← Chapters

Chapter 21

Vol. 3 Ch. 21

Chapter 21

Vol. 3 Ch. 21

လွန်ခဲ့တဲ့၁၅နှစ် ဓားပြတိုက်မှု ဖြစ်ပွားခဲ့စဉ်က ယွီယန်အသက်သည် ၁၅နှစ်ပြည့်ပြီးကာစသာ ရှိသေးသည်။

ထိုနေ့က သူမ၏အတန်းဖော်တစ်ယောက် သူမဆီသို့လာလည်ခဲ့၏။ ဘယ်ရီကာက အသစ်ထွင်လိုက်တဲ့ကိတ်မုန့်ဖြစ်တဲ့ မက်ချာကိတ်အား ယူလာပေးခဲ့ခြင်းပင်။

ထိုအချိန်က ဘယ်ရီကာသည် အေမြို့တွင် ဖွင့်ထားသည့်ကိတ်မုန့်ဆိုင်အသစ်ဖြစ်ပြီး အထက်တန်းကျောင်းသူတွေကြားမှာ အတော်လေးရေပန်းစားခဲ့သည်။

ယွီယန် မီးဖိုချောင်ထဲတွင် ကိတ်မုန့်လှီးနေပြီး သူမ၏အမေအား အရသာမြည်းစမ်းစေရန် အော်ခေါ်လိုက်၏။

တစ်ချိန်တည်းမှာပဲ လှေကားပေါ်သို့တက်ဖို့ပြင်နေသည့် ယွီယိအား သူမမြင်လိုက်တာကြောင့် သူမပြုံး၍လှမ်းပြောလိုက်လေသည်။

"အစ်မရဲ့အတန်းဖော်က ကိတ်မုန့်ဝယ်လာပေးတာ စားကြည့်မလား?"

ယွီယိ စားပွဲပေါ်ရှိ ကိတ်မုန့်အား တစ်ချက် အကဲခတ်လိုက်စဥ် ကိတ်၏ အပြင်ပန်းပုံစံ မဆိုးလှသည်ကို တွေ့လိုက်ရတော့၏။ သူ၏နှုတ်ခမ်းများ အနည်းငယ် တွန့်ချိုးနေသော်လည်း ဘာမှတော့ပြန်မပြောပေ။ ယွီမေမေသည် 'ထင်သားပဲ'ဟူသောပုံစံဖြင့်..."ယွီယိ သားက ဘယ်လိုလုပ်ပြီး ဒါကိုကြိုက်မှာလဲ?"

ယွီယန် ယွီယိအား ကြည့်ကာကန့်ကွက်လိုက်၏။

"သူ့ပုံစံက သေချာပေါက် စားကြည့်ချင်တဲ့ပုံပါ"

ယွီမေမေသည် ယွီယန်၏နဖူးအား လက်ညိုးဖြင့်ထိုး

လိုက်ပြီး... "နောက်မနေနဲ့ ယန်အော် သမီးရဲ့မောင်လေးက ဒါမျိုးတွေ မကြိုက်တတ်ဘူးလေ"

သူမ အတွက်တော့ ယွီယိသည် အနူးညံ့ဆုံးနှင့် အတင့်တယ်ဆုံး အနောက်တိုင်းစတိုင်လ် ဟင်းလျာများကိုပဲ ကြိုက်တတ်တာဖြစ်သည်။

ယွီယန် မကျေမနပ်ဖြင့် ပါးဖောင်းလိုက်ပြီး ယွီယိကိုပဲ ဆက်ကြည့်နေ၏။

"တကယ် စားမကြည့်ချင်ဘူးလား?"

