ပထမအကြိမ် အင်တာဗျူး
Vol. 1 Ch. 2
ထန်းမီ အိမ်ပြန်ရောက်တော့ ၁၂ နာရီတောင်မထိုးသေးပေ။
သူမ အိတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး ကိုယ်ကိုပါ တစ်ပါတည်း ပစ်လှဲချလိုက်တော့၏။
သူမတော့ သွားပြီ..။ အင်တာဗျူးမှာ သောင်းကျန်းခဲ့မိ၏။ ခဏနေ ဖုရှင်းအိမ်ပြန်ရောက်လာလို့ အဲဒီအကြောင်းကိုသာ သိလျှင် သူမအား လည်ပင်းညှစ်ပေလိမ့်မည်။
ထို့အပြင် တိုက်ခန်းပိုင်ရှင်၏ ခက်ထန်တဲ့ပုံစံအား မြင်ယောင်မိကာ စိတ်ဓါတ်အကြီး အကျယ်ကျ နေတော့သည်။
"အားး ငါ့ရဲ့စိတ်လိုက်မာန်ပါလုပ်တတ်တဲ့အကျင့်က တကယ်ကို မကောင်းတာပဲ"
သူမ ဆိုဖာပေါ်တွင် လိမ့်နေမိကာ သူမ၏ကိုယ်နေဟန်ထားသည် ငါးအသေကောင်ကဲ့သို့ပင်။ ငါးစက္ကန့်လောက်ကြာပြီးနောက် ဝှစ်ကနဲ ဆိုဖာပေါ်မှ ခုန်ထလိုက်ပြီး ကွန်ပျူတာမှာ သူမရဲ့ စီဗီကို ကပျာကယာ သွားတင်လိုက်လေ၏။ စိတ်ထဲကနေ ဖုရှင်း ပြန်မရောက်ခင် တခြားအလုပ် ရှာတွေ့နိုင်ပါစေဟု ကြိတ်ဆုတောင်းရင်းပင်။
သူမ စီဗီရဲ့ပထမဆုံးစာကြောင်းကို အပြီးသတ်ပြီးနောက် မီးဖိုချောင်ထဲဝင်ကာ ခေါက်ဆွဲပြုတ်နေ၏။ စောစောကသာ ကြိုသိခဲ့ရင် သူမကိတ်မုန့်အား ဒါရိုက်တာမျက်နှာပေါ် ပစ်ပေါက်ခဲ့မှာမဟုတ်ချေ။ အစားအသောက်ကောင်းတစ်ခုကို ဖြုန်းတီးရာရောက်ပေသည်။
ထို့နောက် သူမဧည့်ခန်းက ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ခေါက်ဆွဲကို အားရပါးရ 'ရွှတ်ကနဲ'စားရင်း အလုပ်ခေါ်စာအား ဆက်လက် ရှာဖွေနေတော့၏။ သူမ တက္ကသိုလ်ကျောင်းသူဘဝတုန်းက ဖုရှင်းနှင့်သူမတို့ ဒီလိုမျိုးပူပန်သောကရောက်စွာ လုပ်ကိုင်စားသောက်ရလိမ့်မယ်ဟု မထင်ထားခဲ့မိချေ။
သူမ စုဆောင်းထားတဲ့ပိုက်ဆံတွေ အကုန်လုံးကို ပြင်သစ်တွင် ကျောင်းတက်ဖို့သုံးခဲ့၏။
ဖုရှင်းဘွဲ့ရပြီးနောက် လုပ်ကိုင်ခဲ့သည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကလည်း အရှုံးပဲပေါ်ခဲ့သည်။ နောက်ဆုံးကျတော့ အကြွေးတွေပဲ စုပုံလာခဲ့ကာ သူမ၏ လစာအများစုသည် အကြွေးရှင်များ လက်ထဲသာ ရောက်ခဲ့ရတော့၏။
ထန်းမီ ခေါက်ဆွဲစားပြီးနောက် ဖုန်းအားတချက် ကြည့်လိုက်သော်လည်း အင်တာဗျူးနှင့် ပတ်သက်ပြီး ဘာစာမှ ရောက်မလာသေးသည်ကို တွေ့လိုက်ရသည်။
