ခေါင်းတလားထဲမှာ လှဲနေတာတောင် ကပ်ဘေးက အိမ်တံခါးကို လာခေါက်နေတယ်
Vol. 116 Ch. 1776
အားညိုက ရူးသွပ်သွားသည်။
သူ့အတွက်တော့ ရွှီချင်း၏ စကားက အရာအားလုံးထက် ပိုပြီးသွေးဆောင်ဖွယ်ကောင်းသည်။ ယင်းက ရှေးဦးအပျက်အစီးထံမှ အသွေးအသားကို လုယက်ခြင်းပြီးနောက် ဒုတိယအကြီးမားဆုံးကိစ္စ ဖြစ်သည်။
အတိတ်မှာ သူက နတ်ဘုရားလောကတစ်ခုထဲတွင် စူးစမ်းရှာဖွေခဲ့သော်လည်း နတ်ဘုရားအကြွင်းအကျန်တချို့ကိုသာ လုယက်နိုင်ခဲ့သည်။ သို့သော်လည်း ယခု သူ၏ အရှေ့တွင် နတ်ဘုရားအရှင်သခင်တစ်ပါး၏ အလောင်းတစ်ပိုင်းက ရှိနေသည်။
အထူးသဖြင့် ရွှီချင်းမှ ပေးသော ဖိအားအောက်မှာ ထိုနတ်ဘုရားအလောင်းက အားညို၏ အစွန်းရောက်လိုချင်တပ်မက်မှု ဖြစ်လာသည်။
‘ ရှေးဦးအပျက်အစီးရဲ့ အသွေးအသားက အစာချေဖျက်ဖို့ တစ်သက်လုံး အချိန်ယူရလိမ့်မယ်… အဲ့ဒါကို နည်းနည်းချင်းစီပဲ ငါလျက်နိုင်တယ်… တကယ်လို့ အများကြီး ငါစားမိမယ်ဆိုရင် ငါ့ခန္ဓာကိုယ်က ချက်ချင်း ပေါက်ကွဲသွားလိမ့်မယ် ’
‘ ဒါပေမဲ့ ဒီဟာက နတ်ဘုရားအရှင်သခင်တစ်ပါးရဲ့ အလောင်းပဲ… အဲ့ဒါက အစာချေဖျက်ဖို့ ခက်ခဲတယ်ဆိုရင်တောင် ရှေးဦးအပျက်အစီးရဲ့ အသွေးအသားထက် အများကြီး ပိုလွယ်ကူလိမ့်မယ် ’
‘ ပြီးတော့ ချင်းလေး ငါ့ကို ပေးထားတဲ့ အစစ်အမှန်နတ်ဘုရားတွေရဲ့ အကြွင်းအကျန်တွေနဲ့ဆိုရင် ငါ့မှာ နတ်ဘုရားတစ်ပါးအပြည့်အစုံ ရှိသွားလိမ့်မယ် ’
‘ နောက်ဆုံးတော့ ကံကြမ္မာကောင်းက ငါ့ဆီ ပြန်ရောက်လာပြီ ’
သူ၏ မျက်လုံးက နီရဲနေပြီး သူ၏ ဆာလောင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက ငတ်ပြတ်နေသော ခွေးရူးတစ်ကောင်နှယ် မြူခိုးထဲမှ သူ၏ အစားအစာဆီသို့ အမြန်ပြေးသွားသည်။
ဤအခိုက်အတန့်မှာ မည်သည့်အရာကမှ သူ့အတွက် အရေးမပါတော့ပေ။
အစားအစာသည်သာ သူ့အတွက် အရာရာဖြစ်သည်။
‘ ငါ့ရဲ့ ရတနာလေး… မင်းဆီ ငါလာနေပြီ ’
အားညိုက အရှေ့သို့ ပြေးထွက်သွားသည်နှင့်ချက်ချင်း ခေါင်းတလားကို ချည်နှောင်ထားသော မရေမတွက်နိုင်သည့် နတ်ဘုရားသံကြိုးများက အပြင်းအထန် တုန်ယင်သွားကြသည်။
သံကြိုးများပေါ်မှ မှော်သင်္ကေတများက ထွန်းလင်းတောက်ပလာပြီး အံ့ဖွယ်ကောင်းသော အစွမ်းကို ထုတ်လွှတ်လိုက်သည်။ သို့တိုင် ထူးဆန်းသည်မှာ ထိုစွမ်းအားက သံကြိုးများထဲမှာသာ ဆက်လက် ရှိနေသည်။ ဤသည်မှာ ယင်းတို့က အပြင်လူများကို သတိပေးနေသည့်အလားပင်။
