← Chapters

သိဒ္ဓိဝင်ဆေး ပေါ်လာခြင်း

Vol. 33 Ch. 461

သိဒ္ဓိဝင်ဆေး ပေါ်လာခြင်း

Vol. 33 Ch. 461

" ကျုပ်အတွက် အလုပ် လုပ်ခိုင်းရမယ်.... "

လောထျန်း မျက်မှောင်ကြုံ့ကာ လီလေးအား ကြည့်လိုက်သည်။

" အခု ခင်ဗျားရဲ့ အခြေအနေက ဘယ်လိုလဲ "

သူ မေးလိုက်၏။

လီလေးက ချက်ချင်း ပြန်ဖြေသည်။

" ကျုပ်... ကျုပ်လဲ မသိဘူးဗျ။ ဒါပေမယ့် ခေါင်းထဲမှာ ထူးခြားတဲ့ မှတ်ဉာဏ်တချို့တော့ ရှိနေသလိုပဲ "

သူ ပြောပြောဆိုဆိုပင် လက်နောက်ပြန် ဝေ့ယမ်းလိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် သူ့အနောက်ဘက်၌ မရေမတွက်နိုင်သော အနီရောင်ကြိုးမျှင်များ ပေါ်လာပြီး တောင်တစ်လုံးဆီသို့ တိုးဝင်သွား၏။

ဝှစ်..

ထို့နောက် အသံတစ်သံနှင့်အတူ ထိုတောင်၏ ထိပ်ပိုင်း တိခနဲ ပြတ်သွားသည်။

" ဒါ... "

ပန်းလင်မှာ ၎င်းကို ကြည့်ရင်း အလွန်အံ့သြမှင်သက်သွားရပါ၏။

သူမ ထိုသို့ အံ့သြရသည်မှာ လီလေး၏ အစွမ်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ သူ တိုက်ခိုက်လိုက်သည့် ပုံစံကြောင့် ဖြစ်ပါသည်။

သူမ ချက်ချင်း လောထျန်းဘက် လှည့်၍ ပြောလိုက်သည်။

" သခင်လေး လောထျန်း ၊ သူ အခု သုံးသွားတဲ့ သိုင်းကွက်က.... "

လောထျန်းကလည်း ခေါင်းညိတ်၏။

" နတ်ဆိုးဘုရင် မျိုးနွယ်စုရဲ့ သိုင်းကွက်ပဲ..... "

တဖက်မှ လီလေးမှာလည်း ထိုသိုင်းကွက်ကြောင့်

အလွန်ပင် အံ့အားသင့်နေပြီး အချိန်အတန်ကြာမှ စကားစလာသည်။

" ကျုပ်မှာ နောက်ထပ် သိုင်းကွက် ၆ ကွက်လောက် ရှိနေသေးတယ်။.. ပြီးတော့ အဲ့သိုင်းကွက်တွေ အကုန်လုံးကလဲ တော်တော်အစွမ်းထက်တဲ့ပုံပဲ "

လောထျန်း ချက်ချင်း စိတ်ဝင်စားသွားကာ ပြောလိုက်သည်။

" ဟုတ်လား... ဒါဆို ထုတ်သုံးကြည့်ပါဦး "

လီလေးက ခေါင်းညိတ်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ လေထဲသို့ ပျံတက်လိုက်သည်။

" မဟူရာကောင်းကင် မာန "

ဝုန်း...

လီလေး၏ အော်သံနှင့်အတူ သူ့အနောက်ဘက်၌ နေလုံးကြီးနှင့်တူသော အမည်းရောင် အလုံးကြီးတစ်ခု ပေါ်လာ၏။

ဝီ...

ထို့နောက် လီလေးက လက်ကို ဝေ့ယမ်းလိုက်ရာ အမည်းရောင် နေလုံး၏ အစွမ်းက တစ်နေရာသို့ ဝေါခနဲ ပြုံကျလာသည်။

ထိုအစွမ်း ဖြတ်သွားသည့် လမ်းကြောင်းမှ အရာများအားလုံး ပုတ်အဲ့ကုန်ကြ၏။

" ဝိုး.... "

၎င်းကို ကြည့်နေသော လောထျန်း၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်သွားကြသည်။

ထိုအကွက်တွင် လှည့်ကွက်အချို့ ပါဝင်နေပါ၏။

ထိုစဥ်မှာပင် လီလေးက အမည်းရောင် နေလုံးအား ပြန်သိမ်းလိုက်ပြီး အသက်ပြင်းပြင်း ထပ်ရှိုက်၍ အော်လိုက်ပြန်သည်။

" ဒုတိယအတွက်... နတ်ဆိုးဧကရာဇ် ကောင်းကင်ဓား "

ချွှင်...

