← Chapters

အဲ့ဒါ ချင်းလေးလား

Vol. 116 Ch. 1772

အဲ့ဒါ ချင်းလေးလား

Vol. 116 Ch. 1772

အလယ်အလတ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်ကျင့်ကြံခြင်းက လေပြင်းမုန်တိုင်းသဖွယ် ပေါ်လျှိုးလာပြီး အနီးနားမှ ကြယ်တာရာကောင်းကင်ကို ချက်ချင်း ရိုက်ခတ်သွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ယင်းက စကြာဝဠာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ကပ်ဘေးဒုက္ခကို ဖွဲ့စည်းလိုက်သည်။

မိုးခြိမ်းသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

အမိန့်အာဏာစက်က သံကြိုးများအဖြစ် အသွင်ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားကာ အရာအားလုံးကို ချိပ်ပိတ်လိုက်သည်။

ဤအခိုက်အတန့်မှာ ကြယ်တာရာစက်ဝန်းက သူ၏ အင်အားအကုန်ကို ထုတ်လွှတ်လိုက်သည်။

နောက်ဆုံးမှာတော့ ဟင်းလင်းပြင်ထဲမှ အက်ကွဲကြောင်းတစ်ခုထဲတွင် ပုံရိပ်တစ်ခုက အလွန်အံ့ဖွယ်ကောင်းသော အလျင်ဖြင့် ထွက်ပြေးနေကြောင်း သူအာရုံခံမိသွားသည်။

ထိုပုံရိပ်က သူ၏ ခြေရာလက်ရာများကို ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့သည်။ အကယ်၍ ကြယ်တာရာစက်ဝန်း၏ ကျင့်ကြံခြင်းသာ နှောင်းပိုင်းအဆင့် ခြေလှမ်းဝက်အင်မော်တယ်နှင့် အလွန်နီးကပ်မနေလျှင် ယင်းတို့ကို သူအာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။

ထိုပုံရိပ်၏ အသွင်သဏ္ဍာန်က ထူးဆန်းသည်။

သူ့မှာ လူသားတစ်ယောက်၏ ဦးခေါင်းရှိသည်။ သူ၏ မျက်နှာက သာမန်သာဖြစ်သော်လည်း လူငယ်တစ်ယောက်၏ ပုံစံရှိသည်။

သို့သော်လည်း ထူးခြားချက်အနေဖြင့် သူ၏ ခန္ဓာကိုယ်က ခြောက်နှစ်ကလေးအရွယ် ဖြစ်သည်။

သူက ခန္ဓာကိုယ်ထက် ပိုပြီးအရွယ်အစားကြီးမားသော အဝတ်အစားကို ဝတ်ဆင်ထားလေရာ အရိပ်တစ္ဆေတစ်ကောင်နှင့် ဆင်တူသည်။

သူ၏ ကျင့်ကြံခြင်းအရှိန်အဝါက အုပ်ချုပ်သူအဆင့်မှာသာ ဖြစ်သည်။

သို့တိုင် သူ၏ အလျင်က အလွန်အံ့ဖွယ်ကောင်းပြီး သူ၏ ခြေရာလက်ရာများက ဝေဝါးနေသည်။ ဤသည်မှာ သူက လျှို့ဝှက်အတတ်ပညာတချို့ကို အသက်သွင်းထားသည့်အလားပင်။ သူ၏ ခန္ဓာကိုယ်သည်ပင် ဤကြယ်ဂြိုလ်နှင့် ပေါင်းစပ်နေဟန် ရ၏။

ယင်းကို မြင်သွားသောအခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကြယ်တာရာစက်ဝန်း၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူက လက်သင်္ကေတတစ်ခုကို ထုတ်ဖော်လိုက်သည့်အခါ မရေမတွက်နိုင်သော မိုးကြိုးသွားများနှင့် အမိန့်သံကြိုးများက ထိုပုံရိပ်ဆီသို့ ပျံသန်းသွားကြသည်။ တစ်ချိန်တည်းမှာ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဒြပ်ထည်ဖွဲ့စည်းသွားပြီး ဟင်းလင်းပြင်ကို ချိပ်ပိတ်လိုက်သည်။

