← Chapters

အခန်း (၁၂၉၇-၁၃၀၂)

Vol. 84 Ch. 1297-1302

အခန်း (၁၂၉၇-၁၃၀၂)

Vol. 84 Ch. 1297-1302

အပိုင်း ၁၂၉၇ ခိုကျီအတု

လင်ရှောင်းထင် ပြန်ရောက်ပြီဖြစ်၍ နှစ်ယောက်သားအတူ သခင်ကြီးလင်ထံ သွားလည်လို့ရသွားသည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် နေ့လည် 12 နာရီတွင် နေ့လည်စာစားရန် စီစဉ်ထားသော်လည်း ခိုကျီအကြောင်း သတင်းဆိုးတစ်ခု ကုနင်း ကြားလိုက်ရသည်။ ခိုကျီ အသားအရေထိန်းသိမ်းမှုထုတ်ကုန်များသည် သူတို့၏အသားအရေကို ပျက်စီးစေသည်ဟု ဝယ်ယူသူလူအများအပြားက အင်တာနက်ပေါ်တွင် တိုင်တန်းရေးသားလာကြသည်။

ကေသည် သတင်းကို ဦးစွာဖတ်မိပြီး ကုနင်းကို ချက်ချင်း သတင်းပို့လိုက်သည်။

ကုနင်း ထိုသတင်းကိုကြားသည်နှင့် တပြိုင်နက် ခိုကျီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန်အတွက် စီးပွားရေးပြိုင်ဘက်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူမ,သိလိုက်သည်။ ခိုကျီသည် အလွန်ခေတ်စားနေသောကြောင့် ပြိုင်ဘက်အမှတ်တံဆိပ်များက မနာလိုဖြစ်နေကြခြင်းဖြစ်သည်။

ယခု ခိုကျီ၏ကျော်ကြားအရဆိုလျှင် တတိယအဆင့် အသားအရေထိန်းသိမ်းမှုအမှတ်တံဆိပ်များသည်သာ ခြိမ်းခြောက်ခံနေရမည်ဖြစ်သည်။

ခိုကျီ ထုတ်ကုန်များတွင် မှော်ဆေးရည်မပါရှိပါက ဘေးကင်းပြီး ထိရောက်မှုရှိကြောင်း သူမ, မသေချာနိုင်သော်လည်း မှော်ဆေးရည်ပါရှိသည့်အတွက် ထိုပစ္စည်းများသည် ဘေးကင်းပြီး ထိရောက်မှုရှိရမည်ဖြစ်သည်။

ခိုင်လုံသောအထောက်အထားမရှိသရွေ့ ကောက်ချက်မချနိုင်သေးပေ။ စက်ရုံသည် မှော်အစွမ်းရည်ကို ထုတ်ကုန်များထဲသို့ ထည့်ရန်မေ့သွားခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် အင်တာနက်ပေါ်ရှိ အဆိုပါ အသားအရေထိန်းပစ္စည်းများ၏ ပက်ကေ့ချ်များသည် ခိုကျီ အစစ်နှင့် အလွန်ကွာခြားကြောင်း မကြာမီ သိရှိလာခဲ့သည်။

ထိုပစ္စည်းများသည် အပြင်ပန်းတွင် ခပ်ဆင်ဆင်တူနေသော်လည်း ခိုကျီ အစစ်နှင့် ထိတွေ့နေသူများသည် ကွဲပြားမှုများကို အလွယ်တကူ ပြောပြနိုင်သည်။

ခိုကျီ၏ ထုတ်ကုန်များ၏ ထုပ်ပိုးမှုအားလုံးသည် ရေစာဖျော့တော့စွာပါရှိသော်လည်း ခိုကျီ အတုများမှာမူ မပါရှိပေ.. ထိုအရာမှာ သေချာမကြည့်လျှင် မသိသာပေ။

ရေစာအပြင် ခိုကျီ အစစ်နှင့် အတုကြားတွင် အခြားသော ကွဲပြားမှုများလည်း ရှိသေးသည်။

ခိုကျီ အတုကိုဝယ်ယူသူများသည် ခိုကျီအစစ်၏ပုံပန်းသဏ္ဍာန်ထုပ်ပိုးမှုကို မသိပေ။ ထို့ကြောင့်လှည့်စားခံရခြင်းဖြစ်သည်။ နာမည်ကြီး အမှတ်တံဆိပ်များကို အတုပြုလုပ်ခြင်းသည် အဆန်း မဟုတ်ပေ။

ထို့ကြောင့် ကုနင်းသည် ပထမဦးဆုံးအနေနှင့် ခိုကျီ ထုတ်ကုန်အတုလုပ်သူကို ရှာဖွေပြီး ခိုကျီ၏ဂုဏ်သိက္ခာကို ပြန်ဆယ်ရမည်ဖြစ်သည်။

ခိုကျီ ထုတ်ကုန်အစစ်ကို အသုံးပြုသူများသည် သူတို့၏ အသားအရည် ပိုမိုချောမွေ့ကောင်းမွန်လာသောကြောင့် အင်တာနက်ပေါ်တွင် ခိုကျီဘက်မှ ရပ်တည်ကာ ခုခံကာကွယ်ပေးကြသည်။

ခိုကျီ ပရိသတ်များသည်လည်း ထုတ်ကုန်များမှာ ထိရောက်သည်ဟု ယုံကြည်ကြသည်။

ခိုကျီ၏ထုတ်ကုန်များကိုအသုံးပြုပြီးလျှင် မည်သူမျှ ထိုသို့ ဝေဖန်တော့မည်မဟုတ်ပေ။ သို့သော်လည်း ဤကဲ့သို့ ဝေဖန်မှုများ မြင့်တက်နေသောကြောင့် ခိုကျီကို တစ်ခါမှ မသုံးဖူးသောသူများ၏ ဝယ်ယူလိုစိတ်ကို လျော့ကျစေခဲ့သည်။ ထိုလူများသည် အင်တာနက်ပေါ်တွင် ခိုကျီကို ဝေဖန်နေသောလူများနှင့် ပူးပေါင်းလိုက်ကြသည်။

"သူတို့က ခိုကျီ အတုတွေ ဝယ်ခဲ့တာလား.. ဒါမှမဟုတ် ငါတို့ရဲ့ စီးပွားရေးပြိုင်ဘက်တွေက ငှားထားတဲ့လူတွေလား..ဆိုတာ သိရအောင် အဲဒီပို့စ်တွေကို စုံစမ်းကြည့်လိုက်"ဟု ကုနင်း မှ ကေကို ပြောလိုက်သည်။

“ကောင်းပြီ.. ဘော့စ်” ကေ ပြန်ဖြေသည်။

ကေထွက်သွားပြီးနောက် ကုနင်းသည် နဉ်ချန်းခိုင်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။ ဤသည်မှာ အကွက်ဆင်ခံရချင်းဖြစ်မည်ဟု ကုနင်း သေချာနေသော်လည်း စက်ရုံကို လူကိုယ်တိုင် ထပ်မံစစ်ဆေးရန် နဉ်ချန်းခိုင်ကို ပြောခဲ့သည်။

စီးပွားရေးပြိုင်ဘက်များသည် သူမ၏ ထုတ်ကုန်ကို ထိခိုက်စေရန် စက်ရုံသို့ လူစေလွှတ်ထားမည်ကို ကုနင်း စိုးရိမ်ခဲ့သည်။

နဉ်ချန်းခိုင်သည် နှောင့်နှေးမှုမရှိစေပဲ စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် အရာအားလုံး ပုံမှန်ဖြစ်ကြောင်း ကုနင်းအား ပြောခဲ့သည်။

ခိုကျီအနေနှင့် သုံးစွဲသူများ ကျေနပ်စေရန် Weibo တွင် တရားဝင်ရှင်းပြရန် လိုအပ်သော်လည်း ကုနင်းသည် ကေ၏စုံစမ်းစစ်ဆေးမှု ရလဒ်ထွက်လာသည်အထိ စောင့်ရန် နဉ်ချန်းခိုင်ကို ပြောခဲ့သည်။

ကုနင်းသည် ဖြစ်စဉ်အစမှအဆုံးအထိ တည်ငြိမ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤပြသနာသည် စီးပွားရေးလုပ်ရာတွင် သူမကြုံတွေ့ရနိုင်သည့် အသေးစားပြဿနာတစ်ခုသာဖြစ်သောကြောင့်ပင်။

