အားညို ဆွံ့အသွားခြင်း
Vol. 116 Ch. 1774
အားညိုက စိတ်လှုပ်ရှားသွားသည်။
အစောနက ရွှီချင်း၏ အရှိန်အဝါကို သူအာရုံခံမိခဲ့စဉ် ယင်းက မယုံကြည်နိုင်စရာကောင်းကြောင်း ခံစားမိခဲ့သည်။ ယခု ရွှီချင်းကို သူကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါ သူ၏ စိတ်ထဲမှ လှိုင်းလုံးများက ပိုပြီးကြီးမားလာသည်။
အချိန်အတော်ကြာ ခွဲခွာပြီးမှ ပြန်လည်ဆုံစည်းခြင်းသည် သူ၏ နှလုံးသားနှင့် ဝိညာဉ်ထဲ၌ ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားစေသည်။
မည်သို့ဖြစ်ပါစေ သူတို့နှစ်ယောက် ကွဲကွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ မဟုတ်ပါလော။ ထို့ပြင် နေရာများစွာရှိသည့်အနက် ဤသို့နေရာမှာ ပြန်လည်တွေ့ဆုံလိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားပေ။
ထို့ကြောင့် သူက နောက်ပိုင်းမှာ သူ့ကို အကြီးအကျယ် နောင်တရသွားစေမည့် မေးခွန်းကို ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိသည်။
“ ချင်းလေး… မင်းဒီကို ဘယ်လိုရောက်နေတာလဲ… ပြီးတော့ စောစောက စကြာဝဠာရဲ့ အပြင်ဘက်ကနေ ငါ့ကို ပိတ်လှောင်ထားကြတဲ့ အဲ့ဒီလူတွေက ဘယ်သူတွေလဲ ”
ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် အရိုးသားဆုံး ဝန်ခံခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ဟု စဉ်းစားမိသွားသည်။ သူက နူးညံ့စွာ ပြောသည်။
“ သူတို့က ငါ့ရဲ့ လက်အောက်ငယ်သားတွေပါ ”
အားညို၏ အသိစိတ်က ဝုန်းခနဲ လှုပ်ခတ်သွားပြီး သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။
သူက အစောနက အဖြစ်အပျက်ကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့သလို အပြင်ဘက်မှာ မည်သို့ဖြစ်ပျက်သွားခဲ့ကြောင်းကိုလည်း မသိခဲ့ပေ။ သို့သော်လည်း ထိုလူများက ရွှီချင်းရောက်လာပြီးနောက် ထွက်သွားကြကြောင်း သူအာရုံခံမိခဲ့သည်။
အချိန်အတော်ကြာ အမဲလိုက်ခံခဲ့ရသဖြင့် ထိုလိုက်ဖမ်းသူက မည်မျှကြောက်စရာကောင်းကြောင်း ကောင်းကောင်း သူသိသည်။ သူက ဤစကြာဝဠာထဲမှာ ချုပ်နှောင်ခံထားရစဉ် ထိုလူက သူ၏ အပေါင်းအဖော်များကို ဆင့်ခေါ်ခဲ့သည်။ သူ၏ အပေါင်းအဖော်များသည်လည်း သူ့နည်းတူ အလွန်သန်မာကြသည်။
သို့တိုင် ချင်းလေးက ထိုအုပ်စုကို သူ၏ လက်အောက်ငယ်သားများဟု ပြောနေသည်။
ထိုသို့နားလည်သဘောပေါက်ခြင်းက အားညို၏ အသိစိတ်ကို မိုးကြိုးသွားတစ်စင်းက ပစ်ခတ်သွားဟန် ရသည်။ ယင်းက စောစောက သူ၏ စိတ်လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်သွားစေသည်။ သူက သူ၏ နတ်ဘုရားစိတ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံကို စူးစမ်းလေ့လာလိုက်သည်။
