← Chapters

Chapter 22

Vol. 3 Ch. 22

Chapter 22

Vol. 3 Ch. 22

မိနစ်၂၀လောက် ကြာပြီးနောက် လော့ဟောက် ထန်းမီ၏ ဧည့်ခန်းထဲတွင် ရောက်နေလေပြီ။ သူ ဆိုဖာပေါ်မှာအိပ်နေသည့် ရင်းနှီးနေသော လူအား စိုက်ကြည့်ကာ ငြိမ်သက်နေတော့၏။

ထန်းမီ ချောင်းဟန့်လိုက်ကာ ယွီယိအား လှမ်းကြည့်လိုက်သည်။

"အမ်..ကျွန်မတို့ သူ့ကိုနှိုး လိုက်ကြရအောင်"

လော့ဟောက် ယွီယိအား အောက်ထိ သယ်သွားနိုင်မယ်လို့တော့ သူမ မထင်ပေ။

လော့ဟောက် ထိုနေရာလေးမှာပဲ ရပ်ကာ ခဏလောက် တွေးတောနေပြီးနောက် ယွီယိ ဆီသွား၍ သာသာလေး လှုပ်နှိုးလိုက်တော့သည်။

"စီအီးအိုယွီ?"

အဲလိုနူးညံ့တဲ့နည်းနှင့်တော့ ယွီယိနိုးလာမှာ မဟုတ်တာကို ထန်းမီခံစားမိ၏။ ခုဏလေးကမှ သူမကိုယ်တိုင်ကိုယ်ကျ ထိုနည်းအား စမ်းသပ်ထားပြီးပြီပင်။ သို့သော် လော့ဟောက်၏ ပထမဆုံး ခေါ်သံမှာပဲ ယွီယိ ချက်ချင်း နိုးလာလိမ့်မည်ကိုတော့ သူမမထင်ထားခဲ့ချေ။

ထန်းမီ : "...."

'ဒါ အိပ်မောကျနေတဲ့ မင်းသမီးလေး...မဟုတ်ဘူး။ ဘုရင်ကြီးကို နိုးစေနိုင်တဲ့ အချစ်စစ်ရဲ့ စွမ်းအားများလား?'

ယွီယိ၏မျက်လုံးများ လှုပ်ခတ်၊ ပွင့်ဟလာပြီးနောက် သူ့ဘေးပတ်ဝန်းကျင်အား စူးစမ်းနေလေ၏။ စိတ်ထဲတွင်လည်း ပဟေဠိဖြစ်နေပုံပင်။

"ငါ ဘယ်မှာလဲ?"

လော့ဟောက် : "ဒါ ထန်းမီရဲ့အိမ်ပါ"

ယွီယိ ထထိုင်လိုက်ပြီး အကြည့်အား ဘေးတွင် ရပ်နေသည့် ထန်းမီဆီ ပို့လိုက်တော့သည်။ ထန်းမီ ချောင်းထပ်ဟန့်ကာ ရှင်းပြဖို့ ကြိုးစားလိုက်၏။

"အဲတာ ယွီရှင်းလေ ရုတ်တရက်ကြီး သူရောက်လာ....."

ယွီယိ၏မျက်လုံးများ ဖြတ်ကနဲဖြစ်သွားကာ သူထန်းမီ ဆီမှာ ဂယက်ထခဲ့တာကို ကောင်းကောင်း နားလည်သွားတော့သည်။

"နောက်ထပ် အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"

"ရှင်က တော်တော်ကြင်နာတတ်တာပဲ ဟိဟိ"

သူမ ပါးစပ်ကို လက်ဖြင့်ကာပြီး တခစ်ခစ်ရယ်လိုက်၏။

"အဲတာဆို ငါတို့သွားတော့မယ်"

ယွီယိ ပြုတ်နေသည့် ကြယ်သီးများအား ပြန်တပ်လိုက်ပြီး နက်ခ်တိုင်ကို ခပ်တင်းတင်း ပြန်ခေါက်လိုက်လေသည်။ သူ၏အနောက်တိုင်းဝတ်စုံကုတ်အား ကြယ်သီးတပ်ပြီးနောက် ပုံမှန်အတိုင်း အနုစိတ်ပြီးသပ်ရပ်နေသည့် အသွင်အပြင်ကို ပြန်လည်ရယူလိုက်၏။

