← Chapters

Chapter 27

Vol. 3 Ch. 27

Chapter 27

Vol. 3 Ch. 27

ထုတ်ကုန်အသစ် စစ်ဆေးမှုအောင်သွားပြီးနောက် လုယွီနှင့်ဓာတ်ပုံဆရာတို့ [ချိုမြိန်မြိန်အိမ်မက်]သို့ သတ်မှတ်အချိန်အတိုင်း ရောက်ချလာကြသည်။

မနေ့ညက ထန်းမီ အဝတ်ဗီရိုတစ်ခုလုံးအား မွှေနှောက် ရှာဖွေခဲ့သော်လည်း 'လှလှလေးဝတ်'လို့ရမယ့် ဝတ်စုံတစ်စုံမျှ ရှာမတွေ့ခဲ့ပေ။

အဆုံးမှာတော့ သူမ ဖုရှင်းဆီက ပြာလဲ့လဲ့ရောင် ဝတ်စုံလေးအား ငှားလိုက်ရ၏။

သူမ နောက်ပိတ်ရက်ကျရင် အချိန်‌ပေးပြီး အဝတ်အစားဝယ်ဖို့ စီမံချက်ချလိုက်တော့သည်။

ထန်းမီ ဝတ်စုံအားလဲ လိုက်ပြီးနောက် လုယွီ သူမအား ဝမ်းမြောက်ဝမ်းသာ ချီးကျူးနေတော့သည်။ သို့သော် သူမ၏မိတ်ကပ်မပါသည့် မျက်နှာအားမြင်တော့ တိတ်တိတ်လေး သက်ပြင်းချလိုက်ကာ ထန်းမီအား တစ်ဖက်သို့ခေါ်လိုက်ပြီး မိတ်ကပ်ပြင်ပေးလိုက်ရတော့၏။ ထန်းမီ သူမကိုယ်သူမ မဂ္ဂဇင်းကာဗာအတွက် ဓာတ်ပုံရိုက်ရမည့် မော်ဒယ်တစ်ယောက်လို့တောင် ထင်ယောင်မိ လိုက်တော့သည်။

လုယွီသည် မိတ်ကပ်လိမ်းတဲ့နေရာတွင် တကယ်ဆရာကျပြီး လိမ်းနည်းအများကြီးကို ထန်းမီအား သင်ပေးခဲ့၏။ မိတ်ကပ်ပြင်ပြီးသွားချိန် လုယွီ ဆံသဆရာတစ်ယောက်လိုမျိုး ကျွမ်ကျွမ်းကျင်ကျင်ဖြင့် ထန်းမီဆံပင်အား ထပ်ပြင်ပေးသည်။

ထန်းမီဆံပင်သည် ရှည်လျားနူးညံ့ပြီး အနက်ရောင် နှမ်းနက်လေးများသကဲ့သို့ တလက်လက် တောက်ပနေ၏။ လုယွီ သူမ၏ဆံပင်ထိန်းသိမ်းနည်း လျှို့ဝှက်ချက်အား စပ်စုကြည့်လိုက်လျှင်..။

ထန်းမီ မျက်နှာသေကြီးဖြင့်..."သဘာဝအတိုင်း ဖြစ်နေတာ"

လုယွီ : "...."

သူမ ထန်းမီဆံပင်အား ခဏလောက် ကလိနေပြီးနောက် ပင်လယ်ပြာရောင် ကလစ်လေးတစ်ခုဖြင့် တွယ်ပေးလိုက်လေသည်။

"အင်း ဒါလေးက ရှင့်ဝတ်စုံနဲ့လိုက်တယ်"

ထန်းမီ ဖာလားချထားသော ဆံပင်ရှည်များအား ဆွဲယူကြည့်ရင်း စိတ်မသက်မသာဖြစ်နေချေပြီ။

"ကျွန်မ စားဖိုမှူးယူနီဖောင်းပဲ ဝတ်တာကောင်းမယ် ထင်တယ်"