သူ၏ နတ်ဘုရားစိတ်အာရုံမှ အာရုံခံမိသွားသည့် အလွန်အမင်း နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက လှိုင်းဂယက်တချို့ကို ထုတ်လွှတ်လိုက်သည်။ ထိုလှိုင်းဂယက်များက သူ၏ နှလုံးသားအနက်ပိုင်းထဲသို့ တိုးဝင်လာသည်။
ချက်ချင်းဆိုသလို သူက ဆွံ့အသွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းချင်သည်။ သို့သော်လည်း သူက ထိုသို့မလုပ်ခဲ့ပေ။
စီနီယာအကိုကြီးဟူသော ဂုဏ်ပုဒ်က သူ့အား ထိုသို့မလုပ်ရန် တားမြစ်နေသည်။
ထို့ကြောင့် သူက အံ့ဩမှုကို အတင်းအဓမ္မ ဖိနှိပ်လိုက်သည်။ သူက ဤနေရာက မည်သည့်နေရာဖြစ်ကြောင်း သို့မဟုတ် ဤနေရာမှာ ရွှီချင်း၏ အဆင့်အတန်းက မည်မျှမြင့်မားကြောင်း သို့မဟုတ် ရွှီချင်းက ဤနေရာသို့ မည်သို့ရောက်လာခဲ့ကြောင်း မမေးမြန်းရန် စိတ်ဆုံးဖြတ်လိုက်သည်။
သူက ရွှီချင်းကို သူ့အား မနာလိုဖြစ်စေမည့် မည်သည့်အခွင့်အရေးမှ မပေးရန် စိတ်ဆုံးဖြတ်ထားသည်။ သူက ရွှီချင်းထက် နိမ့်ကျကြောင်း ဘယ်သောအခါမှ လက်ခံလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ရွှီချင်း၏ လက်ရှိကျင့်ကြံခြင်းအခြေခံက သူလျစ်လျူရှုရန် အလွန်အမင်း ခက်ခဲသည်။ ထို့ကြောင့် သူက သူ၏ စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်ပေ။ သူက ဘာမှမဖြစ်သည့်အလား ခပ်တည်တည်နေ၍ မေးသည်။
“ အို ငါသိပြီ… ဟား ဟား… ”
“ ဒါနဲ့ ချင်းလေး… ငါတို့မတွေ့ရတဲ့ အတောအတွင်း မင်းဘယ်လောက်တောင်မှ စားခဲ့တာလဲ… မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက… သေးသေးလေး ပြောင်းလဲသွားတဲ့ပုံပဲ ”
အားညိုက မထူးမခြားနား လေထုကို ဖန်တီးလိုက်သည်။
ရွှီချင်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ စီနီယာအကိုကြီးအကြောင်းကို ကောင်းကောင်း သူသိသည်။
“ သေးငယ်တဲ့ အခွင့်အလမ်းတွေနဲ့ သေးငယ်တဲ့ ဉာဏ်အလင်းတချို့ကို ရခဲ့ရုံပါပဲ… ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး ”
သူ၏ စကားက သာမန်သာဖြစ်ဟန် ထင်ရသော်လည်း ယင်းက အားညိုအတွက်တော့ သူ့ကို ပိုပြီးမနာလိုဖြစ်စေသည်။
‘ ဘယ်လို အခွင့်အလမ်းတွေနဲ့ ဉာဏ်အလင်းတွေက ဒီလောက် ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုမျိုးကို ဖြစ်ပေါ်စေရတာလဲ ’
သို့သော်လည်း အပြင်ပန်းတွင် အားညိုက သူ၏ ရှုံးနိမ့်မှုကို အကြွင်းမဲ့ ငြင်းဆန်လိုက်သည်။ စီနီယာအကိုကြီးဟူသော ဂုဏ်သိက္ခာကြောင့် သူက မေးမော့လိုက်ပြီး ပြောသည်။
“ မဆိုးဘူး… ဒါပေမဲ့ ချင်းလေး… မင်းရဲ့ ကျင့်ကြံခြင်းက နည်းနည်း မသန့်စင်ဘူး… အနာဂတ်မှာ မင်းပိုပြီး အလုပ်ကြိုးစားရလိမ့်မယ် ”
“ ပြီးတော့… ငါတို့နှစ်ယောက် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာ အတော်ကြာသွားပြီ… ငါ့ရဲ့ လက်ရှိအခြေအနေကို မင်းကောင်းကောင်း မသိလောက်သေးဘူး ”
အားညိုက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။