သူ၏ မျက်လုံးက သွေးနီရောင်အဖြစ် ပြောင်းလဲနေသည်။

ထိုအုပ်ချုပ်သူ ဝါးမျိုသွားခဲ့သော ကောင်းကင်ဘုံဥပဒေသမြူမှုန်သည် သူ့အတွက် အလွန်အရေးကြီးသည်။ ယင်းက ဤအတောအတွင်း သူ၏ ကြိုးစားအားထုတ်မှုအားလုံးကို ရည်ညွှန်းသည်။ မည်သည့်မတော်တဆမှုမှ မဖြစ်ရလေအောင် သူက ဤကဲ့သို့ အလွန်လျှို့ဝှက်သော နေရာကို တမင်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူက ဤအပျက်အစီးကြယ်ဂြိုလ်ပေါ်မှာ စည်းချအစီအရင်အများကြီးကို ခင်းကျင်းထားရုံသာမက ဤနေရာသို့ သူဝင်ထွက်သည့်အခါတိုင်းမှာလည်း အသေးစိတ် စစ်ဆေးလေ့ရှိသည်။

သို့တိုင် သူမမျှော်လင့်ထားသော မတော်တဆမှုတစ်ခုက ဖြစ်ပေါ်လာဆဲပင်။

ထိုဧရာမပါးစပ်က အလွန်ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသောကြောင့် ကြယ်တာရာစက်ဝန်းက ယင်းကို ကြိုအာရုံမခံမိခဲ့ပေ။

သို့ဖြစ်၍ ယခု တရားခံကို သူမြင်သွားသောအခါ ကြယ်တာရာစက်ဝန်းက မီးတောင်တစ်ခုနှယ် ပေါက်ကွဲသွားပြီး အရှေ့သို့ ချက်ချင်း ပြေးထွက်သွားသည်။

သူဖြတ်သန်းသွားသည့်နေရာတိုင်း ကြယ်တာရာကောင်းကင်က ပြိုကွဲသွားပြီး ဟင်းလင်းပြင်က ဖရိုဖရဲလှုပ်ခတ်သွားသည်။ ထွက်ပြေးနေသော ပုံရိပ်က အကြွင်းမဲ့ခွန်အားဖြင့် ချက်ချင်း ဖုံးလွှမ်းခံလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ဆက်ပြီး ထွက်ပြေးနေဆဲပင်။

ကြယ်တာရာစက်ဝန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူက ခြေတစ်လှမ်းနှင့်အတူ ထိုပုံရိပ်တည်ရှိသော ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှ ဖိအားက ပေါက်ကွဲထွက်လာသည့်အခါ ထွက်ပြေးနေသော ပုံရိပ်၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ရသည်။

ယင်းက အမိန့်အာဏာစက်၏ ဖိနှိပ်မှုဖြစ်ပြီး အင်မော်တယ်သန္ဓေသားလောင်း၏ စွမ်းအား ဖြစ်သည်။

ထူးဆန်းသော ပုံရိပ်က အပြင်းအထန် တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပြိုကွဲသွားပြန်သည်။

ဤတစ်ကြိမ်တွင် သူက ခန္ဓာကိုယ်ကို ပြန်မဖွဲ့စည်းတော့ပေ။ ယင်းအစား အက်ကွဲသွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများက မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များအဖြစ် အသွင်ပြောင်းလဲသွားကြပြီး ပိုပြီးမြန်ဆန်သော အလျင်ဖြင့် အရပ်မျက်နှာအသီးသီးဆီသို့ ထွက်ပြေးသွားကြသည်။

တစ်ချိန်တည်းမှာ နေရာအနှံ့သို့ ပြန့်ကျဲသွားကြသော ပိုးကောင်များထဲမှ တချို့က ထူထဲသော မြူခိုးကို မှုတ်ထုတ်လိုက်ကြသည်။ ယင်းက ဤနေရာမှ ဟင်းလင်းပြင်ကို ပုံပျက်တွန့်လိမ်သွားစေပြီး နိယာမများကို ကပြောင်းကပြန်ဖြစ်သွားစေသည်။

မြူခိုးက အရောင်အသွေးစုံလင်ပြီး ညစ်ညမ်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော်လည်း ကြယ်တာရာစက်ဝန်းက သာမန်ကျင့်ကြံသူ မဟုတ်ပေ။ သူ၏ အမိန့်အာဏာစက်ကို ထုတ်လွှတ်လိုက်သည့်အခါ ဤနေရာမှာ ကပြောင်းကပြန်ဖြစ်နေသော နိယာမများက ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားကြသည်။