ကုနင်း နှင့် လင်ရှောင်းထင်တို့အတူ နေ့လည်စာစားပြီးချိန်တွင် ကေထံမှ ရလဒ်ထွက်လာသည်။

အင်တာနက်ပေါ်တွင် ခိုကျီကိုဝေဖန်နေသူများသည် အမှန်ပင် ခိုကျီ အတုများကို ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် ခိုကျီကို တိုက်ရိုက်ရောင်းချသည့်စတိုးဆိုင်များမှဝယ်ရမည့်အစား အရောင်းကိုယ်စားလှယ်များထံမှ ဝယ်ယူခဲ့ကြသည်။

လက်ရှိအချိန်တွင် မရေမတွက်နိုင်သော ကုန်ပစ္စည်းအတုများစွာထွက်ပေါ်နေပြီးရှော့ပင်းမောလ်ကြီးများနှင့် တိုက်ရိုက်ရောင်းချသည့် စတိုးဆိုင်များမှအပ ကုန်ပစ္စည်းအတုများကို ရှောင်ရန် ခက်ခဲသည်။ အရောင်းကိုယ်စားလှယ်များကို ယုံကြည်ကာဝယ်ယူသူများသည် အနည်းငယ်မိုက်မဲသည်။

ထို့နောက် ကုနင်းသည် ခိုကျီ၏ တရားဝင် အကြောင်းပြန်ချက်ကို Weibo တွင် တင်ရန် နဉ်ချန်းခိုင်ကို ပြောလိုက်သည်။

ခိုကျီ၏တရားဝင်အကောင့်အစစ်၌ ရေးသားထားသည်မှာ - 'စုံစမ်းစစ်ဆေးမှုအပြီးတွင် ခိုကျီ ထုတ်ကုန်များကြောင့် အသားအရေပျက်စီးသွားသည်ဟုပြောကြသော အင်တာနက်အသုံးပြုသူများမှာ စင်စစ် ခိုကျီ အတုများကို ဝယ်ယူခဲ့ကြသည်ကို တွေ့ရှိရသည်။

ကုန်သွယ်မှုအမှတ်တံဆိပ်ဥပဒေနှင့် စျေးကွက်ပြိုင်ဆိုင်မှုဥပဒေအရ ခိုကျီအတု ထုတ်လုပ်သူအား တရားစွဲရန် ကျွန်ုပ်တို့၏အခွင့်အရေးကို အသုံးပြုမည်ဖြစ်သည်။

ခိုကျီသည် သင်၏အသားအရေကို ထိခိုက်စေသည်ဟု ယုံကြည်နေကြဆဲဖြစ်သည့် မည်သူမဆို ပြေစာ သို့မဟုတ် ဘေလ်အပါအဝင် ဝယ်ယူခဲ့သည့်အထောက်အထားကို ကျွန်ုပ်တို့အား ပြပါ။ ကျွန်ုပ်တို့၏ဖောက်သည်အနေဖြင့် သင်၏အကျိုးစီးပွားနှင့် အခွင့်အရေးများကို ကာကွယ်ပေးမည်ဟုကတိပေးပါသည်။’

ထိုပို့စ်တွင် ခိုကျီ ထုတ်ကုန်အစစ်နှင့် အတုများ၏ ဓာတ်ပုံများကိုလည်း ပူးတွဲဖော်ပြခဲ့သည်။

စင်စစ် လူတော်တော်များများသည် အတုအပ ထုတ်ကုန်များ၏အန္တရာယ်ကို သဘောပေါက်ကြပြီး အများစုသည် ခိုကျီ၏တရားဝင် ရှင်းပြချက်ကို ယုံကြည်ရန် ရွေးချယ်ကြသည်။ ထို့အပြင် ခိုကျီသည် ၎င်း၏ဖောက်သည်များကိုကူညီပြီး ခိုကျီအတု ထုတ်လုပ်သူအား တရားစွဲရန် လိုလားခဲ့သည်။

***

အပိုင်း ၁၂၉၈ လင်ရှောက်ကျားကို စိတ်ပျက်နေ

သို့သော်လည်း အင်တာနက်ပေါ်မှတိုက်ခိုက်သူများသည် ခိုကျီကို တိုက်ခိုက်ခြင်းအား ရပ်တန့်ရန် ဆန္ဒမရှိပေ။ အဘယ်ကြောင့်ဆိုသော်ထိုသူများသည် ပိုက်ဆံပေးခိုင်းစေခံထားရသူများဖြစ်သောကြောင့်ပင်။ ခိုကျီမှ ကုန်ကျစရိတ်လျှော့ချရန် ၎င်း၏ ထုတ်ကုန်အစစ်နှင့် အတုများကို တစ်ချိန်တည်းတွင် ရောင်းချခဲ့သည့် ကြိုတင်ကြံစည်ထားမှု သက်သက်သာဖြစ်သည်ဟုစွပ်စွဲကြသည်။

အင်တာနက်အသုံးပြုသူအချို့က ထိုအချက်ကိုယုံကြည်ခဲ့ကြသော်လည်း အချို့မှာ သံသယဝင်နေသည်။ သို့သော် ခိုကျီကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြသူ အများအပြားရှိနေသေးသည်။ အကယ်၍ ခိုကျီကို ကုနင်း ပိုင်ဆိုင်သည်မှန်းသိလျှင် ထိုသို့ သံသယဝင်မည်မဟုတ်ပေ။

ခိုကျီအတုထုတ်လုပ်သူသည် သူ့ကိုအပြစ်ပေးရန် ခိုကျီ တတ်နိုင်တာမရှိဘူးဟု ထင်သောကြောင့် ကြောက်လန့်ခြင်းမရှိပေ။

ကံမကောင်းစွာနှင့် ခိုကျီပိုင်ရှင်မှာ ကုနင်းဖြစ်ပြီး သူမအား ဆန့်ကျင်ဝံ့သောသူများကို ပြန်ပေးဆပ်ခိုင်းရန် ဆုံးဖြတ်ခဲ့သည်။

နောက်ကွယ်မှလူက ရပ်တန့်မည်ဆိုလျှင်ပင် ခိုကျီ၏ဂုဏ်သိက္ခာမှာ ထိခိုက်သွားပြီဖြစ်သောကြောင့် နောက်ကျနေပြီဖြစ်သည်။

ကုနင်းအနေနှင့် ကိုင်တွယ်ရန် အချိန်အနည်းငယ်ယူရမည်ဖြစ်ပြီး ယနေ့အတွက်တော့ ရလဒ်မရှိပေ။

နေ့လည်ပိုင်းတွင် ကုနင်းသည် လင်မိသားစု၏အိမ်သို့ လင်ရှောင်းထင်နှင့်အတူသွားခဲ့သည်။

သခင်ကြီးလင်သည် သူတို့ကို တွေ့ရသောအခါ ပီတိဖြစ်သော်လည်း ကုနင်း၏လက်မှ လက်ဆောင်အိတ်များကိုမြင်သော် မကျေမနပ်ဖြစ်သွားသည်။

သခင်ကြီးလင်သည် သူမကို လင်မိသားစုဝင်အဖြစ် ခံယူထားပြီးသားဖြစ်သောကြောင့် သူမ၏ဝတ္တရားများကိုဆောင်ရွက်နေသေးသည်ကိုသဘောမကျကြောင်း ကုနင်း နားလည်သည်။ သူမသည် လင်ရှောင်းထင်နှင့် လက်ထပ်ပြီးသည့်နောက်တွင်မှ သခင်ကြီးလင်ထံလက်ဆောင်များနှင့်လာလည်သည်ကို ရပ်တန့်လိုက်ဖွယ်ရှိသည်။

သူတို့၏မင်္ဂလာပွဲအတွက် စဉ်းစားရန်မှာတော့ အရမ်းစောနေသေးသည်။

"နင်းနင်း...ရှောင်းထင်လည်း အခု အိမ်ပြန်ရောက်နေပြီ .. မင်းတို့နှစ်ယောက် စေ့စပ်ကြောင်းလမ်းကိစ္စ ပြောနိုင်ဖို့ Bမြို့က မင်းအဘိုးကို ငါတို့ ဘယ်အချိန်မှာ သွားတွေ့ရမလဲ?" သခင်ကြီးလင် မေးလိုက်သည်။

လင်ရှောင်းထင်သည်လည်း ထိုအတွက် မစောင့်နိုင်တော့ပေ။

သခင်ကြီးလင် သူမကို ထိုသို့ တည့်တည့်ပြောလိုက်သောအခါ ကုနင်း အနည်းငယ်ရှက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ "အင်း..ကျွန်မဒီရက်ပိုင်း အားတယ်။"