“ မင်းသတိထားမိလောက်မှာပါ… ဒီဟာက ငါ့ရဲ့ ကိုယ်ပွားတစ်ခုပဲ ဖြစ်တယ်… ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းစိတ်ကူးကြည့်နိုင်မှာ မဟုတ်ဘူး… ငါမင်းကို တစ်ခုပြောရဦးမယ်… အခု ငါက ဟွမ်ကောင်းကင်ဘုံကို သိမ်းပိုက်နိုင်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တယ် ”
“ မင်းရဲ့ စီနီယာအကိုကြီးက ဟွမ်ကောင်းကင်ဘုံထဲမှာ အတော်လေး ကြီးပွားနေပြီ ”
အားညိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
ရွှီချင်း၏ မျက်နှာပေါ်မှာ အံ့ဩသော အမူအရာ ထွက်ပေါ်လာသည်။
ထိုအမူအရာက အားညို၏ အစောနက ဒဏ်ရာများကို အနည်းငယ် ဖြေသိမ့်ပေးလိုက်သည်။
“ ဒါပေမဲ့ မင်းသိလား… အရင်ကလို ငါ့ဘေးမှာ မင်းရှိမနေတာကို ငါအရမ်းလွမ်းတယ်… ဒါကြောင့် ငါက အထွတ်အထိပ် နတ်ဘုရားစွမ်းရည်တွေကို အသုံးပြုခဲ့တယ်… မင်းကို ဒီနေရာမှာ လာရှာဖို့အတွက် ဟင်းလင်းပြင်ကို ငါဆုတ်ဖြဲခဲ့ပြီး အချိန်မြစ်ကို ဖြတ်တောက်ခဲ့တယ် ”
“ ဒါမှ မင်းက ငါ့ဘေးမှာ အရင်ကလို ရှိနိုင်ပြီး ဟွမ်ကောင်းကင်ဘုံကို ငါသိမ်းပိုက်တော့မယ့် အခိုက်အတန့်ကို မျက်မြင်တွေ့နိုင်မှာ ”
စကားပြောနေစဉ် ဧကရာဇ်တစ်ပါး၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါက အားညိုထံမှ ထွက်ပေါ်လာသည်။
ရွှီချင်းက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။
အားညိုက ချောင်းဟန့်လိုက်သည်။ သူ၏ ဦးခေါင်းက ရွှီချင်း၏ ဘေးမှာ လွင့်မျောသွားသည်။ သူတို့နှစ်ယောက်က အရှေ့သို့ ရွေ့လျားနေစဉ် အားညိုက ဆက်ပြီး ပြောသည်။
“ ဒါပေမဲ့ ချင်းလေး… ငါမင်းကို ပြောသွားခဲ့တဲ့ အဲ့ဒီလိုအပ်နေတဲ့ ‘ ခြေလှမ်းဝက် ’က ဘာလဲ မင်းသိလား ”
“ အဲ့ဒါက အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားအလောင်းပဲ ”
အားညိုက တည်ကြည်လေးနက်စွာ ပြောသည်။
“ ငါလိုအပ်တာက အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားအလောင်းတစ်ခုပဲ… အဲ့ဒါသာ ငါ့မှာရှိရင် ဟွမ်ကောင်းကင်ဘုံထဲမှာ ငါဖွက်ထားတဲ့ ကိုယ်ပွားတစ်သန်းနဲ့ ဓမ္မရတနာတစ်သန်းကို အသက်သွင်းနိုင်လိမ့်မယ်… အဲ့ဒီအခါကျရင် မင်းရဲ့ စီနီယာအကိုကြီးက ခြေတစ်လှမ်းတည်းနဲ့ ဟွမ်ကောင်းကင်ဘုံကို သိမ်းပိုက်နိုင်သွားလိမ့်မယ် ”
“ ပြီးသွားရင်… ဝမ်ကူးကုန်းမြေကို ငါကယ်တင်မယ် ”
" တကယ်တော့ ချင်းလေး… အဲ့ဒါကို ငါတစ်ယောက်တည်း လုပ်နိုင်တယ်… ဒါပေမဲ့ မင်းကို ငါတွေးမိတယ်… ဘာပဲပြောပြော မင်းက ငါ့ရဲ့ ဂျူနီယာညီလေး မဟုတ်လား… ဒီတော့ ဒီအခွင့်အရေးမှာ မင်းကို ဘယ်လိုလုပ် ငါချန်ထားခဲ့မှာလဲ ”
အားညိုက ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူ၏ စိတ်ခံစားချက်များက ပိုပြီးမြင့်တတ်လာသည်။
