← Chapters

ပြန်လည်ဆုံစည်းခြင်း

Vol. 116 Ch. 1769

ပြန်လည်ဆုံစည်းခြင်း

Vol. 116 Ch. 1769

ရွှီချင်းသည် အဆိပ်ဘုရင်၏ ကိစ္စကို အမြဲတမ်း မှတ်ထားသည်။

သူက ယင်းကို သူ့ကိုယ်ပိုင်အတွေ့အကြုံများကြောင့် မမေ့သွားခဲ့ပေ။

ယင်းက ရွှီချင်း၏ အကျင့်စရိုက် မဟုတ်ပေ။

အမှန်မှာ သူ၏ မူလအစီအစဉ်က ဒသမမြောက် အန္တိမတာအိုကို အရင်ဆုံး သူဆင်ခြင်နားလည်ပြီး နွေဦးအင်မော်တယ်အဆင့်သို့ တတ်လှမ်းမည်။ ထို့နောက် အမှတ်ငါးကြယ်တာရာစက်ဝန်းမှ သူမထွက်ခွာခင် အဆိပ်ဘုရင်ကို သတ်ပစ်လိမ့်မည်။

မည်သို့ဖြစ်ပါစေ အဆိပ်ဘုရင်သည် အတိတ်မှာ သူ၏ တာအိုကို ချေးငှားရန် ကြိုးစားခဲ့ဖူးသည်။ ယင်းက ရွှီချင်းကြောင့် မအောင်မြင်ခဲ့သော်လည်း ကြီးမားသော ကျိုးကြောင်းဆက်နွယ်မှုတစ်ခု ဖြစ်နေဆဲပင်။

အဆိပ်ဘုရင်၏ ကိုယ်ပွားက ယခု ရောက်ရှိလာပြီး သူ့အား ကြေးရုပ်တုကို ပေးသွားခြင်းသည်တော့…

ရွှီချင်း၏ အကြည့်က သူ၏ လက်ဖဝါးပေါ်မှ ကြေးရုပ်တုပေါ်သို့ ကျရောက်သွားသည်။

သူက ယင်းကို မယူဆောင်မီ သေချာစစ်ဆေးကြည့်ခဲ့သည်။ ယခု သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ကံကြမ္မာက ကြေးရုပ်တုထဲသို့ စီးဆင်းသွားပြီး ယင်းကို ချိပ်ပိတ်လိုက်သည်။ ထို့နောက် သူက ယင်းကို သိမ်းဆည်းလိုက်သည်။

“ အခု ငါ့အတွက် အရေးကြီးဆုံးအရာက ဆရာသခင်ပိုင်ရဲ့ ရောက်လာမှုကို စောင့်ဆိုင်းဖို့ပဲ… ”

အဆိပ်ဘုရင်ကိစ္စကို ဘေးချိတ်ထားပြီးနောက် ရွှီချင်းက ခေါင်းမော့လိုက်ပြီး အပြင်ဘက်မှ ကြယ်တာရာကောင်းကင်ကို ကြည့်လိုက်သည်။

အချိန်အတန်ကြာပြီးနောက် ဝေဝါးသော စိတ်ခံစားမှုတစ်ခုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာပြီး သူ၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

" သူရောက်လာပြီ… "

ရွှီချင်းက မတ်တတ်ရပ်လိုက်ပြီး စောင့်ကြည့်မျှော်စင်ထဲမှ ထွက်လျှောက်လာသည်။ အပြင်သို့ သူခြေချလိုက်သည့်အခိုက် ကြယ်တာရာကောင်းကင်က တုန်လှုပ်သွားပြီး တောက်ပသော အလင်းတန်းတစ်ခုက ကောင်းကင်အလွန်မှ ဆင်းသက်လာသည်။ ယင်းက ကြယ်တာရာမြစ်တစ်စင်းသဖွယ် အောက်သို့ ကျဆင်းလာသည်။ ထိုအလင်းတန်း ဖြတ်သန်းသွားသည့်နေရာတိုင်း ကြယ်တိမ်တိုက်များက ရေလှိုင်းများသဖွယ် ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

နောက်ဆုံးမှာတော့ အလင်းတန်းက အဝါရောင်ကြယ်ဂြိုလ်ပေါ်သို့ ကျဆင်းလာသည့်အခါ မိုးကောင်းကင်က စက္ကူအဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ ရှည်လျားသော ဆေးပန်းချီကားတစ်ချပ်က ကောင်းကင်နှင့် မြေပြင်ကြားမှာ ဖြန့်ကားသွားသည့်အလားပင်။

သစ်ပင်များနှင့် ဆေးပင်များ၏ ရနံ့များက နိယာမများနှင့် အာဏာစက်၏ ထက်ရှသော အရှိန်အဝါကို သယ်ဆောင်လျက် ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။

