Chapter 26
Vol. 3 Ch. 26
ညမှောင်ခါနီးအချိန်တွင် ယွီယိ ဇိမ်ခံအိပ်ရာကြီးပေါ်တွင် တွေဝေငေးငိုင်ရင်း နိုးထလာရ၏။
ရင်းနှီးကျွမ်းဝင်နေသည့် ပတ်ဝန်းကျင်ကြောင့် စိတ်အေးနေစဉ်မှာပဲ သူဝတ်ထားသော ညအိပ်ဝတ်စုံသည် အပြာနုရောင်ဖြစ်နေသည်ကို သတိထားမိသွားပြီး စိတ်ရူပ်သွားတော့သည်။
သူမသိမသာ မျက်ခုံးများတွန့်ချိုးလိုက်ပြီး မီးခိုးနုရောင် ညအိပ်ဝတ်စုံပြောင်းဝတ်ဖို့အတွက် အဝတ်ဗီရိုဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အပြာနုရောင်ဝတ်စုံအား ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်၏။
ဗီရိုထဲရှိ အဝတ်များ၏ တစ်ဝက်လောက်သည် ယွီရှင်းဟာများသာ ဖြစ်သည်။ ယွီယိနိုးလာတိုင်း သူ့အဝတ်များကို လွှင့်ပစ်လေ့ရှိပေမဲ့ ယွီရှင်း ပြန်ပေါ်လာတဲ့အခါတိုင်း အဝတ်တွေအများကြီး ထပ်ဝယ်ပြီး ယွီယိအား တမင်သွေးတက်အောင် ပြန်လုပ်တတ်၏။ အဲလို ထပ်တလဲလဲ ဖြစ်သွားပြီးနောက်တွင် ယွီယိ သူ့အဝတ်များကို ထပ်မလွှင့်ပစ်ရဲတော့ပေ။
ဘာပဲဖြစ်ဖြစ် သူ့ပိုက်ဆံပဲကုန်တာပင်။
သူ မီးဖိုခန်းထဲသို့သွားကာ ရေတစ်ခွက်သောက်နေစဉ် တစ်ခုခုအား ပြန်သတိရလာသလို ရေခဲသေတ္တာအား ဖွင့်ကြည့်မိလိုက်လေသည်။
ရေခဲသေတ္တာထဲတွင် အစားအသောက်မျိုးစုံသည် သပ်သပ်ရပ်ရပ်ဖြင့် နေရာတကျရှိနေကာ စားထားသလိုတစ်ဝက်ပဲ ကျန်တော့သည့် ကိတ်မုန့်ကလည်း မထင်မှတ်ဘဲဖြည့်စွက် နေရာယူထားသည်ကို တွေ့လိုက်ရ၏။ ထိုကိတ်မုန့်အား အလယ်အကန့်တွေထဲက တစ်ကန့်တွင် ဖြစ်သလို ထိုးထည့်ထားပုံပင်။
ယွီယိ ကိတ်အား ဆွဲယူကာ စားပွဲပေါ်တင်လိုက်ပြီးနောက် သူရေတစ်ခွက်လုံး ကုန်အောင် မော့ချလိုက်တော့သည်။
ရှားလက်ကိတ်ကလာသည့် သရက်သီးနံ့လေးသည် သင်းကြိုင်နေလေသည်။ ယွီယိ ဓားနှင့်ခရင်းယူကာ သူ့ဘာသာသူ အတုံးသေးလေး လှီးလိုက်၏။
ကိတ်အခြေသည် စိုအိမှုမလုံလောက်တဲ့အပြင် ဘာဗားရီးယန်းခရင်မ်၏ သဟဇာတဖြစ်မှုကလည်း လိုအပ်နေသေး၏။ ထိုကိတ်ကို သူ့အားအရသာ စစ်ဆေးခိုင်းလျှင် သူ သေချာပေါက် ထောက်ခံမှာ မဟုတ်ပေ။
သို့သော် ထန်းမီ မနက်အစောကြီး ကူလုပ်ပေးခဲ့ပြီး ပိုင်ရှောင်လည်း သူ့အတွက် လုပ်ပေးသည့် ကိတ်ဖြစ်တာကြောင့် သူစားဖို့ ဆုံးဖြတ်ခဲ့သည်။
ယွီယိ စားပွဲတွင်တစ်ယောက်တည်းထိုင်ကာ ကိတ်မုန့်အား တစ်လုတ်ပြီးတစ်လုတ်စားနေ၏။
တစ်ဝက်နီးပါးစားပြီးသွားချိန်တွင် နောက်ထပ်ရေတစ်ခွက်သောက်ကာ အပေါ်ထပ်သို့ ပြန်တက်သွားတော့သည်။
သူ အိပ်ရာသို့ရောက်တော့ ခေါင်းအုံးဘေးတွင် စာရွက်တစ်ရွက်အား ရှာတွေ့သွားခဲ့၏။
