Chapter 1
Vol. 1 Ch. 1
ဒီနေ့ ထန်းမီ အင်တာဗျူးဖြေရမည့်နေ့ပင်။
သူမ လတ်တလော ဖွင့်ထားတာ မကြာသေးသော စားသောက်ဆိုင် တစ်ဆိုင်တွင် မုန့်ဖုတ်သူ နေရာအား လျှောက်ထားတာ ဖြစ်သည်။
ထန်းမီက ဝယ်လာတဲ့ အသီးအနှံများအားသယ်ကာ တိုက်ခန်းသို့ ရောက်ချိန်တွင် သူမ၏အခန်းဖော်ဖြစ်သူ ဖုရှင်းကတော့ အခုမှအိပ်ရာက ကောက်ထနေလေ၏။
ဖုရှင်းနှင့် ပတ်သက်ပြီး ပြောရရင် သူတို့နှစ်ယောက်သည် မူလတန်းကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်။ အဲဒီအချိန်တုန်းကတော့ ထန်းမီနှင့် ဖုရှင်းတို့နှစ်ယောက် လက်ချင်းချိတ်ကာ နေ့တိုင်း ကျောင်းအတူတူ သွားခဲ့ကြသည်ပင်။ အိမ်နီးနားချင်းတွေဆိုပေမယ့် နှစ်ယောက်သားက နေရာတိုင်းတွင် အလွန်ဆင်တူကြသောကြောင့် မိဘတွေဆီက'ဟိုဘက်အိမ်က ကလေးက ဘယ်လို'ဆိုပြီးတော့ ဘယ်တော့မှ ယှဉ်ပြော မခံခဲ့ကြရပေ။
ဆယ်စုနှစ်ကျော်တဲ့ အထိတိုင်အောင် နှစ်ယောက်သားက ကိုယ်စောင့်နတ်သဖွယ် သွားအတူ စားအတူ တပူးပူး တတွဲတွဲ နေခဲ့ကြ၏။
ဘွဲ့ရပြီး အလုပ်ခွင်ဝင်ကြတဲ့ အရွယ်ထိတိုင် တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာ နှစ်ဦးသား တစ်မိုးအောက်ထဲ နေခဲ့ကြလေသည်။
စကားမစပ် ဖုရှင်းက မိန်းကလေးဆိုတာကိုလည်း မဖြစ်မနေ ထည့်ပြောရပေမည်။
ဖုရှင်း မိဘတွေကို ဘာလို့သူတို့သမီးလေးကို ဒီလိုယောက်ျားဆန်တဲ့ နာမည်မျိုး ပေးထားတာလဲမေးလျှင် "အဖေမျိုးရိုး နာမည်ကဖု၊ အမေမျိုးရိုးနာမည်ကရှင်း မို့လို့ပေါ့" ဆိုပြီး မျက်နှာထိ မျက်နှာထားနှင့် ပြန်ဖြေ ကြလိမ့်မည်။
သို့သော် ဖုရှင်းကတော့ သဘောထားကြီး၏။ သူမ၏ယောက်ျားနာမည်ကြီးကြောင့် အတန်းဖော်တွေက စနောက်ကြရင်လည်း သူမ အမြဲပြန်ပြောတာက "ငါကမိန်းကလေးဖြစ်နေလို့ တော်သေးတယ် ဖုရှင်းလို့အခေါ်ခံရတဲ့ ယောက်ျားသာဆို တစ်သက်လုံး ရည်းစားရမှာ မဟုတ်ဘူး!"
တကယ်တော့ ထိုစကားသည် သူမလည်းမိန်းကလေးဆိုတောင်မှ ရည်းစားရမည် မဟုတ်ကြောင်းကို ဖော်ညွှန်းနေလေသည်။
ငယ်စဉ်ကတည်းက သူမကြိုက်သမျှ ကောင်လေးတိုင်းနှင့် အခွင့်အရေး တစ်ကြိမ်တစ်ခါမျှတောင် မရဖူးခဲ့ချေ။ ထန်းမီ ပြောနေကျအတိုင်း '၁၀၀% အငြင်းခံစကေးလ်'အား ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသူပင်။
'အာ....ကြီးပြင်းလာရတာ နာကျင်ဖို့ကောင်းချက်ပဲ။'
ထန်းမီ စတော်ဘယ်ရီသီးများကို ဆားရည်စိမ်လိုက်ကာ ဒီနေ့အင်တာဗျူးအတွက် သတ်မှတ်ထားသည့် ကိတ်မုန့်ကို လုပ်ရန် ပြင်ဆင်နေ၏။
ဖုရှင်း ရေချိုးခန်းထဲမှာ မျက်နှာသစ် သွားတိုက်လုပ်ပြီး ထန်းမီကို အားပေးခြင်းဖြင့် ကူညီရန် မီးဖိုချောင်သို့ ထွက်လာခဲ့လေသည်။
"ရှောင်မီ! ကြိုးစားထား!! အခန်းငှားခ ပေးရတော့မယ်ဆိုတာ သိတယ်နော်!"