‘ ဘာကိုမှ မထိနဲ့… မဟုတ်ရင် အန္တရာယ်ရှိလိမ့်မယ် ’
သို့သော်လည်း အားညိုမှာ မည်သူနည်း။
သူက ဤဘဝမှာဖြစ်စေ သို့မဟုတ် အတိတ်ဘဝများမှာဖြစ်စေ အတွေ့အကြုံကြွယ်ဝသော သူခိုးဝိဇ္ဇာဖြစ်သည်။
အမှတ်လေးကြယ်တာရာစက်ဝန်းကို သူမရင်းနှီးသော်လည်း ‘ သူခိုးဝိဇ္ဇာ ’ဟူသော သူ၏ အတွေ့အကြုံများက ပြိုင်ဘက်ကင်းသည်။ မည်သို့ဖြစ်ပါစေ အတိတ်ဘဝများမှာ သူ၏ ကျရှုံးမှုတိုင်းက သူ၏ အသက်ကို တန်ကြေးအဖြစ် ပေးဆပ်စေခဲ့သည် မဟုတ်ပါလော။
သို့ဖြစ်၍ ဘဝပေါင်းများစွာ လေ့ကျင့်ပြီးသည့်နောက် သူ၏ သူခိုးဝိဇ္ဇာအတွေ့အကြုံက သူ၏ ပင်ကိုယ်ဗီဇနှင့် တစ်သားတည်း ဖြစ်သွားသည်။
ထို့ကြောင့် လေဟာနယ်အက်ကွဲကြောင်းထဲသို့ သူဝင်ရောက်သွားသည့်အခိုက် မည်သည့်အရာကို သူထိနိုင်ပြီး မည်သည့်အရာကို သူမထိသင့်ကြောင်း သူ၏ ပင်ကိုယ်ဗီဇက အလိုအလျောက် အဖြေထုတ်ပေးလိုက်သည်။
ရွှီချင်းကို အံ့ဩသွားစေသည်မှာ မျက်တောင်တစ်ခတ်အတွင်းမှာ အားညိုက တမူထူးခြားသော စိတ်အာရုံဖြင့် သံကြိုးများကို ဖြတ်ကျော်သွားသည်။ ဤသည်မှာ ကြွက်တစ်ကောင်က အက်ကွဲကြောင်းများကို ဖြတ်လျှောက်၍ နတ်ဧကရာဇ်ချီအူဇီ၏ အလောင်းဆီသို့ ဦးတည်သွားနေသည့်အလားပင်။
သူ့စီနီယာအကိုကြီး၏ လုံခြုံရေးကို စိတ်ပူသောကြောင့် ရွှီချင်းက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်ပြီး အက်ကွဲကြောင်းထဲမှ အတွင်းပိုင်းလောကထဲသို့ ဝင်ရောက်သွားသည်။
ထိုအခါ သံကြိုးများက နောက်တစ်ကြိမ် ထွန်းလင်းတောက်ပလာသည်။ အသက်သေစေနိုင်သော အင်အားတစ်ခုက ခေါင်းတလားကို ချည်နှောင်ထားသော သံကြိုးများထဲမှ ထွက်ပေါ်လာသည့်အခါ ရွှီချင်း၏ အမွှေးအမျှင်အားလုံးက ထောင်မတ်သွားသည်။
ယင်းက ရွှီချင်း၏ ခြေလှမ်းကို ရပ်တန့်သွားစေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံး ထောင်မတ်သွားသည်နှင့် အလွန်သိပ်သည်းသော ဒြပ်နှောက ကြေးနီရောင်ခေါင်းတလား၊ သံကြိုးများနှင့် နတ်ဧကရာဇ်ချီအူဇီ၏ အလောင်းထံမှ ပေါ်လျှိုးလာပြီး အက်ကွဲကြောင်းအတွင်းမှ လောကတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုကောင်းကင်ဘုံအရှိန်အဝါအောက်မှာ ရွှီချင်း၏ အသွေးအသားများက သန္ဓေပြောင်းလဲနေသော လက္ခဏာများကို စတင်ဖော်ပြလာသည်။ တစ်ချိန်တည်းမှာ လွှမ်းမိုးဖိနှိပ်သော ဖိအားက ဆင်းသက်လာပြီး အပြင်လူများကို အမှုန့်ချေပစ်ရန် ခြိမ်းခြောက်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာက သူ့အရှေ့မှာ ဒိုင်းကာတစ်ခုသဖွယ် ထွက်ပေါ်လာပြီး ဖိအားအများစုကို ဖယ်ရှားပေးလိုက်သည်။
