Chapter 23
Vol. 3 Ch. 23
ဆိုင်ဖွင့်ဖို့ မိနစ်အနည်းငယ်သာလိုတော့တာကြောင့် အားလုံး ဆိုင်လာဧည့်သည်များအား ကြိုဆိုရန် ပြင်ဆင်ထားကြသော်လည်း မုန့်ဖိုခန်းထဲရှိလေထုကတော့ နှိုင်းယှဉ်မရအောင်ကို မွန်းကြပ်စရာ ကောင်းနေတော့သည်။
ထန်းမီတစ်ယောက် ပန်းဆိုင်က ကောင်လေးအား အပြစ်တင်ဟန် မျက်စောင်းထိုးလိုက်လျှင် ကောင်လေးသည် ဘာမှမသိနားမလည်သလို ရယ်ကျဲကျဲလုပ်လိုက်၏။
"ကျွန်တော်က ဒီအတိုင်းပန်းတွေ လာပို့တာပါ"
ကြီးကြပ်သူယွီတစ်ယောက် ဘေးတွင်ရပ်နေကာ သူများဒုက္ခတွေ့နေသည်အားကြည့်ရင်း အူမြူးနေလေသည်။
သူမ စီအီးအိုယွီ ထန်းမီအား ကောင်းကောင်းဆူဖို့ စောင့်မျှော်နေတာပင်။ သို့သော် ယွီယိ ပန်းစည်းအား တစ်ချက်လှမ်းကြည့်ကာ ထိုင်းမှိုင်စွာဖြင့်..."စားသောက်ဆိုင်ဖွင့်တော့မှာ အရင် လက်မှတ်ထိုးလိုက်"
"ဟုတ် ဟုတ်" ကောင်လေးပေးတဲ့ဘောပင်အား ထန်းမီလှမ်းယူယူပြီး အမြန်ပင် လက်မှတ်ထိုးပေးလိုက်တော့သည်။ ထို့နောက် ကောင်လေးဆီက ပန်းစည်းအားယူ၍ လက်ပြနှုတ်ဆက်လိုက်၏။
သူမ ဒီကိစ္စကို ရှင်းပြဖို့ စိုးရိမ်တကြီးတွေးတောနေစဉ် ယွီယိ ရုတ်တရက် ပြောလာသည့်စကားကတော့-"ပန်းတွေရဲ့အဓိပ္ပာယ်မှာ တရုတ်ခေါင်းလောင်းပန်းက 'အစဉ်ထာဝရ မပြောင်းလဲတဲ့အချစ်'လို့ အဓိပ္ပာယ်ရတယ်"
ထန်းမီ : "..."
သူမပန်းစည်းကို မြေပြင်ပေါ်ပစ်ချမိတော့မလိုတောင် ဖြစ်သွားရသည်။
ယွီယိ သူမပန်းစည်းအား လက်ထဲတွင်ကိုင်ထားပြီး အတောင့်သား ရပ်နေသည်ကိုမြင်တော့ နောက်ထပ် ထပ်မေးလိုက်၏။
"အဲဒါကြီးကိုင်ပြီး အလုပ်လုပ်မလို့လား?"
"မ...မဟုတ်ပါဘူး...." ထန်းမီ မူးနောက်စွာ ပန်းစည်းထားလို့မည့်နေရာအား အသည်းအသန် ရှာလိုက်တော့၏။ သေချာတာကတော့ မုန့်ဖိုခန်းသည် သင့်တော်တဲ့နေရာမဟုတ်ပေ။
"ငါ့ကိုပေးလိုက်" ယွီယိ သူမရှေ့တွင် လက်ဖြန့်ပြလိုက်ကာ-"မင်းအတွက် စီအီးအိုရုံးခန်းထဲမှာ ထားပေးမယ်"
ထန်းမီ : "....."
'ဘာလို့ စီအီးအိုရုံးခန်းလဲ?'
