ငါလှည့်စားခံရမှာ မဟုတ်ဘူး
Vol. 116 Ch. 1766
ဤအခိုက်အတန့်မှာ အမှတ်လေးကြယ်တာရာစက်ဝန်း၏ မရေမတွက်နိုင်သော စကြာဝဠာများထဲမှ သက်ရှိအားလုံးနှင့် နတ်ဘုရားများသည်ပင် ၎င်းတို့၏ စိတ်ဝိညာဉ်အနက်ပိုင်းထဲမှ တုန်လှုပ်သွားကြသည်။
မိုးသောက်သခင်လေး ရှေးခေတ်မိခင်ဂြိုလ်သို့ ရောက်လာသည်မှာ တစ်ရက်သာ ကုန်ဆုံးသွားသေး၏။
သို့တိုင် ထိုတစ်ရက်အတွင်းမှာ ကြီးမားသော အဖြစ်အပျက်များစွာက မုန်တိုင်းသဖွယ် အသွင်ပြောင်းလဲသွားပြီး မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်တကွ အမှတ်လေးကြယ်တာရာစက်ဝန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ဘုရားကျောင်းများက ပြိုကျပျက်စီးသွားကြပြီး နတ်ဘုရားများက ညှိုးနွမ်းခြောက်သွေ့သွားကြသည်။ နတ်ဘုရားတိုင်းပြည်များက အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားကြသည်။ နတ်ဘုရားမင်းဆက်များသည်ပင် ဖရိုဖရဲဖြစ်သွားကြသည်။
ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်း၏ အခြေခံအုတ်မြစ်ကို အတော်လေး ထိခိုက်ပျက်စီးသွားစေသည်။
ထို့ပြင် အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်ထဲမှာ မိုးသောက်သခင်လေး၏ အစစ်အမှန်နာမည်က သံချောင်းတစ်ချောင်းသဖွယ် ထာဝရ တည်မြဲနေလိမ့်မည်။ ထို့ပြင် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာက အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်ကို အတွင်းပိုင်းထဲမှ လှိုက်စားနေသည်။ ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်း၏ အခြေခံအုတ်မြစ်ကို ယိမ်းယိုင်သွားစေသည့် နောက်ထပ် အကြောင်းအရင်းတစ်ခု ဖြစ်သည်။
ဤအခြေအနေအထိ ရောက်ရှိသွားသည့်အခါ အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်က ယခင်ကဲ့သို့ မသန့်စင်တော့ကြောင်း ထင်ရှားပေသည်။ ပြန်လည်ရှင်သန်နေကြသော နတ်ဘုရားများ၏ လမ်းကြောင်းများက ကြားဖြတ်နှောင့်ယှက်ခံလိုက်ကြရသည်။ ပိုပြီးချောက်ချားစရာကောင်းသည်မှာ အင်မော်တယ်စွမ်းအင်က အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ စတင်ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
အမှတ်လေးကြယ်တာရာစက်ဝန်း၏ အတွင်းနှင့်အပြင်၌ နတ်ဘုရားများ အသက်ရှင်နိုင်သော နယ်မြေက ကျဉ်းမြောင်းသွားသည်။
ထို့ပြင် နောက်ထပ် အရေးကြီးအချက်တစ်ချက် ရှိသေးသည်။
နတ်ဘုရင်သည် အမှတ်လေးကြယ်တာရာစက်ဝန်းကို စွန့်ပစ်၍ ထွက်သွားခဲ့သည်။
၎င်းက အတိတ်မှာ ရှေးဦးအပျက်အစီးထံမှ ၎င်းလုယက်ခဲ့သော ကံကြမ္မာနတ်ဘုရားအခွင့်အာဏာတစ်စိတ်တစ်ပိုင်းမှ ကပ်ဘေးကို အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားအားလုံးအား ၎င်းကိုယ်စား ခံယူစေခဲ့သည်။ ၎င်းက မည်သည့်ဝန်ထုပ်ဝန်းပိုးမှ မရှိတော့သည့်အခါ နတ်ဘုရားသန္ဓေချက်ကြိုးထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။