ထန်းမီ သူတို့ ထွက်သွားတဲ့ဆီကို လိုက်ကြည့်မိလိုက်၏။ ထိုအချိန် ယွီယိ တံခါး‌ပေါက်အား ကျော်ပြီးမှ တစ်ဖန် နောက်ပြန်လှည့်ကြည့်ကာ ထန်းမီအား လှမ်းဆူလိုက်တော့သည်။

"အပျိုမိန်းကလေးတစ်ယောက်က အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ကို အိမ်ထဲ လက်လွတ်စပယ် အဝင်မခံသင့်ဘူး"

ထန်းမီ : "...."

သူမ နှုတ်ခမ်းများ ကွေးညွှတ်သွားကာ-"စီအီးအိုယွီရဲ့စကားကို သေချာနားထောင်ပါ့မယ်။ နောက်တစ်ခါ သူကျွန်မအိမ်ရှေ့ကိုလာပြီး တံခါးခေါက်နေရင် ကျွန်မလုံးဝ တံခါးမဖွင့်ပေးတော့ဘူး "

ယွီယိ လှည့်ထွက်မသွားခင် ထန်းမီအား တစ်ချက်ကြည့်‌လိုက်ပြီးနောက် ခြေလှမ်းစလှမ်း မလို့ရှိသေး သူ့ပေါ်သို့ အရိပ်တစ်ခု အသိမပေးဘဲကျလာတော့သည်။

ယွီယိ အလိုအလျောက်သိစိတ်ဖြင့် ဘေးသို့ရှောင်လိုက်လျှင် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့် ဖုရှင်း၏အနေအထားသည် အတော်ခါးသီးစဖွယ်ပင်။

ထန်းမီမျက်လုံးများ ပြူးသွားကာ ဖုရှင်းကို ကြမ်းပြင်ပေါ်တွင်ဖိထားရင်း လော့ဟောက်နှင့်ယွီယိအား လက်ယမ်းပြ၏။

"မြန်မြန်သွားတော့! မြန်မြန်လေး! ရှင်တို့ မြန်မြန်သွားကြတော့!"

ဖုရှင်း ကြမ်းပြင်ပေါ်တွင် ရုန်းကန်နေတာကြောင့် ယွီယိ ထန်းမီအား စိုးရိမ်စိတ်ဖြင့် မေးလိုက်တော့သည်။

"မင်း သူငယ်ချင်း အဆင်ပြေရဲ့လား?"

"ရတယ် ရတယ်။ သူမူးနေရုံပါ မြန်မြန်လေး သွားကြတော့! သူ ရှင်တို့ကို တွေ့သွားလို့မဖြစ်ဘူး!"

ယွီယိ မျက်ခုံးများ ပင့်သွားပြီး လော့ဟောက်နှင့်အတူ ထွက်သွားလိုက်ရတော့၏။

ယွီယိ ထွက်သွားပြီးနောက် ထန်းမီ တံခါးပိတ်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

ယိမ်းထိုးနေသည့် ဖုရှင်းတစ်ယောက် ကြမ်းပြင်ပေါ်မှာ တွားသွားနေ၏။ သူမ၏ပါးဝိုင်းဝိုင်းလေး နှစ်ဖက်သည် အနီရောင်သန်းနေကာ တကယ်မူးနေတဲ့ပုံပင်။ သူမ ထန်းမီအား လက်သီးထောင်ပြရင်း နာကျည်းစွာ မေးလိုက်လေသည်။

"ဘာလို့ ငါ့ကို ကြမ်းပြင်ပေါ်တွန်းချတာလဲ?!"

ထန်းမီ မျက်စောင်းထိုးလိုက်ပြီး..."ဘာလို့ ငါက တွန်းချရမှာလဲ? နင့်ဘာသာနင် လဲကျတာလေ"

ဖုရှင်း မယုံသင်္ကာဖြင့် နှုတ်ခမ်းများမဲ့လိုက်၏။

"နင်တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို ကြားလိုက်တယ်!"

