Chapter 24
Vol. 3 Ch. 24
ထန်းမီ သူမ အသက်၁၂နှစ်ကတည်းက ကလေးများနေ့ကို မဆင်နွှဲရတော့သဖြင့် ယွီယိ ထိုနေ့ ရောက်တိုင်း လက်ဆောင်များရသည်ကို ကံကောင်းခြင်းတစ်ပါးဟုထင်မိ၏။
မိုးသောက်ချိန်တွင် သူမပိုင်ရှောင်၏မီးဖိုခန်းထဲသို့ ရောက်နှင့်နေပြီဖြစ်သည်။ ထန်းမီ စားပွဲပေါ်ရှိ မှည့်အိနေသည့် သရက်သီးများအားကြည့်၍ ခဏစဉ်းစားလိုက်ပြီးနောက် ပိုင်ရှောင်ကိုအကြံပေးလိုက်တော့၏။
"သရက်သီး ရှားလက်ကိတ် (Mango Charlotte Cake)ဆို ဘယ်လိုလဲ?"
[ စာရေးသူရေးသားထားသည်နှင့် အနီးစပ်ဆုံးတူသည့်ပုံ ]
"အွန်း ကောင်းတယ်!" ပိုင်ရှောင် အားတက်သရော ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဒါဆို ကိတ်အောက်ခြေကို အရင်လုပ်ကြစို့"
သူမ ပိုင်ရှောင်အား ပြောပြီးနောက် စတင်ပြင်ဆင်တော့၏။
ထန်းမီ ပိုင်ရှောင်နှင့်အတူ ကိတ်မုန့်ဖုတ်နည်းသင်တာ စတင်လိုက်သည်နှင့် ပိုင်ရှောင် ကျင့်သားရစွာ ကြက်ဥအကာများကို ရေခဲသေတ္တာထဲသို့ ထည့်ထားဖို့လုပ်လိုက်သည်။ သူမ၏ကြက်ဥအကာ ခွဲထုတ်နည်းလည်း တော်တော်လေး တိုးတက်လာပြီပြောရမည်။
ဒီနေ့ထန်းမီ ကိုယ်တိုင်ဝင်မလုပ်ဘဲ ဘေးကနေပဲ ပိုင်ရှောင်အား ကြီးကြပ်ပေးနေ၏။
"ဒီနေ့ ပန်းကြိုးဝိုင်းနည်းကိုသုံးမယ်။ မုန့်နှစ်ကို ရုံးပတေသီးပုံစံလုပ်ပြီး အရစ်၂ရစ်ပတ်လိုက်"
သူမ ကိတ်အောက်ခြေကို လုပ်ပြီးသွားတော့ ထန်းမီ အိုဗန်ထဲထည့်လိုက်သည်။ ထို့နောက် နောက်တစ်ဆင့်သို့ ဆက်ကြလေ၏။
"ကျွန်မ သရက်သီးလှီးပြီး အနှစ်(purée)လုပ်နေမယ် ရှင်ဘာဗားရီးယန်း ခရင်မ်(crème bavaroise)လုပ်လိုက်"
"အိုခေ"
ထန်းမီ ပိုင်ရှောင် ဘာဗားရီးယန်း ခရင်မ်လုပ်နေတာကိုကြည့်ရင်း သူမလည်း အချိန်နှင့်တစ်ပြေးညီ သရက်သီးအနှစ်စ လုပ်လိုက်တော့သည်။ ခရင်မ်ဖြည့်ပြီးသွားတာနှင့် သူမအေးစက်နေသည့် ကိတ်အခြေကို ထုတ်လိုက်ပြီးနောက်..။
"အောက်ဘက်နဲ့ဘေးဘက်တွေကို သကာရည်နဲ့သုတ်ရင် ပိုထူပြီးပိုကောင်းတယ် ဒါဆိုကျန်နေတဲ့ သရက်သီးတုံးတွေကို သရက်ဝိုင်ထဲမှာ ညီညီညာညာလေးနှစ်လိုက် ပြီးရင် ကိတ်ပန်ထဲမှာ ဘာဗားရီးယန်းခရင်မ်ကို သရက်သီးတုံးတွေနဲ့ကပ်လျက် လောင်းထည့်လိုက်ပြီး နှစ်ပိုင်းခွဲ"
ထို့နောက် သူမနောက်ထပ်ကိတ်အလွှာနှင့် ခရင်မ်ကို အပေါ်မှထပ်တင်လိုက်သည်။ သရက်သီးရှားလက်ကိတ်ဖန်တီးမှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာတော့၏။
"မျက်နှာပြင်ကိုချောမွတ်နေအောင်လုပ်ပြီး ရေခဲသေတ္တာထဲမှာအအေးခံထားလိုက် နောက်ပြီးရင် မျက်နှာပြင်ကို သရက်သီးတွေနဲ့ တန်ဆာဆင်လို့ရပြီ ရှင်ကြိုက်သလိုဆင်လို့ရတယ် အော်..အပေါ်ဆုံးအလွှာကို သရက်သီးအနှစ်လောင်းဖို့ မမေ့နဲ့ဦးနော်"
ပိုင်ရှောင် ခဏအကြံအိုက်နေပြီးနောက် မေးခွန်းထုတ်လိုက်၏။
"အပေါ်ဆုံးမှာ သရက်သီးအချပ်လိုက်လေးတွေလုပ်ရင် ကောင်းမလား?"
