Chapter 16
Vol. 2 Ch. 16
ယွီယိအဖေသည် ယွီယိ၏အပြုအမူကို သိပ်စိတ်တိုင်းမကျသဖြင့် နှုတ်ဆိတ်နေပြီး ပိုင်ရှောင်အား ထမင်းစားခန်းဆီသို့ ကိုယ်ဟန်ဖြင့် ဖိတ်ခေါ်လိုက်၏။
ယွီယိ မိဘများသည် စားပွဲပေါ်တွင် ယွီယိ အကြိုက်ဟုထင်ရသည့် ဟင်းပွဲများဖြင့် အပြည့်ဖြည့် ထားလေသည်။ ယွီယိအမေသည် ငါးပေါင်းအား တူဖြင့် အသာအယာလေးဖဲ့ကာ ယွီယိပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီး..."ဒါ သားကြိုက်တဲ့ဟင်းလေ ဒီနေ့ငါးက တော်တော်လေး လတ်ဆတ်တယ်"
ယွီယိ အသံတိတ် ခေါင်းညိတ်ပြလိုက်၏။ ယွီအဖေကြီးသည် သူ့အား တစ်ချက်လှမ်းကြည့်ရင်း..."အဘိုးကြီးရှဲ့က သံစုံတီးဝိုင်းလက်မှတ် နှစ်စောင်ပေးထားတယ်။ ဒါပေမဲ့ မင်းအမေနဲ့ငါက အလုပ်ရှုပ်နေလို့ မသွားနိုင်တော့ဘူး။ မင်းပဲညနေကျ ရှောင်ရှောင်ကိုခေါ်ပြီး အတူသွားကြည့်လိုက်တော့ကွာ။"
ပိုင်ရှောင် ပန်းကန်လုံးအား လက်ထဲတွင်ကိုင်ထားရင်း ရပ်တန့်သွားလေ၏။ သူမ စားလက်စအား မျိုချကာ ခွန်းတုန့်ပြန်ဖို့ ကြိုးစားနေသောယွီယိကို တစ်ချက်အကဲခတ်လိုက်မိလေသည်။
"ကျွန်တော် ညနေချိန်းထားတာရှိတယ်။"
ယွီယိအဖေ မျက်မှောင်ကြုတ်လိုက်ပြီးနောက်-"ဘယ်သူနဲ့ချိန်းထားတာလဲ? ဖျက်လိုက်လို့မရဘူးလား? ရှောင်ရှောင်က တစ်ခါတစ်လေမှ လာလည်တာကို"
ယွီယိအဖေ ဘာမှပြန်မပြောနိုင်ခင် ပိုင်ရှောင် ကြားဝင်ဖြေလိုက်ရတော့သည်။
သူမ၏စကားကြောင့် ယွီယိအဖေ ချက်ချင်း ပါးစပ်ပိတ်သွားရ၏။ ယွီယိသည်လည်း ထမင်းစားချိန်တစ်လျှောက်လုံး ဘာမှမပြောပေ။ ယွီယိအမေကတော့ အခြေအနေအား ပြေလျှော့အောင် အတတ်နိုင်ဆုံးကြိုးစားရင်း အားလုံး၏ပန်းကန်လုံးထဲသို့ ဟင်းများလိုက်ထည့်ပေးနေလေသည်။
နေ့လည်စာစားပြီးတော့ ပိုင်ရှောင် မတ်တပ်ရပ်ကာ နှုတ်ဆက်စကားဆိုလိုက်၏။ ယွီယိမိဘများသည် သူမအား အကြာကြီး ဆွဲခေါ်မထားခဲ့သော်လည်း သူမထွက်သွားပြီးနောက် သူတို့မျက်နှာများ သိပ်မကောင်းကြချေ။
"အဖေ အမေ ကျွန်တော်ကုမ္ပဏီ အရင်ပြန်နှင့်ပြီ"
ယွီယိအဖေ ဆက်သည်းမခံနိုင်တော့ဘဲ..."မင်းတစ်ချိန်လုံး ဒီအလုပ်လုပ်ဖို့ပဲတွေးနေတာ မင်းလည်း အရွယ်ရောက်နေပြီ? ကိုယ့်လက်တွဲဖော်ကို စဉ်းစားရတော့မယ်။ တစ်သက်လုံး လူပျိုကြီး ဖြစ်ချင်တာလား?"