တစ်ဆက်တည်းမှာ မြူခိုးက လွင့်ပြယ်သွားပြီး အပြာရောင်ပိုးကောင်များက တစ်ကောင်ပြီးတစ်ကောင် ပြိုကွဲပျက်စီးသွားကြသည်။

သို့တိုင် ထိုပိုးကောင်များ ပျက်စီးသွားသည်နှင့်ချက်ချင်း အစွန်းရောက်အအေးဓာတ်က ပေါ်လျှိုးလာပြီး အရပ်မျက်နှာအသီးသီးဆီသို့ ရူးသွပ်စွာ ပျံ့နှံ့သွားသည်။

ထိုအအေးဓာတ်က အေးခဲခြင်းကိုသာ စွမ်းဆောင်နိုင်ခြင်း မဟုတ်ပေ။ ယင်းက အမြစ်ဖြတ်ဖျက်ဆီးခြင်းကိုလည်း ကိုယ်စားပြုသည်။

ယင်းက ခြေရာလက်ရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ထို့ကြောင့် ပုံရိပ်က သေဆုံးသွားဟန် ထင်ရသော်လည်း သူ၏ အစစ်အမှန်ခန္ဓာကိုယ်က ခြေရာလက်ရာများ ပျောက်ကွယ်သွားနေစဉ် နေရာမှ လွင့်ပြယ်သွားသည်။

တစ်ခဏကြာပြီးနောက် ကြယ်တာရာစက်ဝန်း၏ ပုံရိပ်က ပြန်ပေါ်လာသည်။ သူ၏ ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည့်အခါ သူ၏ မျက်နှာက သုန်မှုန်သွားသည်။

ထိုသူခိုးကောင်ကို သူအာရုံမခံနိုင်တော့ပေ။

“ အဲ့ဒီကောင်က အားနည်းပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းထူးဆန်းတယ်… ”

ကြယ်တာရာစက်ဝန်း၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ပေါ်လျှိုးလာသည်။ ထိုသူခိုးကောင်က ခိုးယူလုယက်ခြင်းကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ဖူးပြီး လိုက်ဖမ်းခံရခြင်းမှ အကြိမ်ပေါင်းများစွာ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသော သူခိုးဝိဇ္ဇာတစ်ယောက် ဖြစ်ရမည်ဟု သူခံစားမိသွားသည်။ ထို့ကြောင့် ထိုသူခိုးကောင်၏ နည်းလမ်းများက အလွန်အံ့ဖွယ်ကောင်းပြီး မှန်းဆရခက်ခဲသည်။

အချိန်အတော်ကြာသွားသည့်တိုင် ကြယ်တာရာစက်ဝန်းက ထိုသူခိုးကောင်၏ တည်နေရာကို ရှာမတွေ့သေးပေ။

“ ဒါပေမဲ့ ကောင်းကင်ဘုံဥပဒေသမြူမှုန်က ငါ့ရဲ့ အာဏာစက်နဲ့ နက်ရှိုင်းတဲ့ ဆက်သွယ်မှုရှိတယ်… တကယ်လို့ မင်းမှာ ထွက်ပြေးဖို့အတွက် အထူးနည်းလမ်းတချို့ရှိတယ်ဆိုရင်တောင် အုပ်ချုပ်သူကျင့်ကြံခြင်းအဆင့်နဲ့ အဲ့ဒါကို အလွယ်တကူ သန့်စင်နိုင်မှာ မဟုတ်ဘူး… ”

ကြယ်တာရာစက်ဝန်းက နှာခေါင်းရှုံ့လိုက်သည်။ သူက ဝှစ်ခနဲ ရွေ့လျားသွားပြီး ကြယ်တာရာကောင်းကင်ထဲမှာ ပျံသန်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ကောင်းကင်ဘုံဥပဒေသမြူမှုန်နှင့် သူ၏ အာဏာစက်ကြားမှ ဆက်သွယ်မှုကို အခြေခံ၍ သူခိုးကောင်၏ တည်နေရာကို ရှာဖွေလိုက်သည်။

ရက်ပေါင်းများစွာကြာပြီးနောက် ကြယ်တာရာစက်ဝန်း၏ ပုံရိပ်က ကြယ်တာရာကောင်းကင်ထဲမှာ ထွက်ပေါ်လာသည်။ သူက နေရာမှာ မျက်လုံးမှိတ်ထားလျက် ရပ်နေစဉ် သူ၏ မျက်နှာက အလွန်တည်ကြည်နေသည်။

