← Chapters

အခြားသော အကြံအစည်များ

Vol. 175 Ch. 2615

အခြားသော အကြံအစည်များ

Vol. 175 Ch. 2615

ဖြန်း…

သိုင်းတာအိုပင်မခန္ဓာ၏ ရိုက်ချက်က မုန့်ယောင်ကို ပေပေါင်းများစွာ လွင့်စင်ထွက်သွားစေသည်။

အစကတော့ မုန့်ယောင်သည် သူမက သေချာပေါက် သေရတော့မည်ဟု မှတ်ယူလိုက်သည်။ မည်သို့ပင်ဆိုစေ သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများကို သူမက ယခုတွင် မြင်တွေ့ထားခဲ့ရပြီး သူက ရိုက်ချက်တစ်ချက်နှင့် ရှစ်ဝူနန်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။

အင်မော်တယ်ဘုရင်များ၏ ကောင်းကင်လိုဏ်ဂူအသေးများကပင် ကြေမွသွားရသည်။

သူမ၏ ဦးခေါင်းက ဘယ်လောက်ပင် မာကျောသည်ဖြစ်စေ သူမသည် အထီးကျန်သိုင်းသခင်၏ ရိုက်ချက်စွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူမက လွင့်စင်ထွက်လာစဉ် သူမ၏ နားထဲမှာ တဝီဝီမြည်နေပြီး သူမ၏ အမြင်အာရုံက ဝေဝါးလာခဲ့သည်။ သူမက သူမကိုယ်သူမ ဣန္ဒြေဆည်ပြီး ထထိုင်လိုက်၏။

သူမက မသေသေးဘူးလား။

အထီးကျန်သိုင်းသခင်ကဲ့သို့ မိစ္ဆာတစ်ဦးက အမျိုးသမီးများအပေါ် တကယ်ပင် ညှာတာထောက်ထားတတ်တာလား။

ချက်ချင်းပင် မုန့်ယောင်၏ စိတ်က အတွေးပေါင်းများစွာဖြင့် ပြည့်နှက်လာခဲ့သည်။

သို့သော်လည်း သူမက တစ်စုံတစ်ရာထူးခြားနေသည်ကို အလျင်အမြန် နားလည်သဘောပေါက်သွားသည်။

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများစွာသည် ကြောက်ရွံ့မှုနှင့် သနားကရုဏာသက်မှုနှင့်အတူ သူမကို ထူးဆန်းစွာ ကြည့်နေကြသည်။ ကျင့်ကြံသူအချို့သည် သူမနှင့် အကြည့်ချင်းမဆုံလိုဘဲ ရှောင်လွှဲသွားကြသည်။

ထိုစဉ်မှာပင် မုန့်ယောင်သည် သူမ၏ မျက်နှာပေါ်မှာ စူးရှသော နာကျင်မှုတစ်ခုကို နောက်ဆုံးခံစားမိလိုက်သည်။

သူမက အလိုလိုစမ်းကြည့်လိုက်ပြီး သူမ၏ လက်ဖဝါးက သွေးများဖြင့် ပေကျံသွားသည်။

ဤကဲ့သို့သော အပေါ်ယံဒဏ်ရာများက ပကတိအင်မော်တယ်များအပေါ် လုံးဝသက်ရောက်မှု မရှိပေ။

မုန့်ယောင်က သူမ၏ အမြုတေစိတ်ဝိညာဉ်ကို အသက်သွင်းပြီး သူမ၏ မျိုးဆက်သွေးကို လှည့်ပတ်ကာ သူမ မျက်နှာပေါ်ရှိ ဒဏ်ရာများကို ကုသလိုလေသည်။

သို့သော်လည်း သူမ မျက်နှာပေါ်ရှိ ဒဏ်ရာက သက်သာပျောက်ကင်းလာမည့် မည်သည့်လက္ခဏာမှ မပြသသည်ကို အလျင်အမြန် နားလည်သဘောပေါက်လိုက်သည်။

သူမက အင်မော်တယ်ဆေးလုံးများစွာကို စားသုံးပြီးတာတောင် သက်သာပျောက်ကင်းလာမည့် မည်သည့်လက္ခဏာမှ မပြသပေ။

ဒဏ်ရာကနေ စီးထွက်နေသော သွေးများက လောလောဆယ်မှာ ရပ်တန့်သွားသော်လည်း သူမ၏ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အမာရွတ်တစ်ခု ရှိနေသည်။ သူမ၏ နီရဲနေသော အသားများက ဖွာလန်ကျဲပြီး သူမ၏ အစက ချောမောလှပသောမျက်နှာက လုံးလုံးလျားလျား ဆုတ်ဖြဲခံလိုက်ရသည်။

