Million Views (1)
Vol. 3 Ch. 36
ချီချန်းရန်သည် ဗီဒီယိုလင့်ခ်ကို လုလီဆီပို့ပေးလိုက်သည်။
လုလီ ခေါင်းစဉ်ကို အရင်ကြည့်လိုက်သည်။ Dance Studio- ဆရာမ Kiki ရဲ့ 'Restless'
လုလီ စိတ်ထဲ ဇဝေဇဝါဖြစ်သွားသည်။ အကစတူဒီယိုသည် Trainer များ၏ အကဗီဒီယိုများကို မကြာခဏတင်လေ့ရှိသော်လည်း ဤသည်မှာ သူမနှင့် မည်သို့သက်ဆိုင်သနည်း?
လုလီ ဗီဒီယိုကိုဖွင့်လိုက်ရာ ဗီဒီယိုဖိုင် စတင်ပွင့်လာသည်။ ထွက်ပေါ်လာသော သီချင်းသံများ အမျိုးသားIdol အဖွဲ့၏ သီချင်းအစား 'This is Love' သီချင်းတီးလုံးဖြစ်နေသည်။
ထို့နောက် ဖန်သားပြင်ပေါ်တွင် ခါးတိုရှပ်အင်္ကျီနှင့် ခါးမြင့်စကတ်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ချိုမြိန်သော သီချင်းသံစဉ်အောက်တွင် ချစ်စဖွယ် ကခုန်နေသည်။
လုလီ ဗီဒီယိုကိုမြင်သောအခါ သူမ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် လုလီ ထိတ်လန့်စွာဖြင့် ရုတ်တရက် မတ်တတ်ထရပ်လိုက်ရာ သူမမျက်နှာပေါ်ရှိ Face Mask မှာ ကွာကျလာ သည်။
ဘာတွေဖြစ်နေတာလဲ?!
ဤသည်မှာ သူမ၏ အကဗီဒီယိုဖြစ်နေသည်။
သို့သော် သူမ ဒါကို ခင်ပွန်းဖြစ်သူအတွက် သီးသန့်ကပြခဲ့ခြင်းဖြစ်ရာ အဘယ်ကြောင့် အွန်လိုင်းပေါ်တွင် ပလူပျံနေရသနည်း? လုလီအား ပို၍ ထိတ်လန့်သွားစေသည်မှာ ဗီဒီယိုဖိုင်အား ကြည့်ရှုသူပေါင်း တစ်သန်းကျော်နေခြင်းပင်။
ဗီဒီယိုက ဆက်ပွင့်နေဆဲဖြစ်သည်။
သူ၏လက်ချောင်းများပင် စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ်တုန်ခါသွားသည်။
သီချင်းစသောအခါ ဖန်သားပြင်ပေါ်တွင် ပျံ့လွင့်နေသည့် မရေမတွက်နိုင်သော မှတ်ချက်များ ရှိခဲ့သည်။
[??? ဘာဖြစ်တာလဲ? သီချင်းက ‘Restless’ မဟုတ်ဘူးလား? ဒါက ဘာသီချင်းလဲ?]
[သူတို့ ဗီဒီယိုများ မှားတင်လိုက်တာလား?]
[ အမှန်ပဲ ဗီဒီယိုမှားတင်တာနေမှာ ]
[ဒီထဲက မိန်းကလေးက ဘယ်သူလဲ။?သူက ဆရာမ Kiki တော့ မဟုတ်ပါဘူး]
[သေချာပေါက် မဟုတ်ဘူး၊ ခန္ဓာကိုယ်အချိုးအစားမတူဘူး၊ ဒီမိန်းကလေးက ခြေထောက် ပိုရှည်တယ်၊ ခါးလည်း ပိုသေးတယ်၊ အိုဘုရားရေ။ သူ ဘယ်လိုတောင် လှနေတာလဲ?]
ထို့နောက် ဒရမ်စည်းချက် မြည်လာပြီး ဗီဒီယိုထဲရှိ အမျိုးသမီးသည် ခေါင်းကို မော့ကာ ကင်မရာဘက်သို့ မျက်တောင်ခတ်ပစ်လိုက်သည်။
ကင်မရာထဲတွင် ထိုအမျိုးသမီးမျက်နှာ ပေါ်လာသောအခါ အားလုံး အံ့သြသွားကြသည်။
[??? ဒီအလှပဂေလေးက နာမည်ကြီးနေတဲ့ ဟို သူဌေးသမီး လုလီမဟုတ်လား? သူနဲ့သူ့လောင်ကုန်းက စုံတွဲအတုအယောင်ဆိုပြီး နာမည်ကြီးနေတာလေ]
[အမှန်ပဲ]
[ဒီသူဌေးသမီးက စားလိုက်၊ သောက်လိုက်၊ ဈေးဝယ်ထွက်လိုက်ပဲ လုပ်တတ်တယ် ထင်နေတာ ၊ဘယ်လို ကခုန်ရမလဲဆိုတာလည်း သိတာပဲလား?]
