← Chapters

Walking President Post (1)

Vol. 2 Ch. 27

Walking President Post (1)

Vol. 2 Ch. 27

ဖုန်းသည် ထိုအမျိုးသားလက်မှ ချော်ထွက်ပြီး စကျင်ကျောက်ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

ချောင်ကျာယိသည် လုလီအား ရှာဖွေရင်းမျှော်လင့်မထားသော မြင်ကွင်းကို မြင်လိုက်သဖြင့်

"ဘာဖြစ်တာလဲ ?"

ချောင်ကျာယိ အမြန်လျှောက်လာပြီး ဒေါသထွက်နေသော လုလီ နှင့် ပျာယာခတ်နေသော အမျိုးသားမော်ဒယ်ကို တွေ့လိုက်ရသည်။

မြေပြင်ပေါ်ရှိ ဖုန်းစခရင်မှာ ပွင့်နေဆဲဖြစ်ပြီး ထိုအထဲမှ ဓာတ်ပုံကို မြင်သော အခါ ချောင်ကျာယိ မျက်လုံးများကိုအလိုအ လျောက် မှိတ်လိုက်သည်။

ထို့နောက် သူမ အဖြစ်အပျက်ကိုမှန်းဆမိသွားပြီး

"တိတိ" ချောင်ကျာယိ ခေါ်လိုက်သည်။ “တိတိ” ဟူသော အခေါ်အဝေါ်သည် ထိုအမျိုးသားအား ငယ်သေးသည်ဟု ပြောချင်သည်လား ဒါမှမဟုတ် တခြားတစ်ခုခုကိုရည်ညွှန်းလေသလား မသိရပေ။

"မင်း အဆင့်နဲ့အခုလို ထုတ်ပြရဲတဲ့သတ္တိ ဘယ်ကရလာတာလဲ ?"

"မင်းအသက်ရွယ်မှာ အလုပ်ကို ပိုပြီးကြိုးကြိုးစားစားလုပ် သင့်တာ မဟုတ်ဘူးလား?”

"မင်း လူတစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ နှိုးဆွလို့ရမယ်ထင်နေတာလား ?"

"လုလီနဲ့ သူ့လောင်ကုန်းက ဆက်ဆံရေးအရမ်းကောင်းတယ်၊ မင်း ရုပ်ကိုလဲ မှန်ထဲပြန်ကြည့်ပါဦး၊ ဒီရုပ်ရည်နဲ့ လုလီက သူ့ယောကျာ်းကိုပစ်ပြီး မင်းဆီ လာမှာတဲ့လား?”

အလွန်ရှက်ရွံ့ထိတ်လန့်နေသော အမျိုးသားမော်ဒယ်သည် မြေပြင်ပေါ်မှ ဖုန်းကိုကောက်ယူလိုက်ပြီး "ရွှေပေါင်လုံး" ကို ဖက်တွယ်ရန် မဆွဲဆောင်နိုင်မှန်း သဘောပေါက်သွားပြီး တောင်းပန်စကားဆိုလိုက်သည်။

"မစ်လု ခွင့်လွှတ်ပါ... ခွင့်လွှတ်ပါ"

ချောင်ကျာယိသည် လုံခြုံရေးကိုမျက်စပစ်ပြလိုက်ပြီး ထိုအမျိုးသားမော်ဒယ်လ်ကိုဖယ်ရှားခိုင်းလိုက်သည်။

လုလီ ချင်ကျာယိလက်အားဆုပ်ကိုင်ထားလိုက်သည်။ သူမ ဒေါသထွက်နေသေးသော်ငြားလည်း ချင်ကျာယိ၏ စကားများ သည် သူမအား စိတ်သက်တောင့်သက်သာဖြစ်သွားစေသည်။

ချောင်ကျာယိ သူမကို ပြုံးပြလိုက်ပြီး "စိတ်မရှိပါနဲ့ဟာ၊ နင့်ကို ဒီအခြေအနေထဲ ဆွဲခေါ်မိသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်”

S မြို့တော်ရှိ ချမ်းသာသော သူဌေးသမီးများကြားတွင် ဤကဲ့သို့ အမျိုးသားမော်ဒယ်လ်တွေ လှည့်လည်နေကြဖြစ်သည်။ သို့သော် ထိုလူငယ်လေးသည် လုလီအား အမှန်တကယ်ပင် ဖျားယောင်းသွေးဆောင်ဖို့ သတ္တိရှိနေခဲ့သည်ပင်.....