ထန်းမီ သူမအား စူးစူးဝါးဝါးစိုက်ကြည့်လိုက်ကာ -
"ငါ ဒါကို ပြောလာတာ ၇နှစ်ရှိပြီနော် ငါ့ကို ရှောင်မီလို့ ခေါ်တဲ့သူတိုင်းကို သေအောင် ကိုက်ပစ်ပါမယ်ဆို!"
"အဲစကားက ဒိတ်လွန်သွားပြီ ထင်တယ်"
ဖုရှင်း စတော်ဘယ်ရီသီးတစ်လုံးအား ပါးစပ်ထဲကောက်ထည့်ကာ စိတ်ကျေနပ်မှုနှင့်အတူ မျက်လုံးများ မှိတ်ချသွားသည်အထိ ပီတိဖြစ်နေတော့သည်။
"ရာသီပေါ်အသီးတွေက တကယ်ကို အကောင်းဆုံးပဲ!"
ထန်းမီ အသင့်လုပ်ပြီးသား ဂျုံမုန့်နှစ်ကို အိုဗန်ထဲထည့်ကာ အပူပေးလိုက်၏။ ထို့နောက် နောက်ထပ် စတော်ဘယ်ရီသီးတစ်လုံးအား နှိုက်ရန် လက်လှမ်းနေနေသည့် ဖုရှင်း၏လက်ကို ဖြတ်ကနဲ ရိုက်လိုက်လေတော့သည်။
"ငါတို့ အခန်းငှားခ ပေးရတော့မှာ မဟုတ်လား? ဘာလို့ အလုပ်သွားဖို့ မပြင်သေးတာလဲ?"
ဖုရှင်းက ထန်းမီပြင်ထားတဲ့ စားပွဲပေါ်က ပေါင်မုန့်ချပ်ပန်းကန်ကို ဆွဲယူလိုက်ပြီး ဆိုဖာပေါ် ထိုင်ချလိုက်ကာ- "ငါတို့ရဲ့ မဂ္ဂဇင်းထုတ်ဝေသူ အခြေခံလစာက အတော်လေးကို နည်းနေတာ ငါ စိတ်မပါတော့ဘူး လစာတိုးမပေးရင် အလုပ်ထွက်လိုက်တော့မယ်"
ထန်းမီ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ အကယ်၍ ဖုရှင်းသာ အလုပ်ထွက်လိုက်ရင် ဒီ အိမ်မှာနေတဲ့သူ နှစ်ယောက်လုံးက အလုပ်လက်မဲ့တွေဖြစ်ပြီပင်။
"စိတ်ထင်တဲ့အတိုင်း လုပ်လို့ မရဘူးလေ ဖာသာအယ်ဖရက် ပြောဖူးတာရှိတယ် 'ပိုက်ဆံ မလိုတော့တဲ့အထိ အလုပ်လုပ်ပါ'တဲ့!"
ဖုရှင်း သူမ၏မျက်လုံးများအား ကျွမ်းကျင်စွာ ဝေ့ပြလိုက်ရင်း.."သူပြောသေးတယ် 'အပျိုစင်တစ်ယောက်လို ချစ်ပါ' တဲ့"
ထန်းမီ : "...."
'သူ အဲဒီလိုမျိုး မပြောဖူးပါဘူး!'
