သိဒ္ဓိဝင်ဆေးကို အရယူခြင်း
Vol. 33 Ch. 462
" ဟင်... "
လောထျန်း လီလေးအား လှည့်ကြည့်လိုက်သည်။
နတ်ဆိုးဧကရာဇ် လီလေး က အသံသြသြဖြင့် ပြန်ပြော၏။
" ဒီ သိဒ္ဓိဝင်ဆေးကို သခင်လေးအတွက် လက်ဆောင်အနေနဲ့ ကျုပ် ယူပေးပါ့မယ် "
လောထျန်း ခေတ္တမျှ စဥ်းစားကာ ခေါင်းညိတ်လိုက်သည်။
" ခုလို အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
" ဟုတ်ကဲ့... "
နတ်ဆိုးဧကရာဇ် ၊ လီလေးက ထိုသို့ ပြောပြီးသည်နှင့် လေထဲ ပျံတက်၍ သိဒ္ဓိဝင်ဆေး ရှိသည့်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။
" ဒီ လီလေးက အလုပ်မှာ အားကိုးရမယ်လို့ ထင်လား "
လောထျန်းက ပန်းလင်ဘက် လှည့်ကာ မေးလိုက်သည်။
" သူ့ကိုက တော်တော်လေး စိတ်ချရတဲ့အထဲ ပါတယ်။ သူက အရင်တုန်းကတည်းက အေးအေးဆေးဆေးနဲ့ ပုံမှန် သွားတတ်တဲ့သူမျိုးလေ။ ဘာပြဿနာမှ မဖြစ်လောက်ဘူး "
ပန်းလင်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြော၏။
လောထျန်း မည်သို့မှ မပြောဘဲ ခေါင်းသာ ညိတ်လိုက်ပြီး နေရာတွင်ပင် စောင့်နေလိုက်၏။
ဤသို့ဖြင့် နာရီဝက် ကုန်လွန်သွားခဲ့နောက်..
လောထျန်း စပြီး စိတ်မရှည် ဖြစ်လာသည့် အချိန်မှာပင်..
ဝုန်း...
လီလေး ပြန်ရောက်လာခဲ့သည်။
" သခင်လေး လောထျန်း ၊ ကျုပ် တာဝန်ကို ကျေပွန်
အောင် လုပ်ခဲ့ပါပြီ "
သူ ထိုသို့ပြောပြီး လက်ထဲမှ အရောင်မျိုးစုံ လက်နေသည့် သိဒ္ဓိဝင်ဆေးအား လောထျန်းဆီသို့ လှမ်းပေးလိုက်၏။
" အိုး... ရခဲ့ပြီပဲ။ ပြဿနာတွေရော ကြုံခဲ့သေးလား "
လောထျန်း မေးလိုက်သည်။
" မကြုံခဲ့ပါဘူး ။ ကျုပ်လက်ထဲက ဆေးကို လုချင်တဲ့ ဘာမဟုတ်တဲ့ သူခိုးနည်းနည်းပဲ တွေ့ခဲ့ရတာ။ ဒါပေမယ့် အားလုံးကို ကျုပ် ကန်ထုတ်လိုက်တယ် "
လီလေးက ပြန်ဖြေသည်။
လောထျန်း ခေါင်းညိတ်လိုက်၏။
" ကောင်းတာပေါ့... ။ ကဲ.. ဒါဆို အနီးနားက မြို့တစ်ခုခုဆီသွားပြီး အိမ်ပြန်ဖို့ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ သွားရှာရအောင် "