[ အချစ်လေးကို ပန်းမပို့တော့ဖို့ ငါကတိပေးခဲ့တယ်။ ဒီတော့ မင်းသူ့ဆီပန်းပို့ချင်ရင် ကိုယ့်နာမည်ကိုယ် ရေးပို့ ]
ယွီယိ ထိုမှတ်စုစာရွက်အား ကြည့်ပြီးနောက် ဘေးတွင်ပြန်ထားကာ လှဲအိပ်လိုက်တော့သည်။
နောက်နေ့တွင် လော့ဟောက်၏ဖုန်းခေါ်သံကြောင့် သူနိုးလာရ၏။ ယွီယိ ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်တွင် လော့ဟောက်တစ်ယောက် သတိတကြီးခေါ်လာလေသည်။
"စီအီးအိုယွီ?"
ယွီယိ စိတ်မပါလက်မပါပြန်ဖြေ၏။
"အင်း"
ထိုမှသာ လော့ဟောက် စိတ်သက်သာရာရသွားကာ သက်ပြင်းချနိုင်တော့သည်။
"မနေ့က ယွီရှင်းပေါ်လာသေးတယ်။ ဒေါက်တာကျန်းကို ခေါ်ဖို့လိုလား?"
ယွီယိ ခဏစဉ်းစားနေပြီးနောက်-"မလိုဘူး ငါအလုပ်ကိုတန်းလာခဲ့မယ်။ အဲမှာစောင့်နေ"
"ဟုတ်ကဲ့ပါ"
အချိန်ဇယားအရ မနက်ပိုင်းတွင် ကုမ္ပဏီအစည်းအဝေးရှိသည်။ ယွီယိ အလုပ်သို့ရောက်သည်နှင့် အစည်းအဝေးခန်းမသို့တန်းသွားလိုက်စဉ် ဝန်ထမ်းများသည် သူ့အား တရိုတသေ နှုတ်ဆက်လာကြ၏။ ပုံမှန်အတိုင်း သူမတုံ့ပြန်သော်လည်း အမျိုးသမီးဝန်ထမ်းများ၏ ပီတိဖြာနေသည့်အကြည့်ကတော့ မရပ်တန့်သွားချေ။
သူ ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် အစည်းအဝေးခန်းမတံခါးနားတွင် ရပ်စောင့်နေသော လော့ဟောက်ကို တွေ့လိုက်ရပြီး ယွီယိ လော့ဟောက်အပ်လိုက်သည့် စာရွက်စာတမ်းများကို လက်ခံကာ အစည်းအဝေးခန်းမထဲသို့ တန်းဝင်လိုက်တော့သည်။
ယွီယိ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဌာနဆိုင်ရာမန်နေဂျာများအားလုံး စတင်အစီအရင်ခံကြလေ၏။
လူထုဆက်ဆံရေး (ပီအာ)ဌာနမန်နေဂျာက စတင်၍..."အထူးအချိုပွဲ အသစ်ကော်လရှင်(collection)ကို ထုတ်နေပါပြီ။ ဒီတစ်ခေါက် ရွေးချယ်ခံရတဲ့ မုန့်ဖုတ်ဆရာကတော့ [ချိုမြိန်မြိန်အိမ်မက်]ရဲ့ မုန့်ဖုတ်ဆရာဖြစ်ပါတယ်။ ဒါကအချိုပွဲတွေကိုလည်း ကြော်ငြာရင်း ဆိုင်သစ်ကိုလည်း လူသိများအောင်လုပ်လို့ရပါတယ်။"
ယွီယိ ခေါင်းညိတ်ပြလိုက်၏။
"ကောင်းတယ်"
"ဒါကို နောက်နေ့ ချက်ချင်းစီစဉ်ဖို့အတွက် တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ်။ အချိုပွဲကော်လရှင်ကို ဒီအပတ်အတူ ရွေးချယ်ပြီးရင် နောက်အပတ်ကျ တရားဝင်ဝက်ဘ်ဆိုက်နဲ့ ဝေပိုမှာ တရားဝင်ကြော်ငြာလို့ရပါပြီ။"
"အင်း"
အစည်းအဝေးပြီးနောက် လော့ဟောက် ယွီယိနောက်မှလိုက်ကာ နှစ်ယောက်သား ရုံးခန်းသို့ ပြန်လာခဲ့ကြသည်။ ယွီယိ သူ့ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် လော့ဟောက်အား..."မနေ့က ငါ့မိဘတွေကို ဘယ်လိုပြောလိုက်လဲ?"
