ရန်ပွဲ
Vol. 17 Ch. 254
လက်ရှိအခြေအနေအရ ရှောက်ရွှမ်တို့ရောက်နေသာ တောင်သည် ခရီးသွားများ နားနေသော တောင်ဖြစ်သည်။ ဂူပေါက်အပြင်ဘက်တွင် သွားလာနေကြသော လူများမှာ တိရှန်မျိုးနွယ်စု နေထိုင်သော ဂူထဲတွင် ဖြစ်သွားသော အဖြစ်အပျက်ကို စိတ်ဝင်စား သွားကြသည်။ ရုတ်ခြည်းပျောက်ကွယ်သွားသော စစ်သည်တောင်အကြောင်းကို သိချင်သလို လူတစ်ယောက်ကို ဓားချက်တစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်သော ရှောက်ရွှမ် အကြောင်းကိုလည်း သိချင်နေကြသည်။
မီးတောက်ဦးချိုမျိုးနွယ်စု အကြောင်းကို ကြားသောအခါ လူများသည် ထိုအဖွဲ့အကြောင်း တစ်ယောက်ကိုတစ်ယောက် မေးမြန်းစုံစမ်းကြသည်။ သို့သော် ထိုမျိုးနွယ်စု အကြောင်း အတိအကျ ဘယ်သူမှ မသိပါ။ ထို့ကြောင့် သူတို့နားတွင် ရှိ
သော မျိုးနွယ်စုများကို မေးကြည့်ကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စု ဘယ်ကလာသလဲ၊ ဘာကြောင့် ယခုလိုခက်ထန်ကြမ်းရသလဲ သူတို့သိချင်နေကြသည်။
မီးတောက်ဦးချိုမျိုးနွယ်စုမှ စစ်သည်တော် အယောက်၂၀ကတော့ တောင်ပေါ်ရှိ အခြားလူများကို ဂရုမစိုက်ဘဲ တိရှန်မျိုးနွယ်စုမှ ခရီးသွားများကိုသာ ကြည့်နေလေသည်။ စစ်သည်တော်တို့သည် နောက်တကြိမ်တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။
ချီယိသည် ရှောက်ရွှမ်၏ နောက်ကျောကို ကြောင်ကြည့်နေသည်။ ထို့နောက် သူ့ခြေရင်းတွင်ရှိသော ကိုယ်တစ်ပိုင်းပြတ်ကြီးကိုကြည့်နေလေသည်။ နောက်ဆုံးတွင် တော့ ခွင်းထူကို ကြည့်လိုက်ပြီး ဘာဆက်လုပ်ရမလဲ မေးလိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုက စစ်သည်တော်များနှင့် ပူးပေါင်း၍ တိရှန်မျိုးနွယ်စုကို တိုက်ခိုက်ရမည်လား သို့မဟုတ် ဝေးဝေးမှရှောင်နေရမည်
လား ဝေခွဲမရဖြစ်နေသည်။ မျိုးနွယ်စုစစ်သည်များနှင့် လက်တွဲ၍ တိုက်ခိုက်ရမည်မှာ ဂုဏ်ယူစရာကိစ္စဖြစ်လေသည်။ သူသည် သေရမည်ကို မကြောက်ပါ။ သူသေသွားလျှင်တောင် ကျန်ရစ်သူများက လေလွင့်သူများကို စောင့်ရှောက်ပြီး မျိုးနွယ်စုဆီပြန်ခေါ်သွားကြမည်ဖြစ်သည်။
ခွင်းထုသည် ဘာလုပ်ရမလဲ မသိ။ မိုင်က အကြီးတန်းမျိုးနွယ်စုစစ်သည် တစ်ယောက်ကို ရင်ဆိုင်လိုက်သည်။ ရှောက်ရွှမ်က မိုင့်ဘေးနားတွင်ရပ်နေသည်။ ထို့ကြောင့် ခွင်းထူသည် ဘာမှမတတ်နိုင်ဘဲ ရှောက်ရွှမ်ကိုသာ ကြည့်နေရလေသည်။
