← Chapters

ဒုတိယ အင်တာဗျူး

Vol. 1 Ch. 3

ဒုတိယ အင်တာဗျူး

Vol. 1 Ch. 3

ယွီယိ သူ့ရုံးခန်းစားပွဲတွင်ထိုင်နေကာ စာရွက်စာတမ်းများကို စေ့စေ့စပ်စပ်ကြည့်ရင်း ခေါင်းငုံ့ထား၏။ တယောက်ယောက် ဝင်လာသည့် အသံကိုကြားလျှင် သူခေါင်းမော့ကာ ဝင်လာသူအား ကြည့်လိုက်တော့သည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ထိုနက်မှောင်နေတဲ့မျက်လုံးတွေက ထန်းမီ၏ အကြည့်အား ဖမ်းစားသွားလေတော့၏။

သူမ ယွီယိကို စစတွေ့ချင်းမှာ ရလိုက်ရသည့် ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းမသိပေ။ တစ်နည်းနည်းဖြင့် ဖော်ပြရမည်ဆိုလျှင်

သူက ငြိမ်သက်အေးချမ်းလှသည့် ချိုင့်ဝှမ်းလိုမျိုး— လူတိုင်း အကြည့်မလွှဲနိုင်တဲ့သူဟု သူမ ပြောရလိမ့်မည်။

"ထိုင်ပါ "

ရေခဲလိုအေးစက်ပြီး ခံစားချက်မပါတဲ့အသံသည် မိုးသောက်ချိန် မြူခိုးမြူမှုန်လေးများ ကျနေချိန်တွင် တောင်တန်းများအား ဖြတ်သန်းတိုက်ခတ်လာသော လေပြေလေး ကဲ့သို့ သာယာလှပနေပြီး တစ်ချိန်တည်းမှာပဲ မှိန်မှိန်ဝါးဝါးဖြင့် ဟိုတစ်စ ဒီတစ်စ လင်းလက်တောက်ပနေသည့် နေရောင်ခြည်လေးတစ်ခုလိုပင်။

ထန်းမီ သူမ ကဗျာနှင့် စာပေမှာ ပါရမီပါတာကို ပထမဆုံးအကြိမ် သိရှိသွားရတော့သည်။

သူမ သတိထားပြီး ယွီယိဆီ လျှောက်သွားကာ မျက်နှာချင်းဆိုင်နေရာတွင် ထိုင်ချလိုက်ရင်း သူ့အား ပြုံးပြလိုက်လေ၏။ ယွီယိ သူမအား စူးရှသောအကြည့်များဖြင့် ကြည့်လိုက်ပြီးနောက် စားပွဲပေါ်တွင် တင်ထားသော ဘူးသေးသေးလေးတွေဆီ အကြည့်ရောက်သွားတော့သည်။

စားပွဲပေါ်ရောက်သွားသည့် သူ၏ အကြည့်များနောက်အား ထန်းမီ လိုက်ကြည့်ချိန်တွင် ယွီယိ ဖတ်နေသောစာရွက်စာတမ်းသည် သူမ၏ စီဗီဆိုတာအား ရုတ်တရက် သိလိုက်ရလေ၏။

မြင်မြင်ချင်းမှာပင် ထန်းမီ လက်မှိုင်ကျသွားလေတော့သည်။ စီဗီရဲ့အပေါ်ဆုံးမှာ တွဲချိတ်ထားတာက သူမ၏ ဓာတ်ပုံ! မဖြစ်ဘူး စီဗီရဲ့အနောက်အား ထပ်လှန်ကြည့်လျှင် သူမ၏ မှတ်ပုံတင်မိတ္တူပင်!

ဒီလို လူချောလူလှလေး သူမ၏မှတ်ပုံတင် ဓာတ်ပုံအား ကြည့်နေသည်ကို သူမ မခုံခံနိုင်ခဲ့ပေ။ ထန်းမီ ရှက်လွန်းလို့ မျက်နှာကိုသာ ဖွက်ထား လိုက်ချင်တော့သည်။

"မင်း မုန့်တွေကို ဒီဘူးတွေနဲ့ ထည့်လာတာလား?"