ချန်စန်းယိနှင့်ကေတို့သည် သူမ၏ကုမ္ပဏီကို စီမံခန့်ခွဲရာတွင် ကူညီကြမည်ဖြစ်သောကြောင့် သူမမရှိလျှင်ပင် သူတို့ဘာသာသူတို့ ဆုံးဖြတ်ချက်ချနိုင်သည် ။

"ကောင်းပြီ ဒါဆို ဘာလို့ မနက်ဖြန် Bမြို့ကို မသွားရမှာလဲ?" သခင်ကြီးလင် ထပ်မေးသည်။ သူ ထိုအတွက် ကောင်းကောင်း ပြင်ဆင်ထားပြီးဖြစ်သည်။

အခြားအရေးပါသော လင်မိသားစုဝင်များသည်လည်း Bမြို့ ရှိ ထန်မိသားစုအိမ်သို့လည်း သွားရောက်ကြမည်ဖြစ်သည်။

ကုနင်း သဘောတူလိုက်သည်။

ကုနင်းနှင့် မကြာမီစေ့စပ်တော့မည်ဟုတွေးရင်း လင်ရှောင်းထင်သည် ပျော်ရွှင်မှုအပြည့်ဖြင့် ရင်ခုန်နေလေသည်။

လင်ရှောင်းထင်၏မျက်နှာပေါ်တွင် ထိုသို့စိတ်လိုလက်ရအပြုံးမျိုးကို တွေ့ရခဲသောကြောင့် သခင်ကြီးလင်သည် သဘောကျကာ ရယ်နေလေသည်။ ထို့နောက် အချင်းချင်း စကားစမြည်ပြောကြသည်။

ခဏအကြာတွင် လင်ရှောက်ကျား ပြန်ရောက်လာသည်။ လင်ရှောက်ကျားသည် ယနေ့တွင် စိတ်အခြေအနေကောင်းနေခဲ့သော်လည်း ကုနင်းနှင့် လင်ရှောင်းထင်ကို တွေ့လိုက်ရသည်နှင့်တပြိုင်နက် သူမ၏ အမူအရာ ပြောင်းလဲသွားသည်။

လင်ရှောင်းထင် နှင့် ကုနင်းတို့က ကိစ္စမရှိသော်လည်း သခင်ကြီးလင်သည် စိတ်ဆိုးသွားခဲ့သည်။ သို့သော် သူသည် ကျင့်သားရနေ၍ ဘာမှ မပြောတော့ပေ။

လင်ရှောက်ကျားသည် အခြား လင်မိသားစုဝင်များကဲ့သို့ အဘယ်ကြောင့် သဘောမကောင်းနိုင်သည်ကို သခင်ကြီးလင် နားမလည်ပေ။

"မင်္ဂလာပါ အဘိုး" လင်ရှောက်ကျားသည် အပေါ်ထပ်သို့ မတက်မီ သခင်ကြီးလင်ကို နှုတ်ဆက်ပြီး လင်ရှောင်းထင်နှင့် ကုနင်းတို့ကို သိသိသာသာ လျစ်လျူရှုခဲ့သည်။

လင်ရှောင်းထင်နှင့် ကုနင်းတို့သည်လည်း သေချာပေါက် ဂရုမစိုက်ကြပေ။

"ငါ သူ့ကို တော်တော်စိတ်ပျက်တယ်.." လင်ရှောက်ကျား ထွက်သွားသောအခါ သခင်ကြီးလင် သက်ပြင်းချလိုက်သည်။

"နင်းနင်းနဲ့ ခပ်ဝေးဝေးနေနေသရွေ့ ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး။" လင်ရှောင်းထင် ပြောလိုက်သည်။ သူသည် ကုနင်း ၏ခံစားချက်ကိုသာ ဂရုစိုက်သည်။

“ နင်းနင်း မင်း ရှောက်ကျားရဲ့ အပြုအမူကို မကြိုက်ရင် မင်းဘာမဆို လုပ်နိုင်တယ်.. မင်းစိတ်မပူနဲ့ ငါမင်းဘက်ကနေပေးမယ်။" ဟု သခင်ကြီးလင် ကုနင်းကို ပြောသည်။

လင်ရှောက်ကျားသည် အရင်တခေါက်က ကုနင်းကို အကွက်ဆင်ဖူးပြီး သခင်ကြီးလင်သည် ထိုအရာကို မမေ့ခဲ့ပေ။

“ဟုတ်ကဲ့ပါ” ကုနင်း သခင်ကြီးလင်ကို ပြုံးပြလိုက်သည်။

မကြာခင်ပင် လင်ယွမ်ကျန်း နှင့် ယွီယင်တို့ အိမ်ပြန်ရောက်လာသည်။ နှစ်ယောက်စလုံးသည် ကုနင်းကိုတွေ့ရသည်ကို ဝမ်းသာကြသည်။

ထို့နောက် သခင်ကြီးလင်သည် သဘက်ခါတွင် သူနှင့်အတူ ထန်မိသားစုအားသွားတွေ့ရန် ပြောလိုက်သည်။ လင်ယွမ်ကျန်း နှင့် ယွီယင်တို့သည် ပြင်ဆင်ထားပြီးဖြစ်သောကြောင့် အားရဝမ်းသာ သဘောတူလိုက်သည်။

လင်ယွမ်ချန်၏မိသားစုသည် ကုနင်း၏ မိသားစု နောက်ခံကို မသိသလို သခင်ကြီးလင်သည်လည်း လင်ယွမ်ချန်ကို ပြောပြရန် စိတ်မ၀င်စားပေ။

လင်ယွမ်ချန်သည် လင်ရှောင်းထင်ကို ဆိုးရွားစွာ မဆက်ဆံသော်လည်း သူသည် လင်ရှောင်းထင်ကို သူ့အတွက် ခြိမ်းခြောက်မှုအဖြစ် မြင်နေသည်။ ထို့အပြင် လင်ယွမ်ချန်သည် ကုနင်း ၏ မိသားစု နောက်ခံကိုသိသည်နှင့် ကျန်းရှူးယွမ်လည်း သိလိမ့်မည်။

သခင်ကြီးလင်သည် သူတို့ ရန်ဖြစ်သည်ကို ထပ်မကြားချင်တော့ပေ။

"နင်းနင်းက လက်ထပ်ဖို့အတွက်အရမ်း ငယ်သေးတာ နှမြောစရာပဲ။" ယွီယင် ပြုံးပြုံးလေးပြောလိုက်သည်။ သူမသည်လည်း လင်ရှောင်းထင် နှင့် ကုနင်းတို့သည် နတ်ဖက်သည့်စုံတွဲဟုထင်သည်။

***

အပိုင်း ၁၂၉၉ အဆင့် ငါးနေရာ..

ယွီယင်သည် လင်ရှောင်းထင်နှင့် စကားပြောခဲသော်လည်း သူ့ကို ဆူးညှောင့်ခလုတ်တစ်ခုအဖြစ် သူမမြင်ခဲ့ပေ။

လင်ယွမ်ကျန်းနှင့် ယွီယင်တို့သည် လင်ရှောင်းထင်ကို ဆွေမျိုးရင်းချာကဲ့သို့ ဆက်ဆံခဲ့ကြသော်လည်း လင်ရှောင်းထင်သည် ကျင့်သားမရ၍ အမြဲတမ်း တစ်ယောက်တည်းနေခဲ့သည်။

လင်ယွမ်ချန်တို့လင်မယားနှင့်ယှဉ်လျှင် လင်ယွမ်ကျန်းနှင့် ယွီယင်သည် တော်တော်သဘောကောင်းသည်။

လင်ရှောင်းထင်သည် ကုနင်းကို ချက်ချင်း လက်ထပ်ချင်သော်လည်း ကုနင်း သည် ယခုနှစ်တွင် ၁၉နှစ်သာရှိသေးသောကြောင့် နောက်ထပ် သုံးနှစ်စောင့်ရဦးမည်ဖြစ်သည်။ သုံးနှစ်သည် အတကယ်တော့ လွန်ကြာမြင့်လှသည်။

ကုနင်းသည် လင်ရှောင်းထင်၏ တုံ့ပြန်မှုကို ရယ်ချင်သော်လည်း သူမ ဘာမှ မတတ်နိုင်ပေ။ ကံကြမ္မာအရသာဖြစ်သည်။

ခဏအကြာတွင် ကျန်းရှူးယွမ် ပြန်ရောက်လာပြီး ကုနင်းနှင့်လင်ရှောင်းထင်ကိုတွေ့ရသည်ကိုသဘောမကျဖြစ်သွားသည်။ သို့သော် သူမ၏အပြုအမူသည် လင်ရှောက်ကျားကဲ့သို့မဆိုးဝါးပေ။