ထိုမျက်နှာကို မြင်တွေ့သော မည်သူမဆို ကြောက်ရွံ့ထိတ်လန့်မိမည်ဖြစ်ပြီး သူမကို မဟာနတ်မိမယ်လေးပါးနှင့် သေချာပေါက် ဆက်စပ်မိလိမ့်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက သူမကို ဘာကြောင့် ထူးဆန်းစွာကြည့်နေသလဲ မုန့်ယောင်က နောက်ဆုံး နားလည်သဘောပေါက်သွားသည်။

သူမသည် မဟာနတ်မိမယ်လေးပါးထဲမှာ တစ်ပါးဖြစ်လာနိုင်ခဲ့သည်မှာ သူမ၏ သာလွန်ထူးကဲသော ဒုံမင်းအတတ်နှင့် သူမ၏ ရက်ရက်စက်စက် ချောမောလှပသော မျက်နှာကြောင့်ဖြစ်သည်။

ထိုအရာများသည် သူမ အမြဲတမ်း ဂုဏ်ယူဝင့်ကြွားရသော အကြောင်းအရင်းများဖြစ်သည်။

သို့သော် ယခု မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်က ပေါ်ထွက်လာပြီး သူမ တန်ဖိုးထားရဆုံး အရာနှစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။

ယခုတင် အထီးကျန်သိုင်းသခင် ပြုလုပ်လိုက်သောအရာသည် ဒုံမင်းအင်မော်တယ် မုန့်ယောင်ကို တိုက်ရိုက်သတ်ဖြတ်လိုက်ခြင်းထက်ပင် ပို၍ကြောက်စရာကောင်းသည်ကို လူတိုင်းက ရင်ထဲမှာ သိရှိထားကြသည်။

ဤရလဒ်သည် မုန့်ယောင်အတွက် သေသည်ထက်ပင် ဆိုးဝါးသောကံကြမ္မာ ဖြစ်လာပေလိမ့်မည်။

တကယ်တော့ ထာဝရပျက်သုဉ်းခြင်းသည် တက္ကသိုလ်မှ မဟာအကြီးအကဲ၏ လျှို့ဝှက်အတတ်ဖြင့် ထိခတ်ခံရပြီး ၎င်း၏ စွမ်းအားထက်ဝက်ကျော်ကို ဓားအင်မော်တယ်ယွဲ့ဟွားက စုပ်ယူခဲ့ပြီးနောက် ထိုဓမ္မတာအိုထဲမှာ စွမ်းအားများစွာ မကျန်ရှိတော့ပေ။ ထိုသို့ဆိုလျှင်တောင် ၎င်းသည် မုန့်ယောင်၏ မျက်နှာပေါ်မှာ ပြန်လည်မကုသနိုင်မည့် အမာရွတ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

“နင် ငါ့ကို ဖျက်ဆီးပစ်လိုက်တာပဲ”

“ဘာလို့လဲ… နင် ငါ့အပေါ် ဘာလို့ အဲ့လောက်ထိ ရက်စက်ရတာလဲ… ငါနဲ့နင်ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိဘူးလေ”

မုန့်ယောင်က ဆံပင်များ ဖိုသီဖတ်သီဖြစ်နေပြီး ငေးငိုင်နေသော အမူအရာဖြင့် မြေပြင်ပေါ်မှာ ထိုင်ချလိုက်၏။ သူမက ညင်သာစွာ တတွတ်တွတ်ရေရွတ်နေပြီး သူမ၏ မျက်လုံးများက အသက်ဓာတ်ကင်းမဲ့နေသည်။

ဤတစ်ခေါက် သူမအပေါ်ရိုက်ချက်က အရမ်းကို ကြီးမားလွန်းလေသည်။

တကယ်ဆို သိုင်းတာအိုပင်မခန္ဓာသည် သူမအတွက် တကျော့ပြန်လာမည့် အခွင့်အရေးများကိုပင် ဖြတ်တောက်ပစ်ခဲ့လေသည်။