သူမ သက်ပြင်းချကာ စိတ်ပျက်လက်ပျက်ဖြင့်ပင် ပန်းကန်ဆေးပြီးနောက် စိုးရိမ်စိတ်များစွာနှင့် အိပ်ခန်းထဲတွင် တရေးလောက်အိပ်စက်လိုက်တော့သည်။ သူမလည်း ခဏလောက်အနားယူရန် လိုအပ်သေး၏။ သို့သော် သူမအလွန်အမင်း စိုးရိမ်နေလို့လားမသိ ၊ ဖုရှင်းနှင့်သူမ အိမ်ခြေယာမဲ့များ ဖြစ်နေကြပြီး တံတားအောက်တွင် နေနေကြရသည်ဟု အိပ်မက်မက်လေတော့သည်သာ။
နောက်ဆုံးတွင် ဖုရှင်း၏အသံကြောင့် နိုးလာတော့၏။
ထန်းမီ မိန်းမောတွေဝေစွာ ကောက်ထိုင်လိုက်ပြီး ဖုန်းအား ကြည့်လိုက်သော်လည်း ---- ဘာစာမှမရှိသေးချေ။
ဖုရှင်း ထန်းမီ၏အိပ်ရာဘေးတွင်ကာ သူမအားမျှော်လင့်ချက်ကြီးစွာဖြင့် စိုက်ကြည့်နေ၏။
“ထန်းထန်း မြန်မြန်! နင်ယွီကျီရဲ့ ဆန်ကာတင်စာရင်းထဲကို ထိုးဖောက်နိုင်ပြီလို့ ပြောလိုက်!“
ထန်းမီ ခေတ္တခဏ တိတ်ဆိတ်နေပြီးနောက် သူမ၏မျက်နှာသည် မိုးပြိုတော့မယောင် မဲ့ကျလာကာ-
“ရှောင်ရှင်းရှင်း ယွီကျီက ငါနဲ့ မသင့်တော်ဘူးထင်တယ်“
တစ်စက္ကန့်လေးအတွင်းမှာပဲ ဖုရှင်း၏အပြုံးများ ပျောက်ကွယ်သွားလေတော့သည်။
“ဘာလို့လဲ?“
“ငါ သူတို့ရဲ့ ဝန်ထမ်းရေးရာဒါရိုက်တာကို သဘောမကျဘူး“
ဖုရှင်း သူမအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက်- “ဝန်ထမ်းရေးရာဒါရိုက်တာနဲ့ ဘာဖြစ်ခဲ့လို့လဲ?“
ထန်းမီ စတင်၍ နာကြည်းချက်များ အပြည့်ဖြင့် တိုင်တန်းလိုက်တော့သည်။
“သူက ငါ ဟဲ့စစ်ချီရဲ့ကိတ်မုန့်ကို ခိုးကူးခဲ့ပါတယ်ဆိုပြီး သက်သက်မဲ့ကြီး စွပ်စွဲနေတာ!“
ဟဲ့စစ်ချီက အေမြို့ နည်းပညာတက္ကသိုလ်ရဲ့ မုန့်ဖုတ်ကလပ်တုန်းက စီနီယာတစ်ယောက်ဖြစ်သည်။ ဟဲ့စစ်ချီနှင့် ထန်းမီကြားက ရန်စကို ဖုရှင်း ကောင်းကောင်းသိ၏။ အခုသူမ၏ နာမည်အား ထပ်ကြားလိုက်ရချိန်တွင် ဖုရှင်း၏မျက်နှာထား ချက်ချင်း ခက်ထန်သွားရတော့သည်။
“ဟဲ့စစ်ချီ? ပေါ်လာပြန်ပြီလား? အဲဒီကိစ္စကို ဝန်ထမ်းရေးရာဒါရိုက်တာက ဘယ်လိုသိတာလဲ?“
ထိုကိစ္စသည် ကောလိပ်တစ်ကျောင်းလုံး ဆူညံ့သွားစေခဲ့သော်လည်း ပြိုင်ပွဲအသေးစားလေးပဲ ဖြစ်တာကြောင့် ကောလိပ်ပြင်ပက လူတွေအတွက်တော့ စိတ်ဝင်စားစရာတစ်ခု ဟုတ်မနေချေ။
'ယွီကျီရဲ့ဝန်ထမ်းရေးရာဒါရိုက်တာက အင်တာဗျူးမတိုင်ခင် ဖြေဆိုသူတစ်ယောက်ချင်းစီရဲ့ ဘဝဇာတ်ကြောင်းတခုလုံးကို စုံစမ်းထားတာများလား?'
