စမ်းသပ်မှုလုပ်ခြင်း
Vol. 33 Ch. 459
" နတ်ဆိုး ဧကရာဇ်ကြီး... ဟုတ်လား... "
လီလေးမှာ စစချင်း လန့်သွားသော်လည်း အောင့်သက်သက် အပြုံးဖြင့် ပြန်ပြော၏။
" သခင်မကြီး ပန်းလင် ၊ မနောက်ပါနဲ့ဗျာ။ ကျုပ် ခန္ဓာကိုယ်ထဲမှာက အဲ့လူတွေရဲ့ လက်ချက်နဲ့ မိစ္ဆာနတ်ဆိုးအစွမ်းတွေ ရှိနေတာမို့ နတ်ဆိုးဧကရာဇ်ကြီး ဘယ်လောက်အစွမ်းထက်တယ် ဆိုတာကို ကျုပ် ကောင်းကောင်း သိပါတယ်။ အဲ့ကောင်ကြီးက အသတ်ခံရတာ.. ဘယ်လိုမှ မဖြစ်နိုင်ဘူး "
ပန်းလင်က ထပ်ပြောသည်။
" ငါ လိမ်နေတာ မဟုတ်ဘူးဟဲ့ ၊ ငါ ပြောနေတာတွေက အမှန်တွေ။ နတ်ဆိုးဧကရာဇ်ကြီးက တကယ်သေသွားပြီ။ သူက ငါ့ရှေ့မှာတင် အသတ်ခံလိုက်ရတာ "
လီလေးက လောထျန်းအား ခေါင်းမော့ကြည့်ပြီး ပြော၏။
" မင်းက နတ်ဆိုးဧကရာဇ်ကြီးကို တကယ်သတ်ခဲ့တာလား.. "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် "
လီလေး မျက်မှောင်ကြုံ့ကာ ထပ်မေး၏။
" ဒါဆို ဘယ်လိုသက်သေပြနိုင်လဲ "
သက်သေပြရမည် တဲ့လား...
လောထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားရသည်။ သူ့တွင် သက်သေပြစရာ နည်းလမ်း မရှိပါချေ...
ထို့နောက်တွင်မူ... သူ့ခေါင်းထဲ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည့်အတွက် ဟင်းလင်းပြင်လက်စွပ်ထဲမှ သွေးစွန်းနေသော ကျောက်တုံးကို ထုတ်ပြီး ပြောလိုက်သည်။
" ဒါနဲ့ဆို သက်သေပြဖို့ လုံလောက်လား "
ထိုကျောက်တုံးလေးမှာ သူ နတ်ဆိုးဧကရာဇ်၏ ကမ္ဘာငယ်မှ ယူလာခဲ့သည့် တစ်ခုတည်းသော အရာပင်။
သို့သော်.... ထင်မထားစွာပင်... သူ ကျောက်တုံးကို
ထုတ်လိုက်သည်နှင့်..
ဝုန်း...
ကြေးနီတိုင်များတွင် ချည်နှောင်ခံထားရပြီး ဒုက္ခခံနေခဲ့ကြရသည့် သားရဲများအားလုံး .. တိတ်ဆိတ်သွားကြ၏။
အားလုံး၏ မျက်လုံးများက လောထျန်းလက်ထဲမှ ကျောက်တုံးကိုသာ စူးစူးရဲရဲ စိုက်ကြည့်လာကြသည်။
လီလေးသည်ပင် တစ်ကိုယ်လုံး တုန်လာကာ.. သူ့ခန္ဓာကိုယ်က ထိန်းချုပ်၍ မရတော့သလို ဖြစ်သွားပြီး ကျောက်တုံးရှေ့၌ ဒူးထောက်ချလိုစိတ် ဖြစ်သွားပါ၏။
" ဒီ... ဒီအစွမ်းက.. ဘာတွေ ဖြစ်နေတာလဲ "
လီလေးက အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
သူ့ စိတ်စွမ်းအင် အသိဉာဏ်က အကောင်းတိုင်း ရှိနေသေးသည့်တိုင် သူ့ခန္ဓာကိုယ်မှာ အထိန်းချုပ် မဲ့နေ
သလိုလည်း ခံစားလိုက်ရ၏။
" သခင်လေး လောထျန်း ၊ အဲ့ကျောက်တုံးကို မြန်မြန်သိမ်းလိုက်ပါ "
တစ်စုံတစ်ခု လွဲနေသည်ကို သတိထားမိသွားသော ပန်းလင်က လောထျန်းအား ချက်ချင်း သတိပေးလိုက်သည်။
လောထျန်းကလည်း ကျောက်တုံးအား ချက်ချင်း ပြန်သိမ်းလိုက်ပါ၏။
ဝုန်း..
