Dancing Lady (2)
Vol. 3 Ch. 34
အမှန်မှာ သူမတွင် Super Chat အကောင့် ရှိပြီးသားဖြစ်ပြီး fan အများအပြားလည်း ရှိနေသည်။ သို့သော် ထို Fan များ စိတ်ဝင်စားသည့် ခေါင်းစဉ်မှာ “လုလီနဲ့အတူ ချမ်းသာတဲ့ဘဝကို လေ့လာကြမယ်”ဟူသောအကြောင်းအရာပင်ဖြစ်သည်။
သူမသည် အိမ်ထောင်မပြုခင် ကတည်းကပင် ချမ်းသာသော သူဌေးသမီးတစ်ဦးဖြစ်ခဲ့ပြီး အိမ်ထောင် ပြုပြီးနောက်ပိုင်း ချမ်းသာသောသူဌေးကတော်ဖြစ်လာသည်။ သူမ ကိုယ်ထင်ပြသည့်အရာတိုင်းကို မည်သည့်အမှားအယွင်းမှ မရှိအောင် ပြင်ဆင်ခဲ့သည်။ သို့ဖြစ်ရာ သူမ အကြောင်းဆိုလိုက်သည်နှင့် လူတိုင်း၏ဦးနှောက်ထဲတွင် ပထမဆုံးတွေးမိသောအရာမှာ “မဒမ်၊ ဂုဏ်သရေရှိသော၊ သိမ်မွေ့သော” ဟူသော စကားလုံးများပင်ဖြစ်သည်။
ထိုသို့ မှတ်ယူထားကြသောကြောင့် သူမ Weibo အကောင့်တွင် ခင်ပွန်းဖြစ်သူအကြောင်း စိတ်အား ထက်သန်စွာ ပြောလာသည့်အခါ လူအများမှ အကောင့်ဟက်ခံရသည်ဟုသာ ထင်ပြီး မေးခွန်းထုတ်ခဲ့ကြသည်။
ဤသည်မှာ စုံတွဲအတုအယောင်များသည် ထိုသို့ ပြုမူမည် မဟုတ်ဟူသောအချက်အပြင် ချမ်းသာသော အမျိုးသမီးများသည် ဤသို့သော ကလေးဆန်သည့်စကားအသုံးအနှုန်းများကို သုံးလိမ့်မည်မဟုတ် ဟူသော ယူဆချက်ကြောင့်ပင်ဖြစ်သည်။
လုလီ ပခုံးတွန့်လိုက်သည်။
ချမ်းသာသောအမျိုးသမီးများသည်လည်း တီတီတာတာ စကားတွေ ပြောခွင့်မရှိတော့ဘူးလား? ဆယ်လီတစ်ချို့သည် Super Chat သို့ နေ့တိုင်း အကောင့်ဝင်ပြီး ရန်ပုံငွေရှာလေ့ရှိသည်။ တစ်နေ့ ၎င်းတို့၏ အမှန်တရားများပေါ်ပေါက်လာပါက Fan တွေ ထိတ်လန့်သွားလိမ့်မည်ဖြစ်သည်။
သို့သော် ထိုအတွေးကို သူမစိတ်ထဲတွင်သာထားလိုက်သည်။
ခင်ပွန်းဖြစ်သူ အလုပ်ခရီးမှ ပြန်မရောက်သေးမီအချိန်တွင်း လုလီ နေ့စဉ် ပုံမှန်လုပ်ရိုးလုပ်စဉ် အတိုင်း လှုပ်ရှားသွားလာနေခဲ့သည်။
ချမ်းသာသော အမျိုးသမီးတစ်ယောက်၏ နေ့စဉ်ဘဝသည် စားလိုက် ၊ သောက်လိုက် ၊ Shopping ထွက်လိုက်လုပ်ရုံတင်မကပဲ လက်ထောက်မှ အချိန်ဇယားကို တိကျစွာ စီမံထားရသည်။ လက်ထောက်ချင်သည် သူမ ကြိုက်နှစ်သက်သော ကုန်ပစ္စည်းအသစ်ထွက်ရှိလာလျှင် သူမ၏ အချိန်ဇယားထဲတွင် ၎င်းကို ထည့်သွင်းပေးထားသည်။ မိတ်ဆွေများနှင့် အပြင်ထွက်လိုလျှင်လည်း ကြိုတင်အချိန်ဇယား ညှိနှိုင်းပေးသည်။ ပါတီပွဲ၊ ယောဂသင်တန်း သို့မဟုတ် စာပေဟောပြောပွဲများ တက်ရောက်လိုပါက သူမ၏အချိန်ဇယားထဲတွင် သတ်မှတ်ချိန် ရှိနေရမည်ဖြစ်သည်။