တစ်ချိန်တည်းမှာ သူ၏ စိတ်ဝိညာဉ်ထဲမှ အစစ်အမှန်နာမည်က ထွန်းလင်းတောက်ပလာသည်။ ယင်းက အတိတ်မှာ ရှေးခေတ်မိခင်ဂြိုလ်ပေါ်တွင် မိုးသောက်သခင်လေးနှင့်အတူ သူ၏ အစစ်အမှန်နာမည်ကို ချန်ထားခဲ့သော အကျိုးကျေးဇူး ဖြစ်သည်။
အစစ်အမှန်နာမည်၏ ထွန်းလင်းမှုအောက်မှာ ဒြပ်နှော၏ ယိုယွင်းတိုက်စားမှုက အားနည်းသွားသည်။ သို့မှသာ ရွှီချင်းက အနည်းငယ် စိတ်အေးသွားသည်။ တစ်ချိန်တည်းမှာ သူက ချန်းအားညို၏ ဇစ်မြစ်ကို ပိုပြီးစူးစမ်းသိချင်လာသည်။
အဘယ့်ကြောင့်ဆိုသော် ထိုမျှကြီးမားသော ဖိအားအောက်မှာပင် အားညိုက မြူခိုးထဲမှာ အရှေ့သို့ ဆက်လက် ပြေးသွားနေဆဲ ဖြစ်၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အပြာရောင်တောက်ပနေသည်။ ယင်းက သူ့အား အုပ်ချုပ်သူတစ်ပါး၏ အစွမ်းဖြင့်ပင် ဒြပ်နှောကို ခုခံနိုင်စေသည်။
‘ စီနီယာအကိုကြီးရဲ့ နောက်ခံက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်… သူက တကယ်ပဲ မူလအပြစ်သားလား ’
‘ ငါသိထားတာတော့ မူလအပြစ်သားတွေက နတ်ဘုရားအရှိန်အဝါနဲ့ ဒြပ်နှောတွေကို လျစ်လျူရှုနိုင်တယ်… ဘာလို့လဲဆိုတော့ နတ်ဘုရားတွေက အခြေခံသဘောတရားအရ မူလအပြစ်သားတွေနဲ့ ဆက်နေတယ်… ’
ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။ သူ၏ နားလည်မှုအရ မူလအပြစ်သားများသည် သူတို့၏ မိခင်ဂြိုလ်များမှ မထွက်သွားနိုင်ကြချေ။
‘ ဖြစ်နိုင်တာက ဝမ်ကူးကုန်းမြေက အမှတ်ကိုးကြယ်တာရာစက်ဝန်းရဲ့ ရှေးခေတ်မိခင်ဂြိုလ်များလား ’
မယုံကြည်နိုင်စရာကောင်းသော ထိုခန့်မှန်းမှုကြောင့် ရွှီချင်း၏ အသိစိတ်က ပရမ်းပတာ တုန်လှုပ်သွားသည်။ သို့သော်လည်း သူက ယင်းကို ချက်ချင်း ငြင်းပယ်လိုက်သည်။
‘ တစ်ခုခု လွဲနေတုန်းပဲ… တကယ်လို့ အဲ့ဒါသာ အမှန်ဆိုရင် ဘာလို့ စီနီယာအကိုကြီးက ဝမ်ကူးကုန်းမြေကနေ ထွက်နိုင်တာလဲ… ’