ယွီယိ၏အသံက သူမထံ ရောက်လာချိန်တွင် ထန်းမီ ထိပ်လန့်သွားကာ သူမ၏ စိတ်ဝိညာဉ်ကို ပြန်လည်စုစည်း လိုက်ရတော့သည်။

"ဟုတ်! ကျွန်မရဲ့ဆရာက 'အချိုမုန့်‌တွေ အတွက်ဆို အားလုံးကပြီးပြည့်စုံနေရမယ် ကိတ်ဘူးကလည်း အရေးကြီးတဲ့အပိုင်းပဲ' ဆိုပြီးသင်ထားခဲ့လို့ပါ"

ယွီယိ ဘာမှပြန်မပြောဘဲ ကိတ်မုန့်ဘူးအသေးအား တန်းဖွင့်ကြည့်လိုက်၏။

ပထမမုန့်ဘူးထဲတွင် အဖြူရောင်ချောကလက် မုစ်ကိတ်တစ်ခုပါပြီး အပေါ်ဆုံးတွင် ချယ်ရီသီးနှစ်လုံးနှင့်အတူ လက်ရာမြောက်စွာ အဖြူ-အမည်း ဒီဇိုင်းဖြင့် အလှဆင်ထားလေသည်။ သပ်ရပ်သည့် ဖြတ်တောက်မှုနှင့်အတူ သိသာထင်ရှားတဲ့အရှိန်အဝါကို ပေးစွမ်းနေ၏။

ယွီယိသည် ကိတ်ဒီဇိုင်းအား [ချိုမြိန်မြိန် အိပ်မက်] ၏ စားသောက်ဆိုင် မန်နေဂျာလိုမျိုး ရှည်လျား‌လှသော စာကြောင်းတွေနှင့် တစ်ဆင့်ပြီးတစ်ဆင့် အမှတ်ပေးနေတာမျိုး မလုပ်ပေ။ သူအသံတစ်ချက်မှတောင် မထွက်ဘဲ ဓားကို ဆွဲယူကာ ကိတ်မုန့်အား ပိုင်းချလိုက်လေသည်။

ထို့နောက် သူ့နှုတ်ခမ်း အနည်းငယ်ဖွင့်ဟကာ ကိတ်မုန့်အား စားလိုက်သည်ကို ထန်းမီ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိ၏။ သူ၏နှုတ်ခမ်းပါးလေးသည် အရောင်ခပ်ဖျော့ဖျော့ဖြင့်၊ နှုတ်ခမ်းလိုင်းကလည်း သေသပ်ကာလှပနေသည်။

ထန်းမီ သူမကိုယ် သူမတောင် မသိလိုက်ဘဲ စိတ်ကူးယဉ်မိလိုက်လေသည်---။

'နမ်းတဲ့အချိန်ကျရင် ဘယ်လိုအရသာမျိုး ဖြစ်လောက်မလဲ? ကိတ်မုန့်တွေထက်ပိုပြီး အရသာရှိလောက်မလား?'

ယွီယိ မုစ်ကိတ်ပိုင်းအား စားပြီးနောက်တွင် ရေခွက်ကို ယူ၍ ပါးစပ်အပြည့် သောက်လိုက်လေသည်။ ထို့နောက် သူဒုတိယ မုန့်ဘူးအား ဆက်ဖွင့်ကြည့်လိုက်တော့သည်။

ဒုတိယမုန့်ဘူးထဲတွင် အရောင်နှစ်မျိုးရှိသည့် ဘီစကစ်များပါပြီး အလွန်သေးငယ်ပြီး ရိုးရှင်းသည့် ပြင်သစ်ဘီစကစ်များဖြစ်ပေသည်။

ထန်းမီ ယွီယိ၏နှုတ်ခမ်းပါးများ ထိုကြွပ်ရွသည့်ဘီစကစ်အား ကိုက်ချလိုက်သည်ကို ကြည့်ပြီးနောက် တစ်ဖန် သူမ၏စိတ်ကူးယဉ်အတွေးများသည် ပိုမိုပြင်းထန်လာလေတော့၏။

ယွီယိ က ဘာမှတ်ချက်မှ မပေးသေးပေ။ သူ နောက်ထပ် ရေအပြည့် ထပ်သောက်လိုက်ပြီး နောက်ဆုံးအချိုမုန့်— ချောကလက်အား အရသာစစ်ဆေးဖို့ စတင်ပြင်ဆင်လေတော့သည်။

ထန်းမီ အရသာ မတူညီသည့် ဝိုင်သွပ်ထားသော ချောကလက် သုံးခုအား လုပ်လာခဲ့ခြင်းပင်။

ဝိုင်သွပ်ချောကလက်ကို မကိုက်ခင် ဝိုင်အရသာအား ခန့်မှန်းနိုင်ဖို့ဆိုတာမဖြစ်နိုင်ပေ။

ယွီယိ၏အံ့သြသွားသည့်မျက်နှာအား မြင်ရရန် ထန်းမီ မျှော်လင့်နေလေသည်။ သို့သော် ယွီယိ၏မျက်ခုံးများ မသိမသာလှုပ်ရှားသွားပေမယ့် မျက်နှာမှာတော့ ဘာခံစားချက်မှ ပေါ်မလာခဲ့ချေ။

'ဒီလူ တကယ်ခံစားချက် မရှိတာလား?'

