နတ်ဆိုးဧကရာဇ် လီ
Vol. 33 Ch. 460
" စမ်းသပ်မလို့ ဟုတ်လား.. ဘာလို့ လီလေးရဲ့ ခန္ဓာကိုယ်ကို သုံးပြီး စမ်းသပ်ရတာလဲ "
ပန်းလင် ဒေါသူပုန် ထသွားသည်။
လောထျန်းက သူမကိုကြည့်ကာ ပြော၏။
" မဟုတ်လဲ သူက သေတော့မှာပဲလေဗျာ။ အဲ့တော့ ဘာဖြစ်ဖြစ် ကြိုးစားကြည့်လိုက်တာ မကောင်းဘူးလား "
ပန်းလင်က စိုးရိမ်တကြီး ပြန်ရန်တွေ့သည်။
" အဲ့လို လုပ်လို့ မရဘူးနော်။ ခုချက်ချင်း သူ့ပါးစပ်ထဲကဟာကို ပြန်ထုတ်လိုက်ပါ "
လောထျန်းက လီလေးအား တစ်ချက် လှမ်းကြည့်ရင်း ပြန်ပြော၏။
" ပြန်ထုတ်စေချင်တာ သေချာရဲ့လား "
ပန်းလင် ပြန်ဖြေခါနီး အချိန်မှာပင် ရှောက်လီကျီခေါ် ၊ လီလေးအား လှမ်းကြည့်မိလိုက်ပြီး အံ့သြမှင်သက်သွားရသည်။
" ဒါ.... "
သူမ ရှေ့မှ မြင်ကွင်းအား တအံ့တသြ လှမ်းကြည့်ကာ မယုံနိုင် ဖြစ်သွား၏။
လီလေးမှာကား သူမ ရှေ့မှောက်မှာပင် ကျောက်တုံးနှင့် တစ်သားတည်း ပေါင်းစပ်နေလေပြီ။
ထိုသို့ ပေါင်းစပ်နေစဥ်တွင်လည်း လီလေး၏ ခန္ဓာကိုယ်ထဲတွင် ရှိထားနှင့်သော မိစ္ဆာဝိဥာဥ်များနှင့် နတ်ဆိုးဧကရာဇ်မျိုးနွယ်၏ မူလအစွမ်းများက ဆက်တိုက် ဖိနှိပ်ခံနေရပါ၏။
ကျောက်တုံးမှ သွေးအစွမ်းကလည်း လီလေး၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်သွားသည်။
လီလေး၏ အရောင်အဝါမှာလည်း တစထက်တစ တိုးလာပြီး ကြောက်မက်ဖွယ် ပမာဏသို့ ရောက်လာ၏။
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "
ပန်းလင် အလွန်အံ့သြတုန်လှုပ်သွားရတော့သည်။
လောထျန်းက တည်တည်ငြိမ်ငြိမ်ပင် ပြောလာ၏။
" ကျုပ် ခုနက ကျောက်တုံးကို ထုတ်လိုက်တဲ့အချိန်မှာ သူ့ကိုယ်ထဲက တိုက်စားစွမ်းအင်တွေ ဖိနှိပ်ခံလိုက်ရတာ သတိထားမိသွားလို့ အဲ့လိုလုပ်ကြည့်ဖို့ အကြံရသွားတာဗျ။ အခု ကြည့်ရတာတော့ အခြေအနေ ကောင်းတယ်နဲ့တူတယ် "
ပန်းလင်က စိတ်ဆိုးမာန်ဆိုး ပြန်ပြောသည်။
" သခင်လေး အမှားလုပ်မိသွားပြီးတော့ သူ့ကို သတ်သလို ဖြစ်သွားမှာရော စိတ်မပူဘူးလား "
လောထျန်းက ပန်းလင်ဘက် ရုတ်တရက် လှည့်ကြည့်ကာ ပြော၏။
" သူက အဲ့လို ဖြစ်ချင်နေခဲ့တာ မဟုတ်ဘူးလား "
" အင်... "
ပန်းလင် ဆွံ့အသွားရပါတော့သည်။
ခေတ္တ ကြာပြီးနောက်တွင်မူ သူမ အနည်းငယ် စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် လီလေးဘက် လှမ်းကြည့်လိုက်၏။
" သူက တကယ်လဲ သေချင်နေခဲ့တာလေ။ အဲ့တော့ ကျုပ် အမှားလုပ်မိသွားရင်တောင် သူ လိုချင်တာ ရသွားတာပေါ့ဗျာ။ ဒါပေမယ့် ကျုပ် အောင်မြင်သွားရင်တော့ အကြီးကြီး ထောသွားမှာဗျ "
လောထျန်းက စကားဆက်သည်။
ပန်းလင်မှာ ထိုလုပ်ရပ်က မှားသည်ဟု ခံစားမိနေခဲ့သော်လည်း လောထျန်း၏ စကားအား သေချာစဥ်းစားကြည့်လိုက်သည့် အချိန်တွင်မူ.. အမှားကို ရှာမတွေ့ပါချေ။
ထိုအချိန်တွင်...