နောက်ဆုံးတော့ သူမ ဖုရှင်းကို လျစ်လျူရှုလိုက်ပြီး ကိတ်မုန့်ဖုတ်တဲ့ဆီကိုပဲ စိတ်ရောကိုယ်ပါ နှစ်ထားလိုက်တော့သည်။
~~ နံနက် ၁၀ နာရီ ~~
ထန်းမီ အချိန်မီရောက်လာပြီး အင်တာဗျူးဖြေရမည့် အခန်းထဲတွင် ဝင်ထိုင်နေလိုက်သည်။
စားသောက်ဆိုင်မန်နေဂျာက သူမ၏ကိတ်မုန့်ကို အကဲဖြတ်နေစဥ် ဝန်ထမ်းရေးရာ ဒါရိုက်တာကတော့ CV formကို စစ်နေလေသည်။
"အပြင်ပန်း အလှဆင်ထားတာလေးကတော့ တော်တော်လှတယ်"
မန်နေဂျာ၏မျက်ခုံးများ မသိမသာလေး ပင့်တက်သွားတော့၏။ သူမ့မျက်လုံးတွေထဲတွင် အံ့ဩမှု အရိပ်အယောင်များ အထင်းသားနှင့်ပင်။
"သုံးထားတဲ့အရောင်တွေက လိုက်ဖက်တယ် စတော်ဘယ်ရီသီးတွေကလည်း ပြည့်ဝိုင်းနေတာပဲ ထိပ်မှာ ပူရှိန်းရွက်လေးတင်ပြီး အလှဆင်ထားတာကို ပိုသဘောကျတယ်"
ထန်းမီ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိ၏။ အလှနှင့်ပတ်သက်လာရင် ဇီဇာကြောင်တတ်တဲ့ မန်နေဂျာက သူမ၏ကိတ်မုန့် အပြင်အဆင်ကို တော်တော်လေး စိတ်တိုင်းကျနေတာဆိုတော့ ပြဿနာကြီးကြီးမားမားတော့ မရှိလောက်ဘူး မဟုတ်လား?။
"အရသာကလည်း ဒီဇိုင်းလိုမျိုး ပြောင်မြောက်လိမ့်မယ်လို့ မျှော်လင့်မိတယ်"
မန်နေဂျာ ထန်းမီကို ပြောပြီးတာနှင့် တပြိုင်နက် သူမ၏ အနီရောင်တောက်တောက် နှုတ်ခမ်းပါးတွင် အပြုံးပန်း ဆင်သွားတော့သည်။ သူမ ကိတ်ဘူးသေးသေးလေးထဲက ဓားကို ကောက်ယူလိုက်ပြီး ကိတ်မုန့်ကို လှီးရန် ပြင်လိုက်လေ၏။
"လှီးလိုက်တာတောင် ပုံမပျက်ဘဲ လှနေတုန်းပဲ ချီဖွန်ကိတ်သားက နူးညံ့တယ် ပြီးတော့ ကိတ်လွှာကြားက သစ်သီးတွေနဲ့ယိုတွေက တစ်ဖက်လူရဲ့ စားချင်စိတ်ကိုဆွဲဆောင်နေသလိုပဲ"
ခရင်မ် အနံ့သင်းသင်းလေးသည် အင်တာဗျူးခန်းတခန်းလုံးကို သင်းပျံ့သွားတော့သည်။ မန်နေဂျာလည်း လှီးထားသည့်ကိတ်မုန့်ကို ခရင်းလေးနှင့်ဖဲ့ပြီး စားလိုက်လေလျှင်...။
ထန်းမီ အသက်အောင့်ပြီး မန်နေဂျာအား အပြည့်အဝ အာရုံစိုက်ကာကြည့်နေမိ၏။ မန်နေဂျာ ကိတ်မုန့်အား မျိုချလိုက်ပြီးနောက်တွင် ရွှင်မြူးစွာ ပြောလာလေသည်။
"စတော်ဘယ်ရီသီးလေးတွေက တော်တော်လေး လတ်ဆတ်ပြီး ခရင်မ်သားကလည်း နူးညံ့တယ် အချိုအရသာကလည်း ပါးစပ်ထဲကွက်တိပဲ! ချဉ်ရှရှ စတော်ဘယ်ရီလေးကို သင်းပျံ့နေတဲ့ ခရင်မ်ချိုချိုလေးနဲ့ တွဲစားလိုက်ရတဲ့ ခံစားချက်က ညနေခင်း လေပြည်လေးနဲ့အတူ ဖြည်းဖြည်းလေး လွန့်လူးနေကြ တဲ့ လိပ်ပြာလေးနှစ်ကောင်လိုပဲ အတော်လေး လက်ရာမြောက်လွန်းပါတယ်"