ယွီယိ ကိုယ်အားပြန်လှည့်ကာ အသက်မပါသည့်အကြည့်ဖြင့် ခွန့်တုန့်ပြန်လိုက်တော့၏။
"အဖေလည်း ကျွန်တော့်ရဲ့အခြေအနေကို မသိတာမှ မဟုတ်တာ ပိုင်ရှောင် ဒါကို ကိုင်တွယ်နိုင်မယ်လို့ထင်နေတာလား?"
"ရှောင်ရှောင်က ကြင်နာတတ်တဲ့ စိတ်ထားလေးရှိပြီး သန်မာတဲ့မိန်းကလေးတစ်ယောက်ပါ သူသား ဘယ်သူဆိုတာကို လက်ခံပေးမယ်လို့ အမေယုံကြည်တယ် သားရဲ့အလုပ်တာဝန်တွေကိုပါ ကူညီပေးနိုင်မှာ"
"အဲဒါကို ကျွန်တော့်ဘာသာပဲ စဉ်းစားပါရစေ အမေစိတ်ပူစရာမလိုဘူး"
ယွီယိ သွားတော့မလို့ ပြင်နေစဥ်မှာပဲ သူ့အမေသည် မျက်နှာသုန်မှုန်လျက် ဒေါသပုန်ထကာ အော်ဟစ်လိုက်တော့သည်။
"ငါစိတ်မပူရင် ဘယ်သူက စိတ်ပူပေးမှာလဲ? နင်ကငါ့ရဲ့တစ်ဦးတည်းသောသား!"
ယွီယိ ခေတ္တခဏ ရပ်တန့်သွားသော်လည်း တံခါးမကြီးအား ဖြတ်ကျော်ကာ အပြင်သို့ ထွက်သွားလိုက်တော့၏။
လော့ဟောက် အပြင်ဘက်တွင် သူ့အားစောင့်နေကာ မကြာသေးခင်က ပိုင်ရှောင် ထွက်သွားသည်ကိုလည်း သူသတိထားမိ၏။ ယွီယိ ကားထဲသို့ဝင်ပြီးသည်နှင့် ကိုယ်ပိုင်ဒရိုင်ဘာအား..."ရုံးကို ပြန်မယ်"
ကားလေးသည် ဖြည်းဖြည်းချင်း စတင်ထွက်ခွာလာတော့သည်။ လော့ဟောက် ကားနောက်ကြည့်မှန်တွင် ထင်ဟပ်နေသော ယွီယိ၏ပုံရိပ်အား အကဲခတ်နေလေ၏။ အစကတော့ သူပိုင်ရှောင်နှင့် အခြေအနေကို မေးမလို့လုပ်ထားခဲ့သော်လည်း ယွီယိ၏ မည်းမှောင်နေတဲ့မျက်နှာထားအား မြင်လိုက်ရချိန်တွင် တိတ်တိတ်လေးသာနေဖို့ ဆုံးဖြတ်လိုက်တော့သည်။
သူ့အတွေးများသည် ထန်းမီဆီ ရောက်သွားပြီးနောက် နှုတ်ခမ်းထောင့်များ မသိမသာ မြင့်တက် သွားလေ၏။
ထန်းမီ ကိတ်မုန့်အား ယွီကျီပင်မရုံးဆီယူလာချိန်တွင် ၃နာရီထိုးရန် ၅မိနစ်သာလိုတော့၏။ အတွင်းရေးမှူးစန်းလန် ရုံးမှာပဲထိုင်နေသည်ကို မြင်လိုက်ရတာကြောင့် ထန်းမီ သူမဆီသွား၍ နှုတ်ဆက်လိုက်တော့သည်။
သူမကို မြင်တော့ စန်းလန်ထိုင်နေရာမှ ထလာကာ-"မိန်းကလေးထန်းမီ အဲဒါ စီအီးအိုယွီ မြည်းဖို့အတွက် ထုတ်ကုန်အသစ်လား?"