ဝုန်း...
လီလေး၏ ကိုယ်မှ အစွမ်းထက်သော အရောင်အဝါတစ်ခု ထပ်မံပေါက်ကွဲထွက်လာပြန်သည်။
ပန်းလင် သူ့ဘက် ထပ်လှည့်ကြည့်လိုက်သောအခါ လီလေး၏ ခန္ဓာကိုယ် ပြောင်းလဲသွားခဲ့ပြီကို မြင်လိုက်ရပါ၏။
အစောပိုင်းက ပုပ်သိုးကာ တိုက်စားခံထားရသည့် သူ့ခန္ဓာကိုယ်မှာ ယခင် မူလအခြေအနေသို့ ပြန်ရောက်နေခဲ့လေပြီ။ သို့သော် ကိုယ်ပေါ်တွင်မူ ထူးဆန်းသော ထွင်းစာများ များစွာပင် ရှိနေပါ၏။
လီလေး၏ ဖြူဖွေးသော ဆံပင်များက လေထဲတွင် လွင့်နေပြီး... သူ့အသွင်မှာ ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါး ၊ သို့မဟုတ် နတ်ဆိုးတစ်ပါး လိုပါပင်။
ဝီ...
ထိုစဥ် လီလေးက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ရာ သူ့မျက်လုံးမှ အေးစက်စက် အလင်းတန်းနှစ်ခု ရုတ်ချည်း တိုးထွက်လာ၏။
ကောင်းကင်နှင့် မြေကြီးလည်း ရုတ်ချည်း အရောင်ပြောင်းသွားကြသည်။
" ငါ ... ဘာတွေ ဖြစ်နေတာလဲ။ အစွမ်းက အဝေးကြီးကနေ လာနေသလိုပဲ "
" ငါ ဘယ်သူလဲ.... ငါက ယွီရှဂိုဏ်းက လီလေး... ။ မဟုတ်သေးဘူး... ငါက နတ်ဆိုးဧကရာဇ်ကြီးရဲ့ အစွမ်းတွေကို ရခဲ့တာဆိုတော့ ခုချိန်ကစပြီး... နတ်ဆိုးဧကရာဇ် လီ လို့ ခေါ်ရတော့မှာပေါ့။ ငါတို့ဂိုဏ်းဝင်တွေကို သတ်ခဲ့တဲ့ကောင်ကို သတ်ပစ်မယ် "
လီလေးက ဒေါသတကြီး အော်လိုက်သည်။
ဝုန်း...
