← Chapters

တစ်လုပ်တည်း ဝါးမျိုခြင်း

Vol. 116 Ch. 1771

တစ်လုပ်တည်း ဝါးမျိုခြင်း

Vol. 116 Ch. 1771

လူးလွန့်နေသော ဧရာမအသားတုံး အစစ်အမှန်နတ်ဘုရားက အပြင်းအထန် တုန်ယင်သွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ ၎င်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး ဤနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်က အစစ်အမှန်နတ်ဘုရား၏ အနောက်သို့ ဝှစ်ခနဲ ရောက်လာသည်။ သူ၏ ဘယ်လက်ကို အပေါ်သို့ မြှောက်တင်လိုက်သည့်အခါ ငွေရောင်အလင်းက နွေဦးအင်မော်တယ်တစ်ပါး၏ စွမ်းအားနှင့်အတူ ပေါ်လျှိုးလာပြီး အစစ်အမှန်နတ်ဘုရား၏ ထွက်ပြေးမှုကို တားဆီးလိုက်သည်။

အစစ်အမှန်နတ်ဘုရားက ရပ်တန့်သွားသည်။

“ ရွှီချင်း… တကယ်လို့ ငါတို့အတူတူ ပူးပေါင်းပြီး… "

သူ၏ စကားမဆုံးခင်မှာ ရွှီချင်းက အစစ်အမှန်နတ်ဘုရား၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ လက်သည်းခွံတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။

လက်သည်းခွံထွက်ပေါ်လာသည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းက ယင်းထဲမှ ပေါ်လျှိုးလာသည်။

ကြယ်တာရာကောင်းကင်က ပုံပျက်တွန့်လိမ်သွားပြီး ဟင်းလင်းပြင်က ပြိုကွဲသွားသည်။ ယင်း၏ စွမ်းအားက အစောနက ကြယ်တံတားကို မနှိုင်းယှဉ်နိုင်သော်လည်း ယင်းအား မြင်တွေ့သွားသူအားလုံးကို ထိတ်လန့်ချောက်ချားသွားစေရန် လုံလောက်ပေသည်။

ယင်းက တာအိုလက်နက် ဖြစ်သည်။

တာအိုလက်နက် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက ရွှီချင်း၏ အနောက်မှ အချိန်လေဟာနယ်အားလုံးကို စုပ်ယူလိုက်ပြီး ယင်းတို့အားလုံးကို ရွှေငွေအလင်းတန်းတစ်ခုအဖြစ် သိပ်သည်းသွားစေသည်။

ထို့နောက် ရွှေငွေအလင်းတန်းက မိုးကြိုးသွားတစ်စင်းသဖွယ် ပျံသန်းထွက်သွားပြီး အစစ်အမှန်နတ်ဘုရားဆီသို့ ဦးတည်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ အစစ်အမှန်နတ်ဘုရားက သိမ့်သိမ့်တုန်သွားပြီး ၎င်း၏ ခန္ဓာကိုယ်က ယိုယွင်းပျက်စီးသွားသည်။ ၎င်း၏ အဆိပ်မြူခိုးများက လွင့်ပြယ်သွားပြီး ယင်းတို့ထဲမှ အဆိပ်ပန်းပင်များက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကြသည်။

၎င်း၏ နတ်ဘုရားဝိညာဉ်သည်ပင် မည်သည့်သဲလွန်စမှမကျန်ဘဲ လေထဲမှာ ပျောက်ကွယ်သွားသည်။

ယင်းက ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အမြစ်ဖြတ်သုတ်သင်ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှု၏ အလျင်က အလွန်အံ့ဖွယ်ကောင်းသည်။ ရွှီချင်း၏ တိုက်ခိုက်မှုက မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ်သည်။ သူ၏ အရှိန်အဝါနှင့် လက်သည်းခွံ၏ ကြောက်မက်ဖွယ်အစွမ်းက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။

နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်က ရွှီချင်းကို ကြည့်နေရင်း နှလုံးတုန်သွားသည်။

