← Chapters

အပြောင်းအလဲ

Vol. 2 Ch. 11

အပြောင်းအလဲ

Vol. 2 Ch. 11

အရင်ညတုန်းက ယွီယိလည်း ကားထဲမှာ ထိုမေးခွန်းအား မေးခဲ့ဖူးသည်ကို ထန်းမီ ရုတ်တရက် သတိရသွား၏။

'အဲသီချင်းကို ဆိုနေတုန်းက ဘယ်သူ့ကို တွေးနေတာလဲ?'

သူမ ဘာကြောင့်မှန်းမသိပေမယ့် ယွီယိရှေ့တွင် လင်ချဲ့ အကြောင်း မပြောချင်ပေ။

ယွီရှင်း မျက်နှာချင်းဆိုင်ကနေ ထန်းမီအားကြည့်နေပြီး သူ့မျက်လုံးထဲတွင် စိတ်မကောင်းဖြစ်မှု အရိပ်အယောင်များ ထင်ဟပ်နေသလိုပင်။

"လော့ဟောက် ဟဲ့ကျားရှုနောက်ကြောင်း စုံစမ်းခဲ့တယ် သူ့တူမ ဟဲ့စစ်ချီက မင်းကို ခိုးကူးပါတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့နှစ်မလား? အဲတုန်းက မင်းနဲ့ဟဲ့စစ်ချီက ရှီတက္ကသိုလ်ရဲ့ မုန့်ဖိုအဖွဲ့ဝင်ဖြစ်ပြီး လင်ချဲ့က အဖွဲ့အစည်းရဲ့ ဥက္ကဌ"

သူမ အနည်းငယ် သံသယဝင် သွားတော့သည်။

"ကုမ္ပဏီက သူ့ကြောင့် အရည်အချင်းရှိတဲ့ မုန့်ဖုတ်ဆရာကို လက်လွှတ်လိုက်ရတော့မလို့လေ အဲလိုလူမျိုးက ကိုယ်တို့နဲ့အတူ အလုပ်ဆက်လုပ်ဖို့ ထိုက်တန်လို့လား?"

"ဒါရိုက်တာ ဟဲ့.....သူ....."

ယွီရှင်း ကြည့်ရတာ ထိုလူ့အကြောင်းအား သိပ်ပြောချင်ပုံ မပေါ်ပေ။

"အခု သူက အရေးမကြီးဘူး လင်ချဲ့က မင်းတက္ကသိုလ်တုန်းက ရည်းစားလား?"

ထန်းမီ ခတ္တခဏ နှုတ်ဆိတ်သွားကာ ခေါင်းငုံ့ပြီး သူမအကြည့်များကို စားပွဲပေါ်ရှိ သစ်သီးတွေဆီမှာပဲ ထားလိုက်၏။

ယွီရှင်း စားပွဲဘေးမှာ ထိုင်ချလိုက်ပြီး သူ၏မျက်ဆံများ ပို၍ကြီးလာလေသည်။

"ယောက်ျားတွေမှာ အဲလိုနိမ့်ကျတဲ့ စံနှုန်းတွေရှိတတ်တယ် အချစ်လေးရဲ့"

ထန်းမီ ရုတ်တရက် ရယ်စရာကောင်းသည်ဟု တွေးမိသွား၏။ အခု ဖြစ်နေသော ယွီရှင်း၏အမူအရာသည် ဖုရှင်းတို့အိမ်မှာ မွေးထားသည့် ကြောင်လေးစိတ်ဆိုးတဲ့အခါ လုပ်တတ်သောပုံစံနှင့် တူနေသောကြောင့်ပင်။

"သူက ကျွန်မ့ကောင်လေး မဟုတ်ပါဘူး"

"ကျွန်မ အထက်တန်းတုန်းက မုန့်ဖုတ်တာကို အရမ်းသဘောကျခဲ့တာ ဒါပေမယ့် စာပဲလုပ်နေရတော့ သင်ဖို့ရော၊ လက်တွေ့လုပ်ကြည့်ဖို့ပါ အချိန်မရခဲ့ဘူးလေ တက္ကသိုလ်ရောက်တော့ အဲမှာမုန့်ဖိုအဖွဲ့အစည်းရှိတာကို အကျဉ်းချုပ်မိတ်ဆက်ပွဲမှာ သိခဲ့ရပြီး ဘာမှစဉ်းစားမနေတော့ဘဲ ခြေစုံပစ်ဝင်ခဲ့တာ"