ထို့နောက် ထန်းမီ ထိုသူအား ကြည့်၍ အတင်းသတ္တိမွေးကာ- "ဘာအရသာခံစားမိလဲဟင်?"

သူမ၏ရုတ်တရက်ဆန်သော မေးခွန်းကြောင့် ယွီယိ လှုပ်ရှားမှုများ ရပ်တန့်သွားရလေ၏။ သူ ထိုမေးခွန်းကိုမဖြေခင် သူမအားမော့ကြည့်ကာ-

"ဗနီလာခရင်မ်"

သူ၏စိတ်မပါလှသော အဖြေကြောင့် ထန်းမီ ရှက်သလိုတောင် ဖြစ်သွားရတော့သည်။ ထိုမေးခွန်းသည် တော်တော်လေး အပိုဖြစ်သွားခဲ့သည်ဟု ထန်းမီခံစားမိလိုက်လေ၏။

ထိုအချိန်မှာပဲ ယွီယိ သူမ၏ဖန်တီးမှုလက်ရာ အားလုံးအား သုံးဆောင်ပြီးသွားချေပြီ။ ထို့ကြောင့် သူ ထန်းမီအား…

"ငါကြားတာ မင်းအင်တာဗျူးဖြေတုန်းက ဝန်ထမ်းရေးရာဒါရိုက်တာရဲ့မျက်နှာကို ကိတ်မုန့်နဲ့ ပေါက်ခဲ့တယ်ဆို"

ထန်းမီ : "...."

သူမ၏တောက်ပသော အနက်ရောင်မျက်ဝန်းတစ်စုံသည် ရိုးသားစစ်မှန်မှုဖြင့် ပြည့်နှက်နေ၏။ သူမ ယွီယိအား စိုက်ကြည့်ကာ ရှင်းပြဖို့ပြင်လိုက်တော့သည်။

"ကျွန်မ အဲတာကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မရဲ့အိပ်မက်က ကမ္ဘာ့ငြိမ်းချမ်းရေးပဲ"

ယွီယိ၏ နက်မှောင်နေတဲ့ မျက်လုံးများသည် သူမအားပြန်လည် စိုက်ကြည့်လိုက်၏။ သို့သော် သူ၏မျက်နှာထားကတော့ နည်းနည်းလေးတောင် မပြောင်းလဲချေ။

ထန်းမီ : "...."

တစ်ဖက်လူက အရယ်အပြုံးမရှိဘဲ ထိုအေးတိ‌အေးစက် ဟာသထက်တောင် ပိုပြီးအေးတိအေးစက်ဖြစ်နေလျှင် ပိုဝမ်းနည်းစရာကောင်းလှသည်။

ဒီကမ္ဘာပေါ်မှာ ယွီယိထက် ပိုအေးစက်တဲ့အရာ ရှိမရှိကို ထန်းမီ စတင် မေးခွန်းထုတ်မိလေ၏။

ထန်းမီ ရှုံးနိမ့်သွားသလို ခံစားလိုက်ရကာ သူမနှာခေါင်းထိပ်အား တချက်ဖိလိုက်ရင်း ယွီယိကို ရှင်းပြရတော့သည်။

"အမ်..ဝန်ထမ်းရေးရာဒါရိုက်တာက ကျွန်မကို ကိတ်သူခိုးလို့ပဲ မြင်နေတာ အဲဒီအဖြစ်အပျက်ကို တကယ်မသိဘဲနဲ့ ကျွန်မရှင်းပြတာကိုလည်း နားမထောင်ဘူး ကျွန်မကို လှောင်ဖို့ပဲ အာရုံ စိုက်နေတာဆိုတော့ အဲဒီအချိန်ကျွန်မလည်း ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ဘဲ လုပ်မိသွားတာပါ......"

"စားသောက်ဆိုင်မှာ ဧည့်သည်တစ်ယောက်က မင်းကို လှောင်ပြောင်ရင်လည်း သူ့မျက်နှာကို ကိတ်မုန့်နဲ့ ပစ်ပေါက်မှာလား?"