ချက်ချင်းမှာပင် နတ်ဆိုးအစွမ်းများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားကြ၏။
" သူ အဲ့တိုင်း အဆင်ပြေပါ့မလား "
ပန်းလင်က စိုးရိမ်တကြီး မေးလိုက်သည်။
ဘေးမှ ကြည့်နေသော လောထျန်း မျက်မှောင်ကြီး ကြုံ့သွား၏။
" သူ့ဦးနှောက် ချောင်သွားပြီလို့ ကျုပ် ဘာလို့ ခံစားမိနေတာလဲ မသိဘူး "
" ဒါဆို အခု ဘာဆက်လုပ်ကြမလဲ "
ပန်းလင် စိုးရိမ်စွာ ထပ်မေးလိုက်သည်။
လီလေးမှာ ယခင်ကတည်းက အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်နေခဲ့သူ ဖြစ်ရာ သူ့ဦးနှောက်သာ မကောင်းတော့ဘူး ဆိုပါက ... အားလုံး ပိုဆိုးသွားပေလိမ့်မည်။
ထိုစဥ် လီလေးက ကောင်းကင်ယံသို့ မော့ကြည့်နေရာမှ အကြည့်လွဲပြီး လောထျန်းအား ကြည့်လာသည်။
" ကျေးဇူးတင်ပါတယ်... ။ မင်းကြောင့်သာ မဟုတ်ရင် ကျုပ် အခုလို ပြိုင်ဘက်ကင်းတဲ့ အစွမ်းမျိုး ရနိုင်မှာ မဟုတ်ဘူး "
လီလေးက အပြုံးဖြင့် ဆို၏။
" ပြိုင်ဘက်ကင်း.. ဟုတ်လား "
ထိုစကားကို ကြားသည်နှင့် လောထျန်း ချက်ချင်းပင် ပြန်မေးလိုက်သည်။
လီလေးက ခေါင်းညိတ်ပြ၍ ပြန်ပြော၏။
" အမှန်ပဲ ၊ အခု လက်ရှိမှာ ကျုပ်ရဲ့အစွမ်းက အဆုံးအစ မဲ့သလိုကို ခံစားနေရတယ်။ လုံးဝ ဒဏ္ဍာရီ
ကျော် ပြိုင်ဘက်ကင်း အစွမ်းမျိုးပဲကွာ။ ကျုပ်ပြောတာ မယုံရင် ကျုပ်ကို လက်သီးနဲ့ စမ်းထိုးကြည့်ပါလား... လုပ်လေ "
လောထျန်းက သူ့အား ထူးဆန်းသည့် အကြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။
" ခင်ဗျားပြောတာ သေချာရဲ့လား "
လီလေးက ပြန်ပြော၏။
" ဒါပေါ့ကွ "
သူ ထိုသို့ပြောပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်၍ တိုက်ခိုက်သည်ကို ခံရန် အသင့်စောင့်နေဟန် လုပ်လိုက်ပါသေးသည်။
လောထျန်း နှုတ်ခမ်းမဲ့သွား၏။
သူ့ရှေ့မှ ထိုလူက အရိုက်ခံရန် ထိုက်တန်လွန်းလှသလိုပင်..
ထို့ကြောင့် သူ လက်သီး ဆုပ်လိုက်သည်။
တခဏကြာပြီးနောက်တွင်မူ...
" လီလေး... မသေပါနဲ့ လီလေးရယ် ... လီလေး "
ပန်းလင်မှာ မြေပြင်တွင် ဒူးထောက်လျက်သား ရှိနေပြီး လီလေးမှာကား မြေပြင်တွင် လဲလျက် သွေးများ အန်နေပါ၏။
သူ့ဘေးတွင်ကား.. လောထျန်းက ရှက်ရွံ့နေသည့် မျက်နှာဖြင့် ရပ်နေသည်။
" မင်းတို့ ငါ့ ဘက်ကနေ သက်သေလိုက်ပေးရမယ်နော်... ငါက သူ ရိုက်ခိုင်းလို့ ရိုက်ရတာ "
လောထျန်းက မျောက်နှင့် ရှောက်ထျန်းလုံတို့ဘက် လှမ်းကြည့်ကာ စစ်ကူတောင်းလိုက်သည်။
ထိုနှစ်ယောက်က တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