ထန်းမီ ခေါင်းခါပြကာ- “ငါလည်းမသိဘူး ဒါပေမယ့်သူက အဲဒီကိစ္စတခုလုံးကို သူ့မျက်စိနဲ့ ကိုယ်တိုင်မြင်ဖူးသလိုကို ခိုင်ခိုင်မာမာပြောနေတာ… ငါရှင်းပြတာကိုတောင် နားမထောင်ဘဲ ငါ့အကျင့်စရိုက်က ဘယ်လိုလဲဆိုတာတောင် မေးခွန်းထုတ်နေသေးတယ်“
ဖုရှင်း ဒေါသထွက်ပြီး မျက်မှောင်ကျုံ့လိုက်မိ၏။ ကောလိပ်မှာတုန်းက ထန်းမီသည် ဟဲ့စစ်ချီကိုအကြွင်းမဲ့ ယုံကြည်ခဲ့သည်။ မဟုတ်လျှင် သူမ ထန်းမီအား လှည့်စားနိုင်မည် မဟုတ်ချေ။
အဲဒီအဖြစ်အပျက်ကြောင့် ဖုရှင်းတွေးမိတာက ထန်းမီ၏အမှားလည်း ပါသည်ဆိုတာကိုပင်။ ထိုအရှုံးက ထန်းမီအား သင်ခန်းစာ ကောင်းကောင်းပေးလိုက်လေ၏။
သို့သော် ဝန်ထမ်းရေးရာဒါရိုက်တာက ဒီအတင်းအဖျင်းကို ကြားလာပြီး ထန်းမီကို အတင်းစွပ်စွဲနေတာကတော့---
'သူ့ကိုယ်သူ ဘာထင်လို့ မှန်တယ် ထင်နေတာလဲ!'
သူမ ထန်းမီ၏ပုခုံးအား ပုတ်ပေးပြီး အားပေးစကားပြောလိုက်လေသည်။
“စိတ်မပူပါနဲ့ အဲဒီဒါရိုက်တာ သူ့ရုံးခန်းမှာပဲ နေရမှာမလား? နင်သူ့ကို အလုပ်မှာတွေ့ရမှာ မဟုတ်ဘူး ဆိုတော့ အခွင့်သာရင် ငါသူ့ကို ချောင်းရိုက်ပေးမယ်“
ထန်းမီ စိတ်လှုပ်ရှားစွာဖြင့် ဖုရှင်း၏လက်အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက်-
“တကယ် ဟိုစကားပုံအတိုင်းပဲ! ‘သူရဲကောင်းတွေက အတွေးတူတယ်’တဲ့ ငါလည်း အဲလိုလုပ်ခဲ့ပြီးပြီ”
ဖုရှင်း : “.....”
သူမ အသံတိတ်နေပြီးနောက် ထန်းမီကို မရီမပြုံးဖြင့် စိုက်လိုက်ပြီး သူမ၏မျက်ခုံးသွယ်လျလျများကလည်း အနည်းငယ် တုန်လှုပ်နေသလိုပင်။
“အဲဒီတော့ အင်တာဗျူးမှာတုန်းက နင်အဲလူကိုရိုက်ခဲ့ တယ်ဆိုတဲ့သဘောလား?”
ထန်းမီ အိမ်မွေးခွေးပေါက်လေးလို ချစ်စရာကောင်းသည့် အပြုံးလေးဖြင့်… “ဟုတ်တယ်! ကြည့် ငါတို့ အတွေးတူတယ်”
သူတို့နှစ်ယောက်ကြား ငါးစက္ကန့်လောက် တိတ်ဆိတ်သွားတော့သည်။ နောက်ဆုံး ဖုရှင်း ပေါက်ကွဲသွား၏။
“ထန်းမီ! ဒီည နင်အထုပ်ပြင်ပြီး တံတားအောက်သွားအိပ်! ဒီမိန်းမအိုကြီး နင့်ကို လုပ်မကျွေးနိုင်တော့ဘူး!“
ပြောရင်းဆိုရင်းပင် ဖက်လုံးရှည်ကြီးအား ကိုင်လာကာ ထန်းမီ မျက်နှာပေါ် ပစ်ပေါက် လိုက်တော့သည်။ ထန်းမီ ထိုအကွက်အား ရှောင်နိုင်လိုက်သော်လည်း ဖုရှင်း ဒေါသတကြီး ရေချိုးခန်းထဲ ဝင်သွားကာ တံမြက်စည်းအား ထပ်ကိုင်လာပြန်သည်။
ထန်းမီ လက်ကာပြီး ချက်ချင်းနောက်ဆုတ်၍သာ..။
“ရှင်းရှင်း စိတ်အေးအေးထားပါ ငါက နင်ပြစ်မှုကျူးလွန်ဖို့လောက်အထိ မတန်ပါဘူး!“
ဖုရှင်း လူယုတ်မာဆန်ဆန် သွားဖြီးပြပြီး ထန်းမီ အနားသို့ တိုးကပ်လာလေ၏။
“စိတ်မပူပါနဲ့ ငါဘယ်သူမှမသိအောင် လုပ်ပေးမယ်”
ထန်းမီ : “...”