“ ချင်းလေး… ငါ့ကို အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားအလောင်းတစ်ခု ပေးပါ… အပြန်အလှန်အနေနဲ့ မင်းကို ဟွမ်ကောင်းကင်ဘုံတစ်ခုလုံး ငါပေးမယ်… ဘယ်လိုလဲ အရမ်းတန်တယ်မလား ”
“ ဟွမ်ကောင်းကင်ဘုံကို ငါသိမ်းပိုက်နိုင်တဲ့အခါကျရင် ဆရာ့ကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်မယ်… မင်းက နောင်ထီးနန်းဆက်ခံသူ ဖြစ်လာမယ်… ဟွမ်ယုံက နတ်ဘုရားအစောင့်အရှောက်သားရဲ ဖြစ်လာမယ်… ဒုတိယဂျူနီယာညီမလေးက နတ်ဘုရားသားရဲရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်… တတိယဂျူနီယာညီလေးကျတော့ သူက ဝန်ကြီးချုပ်ဖြစ်လာမယ် ”
“ ငါတို့တစ်မိသားစုလုံး ကြွယ်ဝချမ်းသာပြီး ဂုဏ်အရှိန်အဝါ ထွန်းတောက်သွားလိမ့်မယ် ”
“ ငါတို့တွေ… ”
အားညို၏ စကားမဆုံးခင်မှာ ရွှီချင်းက လက်ဝှေ့ယမ်းလိုက်ပြီး အကြွင်းအကျန်တချို့ကို ထုတ်လိုက်သည်။
ယင်းတို့က မပြည့်စုံသော်လည်း ထိုအကြွင်းအကျန်များထဲမှ ထုတ်လွှတ်နေသော အရှိန်အဝါက ယုံမှားရန်မလို အစစ်အမှန်နတ်ဘုရားဖြစ်သည်။
“ စီနီယာအကိုကြီး… ငါ့မှာ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားအလောင်းတွေ မကျန်တော့ဘူး… ”
ရွှီချင်းက အမှန်ကို ပြောသည်။
အားညိုက ကျောက်ရုပ်ဖြစ်သွားသည်။
ထိုအကြွင်းအကျန်များကို စိုက်ကြည့်နေရင်း သူ၏ ဦးရေပြားက စပ်ဖျင်းဖျင်း ခံစားမိသွားသည်။ အိမ်မက်ဆန်သော ခံစားမှုက ပြန်ပေါ်လာသည်။ သူက ဤတစ်ကြိမ်တွင် အသက်ပြင်းပြင်းရှူသွင်းလိုက်ရပြီး သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။
“ အစစ်… အစစ်အမှန်နတ်ဘုရား… ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
အားညိုက နှုတ်ဆိတ်သွားသည်။ သို့သော်လည်း မကြာမီ သူက တဟားဟား အော်ရယ်လိုက်သည်။ သူက မနာလိုမှုကို အတင်းအဓမ္မ ချိုးနှိမ်လိုက်ပြီး မထူးမခြားနား လေထုကို အတင်းအကျပ် ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာ သူက သူ့ဗိုက်ထဲမှ ဆာလောင်မှုကို ဖိနှိပ်ထားရင်း မထူးမခြားနား ပြောသည်။
“ ဟား ဟား… အစစ်အမှန်နတ်ဘုရားလေးလား… မင်းရဲ့ စီနီယာအကိုကြီးဆီမှာ အဲ့လိုအကောင်တွေ မရှားဘူး… ဟွမ်ကောင်းကင်ဘုံထဲမှာ အစစ်အမှန်နတ်ဘုရားတွေက နေရာတိုင်းမှာ တည်ရှိတယ်… အဲ့ဒီကောင်တွေကို အရမ်းစားခဲ့လွန်းလို့ အခုဆို အစစ်အမှန်နတ်ဘုရားတွေက ငါ့အတွက် အရသာမရှိတော့ဘူး ”
“ ပြီးတော့… စောစောက အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားအလောင်းကိုပဲ ငါပြောခဲ့တာက မင်းကို ထိတ်လန့်သွားအောင် မလုပ်ချင်လို့ပါ… အဲ့ဒါကြောင့် မင်းကို အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကိုပဲ ငါတောင်းခဲ့တာပါ ”
“ ငါမင်းကို တစ်ခုပြောပြမယ် ချင်းလေး… ဟွမ်ကောင်းကင်ဘုံမှာဆိုရင် နတ်ဘုရားတွေကတောင် ငါ့ကို ရိုရိုသေသေ ဆက်ဆံကြရတယ် ”