ချက်ချင်းမှာပင် အရာအားလုံး အရင်အတိုင်း ပြန်ဖြစ်သွားသည်။
" အဲ့ဒါ... အဲ့ဒါ ဘာကြီးလဲ "
လီလေးက လောထျန်းအား အံ့သြတုန်လှုပ်စွာ ကြည့်၍ မေးလိုက်သည်။
လောထျန်းက ပြန်ဖြေ၏။
" ကျုပ်လဲ မသိဘူး ၊ နတ်ဆိုးဧကရာဇ်ကြီးကို သတ်
ပြီးတဲ့နောက် အဲ့ကျောက်တုံးကို တွေ့ခဲ့ရတာပဲ။ ခင်ဗျား ခုနက ဘာဖြစ်သွားတာလဲ "
လီလေးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြန်ပြောသည်။
" ကျုပ် ဘာဖြစ်သွားလဲဆိုတာ.. ကျုပ်ကိုယ်တိုင်လဲ မသိဘူး။ ဒါပေမယ့် စောနက အဲ့ကျောက်တုံးကို ဘယ်လိုမှ မခုခံနိုင်သလိုတော့ ခံစားလိုက်ရတယ်။ မင်းက နတ်ဆိုးဧကရာဇ်ကြီးကို တကယ်သတ်ခဲ့တာလား "
၎င်းမှာ ယုံရန် ခဲယဥ်းသော အရာတစ်ခု ဖြစ်သော်ငြား... သူ စ၍ ယုံလာလေပြီ ။
လောထျန်းလက်ထဲမှ အရာလေးမှာ နတ်ဆိုးဧကရာဇ်ကြီးနှင့် တစ်စုံတရာ ပတ်သက်ဟန်တူပြီး ...
မိစ္ဆာအစွမ်းနှင့် အလွန်ဆင်တူသည်ကို သူ ကောင်းကောင်းကြီး ခံစားခဲ့ရသည် မဟုတ်ပါလား။
ထိုအရာက အတု လုံးဝ မဟုတ်နိုင်ပါချေ။
" အမှန်ပဲ "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
လီလေး ချက်ချင်း ထိတ်လန့်သွားကာ ပြော၏။
" မင်းနာမည်က လောထျန်း.. ဟုတ်တယ်နော်။ မင်း နတ်ဆိုးဧကရာဇ်ကြီးကို ဘယ်လိုသတ်ခဲ့လဲဆိုတာ ငါ မသိပေမယ့်... မင်းကို ပြောချင်တာ တစ်ခုတော့ ရှိတယ်ကွ။ မင်း ဒုက္ခကြီးကြီး ရောက်နေပြီနဲ့ တူတယ် "
" ဒုက္ခကြီးကြီး ရောက်နေပြီ.... "
ပန်းလင် အံ့သြမှင်သက်သွားရသည်။
လီလေးက ခေါင်းညိတ်ပြီး ပြန်ပြော၏။
" အမှန်ပဲ ၊ ကျုပ်တို့ စုံစမ်းထားတာတွေရယ်... ဟိုကောင်တွေရဲ့ ပြောစကားတွေရယ် အရ ကျုပ် နတ်ဆိုးဧကရာဇ်ကြီးအကြောင်းကို ထိုက်သင့်သလောက် နားလည်ထားတယ်။ အဲ့ဒီ နတ်ဆိုးဧကရာဇ်ကြီးမှာက မသေမျိုးခန္ဓာကိုယ် ရှိထားပြီးတော့ သူ့ရဲ့ မူလ ကမ္ဘာထဲမှာ ရှိနေသရွေ့ ပြန်ပြီး အသက်သွင်းနိုင်စွမ်း ရှိတယ်။ အဲ့ကျရင် သူက အရင်ထက်ပိုတဲ့အစွမ်းနဲ့ လောထျန်းကို လက်တုန့်ပြန်လာမှာ အသေချာပဲ "
သို့သော် သူ့စကားကို ကြားပြီးသွားသည့်တိုင် လောထျန်းနှင့် ပန်းလင်တို့က တစ်ယောက်ကိုတစ်ယောက် တည်ငြိမ်စွာသာ လှမ်းကြည့်လိုက်ကြပါသည်။
လီလေးမှာ ထိုနှစ်ယောက်၏ မထူးခြားဟန် မျက်နှာပေးများကြောင့် သူ့စကားအား မယုံဟု ထင်သွားကာ ထပ်ပြော၏။
" ကျုပ် လိမ်ပြောနေတာ မဟုတ်ဘူးနော်... ကျုပ်ပြောတာကို ယုံပါ "
လောထျန်းက ချောင်းဟန့်၍ ပြန်ပြောလိုက်သည်။
" ဟို... ကျုပ်တို့က ခင်ဗျားပြောတာကို မယုံလို့ မဟုတ်ပါဘူး။ နတ်ဆိုးဧကရာဇ်ကြီးရဲ့ မူလ ကမ္ဘာငယ်က ကျုပ်လက်ချက်ကြောင့်ပဲ.. ပျက်စီးသွားပြီမို့ပါ "
" အင်.... "
လီလေး အံ့သြခြင်းကြီးစွာ ဖြစ်သွားရတော့သည်။
နတ်ဆိုးဧကရာဇ်ကြီး၏ မူလကမ္ဘာငယ်က ဖျက်ဆီးခံ
လိုက်ရပြီတဲ့လား...
