← Chapters

Chapter 28

Vol. 3 Ch. 28

Chapter 28

Vol. 3 Ch. 28

ဖလှယ်မှုပရိုဂရမ်သို့ တက်ရောက်ရမယ့်သူများကို အတည်ပြုပြီးနောက် ကုမ္ပဏီမှ သက်ဆိုင်ရာ စားသောက်ဆိုင်မန်နေဂျာများထံသို့ သတင်းပို့လိုက်ကြ၏။

ထန်းမီ ပရိုဂရမ်အတွက် နိုင်ငံခြားသို့ လွှတ်ခံရမည်ဟူသော သတင်းအား ကြားပြီးနောက် နေ့တစ်ဝက်လောက် ငေးငိုင်းတိတ်ဆိတ်နေတော့သည်။

'ဖလှယ်ဖို့အတွက် နိုင်ငံခြားကိုသွားရတဲ့ အခွင့်အရေးမျိုးက ကုမ္ပဏီမှာ နှစ်အကြာဆုံးလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကိုပဲ ပေးတာမလား?'

'ယွီကျီရဲ့စားသောက်ဆိုင်အသစ်မှာ လုပ်တာမကြာသေးတဲ့ သူ့လိုလူသစ်အတွက် ဘယ်လိုလုပ်ပြီး ခေါင်းပေါ် အသားတုံးကျလာတာလဲ?'

"ဘာလဲ မသွားချင်လို့လား?"

စားသောက်ဆိုင်‌မန်နေဂျာ.သူမအကြာကြီး တိတ်ဆိတ်နေသည်အား မြင်ကာ မျက်ခုံးတစ်ဖက်ပင့်ပြရင်း စနောက်လိုက်၏။

"မဟုတ်ပါဘူး ကျွန်မ.......အိမ်မက်မက်နေသလို....ခံစားရလို့"

ထိုစကားအား ကြားကာ စားသောက်ဆိုင်မန်နေဂျာသည် ခပ်ပါးပါး ရယ်လိုက်ရင်း..."ဒါ သင်ယူဖို့အတွက် အခွင့်အရေးကောင်းမို့လို့ လက်လွှတ်မခံနဲ့ ပြီးတော့ ဖလှယ်မှုပရိုဂရမ်က ၁၀ရက်ကြာမှာမို့လို့ နိုင်ငံခြားမှာ‌ ပျော်ပျော်ကြီး လျှောက်လည်လို့ရတယ်"

"အာ ကျွန်မသွားရင် စားသောက်ဆိုင်က ဘယ်လိုဖြစ်မှာလဲ?"

"အဲဒါအတွက် စိတ်ပူစရာမလိုပါဘူး။ အချိန်ကျလာရင် ရုံးချုပ်က ဒီကို တစ်ခြားမုန့်ဖုတ်ဆရာ လွှတ်ပေးလိမ့်မယ်။"

ထန်းမီ ခေါင်းညိတ်လိုက်တော့သည်။

"ဟုတ်။ အဲဒါဆိုကျွန်မဘာတွေ ပြင်ဆင်ထားရမလဲ?"

"ကုမ္ပဏီက လုပ်ရိုးလုပ်စဉ်အတိုင်း စီစဥ်ပေးလိမ့်မယ်။ မင်းက ဒီကမသွားခင် ခရီးအတွက် ပြင်ဆင်ရုံပဲ။ အော်..စကားမစပ် မင်းနဲ့အတူသွားမယ့် တစ်ခြားမုန့်ဖုတ်ဆရာက [ ဆည်းဆာ ]က ဂျော်နသန်တဲ့ သူလုပ်တဲ့ မာခရွန်တွေက ယွီကျီရဲ့ရေပန်းအစားဆုံး အချိုပွဲ‌တွေထဲမှာ ထိပ်တန်း၃နေရာကို ယူထားတာ နှစ်ချို့နေပြီ။"