"နင်မူးနေပြီ" ထန်းမီ သူမအား မ,ထူပေးပြီး အိပ်ခန်းထဲသို့ တွန်းပို့လိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲကိုသွား၍ လိမ္မော်ရည်တစ်ခွက်ဖျော်လာကာ ဖုရှင်းဆီယူလာပေးပြီး အမူးပြေအောင်တိုက်လိုက်ရတော့သည်။

အိပ်ရာပေါ်တွင် ဖုရှင်းမှောက်လျက်ကြီး အိပ်နေကာ ထန်းမီ သူမအနားသို့ကပ်သွားချိန်တွင် တစ်ခုခုအား ရေရွတ်ပြောနေတာကို ကြားလိုက်ရ၏။

"ထန်းထန်း ငါဒီနေ့ ဟဲ့စစ်ချီကို လုံးဝမူးနေအောင် တိုက်ခဲ့တယ်!"

".....အိုး"

"ငါ ကုခိုင်ရန်ကိုလည်း ဖွင့်ပြောခဲ့တယ်။ ဒါပေမဲ့ သူငါ့ကို ငြင်းတယ်! ယောက်ျားတစ်ယောက်ဆီက နှစ်ကြိမ် အငြင်းခံရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ သိလား?!"

"နင် သူ့ကို နောက်ထပ်တစ်ခေါက် ဖွင့်ပြောရင်ယောက်ျားတစ်ယောက်ဆီက သုံးကြိမ်အငြင်းခံရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ သိသွားလိမ့်မယ်။"

ဖုရှင်း : "...."

သူမ ဝေဒနာတွေ အားလုံးကို ခါးစီခံနေရသလို ခံစားနေရသည်။ သူမ ထန်းမီအား ကြည့်ရင်း ချက်ချင်း မျက်လုံးများနီရဲတက်လာတော့၏။ ထို့ကြောင့် ထန်းမီ သူမအားမြန်မြန် နှစ်သိမ့်ပေး လိုက်ရတော့သည်။

"တက္ကသိုလ်မှာတုန်းက ကုခိုင်ရန်က အိမ်မှာပဲ နေတတ်တဲ့သူ နင်သူနဲ့တွေ့နိုင်တာကိုက အံ့ဖွယ်ဖြစ်ရပ်ပဲ! "

ဖုရှင်း : "...."

သူမ လိမ္မော်ရည်အား တစ်ငုံတည်းနှင့် အကုန်ပြောင်နေအောင် သောက်လိုက်ပြီး အိပ်ရာပေါ်တွင်သာ ပြန်လှဲလိုက်တော့သည်။

***********

အောက်ထပ်တွင် ယွီယိ သူ၏လမ်ဘော်ဂီးနီအား ကိုယ်ပိုင်ဒါရိုင်ဘာကို မောင်းရန် ညွှန်ကြားလိုက်ပြီး သူကတော့ လော့ဟောက်၏ကားထဲမှာ နေရာယူလိုက်သည်။

လမ်းတစ်လျှောက်လုံး နှစ်ယောက်သား ငြိမ်သက်နေကြ၏။ လော့ဟောက် တကယ်ကို ထန်းမီ့အိမ်တွင် ဘာဖြစ်ခဲ့လဲဆိုတာ မေးချင်နေပေမဲ့ သူ၏ပုံမှန် ပရော်ဖက်ရှင်နယ် ဆန်ဆန်ပုံစံကြောင့် စပ်စုချင်စိတ်ကို ချုပ်တည်းထားရသည်။

သူ ကား‌နောက်ကြည့်မှန်မှတစ်ဆင့် ယွီယိအား အကဲခတ်လိုက်ပြီးနောက် စကားစလိုက်တော့၏။

"စီအီးအိုယွီ တစ်ခုခု တွေးနေတာလား?"

ယွီယိ ကားထဲဝင်လာကတည်းက သူ့ပုံစံသည် ဝိညာဉ်လွင့်နေသလို အသက်မဲ့နေလေသည်။

ယွီယိ အတော်အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ..."ဘာလို့ထန်းမီက ငါ့ကို သူ့သူငယ်ချင်းမြင်သွားမှာ စိုးရိမ်နေတာလဲ?"