ထန်းမီ အင်တာဗျူးခန်းထဲမှာ ထကမိတော့ မလိုတောင် ဖြစ်သွားရတော့သည်။ သူမကိုယ်သူမ ယွီကျီရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာနိုင်တာကို မြင်ယောင်နေမိ၏။ အခုချိန်ကစပြီး သူမဘဝ၏ အထွတ်အထိပ်သို့ ဦးတည်နေတော့ပေမည်။
ထန်းမီတစ်ယောက် သူ့ဘာသာသူ ပီတိဖြာနေတုန်း တစ်လျှောက်လုံး အသံတိတ်နေတဲ့ ဝန်ထမ်းရေးရာဒါရိုက်တာက ရုတ်တရက် ထပြောလာတော့သည်။
"ထန်းမီ ငါမင်းရဲ့စီဗီကို ဖတ်ကြည့်တာ မင်းက အေမြို့ရဲ့နည်းပညာကောလိပ်ကနေ ဘွဲ့ရထားတာပဲ"
သူပြောလည်းပြောရင်း ထန်းမီအား မျက်လုံးပင့်ကြည့်ကာ- "မင်းကောလိပ်တုန်းက မုန့်ဖုတ်ပြိုင်ပွဲကြီးမှာ တခြားပြိုင်ပွဲဝင်ရဲ့ ကိတ်မုန့်ကိုခိုးကူးလို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာမလား?"
ထန်းမီ၏မျက်ခုံးများ ရုတ်တရက် တွန့်ချိုးသွားတော့သည်။
**********
စားသောက်ဆိုင်ရဲ့အပြင်ဘက်တွင် တောက်ပြောင်နေသည့် အနက်ရောင် ဘန်တလေ ကားတစ်စီး ထိုးရပ်လာ၏။
ကားတံခါးအားဖွင့်လိုက်ချိန်တွင် အထဲမှချောမောခန့်ညားသော ယောကျာ်းတစ်ဦး ထွက်လာလေသည်။ ထိုယောကျာ်းသည် အနောက်တိုင်းဝတ်အား ဝတ်ထားကာ သပ်ရပ်ကြော့ရှင်းနေပြီး ကိုယ်နေဟန်ထားကလည်း တည်ကြည်နေ၏။
"ဒင်-လင်-ဒင်-လင်"ဟူသောအသံနှင့်အတူ စားသောက်ဆိုင်တံခါး ပွင့်ဟလာပြီး ပြန်ပိတ်သွားတော့သည်။ ထို့နောက် လော်ဘီ ကြီးကြပ်သူနှင့် ဝိတ်တာနှစ်ယောက်သည် ပါးစပ် နားရွက်တက်ချိတ်တော့မလို ပြုံးပြကာ ထိုလူ့အား ကြိုဆိုလိုက်လေသည်။
"မင်္ဂလာနံနက်ခင်းပါ စီအီးအိုယွီ!"
ယွီယိ၏အနောက်ကနေ တကောက်ကောက်လိုက်နေတဲ့သူက လက်ထောက်ဖြစ်သူ လော့ဟောက်ပင်။
နှစ်ယောက်သား စားသောက်ဆိုင်အား စူးရှနေသောအကြည့်များဖြင့် စကန်ဖတ်သလို အကဲခတ်လိုက်ပြီးနောက် လက်ထောက်ဖြစ်သူက မျက်ခုံးများပင့်သပ်ရင်း…
"နောင်ကြရင်လည်း မင်းတို့ဧည့်သည်တွေကို ဒီလိုတက်တက်ကြွကြွလေး နှုတ်ဆက်လိမ့်မယ်လို့ မျှော်လင့်တယ်"
ကြီးကြပ်သူ၏အပြုံးသည် တခဏမျှ တောင့်တင်းသွားရတော့သည်။ ယွီယိကတော့ ဘာမှမပြောဘဲ သူတို့အား ဖြတ်လျှောက်သွားလေ၏။
"စီအီးအိုယွီ မန်နေဂျာက အခုလူတွေ့မေးမြန်းနေပါတယ်ရှင့် တခုခုလိုအပ်တာရှိရင် ကျွန်မကို ခိုင်းလို့ရပါတယ်"
ကြီးကြပ်သူတစ်ယောက် ယွီယိနှင့်လော့ဟောက်တို့နောက်က မနည်းလိုက်ကာပြောလိုက်ရ၏။ ထိုလူနှစ်ယောက်ရဲ့ခြေတံတွေသည် သူမအတွက်တော့ ရှည်လွန်းလှပေသည်။ သူမမှာ သူတို့နှစ်ယောက်ကို မီဖို့ မပြေးရုံတမယ်ပင်။
"အချိုပွဲ ပန်းကန်ပြားတွေနဲ့ လက်ဖက်ရည်ခွက် အောက်ခံပန်းကန်ပြားတွေကို အသစ်လဲလိုက်! ပြီးတော့ စားပွဲခင်းတွေကိုပါ အဝါရောင်ဖျော့ဖျော့လေး ပြောင်းပစ်လိုက်!"