သူ့ကိုကြည့်နေသော ခွင်းထူကို သတိထားလိုက်မိသဖြင့် ရှောက်ရွှမ်သည် ဂူပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ အပြင်ဘက်တွင် လူများ အပေါ်တက် အောက်ဆင်းလုပ်၍ရရန် ကျောက်တုံးများကို စီ၍ လမ်းခင်းထားသည်။ စွမ်းအင်မနိုးထသေးသော သူများပင် ထိုကျောက်တုံးလမ်းမှ တဆင့် တောင်ပေါ်ကို တက်နိုင်မည် ဖြစ်သည်။
“ငါတို့ဝင်မပါသင့်ဘူးထင်တယ်” ခွင်းထုက နားလည်လိုက်သည်။
မျိုးနွယ်စုစစ်သည်တော်များတိုက်ခိုက်ကြပြီဆိုလျှင် သာမန်လူများက မတော်တဆ ဒဏ်ရာရနိုင်သည်။ သူတို့သည် အရင်ထက်အင်အားပိုကြီးလာသည်ဆိုလျှင်တောင် လေလွင့်သူကတော့ လေလွင့်သူပင်။ လူတစ်ယောက်ကို ဓားချက်တစ်ချက်တည်းနှင့် သတ်လိုက်သော ရှောက်ရွှမ်နှင့် နှိုင်းယှဉ်လျှင် သူတို့သည် ဘာမှ မဟုတ်ပေ။
ထို့ကြောင့် အပြင်ထွက်သွားရန် ခွင်းထူဆုံးဖြတ်လိုက်သည်။ ချီယိနှင့် ကျန်သူများကို တောင်အောက်ဆင်းရန် အချက်ပြလိုက်သည်။
ရှောက်ရွှမ်ကခွင်းထူကို တောင်အောက်ဆင်းရန် လှမ်းမျက်ရိပ်ပြလိုက်သည်ကို တိရှန်မျိုးနွယ်စုမှ လူများ မြင်သွားသည်။ ခွင်းထူနှင့် သူ့လူများ အပြင်ထွက်သွားသည်ကို မြင်ရသော သူတို့က တားချင်နေသေးသည်။ လှမ်းကြည့်လိုက်
သောအခါ ရှောက်ရွှမ်၏ မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုအခါ တိရှန်မျိုးနွယ်စုမှ စစ်သည်တော်များသည် တံတွေးမျိုချလိုက်မိပြီး အလိုလို နောက်ဆုတ်သွားကြသည်။
တိရှန်မျိုးနွယ်စုမှ လူများသည် တောင်အောက်ဆင်းသွားသူများကို မတားကြတော့။ ဘေးတွင်ရပ်ကြည့်နေသူများကလည်း ရန်ပွဲတွင် မပါဝင်လိုသဖြင့် ဘေးဖယ်ပေးလိုက်သည်။ ရှောက်ရွှမ်နှင့် မိုင်တို့သာမရှိပါက ခွင်းထူတို့ကို ကောင်းကောင်း ဆက်ဆံကြမည် မဟုတ်ပေ။ အခုတော့ လူအများသည် လေလွင့်သူအဖွဲ့အပေါ်ထားသော အမြင်များပြောင်းလဲသွားခဲ့သည်။
ချီယိသည် တောင်အောက်ဆင်းရင်းနှင့် တိရှန်မျိုးနွယ်စုနေသော ဂူပေါက်ဘေးမှ ဂူပေါက်ကို လှမ်းကြည့်လိုက်သည်။ ထိုအထဲတွင် မြက်ခင်းလွင်ပြင်ဒေသမှ ခရီးသွားအဖွဲ့များနားနေကြသည်။ ချီယိသည် သူတို့ကို သိလာသည်မှာဆယ်စုနှစ် တစ်ခု လောက်ရှိပြီဖြစ်သည်။ ထိုသူများကလည်း သူတို့ကို ခင်မင်မည်ဟု ချီယိထင်ထားခဲ့