တစ်ချိန်တည်းမှာ ရှေးဟောင်းကုချင်းသံက သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လာပြီး ရှေးခေတ်ကာလမှ သံစဉ်များကို ပြန်လည်ဖော်ထုတ်လိုက်သည်။ သို့တိုင် ယင်းက လေတိုက်ခတ်သည့်အခါ ထွက်ပေါ်လေ့ရှိသော သစ်ရွက်များ၏ တရှဲရှဲမြည်သံနှင့် ဆင်တူပေသည်။

ဤအခိုက်အတန့်မှာ ပုံရိပ်တစ်ခုက လျှို့ဝှက်ဆန်းကြယ်သော ဆေးပန်းချီကားထဲမှ ထွက်လျှောက်လာသည်။

ဤသည်မှာ သူက ပန်းချီကားအတွင်းမှ ခုန်ထွက်လာသည့်အလားပင်။

တဖြည်းဖြည်း သူက ပိုပြီးကြည်လင်ရှင်းလင်းလာသည်။

သူက အဖိုးအိုတစ်ယောက် ဖြစ်သည်။

အဖိုးအိုက ငွေဖြူရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဝတ်စုံမှ ခေါက်ချိုးအနားများတွင် သစ်ပင်ပုံရိပ်များကို ဇာပန်းထိုးထားသည်။ သူက ခါးတွင်လည်း ဆေးအိုးတစ်လုံးကို ချိတ်ဆွဲထားသည်။

သူ၏ မျက်နှာပုံစံကို ဖော်ပြရမည်ဆိုလျှင် သူ၏ နဖူးအရိုးများက ဓားတစ်လက်ဖြင့် ခုတ်ထစ်ထားသည့်အလား ထက်ရှသည်။ သူ၏ မျက်ခုံးများက အောက်သို့ ညွတ်ကျနေပြီး စက်ဝိုင်းခြမ်းများနှင့် ဆင်တူသည်။

သူ၏ မျက်လုံးများသည်တော့ တည်ငြိမ်သော ရေကန်များနှင့် ဆင်တူပြီး သူ၏ မျက်လုံးများထဲမှ သူငယ်အိမ်များထဲတွင် ဂလက်စီများက ဝဲကတော့သဖွယ် လှည့်ပတ်နေကြသည်။ ထို့ပြင် ရံဖန်ရံခါ ကြယ်အလင်းရောင်က သူ၏ မျက်လုံးများထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားလေ့ ရှိသည်။ ဤသည်မှာ ကြယ်တာရာမြစ်များက သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ စီးဆင်းနေသည့်အလားပင်။

သူ၏ ဘေးပတ်ပတ်လည်တွင် ခရမ်းရောင်မြူခိုးက ရစ်သိုင်းနေပြီး ဝိညာဉ်သွေးကြောတစ်ခုသဖွယ် တည်ရှိနေသည်။ ဤသည်မှာ မြူခိုးက ကောင်းကင်နှင့်မြေပြင်၏ မွေးဖွားမှုအစကတည်းက တည်ရှိနေသည့်အလားပင်။

ဤအခိုက်အတန့်မှာ သူက ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ မင်းအရွယ်ရောက်လာပြီ ”

သူ၏ အသံက ကြည်လင်ပြီး စမ်းချောင်းရေစီးသံနှင့် ဆင်တူသည်။ သူစကားပြောလိုက်သည့်အခါ ကြယ်အလင်းရောင်က ရွှီချင်း၏ နှလုံးသားထဲသို့ စီးဆင်းသွားပြီး စိတ်ခံစားမှုလှိုင်းလုံးများကို လှုံ့ဆော်လိုက်သည်။ ထို့နောက် အဆုံးမဲ့သော မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။

အတိတ်မှ မြင်ကွင်းများက တစ်ခုပြီးတစ်ခု ပုံရိပ်ပြန်လာသည်။

ရွှီချင်း၏ မျက်လုံးက အနည်းငယ် နီရဲသွားသည်။ ထို့နောက် သူက လေးနက်စွာ အရိုအသေပေးလိုက်သည်။

“ ဆရာ… ”

စိတ်ခံစားချက်များနှင့် မှတ်ဉာဏ်များကို သယ်ဆောင်ထားသော ထိုစကားက ဆရာသခင်ပိုင်၏ အကြည့်ကို ပိုပြီးသိမ်မွေ့သွားစေသည်။

“ ငါတို့အတူတူ လမ်းလျှောက်ရအောင် "