ထန်းမီ ခေါင်းညိမ့်ပြလိုက်၏။
"ဟုတ်ပါတယ်"
"စီအီးအိုယွီက အထဲမှာရှိပါတယ်။ သူ့ကိုအသိပေးပြီးပြီမို့လို့ ဝင်သွားလို့ရပါပြီ"
"ကျေးဇူးတင်ပါတယ်"
"မိန်းကလေးထန်း"
"ဘာများလဲရှင့်?" သူမသတိလက်လွတ် ရပ်လိုက်ပြီး အနောက်အား လှည့်ကြည့်မိလိုက်၏။
စန်းလန် အရှေ့သို့ အနည်းငယ် တိုးကပ်လာကာ လေသံခပ်အုပ်အုပ်ဖြင့်..."အခု စီအီးအိုယွီ စိတ်ကောင်းဝင်နေတာ မဟုတ်ဘူး ထင်တယ်"
ထန်းမီ အံ့ဩတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
'စီအီးအိုယွီမှာလည်း နုနယ်တဲ့နှလုံးသား ရှိတာလား?'
စန်းလန် သူမ၏သံသယအတွေးများအား သတိထားမိကာ ရယ်မော၍ထပ်ပြောလိုက်၏။
"စီအီးအိုယွီက အမြဲတမ်း စက်ရုပ်လိုမခံစားတတ်ဘဲ ဖြစ်နေတယ်ဆိုတာတော့မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အခုတလော သတိထားမိတာ သူခံစားချက်တချို့ကိုထုတ်ပြတတ်နေတယ်။ အရမ်းမသိသာဘူးဆိုပေမဲ့ ကျွန်မတို့လို သူနဲ့အတူ နှစ်တွေအကြာကြီး အလုပ်လုပ်လာတဲ့သူတွေကတော့ အဲပြောင်းလဲမှုသေးသေးလေးကို သတိထားမိပါတယ်။"
ထန်းမီ ခဏမျှ တောင့်ခဲနေပြီးနောက် သူမအားခေါင်းညိမ့်ပြလိုက်တော့သည်။
"ကျေးဇူးတင်ပါတယ်"
သူမ ရုံးခန်းတံခါးဆီ လျှောက်သွားပြီးနောက် တံခါးခေါက်လိုက်၏။ ယွီယိ၏အသံသည် တစ်ဖက်မှပဲ့တင်၍ ထွက်လာတော့သည်။ "ဝင်ခဲ့ပါ"
ဒီ ရိုးရှင်းတဲ့စကားကို ကြားရုံနှင့်တင် ထန်းမီ နှလုံးခုန် စမြန်လာရတော့သည်။
သူမ တံခါးအား တွန်းဖွင့်ကာ အထဲသို့ဝင်လိုက်ချိန်တွင် စာကြည့်စားပွဲမှာ ထိုင်နေသော ယွီယိတစ်ယောက် သူမအား ခေါင်းမော့ကြည့်လာခဲ့၏။ သူမလည်း ပြန်ကြည့်မိလိုက်သော်လည်း မနေ့က ယွီရှင်း ပြောသည့်စကားအား ရုတ်တရက် ပြန်သတိရသွားလေသည်။ ထိုစကားသည် သူမအား နမ်းခွင့်ပေးဖို့ပင်။
သူမအတွက် ကံကောင်းသွားတာကတော့ ယွီယိတွင် ယွီရှင်း၏မှတ်ဉာဏ်များ မရှိနေခြင်းပင်။ မဟုတ်ရင် အခုချိန်မှာ သူမယွီယိနှင့် ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်း သိမည်မဟုတ်ချေ။
"နေရာယူပါ"
ထန်းမီ ပြောသည့်အတိုင်းပင် သူ့အရှေ့တွင်ထိုင်ကာ ပြုံးပြလိုက်၏။
"မနေ့ကအတွက် တောင်းပန်ပါတယ်။ ရုတ်တရက်ကြီး ထုတ်ကုန်အသစ်ကို ကြေငြာလိုက်မိတာ....."