သူမထုတ်တော့ မမေးရဲပေ။
ထန်းမီ နာခံတတ်စွာ ပန်းစည်းအား လက်ထဲထည့်ပေးလိုက်လျှင် ယွီယိတစ်ယောက် ပန်းစည်းကြီးကိုင်ရင်း ထွက်သွားလေတော့၏။ ကြီးကြပ်သူယွီ ဒီအဆုံးသတ်သည် သူမ ခန့်မှန်းထားသည်နှင့် ယှဉ်လိုက်လျှင် သိသိသာသာ လိုနေသေးတာကို ခံစားမိလိုက်သည်။ ဒါကြောင့် သူမစကားနည်းနည်း ထပ်ပြောဖို့ပြင်လိုက်ပေမဲ့ မန်နေဂျာကျန်း ဝှစ်ကနဲရောက်လာပြီး သူမ အား တာဝန်ကျရာ နေရာမှာနေဖို့ လာခေါ်ခဲ့တာကြောင့် ပါသွားခဲ့ရသည်။
အားလုံးထွက်သွားပြီးမှ ထန်းမီ သက်ပြင်းချနိုင်တော့သည်။ သူမမုန့်အိတ်အား ကောက်ယူကာ ခရင်မ်လုံးလေးများ တစ်လုံးပြီးတစ်လုံးညှစ်ထုတ်ဖို့ စတင်တော့သည်။
'ကဒ်! ပန်းစည်းထဲမှာ ကဒ်ရှိသေးတယ်!'
ယွီယိ သူ၏သွယ်လျတဲ့ လက်ချောင်းနှစ်ချောင်းဖြင့် ပန်းစည်းထဲမှကဒ်အား ညှပ်ယူလိုက်ကာ ဖတ်ကြည့်လိုက်လေ၏။
[ ဒီတရုတ်ခေါင်းလောင်းပန်းတွေက ငါမင်းအပေါ်မှာထားတဲ့ ထာဝရတည်မြဲတဲ့အချစ်ကို ဖော်ညွှန်းပါတယ် ~လင်ချဲ့ ]
သူ ထိုကဒ်အား ခပ်တည်တည်ပင် ဘေးရှိ အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်တော့သည်။
သူ့အနောက်မှာရှိနေသည့် လော့ဟောက်လည်း အမှိုက်တောင်းထဲ တစ်ချက်လှမ်းကြည့်ပြီး အသံမထွက်ရဲချေ။
စားသောက်ဆိုင်မန်နေဂျာ ယွီယိ ရောက်နေသည်ကို ကြားပြီး နှုတ်ဆက်ဖို့လာစဉ် ယွီယိ ပန်းစည်းကြီးကိုင်ရင်း လျှောက်လာတာကို မထင်မှတ်ဘဲတွေ့လိုက်ရ၏။ သူမရဲ့နှုတ်ဆက်စကားသည် မေးခွန်းကဲ့သို့ထွက်လာပြီး ယွီယိတုံ့ပြန်တဲ့အနေဖြင့် ခေါင်းသာညိတ်ပြကာ ရုံးခန်းထဲဝင်သွားတော့သည်။ စားသောက်ဆိုင်မန်နေဂျာ လော့ဟောက်ဘက်အား လှည့်ကြည့်လိုက်ချိန် လော့ဟောက် သူမအားပြုံးပြပြီး..."ပန်းတွေကို ထန်းမီဆီက သိမ်းလာတာ သွားလို့ရပြီ။ အလုပ်ရှုပ်နေတယ်မလား?"
စားသောက်ဆိုင်မန်နေဂျာ : "...."
ဝန်ထမ်းတွေဆီက ဖုန်းသိမ်းတာကို သူမကြားဖူးပေမဲ့ ပန်းသိမ်းလို့ရတာကိုတော့ မသိခဲ့ပေ။
လော့ဟောက်ပြောပြီးနောက် စီအီးအိုရုံးခန်းထဲ လိုက်ဝင်သွားတော့သည်။ သူတို့[ချိုမြိန်မြိန်အိမ်မက်]ကို စဖွင့်ကတည်းက ဒီနေရာကိုခြေချဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။ ဘယ်သူမှမသုံးတဲ့အတွက် အခန်းသည်အရမ်းသန့်ရှင်းနေပြီး လိုအပ်တဲ့ပစ္စည်းများလည်း အစုံအလင်ရှိ၏။
ယွီယိ အေးဆေးတည်ငြိမ်စွာပင် ပန်းစည်းအား ရုံးစားပွဲပေါ်တင်ပြီး သားရေဆုံလည်ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ လော့ဟောက် သူနှင့်မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီးနောက်-"ပန်းတွေကို အိုးထဲ ထိုးလိုက်ရမလား?"