ဆရာသခင်ပိုင်က နူးညံ့စွာ ပြောသည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး ကြယ်အလင်းစီးကြောင်းတစ်ခုကို ရွှီချင်းဆီသို့ ပို့လွှတ်လိုက်သည်။ ယင်းက ရွှီချင်း၏ အရှေ့မှာ ကြယ်တာရာလျှောက်လမ်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ရိုသေကျိုးနွံသော အမူအရာဖြင့် ကြယ်တာရာလျှောက်လမ်းပေါ်သို့ ခြေချလိုက်ပြီး ဆရာသခင်ပိုင်၏ ဘေးသို့ လျှောက်သွားသည်။

ထို့နောက် ဆရာတပည့်နှစ်ယောက်က အဝေးမှ ကြယ်တာရာကောင်းကင်ဆီသို့ အတူတူ လျှောက်သွားကြသည်။

သူတို့က အထောက်အပံ့ကြယ်ဂြိုလ်မှ ပျောက်ကွယ်သွားကြပြီး အကန့်အသတ်မဲ့ စကြာဝဠာထဲမှာ ပြန်ပေါ်လာကြသည်။

" ချီယွဲ့ထုံဂိုဏ်းကို ဝင်ရောက်ပြီးနောက်ပိုင်း မင်းရဲ့ ပုံပြင်ကို ငါ့ကို ပြောပြပါ ”

ဆရာသခင်ပိုင်က ညင်သာစွာ ပြောသည်။

ရွှီချင်းက ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်ပြီး အတိတ်မှ မှတ်ဉာဏ်အားလုံးကို ပြန်ဖော်လိုက်သည်။

" ချီယွဲ့ထုံဂိုဏ်းကို ဝင်ရောက်ပြီးနောက် ကျွန်တော်က သတ္တမတောင်ထွတ်ရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့ပါတယ်… ”

ရွှီချင်း၏ စကားများက လေထဲမှာ ပုံရိပ်ယောင်မြင်ကွင်းများအဖြစ် ဖွဲ့စည်းသွားပြီး ဆရာသခင်ပိုင်၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်သွားသည်။

ယင်းထဲမှာ ရေသူကျွန်းပေါ်မှ စမ်းသပ်မှုများ၊ ပင်လယ်အလောင်းကောင်မျိုးနွယ်နှင့် စစ်ပွဲ၊ ဝမ်ကူးကုန်းမြေဆီသို့ နေရာရွှေ့ပြောင်းခြင်းနှင့် ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်များ အစရှိသည်တို့ ပါဝင်ကြသည်။

ထို့ပြင် နီလာနတ်သမီး၊ နွေဦးထွက်ခွာဧကရီနှင့် ဓားကိုင်ဧကရာဇ်လည်း ပါဝင်ကြသည်။

…..

ကြယ်တာရာကောင်းကင်ထဲမှာ ဆရာသခင်ပိုင်က အရှေ့မှ ဦးဆောင်လျှောက်နေစဉ် ရွှီချင်းက သူ၏ ညာဘက်၌ ခြေတစ်လှမ်း နောက်ကျပြီးမှ လိုက်သွားသည်။

ထိုမြင်ကွင်းက ရတနာမုဆိုးစခန်းထဲမှ သူတို့၏ အချိန်ကို ပြန်လည်အောက်မေ့စေသည်။

အတိတ်မှာ “ ကောင်လေး ”ဟု နာမည်တွင်ခဲ့သော ရွှီချင်းသည် ခေါင်းဆောင်လဲ့အတွက် ကောင်းကင်ဘုံကံကြမ္မာပန်းကို ရှာဖွေရန်အလို့ငှာ ဆရာသခင်ပိုင်ထံမှ အကူအညီကို ရယူရန် တဲအိမ်အပြင်ဘက်၌ အပင်များအကြောင်းကို လျှို့ဝှက်စွာ သင်ယူခဲ့သည်။

နောက်ဆုံးမှာ သူက တဲအိမ်ထဲသို့ ဆင့်ခေါ်ခံခဲ့ရပြီး အပင်တာအိုအကြောင်းကို ပထမဆုံး သင်ကြားနိုင်ခဲ့သည်။

ယခု ထိုမြင်ကွင်းက သူ၏ စိတ်ထဲမှာ တစ်ကြော့ပြန်ပေါ်လာသည်။

သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ဆရာသခင်ပိုင်၏ ခြေဖဝါးအောက်တွင် အစိမ်းရောင်ကြာပန်းများ ပွင့်လန်းလာလေ့ ရှိသည်။ ထိုကြာပန်းများက သူတို့၏ အနီးနားမှာရှိသော စကြာဝဠာများနှင့် ကြယ်ဂြိုလ်များကို အစိမ်းရောင်အသက်ဓာတ်ဖြင့် ချက်ချင်း ပြည့်လျှံသွားစေသည်။

တချို့စွန့်ပစ်ကြယ်ဂြိုလ်များသည်ပင် ဤအခိုက်အတန့်မှာ အသက်ဓာတ်ဖြင့် ပြည့်နှက်သွားကြပြီး ခြောက်သွေ့နေသော သစ်ပင်များက ပြန်လည်ရှင်သန်လာကြသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