ယွီယိ အတည်ပေါက်ကြီးဖြင့် ပြန်မေးလေ၏။

ထန်းမီ ခဏလောက် ကြောင်အသွားပြီးနောက်-

"အဲဒီ အချိန်တုန်းက ကျွန်မအရမ်းစိတ်လိုက်မာန်ပါဖြစ်သွားလို့ပါ ကျွန်မအာမခံပါတယ် နောက်နောင် အဲဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး"

သူမ ပြောခဲ့သည့်စကားအား ပြန်သုံးသပ်ကာ ဆက်ပြောလိုက်တော့သည်။

"အနည်းဆုံးတော့ ဧည့်သည်တွေကို အဲလိုမလုပ်ပါဘူး"

ယွီယိ ခေတ္တ တိတ်ဆိတ်နေပြီးနောက်-

"မင်းအိမ်ပြန်လို့ရပြီ စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် တစ်ယောက်ယောက် မင်းကို အသိပေးလာလိမ့်မယ်"

ထန်းမီ သူ့အားကြောင်အစွာ ကြည့်နေပြီးနောက် ရုတ်တရက် ထိုင်ခုံပေါ်မှ ခုန်ထလိုက်လေ၏။

"တကယ်လား? ကျွန်မကိုတကယ် အလုပ်ခန့်လိုက်တာလား? ကျေးဇူးတင်ပါတယ်! ကျွန်မကောင်းကောင်းလုပ်ပါ့မယ်!"

ယွီယိ သူမအား စိုက်ကြည့်ပြီး တယ်လီဖုန်းခလုတ်အားနှိပ်လိုက်ပြီးနောက်-

"စန်းလန် မိန်းကလေးထန်းကို အပြင်လိုက်ပို့ပေးပါ"

ထန်းမီ : "....."

စန်းလန် ခပ်မြန်မြန်ပင် ရောက်လာကာ ထန်းမီအား ခေါ်သွားလေတော့သည်။ သုံးလှမ်းလောက်လျှောက်ပြီးနောက် ထန်းမီအနောက်သို့ ပြန်လှည့်ကြည့်ကာ စိတ်မသက်သာဖြင့်…

"ကျွန်မကို အလုပ်ခန့်‌လိုက်တာလား?"

ယွီယိ သူမ၏မေးခွန်းအား ကြားပြီးနောက် ထိုစကားအား နောက်တစ်ခေါက် ပြန်ပြောလေသည်။

"စာချုပ်မှာ လက်မှတ်ထိုးဖို့ တစ်ယောက်ယောက်က မင်းကိုအသိပေးလာပါလိမ့်မယ်"

ထိုမှသာ ထန်းမီ စိတ်အေးသွားဟန် သက်ပြင်းချလိုက်မိတော့၏။ စန်းလန် စီအီးအိုရုံးခန်းတံခါးအား မပိတ်သေးခင် ထန်းမီ အခွင့်အရေးအား အမိအရဆုပ်ကိုင်ကာ ယွီယိကို အပြုံးကြီး ပြုံးပြလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်!"

ယွီယိအတွက် ထိုအပြုံးလေးသည် သူစားဖူးသမျှကိတ်များအားလုံးထက် ပိုချိုမြိန်နေတော့၏။

ထန်းမီထွက်သွားပြီး သိပ်မကြာမီ စီအီးအိုရုံးခန်းတံခါးခေါင်းလောင်း ထပ်မြည်လာလေသည်။ ဒီတစ်ကြိမ်မှာတော့ လော့ဟောက်ပင်။ သူရုံးခန်းထဲကိုဝင်လာချင်းမှာပဲ နူးညံ့ချိုမြိန်မှု ပြည့်နှက်နေသည့် သင်းရနံ့အား ရလိုက်ရတော့၏။ သူရုံးစားပွဲပေါ်တွင်တင်ထားသော အချိုပွဲများ ဆွဲဆောင်တာကို ခံလိုက်ရကာ မခုခံနိုင်တော့ဘဲ ငေးကြည့်နေမိသည်။

"အဲဒါတွေကလှလိုက်တာ အရသာကရောဘယ်လိုလဲ?"

