Anti-Prostitution(1)
Vol. 3 Ch. 44
ချီချန်းရန်သည် လုလီ၏စကားကို သေချာအာရုံစိုက် နားထောင်ပေးကာ သူ့လက်မနှင့်နဖူးကို အနည်းငယ်ပွတ်သပ်ရင်း လုလီ၏မျက်နှာကို ဂရုတစိုက်ကြည့်နေမိသည်။
ဒီလိုအရာတွေ တကယ်ရှိလို့လား?
လုလီသည် သဘောကျစွာ ရယ်မောလိုက်ရင်း ချီချန်းရန်၏လက်မောင်းထဲသို့ တိုးဝင်လိုက်သည်။
ချီချန်းရန်သည် သူမနောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး "အိပ်တော့"
လုလီသည် ခင်ပွန်းဖြစ်သူ၏ ကိုယ်သင်းနံ့သင်းသင်းကို ရှုရှိုက်ရင်း သမ်းဝေကာ မျက်ခွံများလေးလံလာပြီး အိပ်ပျော်သွားသည်။
သူမ အိပ်မက်တစ်ခုမက်ခဲ့သည်။
အိပ်မက်ထဲတွင် ခင်ပွန်းဖြစ်သူသည် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ချမ်းသာပြီး ချောမောကာ အထက်တန်းကျောင်းသူလေးများ၏ နတ်ဘုရားဖြစ်ကြောင်း သူမ အိပ်မက်မက်ခဲ့သည်။ သူမသည် သူဌေးသမီး ကျောင်းသူအဖြစ် ချီချန်းရန်၏ကျောင်းသို့ ပြောင်းရွှေ့လာခဲ့သည်။ ကျောင်းရှိ လူပျိုများသည် သူမအား ချစ်ကြိုက်နေကြသော်လည်း သူမကမူ အေးစက်တည်ကြည်သော ချီချန်းရန်ကိုသာ စိတ်ဝင်စားခဲ့သည်။ နောက်ပိုင်းတွင် နှစ်ဦးနှစ်ဖက်၌ တူညီမှုများစွာရှိလာခဲ့ပြီး တစ်ဦးကိုတစ်ဦး မျက်မှန်းတန်းမိခဲ့ရာမှ အဆုံး၌ အထက်တန်းကျောင်းချစ်သူစုံတွဲလေး ဖြစ်လာခဲ့သည်။
လုလီ ထိုအိပ်မက်ကိုမက်ခဲ့သည်။ အိပ်မက်ထဲတွင် သူမပြုံးရယ်နေမိပြီး နှလုံးသားထဲမှ ချိုမြိန်မှုကို ခံစားလိုက်ရသည်။
သို့သော် ရုတ်တရက် သူမအိပ်မက်က ဇောက်ထိုးဖြစ်သွားသည်။
ကျောင်းသို့ နောက်ထပ် အလှလေးတစ်ယောက် ထပ်ရောက်လာခဲ့သည်။ ထိုမိန်းကလေးသည် သူမထက် စာမေးပွဲအမှတ်ပိုကောင်းပြီး ပိုလည်းလှသည်။ သို့သော် သူမ၏ မိသားစုသည် ဆင်းရဲချို့တဲ့လှပြီး ကျောင်းလခများကို ပညာသင်ဆုနှင့်သာ အားထားရသည်။ Canteenတွင် ထမင်းမှာစားသည့်အခါတိုင်း ဈေးအသက်သာဆုံးဟင်းများကိုသာ မှာယူလေ့ရှိသည်။
ထိုမိန်းကလေးသည် လှပပြီး သနားစရာကောင်းလှသဖြင့် လူတိုင်းက သူမကိုကြိုက်ကြသည်။လုလီထံ အာရုံစိုက်ထားသော မျက်လုံးများသည် ချက်ချင်းဆိုသလို ထိုဆင်းရဲသောမိန်းကလေးငယ်ဆီ ရောက်ရှိသွားတော့သည်။
ဒါတင်မကသေးဘဲ နောက်ပိုင်းတွင် ချီချန်းရန်ပါ ထိုအလှလေးကို သဘောကျစပြုလာသည်။
ထိုမိန်းကလေးနှင့်ချီချန်းရန်တို့ ခေါင်းချင်းဆိုင်လျက် တစ်ခုခု ပြောနေကြသည်ကို မြင်လိုက်ရသောအခါ လုလီ စိတ်ထဲတွင် မခံမရပ်နိုင်ဖြစ်သွားပြီး ထိုမိန်းကလေးကို ဆွဲဖယ်ကာ "နင် ငါ့ကောင်လေးနားကို ဘာအကြံနဲ့ချဥ်းကပ်နေတာလဲ?"
