အားညို၏ ရတနာကြီး
Vol. 116 Ch. 1775
အားညိုက နှုတ်ခမ်းသပ်လိုက်သည့်အခါ ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ထိတ်လန့်ဖွယ်ကောင်းစွာ အသွင်ပြောင်းလဲသွားသည်။
အစက တစ်စိတ်တစ်ပိုင်းသာ ပြန်ကောင်းမွန်နေသော သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက ယခု အလွန်မြန်ဆန်စွာ ကြီးထွားလာနေသည်။
အသက်ရှူချိန်ဒါဇင်ခန့်အတွင်းမှာ အားညို၏ ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းမွန်သွားသည်။
သူ၏ ခန္ဓာကိုယ်အသစ်မှ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် အစောပိုင်းအဆင့် အုပ်ချုပ်သူမဟုတ်တော့ပေ။ ယင်းအစား အလယ်အလတ်အဆင့် အုပ်ချုပ်သူ ဖြစ်သည်။
စီနီယာအကိုကြီး၏ ထိုသို့ပုံစံကို ရွှီချင်း မမြင်ခဲ့ရသည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်၏။၊ သို့ဖြစ်၍ ယခု ယင်းကို သူပြန်မြင်လိုက်ရသောအခါ အတိတ်မှ မှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။
‘ စီနီယာအကိုကြီးရဲ့ ကျင့်ကြံခြင်းက ရိုးရာလေ့ကျင့်မှုတွေအပေါ်မှာ ဘယ်တော့မှ အားမကိုးဘူး… အဲ့ဒီအစား သူ့ရဲ့ ကိုယ်ထဲက ချိပ်တံဆိပ်တွေကို တစ်ခုပြီးတစ်ခု ဖြေလျော့တာနဲ့ ဆက်စပ်နေတယ် ’
‘ ဒါပေမဲ့ ချိပ်တံဆိပ်တစ်ခုကို ဖြေလျော့တဲ့အခါတိုင်း တန်ဖိုးတစ်ခုကို ပေးဆပ်ရတယ်… သူပိုပြီးအဆင့်မြင့်လာလေ တန်ဖိုးက ပိုပြီးကြီးမားလာလေ ဖြစ်တယ်… ’
ရွှီချင်းက တွေးတောနေစဉ် အားညို၏ ခန္ဓာကိုယ်အသစ်က အေးစက်စက်အရှိန်အဝါကို အရပ်မျက်နှာအသီးသီးဆီသို့ ထုတ်လွှတ်လိုက်သည်။ အပြာရောင်အလင်းက သူ၏ အရေပြားပေါ်မှာ လင်းလက်သွားစဉ် သူ၏ ကိုယ်တွင်းထဲမှ တခြားခန္ဓာကိုယ်ကို ရွှီချင်း မြင်တွေ့သွားသည်။
ထိုခန္ဓာကိုယ်ကို အပြာရောင်ရေခဲဖြင့် ဖွဲ့စည်းထားပြီး ၎င်းက အလွန်ရှေးကျကာ ရက်စက်ကြမ်းကြုတ်သည်။ ၎င်း၏ ချောက်ချားဖွယ်ကောင်းသော အသွင်သဏ္ဍာန်က ရွှီချင်းအား ရှေးခေတ်မိခင်ဂြိုလ်ပေါ်မှ မူလအပြစ်သားများကို ပြန်အမှတ်ရသွားစေသည်။
ပုန်းကွယ်နေသော ထိုခန္ဓာကိုယ်ကို စိုက်ကြည့်နေရင်း ရွှီချင်းက သူ့စီနီယာအကိုကြီး၏ ဇစ်မြစ်ကို တွေးတောလိုက်သည်။
' ဒါပေမဲ့ စီနီယာအကိုကြီးက မူလအပြစ်သားနဲ့ ကွာခြားတယ်… သူက ဘဝပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့ပြီး သေဆုံးသွားတဲ့အခါတိုင်း ပုံစံအသစ်နဲ့ ပြန်မွေးဖွားလာတယ် ’