သူ ပျောင်ပိုင်မြို့မှ ထွက်လာသည်မှာ အတန်ကြာသွားခဲ့ပြီဖြစ်ရာ အိမ်ပြန်ရန် စိတ်စောနေလေပြီ ။
ဤသို့ဖြင့် မကြာခင်မှာပင် သူတို့လူစု အနီးဆုံး မြို့တစ်မြို့ဆီ ရောက်သွားကြတော့သည်။
မြို့မှာ ကြီးလှသည်ဟု မဆိုသာသော်လည်း ထိုအချိန်၌ လူများဖြင့် အတော်အတန် စည်ကားနေပါ၏။
အထူးသဖြင့်... အစွမ်းထက် ကျင့်ကြံသူ သခင်ကြီးများ အလွန်များနေသည်ဟု ဆိုရပါမည်။ လောထျန်း တစ်ချက် ကြည့်လိုက်သောအခါ လမ်း တစ်လမ်းထဲတွင်ပင် ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံသူ သုံး၊လေး ဆယ်ကျော် ရှိနေသည်ကို တွေ့လိုက်ရ၏။
" ကျုံ့ကျိုးမှာ အစွမ်းထက်တဲ့သူတွေ အဲ့လောက် များတာလား "
လောထျန်း တအံ့တသြ ပြောလိုက်သည်။
ထိုအချိန်တွင် အနီးနားမှ ဖြတ်သွားဖြတ်လာ တစ်ဦးက လောထျန်းအား လှည့်ကြည့်ပြီး ပြောလာ၏။
" မင်း.. မသိသေးဘူးလား "
" ဘာကို သိရမှာလဲဗျ "
လောထျန်း သူထိုလူအား တအံ့တသြ ပြန်ကြည့်လိုက်သည်။
ထိုစကားကို ကြားသောအခါ တဖက်လူ၏ မျက်နှာထား ချက်ချင်း ပြောင်းသွားပြီး စကားပြောရစရာလူ တွေ့သည်ကို ဝမ်းသာသွားဟန်ဖြင့် ဆို၏။
" မင်းက မသိသေးပဲကိုး... ဒါဆိုလဲ ပြောပြရမှာပေါ့ကွာ။ ဒီတလောလေးတင် ငါတို့ လျိုယွဲ့မြို့ရဲ့ မြောက်ဘက်မှာ ရတနာတစ်ခု ပေါ်လာခဲ့တာကွ။ အဲ့ရတနာက.. သိဒ္ဓိဝင် ဆေးတစ်ခုလို့ ပြောတယ် "
" သိဒ္ဓိဝင်ဆေး.. ဟုတ်လား "
လောထျန်း အံ့သြမှင်သက်သွားရသည်။
သူ ထိုကိစ္စအား မသိဘဲ မနေပါချေ။ ထို သိဒ္ဓိဝင်ဆေးက သူ့ဟင်းလင်းပြင်လက်စွပ် ထဲသို့ပင် ရောက်နေပြီ မဟုတ်ပါလား ။
တဖက်လူက စကားဆက်၏။
" ဒီသတင်းက ဘယ်ကနေ ဘယ်လို သတင်းပေါက်ကြားသွားလဲတော့ မသိပါဘူးကွာ။ အခု ကျုံ့ကျိုးက အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ အများကြီးက အဲ့
ဒီ သိဒ္ဓိဝင်ဆေးပင်အတွက် တိုက်ခိုက်ဖို့ ရောက်လာကြတာပဲ။ ဒါ့ကြောင့်မို့လဲ ငါတို့ မြို့ထဲမှာ အစွမ်းထက် ကျင့်ကြံသူ သခင်ကြီးတွေ အများကြီး ဖြစ်နေတာ "
