← Chapters

မြို့စားဟောင်းကြီး

Vol. 33 Ch. 455

မြို့စားဟောင်းကြီး

Vol. 33 Ch. 455

လောထျန်းက အဘိုးအိုအား အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးမှသာ နောက်ဆုံး လူသတ်အရိပ်အငွေ့ကို ပြန်သိမ်းပြီး အေးစက်စက် မေးလိုက်သည်။

" ဒါဆို အခု ကျုပ်နောက်ကို လိုက်ကြည့်နေရတဲ့ ရည်ရွယ်ချက်က ဘာလဲ "

ယွမ်ရှောက်မြို့စားဟောင်းကြီး၏ နဖူးမှ ဇောချွေးတစ်စက် ကျလာသည်။

ထို့နောက် သူ တီးတိုးပြော၏။

" သခင်လေးရဲ့ လူတွေက ယွမ်ရှောက် မြို့စားအိမ်တော်ရဲ့ ပစ္စည်းတွေကို တစစီ ဖြုတ်ယူနေကြတာကို တွေ့လို့... ကျေးဇူးပြုပြီး သူတို့ကို တားပေးလို့ ရမလားလို့ တောင်းဆိုချင်လို့ပါဗျာ။ ဒီပစ္စည်းတွေက ခေတ်အဆက်ဆက် ယွမ်ရှောက်မြို့သူမြို့သားတွေရဲ့ ထောက်ပံ့ကူညီမှုကြောင့် ရထားတာတွေပါ "

လောထျန်း သူ့အား အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

" ခင်ဗျားက ကျုပ်ကို တားချင်တယ်ပေါ့ "

စကားဆုံးသည်နှင့် လောထျန်း၏ အရောင်အဝါ ဝုန်းခနဲ ပေါက်ကွဲထွက်လာ၏။

" ကောင်းပြီလေ ၊ ဒါဆို ခင်ဗျားနဲ့ ကျုပ် သူသေကိုယ်သေ တိုက်ခိုက်ကြတာပေါ့။ ခင်ဗျား ကျုပ်ကို အနိုင်ယူနိုင်ရင် ၊ ဒါမှ မဟုတ် သတ်နိုင်ရင်.. ကျုပ် လူတွေကို ရပ်ဖို့ပြောပေးမယ် "

လောထျန်းဆီမှ ထွက်လာသော ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးကြောင့် လယ်သမားအဘိုးအိုမှာ လွင့်ထွက်မလိုပင် ဖြစ်သွားရသည်။

အဘိုးအိုမှာ သူ့ကိုယ်သူ ငြိမ်အောင် မနည်းပြန်ထိန်းလိုက်ရပြီး လက်ယမ်း၍ မြန်မြန်ရှင်းပြလိုက်ရ၏။

" ကျုပ်ဆိုလိုတာ အဲ့သဘော မဟုတ်ပါဘူးဗျာ။ အဲ့လိုသဘောမျိုး လုံးဝ မဟုတ်ပါဘူး "

သူ့ရှေ့မှ ထိုဘီလူးကြီးနှင်​ သူသေကိုယ်သေ တိုက်ခိုက်ရမည်တဲ့လား...

နောက်နေပါသလား...

ထိုသို့ တိုက်ခိုက်လိုက်ပါက သူ့ကိုယ်သူ သေတွင်းထဲ ပို့လိုက်သလိုသာ ဖြစ်သွားပေမည်။

" ဒါဆို ခင်ဗျားက ဘာကို ဆိုလိုတာလဲပြော ၊ ဘာကို ဆိုလိုတာလဲ "

လောထျန်း ဒေါသတကြီး အော်လိုက်သည်။

" ကျုပ်က ဒီတိုင်း သခင်လေးကို မလုပ်ဖို့ အကြံပေးချင်ရုံပါပဲဗျာ။ တခြားသူရဲ့ ပိုင်ဆိုင်မှုတွေကို ဓားပြတိုက်ရင် သခင်လေးရဲ့ ဂုဏ်သတင်းကို ထိခိုက်နိုင်တယ်လေ... "