သူ၏ အမူအရာက တည်ကြည်သွားသည်။

“ အဲ့ဒါက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးရဲ့ အစွမ်းမဟုတ်ဘူး… အဲ့ဒါက နွေဦးအင်မော်တယ်တစ်ပါးရဲ့ အစွမ်းပဲ ”

" ပြီးတော့… အဲ့ဒီတာအိုလက်နက်နဲ့ဆိုရင် သာမန်နွေဦးအင်မော်တယ်တစ်ပါးတောင် သူ့ကို သတိထားရလိမ့်မယ် ”

“ အထူးသဖြင့် သူ့ရဲ့ လက်ရှိအခြေအနေပဲ… သူက အဆင့်ချိုးဖြတ်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တယ် ”

" သူ့မှာ အရာအားလုံး ပြည့်စုံနေပြီ… သူ့ရဲ့ အင်မော်တယ်သန္ဓေသားလောင်းက အပြည့်အဝ ကြီးထွားပြီးနေပြီ… အဲ့ဒါက အင်မော်တယ်အဖြစ် အဆင့်တတ်ဖို့ပဲ လိုတော့တယ်… သူလိုအပ်နေတဲ့ တစ်ခုတည်းသောအရာက သူ့ရဲ့ အာဏာစက်ကို နောက်တစ်ဆင့် မြှင့်တင်ဖို့ပဲ ”

ရွှီချင်း၏ အခြေအနေကို နားလည်သွားသောအခါ နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်က တည်ကြည်လေးနက်စွာ ပြောသည်။

“ အစစ်အမှန်ဦးသျှောင် ခဏနေပါဦး ”

ထိုစဉ် ဘေးပတ်ဝန်းကျင်မှ နတ်ဘုရားများက ဖရိုဖရဲဖြစ်သွားကြပြီး အရပ်မျက်နှာအသီးသီးဆီသို့ ထွက်ပြေးသွားကြသည်။ သေခြင်းကပ်ဘေးမှ လက်မလေးတင် လွတ်မြောက်သွားကြသော ကျင့်ကြံသူများက စိတ်ဓာတ်တတ်ကြွသွားကြသည်။

သူတို့က ထွက်ပြေးသွားကြသော နတ်ဘုရားများနောက်သို့ လိုက်မဖမ်းမီ ရွှီချင်းကို ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည်။

နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်သည်လည်း လိုက်ဖမ်းခြင်းမှာ ကိုယ်တိုင် ပါဝင်ခဲ့သည်။

အစစ်အမှန်နတ်ဘုရားများ မရှိတော့သည့်နောက် နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်၏ ဦးဆောင်မှုအောက်မှာ ကျန်ရှိသော နတ်ဘုရားတပ်သားများကို လိုက်ဖမ်းခြင်းက ခက်ခဲသောကိစ္စ မဟုတ်ပေ။

တာဝန်ပြီးမြောက်သွားပြီးနောက် နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်က ရွှီချင်း၏ ဘေးသို့ ပြန်ရောက်လာသည်။ သူက ရိုသေလေးစားစွာ ဦးညွတ်လိုက်ပြီး ပြောသည်။

“ အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

သူ၏ စကားများက စိတ်ရင်းမှန်ဖြစ်သည်။

ရွှီချင်းက တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လက်ရှိစစ်မြေပြင်နှင့်ပတ်သက်သော သတင်းတချို့ကို မေးမြန်းပြီးနောက် နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်နှင့် သူ့လက်အောက်ငယ်သားများ၏ အကြည့်အောက်မှာ ထွက်ခွာသွားသည်။

ရွှီချင်း၏ ပုံရိပ်က ကြယ်တာရာကောင်းကင်ထဲမှာ ပျောက်ကွယ်သွားသည်နှင့် နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်၏ နှလုံးသားထဲမှာ စိတ်ခံစားချက်တချို့ လှိုင်းထသွားသည်။