"အဆင်ပြေတယ် မင်းစားကြည့်လို့ရတယ်"

လော့ဟောက် သူ့အမူအရာအား ပြန်ပြင်လိုက်ပြီး ချက်ချင်း ဓားကိုကောက်ကိုင်ကာ အပိုင်းတစ်ပိုင်းလှီးဖြတ်၍ ပါးစပ်ထဲကို ထည့်လိုက်လေသည်။

အီစိမ့်နေသောမုစ်အရသာသည် သူ့ပါးစပ်ထဲ ပျံ့နှံ့သွားသည့် အခိုက်အတန့်တွင် တည်ငြိမ်မှုဆိုတာ လော့ဟောက်ဆီမှာ မရှိတော့ပေ။

'ဒါကို အဆင်ပြေတယ်လို့ ခေါ်တာလား? လုံးဝ စူပါ--အရသာရှိတာကို!'

အဖြူရောင် ချောကလက်ရဲ့ အရသာပြင်းပြင်းက မုစ်ရဲ့အေးမြလန်းဆန်းတဲ့ နူးညံ့မှုနှင့် လိုက်ဖက်နေလေသည်။ အပေါ်တွင် ဝိုင်းစက်နေသည့် ချိုချိုချဉ်ချဉ် ချယ်ရီသီးတွေပါ ထည့်ပေါင်းလိုက်သည့်အခါ အရသာခံဖုလေးများကို အဆုံးမစမရှိ ပျော်ရွှင်သွားစေတော့၏။

ထို့အပြင် မုန့်ဖုတ်ဆရာသည် အောက်ခြေအလွှာကို ချောကလက်အမှုန့်ဖြင့် နှံ့စပ်စွာ ရောစပ်ထားသော အော်ရီယိုကွတ်ကီးများဖြင့် ပေါင်းထည့်ထားတာကြောင့် ကိတ်မုန့်ထဲမှာပဲ ကြီးမားတဲ့ အရသာကွဲပြားမှုကို ဖြစ်ပေါ်စေသည်။

အဖြူနှင့်အမဲ ရောစပ်မှုသည် ထာဝစဉ် လိုက်ဖက်ညီနေပြီး အဖြူရောင်ချောကလက်၏ ချိုမြိန်မှုနှင့် အနက်ရောင် ချောကလက်၏ ခါးသက်မှုက ပါးစပ်ထဲတွင် အတွဲညီစွာ ရောယှက်နေကြပြီး အရသာနှင့်ဒီဇိုင်း နှစ်မျိုးလုံးသည် စိတ်ကျေနပ်မှုကို နှစ်ဆတိုးစေပေသည်။

လော့ဟောက် ထိုကိတ်မုန့်စိတ်အား အသက်တစ်အောင့်စာလေးအတွင်းမှာပဲ စားကုန်သွားလေတော့၏။

ထို့နောက် သူပန်းကန်ပြားအားချကာ အရောင်နှစ်မျိုးပါသည့် ဘီစကစ်ကို ယူပြီး ကိုက်ချလိုက်လေသည်။

"ကျွန်တော် အခုကော်ဖီတစ်ခွက် အရမ်းသောက်ချင်နေပြီ"

ယွီယိ ဘာမှမပြော‌သေးဘဲ သူချောကလက်တုံး ယူစားနေသည်ကို စိတ်မပါလက်မပါဖြင့် ထိုင်ကြည့်နေမိ၏။

"အထဲမှာ ရက်စ်ဘယ်ရီယိုပါတယ်! "

လော့ဟောက်၏ ယခုပုံစံသည် ဆန်တာက‌လော့ဆီမှ သကြားလုံးရခဲ့သည့် ကလေးနှင့်တောင်တူနေပေသည်။

"ချောကလက်က ဘာတွေများ အံ့ဩစရာကောင်းနေလို့လဲ?"

ယွီယိ ရုတ်တရက် မေးခွန်းထုတ်လိုက်တော့သည်။

လော့ဟောက် အနည်းငယ် ကြောင်သွားကာ-

"ဟင်?"

"ဘယ်လိုအရသာပဲရှိရှိ မင်းအရသာတွေအားလုံးကို မြည်းဖူးတာပဲ ဘာလို့မင်းပုံစံက ဝမ်းသာတကြီး အံ့ဩနေတာလဲ?"

"အမ်......"

