← Chapters

Chapter 20

Vol. 2 Ch. 20

Chapter 20

Vol. 2 Ch. 20

ထန်းမီ 'ယွီယန်'ဆိုတဲ့နာမည်အား တွေဝေစွာ စိုက်ကြည့်နေမိ၏။

ယွီဆိုတာ တွေ့လေ့တွေ့ထရှိတဲ့ မျိုးရိုးနာမည် မဟုတ်ချေ။ ထိုစကားလုံးနှစ်လုံးသည် သူမမှန်းဆထားသည့်အရာအား အတည်ပြုပေးလိုက်သလိုပင်။ သတင်းတင်ပြချက်တွင် ယွီယန်၏အသက်ကိုသာ ဖော်ပြထားပြီး အခြားအကြောင်းအရာ များများစားစားကိုတော့ မတွေ့ရပါ။

သူမ ဝက်ဘ်ဆိုက်စာမျက်နှာအား အတော်အတန်ကြာအောင် ကြည့်နေပြီးမှ ကွန်ပျူတာပိတ်ကာ အိပ်ရာပေါ်လှဲချလိုက်တော့သည်။

'အဲဒါက စီအီးအိုယွီရဲ့ ကလေးဘဝက အရိပ်တစ်ခုဖြစ်နေလောက်မလား?'

ထန်းမီ တစ်ဖက်သို့လှည့်ကာ သူမ၏မျက်ခုံးများကို ကျုံ့လိုက်၏။ အမှုကဒီနေ့မှ လွန်ခဲ့တဲ့၁၅နှစ် အတိအကျတွင် ဖြစ်ပွားခဲ့သည်။

'အဲတာဆိုရင် ဒီနေ့က ယွီယန် ကွယ်လွန်ပြီး နှစ်ပတ်လည်နေ့ပေါ့'

သူမ ခေါင်းအုံးဘေးရှိ ဖုန်းအား ကောက်ကိုင်လိုက်ပြီး ယွီယိ၏ဖုန်းနံပါတ်ကို သတိလက်လွတ်ဖြင့် အောက်သို့ရောက်သည်အထိ ဆွဲရှာနေမိတော့သည်။ မက်ဆေ့ခ်ျမှတ်တမ်းတွင် မက်ဆေ့ခ်ျနှစ်ခုပဲ ရှိနေကာ တစ်ခုသည် ယွီရှင်းဆီကပင်။ သူမဖုန်းခေါ်ဖို့ နံပါတ်အား နှိပ်ခါနီးဆဲဆဲတွင် လက်ချောင်းများ တွန့်ဆုတ်

ယွီယိနှင့် ယွီယန်တို့ ပတ်သက်နေရင်တောင် သူမဝင်ပါရမည့်ကိစ္စ မဟုတ်ပေ။ ဝင်ပါလို့ရတဲ့နေရာလည်း မရှိ။

သူမ၏အတွေးလေယာဥ်ပျံကြီးထဲ လိုက်ပါစီးနင်းပြီးနောက် သူမတကယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ သွားတော့သည်။ သို့သော် အလျင်စလိုကြားနေရသော ဆက်တိုက် တံခါးခေါက်သံများအောက်တွင် သူမနိုးလာရ၏။ သူမကိုယ်အား စောင်ဖြင့်ပတ်ခြုံနေကာ ရှုပ်ပွနေတဲ့ ဆံပင်ရှည်ကြီးဖြင့် ထထိုင်လိုက်ပြီး စိတ်ထဲတွင်တော့ ဖုရှင်းအိမ်တံခါးဖွင့်ဖို့ သော့ပေါက်တောင် မရှာနိုင်တော့တဲ့အထိ ဝိုင်တွေ အမူးသောက်လာသည်ဟု တွေးလိုက်မိ၏။

ထန်းမီ အိပ်ရာပေါ်က ဆင်းလာသည်အထိ တံခါးခေါက်သံများ မရပ်တန့်သေးပေ။ သူမဖိနပ်စီးလိုက်ပြီး တံခါးသွားဖွင့်ပေးကာ-"လာပြီ! နင် အရက်ဒဏ်မခံနိုင်တဲ့ဟာကို လျှော့သောက်စမ်းပါ!"

