ချင်းနှင့်ညို ပြန်လည်ဆုံစည်းခြင်း
Vol. 116 Ch. 1773
ကံကြမ္မာသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်သည်။
ရင်းနှီးကျွမ်းဝင်သော ထိုပုံရိပ်၊ ထိုသူ၏ ဖရိုဖရဲပုံစံနှင့် ရူးသွပ်မှုက…
ရွှီချင်း လွမ်းဆွတ်နေသောအရာများ ဖြစ်သည်။
အရေးကြီးဆုံးက ယခု သူ့မှာ ဦးခေါင်းတစ်ခုတည်းသာ ကျန်ရှိတော့သော်လည်း သူက ယခင်ထွေးထုတ်ထားသော ကောင်းကင်ဘုံဥပဒေသမြူမှုန်များကို အရူးအမူး ပြန်ဝါးမျိုနေသည်။ ဤသည်မှာ သူက ထူးဆန်းသော သံသရာစက်ဝန်းတချို့ကို လုပ်ဆောင်နေသည့်အလားပင်။
ထိုမြင်ကွင်းက ရွှီချင်း၏ နှလုံးသားကို အပြင်းအထန် လှိုင်းထသွားစေသည်။
သူ၏ စီနီယာအကိုကြီးကို ဤနေရာမှာ တွေ့ဆုံရလိမ့်မည်ဟု တစ်ခါမှ သူမတွေးမိပေ။
အားညိုကို သူမြင်သွားသည့်အခိုက် ရွှီချင်းက အင်မော်တယ်ဘုရင်၏ မဟာအကြံအစည်ကို ရုတ်တရက် ပြန်စဉ်းစားမိသွားသည်။
ထို့အတူ သူက ကောင်းကင်နှင့်မြေပြင်၏ လျှို့ဝှက်နယ်မြေထဲမှာ သူမြင်တွေ့ခဲ့သော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကိုလည်း ပြန်အမှတ်ရသွားသည်။
“ အဲ့ဒီတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသုံးပြုဖို့ အထူးအခြေအနေနှစ်ရပ်ကို လိုအပ်တယ်… တစ်ခုက ကြယ်တာရာစက်ဝန်းမြက်ကို ပိုင်ဆိုင်ထားဖို့ဖြစ်ပြီး အခြားတစ်ခုက ရွှေကြွက်ရဲ့ အရှိန်အဝါပဲ… ဒီတော့ ငါကလွဲရင် အဲ့ဒီအခြေအနေနှစ်ရပ်စလုံးနဲ့ ကိုက်ညီတဲ့ အခြားတစ်ယောက်က စီနီယာအကိုကြီးပဲ ရှိတယ် ”
တစ်ချိန်တည်းမှာ ရွှီချင်းက အင်မော်တယ်ဘုရင်၏ မဟာအကြံအစည်ကို ပြန်အမှတ်ရသွားသည်။ အင်မော်တယ်ဘုရင်သည် အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဘုရင်နန်းခ၏ အနန္တအသိဉာဏ်ကို တားဆီးပိတ်ဆို့ရန်အလို့ငှာ ရှေးဦးအပျက်အစီးနှင့် သူ့ကြားမှ ကမ္မဆက်သွယ်မှုကို အသုံးချခဲ့သည်။
ယခု ယင်းကို သူပြန်စဉ်းစားလိုက်သည့်အခါ အတိတ်တွင် အင်မော်တယ်ဘုရင်၏ မဟာအစီအစဉ်ထဲမှာ သူတစ်ယောက်တည်း ပါဝင်နေခဲ့ခြင်း မဟုတ်ဟန် ရ၏။ သူ၏ စီနီယာအကိုကြီးသည်လည်း ယင်းထဲမှာ နည်းလမ်းတစ်ခုခုဖြင့် ပါဝင်နေခဲ့ကြောင်း ထင်ရှားပေသည်။
တစ်ချိန်တည်းမှာ ရွှီချင်းက မိုးသောက်သခင်လေး သူ့အား ရှေးဦးအပျက်အစီး၏ ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေကို ပေးခဲ့စဉ်က တစ်ဖက်လူပြောခဲ့သော စကားကို ပြန်အမှတ်ရသွားသည်။
သူပြောခဲ့သည်မှာ တစ်စုံတစ်ယောက်က ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေကို လက်ခံရန် ရှေးခေတ်မိခင်ဂြိုလ်ပေါ်မှာ ထွက်ပေါ်လာသင့်သည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ထိုလူက ရောက်မလာခဲ့ပေ။
“ မိုးသောက်သခင်လေးပြောတဲ့ ရောက်မလာခဲ့တဲ့ အဲ့ဒီလူက… စီနီယာအကိုကြီးလား ”
