ဝါးမျိုလို့မရနိုင်သော
Vol. 175 Ch. 2617
အဆုံးမဲ့ညနှင့် အကန့်အသတ်မဲ့သော အမှောင်ထုက ချဥ်းနင်းဝင်ရောက်လာသည်။
ချက်ချင်းပင် လောကက မှောင်မည်းသွားပြီး ကောင်းကင်က အလင်းရောင်ကိုဆုံးရှုံးသွားရသည်။
အင်မော်တယ်ဘုရင်ညတာရှည်က သူ၏ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာကိုသုံးပြီး ငရဲဖိနှိမ်မီးဖိုကို ထိန်းထားကာ သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူအကြီးက သိုင်းတာအိုပင်မခန္ဓာကို ဝါးမျိုလာခဲ့သည်။
“အဲဒါပြီးသွားပြီ”
ထိုသည်ကို အင်မော်တယ်ဘုရင်များက တွေ့မြင်သောအခါ သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြသည်။
အထီးကျန်သိုင်းသခင်သည် အင်မော်တယ်ဘုရင်ညတာရှည်၏ ကောင်းကင်လိုဏ်ဂူအကြီးထဲသို့ ကျဆင်းသွားသည်နှင့်အမျှ သူသည် မည်မျှပင်တုန်လှုပ်စရာကောင်းသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည်ဖြစ်စေ သူက စိတ်ရှိတိုင်းသတ်ဖြတ်ခံရမည့် ငါးတစ်ကောင်ကဲ့သို့ ဖြစ်လာပေလိမ့်မည်။
အင်မော်တယ်ဘုရင်မလင်းလုံက စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
မိစ္ဆာမဟာနယ်မြေဘက်မှာ ဖုန့်စန်းထျန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ တိုက်ခိုက်ချင်စိတ်ကို ဖိနှိမ်ကာ ဆက်လက်၍စောင့်ကြည့်နေသည်။
သိုင်းတာအိုပင်မခန္ဓာက သူ့ကို မတိုက်ခိုက်ဖို့ ထပ်တလဲလဲညွှန်ကြားထားခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် အလွယ်တကူသေဆုံးသွားလိမ့်မည်မဟုတ်ဟု သူယုံကြည်မိလေသည်။
ညတာရှည်ကောင်းကင်လိုဏ်ဂူထဲမှာ သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့သည်။ သူ၏ မျက်လုံးထဲမှာ ခရမ်းရောင်မီးတောက်များက လောင်ကျွမ်းလာပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်ကာ သူ၏ မျိုးဆက်သွေးကို အကန့်အသတ်ထိလှည့်ပတ်ပြီး သူ၏ မျိုးဆက်သွေးနယ်မြေ ကောင်းကင်နှင့်မြေကြီးမီးဖိုကို ထုတ်ဖော်လိုက်သည်။
ဝုန်း...
သိုင်းတာအိုပင်မခန္ဓာသည် အမှောင်ထုထဲမှာ မတ်တတ်ရပ်နေပြီး အဆုံးမဲ့အရောင်အဝါတစ်ခုနှင့်တောက်ပနေကာ မီးတောက်များက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်လာသည်။
ထိုမီးတောက်များမှာ သိုင်းစိတ်ဝိညာဥ်မီး၊ ကပ်ဘေးမီး၊ အနီရောင်ကြာပန်းကြမ္မာမီး၊ နဂါးဖီးနစ်မီးတောက်နှင့် ငရဲမီးတို့ ပါဝင်နေသည်။
ဤမျှများပြားသော မီးတောက်များနှင့်ပင်လျှင် သူသည် ညတာရှည်ကောင်းကင်လိုဏ်ဂူကို ခုခံဆန့်ကျင်နိုင်ခြင်း မရှိသေးပေ။
သို့သော်လည်း ညတာရှည်ကောင်းကင်လိုဏ်ဂူအနေဖြင့် သိုင်းတာအိုပင်မခန္ဓာကို ဝါးမျိုသန့်စင်ဖို့ကလည်း မဖြစ်နိုင်ပေ။