သို့သော် သူမ တံခါးဖွင့်ပေးပြီးချိန်တွင် ကြောင်တောင်တောင်လေး ဖြစ်သွားတော့၏။

တံခါးဝတွင် ရပ်နေသူသည် သေချာမီးပူတိုက်ထားသော အနောက်တိုင်းဝတ်စုံအား ဝတ်ဆင်ထားသော်လည်း သူ၏ဂျက်ကက်သည် ခပ်ကျယ်ကျယ် ဟနေပြီး အနက်ရောင် နက်ခ်တိုင်ကလည်း ညှပ်ရိုးပေါ်ရောက်နေတဲ့အထိ ပြေကျနေသည်။ သူ၏အဖြူရောင်ရှပ်အင်္ကျီပေါ်ရှိ ကြယ်သီးတော်တော်များများကလည်း ပြုတ်နေသေး၏။

ယွီယိသာဆိုရင် သူများတွေရှေ့ သူ့ကိုယ်သူ ဒီလိုပုံစံမျိုးဖြစ်ခွင့်ပေးမှာ မဟုတ်ပေ။

ယွီရှင်း ပြန်လည်ရွှင်ပျလာပြီး သူမအား အပြုံးလေးတစ်ပွင့်ပေးလိုက်၏။ သူ့အပြုံးထဲတွင်တော့ ပင်ပန်းနေသည့်အရိပ်အယောင်များ ဖြတ်သန်းနေလေသည်။

သူ့သက်ပြင်းချသံသည် တော်တော်လေး စိုးရိမ်ပူပန်နေပုံပင်။ သို့သော် ထိုသက်ပြင်းချသံသည် ဘဝတွင် ဒုက္ခများအပြီး ပြန်လည်အေးချမ်းလာကာ စိတ်သက်သာရာ ရသွားသည့်ပုံနှင့် ပိုတူလှ၏။ ထန်းမီ မျက်စိရှေ့မှသူ့ကိုပဲ စိုက်ကြည့်နေမိကာ ပြန်ဖြေဖို့ပင် မေ့လျော့နေတော့၏။ ယွီရှင်း တံခါးဘောင်အား လက်တစ်ဖက်ဖြင့်ထောက်၍ မှီလိုက်လေသည်။ ထို့နောက် သူ့မျက်လုံးထဲတွင် ခက်ခဲနက်နဲနေသည့်အကြည့်များဖြင့်..."မင်းဖုန်းပိတ်ထားတယ် စားသောက်ဆိုင်ကပြောတာ ဒီနေ့က မင်းရဲ့နားရက်ဆိုတော့ မင်းကို ဘယ်မှာ ရှာရမလဲ မသိခဲ့ဘူး"

"အာ ကျွန်မဖုန်းက စက်ပိတ်သွားတာနေမှာ ခုဏက ဖုန်းကြည့်တုန်းက ဘတ်ထရီက အနီရောင်ပြနေတာကို တွေ့လိုက်တယ်"

သူမ စကားစအား ခဏလောက် ရပ်တန့်လိုက်ကာ မေးခွန်းထုတ်လိုက်တော့၏။

"ကျွန်မကို ဘာအတွက် ရှာနေတာလဲ? ကျွန်မ ဒီမှာနေတာကိုရော ဘယ်လိုသိတာလဲ?"

ယွီရှင်း ပေါ့ပေါ့ပါးပါးဖြင့် တခစ်ခစ်ရယ်လိုက်ရင်း..."မေ့သွားပြီလား? အရင်တစ်ခေါက်က ပြတင်းပေါက်ကနေ မင်းကို တွေ့လိုက်တာလေ"

သူအရှေ့သို့တိုးလာပြီး ထန်းမီ၏ ကိုယ်ပိုင်‌နေရာထဲသို့ မသိမသာလေး ကျူးကျော်လိုက်လေသည်။

ထိုမေးခွန်းကြောင့် ထန်းမီစိတ်ထဲ ပြာယာခတ်သွားတော့သည်။ ပုံမှန်ဆိုရင် ယောက်ျားတစ်ယောက်ကို သူမအိမ်ထဲ အဝင်ခံမှာ မဟုတ်ပေ။ သို့သော် ယွီရှင်း

ကတော့ ပုံမှန်မဟုတ်ပုံရသည်။ သူမတံခါးလော့ချပြီး ထိုသူ့အား မငြင်းဆန်နိုင်ပါ။

သူ့အား အိမ်ထဲဝင်ခိုင်းဖို့ သူမကိုယ်ကိုလှည့်လိုက်ချိန်တွင် ယွီရှင်းတစ်ယောက် မျက်မှောင်ကြုတ်ကာ ဆူဟန်ပြောလာတော့၏။

"အချစ် မင်းရဲ့လုံခြုံရေးသတိက တော်တော်ပေါ့ဆတာပဲ နောက်ကျရင်လူတွေကို လွယ်လွယ် အဝင်မခံရဘူး သူစိမ်းတွေဆို ပိုပြီးတော့သတိထားရမယ်!"