ကျယ်လောင်သော အသံတစ်သံနှင့်အတူ လီလေး၏ လက်ထဲ၌ သွေးကဲ့သို့ နီရဲနေသည့် ဓားတစ်လက် ပေါ်လာ၏။

ထို ကောင်းကင်ဓားမှ ကြောက်မက်ဖွယ် အေးစက်စက်အလင်းတန်း တစ်ခုလည်း ထုတ်လွှတ်နေပြီး ၎င်းကို မသုံးရသေးသည့်တိုင် အနီးနားမှ လေထုမှာ အဆက်မပြတ် ပြိုကွဲနေတော့သည်။

လီလေးက သူ့လက်ထဲမှ ဓားအား ကြည့်လိုက်ပြီး ဖာသိဖာသာပုံဖြင့် လွင့်ပစ်လိုက်၏။

ဘုန်း...

မလှမ်းမကမ်းတွင် ရှိနေကြသော တောင်များ ချက်ချင်း ပြားချပ်ကုန်ကြသည်။

" အစွမ်းထက်လိုက်တာ... ဓားကို ဒီတိုင်း ပစ်လိုက်တာတောင် အဲ့လောက် အစွမ်းထက်နေတာပဲ.. "

ပန်းလင်မှာလည်း ၎င်းကို ကြည့်ကာ အံ့သြတုန်လှုပ်နေရတော့သည်။

ထိုစဥ် တဖက်မှ လီလေးက ဓားအား ပြန်သိမ်းပြီး မြေကြီးပေါ် ထိုင်ချလိုက်၏။

" သိုင်းကွက် ၆ ကွက်လို့ ပြောသွားခဲ့တာ မဟုတ်ဘူးလား။ ကျန်တဲ့ လေးကွက်ကရော... "

လောထျန်း မေးလိုက်သည်။

လီလေးက ချက်ချင်း ရှက်နေသည့် မျက်နှာထား ဖြစ်သွားကာ ပြန်ပြောသည်။

" ကျုပ် အခုစမ်းကြည့်တော့ သိုင်းကွက် ၂ ကွက်ပဲ သုံးလို့ ရသေးတာကို သိလိုက်ရတယ်ဗျ။ ကျန်တဲ့ ၄ ကွက်က အစွမ်းထက်လွန်းနေတော့ အခုထိ သုံးလို့ မရသေးဘူး "

" သုံးလို့မရဘူး... ဟုတ်လား "

လောထျန်း မှင်သက်သွားရသည်။

လီလေးက ခေါင်းညိတ်ပြီး ပြန်ပြော၏။

" ဟုတ်တယ်ဗျ။ ကျောက်တုံးထဲက သွေးအစွမ်းကို ထပ်စုပ်ယူပြီးသွားရင်တော့ သုံးလို့ရမယ် ထင်တယ် "

ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

" အဲ့လိုကိုး.... ဒါဆို အဲ့သိုင်းကွက်တွေအပြင် ခင်ဗျား တခြားဘာတွေ ရလိုက်သေးလဲ ။ ဥပမာ.. နတ်ဆိုးဧကရာဇ်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တို့... ကျောက်တုံးမှာ စွန်းနေတဲ့ သွေးနဲ့ ပတ်သက်တာတို့ပေါ့... "

လီလေးက အလေးအနက် စဥ်းစားလိုက်ပြီးမှ ခေါင်းယမ်းရင်း ပြန်ဖြေ၏။

" အဲ့ဒါတွေနဲ့ ပတ်သက်လို့တော့ ဘာမှ မရသလောက်ပဲလို့ ပြောလို့ရတယ်။ ကျုပ် ရခဲ့တာတွေ အကုန်လုံးက တိုက်ခိုက်စွမ်းရည်နဲ့ ပတ်သက်တာတွေပဲ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ထူးဆန်းလိုက်တာ..... "