ဥပမာအားဖြင့် ငရဲမီးသည် အဝီစိကနေဆင်းသက်လာခဲ့သည်။ သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကြောင့် ၎င်း၏ စွမ်းအားက အဝီစိမှာတုန်းကထက် များစွာနိမ့်ကျသွားခဲ့သည်။
သို့သော်လည်း ညတာရှည်ကောင်းကင်လိုဏ်ဂူသည် ၎င်းကို လုံးဝဝါးမျိုသန့်စင်နိုင်ခြင်း မရှိပေ။
အစကတော့ ကောင်းကင်လိုဏ်ဂူသည် မှောင်မည်း၍တိတ်ဆိတ်ငြိမ်သက်နေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာကို ဝါးမျိုပြီးနောက် ကောင်းကင်လိုဏ်ဂူထဲမှာ ဧရာမမီးတောက်လုံးတစ်လုံးက ပေါ်ထွက်လာသည်။
နှစ်ဘက်စလုံးက မျှခြေမှာလွန်ဆွဲနေကြသည်။
သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက သန်မာပြီး အချိန်ကြာလာသည်နှင့်အမျှ မီးတောက်များက ရပ်တန့်ခြင်းမရှိဘဲ ဒေါသတကြီးပင် လောင်ကျွမ်းလာခဲ့သည်။
သို့သော်လည်း ညတာရှည်ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားကတော့ လျော့ကျလာ၏။
အင်မော်တယ်ဘုရင်ညတာရှည်က အဲဒါကိုအာရုံခံမိသွားပြီး သူ၏ အမူအရာက သုန်မှုန်လာခဲ့သည်။
တိုက်ပွဲနယ်မြေမှာ။
ကောင်းကင်ဘုရင်လောရှန်က ဗုဒ္ဓအာလုတ်စကားတစ်ခုကို ရွတ်ဆိုပြီး ပြောလိုက်သည်။
“ဒကာညတာရှည်... ခင်ဗျားက တကယ်ပဲအစွမ်းထက်ပါပေတယ်... ပကတိမိစ္ဆာ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ပေးတဲ့အတွက် ခင်ဗျားရဲ့အကျိုးဆောင်မှုက တိုင်းတာလို့မရနိုင်အောင်ပါပဲ ဒါပေမယ့်... ငရဲဖိနှိမ်မီးဖိုက ဗုဒ္ဓကျောင်းတော်တွေရဲ့ အထွတ်အမြတ်ပစ္စည်းတစ်ခုပဲ... ဒကာညတာရှည် ကျေးဇူးပြုပြီးအဲဒါကို ပိုင်ရှင်အမှန်ဆီပြန်ပေးပါ”
အင်မော်တယ်ဘုရင်ချင်းယန်က ညင်သာစွာပြုံးလိုက်သည်။
“ငရဲဖိနှိမ်မီးဖိုက ဧကရာဇ်လက်နက်တစ်ခုပဲ... အဲဒါက အနန္တငရဲနဲ့ တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုနဲ့ ပတ်သက်ဆက်စပ်နေတယ်လို့ပြောကြတယ်”
“တာအိုရောင်းရင်းလောရှန်... အဲဒါက ခင်ဗျားတစ်ယောက်တည်းမဟုတ်ဘူး... ဒီမှာရှိတဲ့လူတိုင်းက ငရဲဖိနှိမ်မီးဖိုကို စိတ်ဝင်စားနေကြမယ်လို့ ကျုပ်ယုံတယ်”
အင်မော်တယ်ဘုရင်ချီဖျင်က မှင်သေသေဖြင့်ပြောလိုက်သည်။
“ငရဲဖိနှိမ်မီးဖိုမှာ ပိုင်ရှင်မရှိတော့ဘူး... ငါတို့အားလုံးဒီမှာရောက်ရှိနေတယ်ဆိုမှတော့... ငါတို့တွေက အဲဒါကို တခြားတစ်ယောက်ဆီ အလွယ်တကူထည့်ပေးလိုက်နိုင်မှာ မဟုတ်ဘူး”
အထီးကျန်သိုင်းသခင်သည် သေချာပေါက်သေရတော့မည်ဟု လက်ရှိအင်မော်တယ်ဘုရင်များက မှတ်ယူလိုက်ပြီး ငရဲဖိနှိမ်မီးဖိုကိုရယူဖို့ ဆွေးနွေးပြောဆိုလာကြသည်။
ထိုစဥ်မှာပင် အင်မော်တယ်ဘုရင်ညတာရှည်၏ ကောင်းကင်လိုဏ်ဂူအကြီးထံမှ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်အတက်အကျတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဆုံးမဲ့အမှောင်ထုထဲမှာ မီးတောက်တစ်ခုက ပေါ်ထွက်လာပြီး သိပ်သည်းစုဖွဲ့လာခဲ့သည်။