"မင်္ဂလာပါ အဖေ" ကျန်းရှူးယွမ်သည် သခင်ကြီးလင်ကို နှုတ်ဆက်ပြီး ပါးစပ်ပိတ်လိုက်သည်။

"အေး..အေး " သခင်ကြီးလင် ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။

"အိုး..ရှောက်ကျား အိမ်ပြန်ရောက်ပြီလား" ကျန်းရှူးယွမ် မေးသည်နှင့်

“သူမ ပြန်ရောက်တာနဲ့ အပေါ်ထပ်ကို တက်သွားတယ်” သခင်ကြီးလင်ကပဲ ပြန်ဖြေသည်။

“အဖေ ..ရှောက်ကျားက နိုင်ငံတကာဂါဝန်ဒီဇိုင်းပြိုင်ပွဲမှာ အဆင့် ၁၁ နေရာကို ခုချိန်ထိရနေသေးတယ်ဆိုတာပြောသွားလား... ဖိုင်နယ်မှာ.. ဒီဇိုင်နာ အယောက် ၂၀ ရွေးချယ်မှာ. .တကယ်လို့ သူမသာ... ဖိုင်နယ်မှာ.. ထိပ်တန်း ၁၀ ယောက်ထဲဝင်ခဲ့ရင် သူမရဲ့ ဒီဇိုင်းတွေကို ပဲရစ်ဖက်ရှင်ဝိခ်ကို တိုက်ရိုက်ပေးပို့မှာဆိုတော့ သူမလည်း နာမည်ကြီးလာတော့မှာ.." ကျန်းရှူးယွမ်တစ်ယောက် ဂုဏ်ယူစွာဖြင့် ပြောနေသည်။

"ကောင်းတယ်.. သတင်းကောင်းပဲ" သို့သော် သခင်ကြီးလင် သည် အထင်ကြီးစရာ ကောင်းသည်ဟုမထင်ပေ။

သခင်ကြီးလင်သည် လုံးဝ စိတ်လှုပ်ရှားပုံမပေါ်သောအခါ ကျန်းရှူးယွမ် စိတ်တိုသွားသည်။

သို့သော် ကုနင်းသည် ယုကျီသည်လည်း ထိုပြိုင်ပွဲတွင် ပါဝင်ခြင်းရှိမရှိကို စဉ်းစားနေပြီး တိုက်ဆိုင်စွာပင် ယုကျီ သည် သူမကို ဖုန်းခေါ်လာသည်။

ကုနင်း သည် ခွင့်တောင်း၍ ဖုန်းဖြေရန်ထွက်သွားခဲ့သည်။

"ဟလို.. ဘော့စ်.. သတင်းကောင်းပြောမလို့.. ငါနိုင်ငံတကာဂါဝန်ဒီဇိုင်းပြိုင်ပွဲ ထိပ်တန်း အဆင့် ၂၀ စာရင်းမှာ အခုထိ အဆင့် ၅နေရာမှာရှိနေတုန်းပဲ.. ဖိုင်နယ်ကျ ထိပ်တန်း ၁၀ ယောက်ထဲပါနိုင်ရင် ငါ့ဒီဇိုင်းတွေကို Paris Fashion Week ကို တိုက်ရိုက်ပေးပို့မှာ.. အဲ့တာအရမ်းမိုက်တယ်။" ယုကျီ အလွန်စိတ်လှုပ်ရှားစွာ ပြောပြလို့နေသည်။

ယုကျီသည် ကုနင်းကို ဖုန်းခေါ်ရခြင်းမှာ ပြိုင်ပွဲဝင်များသည် ထိုသတင်းကိုအခုမှသိခြင်းကြောင့်ဖြစ်သည်။

လင်ရှောက်ကျားသည် ပြိုင်ပွဲတွင် အဆင့် ၁၁ နေရာရသောကြောင့် စိတ်အခြေအနေကောင်းကာ အိမ်သို့ ပြန်လာခဲ့သည်။ သူမသည် သတင်းကောင်းကို သခင်ကြီးလင်ကို ပြောပြရန် စီစဉ်ထားသော်လည်း ကုနင်းနှင့် လင်ရှောင်းထင်တို့ ရှိနေသောကြောင့် သူမ၏ စိတ်ကြည်လင်မှုများ ပျက်စီးသွားခဲ့ရသည်။

"ဂုဏ်ယူပါတယ် မင်း ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်။”

ကုနင်း၏အကူအညီဖြင့် ယုကျီသည် ပိုမိုအောင်မြင်ကျော်ကြားလာခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ဂျေဆင်နှင့်တွေ့ဆုံခဲ့ရသည် ဆိုလိုသည်မှာ သူမသည် အနာဂတ်တွင် နိုင်ငံကျော်အဝတ်အစား ဒီဇိုင်နာဖြစ်လာနိုင်ဖွယ်ရှိသည်။

ယုကျီသည် ယခုအချိန်တွင် မျှော်လင့်ချက်များ အိမ်မက်နှင့် ပြည့်နှက်နေသည်။

"ကျေးဇူးတင်ပါတယ် ဘော့စ်" ယုကျီသည် ကုနင်းကို ကျေးဇူးတင်ပြီး ဖုန်းပြောရင်းငိုနေသည်။

"ဘော့စ်ကြောင့်သာမဟုတ်ရင် ငါ ဒီနေ့အောင်မြင်မှာမဟုတ်ဘူး။ ဘော့စ်ရဲ့ကျေးဇူးကို ဘယ်တော့မှမမေ့စေရဘူးလို့ ငါ ကတိပေးပါတယ်" ကုနင်းသည် သူမကို အများကြီးကူညီပေးခဲ့သည့်အတွက် အလွန်ကျေးဇူးတင်မိသည်။

စင်စစ် သူမ၏မိသားစုနောက်ခံနှင့် အဆက်အသွယ်များအရ ကုနင်းကဲ့သို့ ဩဇာလွှမ်းမိုးနိုင်သူမရှိပေ။ ကုနင်း နောက်လိုက်ရန်ရွေးချယ်ခဲ့သည်မှာ ယုကျီအတွက် ပါးနပ်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။

“ကောင်းတယ်.. ကြားရတာ ဝမ်းသာပါတယ်။” ကုနင်း ပြုံးလိုက်သည်။

ယုကျီ နှင့် စကားပြောပြီးနောက် ကုနင်း ဧည့်ခန်းဆီသို့ ပြန်သွားခဲ့သည်။ "ဘာပြသနာရှိလို့လဲ.. တခြားကိစ္စတွေရှိသေးလို့လား..?" သခင်ကြီးလင်က စိုးရိမ်တကြီးနဲ့ မေးသည်။

“အိုး မဟုတ်ပါဘူး..အဲဒါ ကျွန်မရဲ့ လက်အောက်ငယ်သားတစ်ယောက်ပါ.. သူမကလည်း နိုင်ငံတကာဂါဝန်ဒီဇိုင်းပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တယ်” ကုနင်း ရည်ရွယ်ချက်ရှိရှိပင် အားလုံးကြားအောင်ပြောလိုက်သည်။

"တကယ်လား သူကဘယ်အဆင့်လဲ?" သခင်ကြီးလင်သည် အံ့အားသင့်စွာ မေးလိုက်သည်။ သို့သော် ကျန်းရှူးယွမ်ကတော့ စိတ်ဆိုးသွားလေသည်။

ကုနင်း၏လက်အောက်ငယ်သားသည် ဖိုင်နယ်သို့ရောက်နေပြီဟု သူကြားလိုက်သည်နှင့် သခင်ကြီးလင်၏ အမူအရာ ပြောင်းလဲသွားသည်။

ကျန်းရှူးယွမ်သည် ကုနင်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

ကုနင်း စိတ်ထဲမထားပေ။ သို့သော် လင်ရှောင်းထင် စိတ်ဆိုးကာ..ကျန်းရှူးယွမ်ကိုအေးစက်စွာကြည့်လိုက်သည်။ ကျန်းရှူးယွမ် လန့်ပြီးအကြည့်လွှဲသွားသည်။ ကျန်းရှူးယွမ်သည် လင်ရှောင်းထင်ကိုတော့ ရန်မစရဲပေ။

ကုနင်း က "သူမက အဆင့် ၅ ပါ" ကြီးကျယ်သည့်ကိစ္စမဟုတ်သလို အေးအေးဆေးဆေး ပြောလိုက်သည်။

ကျန်းရှူးယွမ်သည် လင်ရှောက်ကျားက အဆင့် ၁၁ သာရှိသေးသောကြောင့် သူမ ဟာသတစ်ခုဖြစ်သွားသလိုခံစားလိုက်ရသည်။