'စီအီးအိုယွီ အဲဒါထူးဆန်းတယ်လို့ ထင်လောက်မလား?'
'ဖုန်းခေါ်လိုက်တဲ့သူက လော့ဟောက် ဖြစ်မလား?'
သူမ ခေါင်းခါလိုက်ပြီး အချိုပွဲအား စတင်ထုတ်ပြလိုက်တော့သည်။
"ဒါက စတော်ဘယ်ရီရေခဲပူတင်းဖြစ်ပါတယ်။ ကျွန်မ ဟိုးအရင်ကတည်းက ဒါကိုလုပ်ချင်ခဲ့တာ ဒါပေမဲ့ ပျင်းနေခဲ့လို့လေ အခုဒီအခွင့်အရေးကို အသုံးချပြီး လုပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ"
ယွီယိ ကိတ်မုန့်အား အကဲခတ်လိုက်သည်။ တကယ်ကို ထိုကိတ်၏အပြင်ပိုင်းပုံစံသည် အရမ်းလှပပြီး သိမ်မွေ့သည်။ မြင်မြင်ချင်းပင် တစ်ကိုက်လောက်ပဲဖြစ်ဖြစ် စားချင်စိတ်တဖွားဖွား ပေါ်လာစေ၏။
"အဲတာကို လိုရင်းတိုရှင်းမိတ်ဆက်ပေးပါ"
"အမ်...." ထန်းမီ သင့်လျော်တဲ့စာကြောင်းများကို အမြန် ဖန်တီးလိုက်ရတော့သည်။
"ကိတ်ရဲ့အောက်ခြေက စတော်ဘယ်ရီပါဖေးဖြစ်ပါတယ်။ အဲတာက မုစ်ထက်ပိုထူတယ်။ ဒါပေမဲ့ ကြက်ဥထည့်လိုက်တော့ ပိုပွပြီး ပိုပေါ့ပါးသွားတယ်။ စတော်ဘယ်ရီယိုကိုသုံးမယ့်အစား စတော်ဘယ်ရီစေ့တွေပါတဲ့ အစေ့အနှစ်သားရအောင်လို့ လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးတွေနဲ့ ကြက်ဥတွေကို ကြိတ်စက်ထဲမှာ တိုက်ရိုက်ရောမွှေလိုက်ပါတယ်။ ပါဖေးထဲက ဗနီလာချီဖွန်ကိတ်လွှာ ၂လွှာကို စိုစွတ်နေအောင် စတော်ဘယ်ရီသကာရည်ထဲမှာစိမ်ထားပြီးတော့ နောက်ဆုံးမှာ ကိတ်ကို ထူထပ်အောင် အပေါ်ဆုံးမှာ ရေခဲစိမ်ထားတဲ့ စတော်ဘယ်ရီပူတင်းအလွှာကို ထည့်လိုက်ပါတယ်။"
ထန်းမီ အလွှာတစ်ခုချင်းဆီကို တစ်ခွန်းတည်းနှင့်ရှင်းပြခဲ့၏။ ထို့နောက် အလှဆင်ထားသည့်ပုံစံအား ဆက်လက်ရှင်းပြလိုက်တော့သည်။
"ကျွန်မက အမြဲတမ်း ခရင်မ်နဲ့ စတော်ဘယ်ရီက လိုက်ဖက်တယ်လို့ ယူဆထားတာကြောင့် စတော်ဘယ်ရီသီးလေးတွေကို တစ်ဝက်လှီး အခေါင်းပေါက်လုပ် ပြီးရင် အထဲကိုခရင်မ်ဖြည့်လိုက်ပါတယ် ပြီးတော့ ဘလူးဘယ်ရီသီးတွေနဲ့ ချေမွထားတဲ့ ပစ်စ်တာချီယိုတွေကိုလည်း ကိတ်အတွက် အရသာ ထပ်ထည့်ရုံတင်မဟုတ်ဘဲ ဟင်းပွဲရဲ့အလှဆင်မှုပုံစံကို တိုးသွားအောင်ပါ အသုံးပြုထားပေးပါတယ်ရှင့်။"
သူမပြောနေရင်းပဲ အိတ်ထဲက နောက်ထပ်ဘူးတစ်ဘူးအား ထုတ်လိုက်လေသည်။
"တကယ်လို့ ကျွန်မတို့ ဒါကို စားသောက်ဆိုင်မှာရောင်းဖြစ်ရင် ပါဖေးအပေါ်ကနေ လောင်းထည့်ဖို့ စတော်ဘယ်ရီဆော့စ်ကိုလည်း ပြင်ထားပါတယ်။ သူ့ရဲ့အဓိကပါဝင်ပစ္စည်းတွေက စတော်ဘယ်ရီ၊ လီမွန်ရည်နဲ့ ရက်စ်ဘယ်ရီဝိုင်ပါ။"