ယနေ့ သူမ၏ အချိန်ဇယားသည် အကသင်တန်းသို့ သွားရောက်ခြင်းဖြစ်သည်။
အမှန်မှာ သူဌေးသမီးတစ်ဦး၏ဘဝသည် ပျော်ပါးသွားလာနေရုံ သက်သက်ဖြင့်မပြည့်စုံနိုင်ပေ။ အထက်တန်းစား အမျိုးသမီးများသည် အဆင့်တစ်ခု ရောက်ရှိလာသောအခါ သင်ယူလေ့လာခြင်းကို နှစ်သက်ကြပြီး ဤသည်မှာ မိမိ၏ Skill ကို ဖြည့်ခြင်းဖြစ်သလို နောက်တစ်ဖက်တွင် လူမှုဆက်ဆံရေးကွန်ရက် တည်ဆောက်ဖို့အတွက်လည်း ဖြစ်သည်။
မြို့တော် S ရှိ ငွေကြေးချမ်းသာသော အမျိုးသမီးများအတွက် အထူးစီစဉ်ထားသော စန္ဒယားသင်တန်း များနှင့် ဘဲလေးအက သင်တန်းများစွာရှိသည်။ သီးသန့်သင်ကြားပေးသည့် အတန်းငယ်များလည်း ရှိသည်။စျေးနှုန်းမှာ မတန်တဆ မြင့်မားသော်ငြားလည်း ဈေးကွက်အလွန်ကောင်းမွန်နေပြီး အမျိုးသမီးများစွာကို ဤနေရာများမှ မွေးထုတ်ပေးနိုင်ခဲ့သည်။ ရရှိလာသည့်အတွေ့အကြုံများကို သူငယ်ချင်းအသိုင်းအဝိုင်းများနှင့် တခြားအမျိုးသမီးများထံလည်း ပို့ပေးကြသည်။
လုလီ ထိုသင်တန်းများကို စိတ်မဝင်စားပေ။ သူမ ငယ်စဉ်ကတည်းကပင် စန္ဒယားနှင့် ဘဲလေး အက ကို သင်ယူခဲ့ပြီးဖြစ်ရာ ဆရာမထက်ပိုကောင်းနေနိုင်သည်။ အဓိက ပြဿနာမှာ အဆိုပါသင်တန်းမျိုးတွင် အသက်သုံးဆယ်ဝန်ကျင်ရှိ အမျိုးသမီးများသာရှိနိုင်ပြီး ၎င်းတို့နှင့် စကားစမြည်ပြောဆိုဖိုရန်လည်း စိတ်မဝင်စားပေ။
သူမ အသက်အရွယ်အပိုင်းအခြားရှိ မိန်းကလေးအများစုသည် အိမ်ထောင်ပြုခြင်း မရှိသေးဘဲ မြို့တော် S တွင် “သူဌေးကတော်” ဟူသော ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားသူမှာ သူမတစ်ယောက်တည်းသာရှိသည်။
လုလီသည် ချောင်ကျာယိနှင့်တွေ့ဆုံပြီးနောက်ပိုင်း မြို့တော် S ရှိ အကစတူဒီယိုသို့ ဆွဲခေါ်ခံခဲ့ရသည်။
ထိုစတူဒီယိုထဲတွင် သူမနှင့် ချောင်ကျာယိအပါအဝင် အမျိုးသား၊ အမျိုးသမီး Idol အဖွဲ့များလည်း ရှိနေသည်။ ထို Idol များသည် ၎င်းတို့ Fan များနှင့်တွေ့ဆုံသည့်အခါ ပြီးပြည့်စုံစွာ တင်ဆက်ကပြချင်သဖြင့် ဤနေရာတွင် လာရောက်သင်ယူနေခြင်းဖြစ်သည်။