သည်။ သို့သော် ထိုသူများသည် တိရှန်မျိုးနွယ်စုကိုဝင်တားခြင်း၊ ချီယိတို့ဘက်မှ ခုခံပြောဆိုပေးခြင်းမျိုး မပြုလုပ်ကြပါ။
ချီယိနှင့် အကြည့်ချင်းဆုံသောအခါ သူတို့သည် မသိမသာ မျက်နှာလွှဲလိုက် ကြသည်။ တိရှန်အဖွဲ့မှာ လူများကြောင့် ချီယိတို့ ထိခိုက်အနာတရ ဖြစ်သည် ဆိုလျှင်တော့ သူတို့က ဆေးပင်အချို့ကို ပေးမည်ဖြစ်သည်။ သို့သော် ချီယိက တိရှန်မျိုးနွယ်စုကို သွားရန်စထားသောကြောင့် မြက်ခင်းလွင်ပြင်ဒေသမှ လူများက ဝင်စွက်ဖက်ခြင်း မပြုတော့သည် ဖြစ်သည်။ လေလွင့်သူတစ်ယောက်အတွက်နှင့် ဘယ်သူကမှ မျိုးနွယ်စုစစ်သည်တော် တစ်ယောက်ကို ရန်စခြင်းမျိုး မပြုလုပ်ရဲကြချေ။
သူတို့ကို ကြည့်ပြီးနောက် ချီယိနှင့် သူ့လူများသည် တောက်အောက်သို့ လျင်မြန်စွာ ဆင်းသွားကြသည်။ သူသည် မြက်ခင်းလွင်ပြင်ဒေသမှ လူများကို အပြစ်မတင်သော်လည်း နောက်တွင် သူတို့နှင့် မဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။
ချီယိတို့တောင်အောက်ဆင်းသွားသောအခါ တိရှန်မျိုးနွယ်စုမှ လူတစ်ယောက်သည် ဂူပေါက်ထဲမှ ထွက်လာသည်။ သူသည် တိရှန်မျိုးနွယ်စုမှ တတိယမြောက် အကြီးတန်းမျိုးနွယ်စု စစ်သည်တော်တစ်ယောက်ဖြစ်သည်။
သူသည် ဂူပေါက်ထဲမှ ထွက်လာသောအခါ တိရှန်မျိုးနွယ်စုတွင် မျိုးနွယ်စု စစ်သည်တော် သုံးယောက်ရှိသွားလေပြီဖြစ်သည်။
“ဘာဖြစ်ကြတာလဲ” ထိုလူက ပေါင်လုံးလောက်ရှိသော ကျောက်သားတုတ်တစ်ချောင်းကို ကိုင်ကာ ဂူပေါက်ထဲမှ ထွက်လာသည်။ ကျောက်သားတုတ်မှ အရည်အသွေးကောင်းပုံ ရသည်။ အဆင့်မြင့်ကျောက်သားနှင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ကျောက်သားတုတ်၏ လက်ကိုင်မှ လက်နှင့် ကိုင်လို့ရသည် အနေတော်အရွယ်ဖြစ်အောင် ပြုလုပ်ထားသည်။ မကြာခဏအသုံးပြုဖန်များ၍ထင်သည်၊ လက်ကိုင်တွင် လက်ချောင်းရာများထင်နေ လေသည်။
ထိုကျောက်သားတုတ်ဖြင့် လူတွေ၊တိရစ္ဆာန်တွေ မည်မျှသတ်ဖြတ်ထားသလဲ ဘယ်သူမှ မသိပါ။ တုတ်ပေါ်တွင် ခြောက်နေသော သွေးစသွေးန များရှိလေသည်။ သူသည် တုတ်ကိုကြည့်သည့်လူများ ကြောက်လန့်သွားစေရန် သွေးစများကို ထားထားခြင်း ဖြစ်လိမ့်မည်။ သွေးများပေကျံနေသော လက်နက်က ဘာမှ မပေကျံသော လက်နက်ထက် ရန်သူများကို ပိုခြောက်ခြားစေနိုင်သည် မဟုတ်ပါလား။