မကြာမီ သူ၏ ဘေးမှ ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားပြီး ရှဲလင်းဇီက အပြင်သို့ ထွက်လျှောက်လာသည်။ သူက ကြယ်တာရာစက်ဝန်းကို တစ်ချက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။

“ ကြယ်တာရာစက်ဝန်း… တစ်နေ့ မင်းငါတို့ကို အကူအညီတောင်းလာလိမ့်မယ်လို့ ဘယ်တုန်းကမှ ငါမတွေးခဲ့ဖူးဘူး ”

ကြယ်တာရာစက်ဝန်းက သူ့ကို လျစ်လျူရှုထားသည်။

ရှဲလင်းဇီက မျက်ခုံးပင့်တင်လိုက်ပြီး နောက်ထပ် မပြောတော့ပေ။ နောက်အခိုက်အတန့်မှာ သူ၏ ဘေးမှ ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားပြီး ယွင်ရှန်းစုက ထွက်ပေါ်လာသည်။

ထို့နောက် ချမ်ကျွင်းနှင့် ပိုင်ရီက ရောက်ရှိလာကြသည်။ အစက သူတို့ညီအကိုနှစ်ယောက်သည် ထွက်လာသင့် မလာသင့် တွေဝေနေကြသည်။ သို့သော်လည်း အနာဂတ်မှာ သူတို့က ကြယ်တာရာစက်ဝန်းထံမှ အကူအညီကို လိုအပ်လာနိုင်ကြောင်း တွေးမိသွားသောအခါ ထွက်လာခဲ့ကြသည်။

ထို့နောက် လီမုန့်တုက ထွက်ပေါ်လာသည်။

နောက်ဆုံးမှာတော့ ကျိုးကျန်းလီက ရောက်လာသည်။

" ကြယ်တာရာစက်ဝန်း… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်အရ အုပ်ချုပ်သူတစ်ပါးက ဘယ်လိုလုပ် မင်းကို အဲ့လောက် ဒုက္ခပေးနိုင်မှာလဲ ”

ကြယ်တာရာစက်ဝန်းက မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ့အရှေ့မှ အုပ်စုကို ကြည့်လိုက်သည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက အက်ရှရှအသံဖြင့် ပြောသည်။

" အဲ့ဒီလူရဲ့ ကျင့်ကြံခြင်းက အုပ်ချုပ်သူအဆင့်မှာဆိုပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းထူးဆန်းတယ်… အဲ့ဒါက ကျင့်ကြံသူတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်းနဲ့ ဆန်းကြယ်သက်ရှိတစ်ပိုင်းကို အတူတူ ပေါင်းစပ်ထားတဲ့အတိုင်းပဲ… ပြီးတော့ သူက မသေမျိုးစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မရေမတွက်နိုင်တဲ့ ပိုးကောင်တွေအဖြစ် အသွင်ပြောင်းလဲပစ်နိုင်တယ် ”

“ ဒီရက်တွေမှာ ငါသူ့ကို အကြိမ်ပေါင်းများစွာ သတ်ပစ်ခဲ့တယ်… ဒါပေမဲ့ သူက ကွဲထွက်သွားတဲ့ အသားအပိုင်းအစတစ်ခုကနေ အမြဲတမ်း အသက်ပြန်ရှင်လာခဲ့တယ် ”

“ ဒါ့အပြင် သူက ဖုံးကွယ်ခြင်းအတတ်မှာ အတော်လေး ထူးချွန်တယ် ”

“ ငါ့ရဲ့ ကောင်းကင်ဘုံဥပဒေသမြူမှုန်တောင် သူစတင်သန့်စင်တာကို ခံနေရပြီ… ဒါကြောင့် ငါ့အမြင်အရဆိုရင် သူက အုပ်ချုပ်သူတစ်ပါးလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သူက ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လောက်မယ် ”

“ ဒါကြောင့် မင်းတို့အားလုံးကို ငါအကူအညီတောင်းရတာပဲ… ဒီတစ်ကြိမ်မှာ မင်းတို့တစ်ယောက်စီအပေါ် ငါကျေးဇူးအကြွေးတင်သွားပြီ ”