လော့ဟောက် : "စီအီးအိုယွီ လာခါနီးမှာအစည်းအဝေးတစ်ခုပေါ်လာလို့ နေ့လည်စာ လာမစားနိုင်တော့ဘူးလို့ ပြောလိုက်တယ်။ လူကြီးမင်းယွီကတော့ သိပ်မကျေနပ်တဲ့ပုံပဲ။"
"အင်း" ယွီယိ သူ့စကားအား ဖာသိဖာသာတုံပြန်လိုက်သည်။ လူကြီးမင်းယွီ မကျေမနပ် ဖြစ်သွားသည်ကို လုံးဝဂရုစိုက်ပုံမပေါ်ပေ။
လော့ဟောက် ခတ္တခဏ ရပ်တန့်နေပြီးနောက် စပ်စုလိုက်လေ၏။
"ဒီနေ့ရော ထန်းမီဆီ ပန်းပို့ချင်လား?"
ယွီယိ ငြိမ်သက်သွားကာ- "ဒီနေ့ကစပြီး မပို့နဲ့တော့"
လော့ဟောက် မျက်လုံးများ ပြူးသွားသော်လည်း ဆက်မမေးရဲတော့ချေ။
ထန်းမီ ပန်းဆိုင်ကမောင်လေး ဘွားခနဲပေါ်လာမည်ကို အလွန်စိုးရိမ်နေပြီး စိုးရိမ်ကြောင့်ကျမှုများနှင့်အတူ တစ်နေ့တာအား စတင်ရတော့သည်။ သို့သော် ၁၁--၁၂ လောက်အထိ ရင်းနှီးနေသည့်ပုံရိပ် ရောက်မလာသေးတာကြောင့် သူမ စိတ်အေးသွားရ၏။
ထို့နောက် စားသောက်ဆိုင်မန်နေဂျာ အပြင်ကနေလုယွီနှင့် အတူဝင်လာခဲ့လေသည်။ ထန်းမီ လုယွီအား မြင်တော့ ထိတ်လန့်အံ့ဩသွား၏။
စားသောက်ဆိုင်မန်နေဂျာ မုန့်ဖုတ်ခန်းထဲသို့ဝင်လာပြီး သူမအားပြုံးပြလာကာ-"သူက ပီအာဌာနကလုယွီလေ မင်းတို့နှစ်ယောက် မုန့်ပြပွဲတုန်းက အတူတူ တွဲလုပ်ဖူးတယ်ဆိုတော့ အထူးတလည် မိတ်ဆက်ပေးစရာတော့ မလိုလောက်တော့ဘူးထင်တယ် သူလာရတဲ့အကြောင်းအရင်းက အထူးအချိုပွဲကော်လရှင်အကြောင်း မင်းကိုပြောပြမလို့"
ဘာကြောင့်လဲဆိုတာ ထန်းမီ ချက်ချင်းနားလည်သွားကာ ခေါင်းညိတ်လိုက်တော့သည်။ အထူးအချိုပွဲကော်လရှင်ကို သူမကောင်းကောင်းသိ၏။ ရံဖန်ရံခါ ယွီကျီ၏တရားဝင်ဝေပိုကနေ အစားအသောက်ကောင်းများ၏ အထူးကော်လရှင်ကို ထုတ်ဝေတတ်ကြသည်။
ခေါင်းစဉ်မျိုးစုံဖြင့် ထုတ်ဝေကြပြီး အချိုပွဲအပိုင်းကတော့ နာမည်အကြီးဆုံးပင်။ ထန်းမီ ကုမ္ပဏီကိုဝင်ဖို့အတွက် ယွီကျီ၏ဝေပိုအား သေသေချာချာ လေ့လာခဲ့ပြီး သူမစားချင်တာတွေ့လျှင် သွားစားလေ့ရှိ၏။
"အသေးစိတ်ကိုတော့ လုယွီက ပြောပြလိမ့်မယ် မင်းတို့နှစ်ယောက် နားနေခန်းမှာသွားပြောကြချည်"
"ဟုတ်ကဲ့ပါ"
ထန်းမီ လုယွီအား ဝန်ထမ်းနားနေခန်းသို့ခေါ်သွားပြီး သစ်သီးဖျော်ရည်တစ်ခွက်ဖြင့် ဧည့်ခံလိုက်သည်။
"ဘာလို့ အထူးကော်လရှင်အတွက် ကျွန်မကိုလိုတာလဲ?"