ထိုလုပ်ဆောင်မှုက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားများအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိခဲ့သည်။
ထို့ကြောင့် နတ်ဘုရားလမ်းစဉ်ထံမှ ဝမ်းနည်းဖွယ်ငိုကြွေးသံက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ အသက်ရှင်ကျန်နေသေးသော နတ်ဘုရားများ၏ ဝိညာဉ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ထိုငိုကြွေးသံက အမြဲတမ်း ပျံ့လွင့်နေလေရာ မည်သည့်အခါမှ မရပ်တန့်သွားပေ။
ဆန့်ကျင်ဘက်အနေဖြင့် အမှတ်ငါးကြယ်တာရာစက်ဝန်းက အော်ဟစ်ချီးမြှောက်နေသည်။
မိုးသောက်သခင်လေး၏ အဆင့်တတ်မှုနှင့် အင်မော်တယ်အရှင်သခင်တစ်ပါးအနေဖြင့် သူပြန်ရောက်လာမှုကြောင့် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ယခု ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်းထဲသို့ စတင်ကျူးကျော်နေပြီ ဖြစ်သည်။
သို့ဖြစ်၍ အော်ဟစ်ချီးမြှောက်သံများက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားသည်။
ပြဿနာက (၉၀)ရာခိုင်နှုန်းခန့် ဖြေရှင်းပြီးသွားသောအခါ ကြယ်တာရာစက်ဝန်းနှစ်ခုကြားမှ စစ်ပွဲက နောက်ဆုံးအခြေအနေသို့ ရောက်ရှိသွားသည်။
ရလဒ်သည်တော့ တစ်ဖက်သတ်ဆန်လွန်းလှ၏။
အကြွင်းမဲ့အင်အားအရဖြစ်စေ သို့မဟုတ် ကြယ်တာရာစက်ဝန်း၏ အဆင့်အတန်းအရဖြစ်စေ အမှတ်လေးကြယ်တာရာစက်ဝန်းက ၎င်း၏ ကံကြမ္မာကို ပြောင်းပြန်မလှန်နိုင်တော့ပေ။ ၎င်းအတွက် တစ်ခုတည်းသော ကံကြမ္မာမှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဝါးမျိုခံရခြင်း ဖြစ်သည်။
ယခု အချိန်က စတင်ရေတွက်နေသည်။
အဘယ့်ကြောင့်ဆိုသော် အမှတ်လေးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို သိမ်းပိုက်ရန် အင်မော်တယ်ဘုရင်က အမိန့်ထုတ်ပြန်လိုက်သောကြောင့် ဖြစ်သည်။
အမှတ်လေးကြယ်တာရာစက်ဝန်းထဲသို့ ရောက်ရှိနေကြသော အင်မော်တယ်အရှင်သခင်အားလုံးက သူတို့၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်ကြပြီး နတ်ဘုရားအရှင်သခင်များနှင့် အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။
တစ်ချိန်တည်းမှာ စကြာဝဠာအဆင့် တည်နေရာပြောင်းရွှေ့ခြင်းဂိတ်တံခါးများက အင်မော်တယ်ဘုရင်၏ ဆင့်ခေါ်မှုအစွမ်းအောက်မှာ အမှတ်လေးကြယ်တာရာစက်ဝန်း၏ နေရာအနှံ့မှာ ထွက်ပေါ်လာကြသည်။
ကျင့်ကြံသူစစ်တပ်များက ထိုတည်နေရာပြောင်းရွှေ့ခြင်းဂိတ်တံခါးများထဲမှ ထွက်ပေါ်လာကြသည်။
သူတို့က အမှတ်လေးကြယ်တာရာစက်ဝန်းထဲသို့ ချီတတ်သွားကြသည်။
တစ်ဖက်သတ်ဆန်သော စစ်ပွဲက အမှတ်လေးကြယ်တာရာစက်ဝန်း၏ ပိုင်နက်ထဲမှာ ဖြစ်ပေါ်လာသည်။
