လင်ချဲ့
Vol. 2 Ch. 13
ထန်းမီ ထိုလူ့အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ သူ့ထံလျှောက်သွားကာ မေးလိုက်၏။
"ဟင် ဒီကိုဘာလာလုပ်တာလဲ?"
လင်ချဲ့ စပ်ဖြီးဖြီး မျက်နှာဘေးဖြင့်..."မင်းကိတ်မုန့် လာစားတာလေ"
ချောကလက်အမှုန်လေးများ ဝိုင်းရံထားပြီး၊ အပေါ်ကနေ ချောကလက်ဆော့စ်အား ပျစ်နှစ်နေအောင် လောင်းထားသည့် လေးထောင့်ပုံစံ ချောကလက်ကိတ်တစ်ခု သူ့စားပွဲပေါ်တွင် ရှိနေသည်။ အပေါ်တွင် ရှည်လျားသည့် အဖြူရောင် ချောကလက်အလိပ် သုံးလိပ်ဖြင့် အလှဆင်ထားပြီး နောက်ဆုံးအနေဖြင့် ကိတ်မုန့်အတွက် ဆုတံဆိပ်လိုပန်းပွင့်ပုံစံ သကာရည်ဖြင့် အလှဆင်ထားသေး၏။
သူက ဝမ်းနည်းသည့် အမူအရာဖြင့် ပြောလိုက်သော်လည်း လက်ကတော့ ကိတ်မုန့်အား ဖဲ့ပြီး ပါးစပ်ထဲ ကောက်ထည့်လိုက်လေသည်။
"ချောကလက်အရသာက ပြင်းတယ်။ ဒါပေမဲ့ ဆိမ့်တယ် ကင်ထားတဲ့ အစေ့အဆန်တွေက အရသာကို ပိုပြီးပြည့်စုံစေတယ်။ ကော်ဖီနဲ့ ကရာမယ်လည်း ချောကလက်နဲ့ တော်တော်လေး လိုက်ဖက်တယ်"
"ဟီးဟီး ရှင့်ကို မုန့်ဖိုမင်းသားလို့ခေါ်ကြတာ မဆန်းပါဘူး တစ်လုတ်တည်းနဲ့ ကျွန်မရဲ့လုပ်နည်းကို သိတယ်"
လင်ချဲ့ ခရင်းအား ချလိုက်ပြီးနောက် နှုတ်ခမ်းများ ကော့ညွှတ်သွားသည်အထိ ပြုံးပြလိုက်လေသည်။
"လုပ်နည်းသိရင်တောင် ဘယ်သူမှ ဒီအရသာကို လိုက်မလုပ်နိုင်ဘူး။ ကိုယ် မင်းကိုပြောနေကျ အတိုင်းပဲ နည်းအတိုင်း ဘယ်လောက်ပဲကြိုးစားပြီး လိုက်လုပ်ပါစေ တစ်ခုခုလွဲသွားတာဖြစ်ဖြစ်-- ဂျုံနယ်တဲ့ပုံကွာသွားတာပဲဖြစ်ဖြစ်-- နောက်ဆုံးမှာ အရသာကို ကြီးကြီးမားမား ကွာခြားသွားစေတယ်"
စားသောက်ဆိုင်၏ ထောင့်တစ်နေရာတွင် ရပ်နေသော စားဖိုမှူးခေါင်းဆောင်နှင့် မန်နေဂျာကျန်းတို့ နှစ်ယောက် စားပွဲနံပါတ်၁၃ရှိ ထန်းမီနှင့် လင်ချဲ့တို့အား သေချာလေး စူးစမ်းကြည့်နေကြ၏။
"အဲလူငယ်ကို မြင်ဖူးသလိုပဲ။ သူက အခု တော်တော်လေး နာမည်ကြီးနေတဲ့ မုန့်ဖိုမင်းသားမလား?"