"အင်း" ယွီယိ စမ်းတဝါးဝါးဖြင့် ထောက်ခံသည်။ ထို့နောက် မက်ချာကိတ်အား နောက်ဆုံး တစ်ခေါက်ကြည့်ပြီး အကြည့်လွှဲကာ လှေကားပေါ်ဆက်တက်သွားတော့၏။

ထိုဇာတ်လမ်းအား ပြောပြနေစဥ် ယွီရှင်း၏နှုတ်ခမ်းများသည် ငေးငိုင်နေသောအပြုံးသို့ ပြောင်းလဲသွားခဲ့သည်။

"တကယ်တော့ သူအဲတာကို အရမ်းစားချင်ခဲ့တာ သူရဲ့အချိုပွဲမုန့်တွေ အပေါ်မှာ ထားတဲ့အချစ်က အတိုင်းထက် အလွန်ဆိုတာကို ကိုယ်ကတခြားသူတွေထက် အသိဆုံးပဲ"

သူကိုယ်အား လှည့်ကာ ထန်းမီနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် သူ့ဆီမှ ရယ်သံခပ်ပါးပါးလေး ထွက်လာလေ၏။

"သူ အချက်အပြုတ် လောကထဲကိုတောင် ဝင်ခဲ့တာ အဲတာက သူ့အချစ် ဘယ်လောက်နက်နဲလဲဆိုတာ ပြနေတယ်မလား?"

ထန်းမီ : "...."

ထန်းမီ သူမ၏ခြောက်သွေ့နေသည့် နှုတ်ခမ်းတစ်စုံအား လျှာဖြင့်သပ်ကာ ဆက်၍မေးလိုက်၏။

"အဲတာ ပြီးတော့ရော?"

ယွီရှင်း သူ့မျက်လုံးများအား အနည်းငယ် မှေးချလိုက်ကာ-"ယွီယန်ငယ်ငယ်လေးကတည်းက သူ့မောင်လေး ယွီယိကို တော်တော်လေးချစ်ခဲ့တာ သူတို့မိဘတွေက အမြဲအလုပ်ရှုပ်နေတော့ ယွီယိက သူ့ရဲ့ဂရုစိုက်မှုအောက်မှာပဲ နေခဲ့ရတာဆိုပါတော့၊ ယွီယိ အဲကိတ်ကို စားချင်တယ်လို့ သူ ခိုင်ခိုင်မာမာ ယုံကြည်ထားတာ အဲတော့ တမင်သက်သက် အဲကိတ်ကို ထပ်ဝယ်ဖို့ ဘယ်ရီကာကို သွားခဲ့တယ်"

ယွီရှင်း အသက်ဝဝ တစ်ချက်ရှူသွင်းလိုက်တော့သည်။

"ဘယ်ရီကာရဲ့ဘေးမှာ လက်ဝတ်ရတနာ‌ဆိုင်ရှိတယ် အဲနေ့မှာပဲ ဓားပြတိုက်မှုဖြစ်ခဲ့တာ.."

ထန်းမီ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။

သူမ ဒီအဖြစ်အပျက်အား အွန်လိုင်းပေါ်တွင် ရှာတွေ့ပြီးပြီ ဖြစ်သော်လည်း တကယ့်လက်တွေ့ ဒါကို ထပ်ကြားလိုက်ရချိန် သူမနှလုံးသားတွင် တုန်လှုပ်မှုများ လွှမ်းမိုးသွားတော့သည်။

"တကယ်လို့ အဲအချိန်က ယွီယိ သူ့ခံစားချက်တွေကို သိခဲ့ရင် ဒါမှမဟုတ် ပိုပြီးပွင့်လင်းခဲ့ရင် အဲလိုအဖြစ်မျိုး ဖြစ်ခဲ့မှာမဟုတ်ဘူး။ ရဲတွေက ကွယ်လွန်သူကို လာပြီးအတည်ပြုဖို့ သက်ဆိုင်ရာမိသားစုကို အကြောင်းကြားတဲ့အခါ ယွီယိလည်းလိုက်သွားခဲ့တယ်။ အဲအချိန်ယွီယန်ရဲ့အလောင်းကိုတွေ့သွားပြီး သူပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာ ချောက်ချားမှုကို ခံစားလိုက်ရတဲ့ပုံပဲ အိမ်ပြန်ရောက်တဲ့အခါ သူ ရက်အကြာကြီး ဖျားပါလေရော သူ နေပြန်ကောင်းတဲ့အချိန်မှာ ကိုယ်ပေါ်လာခဲ့တာပဲ။"