အားညိုက သူ့ကိုယ်သူ ကြွားလုံးထုတ်နေစဉ် ရွှီချင်းက ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်ပြီး အဝေးမှ ကြယ်တာရာကောင်းကင်ဆီသို့ လှည့်ကြည့်လိုက်သည်။
အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားစဉ် သူက ညာခြေထောက်ကို မြှောက်လိုက်ပြီး ဖနောင့်တစ်ချက် ပေါက်လိုက်သည်။
ထိုအခါ သူစိုက်ကြည့်နေသော ကြယ်တာရာကောင်းကင်က ချက်ချင်း ပြိုကွဲပျက်စီးသွားသည်။ ဧရာမအက်ကွဲကြောင်းများက လေဟာနယ်ကို ဆုတ်ဖြဲသွားစဉ် မုန်တိုင်းတစ်ခုက ဗလာနတ္ထိထဲမှ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ပျက်စီးသွားသော ဟင်းလင်းပြင်ထဲတွင် နတ်ဘုရားအဖွဲ့တစ်ဖွဲ့က ထွက်ပေါ်လာသည်။ ၎င်းတို့က ကျင့်ကြံသူစစ်တပ်များ၏ လိုက်ဖမ်းခံရခြင်းမှ ပုန်းရှောင်နေကြသော နတ်ဘုရားအကြွင်းအကျန်များ ဖြစ်ကြသည်။
သို့သော်လည်း ရွှီချင်း၏ စစ်ဆေးမှုအောက်တွင် ယခု ၎င်းတို့ဆီမှာ ပုန်းစရာနေရာ မရှိတော့ပေ။
ယခု ၎င်းတို့က ဖော်ထုတ်ခံလိုက်ရသောအခါ ထိုအဖွဲ့ထဲမှ အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးက ရွှီချင်းကို မြင်သွားသည့်အခိုက် အပြင်းအထန် တုန်လှုပ်သွားသည်။ ထို့နောက် ၎င်းတို့က တုံ့ဆိုင်းမနေဘဲ အရပ်မျက်နှာအသီးသီးဆီသို့ ထွက်ပြေးသွားကြသည်။ ၎င်းတို့ဆီမှာ တန်ပြန်တိုက်ခိုက်ရန်ဟူသော အတွေး လုံးဝမရှိပေ။
ရွှီချင်း၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူက ညာလက်ကို ရိုးရှင်းစွာ မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ဆင်းသက်လာသည်။ အကြွင်းမဲ့စွမ်းအားက ဟင်းလင်းပြင်ပေါ်မှ ကျဆင်းလာပြီး အရာအားလုံးကို လွှမ်းခြုံသွားသည်။
ကြယ်တာရာကောင်းကင်က ပရမ်းပတာ တုန်လှုပ်သွားသည်။
ထို့နောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုအကြွင်းအကျန်နတ်ဘုရားများက နောက်ထပ် မရှိကြတော့ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က အမြစ်ဖြတ်သုတ်သင်ခံလိုက်ကြရသည်။
ရွှီချင်း၏ လက်ရှိတိုက်ပွဲစွမ်းအားအရ အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများကို လက်တစ်ဖက် သူဝှေ့ယမ်းရုံဖြင့် အမြစ်ဖြတ်သုတ်သင်ပစ်နိုင်စွမ်း ရှိသည်။
သူ၏ ဘေးမှ အားညိုက ထိုမြင်ကွင်းကို မြင်သွားသောအခါ သူ၏ အသိစိတ်က တဝီဝီမြည်သွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ချောင်းဟန့်လိုက်သည်။
“ မဆိုးဘူး… မဆိုးဘူး… ချင်းလေး… မင်းက ဟွမ်ကောင်းကင်ဘုံက ငါ့ရဲ့ အဆင့်ကို လိုက်မှီဖို့ သိပ်မလိုတော့ဘူး ”
“ ဒါပေမဲ့ ချင်းလေး… မင်းတစ်ခု သိထားရမယ်… နတ်ဘုရားတွေကို ခြိမ်းခြောက်နိုင်တာက အရေးကြီးတယ်ဆိုပေမဲ့ ကျင့်ကြံသူတွေကြားမှာ အဆင့်အတန်းတစ်ခု တည်ဆောက်ဖို့က ပိုပြီးတော့ အရေးကြီးတယ်… အဲ့ဒါက မင်းရဲ့ စီနီယာအကိုကြီး ခက်ခက်ခဲခဲ ရလာခဲ့တဲ့ အသိပညာဗဟုသုတပဲ… အခု အဲ့ဒါကို ငါမင်းကို လွှဲပေးလိုက်မယ် ”