သူတို့နှစ်ယောက်၏ တိုက်ပွဲသည် ကြက်ပေါက်ကလေးက သူ့နောက်ကိုလိုက်နေသည့် ခွေးကြီးအားရှောင်ရန် ခုန်ပေါက်ပြေးလွှားနေသကဲ့သို့ပင်။ ထိုအချိန်မှာပဲ စားပွဲပေါ်မှ ဖုန်းသည် မက်ဆေ့ချ်ပို့လာသဖြင့် နှစ်ချက်တုန်ခါသွားလေ၏။
ထန်းမီ ထိုဖုန်းအား သူမ၏ကယ်တင်ရှင်ကဲ့သို့ ကောက်ကိုင်လိုက်တော့သည်။
[ မဖတ်ရသေးသော စာသစ်တစ်စောင် ]
ထန်းမီ ဘေးသို့ရှောင်လိုက်ပြီး ထိုစာကိုဖတ်ဖို့ SMSထဲဝင်လိုက်လျှင် သူမ မျှော်လင့်ထားတာထက် ပိုပျော်ရွှင်သွားခဲ့ပြီး အော်လိုက်တော့၏။
“ရပ်လိုက်!“
ဖုရှင်း တံမြက်စည်းအား ဘေးတွင်ချ၍ အသက် ဝဝရှူလိုက်ရင်း… “နောက်ဆုံးပြောစရာစကားရှိရင် အခုပြော!“
“ယွီကျီက ငါ့ကိုဒုတိယအကြိမ် အင်တာဗျူးဖြေဖို့ခေါ်လိုက်တယ်!”
ထန်းမီတစ်ယောက် ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်တော့ဘဲ ဖုရှင်း၏မျက်နှာရှေ့တွင် ဖုန်းအားဝှေ့ယမ်းပြလိုက်တော့သည်။
..........
[[Sweet Dream]] စားသောက်ဆိုင်၏ အကြိုလူတွေ့မေးမြန်းခြင်းကို အောင်မြင်သွားသည့်အတွက် ဂုဏ်ပြုပါသည်။ ဒုတိယအကြိမ် လူတွေ့မေးမြန်းခြင်းကို လာမည့် သောကြာနေ့တွင် ကျင်းပသွားပါမည်။
ကျေးဇူးပြု၍ ကိုယ်တိုင်ပြုလုပ်ထားသည့် ကိတ်မုန့်တစ်လုံး၊ ဘီစကစ် တစ်ပန်းကန်နှင့် ချောကလက် တစ်တောင့်တို့ကို ပြင်ဆင်ခဲ့ပေးပါ။ သင်၏ဒုတိယအကြိမ် လူတွေ့မေးမြန်းခြင်းကို ယွီကျီတာဝါ၌ နံနက် ၁၀ နာရီတွင်ပြုလုပ်သွားပါမည်။
ကျေးဇူးပြု၍ အချိန်မှီလာခဲ့ပေးပါ။
မှတ်ချက်။ ။ ဒုတိယအကြိမ် လူတွေ့မေးမြန်းခြင်းတွင် တွေ့ဆုံမေးမြန်းမည့်သူသည် စီအီးအိုယွီကိုယ်တိုင်ဖြစ်ပါသည်။
သေသေချာချာ ပြင်ဆင်ခဲ့ပေးပါ။ }}
ဖုရှင်း မက်ဆေ့ချ်အား တစ်လုံးချင်းစီ တစ်ကြောင်းချင်းစီ ကျယ်လောင်စွာဖြင့် အော်ဖတ်ပြလိုက်၏။ ထို့နောက် သူမမျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြောင်အနေတော့သည်။
“သေစမ်း ထန်းထန်း နင့်ကိုအချက်အပြုတ်လောကရဲ့ ဘုရင်ကြီးကိုယ်တိုင် အင်တာဗျူးမှာ?!”