ဂူပေါက်ထဲမှ ထွက်လာသောသူသည် သူ့ဘေးမှ စစ်သည်တော်ရှင်းပြသည်ကို နားထောင်လိုက်ပြီး စကားအနည်းငယ်ပြန်ပြောလေသည်။ ထို့နောက် ကျောက်သားတုတ်ကို မြေပြင်ပေါ်ထောက်လိုက်ကာ တဟားဟားရယ်မော နေတော့သည်။
သူ့အကြောင်းကို သိထားသော တိရှန်မျိုးနွယ်စုမှ လူများသည် ကြောက်ရွံ့သွား ကြသည်။ သူရယ်နေပြီဆိုလျှင် ရက်စက်စွာ တိုက်ခိုက်တော့
မည် ဖြစ်သည်။
ကျောက်သားတုတ်ကို ကိုင်ထားသောသူမှာ ရယ်နေသောအခါ အလွန်ရက်စက်သည့် ပုံစံပေါက်လာသည်။ သူ့မျက်နှာမှာ သုန်မှုန်နေပြီး မဲ့ရွဲ့နေလေသည်။ ရယ်မောပြီးနောက် ကြောက်စရာမျက်လုံးများဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် မြေပေါ်ရှိ ခန္ဓာကိုယ်တစ်ပိုင်းပြတ်ကြီး ကိုကြည့်မနေဘဲ ရှောက်ရွှမ်ကိုသာ ကြည့်လိုက်သည်။
“ မင်းကိုသတ်မယ်”
“ဟူမာ ပြောတာမှန်တယ်” မိုင်နှင့် မျက်နှာချင်းဆိုင်ရပ်နေသော တိရှန်အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။ ထိုကောင်စုတ်လေးက ဓါးတစ်ချက်တည်းနှင့် လူတစ်ယောက်သတ်လိုက်သည် ဆိုရုံနှင့် သူ့ကို ကြောက်နေစရာ မလိုပါ။ သူတို့မျိုးနွယ်စုထဲတွင် အကြီးတန်းစစ်သည်တော်၂ယောက်ရှိနေသည် မဟုတ်ပါလား။ တိရှန်အဖွဲ့ခေါင်းဆောင်သည် တောင်
အောက်ဆင်းသွားသူများကို ကြည့်လိုက်ပြီးနောက် သူ့ရှေ့တွင် ရပ်နေသော မိုင်ကို ကြည့်လိုက်သည်။ အကြီးတန်းစစ်သည်တော်၂ယောက် နှင့် ကြမ်းတမ်းခက်ထန်သည့် လူ၂၀ဆိုပါလား။ အဲဒီတော့ကော ဘာအရေးလုပ်ရမည်နည်း။ ငါတို့မှာ အကြီးတန်းစစ်သည်တော် သုံးယောက်နဲ့ အလတ်တန်းစစ်သည်တော်တွေ အငယ်တန်းစစ်သည်တော်တွေ အများကြီး ပါတာပဲ။ ငါတို့အုပ်စုလိုက်ဝိုင်းတိုက်ရင် ဒီကောင်တွေ မခံနိုင်ပါဘူး။
မင်းတို့က သေနေ့စေ့လို့ ငါတို့ကို ရန်လာစတာပဲ။
ဒီဘက်ကမ္ဘာလောကတွင် ရှင်သန်နိုင်ရန် ကြံ့ခိုင်သန်စွမ်းရမည်၊ တခြားလူများ ကြောက်ရွံ့ရသော ခွန်အားမျိုးရှိရမည်။ တိရှန်အဖွဲ့သည် ထိုတောင်ရှိ အကြီးဆုံးဂူကို ဘာလို့အပိုင်စီးထားနိုင်သနည်း။ ဘာကြောင့် သူတို့ကို အခြားမျိုးနွယ်စုများက ရန်မစရဲ ရသနည်း။ အကြောင်းရင်းကတော့ သူတို့၏ ကြောက်မက်ဖွယ် အင်အားကြောင့်ပင် ဖြစ်သည်။ သူတို့အဖွဲ့ကို ရန်စသူမှန်သမျှကို