ယွီယိ၏အသံသည် ရေခဲလိုအေးစက်နေပြီး သူပြောလိုက်တဲ့ စကားလုံးတိုင်းသည် ခံစားချက်မပါသလို ပေါ့ပျက်ပျက်ဖြစ်နေ၏။ သူဒီအတိုင်း ရိုးရိုးရှင်းရှင်း လူတွေကို ဆရာကြီး လုပ်နေတာပင်။
"ဟုတ်ကဲ့ပါ!"
ကြီးကြပ်သူ ထိတ်ထိတ်ပျာပျာဖြင့် ပြန်ဖြေလိုက်ရတော့သည်။
"အတွင်းပိုင်း မီးအလင်းရောင်ကို ဒီထက်နည်းနည်းလေးဖျော့ ပြီးတော့ ဒီပန်းချီကားကို ပြောင်းလိုက်!"
နံရံပေါ်က ပန်းချီကားအား ကြီးကြပ်သူ တစ်ချက်ကြည့်လိုက်၏။ စီအီးအိုယွီ အဲတာကို ဘာကြောင့် မကြိုက်တာလဲဆိုတာ မသိပေမယ့် စီအီးအိုယွီက မကောင်းဘူးပြောလျှင် သေချာပေါက် မကောင်းလို့ပင်..။
ယွီယိ သူမ၏ခမ်းလှမ်းလှမ်းသို့ ရောက်နှင့်နေပြီကို တွေ့လိုက်တာကြောင့် သူမလည်း အနောက်မှ ခပ်သွက်သွက်လိုက်ရလေ၏။
ထို့နောက် မျက်နှာကြီးတစ်ခုလုံးအား အပြုံးပန်းဆင်ကာ-
"စီအီးအိုယွီ စီအီးအိုရုံးခန်း ပြင်ဆင်ပြီးပါပြီ တစ်ချက်လောက်ကြည့်မလား?"
စီအီးအိုရုံးခန်းအား ပြင်ဆင်ထားပြီးပြီ ဖြစ်သော်လည်း စီအီးအိုယွီသည် အဲဒီရုံးခန်းကို တစ်နှစ်မှာ နှစ်ကြိမ်ပြည့်အောင်တောင် မဝင်ချေ။ ဒါပေမယ့်လည်း သူမ၏ကလေးဆန်ဆန် စိတ်ကူးလေးကို ထိန်းထားချင်သေး၏။
ရုတ်တရက် ယွီယိ၏ခြေလှမ်းများ ရပ်တန့်သွားကာ- "ဒီနေ့ ဘယ်နေရာအတွက် လူတွေ့မေးတာလဲ?"