လုယွီ သေချာရှင်းပြရတော့သည်။

"တကယ်တမ်းကျ ကျွန်မတို့က ရှင့်ယူနီ‌ဖောင်းနဲ့ပုံကိုလိုတာ ဒါပေမဲ့ ပုံမှန်ဝတ်စုံနဲ့လည်း မဖြစ်မ‌နေ လိုအပ်တယ်လေ။ ဒါမှရိသတ်တွေဆွဲဆောင်နိုင်မှာ အခုခေတ်မှာ သူတို့တွေ ပုံပန်းသွင်ပြင်ကို ဘယ်လောက်ဂရုစိုက်ကြလဲဆိုတာ သိလား?"

ထန်းမီ : "....."

လုယွီ ခြေနှစ်လှမ်းလောက်ဆုတ်ကာ သူမအား သေချာပြန်ကြည့်လိုက်၏။

"အာ ရှင် ကယူနီဖောင်းနဲ့ဆို သာမန်လောက်ပဲလို့ထင်ရတာ ဒီလိုဝတ်စားလိုက်ရင် အရမ်းလှလိမ့်မယ်လို့ မထင်ထားဘူး တကယ့်မင်းသမီးလေးလိုပဲ"

ထန်းမီ မျက်ခုံးများတွန့်ချိုးသွားကာ-"ရှင်တကယ် ကျွန်မကို 'မုန့်ဖိုမင်းသမီး'လို့ နာမည်တပ် မလို့လား?"

"အင်း စိတ်ချလက်ချနေပါ။ ကျန်တာ ကျွန်မတို့ဆီသာ အပ်ထားလိုက်"

ထန်းမီ : "...."

'ရှင်တို့ကို အပ်ပြီး စိတ်ချနိုင်ဖို့ဆိုတာ မသေချာဘူး..'

လုယွီ သူမအား ပြင်ဆင်ပေးနေစဉ် ဓာတ်ပုံဆရာ အချိုပွဲအား ပုံရိုက်နေပြီးနောက် သူမအားထုတ်ကုန်အသစ်နှင့် ပို့စ်ပေးဖို့ပြောလာသည်။

ထန်းမီ ပုံမှန်အချိန်များတွင်တော့ ပုံရိုက်လေ့ရိုက်ထမရှိတာကြောင့် ဒါမျိုး ကျွမ်းကျင်အဆင့်ဆို ထည့်ပြောနေစရာတောင် မလိုပေ။ ဘေးဘက်တွင်လည်း မီးထိုး၊ မှန်ထိုးဝန်ထမ်းများလည်း ရှိနေ၏။

ဓာတ်ပုံဆရာရဲ့ညွှန်ကြားချက်အတိုင်း သူမလျှောက်လာကာ စားပွဲဘေးမှာ ထိုင်လိုက်ပြီးနောက် ခရမယ်ချိစ်ကိတ်အား ဇွန်းဖြင့်ဖဲ့ယူ၍ ပါးစပ်နားသို့ ကပ်လိုက်လေသည်။

ဓာတ်ပုံဆရာ : "ဟေး တောင့်တောင့်ကြီးမနေဘဲနဲ့ ကင်မရာကိုကြည့်ပြီး ပြုံးပေးပါ"

ထန်းမီ မော့ကြည့်ပြီး နှုတ်ခမ်းအား အတင်းဆွဲကာ ပြုံးပြလိုက်သည်။

ဓာတ်ပုံဆရာသည် နောက်တစ်ကြိမ် ထပ်၍..."သဘာဝဆန်ဆန်လေးပြုံး ချိုမြိန်တဲ့အပြုံးလေ ရှုချင်းယန်ရဲ့ [ချိုမြိန်စေတဲ့ဖော်မြူလာ]ကို မြင်ဖူးလား? သူမအချိုပွဲစားရင်းပြုံးပြလိုက်တာ ကြည့်ရှုသူထောင်နဲ့ချီသွားတယ် အခုမင်းရဲ့မျက်နှာပေးက ဒီကိတ်က စားမကောင်းတဲ့ပုံ‌လိုဖြစ်နေတယ်"

ထန်းမီ : "...."