သူ ချက်ချင်းပင် ပန်းလင်ထံမှ အတည်ပြုမှုကို လိုချင်နေသည့်အလား လှမ်းကြည့်လိုက်သည်။
ပန်းလင်က ခေါင်းညိတ်ပြ၏။
" အမှန်ပဲ ၊ သူ အဲ့ကမ္ဘာငယ်ကို ဖျက်ဆီးတာကို ငါ့မျက်စိနဲ့ သေချာ မြင်ခဲ့ရတာ။ တစစီ ပျက်သွားပြီလို့တောင် ပြောလို့ရတယ် "
လီလေး ပါးစပ်ကြီး အဟောင်းသား ဖြစ်သွားတော့သည်။
သူ လောထျန်းအပေါ် ကြည့်သည့် အကြည့်ကလည်း ယခင်နှင့် မတူတော့ပေ။
" ကဲ... ဒါဆို.. အခု မင်းတို့ကို အဲ့လိုဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ ဆိုတာ ပြောပြတော့ "
ပန်းလင်က ထပ်မေးလိုက်သည်။
လီလေးက မျက်မှောင်ကြီးကြုံ့၍ လောထျန်းအား အချိန်အတန်ကြာ စိုက်ကြည့်နေပြီး နောက်မှသာ
ပြောလာ၏။
" မင်းမှာသာ အဲ့လိုအစွမ်းမျိုး တကယ်ရှိနေတယ် ဆိုရင်တော့ မင်းကို ပြောပြလို့ ကိစ္စမရှိလောက်ဘူး။ အဲ့ကောင်တွေက အင်မတန် သတိကြီးတဲ့ ကောင်တွေကွ။ သူတို့ လာတဲ့အခါတိုင်း သဲလွန်စတွေကို သေချာဖျောက်ပြီးမှ လာကြတာ။ ဘယ်လိုသတင်းမျိုးမှ မပေါက်ကြားအောင်လဲ သေချာထိန်းကြတယ်။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ... သူတို့ရဲ့ အမူအရာတွေကနေတဆင့် ငါ သိလာတာတွေ ရှိတယ် "
" သူတို့ထဲက နှစ်ယောက်ကိုတော့ ဘယ်သူတွေဆိုတာ ငါ သေချာ ပြောနိုင်တယ်ကွ။ တစ်ယောက်က ဝမ်ဟွန်းကွေ့ယီဂိုဏ်းကပဲ "
" ထင်တဲ့အတိုင်း အဲ့ကောင်တွေပါပဲလား "
လောထျန်း စိတ်ထဲမှ တွေးပြီး ခေါင်းညိတ်လိုက်သည်။
ပြီးခဲ့သည့် ကောင်းကင်ဘုံနဂါး ပြိုင်ပွဲတွင် ဝမ်ဟွန်းကွေ့ယီဂိုဏ်းက နတ်ဆိုးဧကရာဇ်နှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွယ်နေသည်ကို သူ သိခဲ့ရရာ ယခုကိစ္စ၌လည်း သူတို့နှင့် ပတ်သက်နေရမည်ဟု သူ ယုံ
ထားပါ၏။
" နောက်တစ်ယောက်ကတော့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ ကပဲ "
လီလေးက စကားဆက်သည်။
" စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့.. ဟုတ်လား ။ ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့ကရော ဝမ်ဟွန်းကွေ့ယီဂိုဏ်းနဲ့ ပတ်သက်နေကြတာပေါ့ "
ပန်းလင် အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။
သူမ စိတ်ထဲတွင် စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့မှာ မှန်ကန်ဖြောင့်မတ်ကြသည့် လူများဟုသာ ထင်ထားခဲ့ပါ၏။
ဝမ်ဟွန်းကွေ့ယီဂိုဏ်းကမူ အများကို အမြဲတစေ ပစ်မှတ်ထား မကောင်းကြံစည်နေသည့် အဖွဲ့အစည်း တစ်ခုပါပင်။
သို့ဖြစ်ရာ ထိုနှစ်ဖွဲ့မှာ ကြေးပြားတစ်ခု၏ ခေါင်းနှင့် ပန်း ကဲ့သို့ ဆန့်ကျင်ဘက်ပင် ။
ယခု ထိုသို့သော အဖွဲ့နှစ်ခုက တစ်ကြိတ်တည်း ၊ တစ်ဉာဏ်တည်း ဖြစ်နေသတဲ့လား...