လုယွီ စိတ်အားထက်သန်စွာ စပ်ဖြီးဖြီးမျက်နှာပေးဖြင့်..."ကျွန်မတို့ ရှင့်ကို ဒီကော်လရှင်ရဲ့ ကြယ်ပွင့်မုန့်ဖုတ်စားဖိုမှူးအနေနဲ့ ရွေးထားတယ်!"
ထန်းမီ ကြောင်အသွားကာ-"ကြယ်ပွင့်မုန့်ဖုတ်ဆရာ?"
"အင်း ကျွန်မဒီနေ့ ရှင့်ကို အင်တာဗျူး အတိုလေး မေးဖို့ရောက်လာတာ ရောက်တုန်းဓာတ်ပုံလည်း ရိုက်ရင်းပေါ့"
သူမ ထန်းမီအား မျက်စိတစ်ဖက်မှိတ်ပြလိုက်ရင်း...
"ရှင်ပြီးခဲ့တဲ့အထူးကော်လရှင်ကို ကြည့်ပြီးပြီလား? စားဖိုမှူးကို ယူနီဖောင်းနဲ့ပုံအပြင် ထသွားထလာဝတ်စုံနဲ့ပုံလည်း ထည့်ထားတယ်။ ကျွန်မတို့ရှင့်ပုံအတွက် ကျွမ်းကျင်ဓာတ်ပုံဆရာကိုလည်း ခေါ်ထားသေးတယ်။ ချိန်းထားတာ နောက်သုံးရက်မှပါ လှလှလေးဝတ်ခဲ့!"
ထန်းမီ : "...."
ပြီးခဲ့တဲ့ အထူးကော်လရှင်မှာ စားဖိုမှူးပုံများ တကယ်ပါ၏။ ထို့နောက် တရားဝင်ဝေပိုတွင် ဖော်လိုဝါ ၁၀သန်းလောက် ရှိသည်ကို တွေးမိလိုက်ပြီး သူမနဖူးပေါ်မှာတွင် ချွေးစေးများကျလာလေသည်။
"ပုံကလိုလို့လား?"
"ဒါပေါ့ မရှက်ပါနဲ့။ အခုဒါကိုဘယ်လိုထည့်မယ်ဆိုတာကို အာရုံစိုက်ရမယ်။ လင်ချဲ့ကို မုန့်ဖိုမင်းသားလို့နာမည်ပေးထားတာကိုတွေ့တယ်ဟုတ်? ဟေး ကျွန်မစဉ်းစားမိပြီ ရှင့်ကို မုန့်ဖိုမင်းသမီးလို့ နာမည်ပေးရမယ်!"
ထန်းမီ : "...."
"ကျွန်မ မုန့်ပြပွဲတုန်းကလည်း ရှင့်ပုံကို တင်ထားပြီးသား! အရမ်းစိတ်မပူနဲ့ပါ!"
ထန်းမီ : "...."
လုယွီ အသံမှတ်တမ်းယူသည့်ကိရိယာအား ထုတ်လိုက်ပြီး အင်တာဗျူးအတိုလေးကို စတင်ခဲ့၏။ အားလုံးပြီးစီးသွားသည့်နောက် သူမထန်းမီအား..."ကျွန်မတို့တွေ အထူးကော်လရှင်အတွက် ရှင့်ဆီက ကိတ်အသစ်တွေလိုချင်တယ် အဆင်ပြေတယ်မဟုတ်လား?"