လော့ဟောက် တော်တော်လေး ဆွံ့အသွားရတော့သည်။ ယွီယိ ဒီလိုအရာမျိုးအပေါ် အချိန်အတော်ကြာ စိတ်ပူနေမည်ဟု သူမျှော်လင့်မထားမိပေ။

"အယ်...." သူ ပြန်မပြောခင် ခဏလောက် ဆင်ခြင်သုံးသပ်နေမိ၏။

"သူတို့နှစ်ယောက်က အဲတိုက်ခန်းမှာ အတူတူနေကြတာလေ ဒီတော့ သူယောက်ျားလေးတစ်ယောက်ကို အိမ်ထဲခေါ်ထားတာကို သူ့သူငယ်ချင်းသိသွားရင် အဆင်မပြေလောက်မှာ မဟုတ်ဘူးနော်"

"အဲလိုလား?" ယွီယိ၏မျက်ခုံးများ မိနစ်ပိုင်းလောက် တွန့်ချိုးနေသေး၏။ အဲတာက ဒီလောက် ရိုးရှင်းလိမ့်မည်မဟုတ်ဟု သူခံစားမိသည်။

"သူ့သူငယ်ချင်း ငါ့ကိုမြင်သွားရင် သူ မျက်နှာပျက်ရမှာပေါ့?"

လော့ဟောက် : "...."

'စီအီးအိုယွီ ဘယ်တုန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့တာလဲ?'

သူ ခိုင်ခိုင်မာမာ ထပ်၍ပြောလိုက်သည်။

"စီအီးအိုယွီ ကျွန်တော်ပြောတာကိုယုံပါ။ စီအီးအိုယွီက မိန်းကလေးတစ်ယောက် ကြွားဝါနိုင်တဲ့ ဂုဏ်ကျက်သရေဆောင်ပဲ။"

ယွီယိ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေပြီး ဘာမှပြန်မပြောတော့ပေ။ လော့ဟောက် ယွီယိ ခေါင်းလှည့်သွားတာကို နောက်ကြည့်မှန်မှတစ်ဆင့် တိတ်တဆိတ် ကြည့်နေမိတော့သည်။

တကယ်ပဲ အချစ်ကို ရင်ဆိုင်ရတဲ့အခါ ဘယ်သူပဲဖြစ်နေပါစေ ကွဲပြားတယ်ဆိုတာမရှိဘူး။

ဖုရှင်း နိုးလာချိန်တွင် ကောင်းကင်သည် လုံးဝမည်းမှောင်နေချေပြီ။ သူမ ခေါင်းအား သာသာလေး ပွတ်သပ်လိုက်ပြီး ဖိနပ်စီးကာ အခန်းထဲကနေ ထွက်လာလိုက်၏။

ထန်းမီတစ်ယောက် ဧည့်ခန်းထဲမှာ ထိုင်နေကာ ရသစုံရှိုးအား ကြည့်နေလေသည်။ စားပွဲပေါ်တွင် အချိုမုန့် ပန်းကန်ပြားတစ်ချပ် တင်ထားပြီး ထိုမုန့်များသည် မျက်စိကျိန်းအောင် ဝင်းလက်နေသည့် ရွှေရောင်သစ်ရွက်များ တစ်ရွက်ပြီးတစ်ရွက်ထပ်ထားသလို အလွှာလိုက်ဖြစ်နေသည်။ အလွှာများကြားတွင် ဖြည့်ထားသည့် ခရင်မ်များသည် ချိုမြိန်ပြီးပျစ်နှစ်နေပြီး ထက်ဝက်ပိုင်းထားသည့် စတော်ဘယ်ရီတုံးများကလည်း ပတ္တမြားတုံးများကဲ့သို့ပင်။ အပေါ်ဆုံးမှာလည်း ကိုးကိုးမှုန့် ဖြူးထားသေးကာ ဘေးဘက်တွေမှာတော့ နှင်းဖြူသကြားမှုန့်များဖြင့် ခွာပုံစံအလှဆင်ထား၏။

ဖုရှင်းပါးစပ်ထဲကနေ သွားရည်များ ကျ‌တော့မလိုပင်။ သူမအလင်းလိုအရှိန်ဖြင့် ဖျတ်ကနဲ ရောက်လာတော့၏။

"ထန်းထန်း ဘာတွေလုပ်ထားတာလဲ?"