ထန်းမီ : "...."

သူမ နှုတ်ခမ်းများ မဲ့ကျသွားတော့သည်။ ထို့နောက် သူမတစ်ခုခု ပြောဖို့ဟန်ပြင်နေတုန်းမှာပဲ ယွီရှင်းက စကားအား ပြန်လည် ထပ်တိုးပြောလာခဲ့၏။

"ကိုယ်ကတော့ ခြွင်းချက်ပေါ့"

ဒီအချိန်မှာ သူမဘာကိုမှ ပြန်မပြောချင်တော့ပေ။ ယွီရှင်း ဝင်လာပြီးနောက် အကုန်လုံးအား စတင် လှည့်ကြည့်ကာ ဒီအိမ်‌အပေါ် မကျေနပ်ချက်များရသွားတော့သည်။

"ဘုရားရေ ဒီအတွင်းပိုင်းအပြင်အဆင်က ဘယ်ခေတ်တုန်းကလဲ? ပရိဘောဂတွေက တော်တော်လေး ဟောင်းနွမ်းနေပြီ ကြမ်းပြင်ကလည်း အရောင်တောင် မရှိတော့ဘူး"

သူလှည့်ပတ်ကြည့်ပြီးနောက် ထန်းမီအား အရမ်းကိုစိတ်ပူနေသည့်အကြည့်ဖြင့်..." အချစ်လေး ကိုယ်နဲ့လိုက်ခဲ့ပြီးအတူနေမှ ဖြစ်တော့မယ်"

သူမ ဆိုဖာပေါ်တွင် သွားထိုင်လိုက်ကာ ယွီရှင်းအား ဗလာဖြစ်နေသည့် မျက်နှာထားဖြင့် ကြည့်လျက်..." လူကြီးမင်းယွီ ကျွန်မကို ဘာလို့ရှာနေတာလဲ? ခဏနေ ဖုရှင်းပြန်ရောက်တော့မှာ သူ ရှင့်ကို တွေ့သွားရင် ရှင် နောင်တရလိမ့်မယ်"

"ကိုယ်နေ့လည်စာ မစားရသေးဘူး ဗိုက်ဆာနေပြီ"

ထန်းမီ : "...."

ယွီရှင်း သူမအား အချိန်ပိုကြေး အများကြီးပေးထားတာကြောင့် ထန်းမီ ထိုဝန်လေးစရာမစ်ရှစ်အား တာဝန် ယူစိတ်အပြည့်ဖြင့် လုပ်ရန်မီးဖိုချောင်ထဲသွားကာ စားဖို့တစ်ခုခု ပြင်ဆင်တော့သည်။ ယွီရှင်း သက်တောင့်သက်သာရှိစွာ ဆိုဖာအားမှီပြီး ထန်းမီကို ပြုံးပြလိုက်၏။

"အချစ်လေး ဒီနေ့ပြင်ဆင်ထားတာ တော်တော်လေးလှတယ်။ တစ်နေရာရာကို သွားခဲ့တာလား?"

ထန်းမီ : "ဒီနေ့ ကျွန်မတို့တက္ကသိုလ်မှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတာလေ"

ယွီရှင်း၏အပြုံးများ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားတော့သည်။

"လင်ချဲ့လည်း လာတာပေါ့?"