အချိန်အတန်ကြာပြီးနောက် ရွှီချင်းက ဝမ်ကူးကုန်းမြေမှ သူ၏ အတွေ့အကြုံများကို နိဂုံးချုပ်လိုက်သည်။

ဆရာသခင်ပိုင်က နူးညံ့စွာ သက်ပြင်းချလိုက်သည်။

“ အမှတ်ကိုးကြယ်တာရာစက်ဝန်းက အစက တခြားကြယ်တာရာစက်ဝန်းတွေနဲ့ သိပ်မကွာခြားဘူး… ”

“ အဲ့ဒါက ရှေးဦးအပျက်အစီး ဉာဏ်အလင်းပွင့်နတ်ဘုရားအဆင့်ဆီ တတ်လှမ်းရာမှာ မကျရှုံးသွားခင်အထိ ဖြစ်တယ်… သူက အဆင့်မတတ်နိုင်ခဲ့ပေမဲ့ နတ်ဘုရားသန္ဓေချက်ကြိုးထဲကနေ ပြန်ထွက်လာနိုင်ခဲ့တဲ့ ပထမဆုံးသက်ရှိတစ်ယောက် ဖြစ်တယ်… အဲ့ဒီနောက် သူက အမှတ်ကိုးကြယ်တာရာစက်ဝန်းဆီကို ချက်ချင်း တန်းသွားခဲ့တယ် ”

“ ပြီးတော့ သူက အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲက ဝမ်ကူးကုန်းမြေပေါ်မှာ နေထိုင်ခဲ့တယ် ”

" အဲ့ဒီအချိန်ကစပြီး အထက်ကြယ်တာရာစက်ဝန်းတွေရဲ့ အထွတ်အထိပ် တည်ရှိမှုတွေအားလုံးက ဝမ်ကူးကုန်းမြေပေါ် အာရုံစိုက်လာကြတယ် ”

“ ဘာလို့ ရှေးဦးအပျက်အစီးက ဝမ်ကူးကုန်းမြေဆီ သွားခဲ့တာလဲ ငါတို့မသိကြဘူး ”

“ တခြားကြယ်တာရာစက်ဝန်းတွေထဲက နတ်ဘုရင်တွေက ရှေးဦးအပျက်အစီးရဲ့ အခြေအနေကို စုံစမ်းဖို့အတွက် အမှတ်ကိုးကြယ်တာရာစက်ဝန်းဆီ ဝင်ရောက်ခဲ့ကြတယ်… ဒါပေမဲ့ ရှေးဦးအပျက်အစီးနားကို ချဉ်းကပ်သွားတာနဲ့ သူတို့က အလိုအလျောက် ယိုယွင်းပျက်စီးသွားကြတယ်… သူတို့ထဲက တချို့က အထူးနည်းလမ်းတွေကို အသုံးပြုပြီး အခွင့်အလမ်းတွေကို ရရှိခဲ့ကြပေမဲ့ ဘယ်သူကမှ ကမ္မကပ်ဘေးဒုက္ခကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး ”

“ ဥပမာပြောရရင် အမှတ်လေးကြယ်တာရာစက်ဝန်းက နတ်ဘုရင်နန်းခပေါ့… ”

" ဒါကြောင့် အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှာ မူလအစကတည်းက တည်ရှိနေကြတဲ့ ဒေသခံသက်ရှိတွေကပဲ အဲ့ဒီကမ္မကပ်ဘေးဒုက္ခကနေ ကင်းလွတ်ပြီး ရှေးဦးအပျက်အစီးကို သတိကြီးကြီးနဲ့ စုံစမ်းလေ့လာနိုင်ကြတယ် ”

“ အဲ့ဒီအချိန်တုန်းက ငါဟာ အင်မော်တယ်ဘုရင်ဆီကနေ တာဝန်တစ်ခုကို ရရှိခဲ့တယ်… အဲ့ဒါကြောင့် ငါက ပြန်လည်မွေးဖွားခြင်းအတတ်ပညာကို အသုံးပြုပြီး ဘာစွမ်းအင်မှမရှိတဲ့ သာမန်လူသားတစ်ယောက်အနေနဲ့ ဝမ်ကူးကုန်းမြေရဲ့ နယ်စွန်နယ်ဖျားက ကျွန်းတစ်ခုပေါ်မှာ မွေးဖွားလာခဲ့တယ် ”