"မလိုဘူး"
လော့ဟောက် စိတ်ထဲကနေ ကြိတ်ရယ်လိုက်မိတော့သည်။
'ဟုတ်တယ်။ ဟိုကဒ်လိုမျိုး အမှိုက်တောင်းထဲ တန်းမပစ်လိုက်တာတောင် တော်တော် ကျေးဇူးတင်စရာကောင်းနေပြီ။'
သူချောင်းဟန့်ကာ ယွီယိအား တရားချတော့၏။
"ပန်းကြိုက်တတ်တာ မိန်းကလေးသဘာဝလေ။ ထန်းမီပန်းစည်းကိုသိမ်းထားတယ်ဆိုရင်တောင် ပေးတဲ့ သူနဲ့ဆက်ဆံရေးကောင်းချင်မှကောင်းမှာ။"
ယွီယိ စားပွဲပေါ်ရှိပန်းစည်းအားကြည့်ကာ စဥ်းစားနေပြီးနောက်-"မနက်ဖြန်ကစပြီး ထန်းမီကို နေ့တိုင်း ပန်းစည်းပေးလိုက်"
လော့ဟောက် ရှော့ခ်ရသွားကာ သူ့အားပြူးကြည့်လိုက်တော့၏။
"စီအီးအိုနာမည်နဲ့လား?"
"မဟုတ်ဘူး ယွီရှင်းလို့ ရေးလိုက်"
"...အင်း ဟုတ်ပါပြီ"
ယွီယိနှင့် လော့ဟောက်တို့ ထွက်သွားပြီးနောက် ထန်းမီ ရုံးခန်းထဲသို့ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေမိသည်။ လင်ချဲ့ပေးထားသည့် ပန်းစည်းအား ပြန်ယူချင်လို့ မဟုတ်ဘဲ ယွီယိ ကဒ်ကို တွေ့သလားဆိုတာ အတည်ပြုချင်လို့ပင်။
ယွီရှင်းပဲဖြစ်ဖြစ် ယွီယိပဲဖြစ်ဖြစ် နှစ်ယောက်လုံး လင်ချဲ့အား အမြင်မကြည်ကြပေ။ လင်ချဲ့နှင့်ယွီယိတို့သည် အသက်မွေးဝမ်းကျောင်း နယ်ပယ်တစ်ခုတည်းကလူတွေအဖြစ် သတ်မှတ်လို့ရတာကြောင့် သူမအား လင်ချဲ့လွှတ်ထားသည့် သူလျှိုဆိုပြီး အထင်လွဲသွားရင်တော့--- အိုး မဖြစ်ဘူး!
နောက်ဆုံးတွင် သူမ ခက်ခက်ခဲခဲဖြင့် စီအီးအို ရုံးခန်းရှေ့ ရောက်လာတော့၏။ ထန်းမီ ဝင်မလို့လုပ်လိုက်စဥ် တံခါးလက်ကိုင်တွင် ချိတ်ဆွဲထားသည့် သတိပေးစာအား တွေ့လိုက်ရလေသည်။
[ စီအီးအို၏အထွတ်အမြတ် ဖြစ်သောအလုပ်နေရာ သာမန်လူများ ဝင်ခွင့်မရှိ ]
ထန်းမီ : "...."
'အထွတ်အမြတ်? ချီး! ဒီနေ့မတိုင်အထိ စီအီးအိုယွီ ဒီနေရာကို ဝင်တောင် မဝင်ဖူးဘူးဆိုတာ သေချာတယ်!'