"စတော်ဘယ်ရီ နပိုလီယွန် အရင် ကပိုနေတဲ့ ခရင်မ်တွေ ကျန်‌နေသေးတာမို့လို့ ပြန်သုံးလိုက်တာ မြန်မြန်စားကြည့်"

"အားယိုး ကောင်းလိုက်တာ!"

ဖုရှင်း စိတ်မရှည်စွာ မြန်မြန်ဖဲ့လိုက်ပြီး ပါးစပ်ထဲသို့ သွပ်ထည့်လိုက်လေသည်။ စားလိုက်တဲ့အခါ ထွက်လာသည့် ကြွပ်ရွရွအသံသည် တီဗီကထွက်နေသော သီချင်းသံထက်တောင် ပို၍ နားထောင်ကောင်းနေ၏။

"လခွမ်း ကောင်းလွန်းလို့ မျက်ရည်တောင်ကျတော့မယ်

ဒီလိုအချိန်မျိုးမှာ စတော်ဘယ်ရီသီးစားနိုင်တာ ငါချမ်းသာတဲ့ ရှင်ဘုရင်မပဲ!"

"အော် စတော်ဘယ်ရီသီးတွေက မနေ့ကပိုင်ရှောင်ရဲ့အိမ်မှာ ကိတ်မုန့်ဖုတ်နည်း သင်ပေးတုန်းက ရလာတာ သူငါ့ကိုပေးလိုက်တာလေ။"

"အားယိုး ဒါဘာဆော့စ်လဲ? ဆော့စ်နဲ့စားရင် ပိုတောင်ကောင်းတယ်!"

"အဲတာ ငါ ချယ်ရီဝိုင် နည်းနည်းထည့်ထားတဲ့ သာမန်စတော်ဘယ်ရီယိုပါ"

ထန်းမီ သူမအားလှည့်ကြည့်ရင်း ပြောလိုက်၏။

"ငါ ဒါလုပ်ထားတာမို့လို့ ညစာမချက်ထားဘူး"

ဖုရှင်း နပိုလီယွန်မုန့်အား မျက်စိတစ်မှိတ်တည်းမှာပဲ အကုန်စားလိုက်ပြီး ဆိုဖာပေါ်ပျော်ပျော်ကြီး ပစ်လှဲချလိုက်တော့သည်။

"ရတယ် ကိစ္စမရှိဘူး။ ငါ အဲတာကို ၁၀ယွမ်နဲ့ဖြေရှင်းလိုက်မယ်။"

ထန်းမီ : "....."

သူမ ဖုရှင်းအား အာရုံမထားတော့ပေ။ ဖုရှင်း နောက်ထပ် နပိုလီယွန်မုန့်အား ဆွဲယူစားရင်း ထန်းမီအား မေးခွန်းထုတ်လာလေ၏။

"အိုး ဟုတ်သားပဲ ငါအိမ်ပြန်လာတုန်းက ဘယ်သူရောက်နေတာလဲ?"

ထန်းမီ မယောင်ယောင်အမှားမှားဖြင့် ခါးမတ်ထိုင်လိုက်တော့၏။

"ဘယ်သူမှမရောက်ပါဘူး.."

"တကယ်လား?"

ဖုရှင်း မျက်ခုံးတစ်ဖက်အားပင့်ကာ တွေးတောနေဟန်ဖြင့်..."ငါဘယ်လိုလုပ်ပြီး ယွီယိကို မြင်ခဲ့တယ်လို့ ထင်နေတာလဲ?"