ယွီရှင်း၏နှုတ်ခမ်းများ အနည်းလဲပြောင်းလဲသွားကာ သူ့မျက်လုံးထဲတွင် အပြုံးရိပ်ယောင်တစ်ခု လျင်မြန်စွာ ဖြတ်သန်းသွား၏။

"သူ့ရဲ့ကလေးဆရာဝန် ပြောတာကတော့ ကိုယ်က သူ့အစ်မနေရာမှာ အစားထိုးလိုက်တာတဲ့ ကိုယ်က သူ့နှလုံးသားကို တစ်ခြားသူတွေထက် ပိုသိပြီး သူတကယ်လုပ်ချင်နေတဲ့ အရာမှန်သမျှကို လုပ်နိုင်အောင် ကူညီပေးတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒါက သူ့အစ်မကိုလွမ်းလို့ မဟုတ်ဘဲ သူ့အစ်မသေတာကို သူအပြစ်ရှိ စိတ်ခံစားရလို့ပဲ။"

သူ ထန်းမီ့အနားသို့ တိုးကပ်ကာ အသံအား တမင်နှိမ့်ချ ပြောလိုက်၏။ သို့သော် ထိုအသံမထဲတွင် အရင်ကလို ဆွဲဆောင်နေတာမျိုး မရှိချေ။

"သူ့ ခန္ဓာကိုယ်ကို ဒီလိုလုပ်နေတာက ဖြစ်လာသမျှ အကျိုးဆက်‌တွေကို သူပဲ တာဝန်ယူရမှာလေ ဒီနည်းနဲ့ဆို သူ တစ်ခြားသူတွေဝင်ပါလာမှာကို စိုးရိမ်စရာမလိုတော့ဘူး။ ဥပမာပြောရရင်.......အဲအချိန်တုန်းက သေရမယ့်သူက ယွီယန်မဟုတ်ဘူး သူဖြစ်ရမှာ။"

ထန်းမီ၏နှလုံးသား ရုတ်တရက် တုန်လှုပ်သွားတော့သည်။

'ယွီယိ.....သေချင်ခဲ့တာလား?'

ယွီရှင်း သူမ၏အတွေးများအား သတိထားမိဟန် အပြုံးလေးဖြင့် ထပ်ပြောလိုက်၏။

"ကိုယ် မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ သူနေမကောင်းဖြစ်ခဲ့တဲ့ ရက်တွေတုန်းက သူသတ်သေဖို့ တိတ်တိတ်လေး ကြိုးစားဖူးတယ်။ ဒါပေမဲ့ အစေခံတစ်ယောက်က တွေ့သွားခဲ့လို့လေ။ အာ..ခံစားချက်မရှိတဲ့ အခွံလွတ်ကြီးကို အသက်ရှင်အောင် အမြဲထိန်းသိမ်းနေရတာ တော်တော်ပင်ပန်းဖို့ ကောင်းတယ်မလား? ဘာလို့လဲဆိုရင် သူအဲလိုဖြစ်နေလို့ပဲ။ သူ့အစ်မသေသွားခဲ့တာလေ။"

ထန်းမီ၏ လက်ဖဝါးတွင် ချွေးများဖြင့် စိုစွတ်နေတော့သည်။ သူမ ယွီရှင်းအား စိုက်ကြည့်ရင်း လက်သီးဆုပ်လိုက်မိ၏။

"မဟုတ်ဘူး။ ဒီကမ္ဘာပေါ်မှာ လုံးဝခံစားချက်မဲ့နေတဲ့သူ ရှိတယ်ဆိုတာ ကျွန်မမယုံဘူး သူ့မှာခံစားချက်တွေနဲ့ တိုက်ရိုက်ထိတွေ့ဖို့အတွက် အကာအရံတစ်ခုရှိနေရုံပဲ သူသာ တကယ် ခံစားချက်မရှိဘူးဆို ရှင်ဘယ်လိုလုပ်ပြီး ပေါ်လာမှာလဲ?"