ယင်းတို့အားလုံးကို ရှေးခေတ်မိခင်ဂြိုလ်၏ ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေသော မိုးသောက်သခင်လေးက ရှင်းလင်းစွာ အာရုံခံမိသွားသည်။ အလုံးစုံအခြေအနေက ငြိမ်သက်သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် သူက လက်မြှောက်လိုက်ပြီး သူ၏ ရင်ဘက်ထဲသို့ ထိုးစိုက်လိုက်သည်။
သူက ကမ္မချည်မျှင်အားလုံးကို ဖြတ်တောက်ထားပြီးသော နတ်ဘုရားစွမ်းအင်အမြူတေကို ဖမ်းဆုပ်လိုက်ပြီး အပြင်သို့ အတင်းအဓမ္မ ဆွဲထုတ်လိုက်သည်။
ငွေရောင်သွေးက ရေပန်းသဖွယ် ပျံ့နှံ့သွားသည့်အခါ နတ်ဘုရားစွမ်းအင်အမြူတေက အပြည့်အဝ ဆွဲထုတ်ခံလိုက်ရသည်။
ယင်းကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားစဉ် ကောင်းကင်နှင့်မြေပြင်က ပရမ်းပတာ တုန်လှုပ်သွားသည်။ အလွန်သိပ်သည်းသော ကံကြမ္မာအရှိန်အဝါက နတ်ဘုရားစွမ်းအင်အမြူတေထဲမှ ပေါ်လျှိုးလာပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ထိုအမြူတေကို အာရုံခံနေရင်း မိုးသောက်သခင်လေးက မည်သည့်အတွယ်အတာကိုမှ မခံစားမိပေ။
ထိုကမ္မကို သူမခံယူနိုင်ကြောင်း သိသည်။
အင်မော်တယ်ဘုရင်၏ အဆိုအရ ဤလောကတွင် ထိုကမ္မကို ခံယူနိုင်သူက နှစ်ယောက်တည်းသာ ရှိသည်။
သူတို့ထဲမှ တစ်ယောက်က ရွှီချင်း ဖြစ်သည်။
တခြားတစ်ယောက်သည်တော့ အင်မော်တယ်ဘုရင်၏ အစီအစဉ်အရ သူအဆင့်တတ်လှမ်းနေသည့်အတောအတွင်း ဤနေရာသို့ ရောက်ရှိလာသင့်သည်။ သို့တိုင် အကြောင်းအရင်းတချို့ကြောင့် ထိုလူက ရောက်မလာခဲ့ပေ။
“ ထားလိုက်ပါတော့ ”
မိုးသောက်သခင်လေး၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
“ ရွှီချင်း… ဒီပစ္စည်းက မင်းအတွက် ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲနေတယ် ”
“ ဒီဟာရဲ့ ဇစ်မြစ်ကို မင်းသိပြီးလောက်ပြီ… ဒါကြောင့် အဲ့ဒီတည်ရှိမှု တကယ်မသေဆုံးသေးသရွေ့ အထက်ကြယ်တာရာစက်ဝန်းတွေထဲက ဘယ်နတ်ဘုရားကမှ ဒါမှမဟုတ် ဘယ်သက်ရှိကမှ ဒီဟာကို တကယ် မပိုင်ဆိုင်ရဲကြဘူး ”
“ ဒါပေမဲ့… ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာက အထွတ်အမြတ်ရတနာတစ်ခု ဖြစ်တယ် ”
“ ဒီတော့ လက်ခံတာ လက်မခံတာက မင်းရဲ့ ရွေးချယ်မှုပဲ… အဲ့ဒါက မင်းအတွက် ငါပြင်ဆင်ထားတဲ့ ဒုတိယလက်ဆောင် ”
ရွှီချင်းက မိုးသောက်သခင်လေး၏ စကားကို နားထောင်နေရင်း တစ်ဖက်လူ၏ လက်ထဲမှ နတ်ဘုရားစွမ်းအင်အမြူတေကို ကြည့်လိုက်သည်။ ထိုနတ်ဘုရားစွမ်းအင်အမြူတေနှင့် သူ့ကြားမှာ နက်ရှိုင်းသော ဆက်နွယ်မှုတစ်ခုရှိကြောင်း သူအာရုံခံနိုင်သည်။
အတိအကျဆိုရသော် ထိုဆက်နွယ်မှုက သူ၏ နတ်ဘုရားကိုယ်ပွားနှင့် ဖြစ်သည်။
သူက တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။
မိုးသောက်သခင်လေးက ရွှီချင်း၏ မျက်လုံးကို ကြည့်လိုက်ပြီး သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ လက်ထဲမှ နတ်ဘုရားစွမ်းအင်အမြူတေက ခုနစ်ရောင်ခြယ်အလင်းတန်းအဖြစ် အသွင်ပြောင်းလဲသွားပြီး ရွှီချင်းဆီသို့ ပျံသန်းသွားသည်။