ရက်စက်စွာ သတ်ဖြတ်ပစ်လေ့ရှိသည်။ ထို့ကြောင့် တိရှန်အဖွဲ့ကို ဘယ်သူကမှ ရန်မစရဲခြင်းဖြစ်သည်။
ရန်သူများကို ရက်စက်စွာ သတ်ဖြတ်တတ်ခြင်းကြောင့် လူများက သူတို့ကို ကြောက်ရွံ့ကြလေသည်။ ကြောက်မက်ဖွယ်သားရဲတို့ရဲ့ တောတောင်ဒေသတွင် နေသော ဝမ်ရှိမျိုးနွယ်စုလိုပင်၊ တိရှန်မျိုးနွယ်စုနာမည်ကြားရုံနှင့် လူများသည် ကြောက်ရွံ့တုန်လှုပ် သွားတတ်ကြသည်။
တိရှန်အဖွဲ့ခေါင်းဆောင်၏ မျက်နှာကို ကြည့်လိုက်သောအခါ မိုင်သည် သူဘာလုပ်ရမလဲဆိုတာ နားလည်သွားသည်။ ဘာစကားမှ ထပ်မပြောတော့ဘဲ သူတို့သည် နတ်စွမ်းအင်များကို နှိုးဆွလိုက်သည်။ ထိုအခါ မျက်နှာ၊လည်ပင်းနှင့် လက်မောင်းများတွင် နတ်အမှတ်အသားများပေါ်လာကြသည်။ ထိုအချိန်တွင် မိုင်ကိုင်ထားသော ကျောက်သားဓားမှာ သူနှင့် တသားတည်းဖြစ်သွားလေသည်။
သူ့ကိုယ်ထဲမှ ပြင်းထန်သော ခွန်အားတစ်ခု တိုးထွက်လာသည်။ ထိုအားသည် လေထုနှင့် ပွတ်တိုက်မိသောအခါ အသံတစ်သံထွက်ပေါ်လာသည်။ လျင်မြန်သော မုဆိုးတစ်ယောက်ကဲ့သို့ မိုင်သည် ရန်သူကို လျင်မြန်စွာ တိုက်ခိုက်လိုက်လေသည်။ သူ့ကျောက်သားဓားမှာ သားရဲကြီးတစ်ကောင်၏ လက်သည်းများ သားကောင်ကို တိုက်ခိုက်လိုက်သလို လှုပ်ရှားသွားသည်။ မိုင်သည် တိရှန်မျိုးနွယ်စုဝင် ခေါင်းဆောင်၏ ဦးခေါင်းကို တစ်ခါတည်း ခုတ်ချလိုက်သည်။
မိုင်စတင်လှုပ်ရှားသောအခါ မီးတောက်ဦးချိုမျိုးနွယ်စုဝင် စစ်သည်တော်များသည် တပြိုင်နက် စတင်တိုက်ခိုက်လေတော့သည်။
တိုက်ပွဲက စတင်လေပြီ။ သူတို့သည် တခြားဘာပြင်ဆင်မှုမှ လုပ်မနေတော့ဘဲ စတင်တိုက်ခိုက်ကြသည်။ ထိုအတွေ့အကြုံကို တောထဲတွင် အမဲလိုက်ရင်း ရလာခြင်း ဖြစ်သည်။ သူတို့သည် တိုင်ပင်နေရန် မလိုဘဲ အားလုံးအတူတကွ လှုပ်ရှားလိုက်ကြသည်။ တောထဲတွင်
အသံလေးတစ်သံ ထွက်ပေါ်ရုံနှင့် သားကောင်က သတိပြုမိသွားမည် ဖြစ်သည်။ မတိုက်ခိုက်မီ ညာသံပေးနေမည်ဆိုပါက သူတို့သည် သားကောင်မရဘဲ ငတ်သေကုန်မည်ဖြစ်သည်။
လူ၂၀ကျော်တို့သည် တချိန်တည်းတွင် နတ်စွမ်းအင်ကို နှိုးဆွလိုက်ကြသည်။ ထိုအခါ သူတို့သည် မက်စောက်သော တောင်တစ်လုံးလို ခြိမ်းခြောက်သည့် အသွင်ကို ဆောင်သွားကြသည်။ ထိုစုပေါင်းအင်အားက တိရှန်မျိုးနွယ်စုကို လွှမ်းမိုးသွားသည်။ ဟူမာရောက်လာသဖြင့် ဆောင့်ကြွားကြွားဖြစ်နေသော တိရှန်မျိုးနွယ်စုဝင်များကို သူတို့၏စုပေါင်းနတ်စွမ်းအင်ဖြင့် လွှမ်းမိုးလိုက်သည်။