ရုတ်ခြည်းမေးလာတဲ့ မေးခွန်းသည် ကြီးကြပ်သူအတွက်တော့ အထက်လူကြီး၏ မျက်နှာသာပေးမှုတစ်ခုလိုပင်။ သူမ ယွီယိ၏အပြစ်အနာအဆာကင်းပြီး ချောမောသော ရုပ်ရည်လေးကို ကြည့်ကာ ပြန်ဖြေဖို့ပင် မေ့လုနီးပါးဖြစ်သွားရတော့သည်။
"အနောက်.....အနောက်တိုင်းစတိုင်လ် မုန့်ဖုတ်ဆရာပါ"
ယွီယိ ပြန်မပြောခင် ခဏလောက်စဉ်းစားနေပုံရကာ ထို့နောက်- "အဲဒီကိုသွားကြည့်မယ် "
*********
အင်တာဗျူးဖြေတဲ့အခန်းထဲမှာတော့ အခြေအနေများ တင်းမာနေကြလေသည်။
"ကျွန်မ ခိုးကူးတာမျိုး မလုပ်ခဲ့ပါဘူး"
ထန်းမီ ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်၏။
သို့သော် ဒါရိုက်တာကတော့ အထင်အမြင်သေးတဲ့ လေသံဖြင့် ရယ်မောကာ-
"မင်းရဲ့တန်ပြန် တုံ့ပြန်ချက်ကလည်း အားနည်းလိုက်တာကွာ"
ထန်းမီ၏မျက်ခုံးများ တွန့်ချိုးသွားတော့သည်။
သူမ ပြန်မပြောခင် အသက်ဝဝရှူလိုက်ပြီးနောက်- "ကျွန်မ သူ့ကိတ်ကို ခိုးခဲ့တာမဟုတ်ဘူး ဘယ်သူ့ဟာကိုမှလည်း ခိုးကူးတာမျိုးမလုပ်ခဲ့ဘူး အဲဒီကိတ်က ကျွန်မရဲ့ဒီဇိုင်း ပြီးတော့သူကပဲ ကျွန်မဟာကို လိုက်တုခဲ့တာ! အဲတုန်းကလည်း သူက ကျွန်မထက် စောတဲ့နံပါတ်ရထားလို့ အားသာသွားပြီး ကျွန်မထက် အရင်ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေ အရှေ့ချပြနိုင်ခဲ့တာ!"
ဒါရိုက်တာ နှာခေါင်းရှုံ့လိုက်ရင်း...။
"ငါ့ကို အဲဒီလိုယုံစေချင်နေတာလား? ဘာမဟုတ်တဲ့ ကျောင်းအဆင့်ပြိုင်ပွဲလေးမှာတောင် နိုင်ဖို့အတွက် သူများဟာကို ကူးချခဲ့ရတာမဟုတ်လား? မင်းရဲ့အကျင့်စရိုက်ကိုတော့ မေးခွန်းထုတ်ရတော့မယ်"
သူပြောနေရင်းပင် စားပွဲပေါ်ရှိ ခရင်မ်ကိတ်အား စောင်းကြည့်ကာ သရော်သောလေသံဖြင့်...
"ဒီဟာကလည်း သူများဟာကို ခိုးကူးပြီးလုပ်ထားတာတော့ မဟုတ်ဘူးမလား? ခိုးကူးထားတဲ့ဟာကို စားသောက်စားပွဲပေါ်မှာတင်ပြီး ဧည့်သည်တွေကို မျက်နှာပြောင်တိုက်ကျွေးရင် စားသောက်ဆိုင်ရဲ့ဂုဏ်အတွက် ဘယ်လောက်တောင် ထိခိုက်လိုက်မလဲဆိုတာကို သိတယ်မလား? "
ထန်းမီ သူမရဲ့ဒူးကို ဆွဲဆိတ်ကာ ထိုလူအား မသေမချင်း ဆွဲထိုးချင်စိတ်များကို ချုပ်တည်း နေရတော့သည်။
ဖုရှင်းသာ ဒီမှာရှိရင် သူမအားစိတ်ထိန်းဖို့ ပြောလိမ့်မည် ဖြစ်သော်လည်း ကံဆိုးစွာပင် ဖုရှင်း ဒီမှာရှိမနေပေ။
ထန်းမီ ထိုင်ခုံပေါ်မှ ဝှစ်ကနဲထလိုက်ပြီး စားပွဲဆီ ခြေလှမ်းကျယ်ကျယ်ဖြင့် ခပ်သွက်သွက်သွားလိုက်၏။
ထို့နောက် ကိတ်မုန့်ကိုကောက်ယူကာ...။
'ပ-လက်' ဒါရိုက်တာ၏မျက်နှာပေါ်သို့ ပစ်ပေါက်လိုက်တော့သည်။
စားသောက်ဆိုင်မန်နေဂျာလည်း သူမ၏ရွေ့လျားနေသော တိမ်လိုမျိုး စီးဆင်းနေသော ရေလိုမျိုး လျင်မြန်လှသည့် လှုပ်ရှားမှုများအောက်တွင် အငိုက်မိသွားရလေ၏။
"မင်း ဘာလုပ်တာလဲ?!"