ရွှီချင်းက ယင်းကို ဖမ်းယူလိုက်သည်။ ခုနစ်ရောင်ခြည်အလင်းတန်းက သူ၏ လက်နှင့် ထိသွားသည့်အခိုက် သူ၏ အသိစိတ်က အပြင်းအထန် လှုပ်ခတ်သွားသည်။ ယခု နတ်ဘုရားစွမ်းအင်အမြူတေမှ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းအတတ်အကျများကို ရှင်းရှင်းလင်းလင်း သူအာရုံခံနိုင်သွားသည်။
နတ်ဘုရားစွမ်းအင်အမြူတေထဲမှာ ကိန်းအောင်းနေသော ပြိုင်ဘက်ကင်းစွမ်းအားကိုလည်း သူအာရုံခံနိုင်သည်။
ဤသည်မှာ သူက ကြယ်တာရာစက်ဝန်းအများအပြားကို သူ၏ လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားသည့်အလားပင်။
“ ဒီနတ်ဘုရားစွမ်းအင်အမြူတေကို ဝမ်ကူးကုန်းမြေမှာ ငါချန်ထားခဲ့တဲ့ နတ်ဘုရားခန္ဓာကိုယ်ထဲမှာ ထည့်သွင်းနိုင်လောက်တယ်… ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နတ်ဘုရားစွမ်းအင်အမြူတေကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဘေးဘီကို ကြည့်လိုက်သည်။ ဤနေရာမှ ကိစ္စများက အဆုံးသတ်သွားပြီဖြစ်ကြောင်း သူသိသည်။
“ ဒီတော့… အခု မင်းဘာဆက်လုပ်မလဲ… အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ ဆက်နေပြီး နယ်မြေသိမ်းစစ်ပွဲထဲမှာ ပါဝင်မလား… ဒါမှမဟုတ် ငါနဲ့လိုက်ခဲ့မလား… ဒါမှမဟုတ် မင်းရဲ့ စိတ်ထဲမှာ တခြားအတွေးရှိလား… ငါမင်းကို အဲ့ဒီကို ပို့ဆောင်ပေးနိုင်တယ် ”
ကောင်းကင်ပေါ်မှ မိုးသောက်သခင်လေးက သိမ်မွေ့နူးညံ့စွာ ပြောသည်။
“ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ဘယ်တောင်ပံစစ်ပွဲဇုန်ဆီ ငါပြန်ချင်တယ် ”
ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် သူအလိုချင်ဆုံး ပန်းတိုင်ကို သတ်မှတ်လိုက်သည်။
အင်မော်တယ်အရှင်သခင်ကျန်းလူက သူ့အား ကတိပေးထားသော အင်မော်တယ်တတ်လှမ်းခြင်းဆေးလုံးကို သူမမေ့သေးပေ။
ယခု သူက အထွတ်အထိပ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးဖြစ်ပြီး နွေဦးအင်မော်တယ်အဆင့်သို့ တတ်လှမ်းရန် အာဏာစက်ဆင်ခြင်နားလည်ခြင်းသာ လိုအပ်တော့သော်လည်း အင်မော်တယ်တတ်လှမ်းခြင်းဆေးလုံးက အလွန်တန်ဖိုးကြီးမားဆဲပင်။
သူက ထိုအင်မော်တယ်ဆေးလုံးကို ကျစ်ရွှမ်းအတွက် လက်ဆောင်ယူသွားချင်သည်။
ယင်းကို ကြားသောအခါ မိုးသောက်သခင်လေးက လက်ဝှေ့ယမ်းလိုက်သည်။ ဤနေရာမှ ကံကြမ္မာက စုဝေးသွားသည့်အခါ ဟင်းလင်းပြင်က လှိုင်းအတွန့်တွန့်ထသွားပြီး ဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားသည်။
“ ဒါဆိုရင်… အမှတ်ငါးကြယ်တာရာစက်ဝန်းမှာ ငါတို့ ပြန်တွေ့ကြမယ် ”