ထန်းမီ ထိုအရာအား ကြားပြီးနောက် စိတ်လှုပ်ရှားစွာပြောလာ၏။

"ကျွန် မသူ့ကိုသိတယ်။ သူ့မာခရွန်တွေကို တော်တော်‌လေးကြိုက်တာ နောက်ပြီး [ ဆည်းဆာ ]ရဲ့မာခရွန်တွေက ပါဆယ်မှာလို့လည်း ရတယ်။"

သူမ အဲကို တကူးတကသွားကာ ဘူးလိုက် ဝယ်ဖူး၏။

စားသောက်ဆိုင်မန်နေဂျာလည်း ချက်ချင်း အကြံရသွားကာ-"တကယ်တော့ ငါလည်း အဲတာကို စဉ်းစားနေတာ။ ငါတို့စားသောက်ဆိုင်လည်း ပါဆယ်ထုပ်လို့ရတဲ့ အချိုပွဲတွေ လုပ်ကြည့်မလားလို့

ကွတ်ကီးတို့ ချောကလက်တို့လိုပေါ့---အရင်တစ်ခါရောင်းခဲ့ရတဲ့ ခရမယ်ချိစ်ကိတ်ကိုလည်း အဆင့်မြင့်အချိုပွဲအသေးစား လက်ဆောင်ပုံစံမျိုးလုပ်လို့ရတယ်။ ဧည့်သည်တွေလည်း ကောင်းကောင်း ယူသွားလို့ရမှာ

အာ..မင်းပြန်လာတော့မှ ဒါကို ဆွေးနွေးကြတာပေါ့ ဂျော်နသန်က ဝါရင့်မုန့်ဖုတ်ဆရာမို့လို့ သူ့ဆီကနေလည်း အများကြီးသင်ယူလာခဲ့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် စားသောက်ဆိုင်မန်နေဂျာ!"

စားသောက်ဆိုင်မန်နေဂျာ တခစ်ခစ်ရယ်လိုက်ကာ-"တကယ်တော့ မင်းကျေးဇူးတင်ရမယ့်သူက စီအီးအိုယွီ။ ငါလက်ထောက်လော့ဆီက ကြားတာ စီအီးအိုယွီက မင်းကိုတော်တော် လေးစားနေတာတဲ့"

ထန်းမီ၏နှလုံးသားလေး ကြောက်ရွံ့မှုများဖြင့် တုန်လှုပ်သွားရတော့သည်။

"အိုး အဲဒါဆို....ကျေးဇူးတင်ပါတယ် စီအီးအိုယွီ!"

စားသောက်ဆိုင်မန်နေဂျာ : "...."

ညနေအလုပ်က ပြန်ရောက်တော့ ထန်းမီ ဧည့်ခန်းထဲသို့ အမြန်ပြေးဝင်လိုက်ပြီး ဖုရှင်းဘေးတွင်လှဲချလိုက်တော့၏။

"ရှောင်ရှင်းရှင်း ငါဂျပန်သွားရတော့မှာ!"

"အမ်?"

ဖုရှင်း လက်ထဲက ကန်စွန်းဥခြောက်ကို ကိုက်ရင်း သူမအား ကြောင်ကြည့်နေမိတော့သည်။

"ဘာဖြစ်လို့ အဲကိုသွားရမှာလဲ?"

"ငါ အနောက်တိုင်းမုန့်တွေ ဖလှယ်တဲ့ပရိုဂရမ်ထဲမှာပါရတယ်"

"ဟားဟား မနောက်စမ်းပါနဲ့ နင်ဂျပန်စကားတောင်‌ ပြောတတ်တာမဟုတ်ဘူးလေ!"

ထန်းမီ : "...."