တိရှန်မျိုးနွယ်စုဝင်များကတော့ စဉ်းစားနေကြသည်။ အကြီးတန်းစစ်သည်တော် သုံးယောက်နှင့် သွက်လက်မြန်ဆန်သော လူအချို့မှ လွဲ၍ သူတို့သည် ရန်သူများ၏ လှုပ်ရှားမှုကို လျင်မြန်စွာ မတုန့်ပြန်နိုင်ကြပေ။
လက်နှေးနေသော သူများသည် သူတို့ဓားကို ယမ်းရုံရှိသေးသည် မီးတောက်ဦးချိုစစ်သည်တော်များ၏ ဓားများက သူတို့ဆီကို လေကဲ့သို့ အဟုန်မျိုးဖြင့် တိုးဝင်လာသည်။ အားလုံးကြောက်ရွံ့တုန်လှုပ်သွားကြသည်။
“ဝှစ်…ဝှစ်…ဝှစ်”
လက်နှေးနေသော တိရှန်စစ်သည်တော် ၁၂ယောက်ခန့်သည် ကိုယ်၂ပိုင်းပြတ်ကုန်ကြသည်။
လျင်မြန်စွာလှုပ်ရှားသွားသော လက်နက်များကြောင့် သွေးနံများ ဖုံးလွှမ်းသွားသည်။ လူ၂၀ကြားတည်ရှိနေသော ပြောစရာမလိုသည့် နားလည်မှုကြောင့် ယခုတိုက်ခိုက်မှု အောင်မြင်သွားခြင်းဖြစ်သည်။ အားကုန်သုံးပြီးတိုက်ခိုက်လျှင်တောင် ကိုယ့်လူကို ပြန်တိုက်မိမည်မဟုတ်ပဲ ရန်သူကိုသာတိုက်မိမည်ဖြစ်သည်။
သူတို့သည် လူ၂၀ကျော်လောက်အင်အားသာရှိ
သော်လည်း စစ်တပ်တစ်တပ်လို အစွမ်းထက်ကြသည်။ သူတို့လှုပ်ရှားလိုက်တိုင်း သွေးများဖြာထွက်သွားသလို ရန်သူများလဲ မြေပေါ်သို့ လဲကျသွားကြသည်။
တိုက်ခတ်နေသော လေက သွေးနံ့များကို တောင်နေရာအနှံ့အပြားသို့ သယ်ဆောင်သွားလေသည်။ ဘေးတွင် ရပ်ကြည့်နေသာ သူများလည်း အံ့ဩသွားကြသည်။
ဒီလိုနေရာမျိုးတွင် သတ်ဖြတ်ခြင်းမှာ နေ့စဉ်နှင့်အမျှ ဖြစ်လေ့ရှိသည်။ ကိုယ်က သူ့သတ်လိုက်၊ သူက ကိုယ့်သတ်လိုက်ပင်။ သူတို့အတွက် သတ်ဖြတ်ခြင်းများကို မြင်ရသည်မှာ မဆန်းတော့ပါ။ သို့သော် ယခုလို ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲမျိုးကိုတော့ သူတို့ မမြင်ဖူးကြပါ။
တိရှန်မျိုးနွယ်စုဝင်များသည် ပို၍ပင်ကြောက်လန့်သွားကြသည်။ သူတို့တိုက်ခိုက်ရန် လှုပ်ရှားသည့်အခါတိုင်း တန်ပြန်တိုက်ခိုက်မှုများ
နှင့် ကြုံတွေ့နေရသည်။
မိုင်က အားကုန်၊ပညာကုန်ထုတ်၍ တိရှန်မျိုးနွယ်စုအဖွဲ့၏ ခေါင်းဆောင်ကို တိုက်ခိုက်နေသည်။ ထိုအကျင့်မှာလည်း အမဲလိုက်ခြင်းမှ ရလာသော အကျင့်ဖြစ်လေသည်။ သူသည် ခက်ထန်ကြမ်းတန်းစွာဖြင့် ရန်သူကို ရင်ဆိုင်တိုက်ခိုက်နေသည်။ သူ့ခြေလှမ်းတိုင်းသည် ကြောက်မက်ဖွယ်သားရဲတစ်ကောင်၏ ခြေလှမ်းမျိုးလို ပြင်းထန်လှသည်။ သူခြေလှမ်းလိုက်တိုင်း ခြေထောက်အောက်ရှိ ကျောက်တုံးများမှာ ကွဲကြေသွားပြီး ကျောက်တုံးအစအနများမှာ လေထဲသို့ ပျံတက်သွားကြသည်။