လယ်သမားအဘိုးအိုက အံကြိတ်ကာ ပြောလိုက်၏။

သို့သော် တဖက်မှ လောထျန်းက လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ကျုပ်ကို လာပြီး နားချနေတယ်ပေါ့။ ယွမ်ရှောက်မြို့စားကြီး ကျုပ်ကို အကွက်ချထောင်ချောက်ဆင်ခဲ့တုန်းကတော့ ခင်ဗျား သူ့ကို သွားနားချတာလဲ မတွေ့မိပါလား။ အခုကျမှ ကျုပ်ကို ဘာလို့ ဒီစကားတွေ လာပြောနေတာလဲ။ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ ဖြစ်သွားတဲ့ ရုတ်ရုတ်သဲသဲ ကိစ္စတွေကို

မကြားလိုက်မိလို့ပါ လို့တော့ လာမပြောနဲ့နော် "

လယ်သမားအဘိုးအို၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားတော့သည်။

" ဒါပေမယ့် အခု သခင်လေး လုပ်နေတာက.... ကိုယ်ကျင့်တရားကျင့်ဝတ်နဲ့ မကိုက်ညီ.... "

" ကိုယ်ကျင့်တရား ကျင့်ဝတ်.. ဟုတ်လား.. "

လောထျန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အော်လိုက်သည်။

" ခင်ဗျားကြီးက ကျုပ်ကို ကိုယ်ကျင့်တရားဆိုတဲ့ စကား လာပြောရဲနေတယ်ပေါ့လေ။ ဝမ်ကွန်းကွေ့ယီဂိုဏ်းက ယွမ်ရှောက်မြို့ကို လုပ်ချင်ရာ လုပ်နေခဲ့တုန်းကတော့ ခင်ဗျား အဲ့စကား မပြောခဲ့ပါလား။ အခုမှ ကျုပ်ကိုယ်လာပြီး ကျင့်ဝတ်တွေ ဘာတွေ လာပြောနေတယ်ပေါ့ "

" တကယ်လို့ ကိုယ်ကျင့်တရား ကျင့်ဝတ်ကသာ အဲ့လောက် အသုံးဝင်နေတယ်ဆိုရင် ဝမ်ဟွန်းကွေ့ယီဂိုဏ်းကို အဲ့ ကျင့်ဝတ်နဲ့ သွားဖျက်ဆီးလိုက်ပါလား။ ပြီးရင် ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုကိုလဲ အဲ့ ကိုယ်ကျင့်တရား ကျင့်ဝတ်နဲ့ပဲ ပြောင်းပြန်လှန်လိုက်

ပါဦး "

" အခု အားလုံး ငြိမ်သွားတော့မှ ကျုပ်ကို ဒီစကားမျိုးနဲ့ လာပြီး ဖိအားပေးနေတယ်။ ခင်ဗျားကြီးက ကျုပ်ကို အရူးလို့ ထင်နေတာလား "

" ခင်ဗျားကို ကျုပ် ပြောလိုက်မယ်။ ဒီနေ့ ယွမ်ရှောက် တစ်မြို့လုံးကို မဖျက်ဆီးတာတောင် ကျုပ်ဘက်က တော်တော်လေး ကျင့်ဝတ်လိုက်နာရာ ကျနေပြီနော်။ ဒါပေမယ့် မြို့စားအိမ်တော်ကိုတော့ ကျုပ် နစ်နာခဲ့ရတာတွေအတွက် လျော်ကြေးအနေနဲ့ ပြန်ယူမှာ။ ခုချိန်ကစပြီး ခင်ဗျားဆီက စကားတစ်ခွန်း ထပ်ထွက်လာတာနဲ့ ယွမ်ရှောက်တစ်မြို့လုံးကို ပြားချပ်သွားအောင်လုပ်ဖို့ ကျုပ် ဝန်မလေးဘူးဆိုတာ မှတ်ထားပါ "