ဘော့စ်၏မေးခွန်းသည် လော့ဟောက်အတွက်တော့ ဖြေရခက်နေလေ၏။

"ဒါပေမယ့် စိတ်လှုပ်ရှားစရာကောင်းပြီး မအံ့သြချင်ရင် ဘာလို့ကျွန်တော်တို့ ဝိုင်သွပ်ထားတဲ့ချောကလက်ကို စားကြမှာလဲ? ဒဿနိကပညာရှင် တစ်ယောက်ပြောဖူးတယ် 'ကမ္ဘာပေါ်မှာ မင်းအတွက် အသက်တစ်ချောင်းပဲရှိတယ် အဲတော့ မင်းမကြိုးစားကြည့်ရင် ဘယ်လိုရလဒ်မျိုးရမလဲဆိုတာ ဘယ်တော့မှ သိမှာမဟုတ်ဘူး' တဲ့လေ"

ယွီယိ သူ့အား ခဏစိုက်ကြည့်နေပြီးနောက်-

"ဘာလို့လဲမသိဘူး အချိုစားပြီးတိုင်း မင်းအိုင်ကျူတွေ ကျကျသွားတယ်"

လော့ဟောက် : ".... "

ထိုစကားအား တခြားတစ်‌ယောက် ပြောလိုက်လျှင် ထိုလူမှာ အဆိပ်ပြင်းတဲ့လျှာရှိသည်ဟု လော့ဟောက် ထင်မိမည်။ သို့သော် အခုထိုစကားအား ပြောလိုက်သူသည် အမြဲသူ့အတွေးများကို ဒဲ့တိုးပြောတတ်သည့် စီအီးအိုယွီပင်တည်း။

လော့ဟောက် အခုကစပြီး အချိုတွေလျှော့စားသင့်ပြီဟု သူ့ကိုယ်သူတွေးမိလိုက်တော့၏။

ယွီယိ သူ့အားမှာစရာရှိသည်များ မှာကြားပြီးနောက်တွင် လော့ဟောက်တစ်ယောက် အလုပ်ပြန်လုပ်ဖို့ပြင်ဆင်လိုက်လေသည်။ သို့သော် နောက်ဆုံးတွင် သူမနေနိုင်တောဘဲ ယွီယိအား…

"အဲဒီ ထန်းမီဆိုတဲ့မိန်းကလေး အင်တာဗျူးအောင်လား?"

လော့ဟောက် ထန်းမီဆိုတဲ့နာမည်အား တွေ့လိုက်တဲ့အချိန်တွင် သူမအပေါ် သဘောကျနှစ်သက်သည့် အထင်အမြင်ရှိခဲ့သည်။ ထို့ကြောင့် သူမဆီပို့တဲ့ မက်ဆေ့ချ်ထဲတွင် ဒုတိယအင်တာဗျူးအား စီအီးအိုယွီကိုယ်တိုင် မေးမြန်းမည်ဖြစ်ကြောင်းကို ရည်ရွယ်ချက်ရှိရှိ သတိပေးခဲ့တာပင်။

ဒါသည် သူ၏အပြစ်မဲ့သူကို— ကာကွယ်နည်း ဖြစ်တာကြောင့် သူမအား အင်တာဗျူး အောင်စေချင်တာ ဖြစ်သည်။ သူမ လုပ်ထားတဲ့ မုန့်တွေကို အရသာရှိရှိ စားခဲ့တာကိုတော့ ထည့်မပြောတော့ပါ။

ယွီယိ ခေါင်းညိမ့်လိုက်ပြီး…

"အင်း"

ထိုမှသာ လော့ဟောက် စိတ်ကျေနပ်မှုဖြင့် ထွက်လာလိုက်တော့သည်။ သူတံခါးပေါက်ကို ဖြတ်ခါနီးဆဲဆဲတွင် ယွီယိ သူ့အား…

"ဟဲ့ကျားရှူကို သတိထား"

ဟဲ့ကျားရှုက ထန်းမီ ကိတ်မုန့်နှင့်ပစ်ပေါက်ခဲ့တဲ့ ဒါရိုက်တာဖြစ်သည်။ လော့ဟောက် မျက်ခုံးပင့်လိုက်ကာ-

အဲဒီနေ့က ဖြစ်ပျက်ခဲ့တဲ့ အင်တာဗျူးအကြောင်းကို သူတို့စားသောက်ဆိုင်မန်နေဂျာဆီက ကြားပြီးပြီ ဖြစ်သည်။ အဲတုန်းက ဒါရိုက်တာဟဲ့၏အပြုအမူသည် တော်တော်လေး မူမမှန်ပေ။