တဖက်မှ လဲကျနေသော လီလေးမှာ နာကျင်စွာ ငြီးတွားရင်း မျက်လုံးများ ဖြည်းဖြည်း ဖွင့်လာသည်။
" ငါ... ဘာဖြစ်သွားတာလဲ "
သူ ဘေးဘီသို့ အံ့သြတကြီး လှည့်ကြည့်လိုက်၏။
" ဟင်.. လီလေး... မှတ်ဉာဏ် ပျောက်သွားပြီလား "
ဘေးတွင် ရှိနေသော ပန်းလင်က စိုးရိမ်တကြီး မေးလိုက်သည်။
နောက်ဆုံးတွင်မူ လီလေးက အသိပြန်ဝင်လာဟန်ဖြင့် ပြော၏။
" သခင်မကြီး ပန်းလင်ပါလား... ဒါဆို အိမ်မက် မဟုတ်ဘူးပေါ့ "
သူ ပြောပြောဆိုဆိုပင် သူ့ခေါင်းနှင့် ရင်ဘတ်တို့ကို စမ်းကြည့်လိုက်ပြီး ဆက်ပြောသည်။
" ဒါ တကယ်ကြီး အိမ်မက် မဟုတ်ဘူးပဲ။ ဒါဆို.. ကျုပ် တကယ်ကို ပြန်ကောင်းသွားတာပေါ့ "
လောထျန်းက ခေါင်းညိတ်၍ ဝင်ပြော၏။
" ဒါပေါ့... ဘာလို့ အိမ်မက် ဖြစ်ရမှာလဲ။ ခင်ဗျားက ကျုပ်ရဲ့ ရတနာတစ်ခုကို မြိုထားတာလေ။ ခင်ဗျားသာ ပြန်မကောင်းလာရင် ကျုပ် အများကြီး ဆုံးရှုံးသွားရမှာ "
လီလေးက လောထျန်းအား ချက်ချင်း လှည့်ကြည့်လာပြီး မည်သို့ ဖြစ်သွားခဲ့သည်ကို ပြန်မှတ်မိသွားဟန် တူသည်။
ထို့နောက်တွင်မူ သူ မြေကြီးပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်၏။
" ကျုပ် ၊ နတ်ဆိုးဧကရာဇ် လီ ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ "
လောထျန်း၏ မျက်နှာကြီး ချက်ချင်း သုန်မှုန်သွားတော့သည်။
ထိုလူက သူ့ကိုယ်သူ နတ်ဆိုးဧကရာဇ် ဟု အမှန်တကယ် အမည်ပေးလိုက်သည်လား ။
" သခင်လေး လောထျန်း ၊ ဘာတွေ ဖြစ်နေတာလဲ "
ထိုစဥ် ပန်းလင်က လောထျန်းအား လှည့်ကြည့်ရင်း မေးလာသည်။
လောထျန်းက သက်ပြင်းချ၍ ပြန်ပြော၏။
" အမှန်တိုင်း ပြောရင်တော့ ကျုပ်လဲ မသိဘူးဗျ ။ ဒီတိုင်း ခန့်မှန်းရုံပဲ တတ်နိုင်မှာ "
" ခန့်မှန်းရုံပဲ.. ဟုတ်လား "
ပန်းလင် အံ့အားသင့်သွားရသည်။
လောထျန်း သက်ပြင်းချလိုက်သည်။
" စောနက ကျောက်တုံးကို မှတ်မိတယ် မလား "
ပန်းလင် ခေါင်းညိတ်ပြလိုက်၏။
လောထျန်းက စကားဆက်သည်။
" အဲ့ကျောက်တုံးကို ကျုပ် နတ်ဆိုးဧကရာဇ်ရဲ့ ကမ္ဘာငယ်ကနေ ယူလာခဲ့တာဗျ။ အဲ့ဒါ ဘာမှန်း ကျုပ်သေချာ မသိပေမယ့် အရောင်အဝါကတော့ နတ်ဆိုးဧကရာဇ်ရဲ့ အရောင်အဝါနဲ့ တော်တော်တူတယ်။ ပြီးတော့ မူလမိစ္ဆာအစွမ်းနဲ့လဲ တော်တော်လေးကို နီးစပ်တယ်ဗျ။ ကျုပ် ထင်တာတော့ နတ်ဆိုးဧကရာဇ် မွေးဖွားလာရတာက အဲ့ကျောက်တုံးက သွေးနဲ့ တစ်ခုခု ဆက်နွယ်နိုင်လိမ့်မယ် "