လုလီ ယခင် ဟောင်ကောင်တွင်နေခဲ့စဉ်က လျှို့ဝှက်ပြီး ကြယ်ပွင့်နောက်လိုက်ခဲ့ဖူးသည်။ ထိုစဉ်က မိခင်ဖြစ်သူ ရှာတွေ့မည်စိုး၍ အယ်လ်ဘမ်ပိုစတာများကို ဖွက်ထားခဲ့ရသည်။ မိခင်ဖြစ်သူသည် သူမ၏ ဘဲလေးအက သင်ယူမှုအား မကြာခဏဆိုသလို စစ်ဆေးလေ့ရှိသဖြင့် Idol မိန်းကလေးအဖွဲ့များ ကလေ့ရှိသည့် အကများကို သင်ယူရန်အချိန်မရှိပေ။
လက်ထပ်ပြီး မြို့တော် S သို့ ပြောင်းရွေ့လာပြီး နောက်ပိုင်းတွင် သူမအား သာယာစေသော အချက်တစ်ချက်မှာ လွတ်လပ်မှုပိုမိုရရှိပြီး နှစ်သက်သောအရာကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
အကစတူဒီယို လေ့ကျင့်ခန်း...
ပထမဆုံးသင်ယူမည့် သင်ခန်းစာမှာတင် ချောင်ကျာယိနှင့်လုလီတို့ သဘောထားကွဲလွဲခဲ့ကြသည်။
ချောင်ကျာယိသည် လူကြိုက်များသော အမျိုးသား Idol အဖွဲ့၏ ခပ်မိုက်မိုက်နှင့် ဆွဲဆောင်မှုရှိသော အကကို သင်ယူလိုပြီး၊ လုလီသည် မိန်းကလေးအဖွဲ့ Star Girl ၏ သီချင်းအသစ် 'This is Love' ကို သင်ယူလိုသည်။
Star Girl Idol အဖွဲ့ဝင်များသည် ပျမ်းမျှအသက် 18 နှစ်ဝန်းကျင်သာရှိကာ ချစ်စရာကောင်းပြီး သွက်လက်သော မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ၎င်းတို့သည် မကြာသေးခင်က 'This is Love' အမည်ရှိ သီချင်းတစ်ပုဒ်ထွက်ရှိခဲ့သည်။ သီချင်းသံစဉ်မှာ ချိုမြိန်ပြီး နားထောင်ရတာ စွဲမက်ဖွယ်ကောင်းသလို သီချင်းတစ်ပုဒ်လုံးသည် လေးနက်သောချစ်ခြင်းမေတ္တာကို ချစ်စဖွယ်ပုံဖော်ထားသည်။
'ငါမင်းကိုဘာလို့ ဒီလောက် ကြိုက်နေရတာလဲ?၊ နေ့တိုင်း မင်းအကြောင်းပဲ တွေးနေမိတယ်၊ နောက်စက္ကန့်အတွင်း မနမ်းရင် စိတ်ဆိုးမယ်။ ငါ မင်းကို အမြဲတမ်း စိတ်ဆိုးနေရတာ ဘာကြောင့်လဲ? ဟူ၍ မိမိ၏ခံစားချက်များကို ချစ်သူအား ဖွင့်ဟဝန်ခံထားသည့် သီချင်းစာသားများဖြစ်သည်။
သို့ဖြစ်ရာ 'This is Love' သီချင်းကို ဝန်ခံခြင်းအမျိုးအစားအဖြစ် အမည်ပေးခဲ့သည်။
ချောင်ကျာယိသည် ထိုစာသားများကြောင့် ကြက်သီးထကာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။ “ယောင်္ကျားလေး Idol အကအဖွဲ့နဲ့ အတူတူကကြရအောင်လေ”