ပထမဆုံးထန်းမီရဲ့ကိစ္စကို သူဘယ်နေရာဆီကကြားကြား ဝန်ထမ်းရေးရာဒါရိုက်တာ တစ်ယောက်အနေဖြင့် ခံစားချက်ကို လိုက်ပြီး အင်တာဗျူးဖြေဆိုသူအား ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပြီး ဖြေရှင်းချက်ကို လျစ်လျူရှုတာမျိုး မလုပ်သင့်ချေ။

သူ တမင်သက်သက် ခက်ခဲအောင်လုပ်နေတာက ဖြေဆိုသူကို အအောင်မပေးချင်သည့် ရည်ရွယ်ချက်ကြောင့်ဆိုတာ ပိုပြီးထင်မြင်လာစေ၏။

စီအီးအိုယွီလည်း ဒီကိစ္စကိုသံသယဝင်နေတာကြောင့် သူဒါရိုက်တာဟဲ့ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရပေမည်။

ထန်းမီ ယွီကျီတာဝါမှ ထွက်ခွာလာပြီးနောက် ဖုရှင်း၏ဖုန်းနံပါတ်အား နှိပ်ရန် မနည်း အားယူလိုက်ရ၏။

"ရှောင်ရှင်းရှင်း ငါဒုတိယအင်တာဗျူး အောင်သွားပြီ!"

ဖုန်းအား သူမနားရွက်နား ကပ်ထားရင်း ဖုရှင်းကြောင်အနေမိတော့သည်။

"တကယ်? သေစမ်း ထန်းမီ နင်တကယ် စီအီးအိုယွီရဲ့လျှာကို ကျော်လွှားနိုင်ခဲ့တာပဲ! ဂွတ်ဂျော့!"

"ဟားဟား....ဒီလိုပါပဲ....."

ထန်းမီ သူမကိုယ်သူမ အရမ်းဂုဏ်ယူနေကာ သူမ၏အမြီးသည် ကောင်းကင်ကိုတောင် ဦးတည်နေလေတော့၏။

"စီအီးအိုယွီက တကယ်ချောတယ်! ဒါပေမယ့် သူက တော်တော် အေးတိအေးစက်နိုင်တာပဲ!"

"နင် ကြွားတတ်လိုက်တာ ဘယ်သူထင်မှာ....?!"

သူမ၏အသံသည် တစ်ဖက်ရှိဆူညံ့သံများကြားမှ ဖောက်ထွက်လာသည်။ ထို့နောက် ဖုရှင်း ခပ်သွက်သွက် အော်ပြောလိုက်သည်အား ကြားလိုက်ရတော့သည်။

"ငါအခုအလုပ်နည်းနည်းရှုပ်နေလို့ ပြန်ရောက်ရင် ရှန်ပိန်ဖောက်ပြီး အောင်ပွဲခံကြမယ်!"

*********

ဖုရှင်း တကယ်ပဲ ရှန်ပိန်ပုလင်းနှင့်အတူ ပြန်လာခဲ့၏။

မီးဖိုချောင်ထဲမှ ထန်းမီ၏ခေါင်းထွက်လာပြီးကာ ဖုရှင်းအား…

"ရှောင်ရှင်းရှင်း ငါတို့ ဒီညဟော့ပေါ့ စားကြမယ်! ငါ ဒီမနက်က ကျန်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဆာပြေလေးတွေ လုပ်ထားတယ် ငါဧည့်ခန်းထဲမှာ ချထားလိုက်မယ် နင်ဗိုက်ဆာ‌နေရင် အရင်စားနှင့်"

"မိုက်လိုက်တာ!"

ဖုရှင်း လတ်တလော ရေပန်းစားနေသည့် သီချင်းလေးအား ညည်းရင်း ဧည့်ခန်းထဲသို့ မြန်မြန်ဝင်သွားတော့သည်။ ထို့နောက် သူမ ဘီစကစ်အချို့အား ယူကာ မီးဖိုချောင်ထဲသို့ ခုန်ပေါက်လျှောက်လာ၏။

"ထန်းထန်း စီအီးအိုယွီက ဆက်စီကျရဲ့လား? ငါ့ကို မြန်မြန်ပြောပြ!"

"သူက အရမ်းဆက်စီကျတယ် ဒါပေမယ့်အရမ်းလည်း သွေးအေးတယ် အဲဒါကြောင့် သူ့မှာ လိင်စိတ် မရှိလောက်ဘူးထင်တယ်"

ဖုရှင်း : "....."

'ထွက်သွားစမ်း!'