“ ဒီလောက်ငယ်ငယ်လေးနဲ့ အစစ်အမှန်ဦးသျှောင်ဘွဲ့ကို ပိုင်ဆိုင်ထားပြီး ကံကြမ္မာကောင်းချီးကို ရရှိထားတယ်… ပြီးတော့ သူက လက်ရှိအမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အုပ်ချုပ်သူဖြစ်တဲ့ အင်မော်တယ်အရှင်သခင်မီမင်ရဲ့ ညီဖြစ်တယ်… သူ့ရဲ့ အဆင့်အတန်းက အရမ်းမြင့်တယ် ”

" ပြီးတော့… သူ့ရဲ့ တိုက်ပွဲစွမ်းအားက အံ့ဖွယ်ကောင်းတယ်… နောက်တစ်ကြိမ် ငါတို့တွေ့ဆုံတဲ့အခါ သူက သေချာပေါက် နွေဦးအင်မော်တယ်တစ်ပါး ဖြစ်နေလောက်ပြီ "

ထိုသို့တွေးတောနေစဉ် သူက တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသည်။

“ သူ့… သူ့မှာ တာအိုလက်တွဲဖော်ရှိတယ်လို့ ငါမကြားမိဘူး… "

…..

ရွှီချင်းက နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်၏ အတွေးများကို မသိပေ။ ဤအခိုက်အတန့်မှာ သူက ကြယ်တာရာကောင်းကင်ထဲမှာ ရွေ့လျားနေရင်း အမှတ်လေးကြယ်တာရာစက်ဝန်းတစ်လျှောက် လှည့်ပတ်သွားနေသည်။

သူက အတွင်းပိုင်းထဲသို့ ဝင်ရောက်သွားလေ အမှတ်လေးကြယ်တာရာစက်ဝန်း၏ အပျက်အစီးက မည်မျှကြီးမားကြောင်း ပိုပြီးသိရှိလာလေ ဖြစ်သည်။

ကြယ်ဂြိုလ်အပျက်အစီးများက အာကာသဟင်းလင်းပြင်ထဲမှာ လွင့်မျောနေကြပြီး နေရာတိုင်း၌ အစိတ်စိတ်အမွှာမွှာ ပျက်စီးနေသော နတ်ဘုရားတိုင်းပြည်များ ရှိကြသည်။

စစ်ပွဲ၏ အကျယ်အဝန်းက အမှတ်လေးကြယ်တာရာစက်ဝန်းတစ်လျှောက် ပျံ့နှံ့နေသည်။

ကြယ်တာရာစက်ဝန်းတစ်ခုလုံးက ညှိုးခြောက်ပြီး ဖရိုဖရဲဖြစ်နေသည်။

ကြယ်အလင်းရောင်က မှေးမှိန်သွားပြီး နတ်ဘုရားတိုင်းပြည်များ၏ ရွှေရောင်အလင်းက နောက်ထပ် မရှိတော့ပေ။

ဤသည်မှာ အမှတ်လေးကြယ်တာရာစက်ဝန်းက အဆုံးမဲ့အမှောင်ထုထဲသို့ ကျရောက်သွားသည့်အလားပင်။

ယခုအချိန်မှာ ဤနေရာမှ တစ်ခုတည်းသော အလင်းရောင်က အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ရွေ့လျားလာနေကြသော အထောက်အပံ့ကြယ်ဂြိုလ်များ ဖြစ်ကြသည်။ စစ်ပွဲမှာ ကျင့်ကြံသူများက အသာစီးရရှိထားကြပြီး နောက်ဆုံးနယ်မြေသိမ်းခြင်းကို ဆောင်ရွက်နေကြသည်။

" အဲ့ဒီစစ်ခေါင်းဆောင်ရဲ့ ပြောစကားအရဆိုရင် အမှတ်ငါးကြယ်တာရာစက်ဝန်းက နယ်မြေသိမ်းခြင်းကို နည်းလမ်းနှစ်ခုနဲ့ လုပ်ဆောင်နေတယ်… ပထမနည်းက ကျင့်ကြံသူစစ်တပ်တွေက နတ်ဘုရားတွေရဲ့ ဌာနတွေကို ဝင်ရောက်သိမ်းပိုက်တာပဲ ”