ရှီတက္ကသိုလ်၏ မုန့်ဖိုအဖွဲ့အစည်းကို လင်ချဲ့ တစ်ယောက်တည်းကပဲ စတင်တည်ထောင်ထားခဲ့တာ ဖြစ်သည်။ သူ့မိဘများသည် အနောက်တိုင်းစတိုင်လ် စားသောက်ဆိုင်ပိုင်ရှင်များဖြစ်တာကြောင့် သူသည်လည်း အချက်အပြုတ်လောကနှင့်နီးစပ်တဲ့ အဆက်အသွယ်ရှိခြင်းပင်။

"မုန့်ဖိုအဖွဲ့အစည်းထဲကို ဝင်ပြီးမှ ကလပ်ဥက္ကဌက တက္ကသိုလ်မှာ တော်တော်လေး ရေပန်းစားတဲ့လူဆိုတာ သိခဲ့ရတယ်လေ" ထန်းမီ ပြန်လည်သတိရသွားတော့သည်။ သူမ လင်ချဲ့အား စတွေ့ချိန်တွင် သူသည်အဖွဲ့အစည်း လူသစ်ကြိုဆိုပွဲအတွက် စီစဉ်နေခဲ့တာဖြစ်ပြီး သူလည်းပေါ်လာတော့ အခန်းထဲမှ မိန်းကလေးတွေအားလုံး စူးစူးရှရှအော်ဟစ်ခဲ့ကြ၏။

"သူ့အပြုံးက လန်းဆန်းစေတယ် နေအလင်းရောင်လေးလိုပဲ လူတိုင်းကသူ့ကို နေရောင်ခြည်လေးလို့ ခေါ်တတ်ကြတယ်...သူက ကျွန်မရဲ့ပထမဆုံးကိတ်မုန့်ကို သင်ပေးခဲ့တာ အရသာကတော့ ကောင်းတဲ့ထဲ မပါခဲ့ပေမယ့် အဲခံစားချက်ကို မေ့လို့မရခဲ့ဘူး"

ယွီရှင်း ထိုင်ခုံအား မှီချလိုက်၏။ နွေးထွေးတဲ့ နေရောင်ခြည် ခပ်မှိန်မှိန်လေးသည် သူ့နောက်ရှိ ပြတင်းပေါက်မှတဆင့် ဖြာကျနေကာ သူ၏ပွယောင်းယောင်း ဆံသားများပေါ်တွင် ရွှေအိုရောင် အလင်းစလေးများ ထင်ဟပ်နေစေ၏။ သူထန်းမီအား ငေးကြည့်ရင်း ထပ်၍မေးခွန်းထုတ်လိုက်သည်။

"သူ့ကိုကြိုက်ခဲ့လား?"

ထန်းမီ ခပ်ဖျော့ဖျော့ ရယ်မိလိုက်ကာ-"အဲအချိန်တုန်းက သူ့ကို မကြိုက်မိဖို့ဆိုတာ ခက်ခဲတယ် သူက အရာရာမှာတော်ပြီး ကျွန်မကိုလည်း တကယ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာလေ သူ ကျွန်မကို ပြောခဲ့တဲ့ စကားတစ်ခုရှိတယ် ကိတ်မုန့်ဖုတ်ဖို့အတွက် ပျော်ရွှင်မှုတွေ ပြည့်ဝနေမှဖြစ်မယ်တဲ့ ဒါမှ ကိုယ့်ကိတ်မုန့်ကို စားလိုက်တဲ့သူလည်း အဲဒီပျော်ရွှင်မှုကို ခံစားရမှာတဲ့လေ ဒါကြောင့် ကျွန်မသူ့အပေါ်မှာရှိ‌နေတဲ့ ခံစားချက်တွေကိုအလေးထားပြီး မုန့်ဖုတ်တာကို ကြိုးစားလုပ်ခဲ့တယ် သူအရသာကို ထိတွေ့လိုက်တာနဲ့ ကျွန်မရဲ့ခံစားချက်တွေကို နားလည်လိမ့်မယ်လို့ ထင်ခဲ့လို့..."