လုလီသည် ချောင်ကျာယိအားစောင်းကြည့်လိုက်ပြီး “ငါ့ပုံစံက အဲ့လောက်တောင် အထီးကျန်တဲ့ပုံပေါ်နေလို့လား?”

"ဘာဆိုင်လို့လဲ?!"

ချောင်ကျာယိ ချီးကျူးစကားများ ဖြန့်ကျက်လိုက်သည်။

"နင့်တစ်ကိုယ်လုံး အချစ်ရဲ့အရောင်အဝါတွေလင်းထိန်နေတာ၊ မိန်းမတစ်ယောက်ရဲ့တောက်ပမှုနောက်မှာ နောက်ကွယ်က ပံ့ပိုးပေးနေတဲ့ ခင်ပွန်းကောင်းတစ်ယောက် ရှိတယ်ဆိုတာ အသိသာကြီးပဲ"

"နင့်လောင်ကုန်းက အကောင်းဆုံးပဲ!" ချောင်ကျာယိ လက်မ ထောင်ပြလိုက်သည်။

လုလီ ပြုံးစိစိဖြင့် အိမ်သာဘက်လှည့်သွားသည်။

ချောင်ကျာယိ : "နင် ဘာလုပ်မလို့လဲ ?"

လုလီ : "ငါ့မျက်လုံးတွေ သွားဆေးမလို့လေ!"

--

ချီချန်းရန်သည် မကြာမီ ကျင်းပမည့် IM ထိပ်သီးအစည်းအ ဝေးအတွက် အလုပ်များနေခဲ့သည်။

နည်းပညာကို အဓိက ဦးတည်ထားသော ဤထိပ်သီးအစည်း အဝေးကို ရှန့်ကျင် Group မှ အဓိက ကြီးမှူးကျင်းပခြင်းဖြစ် သည်။ ဖွင့်ပွဲနေ့နှင့် နီးကပ်လာသည်နှင့်အမျှ သူ့ဆုံးဖြတ်ချက်များ ချမှတ်ရန်လိုအပ်သော ကိစ္စရပ်များစွာရှိလာခဲ့သည်။

သူ အချိန်ပိုအလုပ်ဆင်းပြီးနောက် ချန်ရုန်ပေးပို့လာသော လုလီ၏နေ့စဉ်လှုပ်ရှားမှု schedule ကို လက်ခံရရှိခဲ့သည်။

အမှန်မှာ ချန်ရုန် အစီရင်ခံနေစရာပင် မလိုတော့ပေ။ မွန်းလွဲပိုင်းကပင် လုလီ သူမ၏အချိန်ဇယားကို အစီရင်ခံပြီးဖြစ် သည်။

ချန်ရုန်၏အစီရင်ခံချက်အရ လုလီ ပါတီပွဲမှအိမ်သို့ပြန်လာနေပြီဖြစ်သည်။

ချီချန်းရန် စာဖတ်ပြီးသည်နှင့် ဖုန်းချကာ အလုပ်ဆင်းပြီးအိမ်ပြန်လာခဲ့သည်။

လုလီသည် သူ့ထက် စောပြီးအိမ်ပြန်ရောက်နေခဲ့သည်။ ချီချန်းရန် အိမ်ပြန်ရောက်ချိန်တွင် အိပ်ရာထဲတွင် ဖုန်းကိုင်ကာငေးငိုင်ပြီးထိုင်နေသော လုလီကိုတွေ့လိုက်သည်။ သူမ သူ့ကိုမြင်သော် လည်း ပြေးမလာသလို၊ အနမ်းပေးဖို့လည်း မတောင်းဆိုပဲ "ရှင် ပြန်ရောက်ပြီလား?" ဟု လည်း အရင်လို မနှုတ်ဆက်လာပေ။