သူ ကိုယ်တိုင် သတိမထားမိရင်တောင်မှ ဒီကမ္ဘာပေါ်မှာ သူလိုချင်တဲ့အရာတစ်ခုခု ရှိကိုရှိလိမ့်မည်။ ပြီးတော့--အဲအရာကြောင့်ပဲ ယွီရှင်းဖြစ်တည်လာတာပင်။

ယွီရှင်း သူ၏မျက်တောင်များအား နှစ်ကြိမ်ဆင့်ကာ ပုတ်ခတ်လိုက်မိပြီးနောက် ထန်းမီဆီမှ အနည်းငယ် ခွာလိုက်တော့၏။

"မင်းရဲ့သူ့အပေါ်ထင်မြင်ချက်က ဆိုးဆိုးဝါးဝါးကို ကောင်းနေတာပဲ"

"ကျွန်မက ဒီအတိုင်း....." ထန်းမီ နှုတ်ခမ်းအား ဖိကိုက်လိုက်ပြီး ဘရန်ဒီပုလင်းကို ကောက်ယူကာ သူမကိုယ် သူမအတွက် တစ်ခွက် လောင်းထည့်လိုက်တော့သည်။

"ရှင်က ကျွန်မကို ရှင့်အကြောင်းတွေ အများကြီးပြောပြတယ် အပြန်အလှန်အနေနဲ့ ကျွန်မလည်းရှင့်ကို ကျွန်မအကြောင်းပြောပြမယ်။"

သူမ ဘရန်ဒီအား တစ်ချက်တည်းနှင့် မော့ချလိုက်ပြီး ဖန်ခွက်အား စားပွဲပေါ်ပြန်တင်လိုက်တာအဆုံး ယွီရှင်း အားလုံးကို လေးစားမှုရှိသည့် နားထောင်ပရိသတ်ပုံစံဖြင့် ကြည့်နေလေ၏။

ထန်းမီ အသက်ပြင်းပြင်းရှူကာ ယွီရှင်းအား ပြုံးပြလိုက်ပြီးနောက်-"ကျွန်မရဲ့ကလေးဘဝကို ကျေးလက်ဒေသမှာပဲ ကုန်ဆုံးခဲ့တာ ကျွန်မရဲ့အဘိုးအဘွားနဲ့အတူတူပေါ့။ ကျွန်မရဲ့အဖေက ဓာတ်ပုံဆရာ၊ တစ်နှစ်ပတ်လုံးခရီးတွေသွားရတယ်။ ကျွန်မရဲ့အမေက လက်ဝတ်ရတနာဒီဇိုင်းဆွဲတဲ့သူ ပြီးတော့ အမေ အဖေ့ကိုလက်ထပ်တဲ့အချိန်မှာ သူ့ရဲ့စီးပွားရေး စတင်ရုံပဲရှိသေးတာ။ အမြဲတမ်းလိုလို နှစ်ယောက်လုံးက အရမ်း အလုပ်ရှုပ်နေတတ်ကြတယ်လေ။ ပြီးတော့ ကျွန်မကို ဂရုစိုက်ပေးဖို့လည်းအချိန်မရှိခဲ့ဘူး။ ကျွန်မမှတ်မိသေးတယ် မူလတန်းတုန်းက သူတို့နှစ်ယောက်လုံး အိမ်ကိုတူတူပြန်လာကြတယ်။ အဲတုန်းက အရမ်းပျော်ခဲ့တာ ကျွန်မမိဘတွေအတူတူရှိနေကြလို့လေ။ နောက်ပိုင်းကျမှ ကျွန်မသိခဲ့ရတာက......"