"ပြီးတော့...." ထန်းမီ ရှက်ရှက်ဖြင့် ရယ်လိုက်မိတော့သည်။

"သူမလာခဲ့ဘူး အဲနေ့က ကျွန်မတို့ တွေ့နေကျနေရာမှာ တစ်နေ့ခင်းလုံး စောင့်နေခဲ့ပေမယ့် သူပေါ်မလာခဲ့ဘူး နောက်နေ့မှ သူနိုင်ငံခြား ထွက်သွားပြီဆိုတာကို သိလိုက်ရတာ"

ယွီရှင်း၏မျက်ခုံးများ မြင့်တက်သွားသည်။ ထို့နောက် တိတ်ဆိတ်နေသဖြင့် ထန်းမီကပဲ ဆက်၍..."အဲအချိန်က တကယ်ရယ်စရာကောင်းတယ်လို့ တွေးနေခဲ့တာ သူကျွန်မကြောင့် နိုင်ငံခြားကို ထွက်သွားတာလား? တကယ်လို့ သူကျွန်မကို ငြင်းခဲ့ရင်တောင် ကျွန်မပုံကြီးချဲ့နေမှာ မဟုတ်ဘူးလေ ကျွန်မကို ရှောင်ဖို့လိုလို့လား?"

ယနေ့အချိန်ထိ သူမအကြောင်းအရင်းကို အဖြေရှာမရခဲ့ချေ။

"သူ အနောက်တိုင်း အစားအစာသင်ဖို့ ချက်စ်တာတွန်နဲ့အတူ ပြင်သစ်ကိုသွားတာလား? "

"ရှင် အဲဒါကို သိတာလား?"

"အာ ဟုတ်သားပဲ သူက 'ချက်စ်တာတွန်ရဲ့ တစ်ဦးတည်းသော တရုတ်လူမျိုးကျောင်းသား' ဆိုပြီးတောင် နာမည်ကြီးသွားသေးတယ် မီဒီယာတွေကသူ့သတင်းတွေ အများကြီးထုတ်ဝေခဲ့တာ"

သူမ ဇာတ်လမ်း၏စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းကို ရောက်လာဟန်ဖြင့် ရေသောက်လိုက်ပြီးနောက်- "သူပြင်သစ်ကိုသွားတာ သိပ်မကြာခင်မှာပဲ ဟဲ့စစ်ချီလည်း သူ့နောက်ကို လိုက်သွားတယ် အခု သူတို့နှစ်ယောက်လုံး မုန့်တိုက်တစ်ခုကို အတူဖွင့်ထားတယ် ပြောတယ် မကြာခင် သူတို့မင်္ဂလာဆောင် ဖိတ်စာကို ရတော့မယ် ထင်ပါရဲ့"

ယွီရှင်း သူမအား မျက်လုံးပင့်ကြည့်လိုက်ကာ မျက်နှာသေကြီးဖြင့်..."အခုရော သူ့ကို ကြိုက်နေသေးတာလား?"

ထန်းမီ ခေါင်းယမ်းပြလိုက်ပြီး..."အရင်က မေးမယ်ဆိုရင်တော့ ကျွန်မလည်း ဖြေတတ်မှာ မဟုတ်ဘူး ဒါပေမယ့် မနေ့က မုန့်ပြပွဲမှာ သူ့ကိုတွေ့လိုက်ရတော့ သူ့အပေါ်မှာ ဘာခံစားချက်မှ မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်"

'လူ တစ်ယောက်‌ပေါ်မှာထားတဲ့ ခံစားချက်က ဘယ်လောက်ကြာနိုင်သလဲ? တစ်နှစ်? ဆယ်နှစ်? တသက်လုံး?'

သူမ၏တက္ကသိုလ်ပထမနှစ်မှ ယနေ့ချိန်အထိ ၅နှစ်ကျော်မှာ လင်ချဲ့အား သူမ ထင်ထားသလောက် မကြိုက်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ယွီရှင်း ထိုင်နေရာမှ ရုတ်တရက် ထလိုက်တာကြောင့် ထန်းမီသူ့အား အံ့အားသင့်စွာ ကြည့်လိုက်မိ၏။

"ဘာဖြစ်လို့လဲ?"

ယွီရှင်း သူမဆီသို့လျှောက်လာပြီး သူမအပေါ်အုပ်မိုးချလိုက်ကာ-"မနေ့ညက ကာရာအိုကေမှာ ဘာလို့သောက်တာကို ရွေးလိုက်တာလဲ?"