“ မွေးဖွားပြီးတဲ့နောက် အတိတ်ဘဝက မှတ်ဉာဏ်တွေက ငါ့ဆီမှာ မပါလာသလို ငါတစ်ဘဝလုံး အဲ့ဒီကျွန်းပေါ်ကနေ ခြေတစ်လှမ်းမှ မထွက်ခွာနိုင်ဘူး… ငါသေဆုံးသွားမှပဲ ငါ့ရဲ့ မူလခန္ဓာကိုယ်က အဲ့ဒီကိုယ်ပွားရဲ့ မှတ်ဉာဏ်တွေကို ရရှိသွားလိမ့်မယ် ”

“ ဝမ်ကူးကုန်းမြေက… ရှေးဦးအပျက်အစီးကြောင့် ကပ်ဘေးသင့်နေပြီ ”

“ အဲ့ဒီကို မင်းပြန်ချင်သေးတာ… တကယ် သေချာလား ”

“ တကယ်လို့ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ဆက်နေဖို့ မင်းရွေးချယ်မယ်ဆိုရင် အင်မော်တယ်အရှင်သခင်တစ်ပါးဖြစ်လာဖို့ မင်းအတွက် အချိန်သိပ်ကြာမှာ မဟုတ်ဘူး ”

ဆရာသခင်ပိုင်က ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူက တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် နူးညံ့စွာ ပြောသည်။

" ဆရာ… ကျွန်တော် မဖြစ်မနေပြန်မှရမယ် ”

ယင်းကို ကြားသောအခါ ဆရာသခင်ပိုင်က ရွှီချင်းကို နောက်ထပ် မသွေးဆောင်တော့ပေ။

သူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများသည်သာ အနည်းငယ် ပိုနက်ရှိုင်းသွားဟန် ရ၏။

ထိုအရေးအကြောင်းများသည် အချိန်ကုန်လွန်မှု၏ အမှတ်သင်္ကေတများသာ မဟုတ်ကြပေ။ ယင်းတို့က လောကဓံ၏ အနိမ့်အမြင့်အတတ်အကျများကို သူဖြတ်ကျော်ခဲ့ပြီးသော အထောက်အထားသက်သေများ ဖြစ်ကြသည်။

အချိန်အတော်ကြာပြီးနောက် သူက ခေါင်းခါလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ငါမင်းဆီ မလာခင် အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ မင်းအတွက် တစ်စုံတစ်ခုကို အတည်ပြုပေးခဲ့တယ် ”

“ အဲ့ဒီမှာ… မင်းကို အင်မော်တယ်တစ်ပါးဖြစ်လာစေမယ့် နေရာတစ်နေရာ ရှိတယ် ”

ဆရာသခင်ပိုင်၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခါ ရွှီချင်း၏ အသိစိတ်က ဝုန်းခနဲ တုန်လှုပ်သွားသည်။

တစ်ချိန်တည်းမှာ ဆရာသခင်ပိုင်၏ ပုံရိပ်က ကြယ်တာရာကောင်းကင်ထဲမှာ ရပ်တန့်သွားသည်။

သူရပ်တန့်သွားသည့်အခိုက် ဤစကြာဝဠာထဲမှ ကြယ်ဂြိုလ်အားလုံးက သူ၏ ဆင့်ခေါ်မှုကို ရရှိသွားကြသည့်အလား ယင်းတို့၏ မူလဂြိုလ်ပတ်လမ်းကြောင်းမှ သွေဖယ်သွားကြသည်။ နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော ကြယ်ဂြိုလ်များက ဤနေရာဆီသို့ အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာကြပြီး တစ်ခုနှင့်တစ်ခု အလိုအလျောက် ချိတ်ဆက်သွားကြသည်။

ယင်းတို့က ဆေးအိုးပုံသဏ္ဍာန်ရှိသော ဧရာမကြယ်မြေပုံတစ်ခုကို ဖွဲ့စည်းသွားကြသည်။

ထိုကြယ်မြေပုံ၏ အပြင်ဘက်တွင် ဆရာသခင်ပိုင်က ခေါင်းမော့လိုက်ပြီး အမှတ်လေးကြယ်တာရာစက်ဝန်း၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

သူက နူးညံ့စွာ ပြောသည်။

“ ရွှီချင်း… ငါမင်းကို နောက်ဆုံးသင်ခန်းစာ သင်ကြားပေးမယ် ”

“ အဲ့ဒါက အပင်တွေနဲ့ ဘာမှမသက်ဆိုင်ဘူး… အဲ့ဒါက ‘ ဘီယွန်း ’နဲ့ ဆက်စပ်တယ် ”

“ အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးရဲ့ ဘုရင်တွေအားလုံးက တစ်စုံတစ်ခုကို ရှာဖွေနေကြတယ်… သူတို့ရှာဖွေနေတဲ့ အရာက… ‘ ဘီယွန်း ’ ”