ထန်းမီ ခေါင်းမော့လိုက်ကာ ခဏလောက် ရပ်တန့်နေ၏။ ထို့နောက်-"အနုပညာရှင်နှစ်ယောက်ကြားက အိမ်ထောင်ရေးက --- အပျက်အစီးပဲ။ ဘာလို့လဲဆို အဖေက အိမ်ကို အချိန်အကြာကြီး ပြန်မလာခဲ့ဘူး။ တစ်နှစ်မှာ သူတို့နှစ်ယောက် တွေ့တဲ့အကြိမ်က လက်ချိုးရေလို့ရတယ်။ သူတို့စကားပြောချင်ရင် ဖုန်းဆက်ပြီးပြောကြတယ်။ ဒါပေမဲ့လည်း အဲတာက အဆုံးမရှိတဲ့ရန်ပွဲတွေပေါ့။ အင်း....လက်ဝတ်ရတနာဒီဇိုင်းဆိုတာ ရိုမန့်တစ်ဆန်ဆန်အလုပ်လေ။ အမေက တကယ်ကို ရိုမန့်တစ်ဆန်တဲ့သူ ဒီလိုအကြာကြီးခွဲနေရတဲ့ ဘဝကို လုံးဝသည်းမခံနိုင်ခဲ့ဘူး။ အဲအချိန်မှာ ကျွန်မအဖေ့ကို စပြီးမုန်းလာခဲ့တာပဲ။ ဘာလို့သူအိမ်မှာ မနေတာလဲ? အမေက သနားစရာကောင်းလောက်အောင် အထီးကျန်နေရတာ။ ဒါပေမဲ့ မဂ္ဂဇင်းထဲက အဖေ့ ဓာတ်ပုံတွေကို တွေ့တော့ သူဘာလို့ အဲဒီဘဝမှာပဲနေချင်တယ်ဆိုတာကို နားလည်လာမိတယ်။ အဲပုံတွေက--- ကျွန်မကို မတူညီတဲ့ကမ္ဘာကို သဘောပေါက်သွားစေခဲ့တယ်။"

ထိုနေရာအား ရောက်တော့ ထန်းမီ၏မျက်လုံးများ အနည်းငယ် နီရဲလာခဲ့သည်။ သူမဆက်မပြောခင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။

"ကျွန်မလည်း သူတို့ရဲ့အိမ်ထောင်ရေး အဆုံးကို ရောက်နေပြီဆိုတာ သိပါတယ်။ ကျွန်မကောလိပ်ဝင်ခွင့် စာမေးပွဲဖြေပြီးတဲ့နေ့မှာပဲ။ သူတို့ကွာရှင်းတော့မယ်ဆိုတာ ပြောခဲ့တယ်။ ကျွန်မအဲတာကို မျှော်လင့်ပြီးသားပါ။ ဘယ်လိုပြောရင်ကောင်းမလဲ။..သူတို့အစား စိတ်သက်သာရာရမိတယ်။ ကွာရှင်းပြီးတော့ အိမ်ကိုကျွန်မအတွက် ချန်ပေးခဲ့တယ်။ နှစ်ဝက်လောက်ကြာတော့ အမေက နောက်အိမ်ထောင်ပြုသွားပြီးတော့ အဖေကတော့အရင်လိုပဲ။ ကမ္ဘာပတ်နေတုန်းပဲ။ သူကျွန်မအတွက် နေစရိတ်နဲ့ ပို့စကတ်တွေကိုတော့ ကာလပတ်တိုင်း ပို့ပေးရှာပါတယ်။ ကျွန်မတက္ကသိုလ်က‌နေဘွဲ့ရတော့ နေအိမ်ကိုပြန်ခဲ့ပေမဲ့ အိမ်ထဲမှာ လုံးဝရှင်းလင်းနေတယ်။ အနွေးဓာတ်နည်းနည်းလေးတောင် ကျန်မနေဘူး။"

"အဲညနေတုန်းက ကျွန်မအိမ်မက်တစ်ခု မက်ခဲ့တယ်။ ကျွန်မကလေးဘဝတုန်းကနေခဲ့တဲ့ ကျေးလက်ဒေသက အိမ်လေးကို ပြန်ရောက်နေတာ ခြံထဲကစကာကွက်မှာ တွယ်တက်နေတဲ့နွယ်ပင်တွေမှာ စပျစ်သီးလေးတွေ တွဲခိုနေတယ်။ အဖိုးက စပျစ်သီးကိုင်းတွေကိုဖြတ်ရင်း ကျွန်မကို မြေခွေးနဲ့စပျစ်သီးပုံပြင်ကို ပြောပြနေတာလေ။ အဲအိမ်မက်က ထူးထူးခြားခြား တကယ့်လက်တွေ့လို့ကို ခံစားရနေရတာ နွေရာသီ ညနေခင်းလေပြည်မှာ ရောပါလာတဲ့ စပျစ်သီးနံ့သင်းသင်းလေးကိုတောင် အနံ့ရနေတာ"

