာပစ်ပေးနေကာ သီရာကိုယ်တိုင်ကတော့ တိုက်စစ်ဆက်ဆင်နေပါတယ်။

ရား... ရား... ရား....

အကမယ်နဲ့လျှာသရဲကို သီရာရင်ဆိုင်နေရတဲ့အချိန်မှာပဲ ခုနစ်ပေလောက်အရပ်ရှည်တဲ့ လက်ထဲမှာပုဆိန်ကြီးကိုင်ထားတဲ့ ဗလကြီးတစ်ယောက်က သီရာဆီပြေးဝင်လာပြန်ပါပြီ။ သူ့ကိုယ်တော့အနီရောင် အငွေ့အသက်တွေက ဝန်းရံထားတယ်။

“သေစမ်း...” သီရာက လေးကိုအသုံးပြုပြီးတော့ ပုဆိန်ကိုတားလိုက်ရတယ်။ လက်တစ်ဖက်လုံး ကျင်တက်သွားပြီး ဒူးထောက်ကျသွားပေမဲ့ သတိမလွတ်ရဲဘဲ ဘေးကိုလှိမ့်ရှောင်ကာ နောက်ဆက်တွဲပုဆိန်ချက်တွေရန်ကနေ လွတ်အောင်လုပ်ရတယ်။ ဒီပုဆိန်သရဲရဲ့ခွန်အားက ပြိုင်ဖက်ကင်းပါ။

“ဒါပေမဲ့ သူ့ကြည့်ရတာ အသိဉာဏ်မရှိသလိုပဲ။”

သီရာက ချက်ချင်းပဲအလင်းတန်းတွေအများကြီးနဲ့ ပုဆိန်သရဲကိုစပစ်တယ်။ ပုဆိန်သရဲရဲ့ကျောမှာ အလင်းတန်းတွေအများကြီးစိုက်ဝင်နေပြီး ဖြူးတစ်ကောင်လိုထင်ရပေမဲ့ နည်းနည်းလေးမှအရှိန်နှုန်း ကျမသွားဘဲ ပိုလို့တောင်ကြောက်စရာကောင်းလာနေသေးတယ်။

တခြားသရဲနှစ်ကောင်ကလည်း နီးကပ်လာပြီဖြစ်တာမလို့ သီရာ့နဖူးကနေ ချွေးစေးတွေစီးကျလာတယ်။ အဲဒီအချိန်မှာပဲ သူရပ်နေတဲ့မြေပြင်က ပျော့ကျသွားပြီး နွံထဲနစ်သွားသလိုခံစားလိုက်ရတယ်။ ငုံကြည့်လိုက်တော့ သူ့ကိုစပ်ဖြဲဖြဲနဲ့ပြုံးပြနေတဲ့ ငါးနှစ်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။ သူ့ဆီကနေ ဒိုက်နံထွက်နေပြီးတော့ စိမ်းပုပ်ပုပ်ရောင်အငွေ့အသက်တွေက သူ့ကိုလွှမ်းခြုံထားတယ်။

“ရေသရဲ...” သီရာ ခေါင်းခဲသွားတယ်။ လေးကိုမြှောက်ပြီး ကလေးရေသရဲကိုပစ်ဖို့လုပ်ပေမဲ့ ရေမှော်တွေက သူ့လက်တွေကိုချုပ်နှောင်ထားတာ မြင်လိုက်ရတယ်။ တခြားသရဲတွေလည်းနီးလာပြီဖြစ်ပြီး ဒီအခြေအနေကနေ လွတ်အောင်မလုပ်နိုင်ရင် သူတော်စင်တိုက်ပွဲမတိုက်ခင်မှာပဲ ဆားဗီးရပ်အတွက် ပြိုင်ဘက်တစ်ယောက် လျော့သွားတော့မှာပါ။

All Chapters