← Chapters

Million Views (2)

Vol. 3 Ch. 37

Million Views (2)

Vol. 3 Ch. 37

လုလီသည် သူမ၏အကကို တိုက်ရိုက်မှတ်ချက်များနှင့်အတူ ကြည့်ရှုခဲ့သည်။

ထို့နောက် သူမ အကစတူဒီယိုဆီ ဖုန်းဆက်ရန် ပြင်လိုက်စဉ် စတူဒီယိုဘက်မှ ဖုန်းဝင်လာသည်။

သို့မှသာ အလုပ်သင်ဝန်ထမ်းမှ သူမ၏ ကခုန်နေသောဗီဒီယိုကို မှားတင်မိမှန်း စတူဒီယိုပိုင်ရှင်မှ ရှင်းပြလာသည်ကို သိလိုက်ရသည်။ ၎င်းတို့ ဝက်ဘ်ဆိုဒ်တွင် အဆိုပါ ဗီဒီယိုအား တင်ထားသည်မှာ သုံးနာရီကြာသွားပြီဖြစ်ပြီး ကြည့်ရှုမှုသန်းတစ်ထောင်ကျော်သွားသည်ကို မြင်လိုက်ရသောအခါ လုလီ တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

"မစ်လု၊ စိတ်မကောင်းပါဘူး၊ တကယ်တောင်းပန်ပါတယ်။ ဒါ ကျွန်တော်တို့အမှားပါ။ မင်းရဲ့အဝတ်အစားတွေက ဆရာမ Kiki ဝတ်စုံနဲ့တူနေတော့ အလုပ်သင်ကောင်လေးက မှားတင်လိုက်မိတာပါ၊ ကျွန်တော်တို့ ဗီဒီယိုကို အမြန်ပြန်ဖျက်လိုက်ပါပြီ၊ အမှားအယွင်းဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ဘက်က တကယ်ကို အနူးအညွတ်တောင်းပန်ပါတယ်” စတူဒီယိုပိုင်ရှင်က မျက်ရည်များဝဲကာ တောင်းပန်ခဲ့သည်။

စတူဒီယိုပိုင်ရှင်၏ စိတ်ထဲတွင် နောက်စက္ကန့်အတွင်း ထို ချမ်းသာသော သူဌေးကတော်သည် လက်ညိုးတစ်ချောင်းဖြင့် သူ့စတူဒီယိုအား ဝယ်ယူကာ အားလုံးကို အာဖရိကသို့ ပို့လိုက်လေမလား ဟူသော စိုးရိမ်စိတ်များဖြစ်ပေါ်နေခဲ့သည်။

လုလီသည် စတူဒီယိုပိုင်ရှင်၏ရှင်းပြချက်ကို ဝိဉာဉ်လွင့်နေသောမျက်နှာဖြင့် နားထောင်နေသည်။

ထိုအခိုက်အတန့်မှာပင် သူမစိတ်ထဲတွင် ဒရာမာဇာတ်ကားမှ စကားလုံးများပေါ်လာပြီး ကိုးကား အသုံးပြုလိုက်သည်။

"တောင်းပန်ရုံနဲ့ ကျေအေးကြေးဆို ဘာလို့ရဲတွေရှိနေမှာလဲ?”

ဗီဒီယိုကို ဖျက်လိုက်လျှင် ပြဿနာ ဖြေရှင်းနိုင်သည်ဆိုလျှင်တောင် ထိုဗီဒီယိုအား ကြည့်ရှုခဲ့ကြသော ကြည့်ရှုသူ သန်းပေါင်းများစွာထံမှ ဒါကို မေ့ပျောက်သွားအောင် လုပ်နိုင်မည်လား?

လုလီ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

ဤသည်မှာ ခင်ပွန်းဖြစ်သူအတွက်သာ သီးသန့်ရိုက်ကူးခဲ့ခြင်းဖြစ်ရာ ယခုမူ သူမ၏ပုံရိပ်လုံးဝပျက်စီးသွားခဲ့ရပြီဖြစ်သည်။

ဂုဏ်သရေရှိ ချမ်းသာသော အမျိုးသမီးတစ်ယောက်သည် ဘဲလေးအကကနေရမည့်အစား Idol အဖွဲ့၏ကကွက်ကို ကခုန်နေသည်။

ဤသည်ကို မိခင်ဖြစ်သူ မြင်သွားပါက မည်သို့လုပ်ရမည်နည်း?