ထို့နောက်ချက်ချင်းပင် မီးလုံးတစ်လုံးက တိုက်ပွဲမြေပေါ်သို့ ကျဆင်းလာခဲ့သည်။
မီးတောက်ထဲမှာ ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေသည်။ ထိုပုံရိပ်က မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ဖြစ်လေသည်။
အင်မော်တယ်ဘုရင်များက မျက်မှောင်ကြုတ်လိုက်ကြသည်။
ဘာတွေဖြစ်ကုန်တာလဲ။
ညတာရှည်ကောင်းကင်လိုဏ်ဂူက အထီးကျန်သိုင်းသခင်ကို မသန့်စင်နိုင်ဘဲ သူ့ကိုပြန်ထွေးထုတ်လိုက်တာလား။
သူ၏ ဘေးပတ်လည်မှ အကြည့်များကို အာရုံခံရင်း အင်မော်တယ်ဘုရင်ညတာရှည်က ပျက်ယွင်းနေသောအမူအရာဖြင့် အံကိုကြိတ်ကာ ပြောလိုက်သည်။
“ဒီမိစ္ဆာက ထူးဆန်းတဲ့ဓမ္မတာအိုတချို့ကို ပိုင်ဆိုင်ထားတယ်... သူက စွမ်းအားကြီးမားတဲ့ မီးတောက်တွေအများကြီးကိုလည်း ထိန်းချုပ်ထားတယ်... သူ့ကိုသန့်စင်ဖို့မလွယ်ဘူး”
“အော်မီထောဖော်...”
ကောင်းကင်ဘုရင်လောရှန်က ရှေ့သို့တက်လှမ်းလိုက်သည်။
“ကြည့်ရတာ ကျုပ်တစ်ယောက်ပဲ ဒီမိစ္ဆာကို ဖိနှိမ်နိုင်တော့မယ်နဲ့တူတယ်”
ကောင်းကင်ဘုရင်လောရှန်သည် သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့သို့ရောက်ရှိလာသောအခါ သူက မည်သည့်စကားမှ မဆိုဘဲ သူ၏ ကောင်းကင်လိုဏ်ဂူအကြီးကို ဆင့်ခေါ်လိုက်သည်။
အတွင်းမှာ ဗုဒ္ဓအလင်းရောင်တစ်ခုတောက်ပနေပြီး မင်္ဂလာတိမ်စိုင်များက ကောင်းကင်တစ်ခွင်ပြည့်နှက်ကာ သိုင်းတာအိုပင်မခန္ဓာကို အုပ်မိုးသွားသည်။ ထို့နောက် ကောင်းကင်ဘုရင်လောရှန်က တင်ပျဥ်ခွေထိုင်ချပြီး လေထဲမှာ ရစ်ဝဲနေသည်။
သူကလက်ထဲမှာ ပုတီးကုံးကို ကိုင်ဆွဲထားပြီး ဗုဒ္ဓဓမ္မမန္တန်တချို့ကို တိတ်တဆိတ်ရွတ်ဆိုနေသည်။
ဓမ္မဂါထာမန္တန်များက ရွှေရောင်မှော်စာလုံးများအဖြစ်ပြောင်းလဲသွားပြီး သူ၏ နောက်ဘက်ရှိ ကောင်းကင်လိုဏ်ဂူအကြီးထဲသို့ ဝင်ရောက်သွားလေသည်။
သိပ်မကြာခင် ကောင်းကင်ဘုရင်လောရှန်သည် သူ၏ လက်ထဲရှိပုတီးကုံးကို ပိုမိုမြန်ဆန်သည်ထက်မြန်ဆန်စွာ စိပ်ပြီး သူ၏ မျက်နှာပေါ်တွင် ချွေးတစ်လွှာက ပေါ်ထွက်လာခဲ့သည်။
ခဏနေပြီးနောက် သူက ရုတ်တရက်မတ်တတ်ထရပ်လိုက်သည်။
သူ၏ နောက်ဘက်ရှိ ဗုဒ္ဓအလင်းရောင်ဖြင့်ပြည့်နှက်နေသော ကောင်းကင်လိုဏ်ဂူအကြီးထဲကနေ မီးတောက်များလွှမ်းခြုံနေသည့် ပုံရိပ်တစ်ခုက ပေါ်ထွက်လာသည်။
ထိုအရာက မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ဖြစ်လေသည်။
အင်မော်တယ်ဂိုဏ်းများ၏ ကောင်းကင်လိုဏ်ဂူများသာမဟုတ်ဘဲ ဗုဒ္ဓကျောင်းတော်များ၏ ကောင်းကင်လိုဏ်ဂူများပင်လျှင် သိုင်းတာအိုပင်မခန္ဓာကို သန့်စင်မွန်းမံနိုင်ခြင်းမရှိပေ။
“ဟဲဟဲ”