သူမ တံခါးရှေ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးနောက် အင်အားချိနဲ့စွာ မုန့်ဖုတ်ခန်းသို့ တပ်ပြန် ဆုတ်လာခဲ့ရသည်။
အဲသတိပေးစာက သူမ မဝင်နိုင်အောင် သက်သက်မဲ့ ချိတ်ထားတာဟု ခံစားရ၏။
အလုပ်ချိန်သည် အဆုံးသတ်သို့ မရောက်သေးပေ။ သူမနေ့လယ်နားချိန်တွင် လင်ချဲ့၏ကိတ်ဆိုင်အား ဖုန်းခေါ်လိုက်တော့သည်။ ဒီနေ့ယွီယိ သူမအား လက်ပူးလက်ကြပ်မိသွားတာကြောင့် ထန်းမီအခု ဟဲ့စစ်ချီကိုလည်း ဂရုမထားနိုင်တော့ဘဲ လင်ချဲ့ပန်းတွေထပ်မပို့အောင်သာ ဆုတောင်းနေမိသည်။
ဖုန်းသံနှစ်ခါမြည်ပြီးနောက် တစ်ယောက်ယောက် ဖုန်းကိုင်လာသော်လည်း ကံမကောင်းချင်တော့ ထိုတစ်ယောက်သည် ဟဲ့စစ်ချီ ဖြစ်နေလေ၏။
ဟဲ့စစ်ချီ၏အသံအား ထန်းမီကြားလိုက်ရချိန်တွင် ချက်ချင်းလေသံမာမာဖြင့်..."နင်တို့ဆိုင်က ကိတ်တွေ ဘယ်လိုဖြစ်တာလဲ? ငါ တစ်ခုစားလိုက်တာ နှစ်ရက်လောက်ဗိုက်နာသွားတယ်! ငါ နင်တို့ ဆိုင်မန်နေဂျာကို ပြောမယ်!"
ဟဲ့စစ်ချီ ခဏတိတ်ဆိတ်နေပြီးနောက် ပြန်လည်မေးမြန်းလာ၏။
"အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ ကိတ်ကိုဘယ်အချိန်လောက်က ဝယ်ခဲ့လဲဆိုတာမေးလို့ရမလားရှင့်? ကျွန်မတို့ဆိုင်က ကိတ်တွေအားလုံးကို အလတ်ဆတ်ဆုံး ပါဝင်ပစ္စည်းတွေနဲ့ပဲလုပ်ထားတာပါ။ အဲလိုပြဿနာမျိုးမဖြစ်သင့်ပါဘူး။"
ထန်းမီ ချက်ချင်းလေသံအား ပိုမာလိုက်ပြီးနောက် ပြန်လည်ချေပလိုက်တော့သည်။
"ငါကသက်သက်မဲ့ လုပ်ဇာတ်ခင်းနေတယ်လို့ဆိုလိုတာလား? နင်က ဆိုင်မန်နေဂျာလား? မဟုတ်ရင်ဝင်မပါနဲ့ ငါကဆိုင်မန်နေဂျာနဲ့ပြောချင်တာ!"
ဖုန်းတစ်ဖက်တွင်လည်း ဟဲ့စစ်ချီ ဒေါသထွက်လာတဲ့ပုံပင်။ သို့သော် သူမအသံအား မြှင့်လိုက်ချိန်မှာပဲ တစ်ခြားတစ်ယောက် ဝင်ပြောလိုက်လာ၏။
"မင်္ဂလာပါ ဆိုင်မန်နေဂျာ လင်ချဲ့ပါ ဘာကူညီပေးရမလဲ?"
ထိုမှသာ ထန်းမီ သက်ပြင်းချလိုက်ကာ ပုံမှန်အသံပြန်ပြောင်းရင်း..."ဟဲ့စစ်ချီ ရှင့်ဘေးနားမှာရှိနေလို့ ဘာမှပြန်မပြောနဲ့။ ရှင်ပန်းတွေပို့နေတာရပ်ဖို့ ပြောချင်လို့ခေါ်လိုက်တာ။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေ ကျွန်မကိုမကြည်ကြတော့ဘူး။ စားသောက်ဆိုင်မန်နေဂျာကိုလည်း အနှောင့်အယှက် ပေးမိနေပြီ။ အလုပ်မှာတကယ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ရှင်နားလည်လိမ့်မယ်ထင်တယ်။"
ထန်းမီပြောပြီးသည်နှင့် ဖုန်းချမလို့လုပ်စဉ် လင်ချဲ့အလျင်အမြန် တားလိုက်၏။ "နေဦး!"
ထိုစကားလုံးအား အော်ပြောပြီးနောက် အလုပ်စကားပြောသံဖြင့် ပြန်ပြင်ပြောလိုက်တော့သည်။
"ကျွန်တော့်အမှားအတွက် တောင်းပန်တဲ့အနေနဲ့ နေ့လယ်စာဝယ်ကျွေးလို့ရမလား?"
ထန်းမီ : "....."