"ဒုတိယနည်းက အထောက်အပံ့ကြယ်ဂြိုလ်တွေက စစ်မြေပြင်ရဲ့ ဘေးပတ်ပတ်လည်က တခြားအကြွင်းအကျန်တွေကို သုတ်သင်ရှင်းလင်းတာပဲ "

“ ပထမနည်းကို ကျင့်ကြံသူတပ်မတော်တွေက ဆောင်ရွက်ကြတယ်… ဒုတိယနည်းကိုတော့ အလောင်းကောက်အဖွဲ့တွေနဲ့ ကင်းစောင့်တပ်တွေက အတူတူ ပူးပေါင်းဆောင်ရွက်ကြတယ် ”

ယင်းကို နားလည်သွားသောအခါ ရွှီချင်းက ကျိုးကျန်းလီနှင့် တခြားလူများအကြောင်း စဉ်းစားမိသွားသည်။

“ သူတို့ကို လမ်းတစ်လျှောက်မှာ ငါတွေ့တဲ့ အထောက်အပံ့ကြယ်ဂြိုလ်တွေဆီမှာ ရှာဖွေနိုင်လိမ့်မယ် ”

သူ၏ ယခင်ရဲဘော်ရဲဘက်ဟောင်းများကို စဉ်းစားမိသွားသောအခါ အပြုံးက ရွှီချင်း၏ နှုတ်ခမ်းပေါ်မှာ ထွက်ပေါ်လာသည်။

“ သူတို့တွေ အခု ဘာလုပ်နေမလဲ ငါသိချင်မိတယ်… ”

ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ရွှီချင်းက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ လှည့်ပတ်သွားနေရင်း သူအဆင့်ချိုးဖြတ်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေနေသည်။

လမ်းတစ်လျှောက်တွင် သူက အကြွင်းအကျန်နတ်ဘုရားတချို့ဖြင့် တွေ့ဆုံခဲ့သည်။

သို့သော်လည်း လက်ရှိ သူ၏ အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်အဆင့် ကျင့်ကြံခြင်းက နွေဦးအင်မော်တယ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သည်။ သို့ဖြစ်၍ အထွတ်အထိပ် အစစ်အမှန်နတ်ဘုရားတစ်ပါး သို့မဟုတ် နတ်ဘုရားအရှင်သခင်တစ်ပါးနှင့် မတွေ့ဆုံသရွေ့ မည်သူ့ကိုမှ သူကြောက်စရာမလိုချေ။

လမ်းတစ်လျှောက်မှာ သူတွေ့ဆုံခဲ့သော အထောက်အပံ့ကြယ်ဂြိုလ်များမှတဆင့် ကျိုးကျန်းလီနှင့် အဆက်အသွယ်ရသွားပြီး သူတို့၏ တည်နေရာကို အတည်ပြုနိုင်သွားသည်။ သို့ဖြစ်၍ သူ၏ လမ်းကြောင်းကို ပြောင်းလဲပြီးနောက် ရွှီချင်းက သူတို့ဆီသို့ ဦးတည်ရွေ့လျားသွားသည်။

တစ်ချိန်တည်းမှာ သုဘရာဇာအဖွဲ့မှ ကျိုးကျန်းလီနှင့် တခြားလူများက စစ်မြေပြင်မှ သူတို့၏ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပြီးနောက် သူတို့စခန်းချထားသော အထောက်အပံ့ကြယ်ဂြိုလ်ဆီသို့ ပြန်သွားကြသည်။

ဓားစာခံလဲလှယ်သည့် အဖြစ်အပျက်ပြီးနောက် ရွှီချင်းပျောက်ကွယ်သွားသည့် အတောအတွင်းမှာ ကျိုးကျန်းလီနှင့် တခြားလူများက သူတို့ကိုယ်ပိုင် နည်းလမ်းများဖြင့် ရှေ့ဆက်ခဲ့ကြသည်။