'ဒါရိုက်တာကြီးရှင့် ကျွန်မက ရိုးရိုးမုန့်ဖုတ်ဆရာလေ!'

ယခုခေတ်တွင် မုန့်ဖုတ်ဆရာများသည် ရုပ်ရည်ကြည့်ကောင်းဖို့လိုရုံတင်မက သရုပ်ဆောင်လည်း ကောင်းရဦးမည်။ ဒီစမ်းသပ်မှုသည် တော်တော်လေးကို ကျယ်ပြန့်လွန်းနေ၏။

ထိုစဥ် ဘေးတွင်ရပ်နေသည့် လုယွီတစ်ယောက် အကြံပေးလာသည်။

"အဲလို ခံစားချက်ကိုရဖို့ ကိတ်ကို တကယ်စားလိုက်ရင်‌ရော ဘယ်လိုလဲ?"

ထန်းမီ ကိတ်မုန့်တစ်ဇွန်းအား ညင်ညင်သာသာလေး စားလိုက်သည်။

နူးညံ့တဲ့ခရင်မ်ချိစ်သည် သူမလျှာပေါ်မှာပျော်ဝင်သွားပြီး ပျော့ပျောင်းတဲ့ခရင်မ်အရသာနှင့် ကြွပ်ရွတဲ့ဘီစကစ်တို့ပေါင်းစပ်မှုက ထန်းမီအား စိတ်ကျေနပ်စေသည့် ညည်းသံလေး ထွက်ပေါ်လာစေ၏။

"ကောင်းတယ်"

ဓာတ်ပုံဆရာ ချီးကျူးလာသည်။

ထန်းမီ သူ့အား စိတ်ရှုပ်ထွေးမှုဖြင့် ကြည့်လိုက်ပြီးနောက်-"ရှင် ဓာတ်ပုံရိုက်လိုက်တာလား?"

"အင်း ပွင့်လင်းမြင်သာတဲ့ပုံက ပိုပြီးသဘာဝကျတယ်"

ထန်းမီ : "...."

ဓာတ်ပုံဆရာ ရလဒ်အား လုယွီဆီပြလိုက်ပြီး သူ့ပစ္စည်းကရိယာများကို စတင် သိမ်းဆည်းလိုက်တော့သည်။ လုယွီလည်း အိတ်အားလွယ်ရင်း ထန်းမီဆီပြေးလာ၏။

"အထူးကော်လရှင်ကိစ္စက အပြီးသတ်ရောက်တော့မယ် နောက်အပတ်ကျရင် ဝေပိုနဲ့ ဝက်ဆိုက်မှာ တရားဝင်တင်လိမ့်မယ် အိုး ဟုတ်သားပဲ! ကျွန်မတို့ အရင် အထူးကော်လရှင်ရဲ့ ကြယ်ပွင့်စားဖိုမှူးတုန်းက မီဒီယာကို တော်တော်လေး ဖမ်းစားနိုင်ခဲ့တာဆိုတော့ သတင်းထောက်တွေ ရှင့်ကို လာအင်တာဗျူးရင် အရမ်းအံ့ဩမသွားနဲ့!"

ထန်းမီ : "...."

သူမ နေ့ချင်းညချင်း နာမည်ကြီးသွားနိုင်တယ်လို့ ပြောနေတာလား? ဒါပေမဲ့.....ထန်းမီကတော့ အေးအေးချမ်းချမ်း မုန့်ဖုတ်ဆရာမလေးပဲ ဖြစ်ချင်ရုံပါ။

******

လိုအပ်တဲ့ပစ္စည်းတွေအားလုံး စုဆောင်းပြီးနောက် နောက်တစ်နေ့မှာပဲ ပီအာဌာနက အထူးကော်လရှင်ရဲ့ ပထမဆုံးပုံကြမ်းအား ပြီးစီးသွားခဲ့ပြီး ပုံမှန်မနက်ခင်း အစည်းအဝေးတွင် ယွီယိဆီ တင်ပြခဲ့ကြသည်။