မယုံနိုင်ဖွယ်ရာပင် ....
တဖက်မှ လောထျန်းမှာမူ ထိုသတင်းကို မထူးဆန်းသည့်အလား တည်ငြိမ်စွာသာ ရှိနေပါ၏။
စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့နှင့် ကြုံခဲ့ရသည့် အကြိမ်များအတွင်း ထိုအဖွဲ့က အများထင်ထားသကဲ့သို့ မရိုးရှင်းသည်ကို သူ သိခဲ့ရသည် မဟုတ်ပါလား။
သို့ဖြစ်ရာ လီလေးပြောသည့် စကားက သူ့အတွက် အံ့သြစရာ မကောင်းပါချေ။
" ငါ နားလည်ပြီ လီလေး ။ ဒါဆို မင်းကို အရင်လွတ်ပေးမယ် "
ပန်းလင်က ပြောပြောဆိုဆိုပင် ကြေးနီတိုင်၌ ချည်နှောင်ထားသော ချိန်းကြိုးများအား ဖြေပေးရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် လီလေးက အလန့်တကြား
တားလာ၏။
" ခဏလေးပါဗျာ "
" ဟင်... "
ပန်းလင် မှင်သက်သွားကာ လီလေးအား အံ့သြတကြီး ကြည့်လိုက်သည်။
လီလေးက အောင့်သက်သက်အပြုံးဖြင့် ဆို၏။
" ကျုပ်က သေခါနီး အခြေအနေတောင် ရောက်နေပါပြီဗျာ။ ကျုပ် ပြီးခဲ့တဲ့ နှစ်တွေမှာ နောက်ဆုံးကျန်တဲ့ အသက်ကို ကျုပ်ရဲ့ စိတ်ဝိဥာဥ် ဆက်ပြီး အသက်ရှင်နေသေးအောင်ပဲ ထိန်းပြီး နေလာခဲ့တာ။ ဒါပေမယ့် အခုတော့ ကျုပ် တောင့်ခံခဲ့တဲ့ နှစ်တွေလဲ ကြာခဲ့ပြီမို့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူးဗျ။ ကျုပ်က မကြာခင်မှာ လမ်းလျှောက်နေတဲ့ အလောင်းကောင်ကြီးလိုပဲ ဖြစ်သွားရတော့မှာမို့ လွတ်ပေးလို့လဲ ဘာမှ မထူးတော့ပါဘူး။ ကျုပ်ကို လွတ်လိုက်ရင် ကမ္ဘာကြီးကို ဒုက္ခပေးမယ့် အရာတစ်ခု လွတ်လာသလိုပဲ ဖြစ်သွားရမှာ "
ထိုစကားကို ကြားသည့် အချိန်တွင်မူ ပန်းလင်၏ လက်များ တုန်ယင်သွားကာ မည်သို့ ဆက်လုပ်ရမည်
မသိ ဖြစ်သွားရှာသည်။
" ကျုပ်ကို သတ်ပေးပါဗျာ "
လီလေးက မျက်လုံးများ မှိတ်ထားရင်း ပန်းလင်အား ပြောလာ၏။
" သတ်ရမယ်.. ဟုတ်လား ... "
ပန်းလင်၏ အသံလေး တုန်သွားသည်။
လီလေးက မျက်လုံးများ ရုတ်တရက် ပြန်ဖွင့်ကာ ပန်းလင်အား ကြည့်လိုက်၏။
" ကျုပ် တောင်းပန်ပါတယ်ဗျာ။ ဒီလုပ်ရပ်က သခင်မကြီးအပေါ် ရက်စက်သလို ဖြစ်သွားမှာကို ကျုပ် သိပါတယ် "
ထို့နောက် သူ လောထျန်းဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" ကျေးဇူးပြုပြီးတော့ မင်းကပဲ ကျုပ်ကို သတ်ပေးလို့ ရမလား "
လောထျန်း မျက်မှောင်ကြုံ့သွားပါ၏။