ထန်းမီ မျက်လုံးထဲကနေ မျက်ရည်များ စီးကျလာမှာကို တားဆီးဟန်ဖြင့် ခေါင်းမော့ချလိုက်သည်။

"နောက်နေ့မနက် ကျွန်မနိုးလာတော့ ကျွန်မအကြာကြီး ငိုနေခဲ့မိတယ်။ ဘာလို့လဲဆိုအဲအချိန်က အဖိုးဆုံးသွားတာ ၈နှစ်ရှိသွားပြီလေ။ ကျွန်မနောက်ဆုံးတော့ နားလည်သွားခဲ့တယ်။ အချို့အရာတွေက ဘယ်တော့မှ ပြန်မလာနိုင်ဘူးဆိုတာ"

သူမခေါင်းမာပြီး ထိုအိမ်မှာ ဆက်နေခဲ့ရင်တောင် အရင်လိုပြန်ဖြစ်အောင် လုပ်နိုင်မည်မဟုတ်ပေ။

သူမ ယွီရှင်းဘက် လှည့်ကြည့်လိုက်၏။ အနည်းငယ် စိုစွတ်နေဟန် မျက်လုံးများသည် အလင်းစလေးများဖြင့် တောက်ပနေပြန်သည်။

"အဲနောက်ပိုင်း ကျွန်မအိမ်ကို ရောင်းပြီး မုန့်ဖုတ်ပညာသင်ဖို့ပြင်သစ်ကို တစ်ယောက်တည်း သွားခဲ့တယ်လေ။ အဲတာက ကျွန်မဘဝရဲ့ လုပ်ဖူးသမျှထဲမှာ အရူးသွပ်ဆုံးအရာပဲ။ ဒါပေမဲ့ ကျွန်မသိတယ်။ ကျွန်မအဲလိုမလုပ်ခဲ့ရင် ရှေ့ဆက်လျှောက်နိုင်မှာ မဟုတ်ဘူး"

ဘာကြောင့်လဲဆိုလျှင် ဘဝသည် ထိုအခိုက်အတန့်တွင်ပဲ ရပ်တန့်နေမှာ မဟုတ်လို့ပင်။

ယွီရှင်း ထိုင်မြဲထိုင်နေကာ သူ၏ဖန်သားလို ကြည်လင်တောက်ပနေတဲ့ သလင်းကျောက်ကဲ့သို့ မျက်လုံးများဖြင့် သူမအားစိုက်ကြည့်နေလေသည်။ သူထန်းမီအား ရင်ခွင်ထဲပွေ့ဖက်ရန် ကိုယ်ကိုအနည်းငယ် လှုပ်ရှားလိုက်၏။ သို့သော် ထန်းမီက ဆက်လက်၍...။

"ကျွန်မတောင် ရင့်ကျက်ပြီး ရှေ့ဆက်သွားနိုင်ရင် ယွီယိလည်း အဲလိုလုပ်နိုင်မှာပါ"

ယွီရှင်း မျက်တောင်များ လှုပ်ခတ်သွားကာ သူ၏မျက်လုံးများ ချက်ချင်း မည်းမှောင်လာပြီး ထန်းမီအား ဆိုဖာပေါ် ဖိလှဲချလိုက်တော့သည်။

"သူရင့်ကျက်လာရင် ကိုယ်က ပျောက်ကွယ်သွားမှာလေ ကိုယ့်ကို ပျောက်ကွယ်သွားစေချင်တာလား?"

ထန်းမီ တောင့်တင်းသွားကာ ဖြေရခက်နေလေ၏။ ယွီရှင်း၏နှလုံးသား ဖြည်းဖြည်းချင်း စူးနစ်ဝင်သွားခဲ့သည်။ သူမအား ကြည့်သည့် သူ့မျက်လုံးများထဲတွင် ကြေကွဲနေသည့် အရိပ်အယောင်များ အထင်းသားနှင့်ပင်။ သူဆက်၍ တိတ်တဆိတ် ဆုတောင်းနေမိ၏။

"မင်းကို အရင်ဆုံးသဘောကျခဲ့တဲ့သူက ကိုယ်ပဲ....."