အထူးကော်လရှင်တွင် ယွီကျီ၏ပြီးခဲ့တဲ့နှစ်ဝက်အတွင်း နာမည်ကြီးခဲ့သည့် အချိုပွဲအားလုံးပါဝင်သလို ရောင်းအားအကောင်းဆုံး ဂန္ထဝင်အချိုပွဲတွေနှင့် စားသောက်ဆိုင်တစ်ခုချင်းဆီက ထုတ်ကုန်အသစ်များ အားလုံးလည်း ပါဝင်လေသည်။

ပုံများအား ကြည့်ရုံနှင့်ပင် ဖတ်ရှုသူများ မနေနိုင်လောက်အောင် စားချင်သွားစေနိုင်၏။

ယွီယိ အားလုံးကို ကြည့်ရှုစစ်ဆေးရင်း သူ၏အနိမ့်အမြင့်မရှိသည့် ပြတ်တောင်းတောင်းအသံသည် အစည်းအဝေးခန်း တစ်ခုလုံးတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

"မုန့်ဖိုမင်းသမီး?"

ပီအာဌာနဒါရိုက်တာ ခေါင်းညိတ်ပြကာ-"အင်း ကြော်ငြာဖို့အတွက် ဗန်းပြထွင်လုံးလေးပါ လင်ချဲ့ရဲ့မုန့်ဖိုမင်းသားလိုပုံစံမျိုးပေါ့။ ဒီလိုနာမည်တပ်လိုက်ရင် ရောင်းအားပိုကောင်းစေတယ်"

ယွီယိ မပြောင်းလဲသော မျက်နှာထားဖြင့် ဝေဖန်လာခဲ့၏။

"ငါတို့က စားသောက်ကုန်လုပ်ငန်းလေ အနုပညာကုမ္ပဏီမဟုတ်ဘူး"

"အယ် ဒါဆိုစီအီးအိုယွီ....?"

"မကြိုက်ဘူး ဒီနာမည်ကို"

ဒီလိုနှင့် အချိုပွဲအထူးကော်လရှင် တရားဝင် ထွက်လာချိန်မှာတော့ ထန်းမီ၏နာမည်သည် 'မုန့်ဖိုဘုရင်မ'ဟု ပြောင်းလဲနေခဲ့တော့သည်။

[ချိုမြိန်မြိန်အိမ်မက်] ဆိုင်ဖွင့်ချိန်မတိုင်ခင် ကြီးကြပ်သူယွီနှင့် အမျိုးသမီးဝန်ထမ်းတစ်ဖွဲ့ အတူထိုင်ပြီး ဝေပိုအားကြည့်ကာ အံ့အားသင့်လိုက်၊ အာမေဋိတ်ပြုလိုက်နှင့် အလုပ်ရှုပ်နေကြသည်။

ထန်းမီ ယူနီဖောင်းလဲ ဝတ်ပြီးနောက် သူတို့ဆီသွားကာ မေးလိုက်လေ၏။

"ဘာတွေ ကြည့်နေကြတာလဲ?"

ကြီးကြပ်သူယွီ သူမအသံအားကြားကာ ခေါင်းမော့ကြည့်လိုက်ပြီးနောက် ရူံမဲ့နေသည့်အပြုံးတစ်ခု သူမမျက်နှာပေါ်တွင် ဖြတ်ပြေးသွားတော့၏။

"ငါတို့ရဲ့မုန့်ဖိုဘုရင်မကြီးရောက်လာပြီ"

ထန်းမီ သူတို့အားကြောင်ကြည့်နေပြီးနောက် သူမအကြည့်များ စားပွဲပေါ်ရှိတက်ဘလက်ဆီသို့ ရောက်သွားခဲ့လေသည်။