"အင်း ဒါပေမဲ့ အချပ်တွေကို ပါးပါးလှီးရမယ်"
*******
ပိုင်ရှောင် ကိတ်မုန့်အလှဆင်နေစဉ် တစ်ဖက်မှာတော့ ယွီရှင်းတစ်ယောက် မှန်ရှေ့တွင် နောက်ဆုံးပိတ် ဝတ်စုံတစ်စုံအား ဝတ်ကြည့်နေ၏။
ပေါ့ပေါ့ပါးပါး အဖြူရောင် ကြယ်သီးတပ်အင်္ကျီနှင့် အညိုရောင် ဘောင်းဘီရှည်အား တွဲဝတ်ထားကာ ယွီရှင်း ရှေ့ဆံပင်ကို ဘေးသို့ဂရုတစိုက် ဖြီးသင်လိုက်ပြီးနောက် ပန်းပွင့်ပုံဒီဇိုင်းပါသည့် ခဲရောင်ဂျက်ကတ်ကို အပေါ်မှထပ်ဝတ်လိုက်တော့သည်။ ထို့နောက် မှန်ထဲရှိ သူ့ကိုယ်သူ စပ်ဖြီးဖြီးကြည့်ကာ-"ငါဘာလို့ဒီလောက် ချောနေရတာလဲ?"
သူ ဒီလိုရုပ်ချောနေရင်း အချစ်လေးအား သွားတွေ့ဖို့ ပျော်မြူးစွာတွေးကာ ဖုန်းကို ကောက်ယူလိုက်ရင်း အောက်ထပ်သို့ဆင်းလာခဲ့၏။ သူဖိနပ်စီးနေတုန်းမှာပဲ ဖုန်းသံမြည်လာကာ ယွီရှင်း ခေါ်ဆိုသူနာမည်အား ကြည့်ပြီးနောက် အနည်းငယ် မျက်ခုံးတွန့်သွားတော့သည်။
'ပိုင်ရှောင်? ဘာဖြစ်လို့ခေါ်တာလဲ?'
ယွီရှင်း ခဏစဉ်းစားနေပြီး နှုတ်ခမ်းအားသပ်ကာ ဖုန်းကိုင်လိုက်၏။
"ရှောင်ရှောင် ဘာကိစ္စရှိလို့လဲ?"
တစ်ဖက်ရှိ ပိုင်ရှောင် တောင့်ခဲသွားတော့သည်။
ယွီရှင်း ထပ်၍မေးလိုက်တာကြောင့် ပိုင်ရှောင် အသိစိတ်ပြန်ကပ်လာကာ-"ဒီနေ့ရှင့်မွေးနေ့လေ မွေးနေ့လက်ဆောင်ပေးဖို့ ကိတ်လုပ်ထားတယ် အဲတာရှင်အားလားသိချင်လို့?"
ယွီရှင်း ခပ်တည်တည်ပင် ပြန်ဖြေလိုက်လေ၏။
"ဆောရီးပဲ ငါတစ်နေကုန်မအားဘူး လာနိုင်လောက်မှာမဟုတ်ဘူး"
ပိုင်ရှောင် စိတ်ညစ်သွားရတော့သည်။
"ရှင်အလုပ်မှာလား? အဲကိုပို့ပေးလိုက်မယ်လေ မဟုတ်ရင် ထန်းမီနဲ့ကျွန်မ ကြိုးစားပမ်းစားလုပ်ထားတာ အလကားဖြစ်သွားမှာ.."