"သူမက အဆင့် ၅လား သူမအတွက် ကောင်းတာပေါ့” သခင်ကြီးလင် ချက်ချင်းချီးကျူးစကားဆိုလိုက်ကာ

“သူမက အခုတောင် အဆင့် ၅နေရာမှာ ရှိနေတာဆိုတော့.. ဖိုင်နယ်မှာ ထိပ်တန်း ၁၀ နေရာကို ဝင်နိုင်မယ် ထင်တယ်” ယွီယင်ကပါ ဝင်ပြောလာသည်။

***

အပိုင်း ၁၃၀၀ စေ့စပ်ပွဲ

"မစ္စကု.. မင်းရဲ့လက်အောက်ငယ်သားအကြောင်း ပိုပြောပြပါလား..သူမက တကယ်ကို မယုံနိုင်စရာကောင်းတာပဲ” ကျန်းရှူးယွမ် ရန်စချင်သလိုလေသံမျိုးဖြင့် စကားစလာသည်။

“ရှောက်ကျားက နာမည်ကြီး ဒီဇိုင်းအကယ်ဒမီကနေ ဘွဲ့ရကာစ အတွေ့အကြုံသိပ်မရှိဘဲ ထိပ်တန်း ၁၁ ထဲဝင်ခဲ့တာ.. ငါကြားတာ အတွေ့အကြုံရှိတဲ့ ဒီဇိုင်နာတွေသာ ဒီလိုအရေးကြီးတဲ့ပွဲမှာ ထိပ်တန်းအဆင့်ကို ရနိုင်တာတဲ့”

ကုနင်း၏လက်အောက်ငယ်သားသည် လင်ရှောက်ကျား ထက်သာလွန်သည်ဟု ကျန်းရှူးယွမ် မထင်ပေ။

“အင်း...သူက မစ္စလင်ထက်တော့ နှစ်နှစ် ၃ နှစ်လောက် လုပ်သက်စောပါတယ်.. ဒါပေမယ့် သူနဲ့ရွယ်တူတွေကြားမှာ အရမ်းထူးချွန်တယ်။ သူမရဲ့ ဂါဝန်အမှတ်တံဆိပ်က အခုလည်း ကျော်ကြားနေပြီ၊”

"မင်းပြောတာ Charm လား?" ယွီယင်က ဝင်မေးသည်။

ကျန်းရှူးယွမ်သည် Charmအကြောင်းမတွေးမိပေ။ သူမသေချာပေါက် Charmကိုကြားဖူးပြီး ကုနင်း က ပိုင်ဆိုင်ကြောင်း သူမသိသည် ။

"အတိအကျပြောရရင်.. ကျွန်မရဲ့လက်အောက်ငယ်သားက Charm ရဲ့ ဒီဇိုင်နာပါ" ကုနင်း ပြုံးပြီးပြောသည်။

“Charmက ၀တ်စုံတွေက တကယ့်ကို လှပပြီး အရည်အသွေးမြင့်တယ်။ လက်ရှိ အရမ်းနာမည်မကြီးသေးပေမယ့်.. အနှေးနဲ့အမြန် ကမ္ဘာကျော် လာလိမ့်မယ်လို့ငါထင်တယ်.. ငါ ပြီးခဲ့တဲ့ အပတ်ကပဲ ၀တ်စုံ နှစ်ခု ၀ယ်ထားတာ။" ယွီယင် စိတ်လှုပ်ရှားစွာပြောသည်။

“အန်တီယင် ..Charmမှာ ၀ယ်တာကို ဘာလို့ မပြောတာလဲ ကျွန်မ အတတ်နိုင်ဆုံး လျှော့စျေး ပေးနိုင်ပါတယ်။”

“ဒါက စီးပွားရေးလုပ်နေတာလေ.. ပေါ့ပေါ့တန်တန်နဲ့လျှော့ဈေးမယူနိုင်ပါဘူး။”

ကုနင်းသည် သူမ၏၀တ်စုံများကို အလကားပေးလိုကြောင်း သူမသိသည်။ "အန်တီကကျွန်မရဲ့အဒေါ်ပဲဟာ.. အန်တီသာလိုချင်ရင် ဂါဝန်အလကားပေးလို့ရပါတယ်။ အခု ကျွန်မ အန်တီကို ဗီအိုင်ပီကတ်တစ်ခု ပေးမယ်။ Charmမှာ အခုကစပြီး ဘာဝယ်ဝယ်..၃၀ရာခိုင်နှုန်းလျှော့စျေး ရနိုင်တယ်။" ကုနင်း ပြောပြီး သူမ၏ အိတ်ထဲမှ ဗီအိုင်ပီကတ်ကို ထုတ်ယူလိုက်သည်။

ကုနင်း သည် ကျန်းရှူးယွမ်အတွက် လက်ဆောင်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သူတို့သည် မရင်းနှီးကြသည့်အပြင် ကျန်းရှူးယွမ်သည် သူမ၏ အောင်မြင်မှုကို သဘောမကျကြောင်း ကုနင်း သိသည်။

ကုနင်း သူမကို လျစ်လျူရှုလိုက်သောအခါ ကျန်းရှူးယွမ် သည် မကျေမနပ်ဖြစ်ကာ အရှက်ရသွားသည်။ သို့သော် ကုနင်းသာ သူမကို ဗီအိုင်ပီကတ်ပေးခဲ့လျှင် သူမယူရန် ငြင်းဆန်လိမ့်မည်။

"ဝိုး.." ယွီယင် အံ့သြသွားသည်။ "ကျေးဇူးတင်ပါတယ် နင်းနင်း။"

၃၀ရာခိုင်နှုန်းလျှော့စျေးသည် အများကြီးမဟုတ်သော်လည်း ကုနင်း၏ သူမအပေါ် ကြင်နာမှုကို ဖော်ပြနေသည်။

"ရပါတယ်"

ကျန်းရှူးယွမ်သည် အထင်အမြင်သေးသည့် မျက်နှာထားမျိုးလုပ်လိုက်သည်။

သခင်ကြီးလင်သည် ကုနင်း၏အကျင့်စရိုက်ကိုကောင်းစွာသိပြီး.. ကုနင်းသည် ယွီယင်ကိုကောင်းမွန်စွာဆက်ဆံပြီး.. ကျန်းရှူးယွမ်ကို လစ်လျူရှုသည်ကို ကုနင်း မယဉ်ကျေးဘူးဟုမသတ်မှတ်ပေ။ ကုနင်းသည် အခြားလူများမှ သူမကို ယဉ်ကျေးစွာဆက်ဆံသောအခါတွင်သာ ထိုလူများကို ကောင်းစွာ ဆက်ဆံတတ်သည်။ ထို့ကြောင့် ကျန်းရှူးယွမ်သည် သူမကိုယ်တိုင် ထိုသို့ဆက်ဆံခံရဖို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ညစာစားချိန်တွင် သခင်ကြီးလင်သည် "ယွမ်ကျန်းနဲ့ယင်တို့က သန်ဘက်ခါမှာ Bမြို့မှာရှိတဲ့ ထန်မိသားစုကို ငါနဲ့ အတူ သွားလည်ပြီး ရှောင်းထင် နဲ့ နင်းနင်းတို့ရဲ့ စေ့စပ်ကြောင်းလမ်းအကြောင်း ဆွေးနွေးကြမယ်"

"ဘာ.. Bမြို့ မှာရှိတဲ့ ထန်မိသားစု" လင်ယွမ်ချန် ၊ကျန်းရှူးယွမ် နှင့် လင်ရှောက်ကျားတို့သည် အံ့ဩတုန်လှုပ်နေကြသည်။

လင်ရှောင်းထင် နှင့် သခင်ကြီးလင်တို့သည် ကုနင်း ကို အလွန်သဘောကျကြောင်း သူတို့သိသော်လည်း ကုနင်းသည် ၁၉နှစ်သာရှိသေးသည်။ ပြီးတော့ စေ့စပ်ဖို့ မစောင့်နိုင်လျှင်ပင် F မြို့ အစား B မြို့ကို ဘာအတွက် သွားကြမည်လဲ။

လင်ယွမ်ချန်တို့မိသားစုသည် ကုနင်းသည် ထန်ယွင်ဖန်း ၏သမီးအရင်းဖြစ်ကြောင်း မသိကြပေ။

သခင်ကြီးလင်သည် Bမြို့ ရှိ ထန်မိသားစုအိမ်ဆီ သွားမည်ဟုပြောသည့်အတွက် ကုနင်းနှင့် အထူးပတ်သက်မှုတစ်ခုခုရှိသည် ဆိုသည်မှာ ပို၍ ထင်ရှားလာသည်။