သူ မေးလိုက်ချိန်တွင် ထန်းမီ ကိတ်မုန့်လှီးနေရင်း သူမလက်များတုန်နေတော့၏။ အကြောင်းရင်းတစ်ချို့ကြောင့် သူမအပြစ်ရှိသလို ခံစားရသွားသည်။ အရင်တစ်ခေါက် စားသောက်ဆိုင်မှာတုန်းက ယွီရှင်း လင်ချဲ့အပေါ် တော်တော်လေး ရန်လိုစိတ်ပြင်းပြနေတာကို သူမတွေ့ခဲ့ဖူးသည်ပင်။ လင်ချဲ့ သူ့အားဘယ်လိုစော်ကားမိခဲ့လဲဆိုတာ သူမ မသိပေမဲ့ သူ့နာမည်ကိုမပြောတာ အကောင်းဆုံးဟု သူမခံစားမိလိုက်လေသည်။

ထန်းမီ သူ့အား ကြည့်လိုက်ပြီးနောက် ဟန်ဆောင်ထားသည့် တည်ငြိမ်မှုဖြင့်..."ကျွန်မမသိဘူး ကျွန်မအစောကြီးပြန်လာတာ အဲတာကကျွန်မအတွက် သိပ်အရေးမပါဘူး"

'ဘာလို့ သူဖောက်ပြန်တာ လူမိသွားသလိုမျိုး ခံစားနေရတာလဲ? လင်ချဲ့ပဲဖြစ်ဖြစ် ယွီရှင်းပဲဖြစ်ဖြစ် သူ့မှာ သူတို့နှင့် အဲလိုဆက်ဆံရေးမျိုးမရှိတာမို့ မေးစရာမလိုဘူးလေ!'

ယွီရှင်းသည် သူမကိုတော်တော်လေး စိတ်ဝင်စားနေပြီး စဥ်းစားမရအောင် နက်နဲလွန်းလှသည့် အကြောင်းတစ်ချို့ကြောင့် သူမကိုနမ်းခဲ့တယ်ဆိုရင်တောင်မှ အဲတာက စစ်မှန်လိမ့်မယ်ဟု သူမ မတွေးရဲပေ။ အဲတာ အပြင် ယွီယိသည်ခန္ဓာကိုယ်၏ သခင်အစစ်ပင်၊ ယွီရှင်း မဟုတ်ပေ။

သူမ မာဒူလယ်နာကိတ်မုန့်ချပ် ဗန်းတစ်‌ဗန်းအား ယူလာပြီး ဧည့်ခန်းထဲရှိ ကော်ဖီစားပွဲပေါ်တွင် ချပေးလိုက်တော့၏။

"ဒီမနက်အစောပိုင်းက ကျွန်မမနက်စာစားဖို့အတွက် လုပ်ခဲ့တဲ့ဟာ ရှင်စိတ်မရှိဘူးဆို စားလို့ရပါတယ်"

ယွီရှင်းပြုံးလိုက်ပြီး မာဒူလယ်နာ တစ်ခုအား ကောက်ယူလိုက်ကာ-"ကိုယ် ကဘယ်လိုလုပ်ပြီး အချစ်လေး လုပ်ထားတဲ့ဟာကို မစားပါ့မလဲ? တစ်ခုလေးပဲ ကိုယ်ဝိုင်သောက်လို့ရမလား?"

"မာဒူလယ်နာက ဘလက်ခ်တီးနဲ့မှ လိုက်တာ"

ယွီရှင်း စိတ်ဆွခံလိုက်ရသလို မျက်ခုံးပင့်လိုက်ကာ ကန့်ကွက်လေသည်။

"မာဆယ် ပို့စ်ရေးထားတဲ့ [ ကုန်ဆုံးသွားတဲ့အချိန်ကို ရှာဖွေခြင်း ] စာအုပ်ထဲမှာပြောထားတာ လူတိုင်းက မာဒူလယ်နာကို ဘလက်ခ်တီးထဲ နှစ်ပြီးစားကြတယ်တဲ့^p^p မာဒူလယ်နာကို အဲလိုလုပ်သင့်လား သေချာမစဉ်းစားဘဲ.."