“ အခု မင်းလည်း အရွယ်ရောက်လာပြီဆိုတော့ ကိစ္စတချို့ကို ငါမင်းကို ပြောပြလို့ ရပြီ… ငါ့ရဲ့ အတိတ်ဘဝပေါင်းများစွာထဲက ဘဝတစ်ခုမှာ ငါက ကြယ်တာရာကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ ဦးညွတ်တာကို ခံခဲ့ရတယ်… ငါ့ရဲ့ သရုပ်အဆင့်အတန်းက ပြိုင်ဘက်ကင်းပဲ… ဒါပေမဲ့ အထွတ်အထိပ်မှာ အချိန်ကြာကြာ ရပ်နေတာက ငါ့အတွက် အထီးကျန်စရာကောင်းတယ် ”
အားညိုက ကြွားလုံးအသစ်ကို ဖန်တီးနေသည့်အချိန် အနီးနားမှ အထောက်အပံ့ကြယ်ဂြိုလ်မှ ကျင့်ကြံသူအုပ်စုတစ်စုက ဤနေရာသို့ အမြန်ချဉ်းကပ်လာနေကြသည်။
သူတို့က ရွှီချင်းကို မြင်တွေ့သွားသောအခါ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာဝင်းပသွားကြသည်။ ထို့နောက် သူတို့က အဝေးမှနေ၍ ရွှီချင်းကို လေးလေးနက်နက် အရိုအသေပေးလိုက်ကြသည်။
ရွှီချင်းက ရှက်ရွံ့မှုကို အနည်းငယ် ခံစားမိသွားသည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ ဘေးမှ အားညိုက ပါးစပ်အဟောင်းသားဖြစ်နေသောကြောင့် ဖြစ်သည်။
ထိုကျင့်ကြံသူအုပ်စုထဲမှာ အုပ်ချုပ်သူအများကြီး ပါရှိကြသည်။ ထို့ပြင် ခြေလှမ်းဝက်အင်မော်တယ်အနည်းငယ်သည်ပင် ပါရှိကြသည်။ ယင်းက အားညို၏ နှလုံးကို ပရမ်းပတာ တုန်လှုပ်သွားစေပြီး သူ၏ ချုပ်ထိန်းမှုကို အကန့်အသတ်သို့ရောက်အောင် တွန်းပို့နေသည်။
သို့သော်လည်း သူက စီနီယာအကိုကြီးဟူသော ဂုဏ်ပုဒ်ကို ပြန်တွေးမိသွားပြီး နောက်တစ်ကြိမ် ချောက်ကပ်ကပ် ရယ်မောလိုက်သည်။
ထို့နောက် သူစကားပြောတော့မည့်အခိုက်…
ကြယ်စင်စုတစ်ခုလုံး တုန်လှုပ်သွားသည်။ အလွန်ကြောက်စရာကောင်းသော နတ်ဘုရားစိတ်အာရုံက ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက နွေဦးအင်မော်တယ်တစ်ပါး၏ အစွမ်းထက် အဆပေါင်းများစွာ သာလွန်သည်။ ယင်းက ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းထဲမှ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။
ထိုနတ်ဘုရားစိတ်အာရုံ ဖြတ်သန်းသွားသည့်နေရာတိုင်း အမှတ်လေးကြယ်တာရာစက်ဝန်းက ယင်းကို တုံ့ပြန်သည့်အနေဖြင့် လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်သည်။
အထောက်အပံ့ကြယ်ဂြိုလ်များပေါ်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ရိုသေလေးစားစွာ ဒူးထောက်လိုက်ကြသည်။
အားညိုက ထိုနတ်ဘုရားစိတ်အာရုံကို အာရုံခံမိသွားသောအခါ သူ၏ နှလုံးက ထိန်းချုပ်မရအောင် တုန်လှုပ်သွားသည်။
အကယ်၍ ရွှီချင်း၏ ကျင့်ကြံခြင်းကို ရှိန်လောက်စရာကောင်းသည်ဟု သူခံစားမိသည်ဆိုလျှင် ထိုနတ်ဘုရားစိတ်အာရုံထံမှ အတွေးတစ်ချက်က ဟွမ်ကောင်းကင်ဘုံတစ်ခုလုံးကို ဖုန်မှုန့်ဖြစ်စေနိုင်သည်ဟု အားညို ခံစားမိသည်။