ရွှီချင်း၏ စိတ်ထဲမှာ ထိုအတွေးများ ထွက်ပေါ်လာနေစဉ် သုဘရာဇာအဖွဲ့မှ အဖွဲ့သားများက သူ့ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့ထဲတွင် လီမုန့်တုက ရွှီချင်းနှင့် အရင်းနှီးဆုံး ဖြစ်သည်။ သူက မိုးသောက်အင်မော်တယ်နန်းတော်၏ ကြေးမုံသမိုင်းပုံရိပ်ထဲမှာလည်း ရွှီချင်း၏ နောက်လိုက်ဖြစ်ခဲ့ဖူးသည်။ သို့ဖြစ်၍ လီမုန့်တု၏ နှလုံးသားထဲမှာ ရွှီချင်း၏ ပုံရိပ်က ဖော်မပြနိုင်အောင် အလွန်ထူးခြားသည်။
ဤအခိုက်အတန့်မှာ သူက အရှေ့သို့ စိတ်လှုပ်ရှားစွာ လျှောက်သွားပြီး ရွှီချင်းကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ဤနေရာမှာ သူတို့အဖွဲ့ လုပ်ဆောင်နေသောအရာကို ရှင်းပြလိုက်သည်။
“ သခင်လေး… ကျုပ်တို့က ကြယ်တာရာစက်ဝန်းဆီကနေ အကူအညီတောင်းဆိုမှုကို ရရှိခဲ့ကြပါတယ်… ဒီအတောအတွင်း သူကြိုးစားပမ်းစား စုဆောင်းထားခဲ့တဲ့ ကောင်းကင်ဘုံဥပဒေသကို ထူးခြားဆန်းကြယ်တဲ့ သူခိုးတစ်ကောင်က ခိုးယူသွားခဲ့ပါတယ် ”
“ အဲ့ဒီသူခိုးက အရမ်းဉာဏ်များပြီး ဖုံးကွယ်ခြင်းမှာ အထူးကျွမ်းကျင်တဲ့အပြင် ထူးဆန်းတဲ့ အတတ်ပညာတွေအများကြီးကိုလည်း တတ်ကျွမ်းထားပါတယ်… အဲ့ဒီသူခိုးမှာ အပေါင်းအဖော်တွေ ရှိဦးလိမ့်မယ်လို့ ကျိုးကျန်းလီက ခန့်မှန်းခဲ့ပါတယ် ”
“ အခုလောလောဆယ် အဲ့ဒီသူခိုးက အရှေ့က စကြာဝဠာထဲမှာ ပိတ်လှောင်ခံထားရပါတယ်… ကျုပ်တို့က သူ့ကို လွတ်လမ်းတစ်ခုမှ မပေးဘဲ ဒီစကြာဝဠာကို သန့်စင်ဖို့ ရည်ရွယ်ထားပါတယ်… ပြီးတော့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အပေါင်းအဖော်တွေ ရောက်လာမလားလို့ ကျုပ်တို့စောင့်ကြည့်နေပါတယ် "
လီမုန့်တု၏ စကားဆုံးသွားသည့်အခါ ရွှီချင်း၏ အမူအရာက ပိုပြီးထူးဆန်းသွားသည်။
အကယ်၍ သူတို့က ထိုသူခိုး၏ အပေါင်းအဖော်များကို ပြောနေသည်ဆိုလျှင် ထိုလူက သူဖြစ်သင့်သည်ဟု ရွှီချင်း ခံစားမိသည်။
သူက ကျိုးကျန်းလီကို လှမ်းကြည့်လိုက်သည်။
ကျိုးကျန်းလီ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။
ထိုစဉ် တခြားလူများက အရှေ့သို့ လျှောက်လာကြပြီး ရွှီချင်းကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။
သူတို့ထဲတွင် ရှဲလင်းဇီက အရိုသေဆုံး ဖြစ်သည်။ သူက မောက်မာထောင်လွှားမှုကို နည်းနည်းလေးမှ မဖော်ပြဝံ့ချေ။ တစ်ချိန်တည်းမှာ သူက သူ၏ စိတ်ထဲမှာ တွေးတောလိုက်သည်။
' ဘာလို့ သခင်လေးက အဲ့ဒီစကြာဝဠာကို မြင်သွားတဲ့အခါ ထူးဆန်းတဲ့ အမူအရာကို ထုတ်ဖော်လိုက်တာလဲ ’
ချမ်ကျွင်းနှင့် ပိုင်ရီက တုန်ယင်သွားကြသည်။ သူတို့က ရွှီချင်း၏ မျက်နှာအမူအရာကို ဂရုမစိုက်ကြချေ။ ယင်းအစား သူတို့က သူတို့ကိုယ်သူတို့ အာရုံစိုက်လိုက်ကြသည်။