လောထျန်းက နားလည်စွာ ခေါင်းညိတ်လိုက်သည်။
လူကြီးက စကားဆက်လာ၏။
" ဒါပေမယ့် အဲ့ သိဒ္ဓိဝင်ဆေးအတွက် တိုက်ခိုက်တဲ့ တိုက်ပွဲကနေ မမျှော်လင့်တဲ့ အဖြစ်ပျက်တစ်ခုဆီ ဦးတည်သွားမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူးကွ "
" ဟင်... ဘယ်လို အဖြစ်ပျက်မျိုးလဲ "
လောထျန်း ပြန်မေးလိုက်သည်။
" တခြားကမ္ဘာက မိစ္ဆာနတ်ဆိုး တစ်ကောင် ဒီကမ္ဘာထဲ ရောက်လာပြီးတော့ အဲ့သိဒ္ဓိဝင်ဆေးကို လုယူသွားခဲ့တာကွ "
လူကြီးက လျှို့ဝှက်ချက်တစ်ခုကို ပြောနေဟန်ဖြင့် ပြော၏။
" တခြားကမ္ဘာက မိစ္ဆာနတ်ဆိုး.. ဟုတ်လား "
လောထျန်ရော ပန်းလင်ပါ ခေတ္တမျှ အံ့သြမှင်သက်
သွားရသည်။
လီလေးမှာလည်း ရှက်နေသည့် မျက်နှာထား ဖြစ်သွား၏။
တဖက် လူကြီးက လောထျန်းကို ကြည့်ကာ ထပ်ပြောလာသည်။
" မင်းက ငါပြောတာကို မယုံလို့လား။ ဒီကိစ္စကို ငါ့သူငယ်ချင်း တစ်ယောက်က ကိုယ်တိုင်မျက်စိနဲ့ မြင်ခဲ့တာကွ "
" အဲ့အချိန်တုန်းက ကျုံ့ကျိုးရဲ့ အဓိက ဂိုဏ်းကြီးနှစ်ခုက အကြီးအကဲနှစ်ယောက် သိဒ္ဓိဝင်ဆေးအတွက် တိုက်ခိုက်နေကြတာမို့ အားလုံးကလဲ ရပ်ကြည့်နေကြတာ။ နောက်တော့ အပြင်ကလာတဲ့ မိစ္ဆာနတ်ဆိုးတစ်ကောင် လေထဲကနေ ဆင်းလာပြီးတော့ အားလုံးကို ' အဲ့ဒီ သိဒ္ဓိဝင်ဆေးက နတ်ဆိုးဧကရာဇ်ဖြစ်တဲ့ ငါ့အတွက်ပဲ။ ဒါကို လက်မခံနိုင်ဘူးဆိုရင် အကုန်လုံးလာအတူတူ လာတိုက်ခိုက်ကြ ' ဆိုပြီး အော်ပြောလာတာ "
" ဒါပေမယ့် သိဒ္ဓိဝင်ဆေးအတွက် တိုက်ခိုက်နေကြ
တဲ့ သူတွေကလဲ အချဥ်မှမဟုတ်တာကွာ.. အဲ့တော့ အားလုံး ဒေါသထွက်သွားကြပြီးတော့ တစ်ယောက်က အဲ့ကောင်ကြီးကို တိုက်ခိုက်လိုက်ရော ။ ဒါပေမယ့်... ဘာဆက်ဖြစ်သွားတယ် ထင်လဲ "
" အဲ့ မိစ္ဆာနတ်ဆိုးကြီးက လူအုပ်ကြီး တစ်စုကို တစ်ချက်တည်း ကန်ပြီး မေ့လဲသွားအောင် လုပ်လိုက်ပါရောလားကွာ။ ပြီးတော့ သူက အားလုံးကို ပြန်ပြီး စစ်ကူခေါ်ကြဖို့တောင် အော်ပြောလိုက်သေးတယ်။ သူက အဲ့မှာပဲ စောင့်နေမယ်နဲ့ "