ရွှီချင်းဆီမှာ အားညို၏ ဇစ်မြစ်နှင့်ပတ်သက်ပြီး သံသယအများကြီး ရှိ၏။ သို့သော်လည်း ယခုအချိန်က ယင်းကို စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။ သို့ဖြစ်၍ သူ၏ အကြည့်က မြူခိုးကို ဖောက်ထွင်းသွားသည်။ မြူခိုးထဲတွင် အားညိုက သံကြိုးများကို ဖြတ်ကျော်သွားပြီး နတ်ဧကရာဇ်ချီအူဇီ၏ အလောင်းဆီသို့ ချဉ်းကပ်သွားနေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အပြောင်းအလဲတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာသည်။
အားညိုက လမ်းကြောင်းမှန်ကို ရှာတွေ့သွားပြီး ချဉ်းကပ်သွားရန် ကြိုးစားလိုက်သည့်အခါ…
ဘန်း…
သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး အားညို၏ မျက်နှာရှိသော မရေမတွက်နိုင်သည့် အပြာရောင်ပိုးကောင်များအဖြစ် ခွဲထွက်သွားကြသည်။
ရွှီချင်း၏ အကြည့်က စူးရှသွားပြီး သူက ဝင်ရောက်ကူညီရန် ပြင်လိုက်သည်။ သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာ ရူးသွပ်နေကြသော ထိုပိုးကောင်များက နတ်ဘုရားအလောင်းဆီသို့ ထပ်မံ ပြေးသွားကြသည်။
ဘန်း... ဘန်း… ဘန်း…
သို့သော်လည်း ဆက်တိုက် ပေါက်ကွဲမှုအောက်မှာ ပိုးကောင်များက အစုလိုက်အပြုံလိုက် ဖျက်ဆီးခံလိုက်ကြရပြီး ဖုန်မှုန့်ဖြစ်သွားကြသည်။
သို့သော် အားညို၏ ရူးသွပ်မှုက နည်းနည်းမှ မလျော့သွားသည့်အပြင် ပိုပြီးအားကောင်းလာသည်။ အပြာရောင်အလင်း ထွက်ပေါ်လာသည့်အခါ ဖုန်မှုန့်များက ပိုပြီးသေးငယ်သော အပြာရောင်ပိုးကောင်များအဖြစ် ထပ်မံ အသွင်ပြောင်းလဲသွားကြသည်။ ထို့နောက် ၎င်းတို့က နတ်ဘုရားအလောင်းဆီသို့ ဆက်လက် ဦးတည်သွားကြသည်။
ထိုသံသရာစက်ဝန်းက အကြိမ်ပေါင်းများစွာ ထပ်ကြော့ဖြစ်လာသည်။ ဖျက်ဆီးခံရခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ပြီးနောက် ပိုးကောင်တချို့က နတ်ဘုရားအလောင်းနားသို့ ရောက်ရှိသွားကြသည်။
ထို့နောက် ပိုးကောင်အားလုံးက စူးရှသော တကျွီကျွီမြည်သံကို ထုတ်ဖော်လိုက်ကြသည်။
“ ချင်းလေး… ငါ့ကို ကူညီပေးပါ ”
ပိုးကောင်အားလုံးက အော်လိုက်သည်နှင့် ရွှီချင်းက အမြန်လှုပ်ရှားလိုက်သည်။
သူ၏ မျဉ်းပြိုင်အာဏာစက်က အသက်ဝင်လာပြီး သူ၏ အင်မော်တယ်သန္ဓေသားလောင်းစွမ်းအားက ပေါ်လျှိုးလာသည်။ ထို့ပြင် တာအိုလက်နက်လက်သည်းခွံ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည်လည်း ပေါ်လျှိုးလာသည်။ ရွှီချင်းက အစွမ်းကုန်သုံး၍ နတ်ဘုရားအလောင်းကို ဖိနှိပ်လိုက်သည်။