လင်ယွမ်ချန်၊ ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့သည် ထိုသို့မဖြစ်နိုင်ဘူးဟုထင်ကြသည်။

"အဖေ B မြို့ မှာရှိတဲ့ ဘယ်ထန်မိသားစုလဲ?" ကျန်းရှူးယွမ် မေးသည်။

" Bမြို့ မှာ အချမ်းသာဆုံး ထန်မိသားစု အဲ့တာ.. ကုနင်းရဲ့ မိသားစု။ ထန်ယွင်ဖန်းက သူ့အဖေပဲ" ဟု သခင်ကြီးလင် က ပြောသည်။

"ဘာ.." လင်ရှောက်ကျား ထိတ်လန့်စွာ မျက်လုံးဝိုင်းစက်သွားသည်။

"ဘာ.." လင်ယွမ်ချန် နှင့် ကျန်းရှူးယွမ်တို့လည်း ထိတ်လန့်သွားကြသည်။ ထန်ယွင်ဖန်းသည် ကုနင်း၏ဖခင်ဖြစ်ကြောင်း သူတို့ မယုံနိုင်ပေ။ထန်ယွင်ဖန်း သည် Bမြို့ ရှိ ထန်မိသားစု၏ လူသိများထင်ရှားသော ထန်သခင်ကြီးဖြစ်သည့်အပြင် ထန်ဟွမ်၏ဥက္ကဌလည်းဖြစ်ခြင်းကြောင့် ထန်ယွင်ဖန်းသည် ကုနင်း၏ဖခင်ဖြစ်သည်ကို သူတို့မယုံနိုင်ခဲ့ကြပေ။

ထန်မိသားစုသည် B မြို့တွင် နံပါတ်တစ်မိသားစုဖြစ်ပြီး သူတို့တွင် အာဏာနှင့် ကြွယ်ဝမှု နှစ်ခုစလုံးရှိသည်။

ထန်ယွင်ဖန်း၏အစ်ကို ထန်ယွင်ဟန်သည် Bမြို့ပါတီ၏အတွင်းရေးမှူးဖြစ်သည်။ လင်ရှောင်းထင်သည် ထန်မိသားစု၏ထောက်ပံ့မှုရရှိပါက လင်ရှောက်မင်အတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်လာမည်ဖြစ်သည်။ ထိုအရာသည် လင်ယွမ်ချန်တို့မိသားစု၏ မျက်လုံးထဲတွင် လက်ခံနိုင်စရာမရှိပေ။

စင်စစ် လင်ရှောင်းထင်သည် သူ၏အနာဂတ်ဇနီးလောင်း၏ မိသားစုအကူအညီမပါဘဲ လင်ရှောက်မင်ကို တစ်ယောက်တည်း ကျော်ဖြတ်ရန် အလွယ်လေးပင်။

"ကုနင်းရဲ့ မျိုးရိုးနာမည်က ကု မဟုတ်ဘူးလား။ သူက F မြို့က မဟုတ်ဘူးလား အခုကျမှ သူက ဘာလို့ B မြို့မှာရှိတဲ့ ထန်မိသားစုဝင်ဖြစ်နေရတာလဲ။" ကျန်းရှူးယွမ် မယုံနိုင်စွာမေးသည်။

***

အပိုင်း ၁၃၀၁ တရားမဝင်သမီး..

“ဒါက ထန်မိသားစုရဲ့ကိစ္စပါ ပြီးတော့ အဲဒါကို ငါတို့ အနေနဲ့ မပြောသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ကုနင်းက ထန်ယွင်ဖန်းရဲ့ သမီးအရင်းဖြစ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားပဲ” သခင်ကြီးလင် ပြောလိုက်သည်။

“သူက လင်ပါသမီး ဒါမှမဟုတ် တရားမ၀င်သမီးပဲဖြစ်ရမယ်။” လင်ရှောက်ကျား ထုတ်ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား" သခင်ကြီးလင်သည် လင်ရှောက်ကျားကို လှမ်းဟန့်လိုက်သည်။ အမှန်တရားဆိုသော်လည်း ကုနင်း နာကျင်ခံစားရမည်ကို သူစိုးရိမ်နေမိသည်။

စင်စစ် ကုနင်းသည် ထန်ယွင်ဖန်း အချစ်ဆုံးသမီးဆိုလျှင်ပင် ထန်မိသားစုတွင် အလွန်အရေးပါသည်

"မှားလို့လား?" လင်ရှောက်ကျားက အလျှော့မပေးဘဲ။

"ဟုတ်တယ် မင်းမှန်တယ် ဒါပေမဲ့ ဘာဖြစ်လဲ?" ကုနင်းသည် ချက်ချင်း ဝန်ခံလိုက်သည်။ သူမ၏အတိတ်ကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမဘာသာ အောင်မြင်နေခြင်းဖြစ်သောကြောင့်ဖြစ်သည်။ သူမက မစ္စထန်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ အရေးမပါပေ။ သူမအလိုရှိသရွေ့ သူမ၏အမည်ကို ထန်သို့အချိန်မရွေးပြောင်းလဲနိုင်သည်။

သို့သော်လည်း သူမသည် သူမ၏နာမည်ကို ကုနင်း အဖြစ် ထိန်းသိမ်းထားကာ သူမ၏ အနာဂတ်အတွက် သူမဘာသာ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။

“အိုး..တရားမ၀င်တဲ့ သမီး..ရှက်ဖို့ကောင်းလိုက်တာ.. လင်မိသားစုက တရားမ၀င်သမီးနဲ့ လက်ထပ်မယ်တဲ့လား..” လင်ရှောက်ကျားသည် အထင်အမြင်သေးမှုကို သိသာစွာဖော်ပြထားပြီး ကုနင်းသည် တရားမ၀င်သမီးတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရပြီး ကျေနပ်သွားခဲ့သည်။

"ပါးစပ်ပိတ်ထား" သခင်ကြီးလင် ဒေါသထွက်သွားသည်။ အမှန်တွင် သခင်ကြီးလင်သည် ထိုအရာကို ရှက်စရာဟု လုံးဝမထင်ပေ။ သူမ၏မိသားစုနောက်ခံမဟုတ်ဘဲ ကုနင်းကို တန်ဖိုးထားခြင်းဖြစ်သည်။

လင်ရှောက်ကျား အနည်းငယ် ကြောက်ရွံ့သွားသော်လည်း လွှတ်ပေးရန် ဝန်လေးနေသည်။ “အဘိုး သမီးက.. လင်မိသားစုရဲ့ ကောင်းကျိုးအတွက် ပြောတာ.. သမီးတို့မိသားစုက မြို့တော်မှာ ထိပ်တန်းမိသားစု.. တကယ်လို့ …"

"အခု မင်းအခန်းထဲပြန်သွားတော့" သခင်ကြီးလင်သည် သူမ ပြောမပြီးခင် ဖြတ်ပြောလိုက်သည်။

"အဘိုးလင် ကိစ္စမရှိပါဘူး.." ကုနင်းသည် သခင်ကြီးလင်ကို ချက်ချင်း နှစ်သိမ့်ခဲ့သည်။ ထို့နောက် သူမသည် လင်ရှောက်ကျားကို လှည့်ကြည့်လိုက်ကာ “မင်းမှန်တယ်.. တရားမဝင်သမီးကို ဘယ်သူမှ မကြိုက်ကြဘူး ဒါပေမယ့်.. ငါ့ကိုတော့ တားလို့မရဘူး။ နင်..တတ်နိုင်တာလုပ်လေ.. ဘယ်သူက အောင်နိုင်သူလဲဆိုတာကို မြင်ရမှာပါ။”

လင်ရှောက်ကျား တစ်ခုခုပြောဖို့ကြိုးစားရင်း ပါးစပ်ကိုဖွင့်လိုက်သော်လည်း ရုတ်ချည်းဆိုသလို သူမ၏ပါးစပ်ကို အသားစကြီးတစ်စနှင့် ထိမှန်သွားသည်။ လင်ရှောင်းထင် ပစ်လိုက်ခြင်းဖြစ်သည်။

သူတစ်ချိန်လုံးအသံတိတ်နေသည်မှာ သူစိတ်မဆိုးဘူးဟုမဆိုလိုပေ။ ကုနင်းကို သူကိုယ်တိုင်ဖြေရှင်းခွင့်ပေးမည်ဟု ကတိပေးခဲ့သော်လည်း သူသည်းမခံနိုင်တော့၍ ချက်ချင်း လုပ်ဆောင်ခဲ့သည်။