လောကကြီးက တကယ့်ကို အရမ်းအရမ်း ထူးခြားဆန်းကြယ်လှလေသည်။ ဖုရှင်း လက်ထဲရှိ တံမြက်စည်းအား လွှတ်ပစ်လိုက်ပြီး ထန်းမီ၏ပုခုံးကို ဆုပ်ကိုင်ကာ အားပါပါဖြင့် လှုပ်ရမ်းလိုက်တော့သည်။
ဖုရှင်း ဘာကြောင့် စိတ်လှုပ်ရှားနေလဲဆိုတာ ထန်းမီ လုံးဝနားလည်သည်။ ဖုရှင်း ထိုဘုရင်ကြီးအား အင်တာဗျူးချင်ခဲ့တာ နှစ်ကာလကြာမြင့်နေခဲ့ပြီဖြစ်၏။ သို့သော် ယနေ့ထိတိုင် သူမမှာ ‘အိမ်မက်ထဲမှာပဲရမယ်’ အဆင့်ဖြင့်သာ ရုန်းကန်နေဆဲပင်။
သူမ မူးဝေသွားကာ ဖုရှင်း၏လက်အား အားလျော့စွာ ဆုပ်ကိုင်လိုက်ရင်း..။
“ နင်ငါ့ကို ဆက်ရမ်းနေရင် နင့်ဘုရင်ကြီးကို ငါ့ပြာအိုးလေးပဲ သွားတွေ့နိုင်လိမ့်မယ်”
ဖုရှင်း ထိုမှသာ ရှက်ရှက်နှင့် ရပ်လိုက်ရတော့သည်။ ထို့နောက် ထန်းမီအား သေချာ စူးစိုက်ကြည့်လိုက်၏။
“စီအီးအိုယွီကိုယ်တိုင် အင်တာဗျူးမယ်ဆိုရင်တော့ နင်အောင်မှာမဟုတ်လောက်ဘူး”
“...ဘာလို့လဲ?“
“မသိတာတော့ မဟုတ်ဘူးမလား? အဲဒီနယ်ပယ်မှာ ယွီယိရဲ့လျှာက အရမ်းကို ဂျီးများတယ်ဆိုပြီး နာမည်ကြီးတာ! ယွီကျီခေါင်းစဉ်အောက်က စားသောက်ဆိုင်တွေ အကုန်လုံး ဈေးကွက်ထဲကို ဟင်းပွဲအသစ်မတင်ခင် အရင်ဆုံး သူ့ဆီကို အရသာစစ်ဆေးဖို့ပို့ပေးရတာ သူကအရသာရှိတယ်လို့ မပြောရင် အဲဒီဟင်းပွဲ အမှိုက်ပုံးထဲအပြင် တခြားဘယ်နေရာမှာမှ ပေါ်မလာနိုင်တော့ဘူး! သူ့လျှာက အရသာတိုင်းတာဖို့အတွက် စံချိန်တစ်ခုပဲ!”
ထန်းမီ၏မျက်ခုံးများ ပင့်တက်သွားရတော့သည်။ သူမ ဒါကို အရင်ကလည်း ကြားဖူးသလိုလိုပင်။
ဖုရှင်း ထန်းမီ၏အတွေးထဲ နစ်မွန်းနေသော မျက်နှာကို သေချာကြည့်ကာ အမြန်ပြန် နှစ်သိမ့်ပေးလိုက်၏။
“ရပါတယ်ဟာ နင်အင်တာဗျူး မအောင်လည်း ငါ နင့်ကို မဆူတော့ပါဘူး ဘာပဲဖြစ်ဖြစ် အဲတာက ယွီယိမို့လို့လေ!”
ထန်းမီ : “.....”
သို့သော် သူမအတွက်တော့ နှစ်သိမ့်ရာမရောက်ခဲ့ချေ။
ဖုရှင်း မျက်လုံးများအား ဝိုင်းစက်ကာ သနားစဖွယ် ကောင်မလေးတစ်ယောက်လို မျက်နှာထားမျိုးဖြင့် ထန်းမီအား…
“ထန်းမီ နင်ယွီယိကို တွေ့ပြီးရင် ငါ့အတွက်သူ့ပုံလေး တစ်ပုံနှစ်ပုံလောက်ရအောင် ရိုက်ပေးပါဟယ် ပုံရိုက်လို့မရရင် သူ့တစ်ကိုယ်လုံးဘယ်လိုပုံစံရှိလဲဆိုတာ အလွတ်ကျက်လာခဲ့ အဲတာမှ အိမ်ပြန်ရောက်ရင် သူ့ပုံပြန်ဆွဲပြလို့ရမှာ”
ထန်းမီ : “...”
'သူဘယ်လိုလုပ် ထိုလူ့ပုံစံကို မှတ်ရမှာလဲ? မျက်လုံးပွင့်နေအောင် ကော်နှင့်ကပ်ထားရမှာလား?'