သူတို့၏ နှလုံးသားထဲမှာ စိုးရိမ်ကြောင့်ကြမှုဖြင့် ပြည့်နှက်သွားနေစဉ် သူတို့က သူတို့၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်ဓားများ၏ ရောင်ဝါတောက်ပမှုကို တမင်ရည်ရွယ်ချက်ရှိရှိ မှေးမှိန်သွားစေသည်။ ဤသည်မှာ ရွှီချင်းက သူတို့ကို ဆင့်ခေါ်လိုက်ပြီး အင်မော်တယ်ဓားများအဖြစ် ပြောင်းလဲပစ်လိုက်မည်ကို သူတို့က စိုးရိမ်နေကြသည့်အလားပင်။
သို့တိုင် သူတို့က အင်မော်တယ်ဓားများကို မည်သို့ဖုံးကွယ်ထားပါစေ ဓားဝိညာဉ်များက ရွှီချင်း၏ တည်ရှိမှုကို အာရုံခံမိသွားသောအခါ ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှုကို ထုတ်လွှတ်လိုက်ကြသည်။ ဤသည်မှာ အင်မော်တယ်ဓားများက သူတို့၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားတော့မည့်အလားပင်။
ယင်းက ညီအကိုနှစ်ယောက်ကို ပိုပြီးထိတ်လန့်ချောက်ချားသွားစေသည်။
ယွင်ရှန်းစုသည်တော့ သူက ယခင်အတိုင်း တည်ငြိမ်နေပြီး ရွှီချင်းကို တိတ်တဆိတ် အရိုအသေပေးလိုက်သည်။
ကြယ်တာရာစက်ဝန်းသည်လည်း ရွှီချင်းကို သူ၏ ရိုသေလေးစားမှုအား ဖော်ပြလိုက်သည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ အမူအရာက ထူးဆန်းနေကြောင်း သူသတိပြုမိသွားသည်။ သို့သော်လည်း ဤအတောအတွင်း ထိုသူခိုးကို သူလိုက်ဖမ်းနေခဲ့စဉ် သူ၏ စိတ်အာရုံတစ်ခုလုံးက သူခိုးအပေါ်မှာသာ ရှိနေခဲ့သည်။
ထို့ကြောင့် မကြာမီ သူက ချိပ်ပိတ်ခံထားရသော စကြာဝဠာဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။ သူ၏ ကောင်းကင်ဘုံဥပဒေသမြူမှုန်အား ခိုးယူသွားခဲ့သော ထိုသူခိုးကောင်ကို စဉ်းစားမိသွားသည့်အခါ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။
သို့သော်လည်း ကျိုးကျန်းလီသည်တော့ ရုတ်တရက် မျက်နှာတည်ကြည်သွားပြီး ရိုသေလေးစားစွာ ပြောသည်။
" သခင်လေး… အဲ့ဒီတာအိုရောင်းရင်းက ရည်ရွယ်ချက်ရှိရှိ ခိုးယူခဲ့တာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်… အဲ့ဒါက နားလည်မှုလွဲသွားတာ ဖြစ်ပါမယ်… သူ့ရဲ့ အာဏာစက်က အမိန့်နဲ့ သက်ဆိုင်နေတာကြောင့် သူက ကောင်းကင်ဘုံဥပဒေသမြူမှုန်ရဲ့ သွေးဆောင်ခြင်းခံခဲ့ရတာ ဖြစ်နိုင်ပါတယ် ”
ထိုစကားများက တခြားလူများကို အတွေးနက်သွားစေသည်။ ထိုစဉ် အေးစက်စက်အလင်းက ကြယ်တာရာစက်ဝန်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ကျိုးကျန်းလီကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည်။ ခါးသီးသော နားလည်သဘောပေါက်မှုက သူ၏ နှလုံးသားထဲမှာ စတင်ပေါ်လျှိုးလာသည်။
ကျိုးကျန်းလီက ကြယ်တာရာစက်ဝန်း၏ အကြည့်ကို လျစ်လျူရှုထားသည်။ သူက ရွှီချင်းကို အာရုံစိုက်ထားလျက် ဆက်ပြောသည်။
“ သူ့ရဲ့ အပေါင်းအဖော်ကတော့… ”
ရွှီချင်းက ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ အရှေ့မှ စကြာဝဠာဆီသို့ လက်ညှိုးညွှန်လိုက်သည်။