ကြယ်တာရာစက်ဝန်း၏ လေသံက တင်းမာသည်။ သူက မည်သည့်အခါမှ အကူအညီမတောင်းဖူးပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင် ရန်သူက ထူးဆန်းပြီး အချိန်က သူ့အတွက် အလွန်အရေးကြီးသည်။

သို့ဖြစ်၍ သူ့မှာ တခြားလူများကို အကူအညီတောင်းရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိခဲ့ပေ။

ယင်းကို ကြားသောအခါ သူတို့အုပ်စုက စိတ်ဝင်စားသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

ကျိုးကျန်းလီက သူ့အရှေ့မှ ဟင်းလင်းပြင်ကို ကြည့်လိုက်ပြီး ပြုံးသည်။

“ ဒါဆိုရင်… ငါတို့က မင်းကို ဘယ်လိုကူညီပေးရမှာလဲ ”

“ အဲ့ဒီသူခိုးကောင်ကို အရှေ့က စကြာဝဠာထဲမှာ ငါချုပ်နှောင်ထားတယ်… မင်းတို့ကို ငါအကူအညီတောင်းချင်တာက မင်းတို့တတ်ကျွမ်းထားတဲ့ ချိပ်တံဆိပ်အတတ်ပညာအားလုံးကို အသုံးပြုပြီး ထွက်ပေါက်အားလုံးကို ပိတ်ဆို့ပေးပါ… ငါကတော့ အဲ့ဒီစကြာဝဠာကို သန့်စင်ပစ်မယ် ”

“ ဒါမှ အဲ့ဒီသူခိုးကောင် ဘယ်ကိုမှ ထွက်မပြေးနိုင်တော့မှာ ”

ကြယ်တာရာစက်ဝန်းက တိုးညင်းစွာ ပြောသည်။

လီမုန့်တုက ခေါင်းညိတ်လိုက်သည်။ သူလက်မြှောက်လိုက်သည့်အခါ သူ၏ အာဏာစက်က ဧရာမအဆိပ်ပန်းပင်အဖြစ် အသွင်ပြောင်းလဲသွားပြီး စကြာဝဠာကို ဖုံးအုပ်လိုက်သည်။ တစ်ဆက်တည်းမှာ အဆိပ်အာဏာစက်က အလွန်ထူထဲသော မြူခိုးကို ထုတ်လွှတ်လိုက်ပြီး စကြာဝဠာကို ဝန်းရံလိုက်သည်။

ရှဲလင်းဇီက ရယ်လိုက်ပြီး သူ၏ ဓားကျိုးကို ဆွဲထုတ်လိုက်သည်။ ချက်ချင်းဆိုသလို အန္တရာယ်အရှိန်အဝါက အလွန်အားကောင်းစွာ ပေါက်ကွဲထွက်လာပြီး ချိပ်တံဆိပ်အကာအကွယ်အလွှာတစ်ခုကို ဖွဲ့စည်းသွားသည်။

ယွင်ရှန်းစု၊ ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း သူတို့၏ အာဏာစက်များကို ထုတ်လွှတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာ သူတို့အားလုံး၏ ခြေလှမ်းဝက်အင်မော်တယ်အစွမ်းက ချိပ်တံဆိပ်အလွှာအထပ်ထပ်ကို ဖွဲ့စည်းသွားသည်။

နောက်ဆုံးမှာတော့ ကျိုးကျန်းလီ၏ နဖူးက ဒေါင်လိုက်အက်ကွဲသွားပြီး တတိယမျက်လုံးက ထွက်ပေါ်လာသည်။ ယင်းက စကြာဝဠာထဲမှ အရာအားလုံးကို ပစ်မှတ်ထားလိုက်သည်။

သူတို့အုပ်စု၏ စုပေါင်းစွမ်းအားက စကြာဝဠာကို တုန်ယင်သွားစေသည်။ ထိုစဉ် ကြယ်တာရာစက်ဝန်းက စကြာဝဠာကို မျက်နှာမူလျက် တင်ပျဉ်ခွေထိုင်လိုက်ပြီး ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် အမိန့်သံကြိုးများက သူ၏ ဘေးပတ်ဝန်းကျင်မှာ အမြန်ထွက်ပေါ်လာကြပြီး သူ့အရှေ့မှ စကြာဝဠာဆီသို့ ပျံသန်းသွားကြသည်။