မန်နေဂျာကျန်းက ခေါင်းညိမ့်ပြရင်း..."သူက ဒီမှာဘာလုပ်နေတာလဲ?"
စားဖိုမှူးခေါင်းဆောင်က စဥ်းစားဟန်ဖြင့် သူ၏မေးစေ့အားပွတ်သပ်ကာ - "သူ ထန်းမီကို ကြည့်နေတဲ့အကြည့်ကို အကဲခတ်ရရင် သူမအပေါ် ကောင်းတဲ့ရည်ရွယ်ချက် ရှိတဲ့ပုံတော့ မပေါ်ဘူး။ သူ ငါတို့ရဲ့ထောက်တိုင်ကို လာသိမ်းတာတော့ မဟုတ်ဘူးမလား?"
"အာ ခင်ဗျားပြောတော့မှ သူတို့နှစ်ယောက် တက္ကသိုလ်တူတယ်လို့ ပြောနေကြတာကို ကြားဖူးတာ မှတ်မိပြီ"
စားဖိုမှူးခေါင်းဆောင်က ရှော့ခ်ရသွားတဲ့အကြည့်ဖြင့် ဆတ်ခနဲ လှည့်ကြည့်လိုက်တော့သည်။
"မဖြစ်တော့ဘူး ငါစားသောက်ဆိုင်မန်နေဂျာကို သတင်းပေးမှဖြစ်မယ်"
ထန်းမီက စားပွဲနံပါတ်၁၃မှာပဲ ရပ်နေပြီး ဧည့်ခံကျင့်ဝတ်နှင့်အညီ လင်ချဲ့အား ဧည့်ခံနေ၏။
"ရှင် ကျွန်မကိတ်မုန့်ကို အကြံပေးချင်တာရှိရင် ကျွန်မအလေးထားပြီး နားထောင်ပေးပါ့မယ်။ မဟုတ်ရင်တော့ ကျွန်မသွားတော့မယ်နော်"
လင်ချဲ့က မျက်ခုံးများပင့်ပြလိုက်ရင်း..."ကိုယ်တို့ စကားပြောလို့မရဘူးလား?"
"စိတ်မရှိပါနဲ့ ကျွန်မအလုပ်ချိန်မို့လို့ပါ"
လင်ချဲ့ ခဏလောက် စဉ်းစားပြီးနောက် အနည်းငယ်ရယ်လိုက်၏။
ထန်းမီ၏ အလုပ်ချိန်သည် ည ၇နာရီ ၈နာရီမှ ပြီးတာပင်။
'ရှင်စောင့်ချင်ရင် စောင့်ပေါ့..'
ထန်းမီ သွားတော့မလို့ရှိသေး၊ စားသောက်ဆိုင်မန်နေဂျာက သူမဘေးတွင်ပေါ်လာ၏။
ထန်းမီ ချက်ချင်း သတိအနေအထားဖြင့် ခါးမတ်လိုက်တော့သည်။
"မင်္ဂလာပါ စားသောက်ဆိုင်မန်နေဂျာ"
သူမ ရယ်ပြလိုက်ကာ လင်ချဲ့အား မျက်နှာချင်းဆိုင်လိုက်ပြီးနောက် - "မင်္ဂလာပါ လူကြီးမင်းလင် ကျွန်မတို့ရဲ့ ကိတ်မုန့်တွေနဲ့ပတ်သတ်ပြီး အဆင်မပြေတာတစ်ခုခုများရှိပါလို့လား?"