သူမ မှီခိုအားထားနေသည့် ချောမောလှပမှုနှင့် ဒုံမင်းတာအိုကို သိုင်းတာအိုပင်မခန္ဓာက ဖျက်ဆီးပစ်လိုက်သည်။ သူမသည် ယနေ့မှာ ဂုဏ်သိက္ခာများအားလုံးကို ဆုံးရှုံးရပြီး သူမ၏ အတိတ်ကာလက ဂုဏ်ကျက်သရေကလည်း ပါးလွှာသော လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

နေ့တစ်ဝက်မကြာခင်မှာပင် သူမသည် မြင့်မားသော ပလ္လင်ထက်ကနေ မည်သည့်အလင်းရောင်ကိုမှ မတွေ့မြင်ရသော အဆုံးမဲ့အသူတရာချောက်နက်ထဲသို့ ကျဆင်းသွားရသည်။

ထိုစဉ်မှာပင် အခြားတစ်ဖက်မှာ ချိုးစစ်လော အန္တရာယ်ကျရောက်လာသည်ကို တွေ့ရသောအခါ မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသက အပြေးအလွှား ရောက်ရှိလာသည်။

သို့သော်လည်း သူရောက်ရှိလာသည့်အချိန်မှာ သိုင်းတာအိုပင်မခန္ဓာက မုန့်ယောင်ကို ကိုင်တွယ်ပြီးသွားခဲ့လေပြီ။

“ဇီမို သွားရအောင်… ဒီနေ့ ကိစ္စက ပြီးသွားပြီပဲ”

ဖုန့်စန်းထျန်က အခြားတစ်ဖက်မှာရှိသော အင်မော်တယ်ဘုရင်တစ်အုပ်စုကို ကြည့်ပြီး မသက်မသာ ခံစားလာရကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်သည်။

သူက မကြောက်တတ်သော်လည်း ဤနေရာမှာ ရူးမိုက်စွာဖြင့် အသေမခံလိုပေ။

အနာဂတ်မှာ သူသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ပြီး ဘုရင်ကျင်းနှင့် သူ၏ အမွေဆက်ခံသူကို လက်စားချေ သတ်ဖြတ်ရပေမည်။

“အစ်ကိုဖုန့်… သူတို့ကို အရင် ပြန်ခေါ်သွားလိုက်”

သိုင်းတာအိုပင်မခန္ဓာ၏ လေသံက တည်ငြိမ်နေပြီး သူက မည်သည့်အန္တရာယ်ကိုမှ သတိမထားမိသည့်အလားပင်။

“ငါတို့ အတူတူ သွားကြမယ်လေ”

ဖုန့်စန်းထျန်က ထပ်မံ၍ တိုက်တွန်းလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။

“ကောင်းကင်ဘုံဝံပုလွေနဲ့ ချိုးစစ်လောကိုပဲ အရင်ဆုံးပြန်ခေါ်သွားလိုက်… မှတ်ထားပါ… နောက်ပိုင်း ဘာပဲဖြစ်လာဖြစ်လာ ဝင်ပြီးမတိုက်ခိုက်ပါနဲ့”

“မင်းက...”

သိုင်းတာအိုပင်မခန္ဓာ၏ စကားလုံးများမှာ ပိုမိုလေးနက်သော အဓိပ္ပာယ်တစ်ခု ရှိနေပုံရသည်ကို ဖုန့်စန်းထျန်က ပြောနိုင်လေသည်။

သူသည် အသေးစိတ်ကို မေးမြန်းမနေဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ သူက ကောင်းကင်ဘုံဝံပုလွေနှင့် ချိုးစစ်လောကို မိစ္ဆာမဟာနယ်မြေရှိရာဘက်သို့ ပြန်ခေါ်သွားလေသည်။

“ဂိုဏ်းချုပ်က ပြန်လိုက်မလာဘူးလား”

ကူထုံယို၏ မျက်လုံးများက ညှို့မှိုင်းနေပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

ဖုန့်စန်းထျန်က ခဏမျှစဉ်းစားတွေးတောပြီး ပြောလိုက်သည်။

“ဂိုဏ်းချုပ်မှာ တခြားရည်ရွယ်ချက် ရှိနေလောက်တယ်… ငါတို့ စောင့်ကြည့်ရတာပေါ့… မဆင်မခြင် မလုပ်ကြနဲ့”

တည်ဆောက်သူသစ်ပင်အောက်မှာ…

မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှ ထိပ်သီးပကတိအင်မော်တယ်ပြိုင်စံရှား ၂၀၀သည် ထိုအခွင့်အလမ်းကို ချိန်ဆကာ လူစုခွဲထွက်ပြေးလိုက်ကြသည်။