" အဲ့ဒါက... အဲ့ဒါက... "
အားညို ဘာမှမတုံ့ပြန်နိုင်မီ ထိုနတ်ဘုရားစိတ်အာရုံက ရောက်ရှိလာပြီး အင်မော်တယ်အရှင်သခင်မီမင်၏ အသံအဖြစ် ပြောင်းလဲသွားသည်။
“ ညီလေး… မင်းက နတ်သမီးတွေဆီကနေ စုပ်ယူရတာကို သဘောကျတယ်လို့ မင်းရဲ့ မရီးက ပြောတယ်… ဒါကြောင့် နတ်ဘုရားအရှင်သခင်မင်ဇီရဲ့ သမီးတော်ကို အကိုကြီး ဖမ်းလာခဲ့တယ်… သူ့ကို လက်ဆောင်တစ်ခုအဖြစ် သဘောထားလိုက်ပါ ”
သိမ်မွေ့သော အသံက ပဲ့တင်ထပ်သွားသည်နှင့် ချိပ်ပိတ်ခံထားရသော နတ်သမီးတစ်ပါးက ဟင်းလင်းပြင်ထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။
၎င်းက လူသားပုံသဏ္ဍာန်ရှိပြီး မြင့်မြတ်ထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ပြင် ၎င်း၏ နတ်ဘုရားအခြေခံက အစစ်အမှန်နတ်ဘုရားအဆင့်မှာ ဖြစ်သည်။ ယခု ၎င်းက ချိပ်ပိတ်ခံထားရပြီး လက်ဆောင်တစ်ခုထက် မပိုပေ။
ရွှီချင်း၏ အမူအရာက ထူးဆန်းသွားသည်။ သို့သော်လည်း သူက အသိအမှတ်ပြုသည့်သဘောဖြင့် လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
အားညို၏ အသိစိတ်က ဟာလာဟင်းလင်းဖြစ်သွားသည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
နတ်သမီးတစ်ပါးကို လက်ဆောင်ပေးတယ်လား…
ထိုစဉ် နတ်ဘုရားစိတ်အာရုံက တဟားဟား ရယ်လိုက်သည်။
“ စောစောက ပြောသွားတာတွေက အကိုကြီး မင်းကို နောက်နေတာပါ… ဒီနတ်သမီးရဲ့ မွေးရာပါနတ်ဘုရားစွမ်းရည်က ထူးခြားတယ်… သူက မင်းကို အာဏာစက်ဆင်ခြင်နားလည်ရာမှာ အထောက်အကူပေးလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် အင်မော်တယ်အရှင်သခင်မီမင်၏ နတ်ဘုရားစိတ်အာရုံက ပြန်ဆုတ်ခွာသွားသည်။ ဤနေရာသို့ သူရောက်လာသည့် တစ်ခုတည်းသော ရည်ရွယ်ချက်က နတ်သမီးကို လာပို့ဆောင်ပေးခြင်း ဖြစ်သည်။
အင်မော်တယ်အရှင်သခင်မီမင်က ထွက်ခွာသွားသော်လည်း အားညို၏ စိတ်ပိုင်းဆိုင်ရာခုခံကာကွယ်မှုက ဆက်တိုက် တိုက်ခိုက်ခံရပြီးနောက် လုံးဝ ပြိုကွဲပျက်စီးသွားသည်။ သူက စီနီယာအကိုကြီးဟူသော ဂုဏ်ပုဒ်ကို ဂရုမစိုက်တော့ပေ။ သူက ရွှီချင်းဆီသို့ လှည့်လိုက်ပြီး အံ့ဩသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ… ချင်းလေး… ဒီနေရာက ဘာလဲ… ဒီနေရာမှာ မင်းရဲ့ အဆင့်အတန်းက ဘာလဲ… စောစောက နတ်ဘုရားစိတ်အာရုံက ဘယ်သူလဲ… ပြီးတော့ သူပြောသွားတဲ့ ‘ အာဏာစက် ’ဆိုတာက ဘာလဲ ”
ရွှီချင်းက ပြုံးလိုက်သည်။ သူ့မှာ အားညိုကို ဖုံးကွယ်ထားစရာ မည်သည့်ကိစ္စမှ မရှိပေ။ သို့သော်လည်း အရာအားလုံးကို အသေးစိတ် ရှင်းပြမည်ဆိုလျှင် အချိန်အတော်ကြာလိမ့်မည်။ သို့ဖြစ်၍ သူက ညာလက်ကို မြှောက်လိုက်ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ သူရောက်လာပြီးနောက်ပိုင်း သူ၏ အတွေ့အကြုံအားလုံးကို မှတ်ဉာဏ်သင်္ကေတတစ်ခုအဖြစ် စုစည်းလိုက်သည်။ ထို့နောက် သူက ထိုမှတ်ဉာဏ်သင်္ကေတကို အားညို၏ နဖူးဆီသို့ ထည့်သွင်းပေးလိုက်သည်။