ထန်းမီ သေချာတွေးတောလိုက်ပြီးနောက်-"ကျွန် မကြိုးစားကြည့်ပါ့မယ်။ ဒါပေမဲ့ စီအီးအိုယွီရဲ့အရသာစစ်ဆေးခြင်းကို အောင်ပါ့မလားတော့ မသေချာဘူး။"
လုယွီ သူမ့ပခုံးအား ပုတ်ပေးလိုက်လေ၏။
"ဘာမှမဖြစ်ပါဘူး။ အရင်တစ်ခေါက် စတော်ဘယ်ရီပါဖေးက အရမ်း ရောင်းကောင်းခဲ့တာလေ။ ကျွန်မကောင်လေးတောင် တော်တော်ကြိုက်နေတာ!"
ထန်းမီ : "...."
'ရုပ်လေးနဲ့မှမလိုက် လူကို အငိုက်ဖမ်းပြီး ကြွားလိုက်သေးတယ်!'
လုယွီ ပစ္စည်းများ သိမ်းပြီးနောက် ဆိုဖာပေါ်မှ ထလိုက်တော့သည်။
"စားသောက်ဆိုင်မန်နေဂျာကို ကုမ္ပဏီကို မြန်မြန်ဆက်သွယ်ပေးဖို့ ပြောလိုက်ပါ စီအီးအိုယွီ မုန့်တွေကိုမမြည်းခင် ကျွန်မတို့ ကြိုပြီးဓာတ်ပုံရိုက်ရမယ်။"
"ဟုတ်ပြီ"
လုယွီ ထွက်သွားပြီးနောက် ထန်းမီ စားသောက်ဆိုင်မန်နေဂျာအား ရှာလိုက်၏။ နေ့လယ်စာ စားချိန်တွင် စားသောက်ဆိုင်မန်နေဂျာ သူမအား အတွင်းရေးမှူးက မနက်ဖြန်နေ့လယ် ၃နာရီတွင် ချိန်းဆိုချက် ဘိုကင် ယူထားပြီးသားဆိုတာ အသိပေးလာခဲ့သည်။
သူမ၏ကိတ်သည် ယွီကျီအား ကိုယ်စားပြုသည်မှာ ဒုတိယအကြိမ် ဖြစ်သည့်အတွက် ထန်းမီအရင်တစ်ခေါက်ကလိုတော့ အရမ်းစိုးရိမ်နေတာမျိုးမရှိပေ။
အရင်လိုပဲ ယွီယိ ရုံးခန်းထဲတွင် သူမအားစောင့်နေ၏။
ထန်းမီ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ အနောက်တိုင်းဝတ်စုံဖြင့် ကြော့မော့နေသောယွီယိအား တွေ့လိုက်ရပေမဲ့ သူမ ဦးနှောက်ထဲမှာတော့ ပန်းပွင့်ပုံအဆင် ဂျက်ကတ်ဝတ်ထားသည့်ယွီရှင်းကိုပဲ ပြေးသတိရ မိလိုက်သည်။
သူမ ခေါင်းညိတ်ကာ ယွီယိအား ပြုံးပြနှုတ်ဆက်လိုက်တော့၏။
"မင်္ဂလာပါ စီအီးအိုယွီ"
ယွီယိ ခေါင်းပြန်ညိတ်ပြကာ သူမအား ထိုင်ဖို့ ကိုယ်ဟန်လိုက်လေသည်။
ထန်းမီ ကိတ်မုန့်အား တင်ပြလိုက်ကာ ယွီယိအပြောကိုတောင် စောင့်မနေတော့ဘဲ တန်း၍မိတ်ဆက်လိုက်တော့သည်။