'အခန်းထဲမှာရှိတဲ့ ရုပ်အချောဆုံးလူကို နမ်းမလား? ဒါမှမဟုတ် ကြုံရာကျပန်း ရောသမထားတဲ့ အရက်တစ်ခွက်ကို သောက်မလား?'

ထန်းမီ မေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားရတော့သည်။ သူဘာလို့ဒီမေးခွန်းကို ရုတ်တရက်မေးလဲဆိုတာ နားမလည်နိုင်ပေ။

"ဘာလို့လဲဆိုရင်....ဟို.....စီအီးအိုယွီဖြစ်...."

ယွီရှင်း၏နှုတ်ခမ်းများ အပြုံးတစ်ခုသို့ ပြောင်းလဲသွားကာ သူ့ပါးပေါ်ရှိ ပါးချိုင့်များ နစ်ဝင်သွားတော့၏။

ထန်းမီ : "...."

'နေပါဦး ဒါဓားပြတိုက်နေတာများလား?'

သူမ၏အတွေးများ အဆုံးမသတ်လိုက်ခင်မှာပဲ နူးညံ့တဲ့နှုတ်ခမ်းတစ်စုံသည် သူမနှုတ်ခမ်းပေါ် ဖိကျလာခဲ့သည်။

သူမ အရမ်းအံ့အားသင့်သွားသဖြင့် ခုခံဖို့ကိုတောင် မေ့နေလေ၏။ သူမ၏မျက်လုံးများ ပြူးကျယ်နေတာကြောင့် ယွီရှင်း၏ယပ်တောင်လို ကော့စင်းနေသော မျက်တောင်လေးများ မသိမသာ လှုပ်ရှားနေတာကိုတောင် မြင်လိုက်ရသည်။

ထို့နောက် သူ၏မျက်လုံးများ ဆတ်ကနဲဖွင့်လာလေ၏။

သူ့မျက်လုံးများထဲတွင် စိုးရိမ်တုန်လှုပ်မှုများ ရှိနေသည်ကို ထန်းမီ အထင်းသားမြင်လိုက်ရ၏။ သူ့မျက်နှာထားသည် မသိလျှင်တစ်ဖက်လူကပဲ သူ့အား အတင်းအကြပ် နမ်းလိုက်သလိုပင်။

သူ ကြောက်စရာကောင်းသည့်အရာအား ရင်ဆိုင်နေရသလို နောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်လိုက်မိတော့သည်။ ထို့နောက် သတိကပ်ပြီး သူ့ညာလက်ဖြင့် နှုတ်ခမ်းအား ထိကြည့်လိုက်၏။

ထိုအချိန်တွင် ထန်းမီ တစ်ကိုယ်လုံးလည်း ဗြောင်းဆန်နေလေပြီ။ သို့သော် သူမ မျက်နှာချင်းဆိုင်ကလူ၏ ရှုပ်ထွေးနေတဲ့ မျက်နှာထားအား မတွေ့လိုက်ရခင်အထိပင်။ ထို့နောက် သူချက်ချင်း လှည့်ထွက်သွားတာကိုတွေ့တော့ သူမလည်း အသိစိတ် ပြန်ဝင်လာတော့သည်။

ထိုသိရှိမှုသည် ခုဏက အနမ်းထက်တောင် အဆတစ်ထောင်လောက် ပို၍ တုန်လှုပ်စရာ ကောင်းနေတော့သည်။ ယွီရှင်း၏မှတ်ဉာဏ်သည် စီအီးအိုယွီမှာ ရှိမည့်ပုံမပေါ်ပေ။

'သူသာ မသိတဲ့နေရာတစ်ခုမှာ ရုတ်တရက်နိုးလာပြီး တစ်ခြားယောက်ျားတစ်ယောက်ကို နမ်းနေတာ တွေ့လိုက်ရရင်.......'

'သေချာပေါက် သူရူးသွားလောက်တယ်!'