‘ အဲ့ဒီအချက်က… နတ်ဘုရားနဲ့ ဆင်တူတယ် ’
သူ၏ မြင့်မားသော ကျင့်ကြံခြင်းအခြေခံကြောင့် ရွှီချင်းက ယခင်ကထက် ပိုမိုများပြားသော သဲလွန်စများကို မြင်တွေ့လာသည်။
သို့တိုင် အားညို၏ လျှို့ဝှက်ဆန်းကြယ်မှုက မြူခိုးထဲမှာ ဆက်လက် ရှိနေဆဲပင်။
‘ ဝမ်ကူးကုန်းမြေဆီ ငါပြန်ရောက်တဲ့အခါ အားလုံးက အဖြေပေါ်လာလိမ့်မယ် ’
ရွှီချင်းက တွေးတောနေစဉ် အားညိုက ကြီးမားသော စွမ်းအားနှင့်အတူ ပိုပြီးရူးသွပ်သွားသည်။
“ ငါပြောတာကို နားထောင်ပါ ချင်းလေး ”
အားညိုက စကားပြောနေရင်း မျက်လုံးတောက်ပလာသည်။
“ အဲ့ဒီဦးတည်ရာဘက်မှာ အထွတ်အမြတ်ရတနာတစ်ခု ရှိတယ်လို့ ငါခံစားမိတယ် ”
“ အဲ့ဒါက ငါ့ကို လှမ်းခေါ်နေတဲ့ ကံကြမ္မာပဲ… အဲ့ဒါက ကံတရားက ပေးလာတဲ့ အခွင့်အရေးပဲ… အဲ့ဒီရတနာက ငါ့ကို စောင့်နေတယ်ဆိုတာ ငါသေချာတယ် ”
“ အဲ့ဒီရတနာက ငါ့ကို နောက်ထပ် ချိပ်တံဆိပ်အများကြီးကို ဖြေလျော့ပေးလိမ့်မယ် ”
“ အဲ့ဒါကို ငါရသွားတာနဲ့ ချင်းလေး… အပြင်လူတွေကို မင်းအတွက် နတ်သမီးတွေကို လိုက်ဖမ်းခိုင်းစရာ မလိုတော့ဘူး… မင်းရဲ့ စီနီယာအကိုကြီးက နတ်သမီးတွေကို ကိုယ်တိုင်ဖမ်းပေးမယ် ”
“ တကယ်လို့ မင်းက နတ်ဘုရားသားတော်တွေကို သဘောကျတယ်ဆိုရင်လည်း သူတို့ကို ငါဖမ်းပေးမယ် ”
အားညိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
သူဂရုအစိုက်ဆုံးအရာက စီနီယာအကိုကြီးဟူသော ဂုဏ်သိက္ခာ ဖြစ်သည်။
ထိုဂုဏ်သိက္ခာက အချက်နှစ်ချက်ဖြင့် ယှဉ်တွဲနေသည်။ ပထမတစ်ချက်က သူ့ဂျူနီယာညီလေး၏ ကျော်တတ်ခြင်းမခံရရန် ဖြစ်သည်။ ဒုတိယတစ်ချက်က ချင်းလေးကို အလိုလိုက်ဆုံးလူက သူသာလျှင် ဖြစ်ရမည်။
ထိုနှစ်ချက်က သူလက်မခံနိုင်ဆုံးအရာများ ဖြစ်သည်။
" သွားကြစို့ "
ထိုသို့ပြောပြီးနောက် အားညိုက ဥက္ကာပျံတစ်စင်းပမာ အရှေ့သို့ ပျံသန်းသွားသည်။
ရွှီချင်းက ပြုံးလိုက်ပြီး အနောက်မှ လိုက်သွားသည်။
အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ အင်မော်တယ်ဘုရင်က အထွတ်အမြတ် ဩဇာအာဏာကို သိမ်းပိုက်ထားပြီး အင်မော်တယ်အရှင်သခင်အားလုံးက ဤနေရာမှာ တည်ရှိနေကြောင်း ရွှီချင်း သိထားသည်။ သို့ဖြစ်၍ နတ်ဘုရင်ထွက်သွားသော နေရာမှလွဲလျှင် ကျန်သည့်နေရာများမှာ ကြီးမားသော အန္တရာယ်များ မရှိတော့ပေ။ တားမြစ်ဇုန်များထဲမှာလည်း လျှို့ဝှက်ဆန်းကြယ်မှုများက နောက်ထပ် မရှိကြတော့ပေ။