သူ့စကားကြောင့် ပန်းလင် မနေနိုင်ဘဲ စိုးရိမ်စိတ် ဖြစ်သွား၏။

" သခင်လေး လောထျန်း ၊ ဘယ်လိုထင်လို့လဲ.... လှည့်ကွက်တစ်ခုလို့ ထင်လို့လား။ လီလေးသာ အဲ့အစွမ်းကို သန့်စင်လိုက်ရင် မမြင်နိုင်တဲ့ အန္တရာယ်တွေနဲ့ ကြုံနိုင်လား "

လောထျန်းက ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ဖြေသည်။

" အင်း... ဖြစ်နိုင်ချေတော့ ရှိတယ်ဗျ "

ပန်းလင် ချက်ချင်း တုန်လှုပ်သွားရတော့သည်။

" ဒါဆို ကျွန်မတို့တွေ ဘာဆက်လုပ်ကြမလဲ "

လောထျန်းက ပိုက်ထားသော လက်နှစ်ဖက်ကို ဘေးချ၍ ပြန်ပြော၏။

" အရမ်းကြီး စိတ်မပူပါနဲ့ဗျာ ၊ ဖြစ်လာမှပဲ ဖြေရှင်းကြတာပေါ့။ ကျုပ်တို့ဘက်က အစွမ်းထက်နေသ၍.. သူ့ဆီမှာ ဘယ်လိုလှည့်ကွက်မျိုးပဲ ရှိရှိ.. လွယ်လွယ်လေးနဲ့ ​ သတ်လို့ရတာပဲလေ "

ပန်းလင်မှာ ကြားလိုက်ရသော အဖြေကြောင့် ခေတ္တမျှ စကားပြန်မပြောနိုင်ဘဲ ဆွံ့အသွားရပါသည်။

သူမ ပြန်ငြင်းပြီး ရန်တွေ့လိုက်ချင်သော်လည်း.. သေချာစဥ်းစားလိုက်ပါက .. လောထျန်းပြောသွားသည်များက အမှန်ပါပင်။

လက်ရှိတွင် လီလေးသာ ထိုကျောက်တုံးမှ သွေးအစွမ်းကို မသန့်စင်ပါက သူ့ကိုယ်ထဲမှ မိစ္ဆာအစွမ်း

ကို ဖိနှိပ်နိုင်မည် မဟုတ်ပါချေ။

သို့ဆိုလျှင်... မိမိကိုယ်ကို သေကြောင်းကြံ.. မဟုတ်လျှင်လည်း အသိစိတ်မဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်ကြီးသာ ဖြစ်သွားပေမည်။

သို့ဖြစ်ရာ.. လက်ရှိ အခြေအနေတွင် ကောက်တုံးမှ သွေးအား သန့်စင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါသည်။

ထို့အပြင် လောထျန်း၏ အစွမ်းတိုးတက်သည့် နှုန်းကလည်း အလွန်မြန်လှရာ.. နတ်ဆိုးဧကရာဇ်ကြီး၏ လျှို့ဝှက်ထောင်ချောက် ပေါ်လာလျှင်ပင် ၎င်းကို အေးအေးဆေးဆေး လျစ်လျူရှုထားနိုင်အောင် အစွမ်းထက်နေလောက်လေပြီ။

ထိုသို့တွေးရင်း ပန်းလင် သက်ပြင်းချလိုက်၏။

ထိုစဥ် လောထျန်းက လီလေးကို ကြည့်ရင်း ပြော၏။

" ကောင်းတယ်... ခုနက သိုင်းကွက်နှစ်ကွက်ကို ကြည့်ရတာတော့... ခင်ဗျားက နတ်ဆိုးဧကရာဇ်ကြီးကို

မှီဖို့ အဝေးကြီး လိုသေးတာပဲ။ ဒါပေမယ့် ဒီက သာမာန်မသေမျိုးတွေထက် ပိုကောင်းတဲ့ပုံဆိုတော့ အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။ ကဲ.. ဒါဆို ကျုပ်ကို ရတနာ ပြန်မပေးနိုင်ခင် ကျုပ်အတွက် အလုပ်လုပ်ပေးပါ "

လီလေးက ခေါင်းညိတ်ကာ ပြန်ပြောရှာသည်။

" ကျေးဇူးတင်ပါတယ် "