"အရမ်းအရသာရှိကြပါတယ်"
စားသောက်ဆိုင်မန်နေဂျာက သူမ မျက်လုံးတွေမှတဆင့် လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိတော့သည်။
"လူကြီးမင်းလင်ရဲ့ ချီးကျူးမှုကိုခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်"
"မင်းတို့ အရမ်းထူးချွန်တဲ့ မုန့်ဖုတ်ဆရာတစ်ယောက် ရထားတာပဲ"
"ကျွန်မတို့ရဲ့စီအီးအိုယွီလည်း အဲဒီအတိုင်း ခံစားရပါတယ်။ အဲဒါကြောင့် အခု သူမက ကျွန်မတို့ရဲ့ အမြဲဝန်ထမ်း ဖြစ်နေတာပေါ့"
လင်ချဲ့၏ မျက်ခုံးများ မသိမသာ လှုပ်ရှားသွားကာ သူရယ်လိုက်မိ၏။
"နားလည်မှုလွဲနေပြီ အဲဒါ ကျွန်တော့်ရည်ရွယ်ချက် မဟုတ်ပါဘူး"
စားသောက်ဆိုင်မန်နေဂျာက ကျွမ်းကျင်သည့် အပြုံးတစ်ခုအား တပ်ဆင်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးပင် ခေါင်းညွှတ်လိုက်တော့သည်။
"ကောင်းကောင်း သုံးဆောင်ပါ"
ထန်းမီ စားသောက်ဆိုင် မန်နေဂျာနောက်ကို လိုက်လာခဲ့ပြီးနောက် သူမအား မေးခွန်းထုတ်လိုက်သည်ကို ကြားလိုက်ရ၏။
"မင်းတို့နှစ်ယောက်က တက္ကသိုလ်က သူငယ်ချင်းတွေဆို?"
"အမ် သူက ကျွန်မထက်၂နှစ်ကြီးတဲ့ စီနီယာပါ"
စားသောက်ဆိုင်မန်နေဂျာက ခေါင်းညိမ့်ကာ တုံ့ပြန်လိုက်ပြီး ဘာမှတော့ပြန်မပြောတော့ချေ။
လင်ချဲ့၏ ပုံပန်းသွင်ပြင်ကြောင့် စားသောက်ဆိုင်ရှိ ဝန်ထမ်းများ စိတ်လှုပ်ရှားမှုဖြင့် သွက်သွက်လက်လက် လှုပ်ရှားနေကြသည်ပင်။ မုန့်ဖိုမင်းသားကို ဒီလိုမျိုး အနီးကပ်မြင်ရဖို့ဆိုတာ ရှားပါးသည့် အခွင့်အရေးဖြစ်ပြီး ဒါမျိုးနေ့တိုင်းကြုံနိုင်တဲ့အရာ မဟုတ်ပေ။
လင်ချဲ့ ကိတ်မုန့်စားပြီးနောက် ပိုက်ဆံရှင်းကာ ထွက်သွားလေတော့သည်။ ထန်းမီက သူထွက်သွားသည်ကို သတိတောင်မထားမိဘဲ အလုပ်ချိန်ပြီးတဲ့အထိ ဆက်တိုက် အလုပ်လုပ်နေခဲ့၏။ သူမအဆောက်အအုံထဲမှ ထွက်လာချိန်မှသာ သူအပြင်မှာ စောင့်နေသေးသည်ကို တွေ့လိုက်ရသည်။
ည၇နာရီရှိနေပြီ ဖြစ်သော်လည်း နေ့အလင်းရောင် အနည်းငယ် ရှိနေသေး၏။ ထို့ကြောင့် သူမ သူ့အား တန်းမြင်လိုက်ခြင်းပင်။
တက္ကသိုလ်မှာတုန်းကတောင် လင်ချဲ့သည် လူတိုင်း၏ အကြည့်ကို ဖမ်းစားနိုင်သော အရှိန်အဝါမျိုးရှိ၏။ အခုတော့ သူ၏ ဆွဲငင်ညှို့အားသည် ပို၍ တိုးလာတဲ့ပုံပင်။
လင်ချဲ့က သူမအားမြင်သည်နှင့် ပြုံးပြီး အနားသို့လျှောက်လာကာ - "အခုပြောလို့ရပြီလား?"