ထန်းမီ ဘာမှပြန်မပြောနိုင်တော့ဘဲ တခစ်ခစ်ရယ်လိုက်မိတော့သည်။

"ရှင် ဝိုင်သောက်ချင်တာနဲ့ပဲ ဘာလို့အဓိပ္ပာယ်မရှိ ငြင်းခုံနေတာလဲ? ဒါပေမဲ့ ကျွန်မမှာ မုန့်ဖုတ်တဲ့အခါသုံးတဲ့ ဟင်းချက်ဝိုင်ပဲရှိတယ်။ ဝိုင်အကောင်းစားတွေမရှိဘူး။"

ထန်းမီ ထလိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်၍ဖျော်ရည်ခွက်တစ်ခွက်နှင့် ဘရန်ဒီတစ်ပုလင်းအား ကိုင်ကာ ထွက်လာ၏။

"အိုး! တကယ်တော့ ကျွန်မမှာ ဘရန်ဒီလည်း ရှိတယ်။"

ယွီရှင်း ထန်းမီအား မျက်တောင်ခတ်ပြလျှင် ထန်းမီ အလျင်အမြန် ရှင်းပြလိုက်၏။

"ခရင်မ်ကိတ်နဲ့ ချောကလက်ကိတ် လုပ်တဲ့အခါ ဘရန်ဒီကိုထည့်တာက အရသာကို ပိုကြွယ်ဝစေလို့လေ ကျွန်မက ဈေးပေါတဲ့တံဆိပ်ပဲ ဝယ်ထားတာဆိုတော့ ရှင် ဒါကို သောက်နိုင်ပါ့မလားမသိဘူး။"

ယွီရှင်း ခွက်ထဲသို့ ဘရန်ဒီလောင်းထည့်လိုက်ပြီး တစ်ဝက်မပြည့်ခင် နည်းနည်းလေး အလိုမှာ ဖျော်ရည်နှင့် ထပ်ဖြည့်လိုက်သည်။ ထို့နောက် သူထန်းမီအား တမင်ကျီစယ်ဟန်ဖြင့်..."ကိုယ်က မင်းထင်သလို ဇီဇာကြောင်တဲ့သူ မဟုတ်ပါဘူး အချစ်ရဲ့"

ထန်းမီ : "....."

ယွီရှင်း တစ်ခွက်လုံး ကုန်အောင် သောက်ချလိုက်ပြီး နောက်ထပ်တစ်ခွက် ထပ်သောက်ဖို့ ပြင်နေသည်ကို သူမကြောင် ကြည့်နေမိသည်။ ထို့နောက် သတိဝင်လာချိန်တွင် သူမလျင်မြန်စွာ တားလိုက်ရတော့၏။

"ရှင် ဗိုက်မဆာဘူးလား? နောက်ထပ် မသောက်ခင် အရင်စားလိုက်ပါဦး"

ယွီရှင်း ဖြတ်ကနဲ သွားဖြီးပြကာ စကားအားနားထောင်ပြီး လက်ထဲမှဝိုင်ခွက်ကို ချလိုက်တော့သည်။ သူ ကိတ်မုန့်တစ်ခုအား စားလိုက်ချိန်တွင် ဖျတ်ကနဲမြင်လိုက်ရတဲ့ ပါးချိုင့်လေးများအား ထန်းမီ တိတ်တခိုး ကြည့်နေမိ၏။

ယွီရှင်း ကိတ်မုန့်စားပြီးနောက် ဘာမှမကျန်တော့သည့် ပန်းကန်ပြားအား စားပွဲပေါ် တင်လိုက်သည်။ ဘရန်ဒီလည်း တစ်ဝက်လောက် ကုန်နေပြီဖြစ်တာကြောင့် သူဆိုဖာပေါ် ပြန်မှီလိုက်ပြီး ခေါင်းအနည်းငယ်မော့ကာ ထန်းမီအား ရီဝေဝေဖြင့် စိုက်ကြည့်နေလေတော့သည်။ သူ၏အနက်ရောင်မျက်လုံးများသည် တစ်ဖက်လူကိုပါ မူးယစ်စေနိုင်၏။ ရေအိုင်နက်လေးတစ်ခု၏ မျက်နှာပြင်ပေါ်တွင် အနွေးဓာတ်လေးမျှသာရှိတဲ့ နေရောင်ခြည် ထင်ဟပ်‌နေသလိုမျိုး ထိုမျက်လုံး‌များထဲမှာ သူမတစ်ဖြည်းဖြည်း နစ်မြုပ်နေမိ၏။

အမှန်တိုင်းဝန်ခံရမည်ဆိုလျှင် အဲတာကအရမ်းကို မြူဆွယ်နိုင်လွန်းသည်။ ထန်းမီ သူ့မျက်လုံးများကိုတောင် ဖြောင့်ဖြောင့်တန်းတန်း မကြည့်ရဲပေ။ သတိကြီးစွာ သူမလက်ညှိုးလေးဖြင့် သူ့အားတို့ကြည့်ကာ စပ်စုလိုက်လေ၏။