သူတို့က အမှတ်လေးကြယ်တာရာစက်ဝန်းအား နယ်မြေသိမ်းတိုက်ခိုက်ခြင်းမှာ ပါဝင်ခဲ့ကြသည်။ သူတို့က သုဘရာဇာအဖွဲ့၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်ဆောင်ခဲ့ကြပြီး စစ်မြေပြင်မှာ အလောင်းကောက်ခဲ့ကြသည်။ ရံဖန်ရံခါ သူတို့က သက်ရှိနတ်ဘုရားများကို အမဲလိုက်ကြလေ့ ရှိသည်။ တစ်ချိန်တည်းမှာ သူတို့က စစ်ပွဲအကျိုးပြုအမှတ် အများကြီးကို ရရှိခဲ့ကြသည်။

ဤအတောအတွင်းမှာ သူတို့အားလုံး၏ ကျင့်ကြံခြင်းက ကြီးကြီးမားမား မြင့်တတ်သွားကြသည်။

ယခု သူတို့အားလုံးက ခြေလှမ်းဝက်အင်မော်တယ်များ ဖြစ်သွားကြသည်။ ထို့ပြင် ကြယ်တာရာစက်ဝန်းက အလယ်အလတ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်ဖြစ်ပြီး နှောင်းပိုင်းအဆင့်သို့ တတ်လှမ်းနိုင်ရန် သိပ်မလိုတော့ချေ။

ရှဲလင်းဇီနှင့် ယွင်ရှန်းစုသည်တော့ အစောပိုင်းအဆင့် ခြေလှမ်းဝက်အင်မော်တယ်မှ အဆင့်ချိုးဖြတ်နိုင်ရန် သိပ်မလိုကြတော့ချေ။

ချမ်ကျွမ်းနှင့် ပိုင်ရီသည်လည်း သိသိသာသာ တိုးတတ်သွားကြသည်။ သို့ဖြစ်၍ သူတို့၏ လွတ်လပ်သော အကျင့်စရိုက်က သူတို့ကို ယခင်ကထက် ပိုပြီးမောက်မာထောင်လွှားစေသည်။

ကျိုးကျန်းလီသည်သာ သူ၏ ကျင့်ကြံခြင်းက အနည်းငယ် မြင့်တတ်သွားခဲ့သည်။ သို့သော်လည်း သူ၏ ဖုံးကွယ်မှုအစွမ်းက အလွန်နက်နဲသိမ်မွေ့လေရာ သူ၏ အစစ်အမှန်စွမ်းအားကို ခန့်မှန်းရန် မလွယ်ကူပေ။

ယခု အထောက်အပံ့ကြယ်ဂြိုလ်ဆီသို့ ပြန်သွားသော ခရီးစဉ်တွင် သူတို့အုပ်စု လူစုမခွဲခင် ကျိုးကျန်းလီက ပြုံးလိုက်ပြီး ပြောသည်။

" အားလုံးပဲ… ငါ့မှာ သတင်းကောင်း ရှိတယ်… မကြာသေးခင်က သခင်လေးနဲ့ ငါအဆက်အသွယ်ရခဲ့တယ်… သူက အခု ငါတို့ရဲ့ အထောက်အပံ့ကြယ်ဂြိုလ်ဆီ လာနေပြီ ”

ထိုစကားကို ပြောလိုက်သည့်အခိုက် သူတို့အုပ်စု၏ အမူအရာများက သိသာစွာ ပြောင်းလဲသွားကြသည်။

ရှဲလင်းဇီက မျက်လုံးမှေးကျဉ်းလိုက်ပြီး ဤအတောအတွင်း သူ၏ နှလုံးသားထဲမှာ တဖန်ပေါ်လျှိုးလာသော မောက်မာထောင်လွှားမှုကို ဖိနှိပ်လိုက်သည်။

ယွင်ရှန်းစုက မိန်းမောတွေဝေသွားသည်။

ကြယ်တာရာစက်ဝန်း၏ မျက်နှာက တည်ကြည်နေဆဲပင်။ သို့သော်လည်း စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