ရိုးရှင်းသော ထိုလှုပ်ရှားမှုကြောင့် လေပြင်းမုန်တိုင်းက ထိုစကြာဝဠာအတွင်းမှာ ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးဆီသို့ ရိုက်ခတ်သွားသည်။ စကြာဝဠာက ရုတ်တရက် ထွန်းလင်းတောက်ပသွားပြီး ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ စကြာဝဠာထဲမှ မရေမတွက်နိုင်သော ကြယ်များက တစ်ပြိုင်နက် ထွန်းလင်းသွားသည့်အလားပင်။ ထို့နောက် ဆုတ်ဖြဲသော အင်အားက စကြာဝဠာထဲမှာ ပေါ်လျှိုးလာသည်။
နောက်အခိုက်အတန့်မှာ ကြယ်တာရာကောင်းကင်က တုန်လှုပ်သွားပြီး ချိပ်တံဆိပ်အားလုံးက ပျောက်ကွယ်သွားကြသည်။
မြင်ကွင်းက ဝေဝါးနေစဉ် စကြာဝဠာ၏ အနက်ပိုင်းထဲ၌ ဥက္ကာပျံတစ်စင်းက ထွက်ပေါ်လာသည်။ ထိုဥက္ကာပျံပေါ်တွင် အားညိုက ပါးစပ်အဟောင်းသားဖြစ်နေပြီး မယုံကြည်နိုင်ဖြစ်နေသည်။
သို့သော်လည်း သူတို့ကြားမှ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကြောင့် ရွှီချင်းနှင့် တခြားလူများက အားညိုကို ရှင်းရှင်းလင်းလင်း မြင်နေရစဉ် အားညို၏ မြင်ကွင်းထဲမှာ အပြင်ဘက်မှ အရာအားလုံးက ဝေဝါးနေသည်။
ကြယ်တာရာစက်ဝန်းက အားညိုကို မြင်သွားသည့်အခိုက် သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းလာသည်။
ရွှီချင်းက စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ သူက ငါ့ရဲ့ စီနီယာအကိုကြီးပါ… "
ထိုစကားကို ပြောလိုက်သည်နှင့် လီမုန့်တုက မျက်လုံးပြူးကျယ်သွားပြီး ကျိုးကျန်းလီ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ရှဲလင်းဇီက ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ချမ်ကျွင်းနှင့် ပိုင်ရီက ဆွံ့အသွားစဉ် ယွင်ရှန်းစု၏ မျက်လုံးထဲမှာ စူးစမ်းလိုသော အရိပ်အယောင် ထွက်ပေါ်လာသည်။
ကြယ်တာရာစက်ဝန်းသည်တော့ သူက နှုတ်ဆိတ်သွားသည်။ သူက အားညိုထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်ကာ သူ၏ ဆုံးဖြတ်မှုကို စောင့်ဆိုင်းလိုက်သည်။
အကူအညီမဲ့မှုက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အကယ်၍ အတိတ်တုန်းက ကြယ်တာရာစက်ဝန်းသာဆိုလျှင် ရွှီချင်းက ယင်းကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အင်မော်တယ်မြို့တော်မှ တတ်လှမ်းလာပြီးနောက် သူတို့က အခက်အခဲများစွာနှင့် အန္တရာယ်များစွာကို အတူတကွ ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြသည်။ သို့ဖြစ်၍ သူတို့ကြားမှ ဆက်ဆံရေးက ပြောင်းလဲသွားပြီး ယခု သူတို့က ရဲဘော်ရဲဘက်များ ဖြစ်လာကြသည်။
ထို့ပြင် ကြယ်တာရာစက်ဝန်းအတွက် ထိုကောင်းကင်ဘုံဥပဒေသမြူမှုန်က မည်မျှအရေးကြီးကြောင်း သူနားလည်သည်။ ယင်းက သူ့အား နွေဦးအင်မော်တယ်တစ်ပါးဖြစ်လာစေမည့် အဓိကသော့ချက် ဖြစ်သည်။