တစ်ချိန်တည်းမှာ အပြာရောင်ပိုးကောင်များက အရပ်မျက်နှာအဘက်ဘက်မှ တိုက်ခိုက်လိုက်ကြသည်။
သူတို့၏ တိုက်ခိုက်မှုများက နတ်ဘုရားအလောင်းကို ထိမှန်တော့မည့်အချိန် မှိန်ဖျော့သော ရွှေရောင်အလင်းက နတ်ဧကရာဇ်ချီအူဇီ၏ အလောင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှေရောင်အလင်း ထွန်းလင်းသွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ထွက်ပေါ်လာသည်။
ရွှီချင်း၏ တိုက်ပွဲစွမ်းအားက အံ့ဖွယ်ကောင်းသော်လည်း နတ်ဘုရားအရှင်သခင်တစ်ပါး၏ အကြွင်းအကျန်စွမ်းအားက ရှိန်လောက်စရာကောင်းနေဆဲပင်။ သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက အက်ကွဲသွားပြီး သူ၏ အာဏာစက်က တုန်ယင်သွားသည်။
သို့သော်လည်း တာအိုလက်နက်၏ တိုက်ခိုက်မှုက အကျိုးသက်ရောက်မှုရှိခဲ့သည်။ ယင်းက နတ်ဘုရားအလောင်း၏ ရွှေရောင်အလင်းကို မတည်မငြိမ်ဖြစ်သွားစေသည်။
သို့တိုင် အားညို၏ ကျင့်ကြံခြင်းအဆင့်ကြောင့် သူက ယင်းကို မတောင့်ခံနိုင်ခဲ့ပေ။ လျှပ်တစ်ပြက်အတွင်းမှာ သူ၏ အပြာရောင်ပိုးကောင်အားလုံးက ရွှေရောင်အလင်းအောက်မှာ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံလိုက်ကြရသည်။ ထို့ပြင် ဤတစ်ကြိမ်တွင် ၎င်းတို့က ဖုန်မှုန့်ပင် ကျန်မနေခဲ့ဘဲ အမြစ်ဖြတ်ဖျက်ဆီးခံလိုက်ရသည်။
သို့သော်လည်း အားညိုက အမှန်တကယ် မပျက်စီးသွားခဲ့ပေ။
နတ်ဘုရားအရှင်သခင်အသားအပေါ် သူ၏ အကန့်အသတ်မဲ့သော ဆာလောင်မှုက အားညိုကို အမည်မသိအတတ်ပညာတချို့အား ထုတ်သုံးစေခဲ့သည်။ ထို့ကြောင့် သူက အသွင်ပြောင်းလဲမှုအသစ်သို့ ကူးပြောင်းသွားခဲ့သည်။
အပြာရောင်ချည်မျှင်များက ပိုးကောင်များ ပျောက်ဆုံးသွားခဲ့သော ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြပြီး အရိုးဆူးချွန်များဖြင့် ပြည့်နှက်နေသော ဧရာမအပြာရောင်ရေခဲလက်တစ်ဖက်အဖြစ် စုစည်းသွားကြသည်။ ထိုလက်က ရှေးခေတ်ကာလမှ ကြီးကျယ်မြင့်မြတ်မှုအရှိန်အဝါကို ထုတ်လွှတ်နေပြီး ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ ရေခဲလက် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ၎င်း၏ လက်ဖဝါးက မေးရိုးသဖွယ် ပွင့်ဟသွားပြီး နတ်ဧကရာဇ်ချီအူဇီ၏ အလောင်းကို ဖမ်းဆုပ်လိုက်သည်။