" စိတ်မကောင်းပါဘူးဗျာ။ ကျုပ် သတ်နိုင်တာ မှန်ပေ
မယ့် အဲ့လိုကြီးတော့ မသတ်ချင်ဘူး "
လီလေးက စိုးရိမ်သွားဟန်ဖြင့် ချက်ချင်း ပြန်ပြောသည်။
" တကယ်လို့သာ ကျုပ်ကို မသတ်ဘူးဆိုရင်... မကြာခင်မှာ ကျုပ်လဲ ဟိုသားရဲတွေလို ဖြစ်သွားမှာ။ ကျုပ် ဒီအစွမ်းကို မထိန်းချုပ်နိုင်တာ ကြာလှပြီ။ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့ကွာ... ကျုပ်ရဲ့ ခန္ဓာကိုယ်က တော်တော်လေး ပျက်စီးနေပါပြီ "
သူ ထိုသို့ပြောကာ အဝတ်စားများကို ဆွဲဖြဲလိုက်သည်။
လီလေး၏ ခန္ဓာကိုယ်ကို မြင်သည်နှင့် ပန်းလင်၏ မျက်နှာ ချက်ချင်းသွေးဆုတ်ဖြူရော်သွား၏။
အမှန်တွင်လည်း လီလေး၏ ခန္ဓာကိုယ် တစ်ခုလုံးနီးပါး တိုက်စားခံထားရလေပြီ။
သူမသည် ကိစ္စတော်တော်များများကို လုပ်နိုင်သော သဘာဝ စိတ်ဝိဥာဥ်တစ်ယောက် ဖြစ်သည့်တိုင် ယခုတွင်ကား... ကူကယ်ရာမဲ့ ဖြစ်နေပြီး စိတ်ဓာတ်အလွန်ကျသွား၏။
" ဒါကြောင့်မို့ ကျေးဇူးပြုပြီး ကျုပ်ကို သတ်ပေးပါ "
လီလေးက နွမ်းလျလျ အပြုံးဖြင့် ထပ်ပြောလာသည်။
ထိုသို့ ပြောပြီးနောက် သူ သေရန် အသင့်စောင့်နေဟန်ဖြင့် မျက်လုံးများ မှိတ်ထားလိုက်၏။
သို့သော် လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာသည်။
" တိုက်စားခံထားရတာဆိုတော့... ဒါနဲ့ ဆိုရင်ရော "
သူ ပြောပြောဆိုဆိုပင် သွေးစွန်းနေသော ကျောက်တုံးအား ထပ်ထုတ်လိုက်၏။
ဝီ...
ချက်ချင်းမှာပင် လီလေး၏ ခန္ဓာကိုယ် တောင့်တင်းသွားကာ သူ့အရောင်အဝါလည်း လှုပ်ရှားလာပြန်သည်။
" မင်း... ဘာတွေ လုပ်မလို့လဲ "
လီလေး အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
လောထျန်းက လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် ကျောက်တုံးအား လီလေး၏ ပါးစပ်ထဲသို့ တန်းထည့်လိုက်၏။
ဝုန်း...
အသံကျယ် တစ်သံနှင့်အတူ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု လီလေး၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
" သခင်လေး လောထျန်း ၊ ဘာတွေ လုပ်လိုက်တာလဲ "
ထိုမြင်ကွင်းကို ကြည့်နေသော ပန်းလင်ကလည်း အလန့်တကြား ထအော်၏။
လောထျန်းကမူ အေးအေးဆေးဆေးပင် ပြန်ပြောသည်။
" ဘာမှ မဟုတ်ပါဘူးဗျာ ၊ စိတ်မပူပါနဲ့ ။ ကျုပ် တစ်ခုကို စမ်းသပ်ချင်လို့ပါ "