ထိုမြင်ကွင်းသည် စားပွဲပတ်လည်ရှိလူတိုင်းကို ထိတ်လန့်သွားစေပြီး လင်ရှောက်ကျားမှာ လုံးဝအံ့အားသင့်သွားခဲ့သည်။

"ရှောက်ကျား..အဆင်ပြေရဲ့လား?" ကျန်းရှူးယွမ်သည် လင်ရှောက်ကျားကို အလျင်အမြန်သွားရောက်ကူညီခဲ့သည်။

"ရှောင်းထင် မင်းဘယ်လိုလုပ်လိုက်တာလဲ?" သူမသည် လင်ရှောင်းထင်ကို ဒေါသတကြီးမေးသည်။

"ဒီလို ထပ်ပြောရဲရင် ကျွန်တော်ဘာမဆိုလုပ်ရဲတယ်" လင်ရှောင်းထင် အေးစက်စွာပြန်ပြောသည်။

လင်ရှောင်းထင်သည် အမြဲတစေ တစ်ယောက်တည်းနေတတ်ပြီး အခြားသူများနှင့် ခပ်ကင်းကင်းနေတတ်သော်လည်း ဒေါသပေါက်ကွဲသည်မှာ ရှားပါးသည်။

လင်ရှောက်ကျား မပြောနှင့် သခင်ကြီးလင်ပင် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

“အမေ…” လင်ရှောက်ကျားသည် သူမ၏အမေဖြစ်သူနောက်တွင် ပုန်းနေလိုက်သည်။ သူမသည် လင်ရှောင်းထင်ကို ဆန့်ကျင်ရန် မဝံ့ရဲတော့ပေ။

“အဆင်ပြေပါတယ်..အခန်းထဲပြန်သွားရအောင်" ကျန်းရှူးယွမ် ထိုသို့ ပြောပြီး လင်ရှောက်ကျား နှင့်အတူထွက်သွားသည်။ နှစ်ယောက်စလုံးသည် အစာစားလိုစိတ် ပျောက်သွားသည်။

"နင်းနင်း. စိတ်ထဲမထားပါနဲ့.. မင်းရဲ့အတိတ်မှာ ဘာအမှားအယွင်းမှရှိတယ်လို့ ငါမထင်ဘူး.. ရှောင်းထင် နဲ့ မင်း..လက်ထပ်မယ့်အချိန်ကို ငါမစောင့်နိုင်တော့ဘူး"ဟု သခင်ကြီးလင် ပြောသည်။

"ဟုတ်တယ်.. နင်းနင်း..ငါတို့လည်း မင်းကို သဘောကျတယ်၊ မင်း တစ်နေ့ ငါတို့မိသားစုဝင်ဖြစ်လာမယ်လို့ ငါတို့ တကယ်..မျှော်လင့်မိတယ်" ယွီယင်ကပါ ဝင်ရောက်ဖြန်ဖြေပေးသည်။

"ကျွန်တော်သဘောတူတယ်" လင်ယွမ်ကျန်း ခေါင်းညိတ်လိုက်သည်။

"မစ္စကု တောင်းပန်ပါတယ် ကျေးဇူးပြပြီး.. ငါ့ စိတ်ရင်းနဲ့ တောင်းပန်မှုကို လက်ခံပေးပါ။ ငါ့သမီးလေး အကျင့်ပျက်နေတာ ငါ့အပြစ်ပါ” လင်ယွမ်ချန် ကုနင်းကို တောင်းပန်လိုက်သည်။လင်ရှောင်းထင်ကို အင်အားကြီးမားသော မိသားစုနောက်ခံရှိသည့် မိန်းကလေးတစ်ဦးနှင့် လက်ထပ်ရန် သူ,မလိုလားသော်လည်း ထိုအရာသည် သူ ထိန်းချုပ်နိုင်သည့်ကိစ္စမဟုတ်ပေ။ လင်ရှောက်ကျားနှင့် အမြင်တူပြီး တရားမ၀င်သမီးဖြစ်သူကို လင်မိသားစုဝင်နှင့် လက်ထပ်ပေးခြင်းသည် အရှက်ရစေသည်ဟု ထင်သော်လည်း ထိုအချက်ကို ကျယ်လောင်စွာ မပြောဝံ့ပေ။

ထို့အပြင် သခင်ကြီးလင်သည် လင်မိသားစုတွင် ဆုံးဖြတ်ချက်ချရသူဖြစ်ပြီး သူ၏ဆုံးဖြတ်ချက်များကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

လင်ယွမ်ချန်သည် အစိုးရတွင် အကြီးတန်းအရာရှိတစ်ဦးဖြစ်သောကြောင့် သူသည် လိုက်လျောညီထွေစွာနေတတ်သည်။

ကျန်းရှူးယွမ်သည် သူတို့၏အိမ်တွင် သူမ၏ အပြုအမူကို ထိန်းသိမ်းရန် မေ့တတ်သော်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့်မူ သဘောထားကွဲလွဲခြင်းမရှိပေ။ လူတိုင်းတွင် မတူညီသည့် အခြေအနေများကို ကွဲပြားစွာတုန့်ပြန်နိုင်စွမ်းရှိသည်။

"ကိစ္စမရှိပါဘူး...ကျွန်မ လုံးဝစိတ်ထဲမထားပါဘူး” သူမသည် လင်ရှောက်ကျားကို ဂရုမစိုက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ လင်ရှောက်ကျားသည် သူမအား တိုက်ခိုက်နေသော်လည်း သူမတွင် အမှန်တရားကို ရင်ဆိုင်ရဲသော သတ္တိရှိသည်။

ကုနင်း စိတ်ထဲမထားသည်ကိုမြင်သော် တခြားသူများ စိတ်သက်သာရာရကာ ဟင်းကို ဆက်စားကြသည်။ လင်ယွမ်ချန်မှလွဲ၍ ကျန်လူများသည် စိတ်အခြေအနေကောင်းနေကြသည်။

"အမေ လင်ရှောင်းထင်က သမီးကို ဘယ်လို လုပ်နိုင်တာလဲ..ပါးစပ်က အရမ်းနာနေပြီ?" လင်ရှောက်ကျား သူမ၏ အိပ်ခန်းထဲသို့ ရောက်ရှိသည်နှင့် ညည်းညူတော့သည်။

***

အပိုင်း ၁၃၀၂ လင်ရှောက်ကျား၏ဆုံးဖြတ်ချက်

လင်ရှောင်းထင်သည် သူမကို အသားတုံးအကြီးတစ်ခုနှင်ပစ်ခဲ့ပြီး သူမ၏နှုတ်ခမ်းနှင့် သွားထိခတ်ကာ အလွန်နာကျင်နေသည်။

"အင်းပါ..အသံတိုးဦး.. သူကြားရင်.. နင့်ကိုနာကျင်အောင်တစ်ခုခုထပ်လုပ်နေလိမ့်မယ်.." ကျန်းရှူးယွမ် သတိပေးလိုက်သည်။

ကျန်းရှူးယွမ်သည် လင်ရှောင်းထင်ကို စိတ်ဆိုးအောင်ထပ်မလုပ်ချင်ပေ။ သူမဒေါသထွက်သော်လည်းပဲ ဘာမှမတတ်နိုင်ပေ။ လင်ရှောင်းထင် ဒေါသထွက်လျှင် အလွန်ကြောက်စရာကောင်းသည်။

သူတို့မမျှော်လင့်သည်မှာ လင်ရှောင်းထင်သည် ကုနင်းကိုကာကွယ်ရန် ဘာမဆိုလုပ်ဝံ့သည်။

"အမေ.သမီး.သူတို့ကိုမုန်းတယ်.. သူတို့ကိုမုန်းတယ်။" လင်ရှောက်ကျား ပြောလိုက်သည်။

"အဲ့တော့..ညည်းကဘာလုပ်မလို့လဲ?" ကျန်းရှူးယွမ် မျက်ဖြူလှန်ပြလိုက်သည်။

လင်ရှောက်ကျားသည် ယခုအချိန်တွင် အမုန်းတရားများပြည့်နေသည်။

"အမေ..သမီးအိပ်ချင်တယ်.. တစ်ယောက်တည်းထားခဲ့နိုင်မလား..?" လင်ရှောက်ကျား ပင်ပန်းဟန်ဆောင်လိုက်သည်။

"အင်း..ကောင်းကောင်းအနားယူ.." ကျန်းရှူးယွမ် အများကြီးမတွေးပဲ ထွက်သွားလိုက်သည်။

ပြီးနောက် လင်ရှောက်ကျား သူမ၏ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။

ကျန်းရှူးယွမ်သည် လင်ရှောက်ကျား၏ အိပ်ခန်းတံခါးကို ပိတ်ခါနီးတွင် တစ်ခုခုကို ရုတ်တရက် တွေးလိုက်မိသည်။ "အိုး ကုနင်း ရဲ့ လက်အောက်ငယ်သား တစ်ယောက်က ဒီပြိုင်ပွဲရဲ့ ထိပ်တန်း ၂၀ စာရင်းမှာ အဆင့် ၅ ရတယ်.."