ဖုရှင်း သူမ၏စိတ်ဒွိဟဖြစ်မှုကို မရိပ်မိသေးချေ။ သူမ လုံးဝကို နောင်တရနေတဲ့လေသံဖြင့် ထန်းမီအား ဆက်၍ နားပူနေလေတော့၏။
“ငါ စီအီးအိုယွီကို တကယ်တွေ့ချင်တာ....စောစောကသာ သိရင်ငါလည်း မုန့်ဖုတ်တတ်အောင် သင်ထားပါတယ်”
ထန်းမီ၏နှုတ်ခမ်းများ အောက်သို့ကွေးကျသွားကာ- “နင်အရင်ဆုံး ကြက်ဥအကာနဲ့အနှစ် သေချာခွဲတတ်အောင် သင်တာ ပိုကောင်းမယ်”
ဖုရှင်းကတော့ လေသံ ခပ်တိုးတိုးလေးဖြင့် ဆက်၍..။
“စီအီးအိုယွီက အချက်အပြုတ်လောကရဲ့ အမြင့်ဆုံးတောင်ထိပ်မှာရှိတဲ့ ပန်းကလေးတစ်ပွင့်လိုပဲ ဘယ်သူမှ သူပြုံးတာကို မမြင်ဖူးသေးဘူး၊ အပြုံးတင်မဟုတ်ဘူး ဒေါသထွက်တာမျိုး ပျော်တာလိုမျိုး သာမန်ခံစားချက်တွေကိုတောင် ထုတ်မပြဖူးဘူးတဲ့”
ထန်းမီ မျက်ခုံးများ ထပ်ပင့်သွားကာ အံ့သြသွားရတော့၏။
'ခံစားချက်ကင်းမဲ့တဲ့ လူသား?'
“သူ့မှာ စိတ်ရောဂါ တစ်ခုခုရှိနေတာလား?”
ဖုရှင်း : “....”
“နင့်မှာပဲ စိတ်ရောဂါရှိတာ! စီအီးအိုယွီက ခံစားချက်တွေ လွှမ်းမိုးတာကို မခံတတ်တဲ့လူမျိုးဟဲ့! သူ့ခံစားချက်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်တယ် ဒါကြောင့်လည်း သူက အကောင်းဆုံးဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ ပါရမီရှင်ဖြစ်နေတာ!”
ဖုရှင်း သူမအသက်နှင့် ရင်းထားရသလိုမျိုး သူမ၏ဘုရင်ကြီးအား ခုခံ ကာကွယ်ပေးလိုက်လေသည်။
ထန်းမီ ခေါင်းအားစောင်းလိုက်ပြီး သူမကိုငဲ့ကြည့်လိုက်ကာ-
“နင်ပြောတာလည်း ဟုတ်ပါတယ် ဒါပေမယ့် ခံစားချက်ကင်းမဲ့နေတဲ့သူကို… လူသားလို့ သတ်မှတ်လို့ ရပါ့မလား?”
ဖုရှင်း : “....”
ဖုရှင်း သူမ၏အင်္ကျီလက်ကို ဆွဲတင်လိုက်ကာ ဆိုဖာပေါ် တက်ရပ်လိုက်ပြီးနောက်-
“ထန်းမီ လာ ငါတို့ခေါင်မိုးထပ်မှာ တစ်ပွဲနွှဲကြမယ်”
ထန်းမီ : “....”
မိန်းကလေးတွေကြားရှိ သူငယ်ချင်းနှောင်ကြိုးသည်ခက်ခဲတဲ့စမ်းသပ်ပွဲတွေကို ကျော်ဖြတ်ပြီး ထိန်းထားဖို့ မဖြစ်နိုင်ချေ။
ထန်းမီ နှုတ်ခမ်းထပ်၍မဲ့ကျကာ ဖုရှင်းအား ခေါင်းမော့ ကြည့်လိုက်တော့သည်။
“ငါ ဒါရိုက်တာကို ရိုက်ခဲ့တာတောင် ဘာလို့ ငါ့ကို အအောင်ပေးလိုက်တာလဲ?“
ဖုရှင်းလည်း ထိုအကြောင်းကို စဉ်းစားနေမိ၏။
“သူ စိတ်သဘောထားကြီးတာ မဟုတ်ရင်.....သူကMလား?”
နှစ်ယောက်သား ပြောစရာမလိုတဲ့နားလည်မှုဖြင့် အကြည့်ချင်းဆုံမိလိုက်လေသည်။
သူတို့ ဒါရိုက်တာရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရမည်။
..........