လုလီ နူးညံစွာပြောလာသည်က 'လောင်ကုန်း' ဟူ၍သာဖြစ် သည်။

"အင်း"

ချီချန်းရန်အသံတိုးတိုးဖြင့် ဖြေလိုက်သည်။ သူ့မျက်စိရှေ့ရှိ လုလီ၏ ဆံပင်ပုံစံအသစ်ကို ဓာတ်ပုံမှတစ်ဆင့် ကြိုမြင်ထားပြီးဖြစ်သော်လည်း ယခုက အပြင်တွင် ပထမဆုံးအကြိမ်တွေ့ရတာပဲ ဖြစ်သည်။

“ဆံပင်ပုံစံအသစ်က မင်းနဲ့ အရမ်းလိုက်တယ်”

လုလီ စိတ်မပါတပါနှင့် "အွန်း..."

ချီချန်းရန် သူမ စိတ်မကြည်ဖြစ်နေသည်ကို သတိထားမိသဖြင့် မေးမြန်းခြင်းမပြုဘဲ ရေချိုးခန်းသို့ဝင်သွားသည်။

လုလီသည် ရေချိုးခန်းထဲဝင်သွားသည့် ခင်ပွန်းဖြစ်သူ၏ ကျောပြင်ကို မျက်ဝါးထင်ထင်မြင်ရ‌သော်လည်း သူ မျက်လုံးမှိတ်လိုက်သည်နှင့် ထိုအမျိုးသားမော်ဒယ်လ်၏ဓာတ်ပုံက စိတ်ထဲတွင် စွဲကျန်နေသည်။

လုလီ ခေါင်းအုံးကို လက်သီးဆုပ်ဖြင့် ထုရိုက်နေလိုက်သည်။

ထိုမော်ဒယ်၏ဓာတ်ပုံသည် ဤမျှ အားကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ အကြိမ်ပေါင်းများစွာ မျက်လုံးဆေးခဲ့သော်ငြားလည်း အိမ်ပြန်ရောက်သည့်တိုင် ထိုပုံရိပ်များကို စိတ်ထဲမှမဖျောက်ဖျက်နိုင်ခဲ့ပေ။

သန့်စင်ရန်ရေပမာဏမည်မျှပင် အသုံးပြုနေပါစေ သူမ မျက် လုံးတွေညစ်ပတ်နေဆဲပင်။

လုလီ ကုတင်ပေါ်မှ အလန့်တကြားထကာ မွေ့ယာပေါ် နှစ်ခါခုန်လိုက်ပြီး ရေချိုးခန်းဘက်ကိုလှမ်းကြည့်လိုက်သည်။

ရေချိုးခန်းထဲတွင် ရေပန်းဖွင့်သံ ခပ်တိုးတိုးကြားနေရသည်။

လုလီ ခဏစဉ်းစားပြီးနောက် အိပ်ရာပေါ်မှလိမ့်ဆင်းလိုက်သည်။

ထို့နောက် သူမ ရေချိုးခန်းဘက်သို့ခြေဦးလှည့်လိုက်သည်။

ရေချိုးခန်းအပြင်ဘက်တွင် မှုန်ဝါးနေသော ရေငွေ့များ ထူထပ်နေသည်။

ရေချိုးခန်းထဲရှိ ချီချန်းရန်သည် ရေချိုးပြီးနောက် ရေချိုးဝတ်စုံကို ၀တ်လိုက်ကာ ခါးကြိုးစည်းလိုက်သည်။ ထို့နောက် သူသည် ဆံပင်အခြောက်ခံစက်ကို မသုံးဘဲတဘက်ဖြင့် ဆံပင်ကိုအခြောက်ခံလိုက်သည်။

သူ ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည့်အခါ တံခါးအပြင်ဘက်တွင် ရပ်နေသော လုလီကိုမြင်လိုက်ရသဖြင့် အံ့အားသင့်မှုပုံရိပ်ပေါ်လာသည်။

လုလီသည် တံခါးနားတွင် ခြေစုံရပ်လျက် သူ ထွက်လာမည်ကို စောင့်နေဟန်တူသည်။

All Chapters