ပန်းလင်က ရုတ်တရက် ဝင်မေး၏။

" လီလေး... နင့်ကို ဒီမှာ ချုပ်နှောင်ထားတဲ့ သူတွေက.... အစောင့်အကြပ် တစ်ယောက်တလေတောင် လွတ်မထားဘူးထား "

သူမ၏ စကားကြောင့် လီလေး လန့်သွားဟန် တူကာ မျက်နှာကြီး သုန်မှုန်စွာဖြင့် ပြန်ဖြေသည်။

" အစပိုင်း နှစ် လေး၊ငါး ရာ လောက်မှာတော့ အစောင့်တွေ လွတ်ထားသေးတယ်ဗျ။ ဒါပေမယ့် အဲ့နောက်ပိုင်းတော့ တစ်ခုခု ဖြစ်သွားတယ်နဲ့ တူပါတယ် ။ သူတို့က ဒီနေရာကို အစီအမံနဲ့ပဲ ချုပ်နှောင်ထားပြီးတော့ အကုန် ထွက်သွားခဲ့ကြတာပဲ "

" ပြီးခဲ့တဲ့ နှစ် ငါးရာလောက်ကတော့ ဒီကို တချို့ ရောက်လာကြသေးတယ်ဗျ။ ဒါပေမယ့် သူတို့ရဲ့ စမ်းသပ်မှုက မအောင်မြင်ဘဲနဲ့ ကျုပ်တို့တွေအားလုံးကို အမှိုက်တွေလို့ ထင်သွားတဲ့ပုံပဲ။ ဒါ့ကြောင့်မို့ ကျုပ်တို့ကို ဒီတိုင်းကြီးပဲ လျစ်လျူရှုထားပြီးတော့ ထပ်မလာကြတော့ဘူး "

ထိုစကားကို ကြားသည်နှင့် ပန်းလင်၏ မျက်လုံးထဲတွင် ဒေါသအငွေ့အသက်များ ဖြတ်ပြေးသွားသည်။

" ဒီကောင်တွေက လူ့အသက်တွေကို အဲ့လို လုပ်ချင်သလို လုပ်ကြတယ်ပေါ့ "

တဖက်မှ လောထျန်းကလည်း မြေပြင်တွင် လဲကျနေသော အလောင်းများနှင့် လက်ကျန် သားရဲအဖြစ် အသွင်ပြောင်းထားသူ အချို့ကို ကြည့်ကာ မေးလိုက်သည်။

" ဒီလူတွေကိုရော ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ "

ပန်းလင် တစ်ကိုယ်လုံး တုန်သွားကာ မည်သည့်စကားမှ မဆိုနိုင်ဘဲ ခေါင်းငုံ့သွား၏။

လီလေးက ဝင်ပြောသည်။

" သားရဲအဖြစ် ပြောင်းသွားတဲ့ သူတွေအားလုံးကို.. သတ်ပစ်မှ ရမှာ "

ပန်းလင် သူ့အား အံ့သြတကြီး လှည့်ကြည့်လိုက်၏။

လီလေးက အောင့်သက်သက်ပြုံး၍ စကားဆက်သည်။

" ခုနက ကျုပ်ကိုယ်ထဲက အစွမ်းကို သုံးပြီး သူတို့ရဲ့ မိစ္ဆာအစွမ်းတွေကို ဖိနှိပ်ဖို့ ကြိုးစားကြည့်ခဲ့သေးတယ်ဗျ။ ဒါပေမယ့် သူတို့ရဲ့ အသိစိတ်က မရှိတော့တာ ကြာသွားခဲ့ပြီမို့.... သူတို့က လက်ရှိမှာ ဘာအသိဉာဏ်မှ မရှိတဲ့ ဇွန်ဘီတွေလို ဖြစ်နေကြပြီ "

" ကျုပ်ပြောတာ ယုံပါဗျာ... သူတို့သာ ဒီကိစ္စကို သိရင်လဲ အဲ့လိုပုံစံမျိုးနဲ့ လုံးဝ ရှေ့ဆက်ချင်ကြမှာ မဟုတ်ဘူး။ သူတို့ကို အနားပေးလိုက်တာ ကောင်းပါတယ်... "

ပန်းလင်မှာ သူ့စကားအား သုန်မှုန်နေသော မျက်နှာဖြင့်သာ နားထောင်နေပြီး မည်သည့်စကားမှ မဆိုပါချေ။