တက်ဘလက်ပေါ်ရှိ ယွီကျီ၏တရားဝင်ဝေပိုအား မြင်လိုက်မှသာ ဒီနေ့အထူးကော်လရှင်ထွက်မည်ကို သူမမှတ်မိသွားတော့၏။ ထန်းမီ ဘေးသို့ပြေးသွားရင်း သူမဖုန်းဖြင့် ဝေပိုထဲသို့ အလျင်အမြန် ဝင်လိုက်တော့သည်။

အချိုပွဲအထူးကော်လရှင်အား ကြေညာထားသည့်ပိုစ့်အား ထိပ်ဆုံးတွင်တင်ထားကာ အလွန့်အလွန်များလွန်းလှသည့် ရီဘလော့ဂ်များနှင့် ကောမန့်များကိုပါ ရရှိနေချေပြီ။ ထန်းမီ စိုးရိမ်တကြီးဖြင့် သူမပုံအား ဆိုဒ်အပြည့် ဖွင့်ကြည့်လိုက်လေသည်။

အထူးကော်လရှင်သည် တော်တော်ကျယ်ပြန့်ပြီး စားသောက်ဆိုင်တစ်ခုထဲကိုပဲ အသားပေးထားတာမျိုး မဟုတ်ပေ။

ထန်းမီ တစ်ခြားစားသောက်ဆိုင်များ၏ အချိုပွဲများကိုကြည့်ရင်း နောက်ဆုံးမှာတော့ ကြယ်ပွင့်စားဖိုမှူးဆိုတဲ့ အထူးကဏ္ဍနေရာသို့ ရောက်ရှိသွားတော့သည်။

'မုန့်ဖိုဘုရင်မ'ဆိုသည့်စာလုံးကြီးအား တဖိတ်ဖိတ်တောက်နေသော ရွှေရောင်အလင်း စပယ်ရှယ် အပ်ဖတ်များဖြင့် ဒီဇိုင်းဆွဲထားကာ တောက်ပလွန်းတာကြောင့် ထန်းမီမျက်လုံးများပင် ကြိမ်းသွားရ၏။

'....မုန့်ဖိုမင်းသမီး မဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး ဘုရင်မလို့ ထပြောင်းလိုက်တာလဲ?!'

'အရမ်းတော်ပေ့ဆိုတဲ့ စားဖိုမှူးတွေအများကြီးတောင် ဘုရင်မလို့ နာမည်မတပ်ကြတာ သူက ဘယ်လိုလုပ်ပြီး ဘုရင်မ ဖြစ်သွားတာလဲ?!'

ထန်းမီနှလုံးသားလေး မွန်းကြပ်သွားရတော့သည်။

တစ်ချိန်တည်းမှာပဲ လော့ဟောက်လည်း ထိုဝေပိုပို့စ့်၏ကောမန့်များကို ဖတ်နေ၏။

< ယွီကျီက မုန့်ဖုတ်ဆရာမကို ရုပ်ရည်ကြည့်ပြီး ရွေးခဲ့တာလား? :) >

< အရင်တစ်ခေါက် စားဖိုမှူးကလည်း တော်တော်လေးကို ချောမောခန့်ညားတာ တဆိတ်လောက်ပါ တံခါးစောင့်လာလုပ်လို့ရလား? >

< ငါ[ချိုမြိန်မြိန်အိမ်မက်]မှာ စားဖူးတယ် အရင်တစ်ခေါက်စတော်ဘယ်ရီပါဖေးက အရမ်းစားကောင်းတာ ဒီတစ်ခေါက်ကိတ်ကလည်း ကောင်းမယ့်ပုံပဲ မနက်ဖြန်ကျသွားစားမယ် စားမယ် (⁠≧⁠▽⁠≦⁠) >

< မုန့်ဖုတ်ဆရာမက [ ချိုမြိန်စေတဲ့ဖော်မြူလာ၂ ]မှာ သွားသရုပ်ဆောင်ရမှာ ကိတ်စားနေတဲ့ပုံလေးကို ကြည့်ပါဦး~ >

< ငါလည်းထောက်ခံတယ်။ ဒါပေမဲ့ ငါသိချင်တာတစ်ခုရှိတယ် မုန့်ဖုတ်ဆရာမဆီက ကိတ်ဝယ်ရင် ပို့ပေးလား? >