သူအခုမှ ရောက်လာတာလား ဒါမှမဟုတ် တစ်နေကုန် စောင့်နေတာလားဆိုတာတော့ ထန်းမီ မပြောတတ်ပေ။ သူမ နှုတ်ခမ်းအား ဖိကိုက်လိုက်ပြီး အနည်းငယ် ပဟေဠိဆန်သောအသံဖြင့်..."ရှင်တကယ်ပဲ ဘာလိုချင်နေတာလဲ?"
လင်ချဲ့ လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက် သူ့မျက်နှာပေါ်ရှိ အပြုံးသည်လည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တော့သည်။
"ကိုယ့်ကို စိတ်ဆိုးနေတုန်းလား?"
ထန်းမီ အနည်းငယ် ဒေါသထွက်သွားရကာ - "ဘာကို စိတ်ဆိုးရမှာလဲ?"
လင်ချဲ့ ခဏ နှုတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာခဲ့၏။
"အဲနှစ်တုန်းက ကိုယ်မင်းကို ဒီအတိုင်း မထားခဲ့သင့်ဘူး။ ကိုယ်မှားသွားပါတယ်ကွာ။ အဲဒီအတွက် မင်းကို တောင်းပန်ချင်ပေမဲ့ ဘယ်က စမှန်းမသိခဲ့ဘူး.."
သူခဏ စကားစရပ်လိုက်ပြီးနောက် -
"ကိုယ်ငယ်ငယ်လေးကတည်းက မုန့်ဖုတ်ရတာကို ကြိုက်ခဲ့တာ။ ကိုယ့်မိဘတွေကတော့ ကိုယ့်ကို အနောက်တိုင်း ဟင်းပွဲတွေကိုပဲ သင်စေချင်ပေမဲ့ ကိုယ် မုန့်ဖုတ်တာကို လက်မလျှော့ဘဲ နာမည်ကျော် မုန့်ဖုတ်ဆရာဖြစ်တဲ့အထိ ဦးတည်ခဲ့တာ။ အဲဒါကြောင့်လည်း ချက်စ်တာတွန်က ကိုယ့်ကို သူ့အရိပ်အောက်လာဖို့ ကမ်းလှမ်းတော့ ကိုယ် မငြင်းနိုင်ခဲ့ဘူး"
ထန်းမီ မျက်ခုံးများပင့်လိုက်ကာ - "အဲဒီတော့?"
လင်ချဲ့က သူမကိုစိုက်ကြည့်နေခဲ့သည်။ နွေးထွေးသည့် လမ်းမီးတိုင် အဝါဖျော့ဖျော့လေးသည် သူ့မျက်လုံးပေါ်တွင် အလင်းပြန်နေခဲ့၏။
"ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက မင်းနဲ့တွေ့ခဲ့ပြီး ကိုယ်ဘယ်တုန်းကမှ မပြောခဲ့တဲ့ စကားက ကိုယ်မင်းကို တကယ် သဘောကျခဲ့တာပါ"
ထန်းမီ ရှော့ခ်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ သူတို့ မတွေ့ကြတော့တဲ့ နောက်ပိုင်းနှစ်တွေမှာ လင်ချဲ့ဆီကဖွင့်ပြော ခံရလိမ့်မယ်ဟု သူမ လုံးဝမထင်ခဲ့ပေ။ သူမ လင်ချဲ့အား စိုက်ကြည့်နေမိပြီး ဒီအခြေအနေသည် ရယ်စရာကောင်းသည်ဟုတောင် ထင်လိုက်မိ၏။
"လာနောက်နေတာလား? ရှင် ကျွန်မကို အဲနေရာမှာ စောင့်ခိုင်းခဲ့ပြီး နိုင်ငံခြားကို မပြောမဆို ထွက်သွားတယ်။ ဒါက ရှင် ကျွန်မကို ကြိုက်တဲ့နည်းလား? အဲနေ့က ကျွန်မ ရှင့်ကို ဖွင့်ပြောဖို့ လုပ်နေတာကို သိရဲ့လား?"