လုလီ- "စိတ်မဝင်စားဘူး၊ သူတို့က ငါ့လောင်ကုန်းလောက်တောင် မချောဘူး”
ချောင်ကျာယိ: “…”
ချောင်ကျာယိသည် ခင်ပွန်းဖြစ်သူအား စစ်မှန်သောအချစ်ဟု မှတ်ယူနေသော စိတ်မမှန်သည့် လုလီအားကြည့်ပြီး သူမကိုယ်တိုင်လည်း ပြောစရာစကားမရှိတော့ပေ။
သို့ပေမယ့် သူမ စကားကိုတော့ လက်ခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ အမျိုးသား Idol အဖွဲ့ အားလုံးပေါင်းစပ်လိုက်ရင်တောင် လုလီ ခင်ပွန်း၏ရုပ်ရည်ကို မမှီသည်မှာ အမှန်ဖြစ်နေသောကြောင့်ပင်။
လုလီ- " ငါနဲ့အတူ 'This is Love' အက လိုက်သင်စမ်းပါ၊ နင်လည်းနင့်ကောင်လေးကို ကပြလို့ရသလို ၊ ငါလည်း ငါ့လောင်ကုန်းကိုလည်း ကပြလို့ရတယ်”
ချောင်ကျာယိသည် သူမအား ထိတ်လန့်သွားသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“နင် ဒီအကကို ချီချန်းရန်ကို ကပြမလို့လား?”
လုလီ ခေါင်းညိတ်ပြလိုက်ပြီး “အွန်း”
"ဒီနေ့ အကသင်မယ်လို့ ငါ့လောင်ကုန်းကို ကြိုပြောထားတယ်၊ ဒါကို ဗီဒီယိုရိုက်ထားပြီး ရလဒ်ကို သူ့ဆီ ပို့ပေးရမယ်”
ချီချန်းရန် အလုပ်ခရီးထွက်နေလည်း ကိစ္စတော့မရှိပေ။ သူ ဒါကို မှတ်တမ်းယူပြီး သူမ၏အချစ်တွေကို ဖန်သားပြင်ပေါ်တွင် မြင်ခွင့်ပေးမည်ဖြစ်သည်။
ဤသီချင်း၏စာသားများသည် ခင်ပွန်းဖြစ်သူအတွက် အလွန်သင့်လျော်သည်ဟု လုလီထင်သည်။ သူမလည်း ခင်ပွန်းကို ထိုသို့ ပြောပြချင်နေသည်။
-- 'ငါမင်းကိုဘာလို့ ဒီလောက် ကြိုက်နေရတာလဲ?၊ နေ့တိုင်း မင်းအကြောင်းပဲ တွေးနေမိတယ်၊ နောက်စက္ကန့်အတွင်း မနမ်းရင် စိတ်ဆိုးမယ်။ ငါ မင်းကို အမြဲတမ်း စိတ်ဆိုးနေရတာ ဘာကြောင့်လဲ?
ဤစကားကို ချောင်ကျာယိကြားလိုက်သည်နှင့် သူမသည် လုလီ၏ပုခုံးကို ဆွဲကိုင်လိုက်ပြီး
"လုလီ နိုးလာပါတော့၊ တောင်းပန်ပါတယ်…နိုးထပါတော့…”
လုလီ ထိတ်လန့်သွားပြီး သူမ ပခုံးပေါ်ရှိ ချောင်ကျာယိ၏ လက်များကိုဖယ်ထုတ်လိုက်သည်။
- "နိုးရမယ်"
ချောင်ကျာယိ သူမကို မနိုင်သဖြင့် စိတ်တိုပြီး ပြောလိုက်သည်။
- "နောက်မှ ငါ နင့်ကို ဘယ်တုန်းကမှ မတားခဲ့ဘူးလို့ မပြောနဲ့နော်"
လုလီ နှစ်လိုဖွယ်ပြုံးလိုက်ရင်း “နင် ငါ့ကိုတားလို့ရမှာမဟုတ်ဘူး”