ရေခဲလက်က ရွှေရောင်အလင်းနှင့် ထိတွေ့သွားသည့်အခါ လက်က ချည်မျှင်များအဖြစ် ပြန်အရည်ပျော်သွားသည်။ သို့သော်လည်း ရေခဲလက်က ရွှီချင်း၏ တာအိုလက်နက်အစွမ်းနှင့် အတူပူးပေါင်းသွားသည့်အခါ ချည်မျှင်တချို့က ရွှေရောင်အလင်းထဲသို့ တိုးဝင်နိုင်သွားကြသည်။
ဤလုပ်ငန်းစဉ်အတွင်းမှာ ချည်မျှင်(၉၉)ရာခိုင်နှုန်းက ပျက်စီးသွားကြသော်လည်း ခေါင်းမာသော ကျန်ချည်မျှင်များက အောင်မြင်သွားကြသည်။
အလွန်အားကောင်းသော ရူးသွပ်မှုနှင့်အတူ ချည်မျှင်များက နတ်ဘုရားအလောင်း၏ ခန္ဓာကိုယ်တစ်လျှောက် မြန်ဆန်စွာ ပျံ့နှံ့သွားကြပြီး အလောင်းကို အပြည့်အဝ ဖုံးလွှမ်းလိုက်ကြသည်။
အပြင်မှ စောင့်ကြည့်သူအတွက်တော့ ယင်းက ခက်ခက်ခဲခဲ ရရှိလာခဲ့သော အောင်မြင်မှုဖြစ်ဟန် ရသည်။ သို့သော်လည်း ထိုသို့မဟုတ်ကြောင်း ရွှီချင်း၏ ပင်ကိုယ်ဗီဇက သူ့အား သတိပေးနေသည်။
ထူးဆန်းသော စိတ်ခံစားမှုကို ခံစားမိသွားသောအခါ သူက မျက်လုံးမှေးကျဉ်းလိုက်သည်။
“ အဲ့ဒါက အလောင်းပဲဆိုရင်တောင် သူက အတိတ်မှာ နတ်ဘုရားအရှင်သခင်တစ်ပါး ဖြစ်ခဲ့ဖူးတယ်… ပြီးတော့ နတ်ဧကရာဇ်ချီအူဇီရဲ့ နတ်ဘုရားစွမ်းအင်အမြူတေက ထူးခြားတယ်… ယေဘုယျအားဖြင့်ပြောရရင် အလောင်းကို သိမ်းပိုက်တာက ဒီလောက် အဆင်မချောသင့်ဘူး… စီနီယာအကိုကြီးက ထူးခြားဆန်းကြယ်တယ်ဆိုရင်တောင် အခုလို မလွယ်ကူသင့်ဘူး ”
ရွှီချင်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က အလောင်း၏ အပေါ်မှ လေဟာနယ်ကို ဖောက်ထွင်းသွားသည်။
သူက မည်သည့်အရာကိုမှ မမြင်ခဲ့သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာက ထိုနေရာမှာ တစ်စုံတစ်ခုရှိနေသည်ဟု သူ့အား သတိပေးနေသည်။
သို့ဖြစ်၍ သူက ချက်ချင်း သတိပေးလိုက်သည်။
“ စီနီယာအကိုကြီး… မြန်မြန်လုပ်ပါ ”
နတ်ဘုရားအလောင်းကို ဖုံးလွှမ်းထားသော အပြာရောင်ချည်မျှင်များက တဝီဝီမြည်လာကြပြီး တုံ့ပြန်လိုက်ကြသည်။ ယင်းတို့က ပိုပြီးမြန်ဆန်စွာ အရှိန်မြှင့်လိုက်ကြသည်။
ရွှီချင်း၏ ပင်ကိုယ်ဗီဇက မမှားပေ။
ဤအခိုက်အတန့်မှာ သူစိုက်ကြည့်နေသော လေဟာနယ်ထဲတွင် ရွှီချင်းမမြင်နိုင်သော ပုံရိပ်တစ်ခု ရှိနေသည်။