သူမ အပြုအမူကြောင့် ထိုမိန်းကလေး ငိုကြွေးသွားပြီး "ငါတို့က စာအကြောင်းပဲဆွေးနွေးနေတာ၊ တခြား ဘာအဓိပ္ပါယ်မှမပါဘူး"
ချီချန်းရန်လည်း စိတ်တိုသွားပုံရကာ "မင်း ဘာဖြစ်နေတာလဲ?" ဟု ပြောပြီး ထိုမိန်းကလေးကို ကပျာကယာ တောင်းပန်နေသည်။
သူမမျက်လုံးဖွင့်လိုက်သောအခါ ချီချန်းရန်သည် သူမမျက်စိရှေ့တွင်ရှိနေပြီး မျက်လုံးမှိတ်ထားကာ ပုံမှန်အသက်ရှူနေသည်ကို တွေ့လိုက်ရသည်။
လုလီသည်အိမ်မက်ထဲတွင် မိန်းကလေးတစ်ယောက်အတွက် သူမအား လျစ်လျူရှုခဲ့သော ချီချန်းရန်အကြောင်း သတိရပြီး ဒေါသထွက်ကာ ချီချန်းရန်နှင့်ရန်ဖြစ်ရန် ဆုံးဖြတ်လိုက်သည်။
ချီချန်းရန်သည် သူ့ရင်ခွင်ထဲတွင် လှုပ်ရှားနေသော လုလီကြောင့် နိုးလာသည်။
လုလီ သူ့ပုခုံးကို ကိုက်လိုက်သည်။
ချီချန်းရန် သမ်းဝေကာ မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး သူမအား ပြန်ဆွဲဖက်ကာ ဆက်အိပ်ဖို့ အချက်ပြလိုက်သည်။
လုလီ ထပ်ပြီး ကိုက်လိုက်ပြန်သည်။
ချီချန်းရန် နောက်ဆုံးတွင် နိုးလာသည်။
လုလီ အံကြိတ်ကာ အိပ်မက်ထဲမှ အကြောင်းအရာကို ဒေါသတကြီး ပြန်ပြောပြနေသည်။
ချီချန်းရန်: “…”
နောက်ဆုံးမှ ချီချန်းရန်သည် ဖြစ်ကြောင်းကုန်စင်ကို သဘောပေါက်သွားသည်။
သူ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။
လုလီ: "ရှင် ကျွန်မကို ဘာမှပြောစရာမရှိဘူးလား?"
ချီချန်းရန်: “အင်း…”
လုလီသည် သူ၏တိုးလျနေသော တုံ့ပြန်သံကိုကြားသောအခါ ချီချန်းရန်၏ ခန္ဓာကိုယ်အား ခြေထောက်ဖြင့် ခွကာ ဖက်လိုက်သည်။
"အိပ်မက်ဖြစ်နေလို့ တော်သေးတယ်"
"တကယ်သာဆို ကျွန် ရှင့်ကို ဒီတိုင်းလွှတ်ထားမှာမဟုတ်ဘူး"
ချီချန်းရန် ပြုံးကာ လုလီအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး "ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးနော်"