“ အဲ့ဒီစကားလုံးကို အခု မင်းနားလည်ဖို့ မလိုသေးဘူး… ဒါပေမဲ့ အဲ့ဒီစကားလုံးကို မင်းမှတ်ထားရမယ်… တကယ်လို့ တစ်နေ့နေ့မှာ မင်းက အင်မော်တယ်အရှင်သခင်တစ်ပါး ဒါမှမဟုတ် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာတဲ့အခါကျရင် ဒီစကားလုံးကို မင်းရဲ့ စိတ်ထဲမှာ မှတ်ထားပါ ”

“ အခုလောလောဆယ်တော့… ”

“ တကယ်လို့ မင်းက ပိုပြီးအဆင့်မြင့်တဲ့ အာဏာစက်ကို ဆင်ခြင်နားလည်ချင်တယ်ဆိုရင် အမှတ်လေးကြယ်တာရာစက်ဝန်းဆီ ဦးတည်သွားပါ ”

“ အတိတ်မှာ မင်းက နာကျင်မှုနတ်ဘုရားနဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ ပုံရိပ်ယောင်လောကထဲကို ကျရောက်သွားခဲ့တယ်… အဲ့ဒီမှာ မင်းက မင်းရဲ့ မူလကန့်သတ်ချက်တွေကို ကျော်လွန်နိုင်ခဲ့ပြီး အစွန်းရောက်နာကျင်မှုကို တွေ့ကြုံခံစားခဲ့ရတယ် ”

“ အဲ့ဒါက အလိမ်အညာတစ်ခုဆိုပေမဲ့ အဲ့ဒီပုံရိပ်ယောင်ထဲမှာ အမှန်တရားတချို့လည်း ပါဝင်နေတယ် ”

“ ဒီတော့… မင်းဘာလို့ အဲ့ဒါကို တကယ့်လက်တွေ့ဘဝမှာ မခံစားကြည့်တာလဲ ”

“ အမှန်ကို အမှန်အတိုင်းဖြစ်လာစေပြီး အလိမ်အညာတွေကို နောက်တစ်ကြိမ် ကွယ်ပျောက်သွားပါစေ ”

ဆရာသခင်ပိုင်က စကားဆုံးသွားသည်နှင့် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဆေးအိုးကြယ်မြေပုံထဲမှ မရေမတွက်နိုင်သော ကြယ်ဂြိုလ်များက ချက်ချင်း တုန်ယင်သွားကြသည်။ ယင်းတို့က တောက်ပသော အလင်းရောင်နှင့်အတူ အတူတကွ စုစည်းသွားကြပြီး တံတားတစ်စင်းအဖြစ် ပြောင်းလဲသွားကြသည်။

ထိုတံတားက အမှတ်လေးကြယ်တာရာစက်ဝန်းဆီသို့ ဆန့်တန်းသွားသည်။

တံတားက ကြယ်အလင်းရောင်နှင့် ဝိညာဉ်အပင်များမှ ဖွဲ့စည်းသွားခြင်းဖြစ်ပြီး ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားမှာ တည်ရှိသည်။ ယင်းက ဖန်ဆင်းခြင်းသဘောတရား၏ လျှို့ဝှက်နက်နဲမှုကို မီးမောင်းထိုးပြနေသည်။

ယင်းက နာကျင်မှုနတ်ဘုရား၏ ပုံရိပ်ယောင်ထဲမှာ ပါဝင်သော အမှန်တရားနှင့်ဆင်တူသည့် အနှစ်သာရကိုလည်း ပိုင်ဆိုင်ထားသေးသည်။

" သွားပါ… မင်းပြန်ရောက်လာတဲ့အခါ နွေဦးအင်မော်တယ်တစ်ပါး ဖြစ်နေလိမ့်မယ်လို့ ငါမျှော်လင့်တယ် ”

ဆရာသခင်ပိုင်၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ ကြယ်တံတားက ပိုပြီးထွန်းလင်းတောက်ပလာသည်။

ယင်းကို ကြည့်နေရင်း ရွှီချင်း၏ အသိစိတ်က ပရမ်းပတာ တုန်လှုပ်သွားသည်။

ပုံရိပ်ယောင်ထဲမှာ သူ‌ကြုံတွေ့ခဲ့ရသော မြင်ကွင်းများက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

အချိန်အတန်ကြာပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက ဆရာသခင်ပိုင်ကို လေးနက်စွာ အရိုအသေပေးပြီးနောက် ကြယ်တံတားပေါ်သို့ ခြေချလိုက်သည်။

သူက ကြယ်အလင်းရောင်နှင့် ဝိညာဉ်အပင်များမှ ဖွဲ့စည်းထားသော ကြယ်တံတားပေါ်သို့ ခြေချလိုက်ပြီးနောက် အမှတ်လေးကြယ်တာရာစက်ဝန်းဆီသို့ ဦးတည်သွားသည်။