သို့သော်လည်း ဤလောကထဲမှာ စီနီယာအကိုကြီး၏ အကျင့်စရိုက်ကို သူ့ထက်ပိုပြီး ကောင်းကောင်းနားလည်သူ မရှိပေ။ သူ့အတွက်တော့ လမ်းတစ်လျှောက်မှာ သူမြင်တွေ့ခဲ့သော ရတနာများကို မယူဆောင်ဘဲ ကျော်သွားခြင်းသည် သူ့ကိုယ်ပိုင်ရတနာများကို ဆုံးရှုံးသွားခြင်းနှင့် မခြားပေ။
အထူးသဖြင့် သူ့ဗိုက်ထဲသို့ ရောက်သွားပြီးသောအရာကို ပြန်ထုတ်ယူခြင်းသည် လုံးဝမဖြစ်နိုင်သောအရာ ဖြစ်သည်။
တစ်ခဏကြာ ချင့်ချိန်စဉ်းစားပြီးနောက် ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည်။ သူ၏ မျဉ်းပြိုင်အာဏာစက် ပေါ်လျှိုးလာသည့်အခါ အပြိုင်စကြာဝဠာများက ကြယ်တာရာကောင်းကင်ထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားကြပြီး ပမာဏများပြားသော ကောင်းကင်ဘုံဥပဒေသမြူမှုန်များကို ထုတ်လွှတ်လိုက်သည်။
ရွှီချင်းသည် အတိတ်မှာ ကောင်းကင်ဘုံဥပဒေသမြူမှုန်ကို စူးစမ်းလေ့လာခဲ့ဖူးသည်။ ယင်းကို သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံနှင့် နားလည်သဘောပေါက်မှုဖြင့် ပေါင်းစပ်လိုက်သည့်အခါ ဤလုပ်ဆောင်မှုက ခက်ခဲသောကိစ္စတစ်ခု မဟုတ်ပေ။
သို့ဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်ဘုံဥပဒေသမြူမှုန်များက ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ဒြပ်ထည်ဖွဲ့စည်းသွားကြပြီး ကြယ်တာရာစက်ဝန်း၏ အရှေ့မှာ လွင့်မျောသွားကြသည်။
တစ်ချိန်တည်းမှာ ရွှီချင်းက အတိတ်မှာ သူယူဆောင်ခဲ့သော ကောင်းကင်ဘုံဥပဒေသမြူမှုန်ကို ထုတ်လိုက်ပြီး ကြယ်တာရာစက်ဝန်းကို အကုန်ပေးလိုက်သည်။
“ နားလည်မှုလွဲသွားတာပါ ”
ရွှီချင်းက နူးညံ့စွာ ပြောသည်။
ကြယ်တာရာစက်ဝန်းက တဒင်္ဂ ဆွံ့အသွားပြီးနောက် အသိပြန်ဝင်လာသည်။ သူ၏ အရှေ့မှ ယခင်ထက် ပိုပြီးပေါကြွယ်ဝသော ကောင်းကင်ဘုံဥပဒေသမြူမှုန်များကို မြင်သွားသောအခါ မရေမတွက်နိုင်သော အတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ နောက်ဆုံးမှာ သူက ရွှီချင်းကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ”
ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။ သို့သော်လည်း သူ၏ ပုံရိပ်က အဝေးမှ ကြယ်တာရာကောင်းကင်ထဲမှာ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ အသံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
" ဒီကြင်နာမှုရယ် ပြီးတော့ ဒီခရီးစဉ်မှာ ဖြစ်ပေါ်လာတဲ့ ငါတို့ကြားက ရဲဘော်ရဲဘက် သံယောဇဉ်ကို ဘယ်တော့မှ ငါမေ့မှာမဟုတ်ဘူး ”
“ မင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းက မဟုတ်ဘူးဆိုတာ ငါသိတယ်… မင်းရဲ့ ဇာတိမြေဆီ ပြန်သွားတဲ့အခါကျရင် ငါလိုက်ခဲ့မယ် ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ကြယ်တာရာစက်ဝန်း၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် သူက ခေါင်းလှည့်လိုက်ပြီး ကျိုးကျန်းလီနှင့် တခြားလူများကို ကြည့်လိုက်သည်။