အားညိုက မခုခံပေ။ သူက မှတ်ဉာဏ်သင်္ကေတကို သူ၏ အသိစိတ်နှင့် ပေါင်းစပ်သွားစေသည်။
နောက်အခိုက်အတန့်မှာ ပမာဏများပြားသော သတင်းအချက်အလက်များက သူ၏ အသိစိတ်ထဲသို့ ဒီရေသဖွယ် စီးဝင်လာသည်။
သူက အရာအားလုံးကို မြင်သွားပြီး အရာအားလုံးကို နားလည်သွားသည်။ ထိုအခါ သူ၏ အမူအရာက စိတ်ရှုပ်ထွေးခြင်းမှ အံ့ဩမှုအဖြစ် ပြောင်းလဲသွားသည်။ ထိုမှတဖန် သူက ထိတ်လန့်ချောက်ချားသွားသည်။ မှတ်ဉာဏ်သင်္ကေတတစ်ခုလုံးကို သူစုပ်ယူပြီးသည့်နောက် သူက မယုံကြည်နိုင်စွာ တီးတိုးရေရွတ်လိုက်သည်။
“ ဒီနေရာကို ပထမဆုံး ငါရောက်လာပြီးတဲ့နောက် တွေ့ခဲ့ရတဲ့ ရတနာတွေက… မင်းမလိုချင်လို့ ချန်ထားခဲ့တဲ့ဟာတွေလား ”
အားညို၏ နှလုံးသားက ရုတ်တရက် တင်းကျပ်သွားသည်။
“ တကယ်လို့ အတိတ်မှာသာ ငါမင်းနဲ့ အတူလိုက်ခဲ့မယ်ဆိုရင် အခုဆို ငါလည်းပဲ နွေဦးအင်မော်တယ်တစ်ပါး ဖြစ်နေလောက်ပြီ ”
“ ယီးပဲ… ဘာလို့ ငါလမ်းမှားကို ရွေးခဲ့မိတာလဲ ”
အားညိုက စိတ်ပျက်အားလျော့စွာ အော်ဟစ်လိုက်သည်။ သူက ဤဘဝ၏ အကြီးမားဆုံး အခွင့်အရေးကို လက်လွှတ်လိုက်ရသည်ဟု ခံစားမိသွားသည်။ အထူးသဖြင့် ဟွမ်ကောင်းကင်ဘုံထဲမှာ သူက မည်မျှပင်ပန်းဆင်းရဲခဲ့ပြီး ရုန်းကန်ခဲ့ရကြောင်း ပြန်စဉ်းစားမိသွားသောအခါ ဖြစ်သည်။ မမျှတသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ရွှီချင်းက တုံ့ဆိုင်းသွားပြီး သူ၏ စီနီယာအကိုကြီးကို နှစ်သိမ့်ပေးရန် ပြင်လိုက်သည်။
သို့သော်လည်း အားညို၏ မျက်လုံးက သွေးရောင်ပြောင်းလဲသွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို စူးစိုက်ကြည့်လိုက်သည့်အခါ ထူးဆန်းသော စိတ်ဓာတ်ပြတ်သားမှုက သူ၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ မရဘူး… ဒီနေရာကနေ ရတနာအကြီးကြီးတစ်ခုကို ငါဆွဲထုတ်ရမယ် ”
“ အဲ့ဒါမှ ငါဆုံးရှုံးသွားတဲ့အရာကို ကာမိမယ် ”
သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက ရွှီချင်း၏ အရှေ့မှာတင် သူ၏ ခန္ဓာကိုယ်ထဲမှ ချိပ်တံဆိပ်တစ်ခုကို ဖြေလွှတ်လိုက်သည်။ ထိုအခါ သူ၏ ကျင့်ကြံခြင်းအခြေခံက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ စိတ်အာရုံက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးကျယ်ပြောသွားသည်။
နောက်အခိုက်အတန့်မှာ သူက ရတနာသိုက်ရှိနိုင်သော နေရာအားလုံးကို စစ်ဆေးရှာဖွေလိုက်သည်။
နောက်ဆုံးမှာတော့ အားညို၏ အကြည့်က ဦးတည်ရာတစ်ခုဆီသို့ ကျရောက်သွားပြီး သူ၏ အပြုံးက ချောက်ချားဖွယ်ကောင်းလာသည်။
ယင်းက ရွှီချင်းကို အံ့ဩသွားစေသည်။
“ ချင်းလေး… ငါနဲ့လိုက်ခဲ့ပါ… မင်းရဲ့ စီနီယာအကိုကြီးက မင်းကို ကြီးမားတဲ့ စွန့်စားခန်းအတွက် ခေါ်ဆောင်သွားပေးမယ် ”