ထန်းမီ၏နာမည်ကြားတော့ ယွီရှင်း ချက်ချင်း မျက်ခုံးများပင့်သပ်သွား၏။
"အချစ်လေးနဲ့အတူလား?"
ပိုင်ရှောင် ကြောင်အစွာဖြင့်..."ထန်းမီကို ပြောတာလား? သူ ကျွန်မအိမ်မှာ ကိတ်မုန့်ဖုတ်နည်း လာသင်ပေးတာ"
ယွီရှင်း ပြုံးလိုက်ပြီးနောက်-"ဟုတ်ပြီ ငါအခုအဲကိုလာခဲ့မယ်"
ထန်းမီ ပိုင်ရှောင်ဖုန်းချသွားသည်ကိုမြင်တော့ စပ်စုလိုက်တော့သည်။
"ဘာတဲ့လဲ? စီအီးအိုယွီ ဘာပြောလဲ?"
ပိုင်ရှောင် သူမအား ပြုံးပြလိုက်ရင်း..."သူပြောတာတော့
အခု လာခဲ့မယ်တဲ့"
"ကောင်းတာပေါ့"
သူမပြောပြီးနောက် ပိုင်ရှောင် မျက်နှာပေါ်တွင် တွေဝေနေသည့်အမူအရာအား မြင်လိုက်ရသောကြောင့် ထပ်မေးလိုက်၏။
"ဘာဖြစ်လို့လဲ?"
"အမ်....." ပိုင်ရှောင် ခဏနှုတ်ဆိတ်နေပြီးနောက် ခေါင်းခါပြလိုက်တော့သည်။
"ဘာမှမဟုတ်ပါဘူး"
ထိုတုံ့ပြန်မှုအား ရပြီးနောက် ထန်းမီ ဆက်မမေးတော့ပေ။ သူမ ဧည့်ခန်းထဲရှိ အိတ်အား ဆွဲယူလိုက်ရင်း ပိုင်ရှောင်ကို နှုတ်ဆက်လိုက်၏။
"ဒါဆို ကျွန်မသွားတော့မယ်နော်"
"ယွီယိ ရောက်တဲ့အထိ မနေတော့ဘူးလား?"
"တော်ပါပြီ။ ကျွန်မနေ့လယ်ကျ ချိန်းထားတာလေးရှိလို့ အခုသွားမှ အချိန်မီမှာ"
"ဟုတ်ပါပြီ" ပိုင်ရှောင် သူမအားဆက်နေရန် နားပူနားဆာမလုပ်တော့ဘဲ တံခါးဆီသို့ လိုက်ပို့ပေးလိုက်သည်။
"သင်တန်းကြေးကို နောက်မှ ပို့လိုက်မယ်နော်"
"ဟုတ် ကျေးဇူးပါ။" ထန်းမီ လက်ပြနှုတ်ဆက်ပြီးနောက် ထွက်သွားတော့သည်။
မိနစ်၂၀လောက်အကြာတွင် ယွီရှင်း ပိုင်ရှောင်ဆီ ရောက်ချလာ၏။ ပိုင်ရှောင် တံခါးခေါင်းလောင်းသံကြားတော့ အပြေးလေး သွားဖွင့်ပေးလိုက်သည်။
သူမ တံခါးဖွင့်လိုက်ချိန်တွင် ပေါ့ပေါ့ပါးပါးဝတ်စားထားသည့် ယွီရှင်းအား တွေ့လိုက်ရပြီး အလွန်အံ့အားသင့်စွာ ကြည့်နေမိတော့၏။
ယွီရှင်း သူမအား ခပ်သွက်သွက် ပြုံးပြပြီးနောက်-"အချစ်လေး ဘယ်မှာလဲ?"
ပိုင်ရှောင် သူ့မေးခွန်းအား အချိန်ယူ၍ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ "ခုဏလေးကမှ ထွက်သွားတာ"
ယွီရှင်း မျက်မှောင်ကြုတ်လိုက်တော့၏။
"ထွက်သွားတယ်? ဘယ်ကို သွားလဲသိလား?"