" အဲ့တော့ တဖက်က အစွမ်းထက်ကျင့်ကြံသူတွေကလဲ တကယ်ကြီး အကူအညီ ပြန်ခေါ်လိုက်ကြရော။ အဲ့လိုနဲ့ မကြာခင်မှာ မသေမျိုးတွေရော အပါအဝင် အစွမ်းထက်ကျင့်ကြံသူတွေ အများကြီး အတူတူ တိုက်ခိုက်ဖို့ ရောက်လာကြတာပဲကွ "
" ဒါပေမယ့် အဲ့လောက် လူတွေအများကြီးနဲ့တောင် ဟို မိစ္ဆာနတ်ဆိုးကြီးကို အနိုင်မယူလိုက်နိုင်ပါဘူး။ သူတို့ပဲ ရှုံးနိမ့်သွားခဲ့ကြရတယ် "
" ဟို မိစ္ဆာနတ်ဆိုးကောင်ကြီးကတော့ ဂရုမစိုက်နဲ့ ပုံနဲ့
အားလုံးကို အကူအညီ ထပ်ခေါ်ဖို့တောင် ဖိအားပေးလိုက်သေးတယ်တဲ့။ ဟိုလူတွေမှာလဲ ဘာမှ မတတ်နိုင်ဘဲ အကူအညီတွေ ထပ်ခေါ်ရပြန်တာပေါ့။ အဲ့လိုနဲ့ လူအုပ်တွေ ဆယ်အုပ်ထက်မနည်း ထပ်ရောက်လာကြပြန်ပါရော။ အဲ့လူအုပ်တွေအကုန်လုံးကိုလဲ မိစ္ဆာနတ်ဆိုးကြီးက အနိုင်ယူလိုက်ပြန်တာပဲကွာ။ ဒီလိုနဲ့ နောက်ဆုံးကျမှ အဲ့ကောင်ကြီးက ပျင်းသွားတဲ့ပုံနဲ့ သိဒ္ဓိဝင်ဆေးကို ယူပြီး ထွက်သွားခဲ့တာပဲ။ အဲ့လို အစွမ်းထက်တဲ့ သူမျိုးက တခြားကမ္ဘာက မိစ္ဆာနတ်ဆိုးမဟုတ်လို့ တခြား ဘာဖြစ်နိုင်ဦးမှာလဲကွာ "
စကားဆုံးအောင် နားထောင်ပြီး နောက်တွင်မူ လောထျန်းက ပန်းလင်အား သုန်မှုန်နေသော မျက်နှာကြီးဖြင့် လှည့်ကြည့်လိုက်သည်။
" ဒါကို အေးအေးဆေးဆေးနဲ့ တည်ငြိမ်တဲ့သူ လို့ ခေါ်တယ်ပေါ့ "
ပန်းလင်မှာလည်း မျက်နှာကြီး သုန်မှုန်နေကာ လီလေးဘက် လှည့်ကြည့်၏။
" လီလေး... နင် ဘာတွေ ဖြစ်နေတာလဲ ။ အဲ့လောက် နီးတဲ့ ခရီးလေးကို အသွားအပြန်လုပ်ဖို့ နာရီဝက်
လောက် ကြာသွားတာ မထူးဆန်းတော့ဘူး "
လီလေးက မျက်နှာသေဖြင့် ပြန်ပြော၏။
" ကျုပ်က အဲ့အစွမ်းကို ရတာမကြာသေးဘူးလေဗျာ.. အဲ့တော့ စမ်းသပ်လေ့ကျင့်ဖို့ လူတချို့ ရှာရတာပေါ့။ ဒါပေမယ့် စိတ်မပူပါနဲ့... ကျုပ် သေချာဂရုစိုက် တွက်ချက်ပြီးမှ လုပ်ခဲ့တာပါ။ ကျုပ် အများကြီး ထိခိုက်အောင် မလုပ်ခဲ့ပါဘူး .... "
သူ့စကား ဆုံးသည့် အချိန်မှာပင်..