လုလီ ဖုန်းချပြီးနောက် WeChat ကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။

ချောင်ကျာယိထံမှ မက်ဆေ့ချ်ဝင်နေသည်။

Weibo မှ လင့်ခ်တစ်ခုဖြစ်သည်။

စတူဒီယိုမှ ထို ဗီဒီယိုကို ဖျက်ချလိုက်ပြီဖြစ်သော်ငြားလည်း တစ်စုံတစ်ယောက်က ၎င်းကို ဒေါင်းလုဒ်လုပ်ထားပြီးဖြစ်သည်။

[ချောင်ကျာယိ: နင် ဒါကို နင့်လောင်ကုန်းအတွက် ရိုက်ထားတာမဟုတ်ဘူးလား?]

[ဘာလို့ Weibo မှာ ရှိနေတာလဲ?]

[သုံးနာရီအတွင်း ပလက်ဖောင်းတစ်ခုတည်းနဲ့ view သန်းတစ်ထောင်ကျော် သွားပြီ၊ အံ့ဩစရာပဲ!]

[အကလေ့ကျင့်ထားတဲ့ဗီဒီယိုကို ကန့်သတ်အချိန်အတွင်း view သန်းတစ်ထောင်ကျော်ရဖို့ဆိုတာ ဘယ်လိုမှမလွယ်ကူမှန်း နင်သိတယ်မဟုတ်လား?]

[နင်လည်းသိမှာပါ၊ Star Girls တောင် အဲ့မှတ်တိုင်ကို မရောက်ခဲ့ဘူး။]

လုလီ: “…”

သူမ မည်သို့ ပြန်ဖြေရမှန်း မသိတော့ပေ။ချောင်ကျာယိသည် ထိုဗီဒီယို၏ လက်ရှိဖြန့်ချီခြင်းအကြောင်းကိုပင် မတွေးဝံ့ခဲ့ပေ။ သူမ ခင်ပွန်းဖြစ်သူနှင့် စကားပြောဆိုရန် တိုက်ရိုက်ဖုန်းဆက်လိုက်သည်။

ချီချန်းရန် ဖုန်းကိုင်လိုက်သည်။

ဖုန်းထဲမှ လုလီ၏ မကျေမနပ်ဖြစ်နေသော အသံထွက်ပေါ်လာသည်။ “ဟူး..ကျွန်မ ဒါကို ရှင့်အတွက် ရိုက်တာ၊ ဒါကို စတူဒီယိုဘက်က မှားပြီးတင်လိုက်တာ”

"ကျွန်မ ဘာလုပ်ရမလဲ?”

"ကျွန်မ ပွဲမဖြစ်ချင်ဘူး”

"Ah၊ ကျွန်မကလေ လောင်ကုန်းရဲ့အမိန့်ကိုနာခံတက်တဲ့ အားလီလေးပဲ ဖြစ်ချင်တာ”

လုလီစကားကို နားထောင်ရင်း ချီချန်းရန် နဖူးအား ပွတ်သပ်လို့နေသည်။

သေချာပါတယ်၊ ဒါ မှန်းထားတဲ့အတိုင်းပဲ။

သူ ထင်ထားသည့်အတိုင်း ဖြစ်နေသည်ကို တွေးလိုက်သောအခါ သူ့မျက်နှာ မည်းမှောင်သွားသည်။

လုလီငြိမ်သက်သွားပြီး “လောင်ကုန်း…”

ချီချန်းရန်- "PRဌာနကို အခုချက်ချင်းဖျက်ခိုင်းလိုက်မယ်"

သို့သော် လုလီ ဖုန်းအား ဆုပ်ကိုင်ထားရင် ခဏစဉ်းစားပြီး နောက် "မဖျက်နဲ့တော့" ဟု ရုတ်တရက်ပြောလိုက်သည်။

ချီချန်းရန်အံ့ဩသွားသည်- "အမ်?"