သူ၏နွေးထွေးနေသော နှုတ်ခမ်းများ ထန်းမီ၏နှုတ်ခမ်းတစ်စုံကို ထိကပ်သွားချိန်မှာတွင် စကားလုံးများလည်း ပျောက်ကွယ်သွားရလေသည်။ ထန်းမီ လုံးဝကို တောင့်တင်းနေပြီးနောက် ယွီရှင်း သူမ၏နှုတ်ခမ်းအား ဖွင့်ရန်မသိမသာ ကြိုးစားနေသည်ကို သတိထားမိသွား၏။

သူ၏ လှုပ်ရှားပုံများသည် အရမ်းကိုညင်သာနေပြီး သတိရှိနေသည်။ စွန့်ပစ်ခံထားရတဲ့အကောင်ပေါက်လေး သခင်ထံတွင် ထပ်ပြီးမွေးစားခံရဖို့ နောက်ဆုံးတစ်ကြိမ် ဆုတောင်းနေသလိုပင်--- တစ်ဖြည်းဖြည်း သူမ၏နှုတ်ခမ်းပါးများ ကွဲကွာသွားရတော့၏။ လှုပ်ရှားမှု သေးသေးလေးတိုင်းကအစ 'ငါ့ကို မထားခဲ့ပါနဲ့'ဟုဟစ်ကြွေးနေသဖွယ်။

ထန်းမီ၏နှလုံးသား နူးညံ့သွားကာ သူ့အားချက်ချင်း မတွန်းလှန်နိုင်ခဲ့ပေ။ ခပ်ပြေပြေလေးရနေသည့် ပူရှိန်းနံ့လေးသည် သူမနှာခေါင်းတွင် ကလူကျီစယ်နေကာ ဖြည်းဖြည်းချင်း သူမ၏နာ့ဗ်ကြောများကို ပြေလျှော့သွားစေသည်။ ထို့နောက် သူမမျက်လုံးများအား ဖြည်းဖြည်းချင်း မှိတ်ချပစ်လိုက်တော့၏။

ယွီရှင်းမျက်တောင်များ လှုပ်ခတ်ကာ မျက်လုံးအားဖွင့်ရင်း အလွန်ကိုနီးကပ်နေတဲ့ ထန်းမီကို ငုံ့ကြည့်လိုက်မိသည်။ သူ့မျက်လုံးတွေထဲရှိ စိုးရိမ်ပူပန်မှုများသည် မမြင်လုနီးပါးဖြစ်နေချေပြီ။ ထန်းမီ၏မျက်တောင်လေးများပေါ်တွင် မျက်ရည်စက်လေးများ တွဲခိုနေပြီး မသိလျှင် မနက်မိုးသောက်ချိန် ကြာရွက်လေးပေါ် ရေစက်လေးများတင်နေသလိုပင်--- ညှို့ယူ ဆွဲဆောင်နိုင်လွန်းသည်။

ယွီရှင်း သူမအား ခဏလောက် စိုက်ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း မျက်လုံး ပြန်မှိတ်လိုက်တော့၏။

နမ်းတဲ့အချိန်တိုင်း ထန်းမီသည် အမြဲနာခံတတ်တဲ့သူ ဖြစ်သော်လည်း ဒီတစ်ကြိမ်မှာတော့ သူမ အသက်ရှူမဝ ဖြစ်လာတော့သည်။ ထို့ကြောင့် အဆုံးမှာတော့ သူမလွတ်မြောက်ဖို့ ရုန်းထွက်ရန် ထိုသူအား တွန်းလိုက်ရ၏။

သူ လှုပ်ရှားမှုအား ရပ်တန့်ကာ သူမ၏နှုတ်ခမ်းအား အနည်းငယ် လွှတ်ပေးလာ၏။ ထန်းမီ ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး လွတ်မြောက်ဖို့ ရုန်းလိုက်ပေမဲ့ ယွီရှင်း သူမ၏ပခုံးပေါ်သို့ ဖြည်းဖြည်းချင်း လဲကျလာလေတော့သည်။

ထန်းမီ : "...."