ယွီယိ၏ပုံကို မဂ္ဂဇင်းတစ်ခုမှာ တစ်ကြိမ်တည်း ထုတ်ဝေထားပေမဲ့ သူမရဲ့ဘုရင်ကြီးကို မမှတ်မိနိုင်တာတော့ မဟုတ်ပေ။

"ဟားဟားဟား!" ထန်းမီ ရယ်ချလေသည်။

"ဒီဟာသက တကယ်ရယ်ရတာပဲ"

ဖုရှင်း : "...."

သူမ မျက်လုံးများအား ကျဉ်းမြောင်းလိုက်ပြီး ထန်းမီကို စိုက်ကြည့်လိုက်တော့သည်။

"တကယ် ဘယ်သူမှမရှိဘူးလား?"

ထန်းမီ ဖုရှင်းအား မျက်စောင်းထိုးလိုက်ပြီးနောက်-"ဟုတ်ပြီ ယွီယိ ဒီကိုရောက်နိုင်တဲ့ အကြောင်းပြချက်တစ်ခုပြော"

" အမ်...." ဖုရှင်း သူမဦးနှောက်ကို ညှစ်ထုတ်နေပြီးနောက် ထန်းမီအား မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကြည့်လိုက်၏။

"ငါတို့နှစ်ယောက်ကြားက ဆွဲငင်အား ဖြစ်လောက်မလား?"

ထန်းမီနှုတ်ခမ်းများ ပုံစံပြောင်းလဲသွားတော့သည်။

"ဒီတစ်ခုက အရင်တစ်ခုထက် ပိုရယ်ရတယ်!"

ဖုရှင်း : "....."

သူမနပိုလီယွန်မုန့်ကိုသာ ကိုက်ကာငြိမ်ကျသွားလေသည်။

********

ပိတ်ရက်ပြီးနောက် ထန်းမီ စားသောက်ဆိုင်အလုပ်ဆီသို့ ပြန်ရောက်လာသည်။ ဆိုင်ဖွင့်ချိန်မရောက်ခင် ငယ်ရွယ်ပြီးချောမောတဲ့ ကောင်လေးတစ်ယောက် တံခါးအား တွန်းဖွင့်ကာ ဝင်လာခဲ့၏။ သူ့လက်ထဲမှာလည်း ပန်းများနှင့်ပင်။

ကြီးကြပ်သူယွီ သူ့အား အပြုံးလေးဖြင့် ကြိုဆိုလိုက်ပြီးနောက်-"စိတ်မရှိပါနဲ့ စားသောက်ဆိုင်က မနက် ၁၁နာရီ ၃၀မိနစ်မှ ဖွင့်မှာပါရှင့်"

ငယ်ရွယ်ပြီးချောမောတဲ့ ကောင်လေးလည်း ပြုံးပြကာ သူ့အိတ်ကပ်ထဲမှကတ်အား ထုတ်ပြလိုက်ပြီးနောက်-"ပြင်းပြသော အချစ်ပန်းဆိုင်ကပါ ကျွန်တော် ဒီကို ပန်းလာပို့တာပါဗျ"

ကြီးကြပ်သူယွီ၏ မျက်လုံးများ ချက်ချင်း ဝိုင်းစက်သွားလေတော့သည်။ သူမ ပြုံးလိုက်ကာ ရှက်ကိုးရှက်ကန်းလေး ဖြစ်သွားရ၏။

"ပန်းကို လက်ခံရမယ့်သူက ယွီရှောင်ရှောင်လား?"

"မဟုတ်ပါဘူး ထန်းမီပါ"

ကြီးကြပ်သူယွီ : "...."

သူမ ချက်ချင်း ပြုံးနေတာရပ်သွားပြီး မုန့်ဖိုဘက်သို့ လက်ညှိုး ထိုးပြလိုက်တော့သည်။

"အယ်..အဲဒီကိုသွားလိုက်"

"ကျေးဇူးပါ" ပန်းလာပို့တဲ့ကောင်လေးလည်း သူမအား သွားဖြီးပြကာ မုန့်ဖိုဘက်ကိုသို့ လျှောက်သွားတော့၏။

"တဆိတ်လောက်ပါ။ မင်းကမိန်းကလေးထန်းမီ.ဟုတ်ပါသလား?"