လင်ချဲ့ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။
"သိတယ် အဲဒါကြောင့် မလာခဲ့တာပါ။ မင်း ဖွင့်ပြောတာကို ကြားပြီးရင် ကိုယ် မသွားနိုင်တော့မှာ စိုးလို့"
ထန်းမီ မျက်အိမ်များ အရောင်တောက်သွားကာ ရယ်ချလိုက်လေ၏။
"အဲတော့ ကျွန်မအမှားပေါ့?"
"အဲအချိန်တုန်းက ကိုယ်လည်းတကယ် စုတ်ပြဲနေအောင် ခံစားခဲ့ရတာပါ။ ကိုယ် ချက်စ်တာတွန် ပေးလာတဲ့ အခွင့်အရေးကိုလည်း လက်မလွှတ်ချင်ဘူး။ အဲဒါ ကိုယ့်အိမ်မက်ပဲလေ။ ဒါပေမဲ့ မင်းကိုလည်း မငြင်းချင်ဘူး။ ကိုယ်မသွားခင် မင်းနဲ့တွဲချင်ခဲ့တယ်။ အနေဝေးတဲ့ ချစ်သူတွေဆိုရင်တောင်မှ… ဒါပေမဲ့ ကိုယ် အဲလိုမလုပ်နိုင်မှာကို စိုးရိမ်မိခဲ့တယ်။ မင်းနဲ့သာ အတူနေရမယ်ဆိုရင် ကိုယ်မသွားဖို့ ဆုံးဖြတ်ခဲ့မိမှာ"
ထန်းမီ နှစ်တွေအကြာကြီး အဖြေရှာနေခဲ့သည့် မေးခွန်း၏ အကြောင်းရင်းအမှန်သည် ဒီလိုဖြစ်နေခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမနှုတ်ခမ်းများကို တင်းနေအောင်ကိုက်ရင်း အရွဲ့တိုက်လိုက်မိ၏။
"ရှင်းပြစရာ မလိုပါဘူး။ ရှင် ကျွန်မအပေါ် ဘာအမှားမှ မလုပ်ခဲ့ဘူး။ ရှင်က ရှင့်အိမ်မက်နောက်ကို လိုက်ချင်ရုံပဲလေ။ ပြီးတော့ ကျွန်မက ရှင့်အတွက် အဲဒါထက် အရေးမပါရုံပါပဲ။ နောက်တစ်ခုက ရှင် နှုတ်မဆက်ဘဲ ထွက်သွားတာထက် တစ်ခြားနည်းကို သုံးခဲ့သင့်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ရှင်တောင်းပန်တာကို လက်ခံလိုက်တဲ့အတွက် အခုကျွန်မတို့ကြားမှာ ရှင်းရှင်းလင်းလင်း ဖြစ်တာပေါ့။ နှုတ်ဆက်ပါတယ် လူကြီးမင်းလင်"
ပြောပြီးပြီးချင်း ထန်းမီ လှည့်ထွက်လာခဲ့လိုက်တော့သည်။ လင်ချဲ့က ကြေကွဲနေဟန် မျက်နှာထားဖြင့် သူမနောက်ဆက်လိုက်လာ၏။
"ကိုယ်လုပ်ခဲ့တာ မှားမှန်းသိပါတယ်။ ဒါပေမဲ့ နောက်ထပ် အခွင့်အရေးလေးပေးလို့ရမလား? ကိုယ် တစ်ချိန်လုံး မင်းနဲ့ မင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ"
ထန်းမီ လှောင်ရယ်ရယ်ကာ သူ့အား မော့ကြည့်ပြီး ပြန်ချေပလိုက်၏။
"ရှင့် သူငယ်ချင်းဆိုတဲ့ ဟဲ့စစ်ချီကရော? သူ ပြင်သစ်အထိတောင် ရှင့်နောက်ကို လိုက်ခဲ့တာ။ ပြီးတော့ အခု ရှင်က ကျွန်မကို ကြိုက်တယ်လို့ ပြောတယ်? ကျွန်မကို အဲလို လွယ်လွယ်လှည့်စားလို့ရတဲ့ ငတုံးမများ ထင်နေတာလား?"
