School Grass x School Flower (1)
Vol. 3 Ch. 41
လုလီသည် ထိုသားဆက်ခြားထုတ်ကုန်များကို မည်သည့်အချိန်ကတည်းက စတင်အာရုံစိုက်ခဲ့မှန်း ချီချန်းရန် မသိခဲ့ပေ။
ချီချန်းရန် ခေါင်းငုံ့ကြည့်လိုက်ရာ သူမ၏ နုနယ်သိမ်မွေ့သည့် မျက်နှာထက်ဝယ် အနည်းငယ်စူထွက်နေသော နှုတ်ခမ်းတစ်စုံကို တွေ့လိုက်ရသည်။
သူ တံထွေးမြိုချလိုက်သည်။
ထို့နောက်သူ၏ ရှည်လျားသော လက်ချောင်းများသည် ကုတင်ဘေး စားပွဲပေါ်သို့ ရောက်ရှိသွားပြီး သူမပြောခဲ့သည့်အရာကို ထုတ်ယူကာ “နောက် တစ်ခု ထပ်သုံးရအောင်နော်” ဟု ညင်သာစွာ ချော့မြူလိုက်သည်။
“ရှင့် သဘောပဲ”
-
ချီချန်းရန်သည် မြို့တော် B မှ အလုပ်ကိစ္စဖြင့် ပြန်ရောက်ပြီးနောက် ပုံမှန်အလုပ်ပြန်ဆင်းခဲ့သည်။
လုလီသည် နောက်ဆုံးတွင် ခင်ပွန်းဖြစ်သူအား နေ့တိုင်းစောင့်မျှော်နေရသည့်ဘဝမှ လွတ်မြောက်ကာ ခင်ပွန်းသည်အား နေ့တိုင်းပွေ့ဖက်နိုင်သော ဇနီးသည်၏ဘဝကို ပြန်လည်ပိုင်ဆိုင်ခွင့်ရသွားခဲ့သည်။
ချောင်ကျာယိ၏မိသားစုသည် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြပြီး၊ မကြာသေးခင်က ရေပူစမ်းအပန်းဖြေဟိုတယ်အသစ်ကို ဖွင့်လှစ်ခဲ့ပြီး လုလီအား လာရောက်လည်ပတ်ရန် အထူးတလည် ဖိတ်ကြားခဲ့သည်။
သီးသန့်ရေချိုးခန်းတွင် ရေအပူချိန် 40 ဒီဂရီရှိပြီး ရေကန်ပတ်လည်ရှိ ကျောက်တုံးများကိုပင် ဂရုတစိုက်စီစဉ်ထားပုံရသည်။
ချောင်ကျာယိသည် ခွက်ထဲရှိ လိမ္မော်ရည်ကို ပိုက်ဖြင့် စုတ်ယူလိုက်ပြီး ခင်ပွန်းဖြစ်သူ၏ ပြင်းပြသောတောင်းဆိုမှုများအပေါ် ညည်းညူနေသော လုလီအား တစ်ချက်ကြည့်လိုက်သည်။
နှစ်ယောက်လုံးသည် အတွင်းသိ၊အဆင်းသိ ရင်းနှီးကြသော မိတ်ဆွေများဖြစ်ရာ မည်သည့်အကြောင်းကိုမဆို မရှက်စတမ်း ရင်ဖွင့်နေကြဖြစ်သည်။
လုလီနှင်ချီချန်းရန်တို့သည် အိမ်ထောင်ကျပြီးကတည်းက အတူနေထိုင်ခဲ့မှန်း သိထားသော်လည်း ၎င်းတို့ကြားရင်းနှီးမှုမှာ ဤမျှ တိုးတက်လာမှန်း သူမ မသိခဲ့ပေ။ ဤသည်မှာ လုလီ၏လွဲမှားနေသော သိမြင်နိုင်စွမ်းပြဿနာကြောင့် ဖြစ်နိုင်ပြီး ချီချန်းရန်ကလည်း ဇနီးသည်၏အခြေအနေကို အခွင့်ကောင်းယူနေသည်ဟုလည်း သူမထင်မြင်သည်။ သို့ဖြစ်ရာ သူမအနေနှင့် လုလီအား ခင်ပွန်းဖြစ်သူ၏အခွင့်ရေးယူမှုကို သတိပေးရန်လိုအပ်နေသည်။
“ဒါဆို နင်၊ အင်း....” ချောင်ကျာယိ စကားခဏရပ်လိုက်ပြီး “မိုးရွာတုန်း ရေခံလို့ ပြောရမှာပဲ"
"နင်လောင်ကုန်းက အရမ်းလိုချင်နေပြီ၊ နင်က လက်မခံဘူးဆိုရင် ဘာမှမတတ်နိုင်ဘူးလေ၊ အခုက မိုးရွာတုန်းရေခံနေတာ၊ နင် ပြန်ကောင်းလာတဲ့အခါကျ မိုးခေါင်သွားရင် ရေငတ်ပြီး သေမှာစိုးလို့"
လုလီ: “…”
ချောင်ကျာယိသည် ရေကူးကန်ရဲ့ အစွန်းကို သက်တောင့်သက်သာမှီရင်း ပြောလာသည်။
"နင် ကနေတဲ့ဗီဒီယိုကို မြင်ပြီး သူ ဒီလို တုံ့ပြန်နေတာများလား?"