ထန်းမီ ကိတ်မုန့်အလှဆင်နေချိန်တွင် သူမအား ခေါ်သံကြားလိုက်ရ၏။ သူမ ကြောင်အစွာ ခေါင်းမော့ကြည့်လိုက်ကာ-"ဟုတ်ပါတယ် ရှင်က----?"

"ကျွန်တော်က ပြင်းပြသော အချစ်ပန်းဆိုင်ကပါ ဒီပန်းတွေက မင်းအတွက်ပါ ကျေးဇူးပြုပြီး ဒီမှာလက်မှတ်ထိုးပါ"

ထန်းမီ ပို၍ပင် ကြောင်အသွားကာ သံယောင်လိုက်မိလိုက်၏။

"ကျွန်မအတွက်?"

"ဟုတ်ပါတယ် လက်ခံဖို့အတွက် ဒီမှာလက်မှတ်ထိုးပေးပါ"

"အိုး ဟုတ်ပါပြီ" ထန်းမီ နီဆွေးနေသော နှင်းဆီပန်းစည်းအား လက်ခံလိုက်ပြီး ဘုတ်ပြားပေါ်တွင် လက်မှတ် ထိုးပေးလိုက်တော့သည်။

ထို့နောက် ကောင်ငယ်လေး ဘုတ်ပြားအား ပြန်သိမ်းကာ ထွက်သွားလေ၏။ ထန်းမီ စဉ်းစားရခက်နေကာ သူမလက်ထဲက ပန်းစည်းအား ကြည့်လိုက်စဥ် နှင်းဆီပန်းများကြား ကတ်ပြားလေးရှိနေတာကို ရှာတွေ့သွားတော့သည်။

[ မင်းက ဒီပန်း‌တွေထက် ပိုလှတယ် ~လင်ချဲ့ ]

ထန်းမီ : "..."

သူမ တကယ် လင်ချဲ့၏ဦးနှောက်အား ရိုက်ဖွင့်ကာ သူတကယ် ဘာတွေတွေးနေလဲဆိုတာ ကြည့်ချင်လှသည်!

"ဘာလို့လဲ ဘယ်သူက ပို့လိုက်တာလဲ?"

ကြီးကြပ်သူယွီ ရောက်ချလာတာကြောင့် ထန်းမီ လျင်မြန်စွာ ကတ်အားဆွဲ၍ သူမအိတ်ထဲသို့ ခပ်ကြမ်းကြမ်း ထိုးထည့်လိုက်ပြီး သီချင်းညည်းကာ မသိချင်ယောင်ဆောင်နေတော့၏။

ကြီးကြပ်သူယွီ သူမအားကြည့်ကာ အံကြိတ်ရင်း ပြန်ထွက်သွားလေသည်။

ထန်းမီ အရင်က တွေးမိတာက လင်ချဲ့၏ဦးနှောက် ခဏပျက်သွားရုံဟုပင်။ တစ်ပတ်ကြာသည်အထိ သူ ဒီလိုလုပ်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ နေ့တိုင်း မတူညီတဲ့ပန်းမျိုးစိတ်များကို ဆိုင်ကပို့လာခဲ့၏။ ထိုအရာကြောင့် စားသောက်ဆိုင်ထဲမှာလည်း ကောလဟာလများ ပျံ့နေလေပြီ။

သူမ၏မိန်းကလေးလုပ်ဖော်ကိုင်ဖက်များသည် သူတို့၏မနာလိုမှုအားဖွက်ကာ သူမကို အားကျနေကြပြီး တစ်ယောက်ပြီးတစ်ယောက် အဲလျှို့ဝှက်ဆန်းကြယ်တဲ့ ပန်းပို့သူက ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းနေကြသည်။ သူတို့စာရင်းထဲက ရယ်စရာ‌ အကောင်းဆုံးနာမည်ကတော့ ယွီယိပင်။