ထို့ပြင် ‘ တားမြစ်ဇုန်များ ’အပေါ် ရွှီချင်း၏ နားလည်သဘောပေါက်မှုသည် သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် အတွေ့အကြုံများပေါ်မူတည်၍ နောက်ပိုင်းမှာ ပြောင်းလဲသွားခဲ့သည်။
‘ တားမြစ်ဇုန်ဆိုတာက လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပြီး ရှေးခေတ်ကတည်းက တည်ရှိနေခဲ့တာ ဖြစ်တယ်… ဒါပေမဲ့ တကယ်လို့ တားမြစ်ဇုန်က နယ်မြေကျူးကျော်ခြင်းမရှိဘဲ ပြင်ပလောကနဲ့ အတူယှဉ်တွဲ တည်ရှိနေမယ်ဆိုရင် တားမြစ်ဇုန်ရဲ့ အန္တရာယ်က အပြန်အလှန် သက်ရောက်နေလိမ့်မယ် ’
‘ ပြင်ပလောကအတွက် တားမြစ်ဇုန်က သေခြင်းနယ်မြေဆိုရင် တားမြစ်ဇုန်အတွက်လည်း ပြင်ပလောကက သေခြင်းနယ်မြေ ဖြစ်တယ် ’
‘ မဟုတ်ရဲ့ တားမြစ်ဇုန်ရဲ့ နယ်နိမိတ်က ကန့်သတ်ခံထားရမှာ မဟုတ်ဘူး ’
‘ ဒါပေါ့… ချွင်းချက်တွေ ရှိတယ်… ဥပမာ ဝမ်ကူးကုန်းမြေ… ဒါပေမဲ့ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ အဲ့ဒီလိုတားမြစ်ဇုန်မျိုး မရှိလောက်ဘူး ’
‘ ပြီးတော့ စီနီယာအကိုကြီးက သွားချင်နေမှတော့ တစ်ချက်လောက် သွားကြည့်သင့်တယ် ’
သူတို့နှစ်ယောက် ရွေ့လျားသွားနေစဉ် ရွှီချင်း၏ အကြည့်က သူ၏ အရှေ့မှ ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
လအနည်းငယ်က မသိလိုက်မသိဘာသာ ကုန်လွန်သွားသည်။
သူတို့၏ ဦးတည်ရာက အလွန်မဝေးသော်လည်း အမှတ်လေးကြယ်တာရာစက်ဝန်း၏ ရှုပ်ထွေးသော ဖွဲ့စည်းတည်ဆောက်ပုံကြောင့် သူတို့၏ ခရီးစဉ်က မျှော်လင့်ထားသည်ထက် ပိုကြာရှည်သွားသည်။
သူတို့က အထောက်အပံ့ကြယ်ဂြိုလ်များပေါ်မှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို ဖြတ်လမ်းအနေနှင့် အသုံးပြုခဲ့သည့်တိုင် သူတို့၏ ပန်းတိုင်သို့ ရောက်ရန် လေးလကြာမြင့်သွားခဲ့သည်။
သူတို့၏ ပန်းတိုင်က လေဟာနယ်အနက်ပိုင်းထဲတွင် အာကာသဟင်းလင်းပြင်ကို ဆုတ်ဖြဲထားသော ဧရာမအက်ကွဲကြောင်းတစ်ခု ဖြစ်သည်။
ယင်းက ကောင်းကင်ဘုံအထိ ဆန့်တန်းနေသော အမှတ်အသားတစ်ခုနှင့် ဆင်တူပြီး အဆုံးအစမဲ့စွာ ရှည်လျားသည်။ ယင်း၏ အလျားထဲမှာ စကြာဝဠာအများအပြား ဝင်လှည့်ပတ်နေရန် လုံလောက်သည်။
အက်ကွဲကြောင်းထဲတွင် အလွန်သိပ်သည်းသော မြူခိုးက ဝဲကတော့သဖွယ် လှည့်ပတ်နေသည်။
ဝဲကတော့၏ အပြင်ဘက်တွင် အနီရောင်ဖုန်များက ရောင်ခြည်စက်ဝန်းတစ်ခုပမာ လှည့်ပတ်နေကြသည်။
ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်း၏ မဟာတားမြစ်နယ်မြေလေးခုအနက် တစ်ခုဖြစ်သည်။
ရှေးခေတ်ကာလကတည်းက ထိုတားမြစ်နယ်မြေထဲသို့ ဝင်ရောက်သွားပြီး အသက်ရှင်လျက် ပြန်ထွက်နိုင်ခဲ့သူများက အနည်းစုသာ ရှိကြသည်။
ထို့ပြင် ဤနေရာမှာ သေဆုံးသွားကြသော နတ်ဘုရားများသည် မည်သည့်အခါမှ ပြန်မရှင်သန်လာကြချေ။
အက်ကွဲကြောင်းကို စိုက်ကြည့်နေစဉ် အားညို၏ ရူးသွပ်မှုက ပိုပြီးအားကောင်းလာသည်။
ဤလေးလအတွင်းမှာ သူက ရွှီချင်း၏ အံ့ဖွယ်ကောင်းသော သရုပ်အဆင့်အတန်းကို ပိုပြီးကောင်းမွန်စွာ နားလည်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ဖြတ်သန်းသွားခဲ့သော အထောက်အပံ့ကြယ်ဂြိုလ်များပေါ်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရွှီချင်းကို မြင်သွားသည့်အခါ အရိုအသေပေးကြလေ့ ရှိသည်။
ထို့ပြင် နတ်ဘုရားများနှင့် အင်မော်တယ်များကြားမှ တိုက်ပွဲများက သူ့အား အံ့ဩမင်သက်စေခဲ့သည်။
ထိုမျှသာ မကပေ။ ရွှီချင်း၏ သိုလှောင်အိတ်ထဲမှာလည်း နောက်ထပ် နတ်သမီးနှစ်ပါး ထပ်တိုးလာခဲ့သည်။ အင်မော်တယ်အရှင်သခင်မီမင်က ဤအတောအတွင်းမှာ ရွှီချင်းကို နောက်ထပ် နတ်သမီးနှစ်ပါး လာပို့ဆောင်သွားခဲ့သည်။
ထိုကိစ္စတိုင်းက အားညို၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားနေသည်။
တစ်ချိန်တည်းမှာ ယင်းတို့က သူ့အား ကိစ္စအကြီးကြီးတစ်ခုကို လုပ်ဆောင်ရန် တွန်းအားဖြစ်စေသည်။
ယခု သူက အက်ကွဲကြောင်းကို စိုက်ကြည့်နေရင်း အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။
“ အဲ့ဒီနေရာပဲ ”
“ ချင်းလေး… အဲ့ဒီမှာ ရတနာတစ်ခုရှိတယ်လို့ ငါအာရုံခံမိတယ်… ရတနာက အကြီးကြီး ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူ၏ အမြင်အာရုံက အနီရောင်ဖုန်ကို ဖောက်ထွင်းသွားပြီး အက်ကွဲကြောင်း၏ အနက်ပိုင်းထဲသို့ စူးစမ်းလေ့လာလိုက်သည်။
သူက ယဇ်ပလ္လင်တစ်ခုကို ဝေဝေဝါးဝါး မြင်တွေ့သွားသည်။
ထိုယဇ်ပလ္လင်ကို မြင်တွေ့သွားသောအခါ ဤအတောအတွင်း အမှတ်လေးကြယ်တာရာစက်ဝန်း၏ တားမြစ်နယ်မြေများနှင့်ပတ်သက်ပြီး သူစုဆောင်းထားခဲ့သော သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
‘ ဒီနေရာက အရင်နတ်ဘုရင်ဟောင်းကို ချိပ်ပိတ်ထားတဲ့ အကျဉ်းထောင်ပဲ ’
‘ အရင်နတ်ဘုရင်ဟောင်းက အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ လက်ရှိနတ်ဘုရင်နန်းခကြောင့် ဒီနေရာမှာ ထာဝရ ချိပ်ပိတ်ခံထားရတယ် ’