< ငါယွီကျီရဲ့ စားသောက်ဆိုင်အကုန်လုံးမှာ စားဖူးတယ်! [ချိုမြိန်မြိန်အိမ်မက်]ရဲ့မုန့်ဖုတ်ဆရာက အငယ်ဆုံးပဲ စားသောက်ဆိုင်ကြီးတွေမှာလုပ်ဖူးတဲ့ အတွေ့အကြုံလည်းရှိမယ့်ပုံမပေါ်ဘူး ဒါပေမဲ့ ကိတ်တွေကတော့ တကယ်အရသာရှိတယ်! >

< ငါအခုမှသိတာ ဒီမုန့်ဖုတ်ဆရာမနဲ့ငါက တက္ကသိုလ်အတူတူက‌နေဘွဲ့ရတာပဲ အဲတော့ ငါ့ကို ဒစ်စကောင့်ပေးလောက်မလား? >

< စီအီးအိုယွီ တက်ခဲ့တဲ့ တက္ကသိုလ်ကနေဘွဲ့ရတာကလည်း အလုပ်ဖြစ်လောက်တယ် >

******

လော့ဟောက် ရယ်ပြီး တက်ဘလက်အား ယွီယိဆီကမ်းပေးလိုက်တော့သည်။

"ဒီနေ့ အချိုပွဲအထူးကော်လရှင်ထွက်ပြီ။ အွန်လိုင်းက တုံ့ပြန်ချက်တွေက တော်တော်လေး ကောင်းနေတယ်။ ထန်းမီ နာမည်ကြီးလာလိမ့်မယ် ထင်တယ်။"

ယွီယိ လက်ချောင်းများ တက်ဘလက်သို့ပွတ်ဆွဲနေပြီးနောက် ထန်းမီ၏ပုံဆီ ရောက်ချိန်တွင် ရပ်တန့်သွား၏။

သူမ၏ပုံအများစုသည် သက်ဆိုင်ရာ ယူနီဖောင်းနှင့်ဖြစ်ပြီး ပုံမှန်ဝတ်စုံနှင့် ပုံနှစ်ပုံလည်းပါရှိသည်။ ရိုက်ထားသည့် ထိုပုံနှစ်ပုံတွင် ကိတ်စားရင်းပြုံးနေသော ပုံလေးသည် ကြည့်ရှုသူတိုင်းကိုပါ လိုက် ပြုံးမိစေနိုင်လေ၏။

လော့ဟောက် ရွှတ်နောက်နောက်ဖြင့်..."ထန်းမီ သေချာဝတ်လိုက်ရင် တော်တော် ဓာတ်ပုံစားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"အင်း" ယွီယိ ထောက်ခံလိုက်ပြီး တက်ဘလက်အား လော့ဟောက်ထံ ပြန်ပေးလိုက်တော့သည်။

ဖုရှင်းလည်း ဝေပိုတွင် တက်လာသော ထန်းမီ၏အင်တာဗျူးအား ကြည့်နေလေသည်။ ထို့နောက် သူမ စိတ်မရှည်တော့ဘဲ ထန်းမီအား ဖုန်းကောက်ဆက်လိုက်ကာ-"လခွမ်းပဲ ထန်းထန်း နင်ဘယ်အချိန်တုန်းက ဘုရင်ကြီးရဲ့မိန်းမ ဖြစ်သွားတာလဲ?!"

ထန်းမီ : ".....ဘယ်လို?"

"နင်က မုန့်ဖိုဘုရင်မ ဟုတ်တယ်မလား?! ဘုရင်မဆိုတာ ဘုရင်ရဲ့မိန်းမလေ?!"

"အဲတာ ကုမ္ပဏီက ကြော်ငြာဖို့အတွက် လုပ်လိုက်တဲ့ကိစ္စပါ နင့်လိုမီဒီယာမှာအလုပ်လုပ်တဲ့သူက သိရမှာမလား? 'မီဒီယာ ကစားတယ်'လို့ခေါ်တယ်!"