"ဒါက ခရမယ် ချိစ်ကိတ်(caramel cheesecake)ပါ။ ကိတ်အောက်ခြေကိုတော့ ချောကလက် ကွတ်ကီးအကြေတွေနဲ့ လုပ်ထားပါတယ်။ ခရင်မ်ချိစ်က နူးညံ့ပြီး အရသာလည်းကြွယ်ဝတယ် ဒါပေမဲ့ ကျွန်မ ဒိန်ချဉ်အလွတ်နဲ့လီမွန်ရည်ကိုရောပြီး အရသာကို တိုးထားသေးတယ်။ ခရင်မ်ချိစ်ရဲ့အလယ်မှာတော့ ဘလူးဘယ်ရီနဲ့ ရက်စ်ဘယ်ရီအလွှာထည့်ထားတယ်။ ဘယ်ရီတွေက အရသာကိုပေါ်လွင်စေတဲ့အပြင် လှီးတဲ့အခါလည်း ချိစ်အဖြူတွေကြားမှာ အရောင်ပိုလွင်စေတယ်။ အပေါ်ဆုံးအလွှာမှာတော့ ခရမယ်ကို လီမွန်သကြားခဲတွေ၊ အာမွန်စေ့ကင်တွေနဲ့ အလှဆင်ထားပါတယ်ရှင့်"
ထန်းမီ ဗန်းအား တိုးပေးလိုက်ပြီး ယွီယိ မြည်းကြည့်သည်ကို စောင့်ဆိုင်းနေမိသည်။
ယွီယိ ဇွန်းအား ကောက်ယူလိုက်သော်လည်း အရင်ကလိုမျိုး တန်းမစားပေ။
အဲအစား ရှားရှားပါးပါး မှတ်ချက်ပေးလာ၏။
"ခရမယ်အချိုပွဲတွေက တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတယ်။ ကြွယ်ဝတဲ့ခရမယ်အရသာက လူတိုင်းကို စွဲလမ်းစေတာမို့"
သူ၏ဇွန်းသည် ကိတ်ဆီ ဖြည်းဖြည်းချင်း လှမ်းလာနေသလို ထန်းမီလည်း မနေနိုင်တော့ဘဲ သူ့လက်ချောင်းသွယ်သွယ်လေးများကို စူးစိုက်ငေးမောနေမိတော့သည်။
သူ့ဇွန်း ခရမယ်အလွှာအား ထိုးဖောက်သွားချိန်တွင် ထွက်ပေါ်လာသည့် ကြွပ်ကြွပ်ရွရွအသံ ခပ်တိုးတိုးလေးသည် အေးခဲနေသည် ရေအိုင်ပေါ်ရှိ ရေခဲအပိုင်းအစလေူတစ်ခု ကျိုးပဲ့သွားသလိုပင်။
ယွီယိ ကိတ်အား ဇွန်းအပြည့်ခပ်ယူကာ ပါးစပ်ထဲထည့်လိုက်သည်ကို ထန်းမီကြည့်နေမိ၏။
သူမ ဘာကြောင့်မှန်းမသိပေမဲ့ ယွီယိကိတ်စားနေတာကို မြင်တိုင်း သူမနှလုံးသားလေးလည်း ထိုကိတ်နှင့်အတူ ပါသွားသလိုခံစားရသည်။
"ခရင်မ်ချိစ်က အရသာကြွယ်ဝပြီး နူးညံ့တယ် ခရင်မ်ရဲ့အချိုနဲ့ ချိစ်ရဲ့ပြိုင်ဘက်ကင်းတဲ့ အချဉ်ဓာတ်က တစ်ခုနဲ့တစ်ခုလိုက်ဖက်သလို ဘယ်ရီနှစ်ခုပေါင်းထားတာကလည်း သစ်သီးအရသာပြင်းပြင်းလေး ရစေတယ် အဲတာအပြင် အခြေကို ကွတ်ကီးအမာ သုံးထားတာကလည်း ခရင်မ်ချိစ်အရသာကို ပိုသိမ်မွေ့စေတယ်။ ပေါင်းစပ်ထားတာ အရမ်းစားကောင်းပါတယ်။"
ထန်းမီ အနည်းငယ် မျက်လုံးပြူးသွားပြီး ကြောင်ကြည့်နေမိလေသည်။
ယွီယိ မျက်ခုံးပင့်လိုက်ပြီး..."ဘာဖြစ်လို့လဲ?"