အကြီးမားဆုံး ပြောင်းလဲသွားကြသူများက ချမ်ကျွမ်းနှင့် ပိုင်ရီဖြစ်သည်။ အစက သူတို့ညီအကိုနှစ်ယောက်က နောက်ထပ် မည်သည့်နေရာသို့ ဆက်သွားသင့်ကြောင်း ဝမ်းသာပျော်ရွှင်စွာ ဆွေးနွေးနေကြသည်။ ယခု သူတို့က ကျိုးကျန်းလီထံမှ သတင်းကောင်းကို ကြားသွားသောအခါ ချောက်ချားသွားကြပြီး ခန္ဓာကိုယ်တုန်ယင်သွားကြသည်။

ထို့နောက် သူတို့နှစ်ယောက်က အမြန်ထွက်ပြေးကြသည်။

သူတို့၏ အနောက်ဆုတ်သွားသော ပုံရိပ်များကို မြင်သော်လည်း ကျိုးကျန်းလီ၏ အပြုံးက မပျောက်ကွယ်သွားချေ။ ယင်းအစား စိတ်လှုပ်ရှားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

တခြားလူများနှင့် နှိုင်းယှဉ်လျှင် သူနှင့် လီမုန့်တုက ဤအတောအတွင်းမှာ ရွှီချင်း၏ ပြန်ရောက်လာမှုကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ ရွှီချင်းနောက်သို့ လိုက်ချင်သော သူတို့၏ ဆုံးဖြတ်ချက်က အင်မော်တယ်အရှင်သခင်မီမင် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အုပ်ချုပ်သူဖြစ်လာပြီးနောက် အကြီးမားဆုံး အသီးအပွင့်ကို မွေးထုတ်ပေးခဲ့သည်။

ဤအတောအတွင်းမှာ အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကျင့်ကြံသူများက သူတို့အပေါ် ယခင်ကထက် ပိုပြီးရိုသေလေးစားလာကြောင်း ကျိုးကျန်းလီ ရှင်းလင်းစွာ သတိထားမိခဲ့သည်။

သူတို့နေထိုင်သော အထောက်အပံ့ကြယ်ဂြိုလ်ကို အုပ်ချုပ်သည့် နွေဦးအင်မော်တယ်သည်ပင် သူတို့ကို ရင်းနှီးဖော်ရွေစွာ ဆက်ဆံသည်။

သို့ဖြစ်၍ ကျိုးကျန်းလီသည် အတိတ်မှာ သူပြုလုပ်ခဲ့သော ရွေးချယ်မှုနှင့်ပတ်သက်ပြီး အလွန်ဂုဏ်ယူနေသည်။

သူက တခြားလူများ၏ အတွေးများကိုလည်း ကောင်းမွန်စွာ နားလည်သည်။ သို့သော်လည်း ယင်းကို သူဂရုမစိုက်ချေ။

မိုးသောက်သခင်လေး၏ အဆင့်တတ်လှမ်းမှုနှင့် လမ်းစဉ်ပြောင်းလဲမှုမှာ ရွှီချင်း ဝင်ကူညီပေးခဲ့သည့်အခိုက် တခြားလူများ၏ ကြီးမားသော ရည်ရွယ်ချက်များက အဓိပ္ပာယ်ကင်းမဲ့သွားပြီဖြစ်ကြောင်း သူသိသည်။ ထိုသို့အကြံအစည်များက ရွှီချင်းရောက်ရှိလာသည့်အခါ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားလိမ့်မည်။

သို့ဖြစ်၍ ကျိုးကျန်းလီက ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး ဤနေရာမှာ စောင့်ဆိုင်းကာ ရွှီချင်းကို ကြိုဆိုရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ် တခြားလူများက အကြောင်းအရင်းအမျိုးမျိုးနှင့် ထွက်ခွာသွားကြသည်။

ရှဲလင်းဇီက ချက်ချင်း တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားကျိုးက ထိန်းချုပ်မရအောင် အပြင်းအထန် တုန်ယင်နေသည်။