သိုင်းတာအိုပင်မခန္ဒာက ရယ်မော၍ သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။ သူ၏ အကြည့်က အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများပေါ်ဖြတ်သန်းသွားပြီး လှောင်ပြောင်ထေ့ငေါ့လိုက်သည်။
“မဟာနယ်မြေနှစ်ခုက အန္တိမအင်မော်တယ်ဘုရင်တွေနဲ့ ကောင်းကင်ဘုံဘုရင်တွေက ဒီလောက်ပဲ တတ်နိုင်ကြတာလား”
“ငါ့အထင်တော့ မင်းတို့တွေက နောက်ပိုင်း မိုးကောင်းကင်ကိုးလွှာ တွေ့ဆုံပွဲတွေကိုထပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးစရာမလိုတော့ဘူး... အဲဒါက ဟာသတစ်ခုပဲ”
“မိစ္ဆာ... မင်းဘယ်လိုတောင် မိုက်ရိုက်စော်ကားတာလဲ”
“ဘယ်လိုတောင်မောက်မာနေတာလဲ”
အင်မော်တယ်ဘုရင်များက ဒေါသချောင်းချောင်း ထွက်သွားကြသည်။
မဟာနယ်မြေနှစ်ခုမှ အန္တိမအင်မော်တယ်ဘုရင်နှစ်ဆယ်ပင်လျှင် မကောင်းဆိုးဝါးဆန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်ကြသည်။
အင်မော်တယ်ဘုရင်နယ်ပယ်မှာ သူတို့သည် အထက်ဘုံလောက၏ အထွတ်အထိပ်တည်ရှိမှုများဖြစ်ပြီး သက်ရှိသန်းပေါင်းများစွာကို အုပ်စိုးနိုင်ကြသည်။ သူတို့သည် ဤကဲ့သို့သော် လှောင်ပြောင်ရန်စမှုနှင့် စော်ကားမှုကို သည်းမခံနိုင်ကြပေ။
ဒါ့အပြင် မဟာနယ်မြေနှစ်ခုမှ ကျင့်ကြံသူများက ဤနေရာမှာစုဝေးရောက်ရှိနေကြပြီး လူတိုင်းက စောင့်ကြည့်နေကြလေသည်။
သူတို့က မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ကို မဖိနှိမ်နိုင်ဘူးဆိုလျှင် မဟာနယ်မြေနှစ်ခုမှ အင်မော်တယ်ဘုရင်များသည် ယနေ့မှစ၍ အထက်ဘုံလောက၏ ရယ်စရာဟာသများဖြစ်လာပေလိမ့်မည်။
တည်ငြိမ်နိုင်နေသေးသော အင်မော်တယ်ဘုရင်များစွာမရှိကြပေ။
အထီးကျန်သိုင်းသခင်၏ စကားလုံးများသည် အန္တိမအင်မော်တယ်ဘုရင်များအပါအဝင် အင်မော်တယ်ဘုရင်များစွာကို ဒေါသထွက်အောင် ဆွပေးနေခြင်းဖြစ်ကြောင်း အင်မော်တယ်ဘုရင်မလင်းလုံက ပြောနိုင်လေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ အပြုအမူနောက်ကွယ်မှ အဓိပ္ပါယ်ကို သူမက အမှန်တကယ်စဥ်းစားကြည့်နိုင်ခြင်းမရှိပေ။
သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ အပြုအမူမှ နောက်ပိုင်းအကျိုးဆက်များကိုသာ ခန့်မှန်းကြည့်နိုင်သည်။
အစကတော့ သူတို့၏ ဂုဏ်သိက္ခာကို ထောက်ထားပြီး လက်ရှိ အန္တိမအင်မော်တယ်ဘုရင်များသည် အန္တိမပကတိမိစ္ဆာတစ်ဦးကို ဖိနှိမ်ဖို့အတွက် ပူးပေါင်းရမည်ကို ရှက်ရွံ့နေကြသည်။
ယခု... သိုင်းတာအိုပင်မခန္ဓာက သူတို့ကို လှောင်ပြောင်ရန်စလာခဲ့ပြီး အန္တိမအင်မော်တယ်ဘုရင်နှစ်ဆယ်ကျော်ကျော်သည် အမျက်ဒေါသဖြင့် သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်ရန် ပူးပေါင်းတိုက်ခိုက်ကြဖို့ အခွင့်များလာခဲ့သည်။
“သူနဲ့ဆက်ပြီး အချိန်ဖြုန်းမနေနဲ့”
အင်မော်တယ်ဘုရင်ညတာရှည်က အံကိုကြိတ်ပြီးပြောလိုက်သည်။