‘ ပြီးတော့ သူက အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ စည်းမျဉ်းအသစ်တွေကနေ ဖယ်ထုတ်ခံထားရတယ်… ဒါ့အပြင် သူမလွတ်မြောက်နိုင်အောင် ကံကြမ္မာနတ်ဘုရားအစွမ်းနဲ့လည်း ချုပ်နှောင်ထားသေးတယ် ’
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ ထိုအကြောင်းအရာက အကြမ်းဖျဉ်းမျှသာဖြစ်ပြီး အသေးစိတ် မဟုတ်ပေ။
ပုံမှန်ဆိုလျှင် ထိုသို့နေရာမျိုးကို သူရှောင်ရှားလိမ့်မည်။ သို့သော်လည်း ယခုတော့…
သူက အားညိုကို ကြည့်လိုက်သည်။
‘ ဒါ့အပြင် အမှတ်လေးကြယ်တာရာစက်ဝန်းဆီ ငါရောက်လာတာက နာကျင်မှုနတ်ဘုရားရဲ့ ပုံရိပ်ယောင်ကို ခြေရာကောက်ဖို့ ဖြစ်တယ် ’
‘ နာကျင်မှုနတ်ဘုရားရဲ့ ပုံရိပ်ယောင်ထဲမှာ ဒီနေရာမပါဘူးဆိုပေမဲ့… ဘာအရာမဆို ဖြစ်နိုင်ခြေရှိတယ် ’
ထိုသို့တွေးမိသောအခါ ရွှီချင်းက ရုတ်တရက် လက်မြှောက်လိုက်ပြီး အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။
လောကဖျက်ဆီးပစ်နိုင်သော အင်အားက သူ၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာပြီး သူ့အရှေ့မှ ဟင်းလင်းပြင်ကို တိုက်ခိုက်လိုက်သည်။
ထိုအခါ ကြယ်တာရာကောင်းကင်က ကြေးမုံသဖွယ် အလွယ်တကူ အက်ကွဲသွားသည်။
ကောင်းကင်က အပိုင်းပိုင်းအစစ အက်ကွဲသွားသည့်အခါ အက်ကွဲကြောင်းကို ဝန်းရံထားသော အနီရောင်မြူခိုးက အရပ်ရှစ်မျက်နှာဆီသို့ ပြန့်ကျဲသွားသည်။
ထို့နောက် ရွှီချင်းက လက်မြှောက်လိုက်သည်။ အက်ကွဲသွားသော လေဟာနယ်အပိုင်းအစများက အကောင်းတိုင်း ပြန်စုဝေးသွားနေစဉ် အထဲမှ မြူခိုးက အတင်းအကျပ် ဖယ်ရှားခံလိုက်ရသည်။ နောက်အခိုက်အတန့်မှာ အက်ကွဲကြောင်း၏ အနက်ပိုင်းထဲသို့ ဆန့်တန်းသွားသည့် လမ်းကြောင်းရှည်တစ်ခု ထွက်ပေါ်လာသည်။
“ စီနီယာအကိုကြီး… အခု ငါတို့ အထဲဝင်လို့ ရပြီ ”
ရွှီချင်းက တည်ကြည်လေးနက်စွာ ပြောသည်။
“ ဒါပေမဲ့… အထဲမှာ အန္တရာယ်များတယ် ”
အားညိုက အသစ်ဖွဲ့စည်းသွားသော လမ်းကြောင်းရှည်ကို စိုက်ကြည့်လိုက်ပြီး စောစောက ရွှီချင်းက ကြယ်တာရာကောင်းကင်ကို မည်သို့အလွယ်တကူ ဖျက်ဆီးလိုက်ပြီး အသစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သူစဉ်းစားမိသွားသောအခါ ခွန်အားကင်းမဲ့မှုကို ခံစားမိသွားသည်။
ထို့ကြောင့် သူ၏ ခွန်အားဆာလောင်မှုက ယခင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းလာသည်။