" သူပြန်လာပြီ… မင်းငါ့ကို သစ္စာဖောက်ခိုင်းဖို့ ဆက်ပြီး သွေးဆောင်နေဦးမယ်ဆိုရင် ငါမင်းကို မတားဆီးဘူး… ဒါပေမဲ့ မင်းမှာ အဲ့လိုလုပ်ရဲတဲ့ သတ္တိရှိလား ”

ရှဲလင်းဇီက တိုးညင်းစွာ ပြောသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားကျိုးက ဒေါသတကြီး တုန်ခါသွားသည်။

ချမ်ကျွင်းနှင့် ပိုင်ရီသည်တော့ ယခုအချိန်၌ သူတို့ဆီမှာ မည်သည့်မောက်မာထောင်လွှားမှုမှ မရှိကြတော့ချေ။ သူတို့က ယာယီစခန်းဆီသို့ အမြန်ပြန်သွားကြပြီး အထဲမှာ ခေါင်းချင်းဆိုင်၌ အလေးအနက် ဆွေးနွေးလိုက်ကြသည်။

“ ဘယ်လိုလုပ်မလဲ… သူပြန်လာပြီ ”

“ ငါတို့တော့ သွားပြီ… ကပ်ဘေးဆိုက်ပြီ… ဒီနောက်ပိုင်းမှာ ငါတို့တွေ ဘာလို့ အဲ့လောက်တောင် အဝအပြဲ စားခဲ့တာလဲ… အခု ငါတို့ဓားတွေက အရင်ကထက် အများကြီး ပိုထက်ရှလာပြီ… သူက အဲ့ဒါတွေကို သေချာပေါက် မျက်စိကျတော့မှာ ”

" အဲ့ဒါ မင်းအမှားကြောင့်… မင်းကို လျော့စားပါလို့ ငါမပြောခဲ့ဘူးလား ”

“ မဟုတ်ဘူး… အဲ့ဒါမင်းအမှား… အဲ့ဒါကို မင်းအရင်စခဲ့တာ ”

ညီအကိုနှစ်ယောက်က အပြန်အလှန် အပြစ်တင်လိုက်ကြသည်။

ထိုစဉ် ကြယ်တာရာစက်ဝန်းက အထောက်အပံ့ကြယ်ဂြိုလ်မှ ထွက်ခွာသွားသည်။ သူက အပြင်ဘက်မှ ကြယ်ဂြိုလ်အပျက်အစီးတစ်ခုထဲတွင် မကြာသေးမီက သူတည်ဆောက်ထားခဲ့သော ယာယီကျင့်ကြံခြင်းဂူဗိမာန်ဆီသို့ ပြန်သွားသည်။

ဂူဗိမာန်ထဲတွင် သူက တင်ပျဉ်ခွေထိုင်လိုက်သည့်အခါ စူးရှသောအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ငါတို့ကြားက ကွာဟမှုက ဆက်ပြီး ကျယ်ပြောနေမယ်ဆိုရင်တောင်… ရွှီချင်း… ငါမင်းနောက်မှာ အများကြီး ကျန်နေခဲ့မှာမဟုတ်ဘူး ”

ကြယ်တာရာစက်ဝန်းက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူလက်ဝှေ့ယမ်းလိုက်သည့်အခါ မရေမတွက်နိုင်သော ဖုန်မှုန့်များက သူ၏ အရှေ့မှာ စုဝေးသွားကြသည်။

ယင်းတို့က သာမန်ဖုန်မှုန့်များ မဟုတ်ကြချေ။ ဖုန်တစ်မှုန်စီမှာ ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်က ပါဝင်နေသည်။

ယင်းက ကောင်းကင်ဘုံဥပဒေသ ဖြစ်သည်။

ကြယ်တာရာစက်ဝန်းက သူ၏ အရှေ့မှ ဖုန်မှုန့်ကို ကြည့်လိုက်သည့်အခါ မျှော်လင့်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ဤအတောအတွင်းမှာ သူက သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် အခွင့်အလမ်းတချို့ကြောင့် ကောင်းကင်ဘုံဥပဒေသများကို ပမာဏတစ်ခုအထိ သန့်စင်နိုင်ခဲ့သည်။