လောထျန်းက ထိုသို့ပြောကာ လယ်သမား အဘိုးအိုအား စိုက်ကြည့်လိုက်သည်။

လယ်သမား အဘိုးအိုမှာ မျက်နှာထား ကြိမ်ဖန်များစွာ ပြောင်းသွားပြီး နောက်ဆုံး.. မည်သည့်စကားမှ ထပ်မဟရဲတော့ပေ။ ထို့နောက်တွင်ကား

သူ လောထျန်းအား ဦးညွှတ်အရိုအသေပေး၍ ရှက်ရွံ့စွာ ထွက်ခွာသွား၏။

ထွက်ခွာသွားသော အဘိုးအို၏ နောက်ကျောကို ကြည့်ကာ လောထျန်း တံတွေးတစ်ချက် ထွေးလိုက်သည်။

" ဟား ဟား.. ငါ့ကိုများ နာမည်ထိခိုက်မယ်လေး ဘာလေးနဲ့ လာခြိမ်းခြောက်ချင်နေသေးတယ်။ ငါ့မှာ ကိုယ်ကျင့်တရား ကျင့်ဝတ်တွေဘာတွေ ရှိတယ်လို့ ထင်နေတယ်ပေါ့ "

အားလုံး..... " ........... "

ဤသို့ဖြင့် မကြာမီမှာပင် လောရုံနှင့် ကျန်လူများ ပြန်ရောက်လာကြ၏။

" အကိုထျန်း ၊ ယွမ်ရှောက်တစ်မြို့လုံးကိုတော့ သေချာစစ်ဆေးကြည့်ပြီးသွားပြီဗျ။ အဖိုးတန်တဲ့ဟာတွေ အားလုံးလဲ ပါလာပြီ "

လောရုံက စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

" ဘာတွေ ရခဲ့လဲ "

လောထျန်း မေးလိုက်၏။

လောရုံတစ်ယောက် မျက်လုံးများ အရောင်လက်သွားကာ ပြန်ဖြေသည်။

" အရင်က ရထားတာတွေ အားလုံးပေါင်းတာထက်တောင် သာသေးတယ်ဗျ။ အကိုထျန်း ၊ ကျုံ့ကျိုးဒေသက တကယ်ကြီး ချမ်းသာတာပဲနော်။ အခု ကျုပ်တို့တွေ ဒီကို ရောက်လက်စနဲ့ နောက်ထပ် မြင့်မြတ်နယ်မြေ နှစ်ခုလောက်ကို လက်စတုန်းလိုက်ရင် မကောင်းဘူးလား "

လောရုံစကားကြောင့် အနားတွင် ရှိနေသူများအားလုံး အံ့သြတုန်လှုပ်သွားကြပါသည်။

မြင့်မြတ်နယ်မြေကို ဖျက်ဆီးမည်တဲ့လား...

ထိုသို့ လုပ်နိုင်စွမ်း ရှိပါသလား...

သို့သော် သေချာ တွေးကြည့်လိုက်ပြန်လျှင်လည်း... လောထျန်း၏ အစွမ်းဖြင့် ဆိုပါက မြင့်မြတ်နယ်မြေ တစ်ခုကို ဖျက်ဆီးချင်လျှင်ပင် ခက်ခဲစရာ အကြောင်းမရှိပါချေ။

ထိုသို့ တွေးမိကာ အားလုံး အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြောလာ၏။

" ထားလိုက်ပါ.. ဘာရန်ငြိုးမှ မရှိဘဲနဲ့ အဲ့လိုကြီး လုပ်ဖို့ မလိုပါဘူး "

သူ့စကားကြောင့် အားလုံး ခေါင်းအသာ ညိတ်လိုက်ကြသည်။

လောထျန်းမှာ စိတ်သဘောထား ကောင်းကာ ကြင်နာတတ်သည့် လူတစ်ယောက်ပါပင်..