"ဘာ..?" လင်ရှောက်ကျား တုန်လှုပ်သွားပြီး ချက်ချင်း ထထိုင်လိုက်သည်။ ယုကျီ သည် Charm၏အဝတ်အစားဒီဇိုင်နာဖြစ်ပြီး Charmကို ကုနင်း မှပိုင်ဆိုင်ကြောင်းသူမသိသည်။

အကယ်၍ ယုကျီသာ ကုနင်းအတွက် အလုပ်လုပ်နေသူမဟုတ်လျှင် သူမစိတ်ထဲထားမည်မဟုတ်ချေ။ ကံမကောင်းစွာနှင့်သူမသည် ကုနင်းအတွက်အလုပ်လုပ်နေခြင်းဖြစ်သည်။

ကုနင်းသည် အမြဲတမ်း သူမထက်ပိုသာသည့် ခံစားချက်ပေးသည်ကိုမုန်းသည်။ သူမသည် တစ်နေ့တွင် ကုနင်းထက်သာရမည်ဟု ဆုံးဖြတ်လိုက်သည်။

ကျန်းရှူးယွမ်သည် ထိုသတင်းကိုကြားလျှင် လင်ရှောက်ကျား စိတ်ညစ်မည်ကို နားလည်သော်လည်း လျို့ဝှက်မထားနိုင်သောကြောင့် ပြောပြခဲ့သည်။

ကျန်းရှူးယွမ် ထွက်သွားသောအခါ လင်ရှောက်ကျားသည် သူမ၏ အခြားဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ဟိုင်း အေမီ၊ မင်းဆုံးဖြတ်ပြီးပြီလား?" နိုင်ငံခြားသားတစ်ယောက်က ဖုန်းပြောသည်။

အစောပိုင်းက ဆွေးနွေးပြီးသားဖြစ်သည်မှာထင်ရှားသည်။

"အင်း..ပိုက်ဆံတစ်ဝက်နဲ့အတူ သူမရဲ့ အချက်အလက်တွေကိုပို့ပေးလိုက်မယ်.. ငါသူမကိုမသေစေချင်ဘူး..ကျိုးကန်းသွားတာပဲဖြစ်ဖြစ်.. မျက်နှာပျက်စီးသွားတာပဲဖြစ်ဖြစ်လိုချင်တာ.." လင်ရှောက်ကျား မကောင်းဆိုးဝါးဆန်ဆန်ပြောလိုက်သည်။

ကုနင်းကြောင့် သူမ တော်တော်များများ သည်းခံခဲ့ရသည်။ သူမသည် တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်ဖြစ်ပြီး အရာအားလုံးအတွက် ကုနင်းကိုသာ အပြစ်တင်လိုသည်။ သို့သော် တကယ်တမ်း ကုနင်းကိုအရင်ပြဿနာရှာခဲ့သူမှာ သူမသာဖြစ်သည်။

လင်ရှောက်ကျားသည် ယခုအချိန်တွင် ကုနင်း၏မိသားစုနောက်ခံကိုသိထားပြီးဖြစ်သော်လည်း သူမ၏အမုန်းတရားမှာပိုအားကောင်းလာပြီး အကြောင်းပြချက်ပျောက်ဆုံးသွားသည်။ ယခု သူမ မလုပ်ရဲသည့် တစ်ခုတည်းသောအရာမှာ ကုနင်းကို တိုက်ရိုက်သတ်ခြင်းသာကျန်တော့သည်။

ဥပဒေနှင့် မလျော်ညီသလို.. ကုနင်းကိုတန်ဖိုးထားသူများသိသွားလျှင် သူမ အသတ်ခံရနိုင်သည်ကိုလည်း သိထားသည်။

သူမသည် အရင်က လူမသတ်ဖူးသည့်အတွက် သတ်ဖြတ်ရမည်ကိုကြောက်သည်။ သူမငှားထားသည့်တစုံတစ်ယောက်က ကုနင်းကိုသတ်သွားလျှင်လည်း သူမစိတ်ခြောက်ခြားကာ အပြစ်ရှိသည့်ခံစားချက်မျိုးနှင့်နေရမည်ဖြစ်သည်။ ဤသည်မှာ သူမအတွက် နှိပ်စက်မှုတစ်ခုဟုမြင်သည်။

လင်ရှောင်းထင်သည်လည်း မတုံးပေ။ အကယ်၍ သူမတည်တည်ငြိမ်ငြိမ်မနေနိုင်လျှင် သူမလုပ်ရပ်ဖြစ်သည်ကိုသိသွားရန်လွယ်ကူသည်။

စင်စစ် သူမသည် ဤနိုင်ငံခြားသားကိုဆက်သွယ်သည်မှာပထမဆုံးအကြိမ်မဟုတ်ပေ။ အရင်တခေါက်က ဆက်သွယ်ဖူးသော်လည်း ဆုံးဖြတ်ချက်မချမီ သူမကိုယ်သူမရပ်တန့်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမကိုယ်သူမမထိန်းချုပ်နိုင်ပေ။

နိုင်ငံခြားစားသည် Yနိုင်ငံမှ ကျွမ်းကျင် လုပ်ကြံသူတစ်ယောက်ဖြစ်သည်။ လင်ရှောက်ကျားသည် နာမည်အတုနှင့် သူ့ကိုဆက်သွယ်ခဲ့သည်။

ထိုလူကိုရှာတွေ့ရန် လင်ရှောက်ကျားကို စမစ်မှကူညီပေးခဲ့ပြီး လင်ရှောက်ကျားသည် လက်ရှိတွင် စမစ်ကိုသာ ယုံကြည်သည်။

စမစ်သည်လည်း လူကောင်းတစ်ယောက်မဟုတ်သောကြောင့် လင်ရှောက်ကျား အနေနှင့် တစ်စုံတစ်ဦးကို သတ်ပစ်ရန် လုပ်ကြံသူငှားသည်မှာ မှားယွင်းသည်ဟု မထင်သလို သူသည်လည်း ယခင်က အလားတူလုပ်ရပ်တစ်ခု လုပ်ခဲ့ဖူးသည်။

သူသည် Yနိုင်ငံ၏ မာဖီးယားဂိုဏ်းမှ တစ်စုံတစ်ဦးကို သိသောကြောင့် လင်ရှောက်ကျား ကို အကူအညီပေးခဲ့သည်။

"ကိစ္စမရှိပါဘူး အေမီ.. ကျေးဇူးပြုပြီး ငါ့ရဲ့ သတင်းကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ” အဆိုပါ နိုင်ငံခြားသားက ပြောသည်။ သူ့အနေနှင့် လေ့လာသုံးသပ်နိုင်ရန် အချိန်အနည်းငယ် လိုအပ်သောကြောင့် အလုပ်ပြီးမြောက်နိုင်မည့်အချိန်ကို လင်ရှောက်ကျားအား မပြောခဲ့ပေ။ သုံးသပ်ပြီးနောက်မှသူသည် ဈေးနှုန်းသတ်မှတ်မည်ဖြစ်သည်။

ဖုန်းချပြီးနောက် လင်ရှောက်ကျား အလွန်ထိတ်လန့်နေသေးသည်။ ရူးနေပြီဟုခံစားရသော်လည်း တချိန်တည်းတွင် စိတ်လှုပ်ရှားနေသည်။ ဤတစ်ကြိမ်တွင် သေချာပေါက် ကုနင်း အဆုံးသတ်ပြီဟု ယုံကြည်နေသည်။

မနှောင့်နှေးစေပဲ လင်ရှောက်ကျားသည် နိုင်ငံခြားသားထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။

Fမြို့ မှာ မွေးဖွားသော အသက် 19 နှစ်အရွယ် အမျိုးသမီး ကုနင်း ၊ သူမသည် Bမြို့နှင့် မြို့တော်မှာ မကြာခဏဆိုသလို ပေါ်လာတတ်သည်။

လင်ရှောက်ကျားသည် ကုနင်း၏အိမ်လိပ်စာကိုမသိသောကြောင့် Charm၊ Jade Beautyလက်ဝတ်ရတနာနှင့် ခိုကျီ စတိုးဆိုင်များ၏တည်နေရာများကို လုပ်ကြံသူအားပြောပြလိုက်သည်။

All Chapters