“ဗုန်း”
အဖွဲ့ခေါင်းဆောင်၂ယောက်တို့သည် တစ်ယောက်နှင့် တစ်ယောက် အလျှော့မပေးဘဲ ရင်ဆိုင်တိုက်ခိုက်နေကြသည်။ သူတို့ခြေထောက်များအောက်ရှိ မြေသားများမှာလည်း အက်ကွဲကုန်သည်။ ကျောက်တုံးများလည်း လွင့်စင်
ထွက်ကုန်သည်။
အစပိုင်းတွင်တော့ ဟူမာသည် တုန်လှုပ်နေသည်။ နောက်ပိုင်းကျမှသာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုက်ခိုက်တော့သည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင် စစ်သည်တော်များက သူတို့ကို တိုက်ခိုက်ရဲမည်ဟု သူမထင်ထားပါ။
ဟူမာသည် သူ့ရှေ့တွင် ရှိသော လူကို တုတ်ဖြင့် ရိုက်ချလိုက်သည်။ ထိုမျိုးနွယ်စုဝင်သေသည် ရှင်သည် သူစိတ်မဝင်စားပါ။ထို့နောက် သူနှင့်အနီးဆုံး မျိုးနွယ်စုစစ်သည်တော်တစ်ယောက်ဆီ ဟူမာ ပြေးဝင်သွားလိုက်သည်။
ဟူမာနားတွင် ရှိသောသူများသည် ဘေးသို့တစ်ချက်ရှဲသွားပြီး ရှေ့ဆက်မတိုးကြတော့ပါ။ ဟူမာတိုက်ခိုက်ရာလမ်းကြောင်းတွင် ဝင်ရှုပ်မိပါကာ ခုနက သနားစရာလူလို တုတ်စာမိပြီး သေဆုံးရမည် ဖြစ်သည်။
ဟူမာသည် လန်ကာ့ဆီပြေးသွားသည်ကို တွေ့
လိုက်ရသောအခါ ရှောက်ရွှမ်သည် သူတိုက်လက်စ ရန်သူကို ထားခဲ့ပြီး ဟူမာဆီပြေးသွားလိုက်သည်။ လန်ကာ့သည် တခြားလူများကို တိုက်ခိုက်နိုင်သော်လည်း ဟူမာကိုတော့ အနိုင်တိုက်နိုင်မည် မဟုတ်ပေ။
ရုတ်တရက်ဝင်လာသော ရှောက်ရွှမ်၏ တိုက်ခိုက်မှုကြောင့် ဟူမာသည် လန်ကာ့ကို မတိုက်ခိုက်နိုင်တော့ပေ။ ကျောက်သားတုတ်ကို ခေါင်းပေါ်မလိုက်ပြီး သူ့ဆီ လွှဲဝင်လာသော ဓားကို ရိုက်ချလိုက်သည်။ ထိုအခါ ဟူမာ မျက်နှာပျက်သွားလေသည်။သူ့တုတ်နှင့် ရန်သူ့ဓားသွားထိမိသောအခါ သူ့လက်ကောက်ဝတ်၊ လက်မောင်း၊နှင့် ပုခုံးများ ထုံကျင်သွားသည်။ သူသည် အကြီးတန်းမျိုးနွယ်စုစစ်သည်တော်တစ်ယောက်ဖြစ်သော်လည်း ရန်သူကို အထင်မသေးရဲတော့ပါ။
သူ့ကိုတိုက်ခိုက်လိုက်သောသူကို ကြည့်လိုက်သောအခါ ဟူမာ တုန်လှုပ်သွားပြန်သည်။ ထိုသူမှာ အလတ်တန်းစစ်သည်တော်ကို ဓား
တစ်ချက်တည်းနှင့် သတ်လိုက်သော ချာတိတ်လေးဖြစ်နေလေသည်။