"ကျွန်မကို ပြောတာတော့ တက္ကသိုလ်တုန်းက စီနီယာအစ်ကိုနဲ့ နေ့လယ်စာစားဖို့ ချိန်းထားတယ်တဲ့"
ယွီရှင်း မျက်လုံးများ မှေးချလိုက်မိတော့သည်။
'တက္ကသိုလ်တုန်းက စီနီယာအစ်ကို? လင်ချဲ့?'
'ဟီးဟီး'
သူ ကားဆီသို့ ပြန်လှည့်ဖို့ပြင်လိုက်လျှင် ပိုင်ရှောင် သူ့အား အော်တားကာ မီးဖိုခန်းသို့အမြန်ဝင်၍ ကိတ်မုန့်လေးအား ထုတ်ပေးလာ၏။ ထို့နောက် ယွီရှင်းအား ကမ်းပေးလိုက်ကာ-"လာလက်စနဲ့ ဒီကိတ်လေးပါ။ ယူသွားလိုက်ပါ။ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ယွီယိ။"
ယွီရှင်း ကိတ်အားကြည့်ကာ လက်ခံလိုက်သည််။
"ကျေးဇူးပဲ"
"ရပါတယ်" ပိုင်ရှောင် မေးခွန်းများပြည့်နှက်နေသည့် မျက်လုံးများဖြင့် သူ့အားကြည့်နေခဲ့သော်လည်း ယွီရှင်းကတော့ ကိတ်အား ကားထဲသို့ယူသွားခဲ့၏။ မြေကြီးပေါ်တော့ တကယ်ပစ်မချခဲ့ပေ။
ကားစက်နှိုးပြီးနောက် သူ့ဖုန်းအား ဘလူးတုချိတ်ကာ ဖုန်းခေါ်လိုက်တော့သည်။
ထန်းမီနှင့်လင်ချဲ့တို့ နေ့လယ်တွင် ချိန်းဆိုထားခဲ့ပြီး သူမ ၁၁နာရီ ၄၀မိနစ်တွင်ရောက်လာကာ လင်ချဲ့ကတော့ စားသောက်ဆိုင်ထဲတွင် ကြိုစောင့်နှင့်နေလေ၏။
"ဒီစားသောက်ဆိုင်က စားဖိုမှူးပြောင်းလိုက်တယ်။ ဘလုမာ ခွမ်တင်း သူ့ကို ကြားဖူးလား? အရင်တည်းက ဒီမှာစားဖို့ဖိတ်ချင်ခဲ့တာ"
လင်ချဲ့ သူမနှင့်မျက်နှာချင်းဆိုင်မှာထိုင်နေပြီး နူးညံ့စွာပြုံးပြ၏။
ထန်းမီ သာမန်ကာလျှံကာပဲ တုံ့ပြန်နေသော်လည်း လင်ချဲ့စိတ်မဆိုးမိဘဲ အဲအစား သူကချည်း စကားလမ်းကြောင်းများ တစ်ခုပြီးတစ်ခု ပြောင်းကာပြောနေတော့သည်။ ထိုစဥ် အိတ်ထဲရှိ ထန်းမီ့ဖုန်း စတင်တုန်ခါလာတာကြောင့် သူမထုတ်ကြည့်လိုက်စဉ် ခေါ်ဆိုသူနာမည်ကြောင့် သီးတော့မလို ဖြစ်သွားရလေသည်။
ပုံမှန်ဆိုလျှင် စီအီးအိုယွီ သူမအား လော့ဟောက်မှ တစ်ဆင့် ဆက်သွယ်နေကျ ဖြစ်သောကြောင့် သူ သူမကို တိုက်ရိုက်ခေါ်လာလျှင်......
"အချစ်လေး ဘယ်ရောက်နေတာလဲ?"
ထန်းမီ : "....."
သူမ လင်ချဲ့အား တစ်ချက်ကြည့်လိုက်ပြီး ဘေးသို့ နည်းနည်းစောင်းကာ တီးတိုး ပြောလိုက်တော့၏။
"ကျွန်မ နေ့လယ်စာ စားနေတာ ဘာလိုချင်လို့လဲ?"
"ပြီးတော့ ဘယ်သူနဲ့အတူ နေ့လယ်စာစားနေတာလဲ?"