သို့သော် ထိုစဥ် လောထျန်းက စကားဆက်၏။

" ကဲ... အခု လူတွေခေါ်ပြီး ယွဲ့လွင်နိုင်ငံ နန်းတော်ကို သွားဖျက်ဆီးကြ။ တားရဲတဲ့သူ မှန်သမျှကို အသေသာ သတ်ပစ်ကွာ "

" ဟုတ်ကဲ့ပါ "

ထို့နောက်တွင်မူ လောရုံက အားလုံးကို ဦးဆောင်၍ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံဆီသို့ ထွက်ခွာ

သွား၏။

ဘေးတွင် ရှိနေသူများမှာ ၎င်းကို ကြည့်ရင်း တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားကြရပါသည်။

သူတို့စိတ်ထဲတွင်လည်း ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချလိုက်ကြပါ၏။

၎င်းမှာ... လောထျန်းအား ဘယ်သောအခါမှ မစော်ကားမိရန်ပင် ။

ဤသို့ဖြင့် မကြာမီအချိန်မှာပင် လောရုံတို့လူစု အထုပ်အပိုးကိုယ်စီဖြင့် ပြန်ရောက်လာကြတော့သည်။

" အကိုထျန်း ၊ ပြန်ရောက်ပါပြီ "

လောရုံက ပြောသည်။

" ဘာတွေ ရခဲ့ကြလဲ "

လောထျန်း မေးလိုက်၏။

" အများကြီးပဲဗျ "

လောရုံ ပြန်ပြောသည်။

လောထျန်း ခေါင်းတစ်ချက် ညိတ်လိုက်၏။

" သိပ်ကောင်းတယ်... အဲ့ပစ္စည်းတွေကို သေချာ ပြန်ယူသွားပြီးတော့ အကြီးအကဲတွေကို ခွဲဝေရေး လုပ်ခိုင်းလိုက်ပါ "

လောထျန်းမှာ သူရခဲ့သော အဖိုးတန်ပစ္စည်းများနှင့်ပတ်သက်၍ ဘယ်သောအခါမှ ကပ်စေးမနည်းခဲ့ဖူးပေ။

" အကိုထျန်းရော ကျုပ်တို့နဲ့အတူ ပြန်မလိုက်လာဘူးလား "

လောရုံက တအံ့တသြ မေးလိုက်သည်။

လောထျန်း ခေါင်းယမ်းပြ၏။

" ငါက ဟို သိဒ္ဓိဝင်ဆေးကို ရှာရဦးမယ်ကွ။ ဒီတော့ ငါ ပြန်လာဖို့ နောက်ထပ်ရက်နည်းနည်း ကြာဦးမယ်နဲ့တူတယ်။ မင်းက တခြားသူတွေကို ဦးဆောင်ပြီး အရင်ပြန်နှင့်လိုက်ပါ။ ဒီတစ်ခေါက် ငါ ပြန်လာရင် မင်းကို အခွင့်ကောင်းအကြီးကြီး တစ်ခု ပေးမယ် "

အခွင့်ကောင်း အကြီးကြီး တဲ့လား...