သူမ ၃စက္ကန့်လောက် ထိုအနေအထားမှာပဲ မလှုပ်မယှက် ရပ်နေမိပြီးနောက် သူ့အား ဖြည်းဖြည်းလေး လှုပ်ကြည့်လိုက်၏။

"လူကြီးမင်းယွီ?"

ဘာ တုံ့ပြန်မှုမှမရှိပေ။

သူမ သူ့ပခုံးများအား ခပ်ကြမ်းကြမ်း တစ်ချက်ထပ် လှုပ်ယမ်းလိုက်လေ၏။

"လူကြီးမင်းယွီ?"

အရင်အတိုင်း ဘာတုံ့ပြန်မှုမှမရှိပေ။

ထန်းမီ ပါးစပ်အဟောင်းသားဖြင့် အံ့သြသွားရတော့သည်။

'ငါ့ကို နမ်းပြီးမှ အိပ်ပျော်သွားတာလား?!'

'.....ငါ့ကိုနမ်းရတာ အဲလောက်တောင် ပျင်းစရာကောင်းတာလား?!'

ဒေါသ ထောင်းခနဲ ထွက်သွားပြီး သူ့အား တွန်းချပစ်ချင်သွားသည်။ သို့သော် သူ့ကိုယ်ပေါ်ကို နောက်တစ်ကြိမ် သူမလက်များ ရောက်သွားချိန်မှာတော့ သူမကိုယ်သူမတောင် သတိမမူမိဘဲ ညင်သာ သွားရပြန်သည်။

ဆိုဖာပေါ်မှာ အိပ်မောကျနေတဲ့သူအား ကြည့်ရင်း ထန်းမီပြုံးလိုက်မိ၏။ ထို့နောက် သူမ ဖုန်းအားသွင်းဖို့ အိပ်ခန်းထဲ ဝင်လာခဲ့ပြီး လော့ဟောက်အား ဖုန်းဆက်ရတော့သည်။

လော့ဟောက်ကို ကြည့်ရတာ သူမဖုန်းခေါ်လာတာကို တော်တော်လေး အံ့အားသင့်နေပုံပင်။ သို့သော် ထန်းမီ လုံးဝကို စိတ်အေးလက်အေးလေသံဖြင့် တည့်တိုးကြီး ရှင်းပြလိုက်တော့သည်။

"လူကြီးမင်းလော့ စိတ်မရှိပါနဲ့။ စီအီးအိုယွီ ကျွန်မအိမ်မှာ အိပ်ပျော်သွားလို့ သူ့ကို လာခေါ်ပေးလို့ရမလား?"

လော့ဟောက် : "..."

'ဘာလို့ ဒါက သတင်းအကြီးစားလို့ သူခံစားရနေတာလဲ?! စီအီးအိုယွီ ဒါက လုံးဝကို အံ့ဩစရာကောင်းနေပြီ! မယုံနိုင်လောက်အောင် အံ့ဩစရာကောင်းနေပြီ!'

ထန်းမီ : "အမ် သူအရက်သောက်ထားတယ် ကားမောင်းလို့မရဘူး"

သူ၏လှိုင်းထနေသော ခံစားချက်များကို တည်ငြိမ်စေဖို့ အတွက် ရှိသမျှခွန်အားကို သုံးကာ တည်ကြည်နေဟန်အသံဖြင့်..."နားလည်ပါပြီ။ အဲကို ချက်ချင်းလာခဲ့ပါမယ်"

"ဟုတ်ကဲ့ အလုပ်ရှုပ်စေမိပြီ"

ထန်းမီ ဖုန်းချလိုက်စဉ် ပိတ်နေတဲ့မျက်လုံးတစ်စုံ မသိမသာလေး ဖွင့်ဟနေတာကိုတော့ သူမသတိမထားမိပေ။ သူမျက်လုံးများကို ချက်ချင်းထပ် မပိတ်ခင် သူမအား အချိန်တစ်ခုလောက်အထိ ငေးကြည့်နေလေတော့သည်။

_____________________________________________

All Chapters