ယွီရှင်း မဲ့ပြုံးပြုံးရင်း ထန်းမီအား သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ကာ သူမလည်ပင်းကြား မျက်နှာအပ် ထားလိုက်တော့သည်။

"အင်း ဒီနေ့က ကိုယ့်အစ်မရဲ့ နှစ်ပတ်လည်နေ့လေ"

အစ်မ..။ ထန်းမီ နှလုံးခုန်သွားပြီး ကြောက်စိတ်အနည်းငယ်ဖြင့် ရင်တုန်စပြုလာခဲ့သည်။

'ယွီယန်က သူ့အစ်မလား? ယွီယန်က တကယ်ပဲ သူ့မိသားစုဝင်လား?'

သူ့အား နှစ်သိမ့်ပေးဖို့ သူမဘာပြောရမှန်းတောင် မသိတော့ချေ။ သူမပြောသမျှ နှစ်သိမ့်စကားတိုင်းသည် သူ့အတွက်တော့ အချည်းနှီးသာဖြစ်နေလိမ့်မည်။ သူမလက်နှစ်ဖက်လုံးကို မြှောက်လိုက်ပြီးနောက် သူ့ခါးအား ဖက်တွယ်လိုက်၏။ ထို့နောက် ကလေးတစ်ယောက်အား ချော့မော့နေသလို သူ့ကျောပြင်အား အသာအယာ ပုတ်ပေးနေလိုက်တော့သည်။

ယွီရှင်း တိတ်ဆိတ်စွာ ထန်းမီအားအချိန်အတော်ကြာအောင် ဖက်ထားခဲ့ပြီး နောက်ဆုံးတွင် လွှတ်ပေးလိုက်သည်။ သူမ၏ ရှေ့ဆံပင်များအား ဘေးသို့သပ်ပေးကာ အသက်ဝဝ ရှူထုတ်လိုက်တော့၏။ သူ့အသံသည် တိတ်ဆိတ်လုနီးပါး ဖြစ်နေပြီး ညင်သာနေကာ-"သူ့ကို သတ်ခဲ့တာ ယွီယိလေ"

"ဘာလို့အဲလိုပြောရတာလဲ?"

'ယွီယန်က တကယ်ပဲ သူ့အစ်မဖြစ်တယ်ဆိုရင် ကံမကောင်းတဲ့ မတော်တဆဖြစ်မှုကြောင့်ပင်။ ဘာလို့ ယွီယိကို အပြစ်တင်ရတာလဲ?'

ယွီရှင်း ထန်းမီအား စိုက်ကြည့်နေသည်။ သူ့အကြည့်များသည် အာရုံပျံ့လွင့်နေသလို ရီဝေနေ၏။

"ကိုယ်ဘာလို့ အဲလိုမပြောရမှာလဲ? ဒါအမှန်တရားပဲ။ ယွီယိကငယ်ငယ်တည်းက နှလုံးသားမရှိဘူး။ ရှင်းရှင်းပြောရရင် အခွံလွတ်ကြီးပေါ့။ သူဘာကိုမှစိတ်မဝင်စားဘူး သူ့ကိုယ်သူကလွဲရင် ဘယ်သူ့ကိုမှ စိတ်မဝင်စားတာ သူ့မိဘတွေက သူဒါကိုကြိုက်သင့်တယ်ပြောရင် ကြိုက်လိုက်တယ်။ သူ့မိဘတွေက သူ ဒါကို သင်ယူသင့်တယ် ပြောရင် သင်ယူလိုက်တယ်။

အာ..ဒါကသဘာဝကျကျ သူ့မိဘစကားကိုလိုက်နာပြီး သူ့ကိုထိန်းချုပ်ခွင့်ပေးထားတာမဟုတ်ဘူး။ သူက မတူဘူး ဘာကြောင့်လဲဆိုရင် သူကဘာကိုမှ ဂရုမစိုက်တာ သူ့မှာလုံးဝကို ခံစားချက်မရှိတာ"

ယွီရှင်း စကားစအား ရပ်တန့်လိုက်ပြီး လှော်ရိပ်များ သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေ၏။