မိုးသောက်သခင်လေးက ပြုံးလိုက်သည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး သူ၏ ဘေးမှ ဝိညာဉ်ဖီးနစ်နတ်သမီးကို ဦးညွတ်လိုက်သည်။ ထို့နောက် သူက ဘေးဘီကို လှည့်ကြည့်လိုက်သည့်အခါ စိတ်ခံစားချက်များက ဒီရေသဖွယ် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
မြင်ကွင်းတချို့က သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။ နောက်ဆုံးမှာတော့ သူက ထိုဖရိုဖရဲစိတ်ခံစားမှုအားလုံးကို အတင်းအဓမ္မ ချိုးနှိမ်လိုက်သည်။ ယခု သူ၏ စိတ်ထဲမှာ ပန်းတိုင်တစ်ခုတည်းသာ ရှိတော့သည်။ ယင်းက နွေဦးအင်မော်တယ်အဆင့်သို့ တတ်လှမ်းရန် ဖြစ်သည်။
သို့ဖြစ်၍ သူက လျှင်မြန်စွာ ရွေ့လျားလိုက်ပြီး ဝဲကတော့ထဲသို့ စိတ်ဓာတ်ပြတ်သားစွာ ဝင်ရောက်သွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ သူက ပျောက်ကွယ်သွားသည်။
ရွှီချင်းက ရှေးခေတ်မိခင်ဂြိုလ်မှ ထွက်ခွာသွားသည်။
ရွှီချင်းပျောက်ကွယ်သွားပြီးနောက် လေထဲမှ မိုးသောက်သခင်လေးက ဝိညာဉ်ဖီးနစ်နတ်သမီးထံသို့ လှည့်ကြည့်လိုက်သည်။
သူက သိမ်မွေ့ညင်သာစွာ ပြုံးလိုက်ပြီး ပြောသည်။
“ ကိုယ်မင်းကို စိတ်ပူအောင် လုပ်မိခဲ့တယ်… ”
ဝိညာဉ်ဖီးနစ်နတ်သမီးက မျက်လုံးနီရဲနေလျက် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး မိုးသောက်သခင်လေး၏ ဘေးမှာ ရပ်လိုက်သည်။
“ နောက်ဆုံးကိစ္စကို လုပ်ဆောင်ပြီးသွားရင် ကိုယ်တို့တွေ အေးဆေးအတူနေလို့ရပြီ ”
မိုးသောက်သခင်လေးက ပြုံးလိုက်ပြီး ဝိညာဉ်ဖီးနစ်နတ်သမီး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က အနောက်လှည့်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ အတူတကွ လျှောက်သွားကြသည်။
…..
တစ်ချိန်တည်းမှာ အမှတ်လေးကြယ်တာရာစက်ဝန်းထဲ၌ အတိတ်မှာ ရွှီချင်းတစ်ကြိမ်ရောက်ခဲ့ဖူးသော ကောင်းကင်နှင့်မြေပြင်၏ လျှို့ဝှက်နယ်မြေထဲတွင်…
ယခု ထိုလျှို့ဝှက်နယ်မြေက ပြိုကျပျက်စီးသွားသည်။
မိုးသောက်သခင်လေး၏ အဆင့်တတ်လှမ်းမှုနှင့် သူ၏ လမ်းစဉ်ပြောင်းလဲမှုက အမှတ်လေးကြယ်တာရာစက်ဝန်းတစ်ခုလုံးသို့ သက်ရောက်မှုရှိခဲ့လေရာ ဤလျှို့ဝှက်နယ်မြေသည်လည်း ချွင်းချက်မဟုတ်ခဲ့ပေ။
ယင်းက အစောကြီးကတည်းက ပြိုကျပျက်စီးသွားခဲ့သည်။
ထို့ကြောင့် ကောင်းကင်တစ်ခုလုံးမှာ ဧရာမအက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံးက အပျက်အစီးပုံအဖြစ် ပြောင်းလဲနေသည်။
မြေပြင်ပေါ်တွင် အလောင်းနှစ်လောင်း ရှိသည်။
အလောင်းတစ်ခုက အနက်ရောင်အသားပိုဖြစ်ပြီး ပုပ်သိုးဆွေးမြေ့နေသည်။
အခြားအလောင်းတစ်ခုက လူသားပုံသဏ္ဍာန်ရှိသော ကမ္ဘာမြေနတ်ဘုရား ဖြစ်သည်။
၎င်းက ပုပ်သိုးမဆွေးမြေ့နေပေ။ ယင်းအစား ၎င်းက သန့်စင်ခံနေရသည့်အလား ၎င်း၏ အစိတ်အပိုင်းများက အစဉ်မပြတ် လွင့်ပြယ်သွားနေသည်။
ထိုသို့လွင့်ပြယ်သွားနေစဉ် ပုံရိပ်တစ်ခုက ကမ္ဘာမြေနတ်ဘုရား၏ အလောင်းထဲမှ တွားသွားထွက်လာပြီး ကျိန်ဆဲလိုက်သည်။