တံတားက တအိအိလှုပ်ခတ်သွားစဉ် ရွှီချင်း၏ ပုံရိပ်က အဝေးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဆေးအိုးကြယ်မြေပုံသည်သာ ဆက်လက် လှည့်ပတ်နေပြီး ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုစဉ် အင်မော်တယ်မီးတောက်များက ကြယ်မြေပုံ၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြပြီး ကြယ်မြေပုံကို ဝန်းရံလိုက်ကြသည်။

ထို့နောက် ဆရာသခင်ပိုင်၏ ပုံရိပ်က ဆေးအိုးကြယ်မြေပုံ၏ ထိပ်ဖျားပေါ်မှာ ထွက်ပေါ်လာပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

သူက သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအခြေခံနှင့် ကံကြမ္မာကို အသုံးပြု၍ ရွှီချင်း၏ ကျင့်ကြံခြင်းခရီးစဉ်ကို အရှိန်မြှင့်တင်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ ယင်းက ဝမ်ကူးကုန်းမြေမှာ တော်စပ်ခဲ့သော သူနှင့် ရွှီချင်းကြားမှ ဆရာတပည့်ကမ္မကိုလည်း ဖြည့်ဆည်းပေးလိုက်သည်။

နောက်အခိုက်အတန့်မှာ သူ၏ ဘေးမှ ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားပြီး ကောက်ရိုးဖိနပ်နှင့်အဖိုးအိုက အပြင်သို့ ထွက်လျှောက်လာသည်။ သူက ဆရာသခင်ပိုင်၏ ဘေးမှာ ရပ်လိုက်ပြီး ရွှီချင်းထွက်ခွာသွားသော ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

သူ၏ ပခုံးပေါ်တွင် ရွှေကြွက်တစ်ကောင်က ၎င်း၏ လက်ကို လျှာဖြင့် လျက်နေသည်။

" အင်မော်တယ်ဘုရင်ရဲ့ ပစ္စည်းကို နေရာတကျ ထားပြီးပြီလား ”

ဆရာသခင်ပိုင်က ခေါင်းမလှည့်ဘဲ မထူးမခြားနား ပြောသည်။

သူ့ဘေးမှ အဖိုးအိုက တည်ငြိမ်စွာ ပြန်ပြောသည်။

" ငါက အင်မော်တယ်ဘုရင်ဆိုတာကို မင်းသိသေးတယ်ပေါ့… ဒါဆိုရင် ဘာဖြစ်လို့ မင်းရဲ့ လေသံက အမိန့်ပေးတဲ့လေသံ ဖြစ်နေတာလဲ ”

" အဲ့ဒါက သူ့အပေါ်မှာ မင်းအကြွေးတင်နေတဲ့အရာပဲ ”

ဆရာသခင်ပိုင်က တည်ငြိမ်စွာ ပြောသည်။

အင်မော်တယ်ဘုရင်က ခေါင်းယမ်းလိုက်သည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် အတူတူ နေထိုင်ခဲ့ဖူးသောကြောင့် ယင်းက ဆရာသခင်ပိုင်၏ အကျင့်စရိုက်ဖြစ်ကြောင်း သူသိသည်။ ထို့ပြင် ဤဆရာသခင်ပိုင်က အင်မော်တယ်အရှင်သခင်အဆင့်မှာသာ ရှိသေးဟန် ထင်မှတ်ရသော်လည်း အမှန်မှာ သူက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူနှင့်အဆင့်တူသို့ တတ်လှမ်းနိုင်စွမ်းရှိခဲ့သည်။

သို့သော်လည်း အမည်မသိအကြောင်းအရင်းတချို့ကြောင့် သူက ထိုအဆင့်သို့ မည်သည့်အခါမှ မတတ်လှမ်းခဲ့ပေ။

သို့ဖြစ်၍ သူက တစ်ဖက်လူ၏ လေသံကို လျစ်လျူရှုထားပြီး သူ့ဘေးမှာ ထိုင်ချလိုက်သည်။

" အဲ့ဒါကို ငါနေရာချထားပြီးပြီ… ငါက ကမ္မဆက်နွယ်ရတာကို သဘောမကျပေမဲ့လည်း အဲ့ဒီပစ္စည်းကို ဘယ်လိုလုပ် တွန့်တိုမှာလဲ ”

ယင်းကို ကြားသောအခါ ဆရာသခင်ပိုင်က နှုတ်ဆိတ်သွားသည်။

အချိန်အတန်ကြာပြီးနောက် အင်မော်တယ်ဘုရင်၏ အသံက ထပ်မံ ပဲ့တင်ထပ်လာသည်။

“ ဒါပေမဲ့… မင်းရဲ့ အကူအညီရယ် ငါ့ရဲ့ ပစ္စည်းနဲ့ဆိုရင်တောင်မှ ဒီတစ်ကြိမ် ရွှီချင်းရဲ့ အောင်မြင်နိုင်ခြေက အရမ်းနည်းပါးတယ် ”