ထန်းမီ သောကြာနေ့ အင်တာဗျူးအတွက် တက်တက်ကြွကြွ ပြင်ဆင်နေခြင်းပင်။
စီအီးအိုယွီကိုယ်တိုင် သူမကိုအင်တာဗျူးမည် ဖြစ်သည့်အတွက် ထိုအခွင့်အလမ်းကောင်းတစ်ခုအား တန်းဖိုးထားရမည်။ အရင်ကထက် ပို၍အားစိုက်ကာ အကောင်းဆုံးသော ပါဝင်ပစ္စည်းများကို စေ့စေ့စပ်စပ် ရွေးချယ်နေလေ၏။
အင်တာဗျူးမဖြေခင်ညတွင် ထန်းမီတစ်ယောက် အဖြူရောင်ချောကလက်ကိတ် လုပ်နေသည်ကို ဖုရှင်း မီးဖိုချောင်တံခါးအား ပခုံးတစ်ဘက်ဖြင့်မှီကြည့်နေရင်း သူမ မတတ်နိုင်တော့ဘဲ သက်ပြင်းချမိတော့သည်။
“နင်ကျ မုန့်ဖုတ်ဆရာ ဖြစ်နေတာတောင် ဘာလို့အဆီလေး တစ်အောင်စတောင် မရှိတာလဲ?”
ရိုးရှင်းသည့် သိပ္ပံနည်းကျ လောဂျစ်ဖြစ်သည်။
ထန်းမီ သူမ၏ပြားချပ်နေသော ဗိုက်အားတချက်ငုံကြည့်လိုက်ကာ- “နင်ညတိုင်းလုပ်နေကျ ထိုင်ထလေ့ကျင့်ခန်းကိုနောက်ထပ် အခါငါးဆယ် တိုးလုပ်ကြည့်”
“ဗိုက်သေးသေးလေးက ဆွဲဆောင်မှုရှိပြီး တင့်တယ်မှုရဲ့ အမှတ်အသားပဲ”
ဖုရှင်း ညည်းညူလိုက်တော့သည်။
“ငါ့ကိုယ်ပေါ်မှာဆိုရင်တော့ လှပတဲ့ ကျောက်မျက်ရတနာလေး ဒါပေမယ့် နင့်ကိုယ်ပေါ်မှာဆိုရင်တော့ ရိုးရိုး အဆီတုံးပေါ့“
ဖုရှင်း : “.....”
ထန်းမီ ကိတ်ကိုရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံလိုက်တာကို ကြည့်ကာ ဖုရှင်း သူမဆီလျှောက်သွားပြီး ပခုံးအားပုတ်၍..။
“မနက်ဖြန်ကျ အင်တာဗျူးအောင်ဖို့ စဉ်းစားမနေနဲ့ ငါစီအီးအိုယွီ ဘယ်လိုပုံလဲဆိုတာကို ကြည့်ရဖို့ကိုပဲကူညီပေး”
ထန်းမီ : “.....”
ပြင်သစ်က ကျူရှင်ကြေးကို လောင်းကြေးထပ်ထားသဖြင့် သူမ ဒီအင်တာဗျူးတော့ အောင်မှဖြစ်မည်!