" အခု ခင်ဗျားရဲ့ လီလေးကိုက စမ်းသပ်မှုတစ်ခုအနေနဲ့ သုံးခဲ့တာလေ။ သူ့ရဲ့ ခန္ဓာကိုယ်က မိစ္ဆာဝိဥာဥ်ရဲ့ တိုက်စားမှုကို ခံထားရပြီးတော့ ပုံပျက်နေပေမယ့်
သူက စိတ်ဝိဥာဥ်ကို ဘာမှမဖြစ်သွားအောင် သေချာထိန်းထားနိုင်ခဲ့တယ်။ အဲ့ဒါ သူ့ခန္ဓာကိုယ်က သာမာန်လူတွေနဲ့ ကွဲတယ်ဆိုတာ သက်သေပြနေတာပဲ။ အနည်းဆုံးတော့ဗျာ.. ခုလိုအစွမ်းမျိုးကို သူ တောင့်ခံနိုင်တာပေါ့ "
" ဒါပေမယ့် သူ့ကိုယ်ထဲမှာ ရှိတဲ့အစွမ်းက မိစ္ဆာနတ်ဆိုးရဲ့ အစွမ်းကို ခုခံနိုင်အောင် မလုံလောက်တဲ့အတွက်ကြောင့်မို့ သူ ဒီကနေ ထွက်မပြေးနိုင်ဘဲ ဖြစ်နေခဲ့တာ "
" ဒါပေမယ့် ကျောက်တုံးရဲ့ သွေးအစွမ်းက သူ့ကိုယ်ထဲက မိစ္ဆာအစွမ်းကို လုံးဝ ဖိနှိပ်နိုင်တယ်လေ။ ဒါ့ကြောင့်မို့လဲ ကျုပ်က ကျောက်တုံးကို သူ့ကိုယ်ထဲ ထည့်ပြီး မိစ္ဆာနတ်ဆိုးအစွမ်းကို ယာယီ ဖိနှိပ်လို့ရအောင် စမ်းသပ်ကြည့်ခဲ့တာ "
လောထျန်းက ပြောစကား ခဏရပ်ပြီး လီလေးကို တစ်ချက်လှမ်းကြည့်ကာ စကားဆက်၏။
" အခု ကျုပ် မျှော်လင့်ထားတဲ့အတိုင်း .. သူ့ကိုယ်ထဲက မိစ္ဆာနတ်ဆိုးအစွမ်းက လုံးဝနီးပါးကို ဖိနှိပ်ခံထားရပြီ။ ဒါပေမယ့် ကျုပ် အံ့သြသွားရတာ တစ်ခုက..
ကျောက်တုံးက သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားပုံ ရပြီးတော့ သူ့ခန္ဓာကိုယ်ကို ပြန်ပြုပြင်ပေးရုံမကဘဲ... သူ့အစွမ်းကိုပါ တိုးအောင် လုပ်ပေးလိုက်တဲ့ပုံပဲ "
လောထျန်းက ထိုသို့ပြောပြီး လီလေးဘက် လှမ်းကြည့်လိုက်သည်။
" ဟေ့.. ကျုပ်ကျောက်တုံး ပြန်ပေးစမ်း "
" ဟင်.... "
လီလေး ပါးစပ်အဟောင်းသား ဖြစ်သွားပြီးမှ ပြန်ပြော၏။
" ဒီဟာက ကျုပ်ရဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်း ပေါင်းစပ်သွားတဲ့ပုံပဲဗျ။ ပြန်ထုတ်လို့ မရဘူး "
လောထျန်း မျက်လုံးကြီး ပြူးသွားသည်။
" ဟေ့... ကျုပ်ကို လာလိမ်မနေနဲ့နော်။ အဲ့ကျောက်တုံးက ကျုပ် ရှာတွေ့ထားတဲ့ ရတနာ... မြန်မြန် ပြန်ပေးပါ "
" ကျုပ် တကယ်ကို ပြန်ထုတ်လို့ မရလို့ပါ "
လီလေးက ကူကယ်ရာမဲ့စွာ ဆိုသည်။
၎င်းကို မြင်သောအခါ ပန်းလင်က ရုတ်တရက် ဝင်ပြော၏။
" သခင်လေး လောထျန်း ၊ လီလေးက သခင်လေးရဲ့ ရတနာကို မြိုထားတာ မှန်ပေမယ့် အဲ့ရတနာနဲ့ သူ့ခန္ဓာကိုယ်နဲ့ တစ်သားတည်း ပေါင်းစပ်သွားပြီလေ။ အဲ့တော့ အချိန်တိုလေးနဲ့ ပြန်ထုတ်ဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ ။ ဒီလိုလုပ်ပါလား... ရတနာကို ပြန်ထုတ်လို့မရခင် ကြားထဲမှာ သူ့ကို သခင်လေးအတွက် အလုပ် လုပ်ခိုင်းလိုက် "