ထန်းမီခေါင်းရမ်းကာ တခစ်ခစ်ရယ်လိုက်ရင်း..."မဟုတ်ပါဘူး ကျွန်မရဲ့ကိတ်ကို သုံးသပ်ပေးတာကို ပထမဆုံးအကြိမ် ကြားရတာမို့လို့ပါ။ ကျွန်မအရမ်းပျော်မိတယ် ဟီးဟီး"
ယွီယိ သူမအားကြည့်ပြီး သူ့နှုတ်ခမ်းများ မသိမသာ တွန့်သွားလေ၏။ သူ့နှုတ်ခမ်းများတွင် ချိုမြိန်တဲ့ခရမယ်အရသာကို ခံစားနေရသေးသည်။
"ဟိုနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်။ ယွီရှင်း မင်းကိုဒုက္ခပေးပြန်ပြီ"
"ရပါတယ် ကလေးများ....ရှင့်မွေးနေ့ပဲဟာ"
ထန်းမီ 'ကလေးများနေ့'ဆိုသည့်စကားအား လွှတ်ခနဲ ပြောမိတော့မလိုဖြစ်သွားပြီးမှ ပြန်မျိုချရင်း စိတ်ထဲတွင် ရှက်ရွံမှု စိုးရိမ်မှု ကြောက်ရွံ့မှုတို့ဖြင့် ပူလောင်နေတော့သည်။
ယွီရှင်းနှင့် ကလေးများနေ့အကြောင်းကိုပြောတော့ သူ ရပ်တန့်သွား၏။ ထို့နောက်-"မင်းနဲ့ပိုင်ရှောင် လုပ်ထားတဲ့မွေးနေ့ကိတ်ကို စားခဲ့ရတယ် ကျေးဇူးပါ။"
"အာ..အဲကိတ်က ပိုင်ရှောင်လုပ်ခဲ့တာပါ။ ကျွန်မကဘေးမှာရပ်ပြီးပြောပြခဲ့ရုံပါပဲ။"
ယွီယိ ခဏငြိမ်နေပြီးနောက် ကျေးဇူးတင်စကားထပ်ပြောလာသည်။
"ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲ"
ထန်းမီခေါင်းခါပြပြီးနောက် ရုတ်တရက် အနည်းငယ် စိုးရိမ်သွားကာ-"ယွီရှင်း ပိုင်ရှောင်ကို တွေ့ခဲ့တယ် အဲဒါက... "
"အဲဒါကို ဖြေရှင်းဖို့နည်းလမ်း စဉ်းစားလိုက်မယ်"
ထန်းမီ တုံ့ဆိုင်းကာ ခေါင်းညိတ်လိုက်မိ၏။
"အိုး ကောင်းပါတယ် ဒီကိတ်ကရော...."
"အောင်တယ် ပီအာဌာနကို အသိပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ်!!"
ထန်းမီ ရွှင်မြူးစွာ သူ့အားပြုံးပြလိုက်တော့သည်။
"အဲဒါဆို....သွားခွင့်ပြုပါဦး"
ယွီယိ ရပ်တန့်နေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
"မင်းကို လိုက်ပို့ဖို့ ဒရိုင်ဘာလွှတ်လိုက်မယ်"
ကိုယ်ပိုင်ဒရိုင်ဘာ အထူးခံစားခွင့်ကို နောက်တစ်ခေါက် ထပ်ရရင်း ထန်းမီ ပျော်မြူးကာ ထလိုက်တော့သည်။ သို့ပေမဲ့ မသွားသေးဘဲ ဆက်ရပ်နေလျှင်...။
ယွီယိ သူမအား ကြည့်ကာ မေးခွန်းထုတ်လာ၏။
"တစ်ခုခု ရှိသေးလား?"
"အမ်....."
'အဲဒီနေ့က ပန်းစည်းကို ပို့တဲ့သူက အမှန်တော့ ရှင်မလား.......'
ထန်းမီ အကြပ်ရိုက်နေပြီးနောက် ဘာမှမမေးရဲဘဲဖြစ်သွားရသည်။ သူ ယွီရှင်းနာမည်ကို လွှဲချပြီး ရေးထားတာက သူမကို သူ မှန်းမသိစေချင်လို့ ဖြစ်လိမ့်မည်။ အဲတော့ သူမလည်း ပူးပေါင်းပေးသင့်ပြီး မထုတ်ဖော်သင့်ပေ။
"ဘာမှမဟုတ်ပါဘူး။ သွားလိုက်ပါဦးမယ် စီအီးအိုယွီ"
ထန်းမီ ပြုံး၍ လက်ပြကာ စီအီးအိုရုံးခန်းထဲမှ ထွက်လာခဲ့လေတော့သည်။
_____________________________________________