သူမ မျက်မှောင်ကြုတ်ကာ ငြင်းဆိုလိုက်လေ၏။
"မလိုဘူး။ ရှင်ပန်းမပို့တော့ရင် တော်တော် အကူအညီဖြစ်နေပါပြီ။"
လင်ချဲ့ နှုတ်ခမ်းသပ်လိုက်ပြီးနောက်-"ကျွန်တော် ဒီလိုမလုပ်ရရင် ဒီကိစ္စကိုလွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ်လို့ မထင်ဘူး"
ထန်းမီ : "....."
'အခုသူ့ကို ခြိမ်းခြောက်နေတာလား?'
သူမ မျက်ခုံးများတွန့်ချိုးလိုက်ပြီး ထပ်ခါထပ်ခါစဉ်းစားနေပြီး အဆုံးမှာတော့ ကတိပေးလိုက်ရတော့သည်။
"ကောင်းပြီ သဘက်ခါက ကျွန်မအလုပ်နားရက်။ ဒါပေမဲ့ ကြိုပြီးရှင်းရှင်းပြောထားမယ်။ ရိုးရိုးတန်းတန်း နေ့လယ်စာစားရုံပဲ တခြားဟာတွေကိုသဘောမတူဘူး!"
လင်ချဲ့ တခစ်ခစ်ရယ်လျက်-"နားလည်ပေးတဲ့အတွက် တော်တော်လေး ကျေးဇူးတင်ပါတယ်။ အချိန်ကျရင် မင်းကိုဖုန်းဆက်လိုက်မယ်။"
လင်ချဲ့ဖုန်းချပြီးနောက် ခေါ်ဆိုတဲ့နံပါတ်အား ကော်ပီယူလိုက်သည်။
ဟဲ့စစ်ချီ မျက်မှောင်ကြုတ်ရင်း ဘေးတွင် ရပ်နေ၏။
"ဘာတဲ့လဲ? တကယ်ကိတ်ကြောင့် ဗိုက်နာတာလား?"
လင်ချဲ့ : "ဒီကိစ္စကို ငါဖြေရှင်းလိုက်မယ်။ မင်းစိတ်ပူစရာမလိုဘူး။"
ဟဲ့စစ်ချီ သူ့အားစိုက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောနိုင်ခဲ့ပေ။
လင်ချဲ့နှင့်ဖုန်းပြောပြီးနောက် ထန်းမီ စိတ်ပေါ့သွားသလိုခံစားလိုက်ရသည်။ မနက်ဖြန်ကျရင်သူမ ပန်းဆိုင်က မောင်လေးဆီက သံသယဝင်နေသဖွယ် အကြည့်များအား ရင်ဆိုင်စရာမလိုတော့ချေ။
သို့သော် ဘဝသည် အံ့ဩစရာများနှင့်ပြည့်နှက်နေ၏။
နောက်နေ့မနက် စားသောက်ဆိုင်မဖွင့်ခင်မှာပဲ ပန်းဆိုင်ကမောင်လေး သရဲလို ဘွားခနဲပေါ်လာပြန်သည်။
"မိန်းကလေးထန်းမီ ပုံမှန်အတိုင်း ပန်းလာပို့တာပါ"
ထန်းမီ : "....."
'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?! သူလင်ချဲ့နှင့် သဘောတူထားတယ်မလား?! သူစိတ်လွတ်နေတာလား?!'
ပန်းစည်းအတွက် လက်မှတ်ထိုးပြီးနောက် ဒေါသအား မျိုသိပ်ရင်း ဘယ်သူ စိတ်လွတ်နေတာလဲဆိုတာ ကြည့်လိုက်လျှင်..။
[ ကိုယ့်ရဲ့မီးတောက်လို အချစ်အတွက် မီးတောက်လို နီရဲနေတဲ့နှင်းဆီတွေ -- ယွီရှင်း ]
ထန်းမီ : "....."
'သေစမ်း! ဘာလို့ယွီရှင်းက ပန်းတွေထပို့နေတာလဲ?!'
ထန်းမီ၏နှလုံးသား တစ်စစီ ပြိုကျပျက်စီးတော့မလို ခံစားလိုက်ရလေသည်။
လင်ချဲ့ပို့တုန်းက သူမ ဖုန်းခေါ်ပြီး ရပ်ဖို့ရန်လုပ်နိုင်သေး၏။
'ယွီရှင်း ပို့တော့ကျ......စီအီးအိုယွီကို ခေါ်ဆူရမှာလား?!'