သူ ကိတ်အပိုင်းအစပါသည့်ဇွန်းအား ပါးစပ်ထဲထည့်လိုက်ကာ အချိန်ယူ၍ အရသာများကို မြည်းစမ်းနေတော့သည်။
သူ၏ပါးစပ် ဖွင့်ဟလာလိုက်၊ ပြန်ပိတ်သွားလိုက်ဖြင့် လျှာဖျားလေးပါ ပေါ်လာတာကို ထန်းမီကြည့်ရင်း တော်တော်လေး ရင်ဖိုစိတ်လှုပ်ရှားလာသည်။
သူစားပြီးနောက် ခရင်းအား ချလိုက်ကာ-"ဒါ တော်တော်စားကောင်းတယ် ငါတို့ရဲ့ကုန်အသစ်ကို ထုတ်ဝေဖို့ ပီအာကို အသိပေးလိုက်မယ်"
ထန်းမီ၏နှလုံးသား ချက်ချင်းဆိုသလို ငြိမ်းချမ်းသွားပြီး အားရကျေနပ်သွားတော့သည်။
'စီအီးအိုယွီက 'အိုခေ'လို့ပဲ ပြောနေကြမလား! သူဘယ်လိုလုပ်ပြီး ငါ့ပါဖေးရဲ့အရသာကို အကောင်းဆုံးလို့ ချီးကျူးနေတာလဲ! ပျော်လိုက်တာ!'
သူမထိုင်ခုံပေါ်မှထကာ သူ့အား ၉၀ဒီဂရီ ဦးညွတ်လိုက်လေသည်။
"ကျေးဇူးအများကြီးတင်ပါတယ် စီအီးအိုယွီ ကျွန်မ ဆက်ပြီး ကြိုးစားပါ့မယ်!"
ယွီယိ သူမအား တိတ်တိတ်လေးကြည့်ပြီး "အင်း"တစ်လုံးတည်းသာ တုံ့ပြန်လိုက်၏။
ထန်းမီ : "...."
သူမ ခေါင်းမော့ကာ သူမကိုယ်သူမ အူကြောင်ကြားဟု ခံစားလိုက်ရတော့သည်။
"ထုတ်မယ့်ရက်ကို ဆွေးနွေးဖို့ ပီအာကိုဆက်သွယ်ခိုင်းလိုက်မယ် တခြားဟာ မရှိတော့ရင် စားသောက်ဆိုင်ကို ပြန်လို့ရပြီ"
ယွီယိ ထိုစကားအား ပြောလိုက်ကာ အနည်းငယ် တွေဝေနေပြီးနောက် ထပ်ထည့်ပြောလိုက်၏။
"မင်းကို ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးလိုက်မယ် "
ရုံးခန်း အပြင်ဘက်မှာတော့ ပိုင်ရှောင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ခြင်းတောင်းလေး ကိုင်ရင်း လျှောက်လာနေသည်။ စန်းလန် သူမအား မြင်သည်နှင့် ချက်ချင်း မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်လေသည်။
ပိုင်ရှောင် သူမအားပြုံးပြကာ-"နောက်နေရာရဲ့စာချုပ်ကို အတည်ပြုဖို့လာတာလေ ဒီကို ရောက်တုန်းလေး မင်းကို သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပေးချင်လို့ ယူလာခဲ့လိုက်တာ"
သူမ ခြင်းတောင်းအား စန်းလန်ထံ ကမ်းပေးလိုက်၏။ ခြင်းထဲတွင် သခွားသီး၊ ခရမ်းချဉ်သီးနှင့် စတော်ဘယ်ရီသီးများလည်း ပါသည်။ စန်းလန် ခြင်းအား ယူလိုက်ကာ ရွှင်မြူးစွာဖြင့် ကျေးဇူးတင်စကားပြောလိုက်တော့သည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေးပိုင်။ ရှင်တို့ဆီက အသီးအရွက်တွေနဲ့ သစ်သီးတွေက လုံးဝကို စားကောင်းတယ်။ အရင်တစ်ခေါက်ကလည်း ကျွန်မ ရှင်ပေးတဲ့အသီးအရွက်တစ်ချို့ကို ချက်လိုက်တာ ကျွန်မအမေက ကြိုက်လွန်းလို့ စွဲလမ်းနေပြီတဲ့!"