ယင်းက နွေဦးအင်မော်တယ်အဆင့်သို့ တတ်လှမ်းရန် သူပြင်ဆင်ထားသောအရာ ဖြစ်သည်။

သူ၏ လမ်းစဉ်က ရွှီချင်းနှင့် ကွာခြားသည်။

ရွှီချင်းက သူ၏ နွေဦးအင်မော်တယ်အဆင့် အာဏာစက်ကို ဆင်ခြင်နားမလည်ရသေးမီ ကြယ်တာရာစက်ဝန်းက သူ၏ နောက်တစ်ဆင့်က ဤကောင်းကင်ဘုံဥပဒေသထဲမှာ တည်ရှိနေကြောင်း အစကတည်းက သိထားပြီးပြီ ဖြစ်သည်။

“ ပြည့်စုံခါနီးနေပြီ… နောက်ထပ် ရက်အနည်းငယ် သန့်စင်ပြီးရင် ဒီကောင်းကင်ဘုံဥပဒေသမြူမှုန်က ငါနဲ့ အပြည့်အဝ ပေါင်းစပ်သွားလိမ့်မယ် ”

“ ပေါင်းစပ်မှု ပြည့်စုံသွားတာနဲ့ နွေဦးအင်မော်တယ်အဆင့်ကို ငါတတ်လှမ်းနိုင်ဖို့ တစ်ခုပဲ လိုအပ်တော့မယ်… အဲ့ဒါက မူလအနှစ်သာရနဲ့ ငါ့ရဲ့ အင်မော်တယ်သန္ဓေသားလောင်းကို ပြီးပြည့်စုံတဲ့အထိ ဆက်လက် အာဟာရဖြည့်ပေးဖို့ပဲ ”

ကြယ်တာရာစက်ဝန်းက သူ၏ လမ်းကြောင်းကို အဆင့်ဆင့် သတ်မှတ်ထားပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ သူက ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ပြီး ကောင်းကင်ဘုံဥပဒေသအား သန့်စင်ခြင်းမှာ အပြည့်အဝ အာရုံစိုက်လိုက်သည်။

သို့သော်လည်း ရုတ်တရက်ဆိုသလို…

သူ၏ ဂူဗိမာန်ထဲမှ ဟင်းလင်းပြင်က အပြင်းအထန် တုန်ယင်သွားပြီး ဧရာမပါးစပ်ပေါက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။

ထိုပါးစပ်က အလွန်အားကောင်းသော လောဘစိတ်ဖြင့် ပြည့်နှက်နေဟန် ရ၏။ ထို့ပြင် ၎င်း၏ မေးရိုးများက ရူးသွပ်နေသော ဧရာမခွေးဘီလူးတစ်ကောင်၏ မေးရိုးများနှင့် ဆင်တူသည်။

ပါးစပ်က ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြယ်တာရာစက်ဝန်း၏ အရှေ့မှ ကောင်းကင်ဘုံဥပဒေသမြူမှုန်ကို စုပ်သွင်းလိုက်ပြီး တစ်လုပ်တည်း မျိုချလိုက်သည်။

မြူတစ်မှုန်ပင် လေထဲမှာ ကျန်မနေခဲ့ပေ။

ယင်းက လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။

စိတ်ကျေနပ်သော လေချဉ်တတ်သံသာလျှင် ဂူဗိမာန်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ထိုရုတ်တရက် အပြောင်းအလဲက ကြယ်တာရာစက်ဝန်းကို တဒင်္ဂ ဆွံ့အသွားစေသည်။

ထို့နောက် သူ၏ အသိစိတ်က ပြင်းထန်သော ဒေါသဖြင့် ဝုန်းခနဲ မြည်သွားသည်။ ကမ္ဘာတုန်လှုပ်စေနိုင်သော အော်သံက သူ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာစဉ် သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက ဖော်မပြနိုင်သော အရှိန်အဟုန်နှင့်အတူ ပေါက်ကွဲထွက်လာသည်။

All Chapters