ဖုရှင်း : "...."

'အေးပါ ကစားတယ်ဆိုလည်း ကစားတာပေါ့..'

အထူးကော်လရှင်ပိုစ့်ကြောင့် နောက်နေ့များတွင် [ချိုမြိန်မြိန်အိမ်မက်]တွင် စားသုံးသူအပြည့် ဖြစ်နေလေသည်။ ဝန်ထမ်းများအားလုံး မြေကြီးနှင့် ခြေထောက်မထိရအောင် သွက်သွက်လက်လက် လှုပ်ရှားနေကြ၏။

အထူးသဖြင့် ထန်းမီပင်။ ဧည့်သည်အများကြီး သူမ၏ကိတ်အား တကူးတက လာစားကြသဖြင့် နေ့တိုင်းနီးပါး အချိန်ပိုဆင်းနေရသည်။ စားသောက်ဆိုင်မန်နေဂျာကတော့ အားလုံးအတွက် အချိန်ပိုကြေးက နည်းမည်မဟုတ်ဟု ကတိပေးထားသည့်အပြင် စားသောက်ဆိုင် သိမ်းဆည်းပြီးတိုင်းလည်း အားလုံး ဘောနပ်စ်များ ရကြ၏။

ထန်းမီ နှစ်လစာလောက်ရှိသည့် လစာအား ရထားပြီးသော်လည်း တစ်ချိန်မဟုတ်တစ်ချိန် ပိုင်ရှောင် ဆီသွားပြီး အပိုဝင်ငွေရှာသေး၏။ ထို့ကြောင့် သူမဘဏ်အကောင့်ထဲတွင် ပမာဏများသထက် များလာတော့သည်။ အခုဆိုလျှင် ထန်းမီ သူမ၏အိမ်ရှင်ကိုတောင် ခေါင်းမော့ ရင်ကော့ပြီး ကြည့်ရဲနေပြီပင်။

*******

စားသောက်ဆိုင်တစ်ခုစီ၏ လတ်တလော ငွေအဝင်အထွက် တိုးလာသည်ကို ရုံးချုပ်ကလည်း အတော်လေး ကျေနပ်နေလေသည်။

လော့ဟောက် ယွီယိ၏ရုံးခန်းထဲ ဝင်လာပြီးနောက် တင်ပြလိုက်၏။

"ကျွန်တော်တို့ ဒီနှစ်ဂျပန်နိုင်ငံရဲ့ အနောက်တိုင်း စတိုင်လ်အချိုပွဲဖလှယ်မှု ပရိုဂရမ်ကို ဖိတ်ကြားခံထားရပါတယ်။ ဒီလကုန်လုပ်မှာဖြစ်ပြီး ၂ယောက်ခေါ်ထားပါတယ်။ ကုမ္ပဏီကနေ ဘယ်သူတွေကို လွှတ်လိုက်ရမလဲ?"

ယွီယိ : "ငါတို့ အရင်တစ်ခေါက်က သဘောတူထားတဲ့အတိုင်း ဂျော်နသန်ကို လွှတ်လိုက်"

"သိပါပြီ နောက်တစ်ယောက်ကိုရော? စားသောက်ဆိုင်မန်နေဂျာတွေကို ထောက်ခံချက် ပို့ခိုင်းလိုက်ရမလား?"

ယွီယိ ချီတုံချတုံဖြစ်ပြီး သူ့ဘာသာသူ ရေရွတ်နေသလို..."ငါစဉ်းစားလိုက်ဦးမယ်"

လော့ဟောက် အမြန် ခေါင်းညိတ်ပြလိုက်ကာ တက်ဘလက်ရှိ ဝေပိုကိုပဲ ကြည့်ဖို့ စိတ်အားထက်သန်နေလေသည်။ ဒီလိုနှင့် သူယွီကျီ၏တရားဝင် ဝေပိုအား ဖွင့်လိုက်၏။