ပိုင်ရှောင်ပြုံးလျက်-"ရှင်လိုချင်တယ်ဆိုရင် ကျွန်မတို့ ပမာဏနည်းနည်းလောက် လက်လီရောင်းပေးပါ့မယ်။ ဒါပေမဲ့ ဈေးတော့နည်းနည်းပိုကြီးလိမ့်မယ်နော်။ ပြီးတော့ စတော်ဘယ်ရီသီးတွေကလည်း ရာသီကုန်တော့မှာလေ။ အဲတော့မကြာခင်မှာ ဖန်လုံအိမ် စတော်ဘယ်ရီသီးတွေပဲ။ ကျန်တော့မှာ စားသောက်ဆိုင်ရဲ့ စတော်ဘယ်ရီအချိုပွဲတွေ အကုန်လုံးလည်း ဈေးတက်လိမ့်မယ်။ ဒီတော့ ရှင်စောစော စားထားသင့်တယ်နော်။"
"အာ အခုရှင်ပြောတော့မှသတိရတယ်။ ကျွန်မ[ ချိုမြိန်မြိန် အိမ်မက် ]ကို သွားပြီး သူတို့ရဲ့ကိတ်မုန့်တွေ စားရမယ် ပီအာက လုယွီနဲ့ လူကြီးမင်းလော့တို့က သူတို့ရဲ့ မုန့်ဖုတ်ဆရာအသစ်ကို တော်တော်လေး ချီးကျူးနေကြတာ။ သူလုပ်တာတော်တော်ကောင်းလို့ စီအီးအိုယွီကတောင် သူ့ကိုတစ်လတည်းနဲ့ အမြဲနေရာကို ရာထူးတိုးပေးတာ"
ပိုင်ရှောင် ထိုစကားများကိုကြားကာ မျက်ခုံးပင့်လိုက်၏။ သူမတစ်ခုခုကို တွေးမိသွားဟန်..။
စန်းလန် အမြန်ပင် ခေါင်းညိမ့်ပြလိုက်ကာ-"ဟုတ်တယ် အဲတာ[ချိုမြိန်မြိန် အိမ်မက်]က မုန့်ဖုတ်ဆရာ သူကအခု စီအီးအိုယွီရဲ့ရုံးခန်းထဲမှာရှိတယ်။ အိုး ဟုတ်တယ် သူနာမည်ကလည်း ထန်းမီတဲ့ ကြားရတာ ချိုမြိန်နေတာပဲမလား?"
သူမ ပြောနေတုန်းရှိသေး၊ ထန်းမီ ရုံးခန်းတံခါးအား တွန်းဖွင့်လာ၏။ ထို့နောက် အရပ်ရှည်ရှည် ရုပ်ချောချော မိန်းမလှလေးတစ်ယောက် စန်းလန်နှင့်အတူ စကားပြောနေသည်ကို တွေ့လိုက်ရပြီး သူမ နှစ်ယောက်လုံးအား နှုတ်ဆက်လိုက်တော့သည်။
စန်းလန် : "ထုတ်ကုန်အသစ်အောင်မြင်လား?"