ယွီရှင်းအသံသည် သိပ်ပျော်နေပုံမပေါ်။ ထန်းမီ သူမ၏သနားစရာကောင်းသည့်.အဖြစ်ကြောင့် သက်ပြင်းချလိုက်ကာ ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်တော့သည်။
"တစ်ယောက်တည်းပါ။ ရှင် ပိုင်ရှောင်ဆီ မသွားဘူးလား?"
'......ခဏ သူ ပိုင်ရှောင်ဆီသွားခဲ့တာလား?'
"ကိုယ်သွားပြီးပြီ။ အခုဘယ်မှာလဲ? ကိုယ်လာရှာပြီနော်"
ထန်းမီ : "...."
"ကိုယ်မင်းကို ရှာမတွေ့ရင်တော့ မတတ်နိုင်ဘူးလေ။ ရုံးကိုပဲသွားရမှာပေါ့.."
ထန်းမီ : "...."
'သူ ဘယ်သူ့ကို လာခြိမ်းခြောက်နေတာလဲ?! ယွီကျီကို ဖွင့်ထားတာ ငါမဟုတ်ဘူးလေ!'
ထို့နောက် သူမ စားသောက်ဆိုင်နာမည်အား ရိုးသားစွာ ပြောပြလိုက်ရတော့သည်။
ယွီရှင်း ခေါင်းငုံ၍ ညင်သာစွာ ရယ်ချလိုက်ပြီး..."အိုး နေ့လယ်စာကို အီတလီစာစားနေတာပဲ"
ထန်းမီ : "....."
"ကိုယ်၅မိနစ်နေရင် ရောက်မယ်"
ယွီရှင်း ဖုန်းချသွားတော့သည်။ ထန်းမီတစ်ယောက် ဖုန်းကြီးကိုင်ရင်း ငြိမ်သက်နေမိ၏။ လင်ချဲ့ သူမတစ်ယောက်တည်း အလုပ်ရှုပ်နေသည်ကို မြင်ပြီးလှမ်းမေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ?"
"ဘာမှမဖြစ်ပါဘူး" ထန်းမီဖြေပြီးနောက် လော့ဟောက်နံပါတ်အား ခေါ်လိုက်သော်လည်း ကံဆိုးချင်တော့ လိုင်းမအားပေ။
ထိုအချိန်တွင် လော့ဟောက် ယွီရှင်းအား ဖုန်းခေါ်နေတာဖြစ်၏။
"စီအီးအိုယွီ အိမ်မှာမရှိဘူးလား? ဒီနေ့လယ် စီအီးအိုယွီမိဘတွေနဲ့ နေ့လယ်စာစားဖို့ ချိန်းဆိုထားတယ်လေ"
ယွီရှင်း လျှာခေါက်လိုက်ကာ-"ငါဒီနေ့လယ် သူတို့နဲ့စားဖို့မအားဘူး ဖျက်လိုက်တော့"
လော့ဟောက် ကြောင်အမ်းအမ်းဖြစ်သွားကာ မျက်ခုံးများ အနည်းငယ် တွန့်ချိုးလိုက်တော့၏။
"ယွီရှင်း?"
ယွီရှင်း ရယ်မောလျက်-"အင်း ငါအချစ်လေးဆီသွားနေတာ ငါ့မိဘတွေကို အလုပ်ရှုပ်နေအောင် လုပ်ထားပေး"
လော့ဟောက် : "...."
ထန်းမီ မိနစ်အနည်းငယ်လောက် ဂနာမငြိမ်စွာ ထိုင်နေပြီးနောက် ဝှစ်ခနဲ ထရပ်လိုက်လေသည်။ သူမ အိတ်အား ဆွဲယူ၍ အပြင်သို့အမြန်ထွက်သွားချိန် လင်ချဲ့လည်း အမြန်ပင် သူမအား လှမ်းဆွဲလိုက်ရတော့၏။
"ဘယ်သွားမလို့လဲ?"
"ကျွန်မ....ကျွန်မသဘာဝက ခေါ်နေတာကို ပြန်ဖြေရမယ်!"
လင်ချဲ့ : "....."