“ မကြာခင် အမှတ်ငါးကြယ်တာရာစက်ဝန်းကနေ ငါထွက်သွားတော့မယ်… ဒီတစ်ကြိမ် ငါရောက်လာတာက မင်းတို့ကို နောက်ဆုံးအကြိမ် လာတွေ့တာပဲ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ထူးဆန်းသော အလင်းက လီမုန့်တု၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မျှော်လင့်မှုက သူ၏ နှလုံးသားထဲမှာ ပြည့်နှက်သွားစဉ် သူက ရွှီချင်း၏ အကြည့်နှင့် တွေ့ဆုံသွားပြီး ချက်ချင်း ပြောသည်။
“ ငါမင်းနဲ့အတူ လိုက်ခဲ့မယ် ”
ကျိုးကျန်းလီက ပြုံးလိုက်သည်။ ကြယ်တာရာစက်ဝန်း ရှာတွေ့ခဲ့သောအရာကို ထုံးစံအားဖြင့် သူသည်လည်း အစောကြီးကတည်းက သိထားသည်။
“ သခင်လေး ဘယ်ကိုပဲသွားသွား… ကျွန်တော်က အနောက်က လိုက်နေမှာပါ ”
“ အခုလောလောဆယ်တော့… သခင်လေးနဲ့ စီနီယာအကိုကြီးရဲ့ ပြန်လည်ဆုံစည်းခြင်းကို ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး ”
ထိုသို့ပြောပြီးနောက် ကျိုးကျန်းလီက လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက လီမုန့်တုနှင့်အတူ ထွက်သွားသည်။
ယွင်ရှန်းစုက နှုတ်ဆိတ်သွားစဉ် ရှဲလင်းဇီက သူ၏ စိတ်ထဲမှာ တုံ့ဆိုင်းသွားသည်။ ချမ်ကျွမ်းနှင့် ပိုင်ရီသည်တော့ အလွန်ဝမ်းသာပျော်ရွှင်သွားကြသည်။
ထို့နောက် သူတို့က အတွေးကိုယ်စီနှင့်အတူ ထွက်ခွာသွားကြသည်။
သူတို့အားလုံး ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး စကြာဝဠာဆီသို့ ကြည့်လိုက်သည်။ ထို့နောက် သူက အားညိုဆီသို့ စိတ်လှုပ်ရှားစွာ ပျံသန်းသွားသည်။ ထိုသို့အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ၏။
ထိုလူက သူ၏ စီနီယာအကိုကြီးဖြစ်ပြီး သူ၏ နှလုံးသားအနက်ပိုင်းထဲမှ အရေးပါဆုံး လူအနည်းစုအနက် တစ်ယောက်ဖြစ်သည်။
လျှပ်တစ်ပြက်အတွင်းမှာ သူက ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားကာ အားညို၏ အရှေ့သို့ ရောက်ရှိသွားသည်။
" ချင်းလေး... "
အားညိုက အလွန်စိတ်လှုပ်ရှားသွားပြီး အိမ်မက်ဆန်မှုကို ခံစားမိသွားသည်။
" စီနီယာအကိုကြီး… "
ရွှီချင်းက ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။ ဤအတောအတွင်း သူ၏ အောင်မြင်မှုများကို ထုတ်ပြောလိုက်လျှင် သူ၏ စီနီယာအကိုကြီးက မည်မျှမနာလိုဖြစ်သွားမည်ကို သူစိတ်ကူးကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ စီနီယာအကိုကြီးက ယင်းကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်လိမ့်မည်ဟု သူတွေးမိသွားသည်။
" မတွေ့ရတာ အရမ်းကြာပြီနော်… ”
ရွှီချင်းက ပြုံးလိုက်သည်။