အချိုပွဲအထူးကော်လရှင်၏ ရေပန်စားမှုသည် ယခုထိတိုင် ပျောက်မသွားသေးပေ။ ဒီရက်ပိုင်းတွင် လူတွေ အများကြီး လာစားကြပြီး ဝေပိုတွင် ပုံများတင်ကာ သုံးသပ်ချက်များကို ရေးသားထားကြ၏။ တရားဝင်ဝေပိုတွင် လူအများကြီးရီဘလော့ဂ်ထားပြီး တစ်ဝက်လောက်ကတော့ ထန်းမီအား ချစ်ခွင့်ပန်ထားကြခြင်းပင်။

"စီအီးအိုယွီ ကြည့်အုန်း ထန်းမီက တော်တော်များတဲ့ ဧည့်သည်တွေကို ဆွဲဆောင်နေတာပဲ ဒီတစ်ခေါက်ပီအာဌာနရဲ့ဗျူဟာက မဆိုးဘူးလို့ပြောရမယ်။ ကြယ်ပွင့်စားဖိုမှူးကို ဖန်တီးတာက တကယ် ရောင်းအားကိုလှုံ့ဆော်လိုက်တာပဲ"

ယွီယိ ဝေပိုဘလော့ဂ်ကနေ အကြည့်လွှဲလိုက်ပြီး သူ့မျက်နှာထားသည်လည်း အေးစက်နေသည်။

"ပြောပြီးပြီ ငါတို့ကစားသောက်ကုန်လုပ်ငန်း အနုပညာကုမ္ပဏီ မဟုတ်ဘူးလို့"

"သိပါပြီ"

လော့ဟောက် အပေါ်ယံ ခေါင်းညိတ်ပြလိုက်သော်လည်း ယွီယိ၏လေသံထဲတွင် စိတ်ရှုပ်မှု အရိပ်သန်းနေတာကြောင့် သူစိတ်ထဲကနေ ကျိတ်ရယ်လိုက်မိတော့သည်။

ယွီယိ ခဏငြိမ်နေပြီးနောက်-"နောက်တစ်ယောက်ကို.....ထန်းမီကို လွှတ်လိုက်"

လော့ဟောက် မျက်လုံးထဲတွင် အံ့ဩမှုများ အပြည့်ဖြင့် သူ့အား ပြူးကျယ်လိုက်တော့သည်။

ယွီယိ : "အခုတစ်လော သူဧည့်သည်အများကြီး‌ကို ဆွဲဆောင်နိုင်တယ်လို့ ပြောခဲ့တယ်မလား?"

".....ဟုတ် ဒါပေမဲ့ ဒီဖလှယ်မှု ပရိုဂရမ်က ၁၀ရက်ကြာမှာ"

"သိတယ်"

လော့ဟောက် မသိမသာမျက်မှောင်ကြုတ်မိသော်လည်း ယွီယိအား ပြုံးပြရသေး၏။

"ဒါဆို ကျွန်တော် စားသောက်ဆိုင်မန်နေဂျာချီကို အသိပေးဖို့သွားလိုက်မယ်"

သူတံခါးဝကိုရောက်တော့ ယွီယိရပ်ခိုင်းလိုက်၏။

"နေဦး"

လော့ဟောက် ပြန်လှည့်လာလျှင်..။

"စီအီးအိုယွီ တစ်ခြားညွှန်ကြားချင်တာရှိလို့လား?"

"ငါ့အတွက်ပါ ခရီးစဉ်တစ်ခုစီစဉ်ပေး သိပ်မကြာခင်မှာ စစ်ဆေးရေးလုပ်ဖို့ နိုင်ငံခြားကို သွားမယ်"

"ဘယ်ကိုလဲ?"

"ဂျပန်"

လော့ဟောက် ရယ်ချမိတော့မလို ဖြစ်နေသော်လည်း သူ၏ကြံခိုင်သည့် စိတ်စွမ်းအားဖြင့် တည်တည်ငြိမ်ငြိမ်ပြန်နေကာ-"ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါမယ်"

______________________________

All Chapters