စကြာဝဠာကို သန့်စင်ခြင်းက စတင်လာသည်။

ကောင်းကင်ဘုံဥပဒေသမြူမှုန်နှင့် သူ့ကြားမှ ဆက်သွယ်မှုကြောင့် သူ၏ ရတနာကို ခိုးယူသွားသော ထိုသူခိုးကောင်၏ ရူးသွပ်မှုက အဆမတန် ကြီးထွားလာနေကြောင်း ကြယ်တာရာစက်ဝန်း အာရုံခံမိသွားသည်။

“ နောက်ထပ် ရက်အနည်းငယ်ကြာပြီးရင် မင်းရဲ့ အစစ်အမှန်ပုံစံကို ငါထုတ်ဖော်ပစ်မယ် ”

ကြယ်တာရာစက်ဝန်းက အံတင်းတင်းကြိတ်လိုက်သည်။

တစ်ချိန်တည်းမှာ ချိပ်တံဆိပ်အလွှာအထပ်ထပ်ဖြင့် စည်းခတ်ခံထားရသော စကြာဝဠာထဲတွင် ပုံရိပ်တစ်ခုက အမြန်ရွေ့လျားနေသည်။

အတိအကျဆိုရသော် ၎င်းက မြေပြင်ပေါ်မှာ အလွန်မြန်ဆန်စွာ လှိမ့်နေသော ဦးခေါင်းတစ်လုံး ဖြစ်သည်။

ဦးခေါင်းက ခေါက်တုံ့ခေါက်ပြန် လှိမ့်နေရင်း ကောင်းကင်ဘုံဥပဒေသမြူမှုန်များကို မကြာခဏ အန်ထုတ်လေ့ရှိသည်။ ထို့နောက် သူက ယင်းတို့ကို နောက်တစ်ကြိမ် ပြန်ဝါးမျိုလိမ့်မည်။

မှန်ပေသည်။ ထိုဦးခေါင်းက အားညိုမှလွဲ၍ တခြားမဟုတ်ပေ။

ယခုအချိန်မှာ သူက အမှန်တကယ် စိုးရိမ်နေသည်။

“ ချီးပဲ… ဒါဘယ်လိုငရဲလဲ… ဘာလို့ ဒီနေရာမှာ အစွမ်းထက် ပညာရှင်ကျင့်ကြံသူတွေ အများကြီး ရှိနေရတာလဲ ”

“ ငါက မင်းဆီကနေ ပစ္စည်းနည်းနည်းလေး ချေးငှားရုံပဲကို… အဲ့လောက်ထိ လုပ်စရာလိုလို့လား ”

" လဝက်ကြာအောင် ငါ့နောက်ကို လိုက်ဖမ်းခဲ့တာ မလုံလောက်သေးဘူးလား… ငါ့ကို အကြိမ်ပေါင်းများစွာ သတ်ပစ်ခဲ့တာက မလုံလောက်သေးဘူးလား… အခု မင်းက စစ်ကူခေါ်လာတယ်ပေါ့ ”

“ ဒါ ငါ့ကို သက်သက်အနိုင်ကျင့်တာပဲ ”

အားညိုက အံတင်းတင်းကြိတ်လိုက်ပြီး အစောနက သူအန်ထုတ်ထားသော ကောင်းကင်ဘုံဥပဒေသမြူမှုန်ကို နောက်တစ်ကြိမ် ဝါးမျိုလိုက်သည်။ သူ၏ နှလုံးသားထဲမှာ ကြီးမားသော မကျေနပ်မှုက ပေါ်လျှိုးလာသည်။

သူက ဤနေရာမှ ထွက်ပြေးနိုင်ရန် သူ့ကိုယ်သူ ယုံကြည်မှုတချို့ ရှိသည်။ သို့သော်လည်း ထိုအတွက် တန်ကြေးအနေနှင့် သူခိုးလာခဲ့သော ရတနာကို လက်လွှတ်ရလိမ့်မည်။

ထိုအတွေးက သူ့အား ဆုံးဖြတ်ချက်ချရန် တုံ့ဆိုင်းစေသည်။

" ဒီဟာက အထွတ်အမြတ်ရတနာပဲ… ဒီဟာကို လက်လွှတ်ရတာက ငါ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ ”