သို့ဖြစ်၍ သူက အရှေ့သို့ ပျံသန်းသွားသည်။ သို့သော်လည်း သူက အရှေ့မှ ဦးဆောင်မသွားပေ။ ယင်းအစား သူက ရွှီချင်း၏ ဘေးမှ ကပ်လိုက်သွားသည်။
“ မင်းအရင်ဝင်ပါ ”
အားညိုက တိုးညင်းစွာ ပြောသည်။
သူက ငတုံးမဟုတ်ပေ။ အကယ်၍ ရွှီချင်းက ဤနေရာကို အန္တရာယ်ရှိသည်ဟုပြောလျှင် ယင်းက သူ့အတွက် သေခြင်းနယ်မြေနှင့် မခြားပေ။
သူက သေရမည်ကို မကြောက်ပေ။ သို့သော်လည်း အစားအစာဆီ သူမရောက်ခင် လမ်းတစ်ဝက်မှာ သေသွားခြင်းထက် ဗိုက်ပြည့်အောင် စားပြီးမှ သေသွားခြင်းကို သူပိုပြီးနှစ်သက်သည်။
သို့ဖြစ်၍ တစ်ခါတစ်ရံမှာ ဂုဏ်သိက္ခာကို ဘေးချိတ်သင့် ချိတ်ထားရမည်။ ထို့ပြင် တစ်ဖက်လူက အပြင်လူမဟုတ်ပေ။ သူ၏ ဂျူနီယာညီလေး ဖြစ်သည်။
ထိုအတွေးက သူ၏ စိတ်အခြေအနေကို ယခင်ကထက် ပိုပြီးကောင်းမွန်စေသည်။
ရွှီချင်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး လမ်းကြောင်းပေါ်သို့ ခြေချလိုက်သည်။ ထို့နောက် သူက အက်ကွဲကြောင်းထဲသို့ တန်းမတ်စွာ လျှောက်သွားသည်။
အားညိုက အရိပ်တစ်ခုသဖွယ် သူ့အနောက်မှ ကပ်လိုက်သွားသည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်က အက်ကွဲကြောင်းထဲသို့ လျှောက်သွားကြသည်။ နောက်ရက်များတွင် အတားအဆီးတချို့က သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသော်လည်း ရွှီချင်း၏ ကျင့်ကြံခြင်းစွမ်းအားကြောင့် သူတို့၏ ခရီးစဉ်က အဆင်ပြေချောမွေ့ခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် သူတို့က အနီရောင်မြူခိုးကို ဖြတ်ကျော်သွားပြီး အက်ကွဲကြောင်း၏ အတွင်းပိုင်းထဲမှ လောကကို မြင်တွေ့သွားကြသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။
ထိုလောကထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားအရိုးများဖြင့် ဖွဲ့စည်းထားသည့် ယဇ်ပလ္လင်တစ်ခု ရှိသည်။
စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပိုးကောင်များက နတ်ဘုရားအရိုးများထဲမှာ လူးလွန့်လှုပ်ရှားနေကြသည်။
ယဇ်ပလ္လင်ပေါ်တွင် အရွယ်အစား အလွန်ကြီးမားသော ကြေးနီရောင်ခေါင်းတလားတစ်ခု ရှိသည်။ မရေမတွက်နိုင်သော နတ်ဘုရားသံကြိုးများက ယဇ်ပလ္လင်၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်ထဲမှ ဆန့်တန်းထွက်နေကြပြီး ခေါင်းတလားကို အလွှာအထပ်ထပ် ချုပ်နှောင်ထားကြသည်။