ထန်းမီ ကြိတ်ပေါက်ကွဲနေစဉ် ကြီးကြပ်သူယွီ သူမ အနားသို့ တိတ်တိတ်ကလေး အလင်းလိုအရှိန်ဖြင့် ရောက်လာ ကာ လက်ထဲရှိကဒ်အား ဆွဲလုလိုက်တော့သည်။
"ဒါမျိုးရိုးနေပြီ" ကြီးကြပ်သူယွီ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထပြီး တုန်သွားရတော့၏။
"ယွီရှင်းက ဘယ်သူလဲ? လက်ရေးတော်တော်လှတာပဲ"
ထန်းမီ : "...."
'တကယ်ကို ကြီးကြပ်သူယွီက ပါပါရာဇီလောကမှာ အခြေစိုက်သင့်သူပင်!'
သူမကဒ်အား ပြန်ဆွဲယူလိုက်ပြီး အိတ်ကပ်ထဲထိုးထည့်
လိုက်ကာ-"သူများဟာကို ဘာလို့ယူဖတ်တာလဲ?!"
ကြီးကြပ်သူယွီ နှုတ်ခမ်းများကွေးညွှတ်သွားပြီး..."နင့်အချစ်ရေးကို ထုတ်ကြွားနေတာကြာပြီ အထီးကျန်FAတွေ ခုခံနေတုန်းပဲလား?"
ထန်းမီ : "...."
ကြီးကြပ်သူယွီ အနားသို့ ကပ်လာကာ မျက်စိမှိတ်ပြရင်း..."ယွီရှင်းက ဘယ်သူလဲ? သူ့မျိုးရိုးက စီအီးအိုယွီနဲ့တူ......"
သူမသည်းထိတ်ရင်ဖိုဇာတ်ကားထဲ ရောက်နေပြီး ကမ္ဘာအသစ်ရဲ့ထွက်ပေါက်အား တွေ့လိုက်ရသလို ပါးစပ်အား လက်ဖြင့်အုပ်လိုက်တော့သည်။
"စီအီးအိုယွီရဲ့ညီလား?!"
"ရှင်အတွေးလွန်နေပြီ 'ယွီ'မျိုးရိုးကရှားပေမဲ့ စီအီးအိုယွီမိသားစုနဲ့လည်း မဆက်နွယ်နိုင်ဘူးလေ"
ထန်းမီ အတတ်နိုင်ဆုံးတည်ငြိမ်စွာ ရှင်းပြလိုက်၏။
ကြီးကြပ်သူယွီ ခဏလောက် တွေးတောနေကာ ဖြစ်နိုင်တယ်လို့ခံစားမိသွားပြီး တိုးတိုးလေး ကပ်မေးပြန်သည်။
"အဲဒါဆို ယွီရှင်းက ဘယ်သူလဲ?"
"အမ်.....တက္ကသိုလ်တုန်းက အတန်းဖော်ပါ"
ထန်းမီ ဘာမှမစဥ်းစားဘဲ လိမ်ပြောလိုက်တော့၏။
"ကျွန်မ သူ့ကို မပို့ဖို့ပြောလိုက်မယ်။ နောက်ထပ်ရက်နည်းနည်းလောက် သည်းခံပေးပါဦး။"
ကြီးကြပ်သူယွီ : "....."
'နင်တစ်ယောက်ပဲ ပန်းရတယ်ထင်နေတာလား?! မနက်ဖြန်ကျ မောင်လေးကို ပန်းတွေ အများကြီးပို့ခိုင်းမှာ!"
ကြီးကြပ်သူယွီ ထွက်သွားပြီးနောက် ထန်းမီစားသောက်ဆိုင်ထဲကနေ ခိုးထွက်ကာ လော့ဟောက်ဆီ တိတ်တိတ်လေး ဖုန်းခေါ်ရတော့၏။ အခုချိန်မှာ သူမ လော့ဟောက်၏စကားတိုင်းအား ယုံနေမိသည်။ တကယ်ကို သူတို့နှစ်ယောက် မကြာခဏ စကားပြောဖြစ်ကြလို့ပင်။
လော့ဟောက် ထန်းမီ၏နံပါတ် စခရင်မှာပေါ်လာသည်ကိုတွေ့တော့ သူမခေါ်တဲ့ အကြောင်းအရင်းအား ခန့်မှန်းမိသွားသည်။ သူ့နှုတ်ခမ်းပါးတွင် ပြေပြစ်သည့်အပြုံးလေး တစ်ပွင့်ဆင်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်တော့၏။
"မိန်းကလေးထန်း ဘာကိစ္စရှိလို့လဲ?"