“ဒီလူ့ရဲ့ဓမ္မတာအိုက တကယ်ပဲထူးဆန်းတယ်... ငါတို့ရဲ့ ကောင်းကင်လိုဏ်ဂူအကြီးတွေကိုထုတ်ဖော်ပြီး သူ့ကိုဖျက်ဆီးဖို့ ပူးပေါင်းကြတာပေါ့”
“ဒါပေါ့”
ကောင်းကင်ဘုရင်လောရှန်က လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“ကျုပ်က ဒီမိစ္ဆာကို ဝါးမျိုမသန့်စင်နိုင်ဘူးဆိုမှတော့ သူ့ရဲ့ခန္ဓာကိုယ်နဲ့ မျိုးဆက်သွေးကို ကြိတ်ချေပြီး သူ့ကိုအတင်းအကျပ်ချွတ်ပေးရမယ်”
“လာကြ... ငါတို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုမှာ ဒီမိစ္တာက ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
အင်မော်တယ်ဘုရင်ချင်းယန်ကလည်း သူ၏ ရပ်တည်ချက်ကို ဖော်ပြလိုက်သည်။
တစ်ခဏချင်းမှာပင် အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးဦးက ရှေ့သို့ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာကို ဝိုင်းပတ်လိုက်ကြ၏။
အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးဦးက သူတို့၏ ကောင်းကင်လိုဏ်ဂူအကြီးများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။
ချက်ချင်းပင် လောကက ပြောင်းလဲသွားလေပြီ။
တိုက်ပွဲမြေမှာ မတူညီသော ဓမ္မတာအိုများနှင့် ကောင်းကင်လိုဏ်ဂူအကြီးဆယ့်ကိုးခုက ပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာထံ ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ဖိခြေကျဆင်းလာသည်။
အင်မော်တယ်ဘုရင်မလင်းလုံက ရင်တစ်ချက်ထိတ်သွားပြီး သူမက အလိုလိုမတ်တတ်ထရပ်လိုက်၏။
ဤကဲ့သို့သောအခြေအနေအောက်မှာ သူမပင် သူ၏ နေရာမှာဆိုလျှင် ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ကောင်းကင်လိုဏ်ဂူအကြီးဆယ့်ကိုးခုက ဘက်ပေါင်းစုံကနေ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။
အထီးကျန်သိုင်းသခင်သည် ထူးဆန်းသောဓမ္မတာအိုကြောင့် ကောင်းကင်လိုဏ်ဂူ၏ ဝါးမျိုသန့်စင်ခြင်းကို ရှောင်လွှဲနိုင်ခဲ့သော်လည်း သူသည် ကောင်းကင်လိုဏ်ဂူဆယ့်ကိုးခု၏ ဖိခြေခြင်းကို ခုခံနိုင်စရာအကြောင်းမရှိပေ။
အင်မော်တယ်ဘုရင်မလင်းလုံသည် အဲဒါကို စောစောကတင် ရှင်းရှင်းလင်းလင်းမြင်တွေ့ထားခဲ့သည်။ အထီးကျန်သိုင်းသခင်သည် အင်မော်တယ်ဘုရင်ညတာရှည်နှင့် ကောင်းကင်ဘုရင်လောရှန်၏ ကောင်းကင်လိုဏ်ဂူများဖြင့် သန့်စင်ခြင်းမခံရသော်လည်း သူသည် ကြီးမားသော ရိုက်ချက်တစ်ခုကို ထိခိုက်ခံစားခဲ့ရပြီး သူ၏ အော်ရာက များစွာအားလျော့လာခဲ့သည်။
ကောင်းကင်လိုဏ်ဂူအကြီး ဆယ့်ကိုးခုက တစ်ချိန်တည်းမှာ ဖိခြေကျဆင်းလာမည်ဆိုလျှင် အထီးကျန်သိုင်းသခင်အတွက် ရလဒ်တစ်ခုသာရှိတော့လေသည်။ သူ၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရပေလိမ့်မည်။