သူမတ်တတ်ရပ်ရင်း စားပွဲအား ဒေါသတကြီး ရိုက်ချလိုက်တော့၏။ ခေါင်းတွင်တော့ ခရင်မ်များ ဖုံးလွှမ်းနေလျက်ပင်။
ထန်းမီ နှုတ်ခမ်းများ ကွေးညွှတ်ပြီးမပြုံးခင် အရင်ဆုံး ဒါရိုက်တာကို မျက်နှာသေကြီးဖြင့် ကြည့်လိုက်ကာ-
ဒါရိုက်တာ : "....."
'သူ့ကို ဘယ်သူပြောလိုက်တာလဲ? ဒီနေ့သူ့မွေးနေ့ဆိုတာကို!'
သူ တုံ့ပြန်သည်ကို စောင့်မနေတော့ဘဲ ထန်းမီ အလျင်အမြန်ပင် ထိုင်ခုံပေါ်က သူမ့အိတ်ကို ဆွဲယူလိုက်၏။ ထို့နောက် စားသောက်ဆိုင်မန်နေဂျာအား အလင်းလိုအလျင်ဖြင့် ဖြတ်ကျော်ကာ တံခါးပေါက်ဆီသို့ အမြန်ပြေးရတော့သည်။
ယွီယိတို့ တခြားတစ်ဖက်က ဝင်လာစဉ်မှာပဲ သူမ၏လျင်မြန်တဲ့ပုံရိပ်က စင်္ကြံတလျှောက် ပျောက်ကွယ်သွားလေ၏။
လော့ဟောက်က ယွီယိထက်အရင် တံခါးဆီသွားကာ ခပ်ပြင်းပြင်းအသံဖြင့် တံခါးနှစ်ချက် ခေါက်လိုက်သည်။
အထဲမှတုံ့ပြန်သံကို စောင့်မနေတော့ဘဲ တံခါးအား တွန်းဖွင့်လိုက်ချိန်တွင် အထဲမှ စားသောက်ဆိုင်မန်နေဂျာနှင့် ဒါရိုက်တာတို့သည် ဝင်ပေါက်ကို လှည့်ကြည့်လိုက်ကြလေသည်။ ဒါရိုက်တာ၏မျက်နှာပေါ်တွင် ခရင်မ်များဖြင့် တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်နှင့်ပင်။
လော့ဟောက် ဩချစရာကောင်းသည့် မြင်ကွင်းပေါင်းစုံအား မြင်ဖူးခဲ့သော်လည်း ဒါကို မြင်လိုက်ရချိန်တွင် အနည်းငယ်ပြုံးမိသွားတော့သည်။ ယွီယိကတော့ ရပ်တန့်ခြင်းမရှိဘဲ အခန်းထဲအား တန်းဝင်လာ၏။
"မင်္ဂလာပါ စီအီးအိုယွီ"
ဘော့စ်အား မြင်လိုက်သည်နှင့် နှစ်ယောက်လုံး ပျာပျာသလဲ နှုတ်ဆက်လိုက်၏။ ယွီယိရဲ့အကြည့်သည် ဒါရိုက်တာ၏ အရောင်စုံစုံလင်လင် တောက်ပနေပြီး ခရင်မ်များဖြင့် အလှဆင်ထားတဲ့မျက်နှာအား မြင်လိုက်လိုက်ရသော်လည်း စိတ်မဝင်စားသည့်ဟန်ဖြင့်...။
"ဘာဖြစ်ထားတာလဲ?"
ဒါရိုက်တာသည် မခံမရပ်နိုင်စွာ ကလေးတစ်ယောက်က သူ၏မိဘကို တိုင်ပြောသလိုမျိုး ယွီယိအား…
"ခုနက အင်တာဗျူးဖြေတဲ့သူလေ --- ကျွန်တော်က သူအရင်က ကိတ်ခိုးကူးဖူးတဲ့ကိစ္စကို ပြောပြလိုက်တာကို ဒေါသထွက်ပြီး ကျွန်တော့်မျက်နှာကို ကိတ်မုန့်နဲ့ ပေါက်သွားတာ! "
ယွီယိက သူပြောတာကို ဆုံးအောင်နားမထောင်ဘဲ လော့ဟောက်ဘက်ကို ခေါင်းစောင်းကြည့်ကာ ညွှန်ကြားလိုက်တော့သည်။
"သူ့ကို သန့်ရှင်းရေးလုပ်ဖို့ မျက်နှာသုတ်ပဝါပေးလိုက်!"