"ဟဲ့စစ်ချီနဲ့ကိုယ်က ဒီအတိုင်း စီးပွားရေး ပါတနာတွေပါ ကိုယ်တို့ နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့ဘူး။ ကိုယ်ကျိန်ရဲပါတယ်"
ထန်းမီ ဒေါသ ထောင်းခနဲ ထွက်သွားရတော့သည်။
"အဲတာဆိုရင်လည်း ရှင် တစ်ခုခုလုပ်ပြီး သူ ကျွန်မကို လိုက်နှောင့်ယှက်နေတာကို ရပ်ခိုင်းပေးပါ"
လင်ချဲ့က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းအား စောင်းလိုက်ပြီးနောက် - "ဘာကိုဆိုလိုတာလဲ? သူဘာလုပ်ခဲ့တာလဲ?"
ထန်းမီ ရပ်ကာ သူ့မျက်လုံးများအား သေချာ စိုက်ကြည့်လိုက်ရင်း..."အိုး ရှင်မသိဘူးလား? ရှင်ထွက်သွားတဲ့နှစ်က သူ ကျွန်မရဲ့ကိတ်မုန့်ကို တက္ကသိုလ် မုန့်ဖုတ်ပြိုင်ပွဲဆီ ယူသွားပြီး ကျွန်မက သူ့ကို ကူးယူပါတယ်ဆိုပြီး စွပ်စွဲခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် အခုအဲတာက ကျွန်မအတွက် ဘာမှ မဟုတ်တော့ပါဘူး။ အဲဒီတုန်းက ကျွန်မတို့ ငယ်သေးတယ်လေ။ ဒါပေမဲ့ အခုချိန်မှာက ကျွန်မတို့တွေ လုပ်ငန်းခွင်ဝင်နေရပြီ။ သူ မရင့်ကျက်သေးဘူးလား? ကျွန်မယွီကျီမှာ အလုပ်ဝင်ဖို့ အင်တာဗျူးဖြေတော့ သူ့ ဦးလေးက ကျွန်မကို အင်တာဗျူးရတယ်။ သူက အင်တာဗျူးမှာ ကျွန်မက သူ့တူမကို ခိုးကူးပါတယ်ဆိုပြီး သက်သက်မဲ့ပြောဆိုခဲ့တာ။ အခု စီအီးအိုယွီလည်း သိသွားလို့ သူ့ကို အလုပ်ထုတ်လိုက်ပြီ"
ထိုစဥ် ယွီယိရုံးခန်းထဲမှ ထွက်လာခဲ့ကာ လော့ဟောက်နှင့်အတူ ကားဆီသို့ သွားနေကြ၏။
"စီအီးအိုယွီ ကျွန်တော် ချီရွှမ်ဆီက ကြားတာ ဒီနေ့ [ချိုမြိန်မြိန် အိမ်မက်] ကို လင်ချဲ့လာသွားပြီး ထန်းမီနဲ့ စကားပြောသွားတယ်တဲ့"
ယွီယိ၏ မျက်လုံးများ မသိမသာ လှုပ်ရှားသွားကာ တိတ်ဆိတ်ခြင်းဖြင့် တုံ့ပြန်လိုက်၏။
ထို့ကြောင့် လော့ဟောက်ကပဲ ဆက်၍..." သူဘာလာလုပ်တာလို့ထင်လဲ? သူ့ရန်သူတွေကို လာထောက်လှမ်းတာများလား? ကျွန်တော်တို့ရဲ့ ထောက်တိုင်ကို လာတူးတာလား?"