ထိုပုံရိပ်က လေဟာနယ်ထဲမှာ အလွန်ထူးဆန်းသော နည်းလမ်းဖြင့် တည်ရှိနေသည်။ ၎င်း၏ တည်ရှိမှုက ပုံရိပ်ယောင်နှင့်ဆင်တူသည်။
၎င်း၏ အသွင်သဏ္ဍာန်သည်တော့ နတ်ဧကရာဇ်ချီအူဇီနှင့် တစ်ထပ်တည်း ဆင်တူသည်။
မှန်ပေသည်။ ၎င်းက ပြန်လည်ရှင်သန်နေခြင်း ဖြစ်သည်။
၎င်းက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးနောက် ခေါင်းတလားထဲမှ ပုဂ္ဂိုလ်နှင့် ၎င်းကြားမှ ဆက်သွယ်မှုကို အသုံးပြု၍ ဤနေရာသို့ ထွက်ပြေးလာခဲ့သည်။ ၎င်းက ဤနေရာမှာ ပုန်းအောင်းနေရင်း ဒဏ်ရာပြန်ကုသရန် ရည်ရွယ်ထားသည်။
၎င်း၏ ကုသခြင်းနည်းလမ်းက တမူထူးခြားသည်။
ယင်းက သေခြင်းကို ကြားခံနယ်တစ်ခုအဖြစ် အသုံးပြု၍ ၎င်း၏ ဒဏ်ရာများကို မူလအခြေအနေအတိုင်း ပြန်ကောင်းမွန်စေနိုင်သည်။ ယင်းက ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေမှ စွမ်းရည်တစ်မျိုး ဖြစ်သည်။
နတ်ဘုရားအလောင်းက ဤပြန်လည်ရှင်သန်ခြင်းအတွက် ရုပ်အခွံဖြစ်သလို ၎င်း၏ ကျောက်ဆူးကြိုးလည်း ဖြစ်သည်။
၎င်းကို ဆုံးရှုံးသွားခြင်းက ပြန်လည်ရှင်သန်သည့် လုပ်ငန်းစဉ်တစ်ခုလုံး နှောင့်ယှက်ခံလိုက်ရခြင်းနှင့် မခြားပေ။
အစက ၎င်း၏ အစီအစဉ်က ပြီးပြည့်စုံသည်။ ယင်းက မူမမှန်သောနှစ်ကောင် မရောက်လာခင်အထိ ဖြစ်သည်။ သူတို့ကို ၎င်း၏ အနန္တအသိဉာဏ်ဖြင့် ကြိုမမြင်နိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက ကံကြမ္မာနတ်ဘုရားစွမ်းအင်အမြူတေကို ပိုင်ဆိုင်ထားပြီး အားညိုက ပုံမှန်စံသတ်မှတ်ချက်အားလုံးမှ သွေဖယ်နိုင်သူ ဖြစ်သည်။
ယခု ၎င်း၏ ရုပ်အခွံက ၎င်း၏ မျက်စိအရှေ့မှာတင် အခိုးခံနေရကြောင်း မြင်သွားသောအခါ နတ်ဧကရာဇ်ချီအူဇီ၏ စိတ်အာရုံက ခေါင်းတလားပေါ်သို့ ကျရောက်သွားသည်။
“ နတ်ဘုရင်… ကျွန်တော့်ကို ကူညီပေးဖို့ တောင်းပန်ပါတယ် ”
ခေါင်းတလားက လှုပ်ရှားမှုကင်းမဲ့နေသည်။
“ နတ်ဘုရင်… ”
“ ပါးစပ်ပိတ်ထားစမ်း ”
ရွှီချင်းနှင့် အားညို၏ အာရုံခံနိုင်စွမ်းအဆင့်ထက် ကျော်လွန်သော အော်သံက နတ်ဧကရာဇ်ချီအူဇီ၏ အသိစိတ်ထဲမှာ မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားသည်။
“ အဲ့ဒီကမ္မနဲ့ ငါမပတ်သက်ချင်ဘူး ”
“ အဲ့ဒါက ခန္ဓာကိုယ်တစ်ပိုင်းပါပဲ… ဒီအတိုင်း လက်လွှတ်လိုက်စမ်းပါ ”
နတ်ဧကရာဇ်ချီအူဇီက နှုတ်ဆိတ်သွားသည်။