"ဟုတ်ကဲ့ပါ"
လော့ဟောက် ခေါင်းညိတ်ပြီးတစ်ဘက်သို့ လှည့်ထွက်သွား၏။ တံခါးသည် လျင်မြန်စွာ ပြန်ပိတ်သွားပြီးနောက် အပြင်ဘက်မှ ခပ်သွက်သွက်ခြေသံများ၏ ပဲ့တင်သံများကို ကြားနေရတော့သည်။
ကြီးကြပ်သူသည် မျက်နှာသုတ်ပဝါအား ကိုင်ရင်း ရေးကြီးခွင်ကျယ်လုပ်ကာ ပြေးဝင်လာပြီး…
"အောင်မလေး!! ကျွန်မတို့ရဲ့ ဒါရိုက်တာကြီးကို ဘယ်သူကများ ဒီလိုအကြင်နာတရားမရှိ လုပ်ရက်ရတာလဲ?"
ယွီယိ ဘေးမှာတိတ်တိတ်လေး ရပ်နေလျှင် လော့ဟောက် ချက်ချင်း သဘောပေါက်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။
"ကြီးကြပ်သူယွီ သွားလို့ရပြီ"
ကြီးကြပ်သူယွီ : "....."
သူမ သွားဖို့နောက်တစ်ကြိမ် ထပ်ပြောခံရပြန်ပြီ။
ကြီးကြပ်သူယွီ မသွားချင်သွားချင်ဖြင့် ဒါရိုက်တာလက်ထဲရှိ မျက်နှာသုတ်ပဝါအား ယူကာ ထွက်သွားပေးရတော့သည်။ ဒါရိုက်တာတစ်ယောက်လည်း မျက်နှာသစ်ဖို့အတွက် သူမ နောက်ကနေ လိုက်သွားချင်သော်လည်း စီအီးအိုယွီ ဘာမှမပြောသေးသောကြောင့် ငြိမ်နေရလေ၏။ သူမ စဥ်းစားမဆင်ခြင်ဘဲ ဘာမှမလုပ်ရဲချေ။
ယွီယိ နေရာတွင် ခဏလောက်ရပ်နေပြီးမှ စားပွဲဆီအား လျှောက်သွားလိုက်၏။ သူ စားပွဲနှင့်နီးကပ်လာလေ ကိတ်အနံ့က ပို၍မွှေးပျံ့လာလေဖြစ်သည်။
အခန်းထဲက လူအားလုံးသည်လည်း သူ၏လှုပ်ရှားမှုနောက်ကို တညီတညွတ်တည်း လိုက်ကြရတော့သည်။ ယွီယိ၏အကြည့်သည် အောက်ကကိတ်မုန့်လှီးထည့်ထားသည့် ပန်းကန်ပြားပေါ်ရောက်သွားလျှင် သူခဏလောက် သေချာကြည့်ပြီးနောက် ဇွန်းတစ်ချောင်းကို ယူ၍ ကိတ်မုန့် အတုံးသေးသေးလေးအား ဖဲ့စားလိုက်လေ၏။
ဒါရိုက်တာက ပါးစပ်ဟကာ တစ်ခုခုပြောလိုက်ချင်သော်လည်း သူ့အတွေးများအား ထုတ်မပြောရဲခဲ့ပေ။
နူးညံ့ ၊ ချိုမြိန်တဲ့ ကိတ်သားက ယွီယိပါးစပ်ထဲတွင် ပျံ့နှံ့သွားတော့၏။ သူ့နှုတ်ခမ်းပါးပေါ်တွင် ပေနေသည့် ခရင်မ်အနည်းငယ်အား လျှာဖျားလေးဖြင့် လျက်လိုက်မိကာ ဇွန်းကို ချလိုက်ပြီး လော့ဟောက်ဘက် လှည့်လိုက်၏။
"လိုအပ်တာတွေ ပြင်ဆင်ထား ငါကိုယ်တိုင် သူ့ကို လူတွေ့မေးမြန်းမယ်"
*********