တစ်နာရီပြည့်ပြီပင်။

ရေခဲသေတ္တာထဲမှ ဂျုံမုန့်ညက်အား ထုတ်လိုက်ပြီး ခဏလောက် စဉ်းစားပြီးနောက် သစ်သီးတွေကို ပြီးစီးအောင်လုပ်ပြီးမှ ပြန်ရန်ဆုံးဖြတ်လိုက်တော့သည်။

ဘေလ်ကိုတော့ သူမပဲရှင်းရမှာ အသေအချာပင်။

ယွီယိ လမ်ဘော်ဂီးနီအား အလင်းလိုအရှိန်ဖြင့် အိမ်သို့မောင်းလာပြီး အခွင့်သာသည်နှင့် တုန်လှုပ်နေသောလက်များဖြင့် လော့ဟောက်ဆီ ဖုန်းခေါ်လိုက်၏။

"ဒေါက်တာကျန်းကို အခုချက်ချင်း အိမ်ခေါ်ပေး!"

ဒေါက်တာကျန်း အခွင့်ကောင်းအား ဆုပ်ကိုင်ကာ ဝန်ဆောင်ခပိုထည့်လိုက်ပြီး ယွီယိအိမ်သို့ တက်ကြွစွာ ရောက်လာလေသည်။ ယွီယိကတော့ အခုမှရေချိုးထားသည့်ပုံပင်။ ရိုးရိုးရှင်းရှင်း ညဝတ်အင်္ကျီတစ်စုံကိုသာ ဝတ်ထားပြီး ဆံပင်များကလည်း အနည်းငယ် စိုထိုင်းနေသည်။ သူပြတင်းပေါက် အရှည်ကြီးရှေ့တွင် ရပ်နေကာ သူ၏ရှည်သွယ်သွယ်ခန္ဓာကိုယ်ဖြင့် ကျရောက်နေသော နေရောင်ခြည်များကို ပိတ်ပင်ကာဆီးထား၏။ သူဒေါက်တာကျန်းဘက် မလှည့်ခင် ခေါင်းအား အထပ်ထပ်ခါနေလေသည်။

ဒေါက်တာကျန်း သက်ပြင်းချလိုက်ပြီး..."မင်းရဲ့အဲလိုပုံက မိန်းကလေးတွေ ရူးခါသွားအောင် လုပ်နိုင်တယ်"

"သူ ဒီနေ့ထန်းမီဆီ ထပ်သွားပြန်ပြီ သူဒီလိုဆက်သွားနေရင် ငါတကယ် ပြဿနာတက်လိမ့်မယ်"

"မင်း ခံစားနေရတာကို 'ပြဿနာ'ဆိုတဲ့ စကားလုံးကို သုံးပြီး ဖော်ပြလိုက်တာပဲ ပြီးတော့ သူက မင်းကိုယ်တိုင်မဟုတ်တဲ့ အတိုင်းတောင် ပြောလိုက်သေး ယွီယိ မင်းမှာ စိတ်ခံစားချက်တွေ ဖြစ်ပေါ်နေပြီ"

"အဲဒါ ပျော်သင့်တဲ့အရာ မဟုတ်ဘူး ထင်တယ်"

"ဒါပေါ့ မင်းတကယ် ပျော်ရွှင်မှုအစစ်ကို ခံစားရတဲ့နေ့ ရောက်ရင် ငါ မင်းအတွက် ရှန်ပိန်ဖောက်ပြီး ဂုဏ်ပြုပေးမယ်ကွာ"

ယွီယိ သူ့အားတိတ်ဆိတ်စွာ ကြည့်နေလျှင် ဒေါက်တာကျန်း စကားအားပညာသားပါပါ စပြောလာခဲ့၏။

ဒေါက်တာကျန်း သူ့အိတ်ထဲရှိ မဂ္ဂဇင်းတစ်ခုအား ထုတ်လိုက်ပြီးနောက် စာမျက်နှာတစ်ခုဆီ လှန်ကာ ယွီယိ ရှေ့ချပေးလိုက်သည်။

"ဒါနဲ့ တစ်ခုခုပတ်သက်လိမ့်မယ်လို့ ထင်လား?"