ထန်းမီလည်း အရမ်းကသိကအောက် ဖြစ်နေရတော့သည်။ သူမလင်ချဲ့အား ပန်းတွေပို့နေတာရပ်ဖို့ ပြောချင်သော်လည်း သူမတွင် သူ့ဖုန်းနံပါတ်မရှိပေ။ ဆက်သွယ်နိုင်တာဆိုလို့ ဟဲ့စစ်ချီ သူမကို ပေးထားသည့် ကိတ်မုန့်ဆိုင် လိပ်စာကတ်ပဲရှိ၏။ တကယ်လို့သူမ ခေါ်လိုက်ရင် ဟဲ့စစ်ချီပါ သိသွားနိုင်တာကြောင့် သူမ ဒီနည်းလမ်းကိုတော့ လက်လျော့လိုက်ရသည်။

'လင်ချဲ့ ထပ်ပို့လိုက်တဲ့ ပန်းစည်းကို.....အိမ်သာထဲမှာပဲ ထားမယ်!'

********

၈ရက်မြောက်နေ့မှာလည်း ပန်းဆိုင်က မောင်လေးကပဲ နေပူပူ မိုးရွာရွာ ပန်းလာပို့ရှာသည်။

ဒီနေ့ ယွီယိလည်း [ ချိုမြိန်မြိန် အိမ်မက် ]အား လာရောက်စစ်ဆေးသည့်နေ့ပင်။

သူ နေရာတစ်ခုအား ဖြတ်သွားရင်း နောက်ဆုံးအချိန်မှ လျက်တပြက် စစ်ဆေးရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဘယ်သူမှမသိပေ။ ဝန်ထမ်းတွေအကုန် ဘယ်လို အလုပ်လုပ်လေ့ရှိလဲဆိုတာ ယွီယိ သိချင်နေလည်းပါ၏။

ယွီယိကို ကြိုဆိုသည့်နေရာမှာ အမြဲတမ်းအတက်ကြွဆုံးသူက ကြီးကြပ်သူယွီပင်။ စားသောက်ဆိုင်ထဲတွင် ပြင်ဆင်နေကြစဉ် ယွီယိကတော့ စားပွဲခင်းများ နေရာချနေတာသည်ကို ကြည့်ပြီး စားသောက်ခန်း တစ်ခန်းလုံးကို လှည့်ပတ်စစ်ဆေးနေသည်။ ထို့နောက် သူမုန့်ဖိုခန်းဆီသို့ သွားလိုက်၏။

ထန်းမီ ယွီယိအားတွေ့တော့ အလွန်အံ့အားသင့်သွားတော့သည်။ ထို့နောက် သူမ သေချာဖြောင့်တန်းစွာ မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ စီအီးအိုယွီ"

ယွီယိ သူမအား ခေါင်းညိတ်ပြပြီး တစ်ခုခုအား ပြောမလို့ပြင်နေစဥ်မှာပဲ ပန်းဆိုင်ကမောင်လေး အချိန်ကိုက် ရောက်ချလာလေသည်။

"မိန်းကလေးထန်းမီအတွက် ပန်းတွေပါ"

ထန်းမီ တိုးတိုးလေး အသက်ခိုးရှူမိတော့၏။

'ဘယ်လိုလုပ်ပြီး အခုသူအဲတာတွေကို လက်ခံရဲမှာလဲ?'

ကြီးကြပ်သူယွီ မျက်တောင်အား လျင်မြန်စွာခတ်လိုက်ကာ ယွီယိဘေးတွင်ရပ်၍ တိုင်တန်းဟန်ဖြင့်..."စီအီးအိုယွီ ထန်းမီ့ကောင်လေးက သူ့ကို နေ့တိုင်းပန်းတွေပို့နေတယ်။ အဲတာက သူ့ရဲ့ကိုယ်ရေးကိုယ်တာမို့လို့။ ကျွန်မတို့ဝင်မပါသင့်ဘူးဆိုပေမဲ့ ၈ရက်ဆက်တိုက်ဖြစ်နေပါပြီ။ အဲဒါက တစ်ခြားအမျိုးသမီးဝန်ထမ်းတွေ အလုပ်လုပ်နေတုန်းမှာ စိတ်သက်ရောက်မှု ဖြစ်စေပါတယ်။"

ထန်းမီ : "....."

'ဝိုး ကြီးကြပ်သူယွီ တော်တော်ကောင်းတာပဲ'

_____________________________________________

All Chapters