လောထျန်းက ပြော၏။

" ဒါဆို အဲ့အလုပ်ကို ကျုပ်ကို လုပ်စေချင်တာလား "

လီလေးက ခေါင်းယမ်း၍ ပြန်ပြောသည်။

" မဟုတ်ပါဘူးဗျာ... ကျုပ်ကိုယ်တိုင်ပဲ လုပ်လိုက်ပါမယ် "

သူ ထိုသို့ပြောပြီးသည်နှင့် ကျန်နေသေးသော သားရဲများဆီသို့ လျှောက်သွားလိုက်၏။

သူ့ကိုယ်ထဲမှ အစွမ်းက သားရဲများအား ထိန်းချုပ်နိုင်သဖြင့်.... မည်သို့သော အခက်ခဲမှ မရှိလိုက်ပေ။

ထို သားရဲများအားလုံး သူ့လက်ချက်ဖြင့် တခဏအတွင်း သေသွားကြတော့၏။

" သခင်လေး လောထျန်း ၊ သခင်မကြီး ပန်းလင်.. ကျုပ်ကို ခဏလောက် အချိန်ပေးလို့ ရမလား ။ ကျုပ် သူတို့ကို မြေမြှုပ်ပေးချင်လို့ပါ "

လီလေးက ပြောသည်။

" ရပါတယ်... အဲ့လိုပဲ လုပ်သင့်တာပေါ့ "

လောထျန်းက သဘောတူစွာ ခေါင်းညိတ်၏။

ထို့နောက်တွင်မူ သူတို့အားလုံး အနီးနားမှ အလောင်းများအား ကောက်လိုက်ပြီး တောင်အနောက်ဘက်ရှိ သချ်ိုင်းတွင် သေချာမြှုပ်နှံပေးလိုက်ကြသည်။

လီလေးနှင့် ပန်းလင်တို့က သချ်ိုင်းအတွက် အထိမ်းအမှတ် ကျောက်တုံးများပါ သေချာ လုပ်ပေးလိုက်ကြပြီး ကြိမ်ဖန်များစွာ ဦးညွှတ်အရိုအသေ ပေးလိုက်ကြ၏။

လီလေးက ထိုသို့ အရိုအသေ ပေးနေရင်း ဆိုသည်။

" ဂိုဏ်းထဲက သူတွေအားလုံးကို ကျုပ် ကျိန်ဆိုပါတယ်။ ကျုပ် ၊ နတ်ဆိုးဧကရာဇ် လီ က ရန်သူတွေအားလုံးကို ဒီဘဝမှာပဲ ချေမှုန်းပစ်ပါမယ် "

ထိုသို့ပြောပြီးနောက် သူ မတ်တပ် ပြန်ရပ်လိုက်၏။

တစ်ချိန်တည်း နီးပါးမှာပင်..

ဝီ...

ရုတ်တရက်.. အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

" ဟင်.. သိဒ္ဓိဝင်ဆေး ပေါ်လာပြီလား "

လောထျန်းက အရောင်လက်နေသော မျက်လုံးများဖြင့် ပြောလိုက်၏။

သူ ချက်ချင်း လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ အလင်းတန်း တက်သွားသည့် နေရာမှာ ယွီရှတံခါးပေါက်၏ အနောက်တောင်ဘက် မိုင်တစ်ရာခန့် အကွာမှ ဖြစ်သည်ကို တွေ့လိုက်ရသည်။

၎င်းမှာ သိဒ္ဓိဝင်ဆေး ပေါ်လာပြီ ဆိုသည့် သဘောပါပင်...

" ပန်းလင်... သွားကြစို့လေ "

လောထျန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။

ဤတစ်ကြိမ် သူ ကျုံ့ကျိုးသို့ လာခဲ့ရသည့် အဓိက ရည်ရွယ်ချက်မှာ ထို သိဒ္ဓိဝင်ဆေးကြောင့် ဖြစ်ပါ၏။

ယခု သူလိုချင်သည့် အရာက မျက်စိရှေ့ ပေါ်လာပြီ

ဖြစ်ရာ ရေကန်အသင့် ကြာအသင့်ပါပင်.

သို့သော် လီလေးက လက်ကာပြရင်း ပြောလာသည်။

" သခင်လေး လောထျန်း ၊ ဒီကိစ္စကို ကျုပ်တာဝန်သာ ထားလိုက်ပါ "

All Chapters