မဂ္ဂဇင်းထဲတွင် မနေ့ကမုန့်ပြပွဲ သတင်းများနှင့် ပြည့်နှက်နေ၏။ သူလင်ချဲ့၏သတင်းပါသည့် စာမျက်နှာအား လှန်ထားခြင်းဖြစ်ကာ စာမျက်နှာတစ်ခုလုံး လင်ချဲ့ပုံများနှင့် ပြည့်နေသည်။ ထိုပုံများထဲတွင် ထန်းမီတစ်ယောက် သူနှင့်အတူ ရပ်နေတဲ့ပုံလည်း ပါလေ၏။ သတင်းအကြောင်းအရာသည် သူမကို သူ၏တက္ကသိုလ်က ဂျူနီယာဟု မိတ်ဆက်နေပြီး နှစ်တွေ အများကြီးကြာပြီးမှ ပြပွဲမှာ ပြန်လည် ဆုံတွေ့ကြခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

"အင်း မုန့်တိုက်ရဲ့မင်းသားလင်ချဲ့...အခုတလော သူ့သတင်းတွေအများကြီးပဲ သူ့မှာမိန်းကလေးတွေ အများကြီးရဲ့နှလုံးသားကို သိမ်းနိုင်တဲ့ ဆွဲဆောင်မှုမျိုးရှိတယ်ဆိုတာတော့ ဝန်ခံရမယ်"

ဒေါက်တာကျန်း မဂ္ဂဇင်းဆက်ဖတ်နေကာ အဲလိုနာမည်ကြီးပုဂ္ဂိုလ်များ၏အကြောင်းအား သတင်းကြော်ညာသလို ဖတ်ပြနေ၏။

"သူ့ပုံစံကြည့်ရသလောက်တော့ ထန်းမီနဲ့တော်တော်လေး လိုက်ဖက်တာပဲ အဲဒါကြောင့် မီဒီယာက သူတို့နှစ်ယောက်ပုံကို ထည့်ထားတာများလား?"

ယွီယိ စားပွဲပေါ်ကမဂ္ဂဇင်းအား တချက်ကြည့်ကာ တိတ်ဆိတ်နေတော့သည်။ ဒေါက်တာကျန်း မသိမသာလေး ပြုံးလိုက်ပြီးနောက်-"အားကျနေတာလား?"

သူမျက်ခုံးများ ပင့်လိုက်ကာ-"အားကျတယ်?"

"သဝန်တိုတယ်လို့လည်း ပြောလို့ရတယ် ကိုယ်စိတ်ဝင်စားနေတဲ့ မိန်းကလေးက တစ်ခြားယောက်ျားတစ်ယောက်နဲ့ ရင်းနှီးတဲ့ ပတ်သက်မှုမျိုးရှိနေရင် ဒီလိုခံစားချက်မျိုး ပေါ်လာတတ်တယ်"

"ငါ ထန်းမီကို စိတ်ဝင်စားနေတယ်လို့ ထင်တာလား?"

"အဲတာ မင်းဆုံးဖြတ်ရမှာ မင်းကငါ့ထက် မင်းကိုယ်မင်း အနားလည်ဆုံးဖြစ်မှာပါ.."

ဒေါက်တာကျန်း သူ့အား နက်နဲတဲ့အကြည့်များဖြင့် စိုက်ကြည့်လာလေသည်။

"ဒီတော့ ယွီရှင်းက ဘာလုပ်ခဲ့တာလဲ?"

"သူကိတ်မုန့်ဖုတ်ဖို့အတွက် မုန့်ဖိုဆိုင်ကိုသွားခဲ့တာ ထန်းမီလုပ်တဲ့ ကိတ်မုန့်ကို စားချင်လို့သွားတာပဲ ဖြစ်မှာပေါ့"

ဒေါက်တာကျန်း သူ့ကိုဆက်ပြောခိုင်း၏။

ယွီယိ ခဏလောက် ရပ်တန့်သွားပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

"သူ ထန်းမီကို နမ်းခဲ့တယ်.."

ဒေါက်တာကျန်းကတော့ ဒါကို ကြိုတင်ခန့်မှန်းပြီးဟန်၊ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားတော့သည်။

"မင်း ဒီအဖြစ်အပျက်ကနေ ပြတ်သားတဲ့ဆုံးဖြတ်မှု ချသင့်တယ်နော်"

ယွီယိ၏နှုတ်ခမ်းပါး တစ်ဖြည်းဖြည်းဖြင့် မျဉ်းဖြောင့်သဏ္ဌာန် ဆန့်တန်းသွားရတော့သည်။ ထို့နောက် သူမဂ္ဂဇင်းအား ပြန်အကဲခတ်လိုက်ပြီး လင်ချဲ့ပုံကို အာရုံစိုက်လိုက်၏။