[မမှားဘူး၊ သေချာတယ် ဒါလုလီပဲ!]
[ဆရာမ Kiki ဖြစ်ရမှာလေ၊ ဘာလို့ လုလီဖြစ်နေတာလဲ?]
ထိုအကဗီဒီယိုအား ရိုက်ကူးစဉ်က videographer သည် လုလီ၏မျက်နှာအား အနီးကပ်ရိုက်ကူးရန် ကင်မရာအား ချဉ်းကပ်လိုက်စဉ် သူ့စိတ်များပင် လောင်ကျွမ်းသွားရသည်။
ဗီဒီယိုထဲတွင် လုလီ အသားအရေသည် ကြည်တောက်ရှင်းနေပြီး ဖျော်ဖြေရေးနယ်ပယ်ရှိ အမျိုးသမီးများထက်ပင် ပိုကြည့်ကောင်းလှသည်။
ဗီဒီယိုထဲက အမျိုးသမီးမှာအမှန်တကယ်ပင် လုလီဖြစ်နေသည်။
အစပိုင်း လူတိုင်း ထိတ်လန့်သွားပြီးနောက် ကခုန်နေသည့် အမျိုးသမီးကို သဘောကျစပြုလာသည်။
ဗီဒီယိုထဲတွင် အဆိုတော်၏ ချိုမြိန်သောအသံမှာ ပဲ့တင်ထပ်နေပြီး ချမ်းသာသောအမျိုးသမီးလေးသည် သံစဉ်တိုင်းကို ဟန်ချက်ညီစွာဖြင့် အဆင့်ဆင့်ကခုန်နေသည်။
'This is Love' သီချင်း၏ ကကွက်များမှာ မခက်ခဲလှသော်လည်း ဟန်ချက်ညီညီ ကဖို့ရန်မှာ မလွယ်ကူလှပေ။ ထိုအမျိုးသမီးသည် သံစဉ်အလိုက် မှန်းဆပြီး ကခုန်နေသည်ဟု ထင်ရသော်ငြား လည်း သူမ လက်ဟန်၊ခြေဟန် မျက်နှာအမူအရာတိုင်း ကွက်တိထပ်တူကျနေသည်။ အရေးကြီးဆုံး အချက်မှာ သူမသည် အက၏အနှစ်သာရကို ပေါ်လွင်အောင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်စွမ်းရှိပြီး လှုပ်ရှားမှုတိုင်းကို အသုံးပြုကာ သူမ၏ချစ်ခြင်းမေတ္တာနှင့် အချစ်စိတ်ပြင်းထန်မှုတို့ကို ပြသနေသည်။
ရှုထောင့်တိုင်းတွင် အချစ်ရည်များပြည့်လျှံနေပြီး သေးငယ်သောအမူအရာတိုင်းက ချစ်ဖို့ကောင်းနေပြီး ဖန်သားပြင်ပေါ်ရှိ ကြည့်ရှုနေသော လူများ၏ နှလုံးသားကို တုန်လှုပ်သွားအောင် ကိုင်လှုပ်နိုင်ခဲ့သည်။
[Ahhhhh!]
[F*ck ငါ့မျက်လုံးတွေတော့ ပျက်ပါပြီ…ချစ်ဖို့ကောင်းလိုက်တာ ဆိုတာ! ငါတို့ နတ်ဘုရားမလေးက သူဘယ်လောက်ချစ်ကြောင်း ဝန်ခံနေတာလား?]
[အား…ချိုလိုက်တာ…ချိုလိုက်တာဆိုတာ... ငါ ဒါကို ကြည့်ပြီး ဘယ်ချိန်ကတည်းက ပြုံးနေမိမှန်းတောင် မသိ တော့ဘူး]
[ဒါ နေ့တိုင်းပိုက်ဆံ ဘယ်လို သုံးဖြုန်းရမလဲဆိုတာပဲ စဉ်းစားနေတဲ့ သူဌေးသမီး လုလီ မဟုတ်လား? သူ အရမ်း ချစ်ဖို့ကောင်းတာပဲ]
[လုလီ ဘယ်သူအတွက် ကတာလဲ? သူ့လောင်ကုန်းအတွက်လား?]
[မဖြစ်နိုင်တာ! သူတို့လင်မယား အတုအယောင်တွေကို၊ ဒါ သူ့လောင်ကုန်းအတွက် ကတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး]
[အမှန်ပဲ! မဖြစ်နိုင်ဘူး!]