သို့သော် ယွီကျီတာဝါ တံခါးဝအရှေ့သို့ ရောက်ချိန်တွင် သူမ၏ ထိုယုံကြည်ချက်များ ပျောက်ခြင်း မလှပျောက်သွားရတော့၏။
ယွီကျီ၏ခမ်းနားကြီးကျယ်မှုသည် အံ့ဩတုန်လှုပ်ဖွယ်ဖြစ်သည်။ ဒီတစ်ကြိမ်မှာ ယွီကျီက စားသောက်ဆိုင် အသစ်အတွက် မုန့်ဖုတ်ဆရာလိုနေတာကို ကံကောင်းထောက်မစွာ ရှာတွေ့ခဲ့ပေမယ့် သူမသည် နိုင်ငံခြားမှာပညာသင်ရာမှ ပြန်ရောက်ခါစပဲရှိသေးသည့် လုပ်ငန်းအတွေ့အကြုံ မရှိသေးသောလူသစ်လေးသာဖြစ်လေသည်။
သူမ၏ ယှဉ်ပြိုင်နိုင်တဲ့ အင်အားကမပေါ်လွင်နေချေ။
သူမ အွန်လိုင်းမှာ ယွီကျီနှင့်တခြား အနောက်တိုင်းစတိုင်လ် မိသားစုစားသောက်ဆိုင်တွေ အကြောင်း ရှာကြည့်ခဲ့ပြီးနောက် သူမရှာတွေ့တာကတော့ ပြင်သစ်မှ မုန့်ဖုတ်ဆရာနှစ်ယောက်ကို ခေါ်ယူနေပြီး ကျန်တဲ့ဟာတွေက နိုင်ငံကျော် အနောက်တိုင်းစတိုင်လ် မုန့်ဖုတ်ဆရာတွေကို ခေါ်ယူနေခြင်းဖြစ်သည်။
သူမ၏ဂုဏ်ပုဒ်ဆိုလို့ ဒါရိုက်တာမျက်နှာအား ပစ်ပေါက်ခဲ့သည့် ခရင်မ်ကိတ်သာရှိလိမ့်မည်။
သူမမုန့်ဘူးများအား ကိုင်ရင်း တံခါးဝရှေ့တွင် ခဏလောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိ၏။ ထို့နောက် သတ္တိမွေးကာ ဝင်ဖို့ပြင်ချိန်တွင်တံခါးဝရှိ လုံခြုံရေးများက သူမအား ဖြတ်သန်းခွင့်ပေးဖို့အတွက် မေးခွန်းအနည်းငယ်မေးကြသည်။
အပေါ်ဆုံးထပ်သို့ ရောက်ဖို့ဓာတ်လှေကားစီးချိန်တွင် ထန်းမီ၏နှလုံးတစ်ခုလုံး ပေါက်ထွက်မတက် တုန်လှုပ်နေရတော့သည်ပင်။
ယွီကျီ၏အပေါ်ဆုံးထပ် တခုလုံးသည် စီအီးအိုရုံးခန်းဖြစ်ပြီး ထန်းမီ၏လမ်းရှာနိုင်စွမ်းအာရုံက သိပ်မကောင်းသော်လည်း ကံကောင်းစွာပင် သူမအတွင်းရေးမှူး မိန်းမလှလေးက သူမကို ဓာတ်လှေကားရှေ့တွင် ကြိုစောင့်နေလေသည်။
သူမ လာရသည့်အကြောင်းရင်းကို ကြားပြီးနောက်တွင် သူမအားပြုံးပြပြီး စောင့်ဆိုင်းဧရိယာမှာ ခေတ္တစောင့်စားရန်ပြောလာခဲ့၏။
“ချိန်းဆိုချက်အတွက် နောက်ထပ် ဆယ်မိနစ်စောင့်ရပါဦးမယ် စီအီးအိုယွီက အစည်းအဝေးလုပ်နေတုန်းမို့လို့ပါ မိန်းကလေး ဒီနေရာမှာပဲ နားနေလို့ရပါတယ်”
ထိုဆယ်မိနစ်သည် ထန်းမီအတွက်တော့ ဆယ်နှစ်လောက်ကြာနေသလိုပင်။ သူမ ထိုင်တဲ့အနေအထားကို ဆယ့်ရှစ်ခါလောက် ပြောင်းကြည့်သော်လည်း အခုထိ စိတ်မအေးနိုင်သေးပေ။
ထိုအချိန်တွင် သလင်းကျောက်လို ကြည်ရှင်းနေသည့် မှန်တံခါးဆီမှ ခေါင်းလောင်းသံကဲ့သို့ အသံနှစ်သံထွက်လာ၏။
အတွင်းရေးမှူး မိန်းမလှလေး နောက်ထပ်ရောက်လာပြန်ကာ-
“မိန်းကလေးထန်း စီအီးအိုယွီကို တွေ့လို့ရပါပြီ“
“ဟုတ်ကဲ့ပါ“
ထန်းမီ စိုးရိမ်တကြီးဖြင့် စားပွဲပေါ်ရှိမုန့်ဘူးများအား ယူလိုက်ပြီး အတွင်းရေးမှူး ခေါ်ရာနောက်သို့ လိုက်သွားလေတော့သည်။
အခန်းဝင်ပေါက်မှ နေရောင်ခြည်များ ဖြာထွက်နေသည်ကို မြင်လိုက်၏။
'ငါအဲဒီအခန်းထဲက ပြန်ထွက်လာရင် ပြောင်းလဲသွားလိမ့်မယ်'
ထန်းမီ သူမကိုယ်သူမ ရေရွတ်မိနေတော့သည်။
သူမသည် စီအီးအိုရုံးခန်းထဲကို ဝင်ဖူးသည့်မိန်းမတစ်ယောက်လည်း ဖြစ်ပေသည်။
***********