ထိုစကားကို ကြားသောအခါ လောရုံ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ လောထျန်းအား ဦးညွှတ်အရိုအသေပေး၍ ကျန်လူများနှင့်အတူ ထွက်ခွာသွား၏။

" ဒါနဲ့.. စကားမစပ် ၊ ဒီတစ်ခေါက် ကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ပေးမယ့် နဂါးမျိုးနွယ်ရဲ့ ရတနာဆိုတာ ဘာလဲ "

လောထျန်းက ရုတ်တရက် မေးလိုက်သည်။

ပန်းလင်က ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို ထုတ်ကာ လောထျန်းအား ပေးရင်း ပြော၏။

" ဒီဟာကို အစောပိုင်းက မြို့စားအိမ်တော်ထဲကနေ ကျွန်မ ရှာတွေ့ထားတာ။ သခင်လေး လိုချင်တဲ့ ရတနာက အဲ့ထဲမှာ ရှိတယ် "

လောထျန်း ခေါင်းညိတ်လိုက်ပြီး ခေတ္တမျှ စဥ်းစားကာ လက်စွပ်ထဲတွင် ရှိသမျှပစ္စည်းများအားလုံးကို ထုတ်လိုက်သည်။

ဝုန်း... ဂလုံး...

လက်စွပ်ထဲမှ အရာများ ထွက်လာသည်နှင့် အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး နဂါးအော်သံ တစ်ခုလည်း ထွက်လာ၏။

ချက်ချင်းပင်... အားလုံး၏ မျက်လုံးများက ရတနာတစ်ခုအပေါ် ရောက်သွားကြသည်။

၎င်းမှာ ရွှေရောင်ပစ္စည်းတစ်ခုဖြစ်ပြီး ထိပ်ပိုင်းဘက်မှ နဂါးအစွမ်းတစ်ခု ထွက်နေကာ နဂါးအရိပ်များလည်း ရံဖန်ရံခါ ပေါ်လာ၏။

၎င်းက နဂါးမျိုးနွယ်၏ ဒဏ္ဍာရီကျော် ရတနာတစ်ခု ဖြစ်သည်မှာ သံသယဝင်ဖွယ် မရှိပါချေ။

" အဲ့ဒါ နဂါးမျိုးနွယ်ရဲ့ အဖိုးအတန်ဆုံး ရတနာပဲ။ တကယ်လဲ ထူးခြားဆန်းကျယ်တာပဲကွာ.... "

" အမှန်ပဲ ၊ ဘယ်သူမှ ဘာမှ မလုပ်ဘဲနဲ့တောင် အဲ့လိုအစွမ်းမျိုး ရှိနေတာ။ အစွမ်းပြည့်ကိုသာ အသက်သွင်းလိုက်လို့ကတော့ ဘယ်လိုနေမလဲ မသိဘူး "

" ဟားဟား အရမ်းကြီး စိတ်ကူးယဥ်မနေနဲ့ဦးနော်။ ဒီလိုအဆင့်မျိုးရှိတဲ့ နဂါးရတနာတွေကို အသက်သွင်းဖို့ဆို သွေးအစွမ်း လိုတယ်ကွ "

" သွေးအစွမ်း... ဟုတ်လား "

" ဟုတ်တယ်ကွ။ ကိုယ်က နဂါးတစ်ကောင် ဖြစ်ရင်ဖြစ် ၊ မဟုတ်ရင်လည်း ကိုယ့်ကိုယ်ထဲမှာ နဂါးသွေး ရှိထားမှ ရမှာ။ အဲ့လိုမှ မဟုတ်ရင်တော့ ဒီလို မှော်လက်နက်မျိုးကို လုံးဝ အသက်သွင်းလို့ ရမှာမဟုတ်ဘူး။ အတင်းကြီး အားသုံးပြီး လုပ်မယ်ဆိုရင်တောင် အဲ့မှော်လက်နက်ရဲ့ အစွမ်းပြည့်ကိုတော့ သုံးလို့ရမှာ မဟုတ်ဘူး "

ထိုရှင်းပြချက်ကို ကြားပြီးနောက်တွင်မူ အားလုံး မနေနိုင်ဘဲ ခေါင်းအသာ ယမ်းလိုက်ကြသည်။