ရူးသွပ်မှုက အားညို၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူ၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်လာသည်။ သူက ထိုလျှို့ဝှက်နယ်မြေထဲမှ ထွက်လာပြီးနောက် သတိကြီးစွာထားခဲ့သည်။ အထူးသဖြင့် ဤလောကတွင် အစွမ်းထက် ပညာရှင်ကျင့်ကြံသူများက နေရာတိုင်းမှာ တည်ရှိနေကြောင်း သူအာရုံခံမိသွားသောအခါ ဖြစ်သည်။ သူက မည်သူ့ကိုမှ မဆက်သွယ်ဝံ့ပေ။

သူ၏ လက်ရှိအခြေအနေက သူ၏ မွေးရာပါဗီဇကို မဆန့်ကျင်နိုင်သောကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ သို့ဖြစ်၍ တစ်ဖက်လူ၏ ရတနာကို သူမြင်သွားသည့်အခိုက် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ တစ်လုပ်တည်း ဝါးမျိုပစ်ခဲ့ခြင်း ဖြစ်သည်။

" ငါဘာလုပ်ရမလဲ… အစွမ်းကုန် ငါထုတ်သုံးရမလား ”

အားညိုက တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် အံတင်းတင်းကြိတ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ချိပ်တံဆိပ်များကို အဆင်အခြင်မဲ့စွာ ဖြေလွှတ်ရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံက သူ၏ ခန္ဓာကိုယ်ကို လေပြင်းမုန်တိုင်းသဖွယ် ရိုက်ခတ်သွားသည်။

အားညိုက တသိမ့်သိမ့်တုန်သွားပြီး တစ်ခါမှမဖြစ်ဖူးသော သေခြင်းရှင်ခြင်းကပ်ဘေးကို ခံစားမိသွားသည်။ ဤသည်မှာ သူက မုန်တိုင်းဝင်နေသော ပင်လယ်ပြင်ထဲမှ အထီးကျန်လှေငယ်လေးတစ်စင်းသဖွယ် အောက်မေ့ရသည်။

သို့တိုင် နောက်အခိုက်အတန့်မှာ သူက အေးခဲသွားသည်။ သူ၏ အမူအရာက ထူးဆန်းသွားပြီး သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။

“ ဒီခံစားချက်က အရမ်းရင်းနှီးတယ်… အဲ့ဒါ… အဲ့ဒါ… ချင်းလေးလား ”

တစ်ချိန်တည်းမှာ ချိပ်တံဆိပ်အလွှာများဖြင့် စည်းခတ်ခံထားရသော စကြာဝဠာ၏ အပြင်ဘက်တွင် နတ်ဘုရားစိတ်အာရုံ ပေါ်လျှိုးလာသည့်အခိုက် ကြယ်တာရာစက်ဝန်းနှင့် တခြားလူများက တုန်ယင်သွားကြသည်။

ကျိုးကျန်းလီက မျက်လုံးဝင်းလက်သွားပြီး ချက်ချင်း မတ်တတ်ထရပ်ကာ အဝေးမှ ကြယ်တာရာကောင်းကင်ဆီသို့ ဦးညွတ်လိုက်သည်။

“ သခင်လေးကို ကြိုဆိုပါတယ် ”

သူ၏ အသံ ပဲ့တင်ထပ်သွားသည်နှင့် ပုံရိပ်တစ်ခုက ကြယ်တာရာကောင်းကင်ထဲမှာ ထွက်ပေါ်လာသည်။

သူက တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်က တဖျပ်ဖျပ်လွင့်မျောနေသည်။ ကောင်းချီးမင်္ဂလာလက္ခဏာများက သူ၏ အနောက်မှ လိုက်ပါလာနေစဉ် သူက တာအိုအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကြယ်တာရာကောင်းကင်က တုန်ယင်သွားပြီး တာအိုအနှစ်သာရက ဘေးပတ်ဝန်းကျင်ဆီသို့ ပျံ့နှံ့သွားသည်။

သူက ရွှီချင်း ဖြစ်သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူက ကျိုးကျန်းလီ၏ အုပ်စုကို ကြည့်မနေပေ။ ယင်းအစား သူ၏ အကြည့်က ထိုအုပ်စု၏ အနောက်မှ စကြာဝဠာပေါ်သို့ ကျရောက်နေသည်။ ထို့အတူ သူ၏ မျက်နှာက ထူးဆန်းနေပြီး သူ၏ အမူအရာမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။

All Chapters