သူ့ နောက်လက်တစ်ဖက်အား မြှောက်လိုက်ပြီး ထန်းမီ ဦးတည်နေသည့်နေရာနှင့် ဆန့်ကျင်ဖက်သို့ ညွှန်ပြလိုက်ရင်း..."သန့်စင်ခန်းက အဲဘက်မှာ"
ထန်းမီ အားစိုက်ပြုံးကာ-"ရှော့ပင်းမောထဲက သန့်စင်ခန်းကိုပဲ သုံးချင်လို့"
"မင်း....."
လင်ချဲ့ ပြောနေတုန်းမှာပဲ အသစ်ဝင်လာတဲ့သူသည် သူ့လက်အား ဘေးသို့ ရိုက်ချလိုက်တော့သည်။
"ငါ့အချစ်လေးကို ထိလို့ရတယ်လို့ ဘယ်သူကခွင့်ပေးထားလို့လဲ?"
ယွီရှင်း ထန်းမီနှင့်လင်ချဲ့တို့ကြားထဲတွင် ရပ်နေပြီး သူတို့နှစ်ယောက်ကြားအား တံတိုင်းကြီးသဖွယ် ကာထားလေသည်။
အစပိုင်းမှာတော့ ထန်းမီ သူ၏ရုတ်တရက်ဆန်သည့် ဝင်ရောက်မှုကြောင့်အံ့ဩနေသော်လည်း သူ့အဝတ်အစားအား မြင်ချိန်တွင် ဒူးထောက်မိတော့မလို ဖြစ်သွားတော့၏။
လင်ချဲ့မျက်လုံးတွေထဲတွင်လည်း ခံစားချက်မျိုးစုံသည် လျင်မြန်တဲ့အရှိန်ဖြင့် ဖျတ်ကနဲ ဖြစ်သွားရတော့သည်။
ထန်းမီ လုပ်သံကြီးဖြင့် တစ်ချက်ရယ်လိုက်ကာ ယွီရှင်းအား..."စီအီးအိုယွီ ဒီနေ့ဖက်ရှင်ကျနေပါလား ဟားဟား"
ယွီရှင်းမျက်လုံးထဲတွင် ဒေါသပျောက်မသွားသေးသော်လည်း လင်ချဲ့အကြည့်အား ပြန်ရုတ်သိမ်းလိုက်ပြီး
နောင် သူ့ကိုသေချာ စိုက်ကြည့်ကာ-"ကျွန်တော် ထန်းမီနဲ့နေ့လယ်စာစားနေတာ စီအီးအိုယွီဘက်က ဘာပြဿနာများရှိလို့လဲ?"
ယွီရှင်း : "သိပ်ရှိတာပေါ့ မင်းကိုဘယ်သူက ခွင့်ပြုထားလို့လဲ?"
လင်ချဲ့သူ့အား လှောင်ဟန် တစ်ချက်ရယ်လိုက်လေ၏။
"ယွီကျီ ဝန်ထမ်းတွေနဲ့အတူ စားရဖို့အတွက်လည်း စီအီးအိုယွီဆီက ခွင့်ပြုချက်လိုသေးတာလား?"
ယွီရှင်း သူ့အားစိုက်ကြည့်၍ အပြုံးလေးဖြင့် ကြေညာလိုက်တော့သည်။
"ယွီကျီဝန်ထမ်းတွေကမလိုဘူး မစ္စယွီ[Mrs. Yu]ကတော့ လိုတယ်~"
ထန်းမီ : "...."
သူမ အရှေ့သို့တိုးလိုက်ပြီး ယွီရှင်း လက်မောင်းအား အတင်းဆွဲကာ စားသောက်ဆိုင်အပြင်ကို ခေါ်ထုတ်လိုက်ရတော့သည်။
"စီအီးအိုယွီက ကျွန်မကိုရှာနေတာဆိုတော့ အရင်သွားနှင့်တော့မယ်"
သူတို့ပုံရိပ်များ တံခါးအားဖြတ်၍ ပျောက်သွားသည်ကိုကြည့်ရင်း လင်ချဲ့မျက်လုံးများ မှောင်မိုက်သွားသည်။
ယွီရှင်း၏လမ်ဘော်ဂီးနီလေး မြေအောက်ပါကင်မှ ထွက်လာပြီးဖြစ်သော်လည်း ထန်းမီကတော့ ခရီးသည်ခုံတွင် ပေါက်ကွဲမိတော့မလိုဖြစ်နေတော့၏။
"ဘာလို့လင်ချဲ့အရှေ့မှာ ပေါက်ကရတွေပြောလိုက်တာလဲ?!"