“ သူ့ရဲ့ အာဏာစက်က တခြားလူတွေနဲ့ ကွာခြားတယ်… တကယ်လို့ သူသာ နောက်တစ်ဆင့်ကို တတ်လှမ်းသွားနိုင်မယ်ဆိုရင် သူ့ရဲ့ အာဏာစက်က အင်မော်တယ်အရှင်သခင်တစ်ပါးရဲ့ ဥပဒေသအဆင့်ထိ တိုက်ရိုက် ရောက်ရှိသွားလိမ့်မယ် ”

“ အဲ့ဒါက အရမ်းကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုကြီးပဲ… ဒါကြောင့် အဲ့ဒါရဲ့ ခက်ခဲမှုက ပြောမပြနိုင်အောင်ပဲ ”

“ တကယ်လို့ သူကျရှုံးသွားရင် မင်းဘာလုပ်မလဲ ”

အင်မော်တယ်ဘုရင်က ဆရာသခင်ပိုင်ကို ကြည့်လိုက်သည်။

ဆရာသခင်ပိုင်က အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် အက်ရှရှအသံဖြင့် ပြန်ပြောသည်။

“ သူမကျရှုံးဘူး ”

အင်မော်တယ်ဘုရင်က ဆရာသခင်ပိုင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် ပြောသည်။

“ ရှေးဦးအပျက်အစီးက သူ့ကို ရှာဖွေနေတာလား… ဒါမှမဟုတ် သူက ရှေးဦးအပျက်အစီးရဲ့ ပြန်လည်မွေးဖွားခြင်းလား ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း စကြာဝဠာက ရပ်တန့်သွားဟန် ရ၏။

“ မင်းလည်းပဲ ဝမ်ကူးကုန်းမြေကို ရောက်ဖူးတယ် မဟုတ်ဘူးလား… အဲ့ဒါက မင်းရဲ့ ခန့်မှန်းမှုဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အဲ့ဒါကို မြင်နိုင်တယ် မဟုတ်ဘူးလား… ဘာလို့ ငါ့ကို မေးနေသေးတာလဲ ”

ဆရာသခင်ပိုင်က တည်ငြိမ်စွာ ပြောသည်။

( ဘာသာပြန်သူရဲ့ မှတ်ချက်: ဘီယွန်းဆိုတာက ‘ beyond ’ကို တိုက်ရိုက် ပြန်ရေးထားတာပါ… မြန်မာလိုဆိုရင် ‘ ကျော်လွန်၍ သို့မဟုတ် အလွန် ’လို့ အဓိပ္ပာယ်ရပါတယ်… အင်္ဂလိပ်ဘာသာပြန်မှာက ဘီယွန်းလို့ မရေးထားပါဘူး… သူက ‘ outside ’လို့ ရေးထားပါတယ်… ‘ outside ’ရဲ့ မြန်မာလိုအဓိပ္ပာယ်က ‘ အပြင်ဘက် ’ဖြစ်ပါတယ်… တကယ်ဆို ‘ outside ’လို့ ကျွန်တော် ရေးရမှာပါ… ဒါပေမဲ့ ကျွန်တော်က ဘီယွန်းကို ပိုပြီးသဘောကျလို့ ပြောင်းရေးခဲ့တာပါ… စာရေးဆရာရဲ့ ဆိုလိုရင်းက ရိုးရှင်းပါတယ်… ‘ outside ’ဆိုတာက ကြယ်တာရာစက်ဝန်းတွေရဲ့ အပြင်ဘက်ကို ရည်ရွယ်ပါတယ်… ‘ beyond ’ဆိုတာက ကြယ်တာရာစက်ဝန်းတွေရဲ့ ဖြစ်တည်မှုထက် ကျော်လွန်သွားတဲ့ သက်ရှိတွေကို ရည်ရွယ်ပါတယ်… ‘ outside ’ကို သွားမယ်ဆိုရင် ဘီယွန်းသက်ရှိဖြစ်မှပဲ သွားနိုင်ပါလိမ့်မယ်… ဥပမာ ဉာဏ်အလင်းပွင့်နတ်ဘုရားက ဘီယွန်းသက်ရှိဖြစ်ပါတယ်… နောက်ပြီး စာအုပ်ရဲ့ နာမည်ကိုက အချိန်ကိုကျော်လွန်၍ ဖြစ်တာကြောင့် ဘီယွန်းလို့ရေးတာက ပိုပြီးကောင်းတယ်လို့ ခံစားမိပါတယ်… အဲ့ဒါကြောင့် ကျွန်တော် ပြောင်းရေးခဲ့တာပါ။ )

All Chapters