လုလီသည် ရုတ်တရက် သူမ၏ အကဗီဒီယိုကို တွေးမိသွားပြီး သူမမျက်နှာ ညိုမည်းလာကာ
“နောက်တစ်ခါ ငါ့ဗီဒီယိုကို အခုလို အလွဲသုံးစားလုပ်တာမျိုး ထပ်တွေ့ရင် လုပ်တဲ့လူကို အာဖရိကကို ပို့ပစ်မယ်လို့ ငါ့လောင်ကုန်းက သဘောတူထားတယ်"
ချောင်ကျာယိ: “…”
"ပြီးတော့?" သူမ မနေနိုင်ဘဲ မေးလိုက်သည်။
လုလီ- "ပြီးတော့က ဘာကိုဆိုလိုချင်တာလဲ?"
ချောင်ကျာယိ-"သူတို့ကို အာဖရိက ပို့ပြီးတာနဲ့ ဘာဆက်ဖြစ်မှာလဲ? တခြားအပြစ်ဒဏ်ရှိသေးလား?
လုလီသည် သူ့ဒူးခေါင်းပေါ်ရှိ အညိုအမည်းဒဏ်ရာအား ချီချန်းရန် အနမ်းပေးခဲ့သည်ကို သတိရပြီး ပြုံးရင်း ပြောလာသည်။ "သူ ငါ့ကို ထပ်မကဖို့ပြောတယ်"
ချောင်ကျာယိ: ???
ဒီ…
လုလီ၏ချစ်စဖွယ်ကပြမှုကြောင့် ကြွေဆင်းနေသူအများအပြားရှိခဲ့သော်လည်း ချီချန်းရန်၏ တုံ့ပြန်မှုဟာ "နောက်မကနဲ့တော့" ဆိုတဲ့ စကားတစ်ခွန်းတည်းပဲလား?
ဒီအမျိုးသားက ဘယ်လိုတောင် နုံ့အလွန်းရတာလဲ?
သူမ လုလီဘက် မျက်နှာလှည့်လာပြီး မေးလိုက်သည်။ "နင်အရမ်းချစ်ဖို့ကောင်းနေတယ်လို့ သူ မပြောဘူးလား?"
လုလီ ခေါင်းကိုခါယမ်းပြလိုက်သော်လည်း ဂရုမစိုက်သောဟန်ဖြင့်- "သူက ရှက်တတ်တော့ အဲ့လိုထုတ်မပြောတတ်ဘူး"
ချောင်ကျာယိ စိတ်ပျက်လက်ပျက်ဖြင့် သူမနဖူးကိုသာ ပွတ်သပ်နေလိုက်သည်။
ချောင်ကျာယိ ယခင်ကသိထားသည်မှာ ချီချန်းရန်သည် သူမ၏နာမည်ခံလောင်ကုန်းအတု သာဖြစ်ပြီး ၊ ၎င်းတို့ကြား မည်သည့်ပြောင်းလဲမှုမှ မရှိကြောင်း သူမသိထားသည်။ သို့သော် သူမ၏ခေါင်းအား ထိခိုက်မိပြီး နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူအား အရှက်အကြောက်ကြီးသည်ဟု ထင်မြင်နေသည်။
ချောင်ကျာယိသည် ချီချန်းရန်အား စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး လုလီအား "နင် သူ့ကို တစ်ချိန်လုံး ခွင့်ပြုပေးမနေနဲ့"
လုလီ မည်သည့်စကားမှ တုံ့ပြန်မလာပဲ ဖျော်ရည်ကိုမော့သောက်လိုက်သည်။ သူမ လက်မခံလျှင် ချီချန်းရန်ဘက်မှ 'ဒါ' ကို ရပ်ပေးမှာဖြစ်ပေမဲ့ သူမကိုယ်တိုင်က ခင်ပွန်းဖြစ်သူနှင့် ရင်းနှီးမှုကို နှစ်သက်နေခြင်းဖြစ်သည်။
နှစ်ယောက်သား ရေချိုးပြီးနောက် ရေချိုးဝတ်စုံ ဝတ်ကာ Spa ခန်းသို့ လျှောက်သွားကြသည်။
၎င်းတို့ အနားယူခန်းဘေးကဖြတ်သွားစဉ် ချောင်ကျာယိ အတွင်းသို့ လှမ်းကြည့်လိုက်ပြီး လုလီက အနောက်ကလိုက်လာခဲ့သည်။ ထို့နောက် ဧည့်ခန်းထဲတွင် သူမ တွေ့လိုက်သောလူကို သတိရသွားသည်။
ချောင်ကျာယိ ခြေလှမ်း ရပ်လိုက်ပြီး နောက်ပြန်လှည့်လိုက်သည်။
လုလီလည်း သူမနောက်မှလိုက်ကာ- "ဘာဖြစ်တာလဲ?"
ချောင်ကျာယိ ထိုအခန်းပေါက်ဝသို့ ရောက်သွားချိန်တွင် အထဲက လူကို မြင်လိုက်ရသည်နှင့် အံ့အားသင့်မှုကို မထိန်းနိုင်တော့ဘဲ လုလီ၏လက်မောင်းကို ဖြန်းခနဲရိုက်လိုက်သည်။
"ဟဲ့ ကြည့်စမ်း၊ အဲ့ဒါ ပိုင်ရှန့်ယင်မဟုတ်လား?"
လုလီသည် ချောင်ကျာယိ၏ အကြည့်နောက်သို့ လိုက်သွားရာ အမျိုးသမီးငယ်သည် သပ်သပ်ရပ်ရပ်ထိုင်နေပြီး စားပွဲထိုးက ဝိုင်တစ်ခွက်ကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေငှဲ့ပေးနေသည်။
လုလီ မှတ်မိသွားပြီး ခေါင်းညိတ်လိုက်သည် "အင်း ဟုတ်တယ် သူပဲ"