“ ငါက တစ်ဝက်ပဲ စားရသေးတယ်… အခု အဲ့ဒါက ပျောက်ကွယ်နေပြီလား ”
“ ကံကောင်းစွာပဲ ငါလေးက အရမ်းတော်လွန်းတယ်… အဲ့ဒါ အပြည့်အဝ မပျောက်ကွယ်ခင်မှာ ငါတတ်မြောက်ထားတဲ့ ကောင်းကင်ဝါးမျိုခြင်းအတတ်၊ ကမ္ဘာမြေဝါးမျိုခြင်းအတတ်၊ ရှေးဟောင်းပြောင်းပြန်မှော်အတတ်နဲ့ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအတတ်တို့ကို အကုန်ထုတ်သုံးပြီးတဲ့နောက် ဗိုက်ပြည့်တဲ့အထိ ငါစားနိုင်ခဲ့တယ် ”
“ ဟွန့်… ငါအစားကောင်း စားနေတဲ့အချိန်မှာ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်တစ်ခုက ငါ့အနားမှာ ထွက်ပေါ်လာပြီး ငါဆွဲမက်လောက်တဲ့ အရှိန်အဝါနဲ့ ငါ့ကို အစီအရင်ထဲဝင်လာဖို့ သွေးဆောင်ခဲ့သေးတယ် ”
“ ဒီကောင်က နောက်ထပ် မရုန်းကန်နိုင်တော့ဘူးဆိုတာ ထင်ရှားတယ်… အဲ့ဒါကြောင့် ဒင်းက ငါ့ကို နောက်ထပ် ဆက်မစားနိုင်အောင်လို့ ဒီလှည့်ကွက်ကို အသုံးပြုပြီး ငါ့ကို အပြင်လောကဆီ ပထုတ်ချင်နေတာ ရှင်းလင်းနေတာပဲ ”
“ ဒါပေမဲ့ မင်းက ဘယ်သူ့ကို ဉာဏ်ကစားချင်တာလဲ… ငါအားညိုကို ဒီလိုလှည့်စားလို့ ရမလား ”
ဖရိုဖရဲပုံစံပေါက်နေပြီး ညစ်ပတ်စုတ်ပြတ်နေသော ထိုလူက အားညိုမှလွဲ၍ တခြားမဟုတ်ပေ။
သူ၏ ပုံစံက ဖရိုဖရဲဖြစ်နေသော်လည်း သူ၏ ဝမ်းဗိုက်က မည်သူမဆို လွယ်ကူစွာ သတိထားမိနိုင်သည်အထိ ဖောင်းကားနေသည်။ ဤသည်မှာ သူက အစာအများကြီး စားထားသည့်အလားပင်။
သူက နတ်ဘုရားအလောင်းထဲမှ တွားသွားထွက်လာပြီးနောက် ဘေးဘီကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က အပြင်လောကမှ အက်ကွဲကြောင်းများပေါ်သို့ ကျရောက်သွားသည်။ နောက်အခိုက်အတန့်မှာ သူက ဘေးပတ်ဝန်းကျင်ကို အာရုံခံမိသွားသောအခါ ဆွံ့အသွားသည်။
ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုနှင့် စူးစမ်းလိုမှုဖြင့် ပြည့်နှက်သွားသည်။
“ အပြင်လောကမှာ ဘာဖြစ်နေတာလဲ… အရှိန်အဝါတွေက အရမ်းပရမ်းပတာဖြစ်နေတယ်… ဘာတွေဖြစ်နေကြတာလဲဟ ”
“ စစ်ပွဲဖြစ်နေတယ်လို့ ဘာလို့ ငါခံစားမိနေတာလဲ… ”
“ ဒါဘယ်လိုအခြေအနေလဲဟ… သေစမ်း… ငါဘာလို့ အရမ်းနောက်ကျမှ အပြင်ထွက်လာတာလဲ… အကြီးကြီးတစ်ခုကို ငါလွတ်သွားတယ်လို့ ခံစားမိနေတယ်… ”
အားညိုက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း မကြာမီ သူ၏ မျက်လုံးက ရုတ်တရက် ဝင်းလက်တောက်ပသွားသည်။ သူက စိတ်လှုပ်ရှားစွာ သူ၏ ပေါင်ကို ရိုက်ချလိုက်သည်။
“ ဒီလိုနေရာမျိုးမှာ တကယ်စစ်ပွဲဖြစ်နေတယ်ဆိုရင် အဲ့ဒါက ငါ့အတွက် ကောင်းမွန်တဲ့ ကိစ္စပဲ… စစ်ပွဲရှိရင် နတ်ဘုရားတွေအများကြီး ကျဆုံးသွားကြလိမ့်မယ်… ငါ့ရဲ့ ကံကြမ္မာကောင်းက အခုထိ မကုန်သေးပါလား… နောက်ဆုံးတော့ ဗိုက်ပေါက်ထွက်အောင် ငါစားနိုင်တော့မယ် ”
အားညိုက နှုတ်ခမ်းသပ်လိုက်လေရာ သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။