မိနစ်၅၀လောက် ကြာပြီးနောက်တွင် ထန်းမီ ဟော့ပေါ့အတွက် အားလုံးပြင်ဆင်ပြီးသွားလေပြီ။ နှစ်ယောက်သား လျှပ်စစ်မီးဖိုလေးကို ဝိုင်းထိုင်လိုက်ပြီး ခွက်ချင်းတိုက်လိုက်ကြ၏။

"ဒီမှာ ငါတို့ရဲ့သိပ်မကြာ‌တော့တဲ့– ဘဝအထွတ်အထိပ်အတွက် ချီးယားစ်!"

" ချီးယားစ်! "

နားဝင်ချိုစွာ ခွက်တိုက်သံ မြည်ဟီးလာပုံက လန်းဆန်းတဲ့ပန်းတွေ ရုတ်တရက် ပွင့်ဝေလာသလိုပင်။

နှစ်ယောက်လုံး ခွက်တွေကိုချပြီးနောက် ဖုရှင်းထပ်ဖြည့်လိုက်ပြီး…

"အိမ်ရှင်ရဲ့မျက်နှာကို ကြည့်စရာ မလိုတော့တဲ့အတွက် ချီးယားစ်! "

" ချီးယားစ်! "

နောက်ထပ်တစ်ခွက် သူတို့၏ဗိုက်ထဲသို့ ဝင်သွားပြီးနောက် နှစ်ယောက်သား တူအားကောက်ကိုင်လိုက်ကြပြီး အသားအတွက် တိုက်ပွဲဝင်ကြတော့သည်။

တိုတောင်းတဲ့ ရုန်းကန်မှုအပြီးတွင် ဖုရှင်း ပီတိဖြင့် နည်းနည်း လေတက်လိုက်ကာ-

"ထန်းထန်း နင်စီအီးအိုယွီရဲ့သစ်ပင်ကြီးကို ပွေ့ဖက်လိုက်နိုင်သွားပြီ ငါလည်း အလုပ်အကိုင်အပြောင်းအလဲလေး လုပ်ကြည့်သင့်သလိုပဲ"

ထန်းမီ၏မျက်လုံးများ အောက်သို့စိုက်ကျသွားကာ-

"နင်အရင်တစ်ခေါက် ဒီစကားပြောတုန်းက အကြွေးတွေတောင်လိုပုံသွားတာပဲ"

"အယ်....ဒီတစ်ခါမတူဘူး ငါကဖျော်ဖြေရေးနယ်ပယ်မှာ အကြီးအကျယ်လုပ်ဖို့ ဆုံးဖြတ်ထားတာ!"

ထန်းမီ : ".... "

"ငါတကယ်ပြောတာ ဒီနေ့ငါတို့ကုမ္ပဏီရဲ့ပထမထပ်မှာ အရမ်းကောင်းတဲ့ ကြော်ငြာပိုစတာကြီး ကပ်ထားတာတွေ့ခဲ့တယ် ခေါင်းစဉ်က 'ငါက သရုပ်ဆောင်တစ်ယောက်ပါ'တဲ့"

"နင်ဟာသ သရုပ်ဆောင်လုပ်ဖို့ လူရွေးပွဲဝင်ဖြေမလို့လား?"

ဖုရှင်း : "....."

သူတို့ဆက်ပြီး သူငယ်ချင်းမဖြစ်နိုင်တော့ဘူးဟု ခံစားလိုက်ရသည်။

အဆုံးမှာတော့ အိမ်ရှင် အိမ်ငှားခထပ်လာတောင်းတဲ့ အချိန်မှာ ဖုရှင်းလည်း သူမ၏ ဖျော်ဖြေရေးအိမ်မက်တွေကို လက်လျှော့လိုက်ရလေတော့၏။

*****

တစ်ဖက်တွင် ထန်းမီကတော့ [ချိုမြိန်မြိန် အိမ်မက်] နှင့် စာချုပ်အတွက် လက်မှတ်ထိုးဖို့ အသိပေးစာရရှိလိုက်၏။

_____________________________________

 စာရေးသူ၏ အမှာစာ:

မနေ့က စီအီးအိုယွီမှာ ရောဂါရှိတယ်လို့ ပြောခဲ့ပါတယ်။ သူ့မှာ လူတစ်ကိုယ် စိတ်နှစ်မျိုးရောဂါ ရှိတယ်

လို့ အသိပေးချင်လို့ပါ!

M နဲ့ S က တကယ်ကို မကောင်းဆိုးဝါးတွေပါပဲ

All Chapters