ထိုသို့သော လက်နက်မျိုးမှာ သူတို့ လက်လှမ်းမှီသည့် အတိုင်းအတာနှင့် အဝေးကြီးပါပင် ။

သို့သော်... ထိုစဥ်မှာပင် မှော်လက်နက်က ရုတ်တရက် သူ့အလိုလို တုန်ခါလာ၏။

ချက်ချင်းမှာပင်... ရွှေရောင်အလင်းတန်းများ ပိုလင်းလာပြီး နဂါးအစွမ်းလည်း ဆူပွက်လာသည်။

" ဟင်... ဘာတွေ ဖြစ်နေတာလဲ။ တစ်ယောက်ယောက်များ ဒီဟာကို ယူဖို့ ကြိုးစားနေတာလား "

" မဖြစ်နိုင်တာ... အဲ့လိုလုပ်ရင် ကိုယ့်ကိုကိုယ် သေကြောင်းကြံသလိုပဲ ဖြစ်သွားမှာပေါ့ "

အားလုံး ကြောက်လန့်တကြား ဖြစ်သွားကြသည်။

သို့သော် တခဏအကြာမှာပင် သူတို့ အတွေးလွန်သွားခဲ့သည်ကို သိလိုက်ရပါ၏။

ထိုအချိန်တွင် ရွှေရောင်ပစ္စည်းမှာ အဆက်မပြတ် တုန်ခါနေပြီး ၎င်းအပေါ်၌ မရေမတွက်နိုင်သော နဂါးအကွက်များလည်း ပေါ်လာ၏။

သို့သော် ၎င်းမှာ လေထဲပျံတက်ခြင်း မရှိသလို မည်သူ့ကိုမှ တိုက်ခိုက်လိုဟန်လည်း ရှိမနေပါ။

ထိုအစား.. ၎င်းက ပျော်ရွှင်နေဟန်ဖြင့်သာ မြည်သံပေးနေပါသည်။

" ဘာတွေဖြစ်နေတာလဲ... ဒီပစ္စည်းက သူ့သခင်ကို ပြန်တွေ့ရတဲ့ ပုံမျိုး ဘာလို့ ဖြစ်နေရတာလဲ "

" ဟင်... မဖြစ်နိုင်တာ ။ ဒီပစ္စည်းက ဘယ်လိုပဲ ကြည့်ကြည့် အနည်းဆုံးတော့ မသေမျိုးအဆင့်ရှိတဲ့ လက်နက်တစ်ခုပဲ။ တကယ်လို့သာ အဲ့ဒါက ငါ့ကို သူ့သခင်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင်.... "

သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်မှာ ပြောရင်း သွားရည်ပင် ကျမလို ဖြစ်နေ၏။

ထိုစဥ် ဘေးနားမှ လူတစ်ယောက်က သူ့အား အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်၍ ပြောသည်။

" လျှောက်ပြီး စိတ်ကူးတွေ ယဥ်မနေနဲ့။ အဲ့လိုအဆင့်မျိုးရှိတဲ့ မှော်လက်နက်တစ်ခုက မင်းကို ဘာကိစ္စ သခင်အဖြစ် အသိအမှတ်ပြုမှာလဲ။ ပြီးတော့ မင်းရဲ့ သွေးဆက်ကိုရော မေ့သွားပြီလား "

" ဟမ့်... ဘယ်သူက အတိအကျ ပြောနိုင်မှာလဲကွ။ ငါ့ကိုယ်ထဲမှာ နဂါးသွေး ရှိနေတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ မပြောနိုင်ဘူးလေ... "

ထိုလူမှာ အဖြစ်မှန်ကို လက်ခံရန် ငြင်းနေဆဲပင်။

အားလုံး ထိုသို့ ပြောနေစဥ်မှာပင် ရွှေရောင်ပစ္စည်းလေးက လှုပ်ရှားလာ၏။

ဝီ...

၎င်းက ရှောက်ထျန်းလုံလေး၏ ရှေ့သို့ တိုက်ရိုက် ပျံသန်းသွားပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။

All Chapters