"သူ့ရဲ့ယောက်ျားတွေ အပေါ်ထားတဲ့စံနှုန်းက အဲလောက်လည်း မမြင့်ဘူးပဲ"

ဒေါက်တာကျန်း အသံထွက်သည်အထိ ရယ်မောလိုက်မိကာ-"ငါလည်း မင်းကသူ့ထက် ပိုတော်တယ်လို့ ထင်တယ်"

ယွီယိ ဘာမှပြန်မပြောပေ။ ဒေါက်တာကျန်း သူ့အား စိုက်ကြည့်ကာ မေးခွန်းထပ် ထုတ်လိုက်ပြန်၏။

"ငါ လော့ဟောက်ဆီက ကြားတာ မင်းသူ့ကို အမြဲတမ်းဝန်ထမ်းနေရာ ပြောင်းလိုက်ပြီဆို နောက်ကွယ်မှာ ဘာအကြောင်းရှိလို့လဲ?"

ဒေါက်တာကျန်း ပြုံးလိုက်ကာ-"ငါ ပို့လိုက်တဲ့ မက်ဆေ့ခ်ျကြောင့် မဟုတ်တာ သေချာလား? ငါ တကယ် သူ့ကို ကိုယ်ပိုင်မုန့်ဖုတ်ဆရာလုပ်ပေးဖို့ တောင်းဆိုမှာကို စိုးရိမ်နေတာလား?"

"မဟုတ်ဘူး"

ဒေါက်တာကျန်း မျက်ခုံးများအား မသိမသာပင့်လိုက်မိတော့သည်။

"မင်းမှာရှိနေတဲ့ ပြဿနာကို မမြင်နိုင်သေးဘူးလား ယွီရှင်းပေါ်လာတာ ထန်းမီကြောင့်လေ သူမရှိတော့ရင် ယွီရှင်းလည်း ငြိမ်သွားပြီး မင်းလည်း စိတ်မညစ်ရတော့ဘူးပေါ့ ဘာလို့သူ့ကို အမြဲတမ်းနေရာကို ပြောင်းပေးလိုက်တာလဲ?"

ယွီယိ ခေတ္တခဏ တွေးတောနေပြီးမှ ခုဏက အတိုင်းပင် တစ်ထပ်တည်း အဖြေပေးလာခဲ့ပြန်သည်။

"သူ ထူးချွန်တဲ့ မုန့်ဖုတ်ဆရာမို့လို့"

ဒေါက်တာကျန်း မသိမသာလေး ရယ်လိုက်ပြီး ဆိုဖာပေါ်မှ ထလိုက်လေ၏။

"ဒီကိစ္စကို သူ့ကိုလည်း ပြောပြဖို့ အကြံပေးတယ် သူအခုချိန်ဆို မင်းမှာ စိတ်နှစ်ခွရောဂါ ရှိတာကို သိသင့်နေပြီ ဒီနေ့သူ့ကို နမ်းတောင်နမ်းခဲ့သေးတာ အဲဒါသူ့အပေါ် တော်တော်ကြီးတဲ့ ဖိအားဖြစ်သွားလိမ့်မယ်ဆိုတာ သေချာတယ်"

ယွီယိ နှုတ်ခမ်းအား တင်းနေအောင် ဖိလိုက်ပြီး စကားကို ပြန်ပြင်ပေးလိုက်၏။

"ငါ မဟုတ်ဘူး ယွီရှင်း!"

"အေးပါ ဘာပဲဖြစ်ဖြစ် ငါလည်း မိန်းကလေးထန်းမီကို ကျေးဇူးတင်ရမယ် သူက ငါ့လစာအတွက် အခွင့်ကောင်းတွေ တစ်ခုပြီးတစ်ခု ပေးနေတာပဲ"

ဧည့်ခန်းထဲတွင် ယွီယိ အချိန်တစ်ခုလောက်ထိ ထိုင်နေပြီးနောက် လော့ဟောက်အား လှမ်းခေါ်လိုက်၏။

"ထန်းမီနဲ့တွေ့ဖို့ နေ့လည်ပိုင်းအချိန် အားအောင် လုပ်ထားပေး ငါသူ့ကို ပြောစရာရှိတယ်"

__________________________________________

All Chapters