" ဘေးဖယ်ကြဟေ့... လမ်းဖယ်ကြ... ငါတို့ဘိုးဘေးက ဟို တခြားကမ္ဘာက မိစ္ဆာနတ်ဆိုးကြောင့် ခြေတွေလက်တွေ ကျိုးသွားခဲ့ရတယ်။ သူ့ဒဏ်ရာတွေကို ကုသဖို့အတွက် ဂိုဏ်းကို မြန်မြန်ပြန်မှ ဖြစ်မှာ။ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို ကျုပ်တို့ကို အရင်ပေးသုံးကြပါ "
အသံတစ်သံ ထွက်လာသည်။
ချက်ချင်း ဆိုသလိုပင် ထမ်းစင်တစ်ခုကို သယ်လာကြသော လူငယ်တစ်စု အပြေးအလွှား ရောက်လာပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအမံဆီသို့
အသည်းအသန် ပြေးသွားကြ၏။
" ဟင်... ဘာလို့ မင်းတို့ကို အရင်ပေးသွားရမှာလဲ ။ ငါတို့ အကြီးအကဲရဲ့ နှလုံးအကြောတွေကလဲ ဟို မိစ္ဆာနတ်ဆိုးကောင်ကြီးကြောင့် ပျက်စီးသွားခဲ့ရတာလေ။ ငါတို့ပဲ အရင်သွားသင့်တာပေါ့ "
" ဟမ့်... နှလုံးအကြောတွေကိုများ စကားထဲ ထည့်ပြောနေသေးတယ်။ ငါတို့ သခင်ကြီးက ချီပါ ထိခိုက်သွားခဲ့တာကွ "
" ငါ့ တပည့် ဆယ့်ရှစ်ယောက်လုံးက ဒဏ်ရာဆိုးဆိုးရွားရွား ရထားကြတာ... "
ထိုတခဏ၌ အားလုံးက သူ အရင်သွားမည် ၊ ကိုယ်အရင်သွားမည် ဖြင့် အော်ဟစ်ငြင်းခုန်လိုက်ကြသည်။
ပန်းလင် လီလေးဘက် ထပ်လှည့်ကြည့်လိုက်၏။
" အေး... နင်က သိပ်ကို ဂရုစိုက်တတ်တဲ့ သူကြီးပဲ "
နတ်ဆိုးဧကရာဇ်ကြီး ၊ လီလေးမှာ အလွန်ရှက်နေဟန် ဖြစ်နေတော့၏။
" ကျုပ်က တစ်ခါ တိုက်ခိုက်ရင် သိုင်းကွက်တစ်ကွက်တည်းပဲ သုံးခဲ့တာပါဗျာ။ အဲ့ဒါကိုမှ သူတို့တွေက မတားနိုင်ကြတာလေ ... ကျုပ်ကို အပြစ်ပါနဲ့ "
ပန်းလင်တစ်ယောက် လုံးဝ ဆွံ့အသွားရပါတော့သည်။
ထိုစဥ် သူတို့နှင့် ခပ်လှမ်းလှမ်းမှ လူများမှာ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံအား မည်သူ အရင်သုံးမည်ကို ငြင်းခုန်နေကြဆဲ ဖြစ်သဖြင့် အစီအမံကို မည်သူမှ မသုံးနိုင်ဘဲ ဖြစ်နေပါ၏။
အစီအမံကို သုံးမည့် လူတန်းကြီး ပိုပို ရှည်လာသည်ကို ကြည့်ကာ လောထျန်း စိတ်မရှည်နိုင် ဖြစ်လာရတော့သည်။
" ဟိုနားကို သွားကြစို့... "
သူ ထိုသို့ပြောကာ အစီအမံ ရှိရာဆီသို့ လျှောက်သွားလိုက်၏။
အစောက သူ့အား စကားပြောနေခဲ့သည့် သူမှာ ၎င်း
ကို မြင်ပြီး လန့်သွားကာ ပြောသည်။
" ဟေ့ ကောင်လေး ၊ အဲ့လူတွေက ကျုံ့ကျိုးရဲ့ အဓိကဂိုဏ်းကြီးတွေက သူတွေနော်။ သူတို့နဲ့ သွားတိုက်ခိုက်ချင်လို့လား။ မင်း အသက်ဆက်မရှင်ချင်တော့နဲ့တူတယ် "
သို့သော် လောထျန်းက သူ့အား လျစ်လျူရှုပြီး ရှေ့သို့သာ ဆက်လျှောက်သွားလိုက်ပါ၏။
လူကြီးမှာ ၎င်းကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။
" မင်းက တကယ်ကြီး သေချင်နေတာပဲကွာ "
ထိုအချိန်တွင် လောထျန်းမှာ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ ရှေ့သို့ပင် ရောက်နေခဲ့လေပြီ။
" ဘေးဖယ်ကြစမ်း "
လောထျန်း အေးစက်စက် ပြောလိုက်သည်။
" ဟင်.. မင်း သေချင်နေတာလား "
" ဘေးဖယ်စမ်းတဲ့.. အဲ့လိုစကားမျိုး ပြောရဲတယ်
ပေါ့လေ "
အားလုံးက လောထျန်းအား တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြ၏။
သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကြရပါသည်။
သူတို့ လောထျန်းအား မသိသော်လည်း လောထျန်းဘေးတွင် ရှိနေသည့် လီလေးကိုမူ ရင်းရင်းနှီးနှီးကြီး သိထားသည် မဟုတ်ပါလား...