"မင်း သူ့စာကြည့်ခန်းထဲကို ဝင်ဖူးပြီးပြီ အဲမှာစာအုပ်တွေ ဘယ်လောက်များလဲ မြင်ခဲ့တယ်မလား? အများစုက သူ့မိဘက သူ့ကို မွေးနေ့လက်ဆောင်‌အနေနဲ့ ပေးထားတာတွေ၊ နှစ်တိုင်းသူ့အတွက် မွေးနေ့လက်ဆောင်ဆိုတာ စာအုပ်တွေပဲ။ ဂရိဒဏ္ဏာရီတွေကနေ စကန်ဒီနာဗီးယန်း ကဗျာရှည်တွေအထိ ဂန္ထဝင်စာပေတွေကနေ စီးပွားရေးစီမံမှုတွေအထိ ၊ အင်း..သူ့မိဘတွေလည်း သူနဲ့အရမ်းခက်ခဲတဲ့အချိန်တွေရှိခဲ့တယ်။ သူကဘယ်တော့မှ မတောင်းဆိုလို့ စာအုပ်တွေကလွဲရင် သူဘာကြိုက်တတ်မှန်း သူတို့မစဉ်းစားနိုင်ကြဘူး ယွီယိက စာဖတ်ရတာ တကယ်ကြိုက်တာကို ကျေးဇူးတင်ရမယ်။ ဒါမှမဟုတ်လည်း စာဖတ်တတ်တဲ့အကျင့် ဖြစ်နေတာကိုပေါ့ ပြီးတော့ သူလည်း သူဘာကြိုက်မှန်း မစဉ်းစားဖူးဘူး။"

ထန်းမီ သူ့စကားများအား ကြောင်အစွာ နားထောင်နေမိသည်။ ယွီယိက စိတ်ခံစားချက်တွေကို ထုတ်မပြတတ်ဘူးဆိုတာ သူမ သိပေမဲ့ သူဒီလိုမျိုး အရမ်းအထီးကျန်နေမယ်လို့ သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။

ယွီယိ ကိုယ်တိုင်ကလည်း အထီးကျန်တယ်လို့ခံစားရမှာ မဟုတ်လောက်ချေ။ ဒါပေမဲ့ သူမ ကြားရသလောက်တော့ 'စိတ်ပျက်အား ငယ်လုနီးပါး' အထီးကျန်ဆန်မှုကို သူမအာရုံခံမိ၏။

ယွီရှင်း သူမအား ဆက်၍ပြောပြနေသည်။ အကြည့်များသည် အရင်ကထက် ကျီစယ်နေသယောင်ပင်။

"မင်း ပိုင်ရှောင်ကို တွေ့ခဲ့တယ် ဟုတ်? သူက ယွီယိမိဘတွေက သူ့ဇနီးဖြစ်သင့်တယ်လို့ စဉ်းစားထားတဲ့သူပဲ။ သူ့အကျင့်အရဆို တစ်နေ့ သူ ပိုင်ရှောင်ကို တကယ်လက်ထပ်လောက်မှာ ဒါပေမဲ့ ကိုယ်ကတော့လက်မခံဘူး။"

ပိုင်ရှောင်ဆိုသည့် နာမည်ကြောင့် ထန်းမီ၏ဝိညာဉ် ပြန်သတိကပ်လာသည်။ သူမမျက်တောင်များ တဖျက်ဖျက်ခတ်ကာ ယွီရှင်းအား ထပ်မေး၏။

"ဒါက ရှင်ပြောခဲ့တဲ့ သူက သူ့အစ်မကို သတ်ခဲ့တယ်ဆိုတာနဲ့ ဘာဆိုင်လို့လဲ?"

"ဆိုင်တာပေါ့။ အဲမိသားစုမှာ သူကိုယ်တိုင်တောင် သတိမထားမိတဲ့ သူ့ရဲ့တကယ့်အတွေးတွေကို သိတဲ့သူက တစ်ယောက်ပဲရှိတယ်"

ယွီရှင်း စားပွဲပေါ်က ဘရန်ဒီအား ကောက်ယူလိုက်ပြီး ခွက်ထဲလောင်းထည့်လိုက်လေသည်။ ဒီတစ်ခါတော့ သူဘာဖျော်ရည်မှ မရောပေ။

"အဲလူက သူ ချစ်ရတဲ့အစ်မ ယွီယန်ပဲ"

All Chapters