ယွီရှင်း အမှန်တရားအား ပြောနေဟန်..."မင်း ကိုယ့်ကိုလက်ထပ်တာက ပေါက်ကရ မဟုတ်ပါဘူး"
ထန်းမီ : "....."
ယွီရှင်း နှုတ်ခမ်းများကွေးညွတ်ကာ ပြုံးလိုက်လေသည်။
"ဘယ်လိုလဲ စဉ်းစားကြည့်ပါလား?"
'.....အရင်ဆုံး စီအီးအိုယွီကိုလည်း စဉ်းစားကြည့်အုန်း'
ထန်းမီ ပြန်မဖြေပေ။ ယွီရှင်း မျက်ခုံးပင့်ကာ ထပ်မေးတော့သည်။
"ဘာလို့ လင်ချဲ့နဲ့အတူစားနေတာလဲ?"
"သူ ပန်းစည်းပို့တာ.ရပ်အောင်လို့!"
သူမ စကားစအားရပ်လိုက်ကာ ယွီရှင်းဘက်လှည့်လိုက်ပြီး..."ပြီးတော့ ဘာလို့ရှင်လည်း ရုတ်တရက်ကြီး ပန်းတွေထပို့နေတာလဲ?"
ယွီရှင်း မျက်ခုံးပင့်လိုက်မိပြီး ပါးချိုင့်များ ပေါ်အောင် ပြုံးလိုက်တော့သည်။
"ကိုယ့်ကိုပန်းတွေ မပို့စေချင်ရင် ဒီနေ့ကိုယ်နဲ့အတူ လျှောက်လည်ပေး"
ထန်းမီ နှုတ်ခမ်းအား သပ်လိုက်မိ၏။
"ကလေးများနေ့မို့လို့ အတူလျှောက်လည်ပေးရမှာလား?"
ယွီရှင်း : "...."
သူထန်းမီအား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်မိတော့သည်။
"ဒီနေ့က ကိုယ့်မွေးနေ့"
"အိုး ပျော်ရွှင်စရာမွေးနေ့ပါ"
ယွီရှင်း မျက်လုံးထဲတွင် စိတ်ညစ်မှုများ ပိုမိုလေးလံလာကာ သူ ချက်ချင်းစိတ်ဓာတ်ကျနေသည့် မျက်နှာထား လုပ်ပြ၍..."မနက်ဖြန် ပန်းလိုချင်တာလား အချစ်လေး?"
ထန်းမီ မျက်လုံးပြူးသွားကာ- "....ဟီးဟီး ဘယ်သွားချင်လဲ?"
ထိုမှသာ ယွီရှင်း ကျေနပ်အားရစွာ ပြုံးနိုင်တော့သည်။
"အပန်းဖြေဥယျာဉ်"
ထန်းမီ : "...."
'တကယ်ပဲ သူတို့ ကလေးများနေ့အတွက် လျှောက်လည်ကြမှာကိုး'
သူမ ယွီရှင်းအား ကြည့်ရင်း စပ်စုလိုက်၏။
"ဘာ စိတ်ကူးပေါက်ပြီး ဒီလိုဝတ်လာတာလဲ?"
ယွီရှင်းကတော့ ခပ်တည်တည်ပင်။
"ကိုယ့်မှာ ဒီလိုအဝတ်တွေရှိတယ်လေ။ ကိုယ်ချောနေတယ်မလား?"
ထန်းမီ ပြုံးရုံသာ ပြုံးပြလိုက်လျှင် ယွီရှင်း ညစ်ကျယ်ကျယ် ပြန်ပြုံးပြရင်း..."မနက်ဖြန်ကျ နှင်းဆီပြာ ပို့ရမယ်"
ထန်းမီ ချက်ချင်းပင်..."ကမ္ဘာပေါ်မှာ ရှင့်ထက်ချောတဲ့သူ မရှိနိုင်ဘူး!" ဟုဖြေလိုက်ရတော့သည်။
"ယွီယိနဲ့ ယှဉ်ရင်?"
"သေချာပေါက် ရှင်က ပိုချောတာပေါ့!"
ယွီရှင်း မပြုံးဘဲမနေနိုင်တော့ပေ။
"အချစ်လေး အဲလိုရိုးသားတာကို ကိုယ်သဘောကျတာ"
____________________________________________