အု.... အု...
အစောက ဒဏ်ရာဆိုးရွားစွာ ရထားခဲ့သည့် အကြီးအကဲများမှာလည်း လီလေးအား ထပ်မြင်လိုက်ရပြီးနောက် ဒဏ်ရာများအား ပြန်ဆွပေးလိုက်သလို ဖြစ်သွားကာ သွေးများ အန်ပြီး ထပ်မေ့လဲကျကုန်တော့၏။
နောက်ဆုံးတွင်မူ.. လူတစ်ယောက်၏ အလန့်တကြား အော်သံ ထွက်လာသည်။
" တခြားကမ္ဘာက မိစ္ဆာနတ်ဆိုးကြီးဟေ့... မိစ္ဆာနတ်ဆိုးကြီး လာနေပြီ "
လူများမှာ ဒဏ်ရာရထားသူများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခပ်ဝေးဝေးသို့ ချက်ချင်း ပြေးသွားလိုက်ကြ၏။
၎င်းကို မြင်သော လောထျန်းက နတ်ဆိုးဧကရာဇ် လီလေးဘက် လှည့်ကြည့်လိုက်သည်။
နတ်ဆိုးဧကရာဇ် လီ ကမူ ရှက်နေသော မျက်နှာကြီး ဖြစ်နေ၏။
" သခင်လေး ကျေးဇူးပြုပြီး ဝင်ပါ "
သူ သတိထားကာ လောထျန်းအား ပေးသွားလိုက်သည်။
" သွားကြစို့ "
လောထျန်းမှာ ထိုကိစ္စများကို အာရုံစိုက်ရန် ပျင်းလွန်းလှသဖြင့် စကားများစွာ ပြောမနေဘဲ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲသို့သာ ဦးဆောင် ဝင်သွားလိုက်၏။
ဝီ...
အလင်းတန်းတစ်ချက် လက်သွားပြီး လောထျန်းတို့လူစု တည်နေရာရွှေ့ပြောင်းခြင်း အစီအမံမှ ပျောက်ကွယ်သွားကြပါ၏။
မရေမတွက်နိုင်သော လူအုပ်ကြီးမှာကား အံ့သြတုန်လှုပ်စွာဖြင့် ကျန်ရစ်နေခဲ့ကြပါသည်။
အချိန်အတန်ကြာသွားပြီးမှသာ တစ်ယောက်က အသိပြန်ဝင်လာပြီး အသံတုန်တုန်ဖြင့် မေး၏။
" ဟို မိစ္ဆာနတ်ဆိုးကြီးက လူငယ်လေးကို ' သခင်လေး ' လို့ ခေါ်လိုက်တာလား "
" အဲ့ မိစ္ဆာကောင်ကြီးက လူငယ်လေးရဲ့ လက်အောက်က အခိုင်းအစေများ ဖြစ်နေမလား "
" အဲ့လောက် အစွမ်းထက်တဲ့ အခိုင်းအစေမျိုး တချို့ မြင့်မြတ်နယ်မြေတွေမှာတောင် မရှိဘူးလေကွာ "
" မဟုတ်မှလွဲရော... အဲ့ကောင်လေးက ..... "
ထိုနေ့၌.... လူငယ်လေးတစ်ယောက် အသွင်ရှိသော အခြားကမ္ဘာမှ မိစ္ဆာနတ်ဆိုးတစ်ကောင် ထျန်းယွမ်ကမ္ဘာထဲ ဆင်းသက်လာခဲ့သည်... ဆိုသော သတင်းက ကျုံ့ကျိုးဒေသတခွင် ပျံ့နှံ့သွားတော့သည်။
စာစဉ်ပြီး၏