ကြီးကျယ်မြင့်မြတ်သော ရှေးဟောင်းအရှိန်အဝါနှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ကြေးနီရောင်ခေါင်းတလားနှင့် နတ်ဘုရားသံကြိုးများထံမှ ထွက်ပေါ်နေသည်။ ဤသည်မှာ အထဲဝင်လာသူတိုင်းက သေဆုံးရလိမ့်မည်ဟု ယင်းတို့က သတိပေးနေသည့်အလားပင်။
သို့သော်လည်း ဤနေရာမှာ ခေါင်းတလားတစ်ခုတည်းက ရွှီချင်း၏ စိတ်အာရုံကို ဖမ်းစားသွားခဲ့ခြင်း မဟုတ်ပေ။ တခြားဦးတည်ရာဘက်တွင် နတ်ဘုရားအလောင်းတစ်လောင်းက လဲလျောင်းနေသည်။
နတ်ဘုရားအလောင်းက ခန္ဓာကိုယ်အပေါ်ပိုင်းသာလျှင် အကောင်းတိုင်း ကျန်ရှိတော့သည်။
ထိုနတ်ဘုရားအလောင်းကို မြင်သွားသည့်အခိုက် ရွှီချင်း၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။
၎င်းကို ယခင်က သူမြင်ဖူးသည်။
“ နတ်ဧကရာဇ်ချီအူဇီ ”
စစ်မြေပြင်မှ သတင်းတင်ပြမှုများအရ နတ်ဧကရာဇ်ချီအူဇီသည် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးနောက် ၎င်း၏ မွေးရာပါနတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ထွက်ပြေးသွားခဲ့သည်။ သို့သော်လည်း ၎င်းက မည်သည့်နေရာသို့ ထွက်ပြေးသွားခဲ့ကြောင်း မည်သူမှ မသိကြချေ။
သို့သော်လည်း ယခု ၎င်းက ဤနေရာမှာ သေဆုံးနေသည်။
ရွှီချင်းက အံ့ဩထိတ်လန့်မှုကြောင့် ဆွံ့အနေစဉ် သူ့ဘေးမှ အားညိုက မြူခိုးဆီသို့ စိတ်လှုပ်ရှားစွာ လက်ညှိုးညွှန်လိုက်ပြီး ပြောသည်။
“ ချင်းလေး… အဲ့ဒီနေရာကို ကောင်းကောင်း ငါမမြင်ရဘူးဆိုပေမဲ့ အဲ့ဒီမှာ ရတနာတစ်ခုရှိတာကို ငါအာရုံခံမိတယ်… အဲ့ဒါက ဘာလဲ ”
ရွှီချင်းက တုံ့ဆိုင်းသွားသည်။ အားညိုလက်ညှိုးထိုးပြနေသည်မှာ နတ်ဘုရားအလောင်း ဖြစ်သည်။
“ ဘာလဲ မြန်မြန်ပြောစမ်းပါ ”
အားညိုက ဆန္ဒစောလာသည်။
“ အဲ့ဒါက… နတ်ဘုရားတစ်ပါးရဲ့ အလောင်းပါ ”
ရွှီချင်းက အမှန်တိုင်း ပြောလိုက်သည်။
အားညိုက မျက်နှာညှိုးမှိုင်သွားသည်။
“ အလောင်းတစ်ခုပဲလား… အဲ့ဒီနတ်ဘုရားက ဘယ်အဆင့်မှာလဲ ”
“ နတ်ဘုရားအရှင်သခင် ”
ရွှီချင်းက သက်ပြင်းချလိုက်ပြီး နူးညံ့စွာ ပြောသည်။
ထိုစကားက ရွှီချင်း၏ နှုတ်ဖျားမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ဘေးမှ အားညိုက ဝှစ်ခနဲ ပျောက်ကွယ်သွားသည်။ သူက အရူးတစ်ယောက်သဖွယ် မြူခိုးဆီသို့ တန်းမတ်စွာ ပြေးသွားသည်။
ဤအခိုက်အတန့်မှာ သူက မည်သည့်အရာကိုမှ မစဉ်းစားနိုင်တော့ပေ။ သူက လုံးဝ ရူးသွပ်သွားသည်။