"ငါတို့စားသောက်ဆိုင် လုပ်ငန်းက ဧည့်သည်အမျိုးအစား အားလုံးအတွက် ဖွင့်ထားတာ။ သူ့ရဲ့ကျွမ်းကျင်မှုနဲ့ ပါရမီအရဆိုရင် သူငါတို့ကိုထောက်လှမ်းဖို့ မလိုဘူး"
"ဒါဆိုကျွန်တော်တို့ရဲ့ ထောက်တိုင်ကို လာတူးတာပေါ့? သူနဲ့ထန်းမီက တက္ကသိုလ်တုန်းက သူငယ်ချင်းတွေပဲ။ ကိုယ့်အတွက် အားကိုးရဆုံးလူတွေက ပညာသင်ချိန်တုန်းက သူငယ်ချင်းတွေဆိုတဲ့ စကားရှိတယ်မလား?"
ယွီယိ ခဏ ရပ်တန့်သွားကာ - "ထန်းမီက ငါတို့နဲ့ စာချုပ်ပဲ ချုပ်ထားတာ။ သူ့တစ်ကိုယ်လုံးကို ငါတို့ဆီ ပေးဆပ်ထားတာ မဟုတ်ဘူး။ အဲဒါကြောင့် သူ လင်ချဲ့ရဲ့စားသောက်ဆိုင်က သူ့အတွက် ပိုကောင်းမယ်လို့ ထင်ရင် ငါတို့လည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို အလေးထားရမယ်"
လော့ဟောက် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တော့သည်။
"တကယ် အဲလိုခံစားရတာလား?"
"အင်း"
လော့ဟောက် အနည်းငယ် မျက်နှာမဲ့သွားပြီးနောက် ခပ်ပါးပါးလေး ရယ်လိုက်တော့သည်။
ယွီယိ သူ့အား တစ်ချက် မျက်စောင်းထိုးလိုက်သော်လည်း ဘာမှမပြောပေ။
ထန်းမီ အိမ်ပြန်ရောက်သော် ဒီနေ့ လင်ချဲ့နဲ့ ဖြစ်ပျက်ခဲ့သည်များကို ဖုရှင်းအား မပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ အစကတော့ လင်ချဲ့ပြောခဲ့တာတွေကြောင့် စိတ်ရူပ်ပြီး အိပ်မပျော်လောက်ဘူးထင်ခဲ့ပေမဲ့ သူမခေါင်းနှင့် ခေါင်းအုံး ထိလိုက်သည်နှင့် စိုးရိမ်တာတွေ စိတ်ရှုပ်တာတွေ မရှိဘဲ တန်းအိပ်ပျော်သွားတော့၏။
ကြည့်ရတာ သူမလင်ချဲ့ အပေါ်တွင် တကယ် ဘာခံစားချက်မှ မရှိတော့သည့်ပုံပင်။
သို့သော် နောက်ရက်ကျ စားသောက်ဆိုင်ကို မဖိတ်ခေါ်ထားသည့် ဧည့်သည်ရောက်ချလာခဲ့၏။
ကြီးကြပ်သူယွီက စားသောက်ဆိုင်ထဲသို့ ဒေါသထွက်နေသည့် ဧည့်သည် ဝင်ရောက်လာတာကို တွေ့ပြီး ချက်ချင်း နှုတ်ဆက်ဖို့ သွားလိုက်သည်။
"မင်္ဂလာပါ ကျွန်မတို့ဘာကူညီပေးရမလဲ?"