"အမ်.....ဟိုလေ...." ထန်းမီ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေကာ-"ဒီနေ့ စီအီးအိုယွီ ဘယ်လိုလဲ?"
လော့ဟောက် သဘောတကျ ရယ်မောလိုက်မိ၏။
"ကောင်းပါတယ် ဘာလို့မေးတာလဲ?"
ထန်းမီ စိတ်အေးသွားရတော့သည်။
"ကျွန်မခုဏလေးကမှ ပန်းစည်းရထားတာ ပို့တဲ့သူက ယွီရှင်းတဲ့.... "
လော့ဟောက် ချက်ချင်းသဘောပေါက်ကာ အံ့ဩသွားဟန်ဖြင့်..." သူ ကြိုစီစဉ်ထားတာဖြစ်မယ်။ အခု အစည်းအဝေးလုပ်နေတဲ့သူက စီအီးအိုယွီဆိုတာ ကျွန်တော်အာမခံပါတယ်"
"အဲလိုဆိုရင်လည်း ကောင်းပါပြီ" ထန်းမီ ပြုံး၍..."ဒါဆို ကျွန်မရှင့်ကိုမနှောင့်ယှက်တော့ဘူး ဖုန်းချလိုက်ပါတော့မယ်"
သူမ ဖုန်းချပြီးရုံရှိသေး၊ ဖုန်းစခရင် ထပ်လင်းလာပြန်သည်။ ဒီတစ်ခါတော့ ပိုင်ရှောင်ဆီကပင်။
ထန်းမီ မျက်တောင်များ ပုတ်ခတ်လိုက်ကာ ဖုန်းကိုင်လိုက်တော့၏။
"မိန်းကလေးပိုင် ဘာဖြစ်လို့လဲ?"
ပိုင်ရှောင် : "စိတ်မရှိပါနဲ့ ဒီနေ့ရှင်အလုပ်များနေမယ်လို့ပြောခဲ့တာကို မနှောင့်ယှက်သင့်ပါဘူး။ ဒါပေမဲ့ ဒီနေ့ကျွန်မကိတ်မုန့်ဖုတ်ကြည့်နေတာ ထွက်လာတဲ့ပုံကို သိပ်စိတ်တိုင်းမကျလို့......"
ထန်းမီ ခဏလောက် တွေးတောနေပြီးနောက်-"ဘာကိတ်လုပ်နေတာလဲ?"
"မွေးနေ့ကိတ်" ပိုင်ရှောင် ဆက်၍..."မနက်ဖြန် ယွီယိမွေးနေ့လေ ကျွန်မသူ့အတွက် ကိတ်မုန့်လုပ်ပေးချင်တာ"
ထန်းမီ တောင့်ခဲသွားတော့သည်။
'မနက်ဖြန် စီအီးအိုယွီရဲ့မွေးနေ့?'
သူမ သေချာစဉ်းစားပြီးမှ ပိုင်ရှောင်အား..."မနက်ဖြန်နေ့လယ် ကျွန်မအသိတစ်ယောက်နဲ့ ချိန်းထားတယ် မနက်စောစောလာရင်ရော ဘယ်လိုလဲ အဆင်ပြေလား?"
"ရတာပေါ့ ကျေးဇူးအများကြီးတင်ပါတယ်။ ရှင့်ကိုအလုပ်ရှုပ်အောင် လုပ်မိတဲ့အတွက် တကယ်တောင်းပန်ပါတယ်နော်။"
"ရပါတယ်။ ဒါဆိုအဲလိုပဲ လုပ်ကြတာပေါ့"
ထန်းမီ ဖုန်းချပြီးနောက် ဖုန်းထဲရှိပြက္ခဒိန်အား ဖွင့်ကြည့်လိုက်သည်။
မနက်ဖြန်......
ဇွန်လ ၁ရက် ၊ ကလေးများနေ့ပင်။
_____________________________________________