လူတချို့တလေကသာ နေရာမှာပင် ဆက်လက်၍ ကျန်ရှိခဲ့ကြသည်။ သူတို့ထဲမှာ မဟာနတ်မိမယ်သုံးပါးဖြစ်သော စာအုပ်အင်မော်တယ်ယွင်ကျူး၊ ပန်းချီအင်မော်တယ်မိုချင်နှင့် စစ်တုရင်အင်မော်တယ် ကျွင်းယုတို့ ပါဝင်လေသည်။

သိုင်းတာအိုပင်မခန္ဓာက တည်ဆောက်သူသစ်ပင်ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။

အင်မော်တယ်ဘုရင်များက တိတ်တဆိတ်ထိတ်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် လေဟာနယ်ကို ဆုတ်ဖြဲကာ သိုင်းတာအိုပင်မခန္ဓာရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်ကြသည်။ သူတို့က သတိအနေအထားဖြင့် စိုးရိမ်ပူပန်နေကြသည်။

အင်မော်တယ်ဘုရင်များအားလုံးသည် စောစောက ဖြစ်ပျက်ခဲ့သည့်အရာကို တွေ့မြင်ထားခဲ့ကြသည်။

သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်သည် အင်မော်တယ်ဘုရင်ငါးဦး၏ ကောင်းကင်လိုဏ်ဂူများကို ကြေမွသွားစေခဲ့သည်။

အထီးကျန်သိုင်းသခင်က ဘယ်အတိုင်းအတာအထိရောက်အောင် ကျင့်ကြံထားတာလဲ။

အထီးကျန်သိုင်းသခင်တွင် ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အော်ရာ မရှိသည်ကို အင်မော်တယ်ဘုရင်များစွာက ရှင်းလင်းစွာ ပြောနိုင်ကြသည်။

သို့သော်လည်း သူထုတ်ဖော်ခဲ့သည့်စွမ်းအားက သာမန်အင်မော်တယ်ဘုရင်များ၏ အထက်မှာပင် ရှိလေသည်။

တည်ဆောက်သူသစ်ပင်တောင်ထွတ်ပေါ်မှာ အန္တိမအင်မော်တယ်ဘုရင် ၂၀ကျော်က အကြည့်ချင်းဖလှယ်ပြီး ဖြည်းဖြည်းချင်းထရပ်ကာ သိပ်သည်းပြင်းထန်သော စွမ်းပကားကို ထုတ်ဖော်လိုက်ကြသည်။

အင်မော်တယ်ဘုရင်မ လင်းလုံသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေဘက်မှာရှိသော ဆူဇီမိုကို တစ်ချက်လှမ်းကြည့်လိုက်၏။

ထိုအခိုက်အတန့်မှာ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိသည့်အလားပင်။

“နင် ထွက်သွားချင်တယ်ဆိုရင် ဒါက နောက်ဆုံးအခွင့်အရေး ဖြစ်လိမ့်မယ်”

အင်မော်တယ်ဘုရင်မ လင်းလုံက ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်လေသည်။

သူမသည် သိုင်းတာအိုပင်မခန္ဓာနှင့် ပတ်သက်သည့် အရာရာတိုင်းကို မတွက်ချက်နိုင်ဘဲ သူ၏ ရည်ရွယ်ချက်များကိုပင် မခန့်မှန်းမိနိုင်ပေ။

“မပူပါနဲ့ စီနီယာ”

ဆူဇီမို၏ အသံက တည်ငြိမ်နေပြီး ထပ်မံ၍ ရှင်းပြနေခြင်း မရှိပေ။

သိုင်းတာအိုပင်မခန္ဓာက တည်ဆောင်သူသစ်ပင်တောင်ထွတ်ပေါ်မှာ အန္တိမအင်မော်တယ်ဘုရင် ၂၀ ကျော်ကျော်ကို ကြည့်ပြီး ရုတ်တရက်ပြောလိုက်သည်။

“ဘာလို့လဲ… မဟာနယ်မြေတစ်ခုက အန္တိမအင်မော်တယ်ဘုရင်တွေက တိုက်ခိုက်ကြဖို့ ပြင်နေပြီလား”

မဟာမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ မင်းသားချင်စဲသည် ဒုက္ခိတဖြစ်သွားခဲ့ပြီး အင်မော်တယ်ဘုရင် ညတာရှည်က ဒေါသချောင်းချောင်းထွက်နေခဲ့သည်။ ထိုအခိုက်အတန့်မှာ သူ၏ အကြည့်က သုန်မှုန်တည်တံ့လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“အထီးကျန်သိုင်းသခင်… မင်းက မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို ရောက်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ဘယ်လိုတောင် စတင်ရဲတာလဲ… ငါတို့က မင်းကို အသက်ရှင်လျက် ထွက်ခွာခွင့်ပေးမယ်ဆိုရင် ငါတို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်နားသွားထားမလဲ”

“အဲဒါ အမှန်ပဲ”

အင်မော်တယ်ဘုရင်ချင်းယန်က သူ၏ အသံကိုမြှင့်ပြီး ပြောလိုက်သည်။

“မင်းက အန္တိမပကတိမိစ္ဆာဖြစ်တယ်လို့ ဆိုတယ်… ဒါပေမဲ့ တကယ်တော့ မင်းက ကောင်းကင်လိုဏ်ဂူအသေးနဲ့သူတွေကိုတောင် အနိုင်ယူနိုင်တဲ့ အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦး ဖြစ်နေပြီပဲ… ငါတို့တွေက မင်းကို တိုက်ခိုက်မယ်ဆိုရင် အနိုင်ကျင့်ရာကျမှာ မဟုတ်ဘူး”

“အထီးကျန်သိုင်းသခင်… မင်း ဒီနေရာကနေ ထွက်ပြေးဖို့ ကြိုးစားမနေနဲ့တော့”

အင်မော်တယ်ဘုရင်ချီဖျင်က လှောင်ရယ်လိုက်သည်။

“ငါ မင်းကို တစ်ခါတည်း ပြောပြလိုက်မယ်… ဒီနေရာမှာရှိတဲ့ လေဟာနယ်ကို ငါတို့တွေ ချိပ်ပိတ်ပြီးသွားပြီ… မင်းက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်မယ်ဆိုရင်တောင် အဝီစိကို ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး”

“အော်မီတောဖော”

သုခဘုံသန့်စင်ကုန်းမြေ၏ ကောင်းကင်ဘုရင်လောရှန်က သူ၏ လက်ဖဝါးနှစ်ဖက်ကို ယှက်ဖြာပြီး ဗုဒ္ဓအာလုတ်စကားတစ်ခုကို ရွတ်ဆိုကာ ပြောလိုက်သည်။

“အထီးကျန်သိုင်းသခင်… မင်းပိုင်ဆိုင်ထားတဲ့ ငရဲဖိနှိမ်မီးဖိုက ဗုဒ္ဓကျောင်းတော်တွေရဲ့ အထွတ်အမြတ်ပစ္စည်းတစ်ခုပဲ… ဒီနေ့ မင်းက အဲဒါကို ပိုင်ရှင်အမှန်ဆီ ပြန်ပေးဖို့ အချိန်ကျပြီ”

ငရဲဖိနှိမ်မီးဖိုသည် မဟာဧကရာဇ်အနန္တ၏ ဧကရာဇ်လက်နက်ဖြစ်ခဲ့ပြီး အဝီစိနှင့် ပတ်သက်ဆက်စပ်နေသည်။

သုခဘုံသန့်စင်ကုန်းမြေမှာ ကောင်းကင်ဘုရင်များကို မပြောနှင့်… မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဘုရင်များပင်လျှင် အဲဒါကို ရယူလိုကြလေသည်။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့ ကြောက်စရာကောင်းသည့်စွမ်းအားကို ထုတ်ဖော်ခဲ့သောအခါ အင်မော်တယ်ဘုရင်များ၏ အတွေးများက ရူးသွပ်စွာ ခုန်ပေါက်သွားပြီး အဲဒါက အဝီစိနှင့်ပတ်သက်နေသော တစ်စုံတစ်ရာ ဖြစ်မည်ဟု မှတ်ယူလိုက်ကြသည်။

“ကောင်းပြီလေ”

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက ခရမ်းရောင် မီးတောက်များဖြင့် တောက်ပလာပြီး သူ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်က တလိပ်လိပ်ထိုးတက်လာကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဒါဆိုလည်း ငါ့အတွက် မဟာနယ်မြေနှစ်ခုက အန္တိမအင်မော်တယ်ဘုရင်တွေရဲ့ အစွမ်းအစကို တွေ့ကြုံခံစားကြည့်ဖို့ အခွင့်အရေးကောင်းပေါ့။”

All Chapters