"အင်း! စီအီးအိုယွီပြောလိုက်တာ ထုတ်မယ့်အချိန်အတွက် ပီအာနဲ့စကားပြောဖို့လိုမယ်တဲ့"
ထန်းမီ တခစ်ခစ်ရယ်ပြီး နှုတ်ဆက်စကားပြောလိုက်တော့သည်။ သူမပိုင်ရှောင်အား ဖြတ်လျှောက်ရင်းလည်း ခေါင်းညိတ်နှုတ်ဆက်ပြလိုက်သေး၏။ ထန်းမီ ဓာတ်လှေကားအား ရောက်တာနှင့်တစ်ပြိုင်နက် ပိုင်ရှောင် မေးခွန်းထုတ်လာလေသည်။
"အဲ ကောင်မလေးလား?"
"ဟုတ်ပါတယ်"
"ထောပတ်နဲ့ ခရင်မ်အနံ့လေးက သူမဘေးမှာ သင်းပျံ့နေတာပဲ။ ကျွန်မလည်း သူလုပ်ထားတဲ့ကိတ်မုန့်ကို စားချင်လိုက်တာ။"
ပိုင်ရှောင် ပိတ်ထားသည့် တံခါးကြီးအား တစ်ချက်လှမ်းကြည့်မိလိုက်ပြီး..."ရပါတယ်..နောက်နေ့မှပဲ ပြန်လာတော့မယ်"
သူမ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လော့ဟောက် ပြန်လာခဲ့သည်။ သူစန်းလန်အား စားပွဲခုံတွင် မြင်မြင်ချင်း လှမ်းမေး၏။
"ဒီနေ့ ထန်းမီလာသွားလား?"
"လာတယ်။ ထုတ်ကုန်လည်း အောင်မြင်တယ်တဲ့"
လော့ဟောက်ပြုံးပြီး ယွီယိ၏ရုံးခန်းထဲသို့ ဝင်သွားတော့သည်။
ဝင်ဝင်ချင်း စားပွဲပေါ်ရှိ စတော်ဘယ်ရီပါဖေးသည် သူ့အား အလွန် ဆွဲဆောင်နေလေသည်။ သို့သော် တစ်ဝက်သာ ကျန်ရှိတော့၏။ လော့ဟောက်ဝင်လာပြီး အံ့ဩတကြီးဖြင့်..."အဲတာ ထန်းမီရဲ့အချိုပွဲအသစ်လား? ကျွန်တော် နည်းနည်း စားကြည့်လို့ရလား?"
"တစ်လုတ်ပဲ"
'ဘယ်တုန်းက စီအီးအိုယွီ သူ့အစားအသောက်ကို ကာကွယ်တတ်သွားတာလဲ?'
သူ့ခံစားချက်များ ဖရိုဖရဲ လွှင့်ပစ်ခံလိုက်ရသော်လည်း သူကိတ်မုန့်အားဖဲ့ပြီး တစ်ကိုက်စား ဖြစ်အောင် စားလိုက်သေး၏။
"ဘာလို့ကျွန်တော့်ကို တစ်လုတ်ပဲ စားခိုင်းတာလဲ! ဒီကိတ်ရဲ့အပိုင်းအစလေး တစ်ခုကတောင် ကိတ်တစ်ခုလုံးကိုစားချင်အောင် လုပ်နိုင်တယ်!"
သူမ ကျေမနပ်ပြောဆိုနေသည်အား ယွီယိ လုံးဝ လျစ်လျူရှုပြီး ထပ်မစားခင် ကိတ်မုန့်အား အမြန်သူ့အရှေ့သို့ ပြန်ရွှေ့လိုက်လေ၏။
လော့ဟောက် မျက်ခုံးပင့်လိုက်မိတော့သည်။ ထန်းမီလာသွားပြီးကတည်းက စီအီးအိုယွီ၏ စိတ်အခြေအနေ ပိုကောင်းလာတဲ့ပုံပင်။