"တော်သေးတာက ဒီအကက လောင်ကုန်းကို ဘယ်လောက်ချစ်ကြောင်း ဖော်ပြတဲ့ အကဖြစ်ပြီး အရှက်မရှိ ခုန်ပေါက်ပြီး ကနေတာမျိုး မဟုတ်လို့”

ချီချန်းရန်: “…”

PR ဘက်မှ ထိုပြဿနာနှင့် ပတ်သက်၍ တစ်စုံတစ်ခု လုပ်ဆောင်နိုင်သည်ကို မြင်လိုက်ရသဖြင့် လုလီ ကိုယ်ပိုင် အကြံဥာဏ်တစ်ခု ရရှိခဲ့သည်။ ယခု ဖျက်ပစ်လျှင်လည်း နောက်ကျနေပြီဟု သူမ ခံစားမိသည်။ မည်သို့ပင်ဆိုစေကာမူ ချမ်းသာသောသူဌေးသမီး၏ ကခုန်နေသော ဗီဒီယိုမှာ ပျံ့နှံ့နေလောက်ပြီဖြစ်ရာ သူမပုံရိပ်သည်လည်း ပြိုကျသွားလောက်ပြီဖြစ်သည်။ ထို့ကြောင့် ဖုံးကွယ်ဖို့ ကြိုးစားသည်ထက် သူမအပေါ် ဖုံးလွှမ်းနေသော စုံတွဲအတုအယောင်ဟူသော ကောလဟာလများကို ရိုက်ချိုးပစ်လိုက်သည်က ပိုကောင်းမည်ဟု သူမထင်သည်။

"ကိုယ့်လောင်ကုန်းကို ဘယ်လောက်ချစ်ကြောင်း ဝန်ခံတာ လူတွေမြင်သွားတော့ အဆိုးထဲက အကောင်းပေါ့”

"ကျွန်မတို့က စုံတွဲအတုတွေ မဟုတ်ဘူး"

"လောင်ကုန်း ကျွန်မ ရှင့်ကို ချစ်တယ်နော်"

ချီချန်းရန်သည် ဖုန်းထဲမှတဆင့် လုလီ၏ ပြင်းပြသော ဝန်ခံချက်ကို ကြားလိုက်ရသောအခါ သူ ခဏ ငေးငိုင်သွားသည်။

သူ့လည်ချောင်းထဲ တစ်ခုခု ကပ်နေသလို ခံစားလိုက်ရသည်။

သို့သော် လုလီသည် ခင်ပွန်းသည်ကို သူမနည်းတူ တုံ့ပြန်ပြောဆိုရန် အတင်းအကျပ် မတိုက်တွန်းခဲ့ပေ။

ခင်ပွန်းဖြစ်သူသည် ရှက်တတ်ပြီး ထိုစကားမျိုးတွေ မပြောတတ်ကြောင်း သူမသိသည်။

လုလီကဆက်ပြောသည်- "လောင်ကုန်း၊ နောက်တစ်ခါ ကျွန်မ ရှင့်အတွက်ပြင်ဆင်ထားတဲ့ အကဗီဒီယိုကို စတူဒီယိုဘက်က မှားတင်ရင် သူတို့ရဲ့ စတူဒီယိုကို အပိုင်ဝယ်ပြီး အာဖရိကကို ပို့ပစ်ရမယ်နော်"

ချီချန်းရန် "အင်း"

လုလီ: "ကျေးဇူးပါပဲ လောင်ကုန်း"

ချီချန်းရန်- “Good night.”

ချီချန်းရန် ဖုန်းချလိုက်ပြီးနောက် သူနေထိုင်ရာ ဟိုတယ်အခန်း၏ တိတ်ဆိတ်မှုသည် ပို၍ထင်ရှားလာသည်။

ထိုအချိန်မှသာ ချီချန်းရန်သည် စိတ်တည်ငြိမ်သွားပြီး လုလီ သူ့အတွက် အထူးပြင်ဆင်ထားသည့် အကဗီဒီယိုကိုဖွင့် ကြည့်လိုက်သည်။

ဗီဒီယိုအဆုံးသတ်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များသည် မသိစိတ်မှ ကွေးညွတ်နေသည်ကို သတိထားလိုက်မိသည်။

ဤသည်မှာ သီချင်းထဲက ချိုမြိန်တဲ့ စာသားတွေကြောင့်လား?

သူ့အတွက် သီးသန့်ရိုက်ကူးထားသည့် ဗီဒီယိုကို တစ်လောကလုံး မြင်သွားကြပြီမို့ သူစိတ်ပျက်လက်ပျက်ဖြစ်နေရမှာ မဟူတ်ဘူးလား?

အရှေ့ပိုင်းက လုလီ၏ ဝန်ခံချက်ကို ပြန်မဖြေမိခြင်းအတွက် ရုတ်တရက် သူစိတ်မကောင်းဖြစ်သွားသည်။

ချီချန်းရန် တိတ်ဆိတ်နေပြီး မှတ်ချက်အပိုင်းကို စိုက်ကြည့်လိုက်သည်။

All Chapters