ကြီးကြပ်သူယွီ၏ လုပ်သက်ရင့်နေပြီဖြစ်သော စားသောက်ဆိုင်ဝန်ဆောင်ရေး အတွေ့အကြုံအရ ထိုဧည့်သည်၏ မျက်နှာထားသည် ဖောက်ပြန်နေသည့်ချစ်သူနှင့် ပတ်သက်နေသည်ဆိုတာ သူမ တပ်အပ်ပြောနိုင်သည်။
ကြီးကြပ်သူယွီ သူမအား မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်မိတော့သည်။ သူမ၏ ပြုမူပုံသည် တစ်မျိုးဖြစ်နေသည်ပင်။
ထန်းမီ ထိုအဖြစ်အပျက်အား မုန့်ဖုတ်ခန်းထဲမှ လှမ်းကြားလိုက်ရတာကြောင့် မျက်ခုံးပင့်သွားမိတော့သည်။ ထို့နောက် ဘာကြောင့်များ ထိုအသံက ဟဲ့စစ်ချီအသံနဲ့ ဆင်တူနေလဲဆိုသည့် အတွေးဝင်လာလေ၏။
သူမ ချောင်းကြည့်ဖို့ ထွက်လာချိန်တွင် တကယ် ဟဲ့စစ်ချီဖြစ်နေပြီး မန်နေဂျာကျန်းကလည်း ဘေးတွင်အသည်းအသန် ဖြောင့်ဖျနေ၏။
မန်နေဂျာကျန်းက တည်ငြိမ်စွာဖြင့် ဧည့်သည်တွေအတွက် ဝင်ပြောပေးနေတော့သည်။ စိတ်ထဲတွင်တော့ သူ့မှာ ခေါင်းကိုက်နေရပြီး အော့အန်ချင်သလိုပင် ခံစားနေရတော့၏။
ဟဲ့စစ်ချီက ခြောက်ကပ်စွာ ရယ်ချလိုက်ပြီး… "အဲဒါဆို ထန်းမီကို အခုချက်ချင်း လာတွေ့ခိုင်းလိုက်! ဘာလို့ ငါ့ဆီကနေ ဖွက်ထားတာလဲ?!"
မန်နေဂျာကျန်း စိတ်ထဲကနေ ကျိတ်ရယ်လိုက်မိသော်လည်း အပြင်ပန်းမှာတော့ အရမ်းကို စိတ်ရှည်ပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ပုံပင်။
"ကျွန်တော်တို့ ခေါ်ပေးပါ့မယ်။ ဒါပေမဲ့ လူကြီးမင်းအရင်ဆုံး စိတ်အေးအေးထားပေးဖို့ တောင်းဆိုပါတယ်"
"ကျွန်မကို ဘာလို့ရှာနေတာလဲ?"
ဟဲ့စစ်ချီက သူမ၏ အဖေအား သတ်လိုက်သည့် လူသတ်သမားကို တွေ့လိုက်ရသလိုမျိုး ချက်ချင်း ထန်းမီဆီကို အကြည့်စူးစူး တစ်ချက်ပို့လိုက်၏။ ထို့နောက် ဘာမှတောင်မတွေးတော့ဘဲ သူမ၏ လက်ဝါးအား မြှောက်ကာ ရိုက်ချလိုက်တော့သည်။
အရှိန်သည် ကြောက်ခမန်းလိလိ ရန်လိုမှုအပြည့်ဖြစ်နေ၏။ ချက်ချင်းပင် ထန်းမီ သူမမျက်နှာအပေါ် ဖြတ်သွားသည့်လေအား ခံစားလိုက်ရသည်။
သို့သော် သူမ မရှောင်နိုင်လိုက်ခဲ့ပေမဲ့ ဟဲ့စစ်ချီလက်ဝါးကတော့ သူမအပေါ် မရောက်ခင်မှာပဲ အဆွဲခံလိုက်ရလေသည်။
ယွီရှင်းက သူမအနောက်တွင် မားမားမတ်မတ် ရပ်နေပြီး သူ့မျက်လုံးများထဲတွင်လည်း ဒေါသအရိပ်အယောင် ယဲ့ယဲ့လေး ထင်ဟပ်နေ၏။ သူ၏ နှုတ်ခမ်းများ အပေါ်သို့ ကွေးတက်ပြီးနောက် - "ငါ့အချစ်လေးကို ဘာလုပ်တာလဲ?"
__________________________________________