ခေါင်းတလားထဲမှ ရှေးဟောင်းတည်ရှိမှုက အမှန်တကယ် စိတ်မသက်မသာ ခံစားမိနေသည်။
' ရှေးဦးအပျက်အစီးနဲ့ ကမ္မအဆက်အသွယ်ရှိတဲ့ တစ်ကောင်နဲ့တောင် အတော်လေး ဒုက္ခများနေတာကို… အခုတော့ နှစ်ကောင်တောင်မှလား ’
‘ ထာဝရ ဗိုက်ဆာနေတဲ့ အဲ့ဒီရှေးဦးအပျက်အစီးက သူတို့နှစ်ယောက်ဆီကနေတဆင့် ဒီနေရာမှာ အချိန်မရွေး ထွက်ပေါ်လာနိုင်တယ် ’
‘ ပြီးတော့… နောက်ကွယ်က အရိပ်ထဲကနေ ဉာဏ်များနေတဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းက အင်မော်တယ်ဘုရင်လည်း ရှိသေးတယ်… ’
‘ သူတို့ကို ချီအူဇီရဲ့ အလောင်းကို ပေးလိုက်ပြီး ဒီကနေ ထွက်သွားခိုင်းတာက ဘေးအကင်းဆုံး ရွေးချယ်မှုပဲ ’
ခေါင်းတလားထဲမှ နတ်ဘုရင်က တွေးတောနေစဉ် အားညိုမှ အသွင်ပြောင်းလဲထားသော အပြာရောင်ချည်မျှင်များက ရွှီချင်း၏ သတိပေးမှုအောက်မှာ နတ်ဘုရားအလောင်းအား သိမ်းပိုက်ခြင်းကို အရှိန်မြှင့်တင်လိုက်သည်။
နောက်ဆုံးမှာတော့ ချည်မျှင်များက နတ်ဘုရားအလောင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို အပြည့်အဝ ဖုံးလွှမ်းနိုင်သွားသည်။
ထို့နောက် ချည်မျှင်များက အပေါ်သို့ ရစ်ခွေသွားကြပြီး အပြာရောင်အလင်းပင်လယ်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
အောင်ပွဲခံသော ဟိန်းသံက အက်ကွဲကြောင်းအတွင်းမှာ ပဲ့တင်ထပ်သွားသည်။
“ အောင်မြင်ပြီ… ချင်းလေး… ငါတို့ ဒီကနေ ထွက်သွားကြရအောင် ”
ရွှီချင်းက အနောက်မှ လိုက်သွားသည်။ သို့သော်လည်း ရှုပ်ထွေးသော စိတ်ခံစားမှုက သူ့အား ရုတ်တရက် ရပ်တန့်သွားစေသည်။ သူက ထွက်သွားမည့်အစား အနောက်လှည့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကြေးနီရောင်ခေါင်းတလားကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
ရွှီချင်း၏ အကြည့်က ခေါင်းတလားပေါ်သို့ ကျရောက်သွားသည့်အခိုက် အထဲမှ ရှေးဟောင်းတည်ရှိမှုက အပြင်းအထန် တုန်လှုပ်သွားသည်။
တစ်ချိန်တည်းမှာ အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်တွင် သက်ရှိအားလုံးကို ထာဝရကပ်ဘေးသဖွယ် အပေါ်မှ အုပ်မိုးထားသော ဧရာမမျက်နှာပျက်ကြီးက မသိမသာ လှုပ်ရှားသွားသည်။
အချိန်အတော်ကြာ မှိတ်ထားသော ၎င်း၏ မျက်တောင်များက ယခု အနည်းငယ် လှုပ်ခါသွားသည်။
ဤသည်မှာ ၎င်းက မျက်လုံးဖွင့်လှစ်တော့မည့်အလားပင်။