"အနောက်တိုင်းစတိုင်လ် အချိုပွဲဖလှယ်မှုပရိုဂရမ်"

သူမသွေးတက်တော့မလို ဖြစ်‌သွားရသည်။

ဖုရှင်း သေချာစဉ်းစားနေပြီးနောက် သဘောပေါက်သွားပုံဖြင့် ထန်းမီ၏လက်များအား စိတ်လှုပ်ရှားစွာဖြင့် ဆွဲကိုင်လိုက်ကာ-"နှစ်စဉ် မုန့်ဖလှယ်တဲ့ပရိုဂရမ်လား? နှစ်တိုင်း ယွီကျီကလွှတ်နေကြဟာလေ?!"

ထန်းမီ၏အပြုသဘောဆောင်သည့် အဖြေအားရသွားပြီးနောက် ဖုရှင်း ပိုပြီးစိတ်လှုပ်ရှားသွားပုံပင်။

"ဒါဆို စရိတ်ရှင်းစရာ လုံးဝမလိုတဲ့ခရီးပေါ့? ဘုရားရေ ထန်းထန်း နင်အလုပ်လုပ်တာ ၂လပဲရှိ‌သေးတယ်။ စရိတ်ပေးစရာမလိုတဲ့ခရီးကိုတောင် သွားနိုင်နေပြီ?! နင့်စားသောက်ဆိုင် လူခေါ်သေးလား? တက္ကသိုလ်တွေကတောင် လူသားအပြုအမူ သင်ထားတဲ့သူတွေကို လက်ခံတယ်လို့ငါဖတ်ဖူးတယ်!"

ထန်းမီ : "..."

"နင်ဝန်ထမ်းရေးရာဌာနကို ဖုန်းဆက်ကြည့်လိုက်"

ထန်းမီ သူမအား ဖုန်းကြီးထိုးပေးပြီးနောက် ထလိုက်ကာ အိပ်ခန်းထဲသို့ဝင်သွားတော့သည်။ သူမ ရေချိုးပြီးနောက် ဖုရှင်း စာရွက်တစ်ရွက်ဖြင့် အခန်းထဲသို့အမြန်ဝင်လာ၏။

"ထန်းထန်း ဒီမှာ ငါဝယ်ချင်တဲ့ပစ္စည်းတွေ ပြန်လာရင် ငါ့အတွက် ဝယ်လာ‌ပေးဖို့ မမေ့နဲ့နော် မွ~!"

ထန်းမီ စာရွက်အားကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိလေတော့သည်။ မိတ်ကပ်၊ မျက်နှာကပ်မက်စ်၊ အဝတ်အစား၊ မုန့်.....ခေါက်ဆွဲခြောက်လည်းပါသေး၏။

"အများကြီးပဲ ငါ့ခရီး‌ဆောင်အိတ်ထဲ ဆံ့မှာမဟုတ်ဘူး"

ထန်းမီစာရွက်အား ဖုရှင်းရင်ဘတ်ပေါ် ပြန်ပစ်ပေးလိုက်သည်။

ဖုရှင်း အားတက်သရော ကူညီအားဖြည့်ပေးလာ၏။

"ရတယ် ငါ့ခရီး‌ဆောင်အိတ်ယူသွား အကြီးကြီးပဲ!"

ထန်းမီခေါင်းမော့ကာ သူမအား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်တော့သည်။

"ငါ ဝယ်မယ်ဆိုရင်တောင် နင့်အ‌ကြွေးရှင်တွေက သဘောတူမှာမဟုတ်ဘူး"

အကြွေးရှင်ဆိုသည့်အသံကြားတော့ ဖုရှင်း မျက်နှာလေး ချက်ချင်းနွမ်းကျသွားကာ ထန်းမီအား မျက်ရည်တဝဲဝဲဖြင့်..."ထန်းထန်း နင်သူဌေးမ ဖြစ်လာရင် သူတို့မျက်နှာကို ပိုက်ဆံနဲ့ပစ်ပေါက်လို့ရအောင် ကူညီပေးမှာ မလား?"

"ဘာလို့လဲ? သူတို့ဆီက အကြွေးယူထားတာ ငါမဟုတ်ဘူးလေ"

ဖုရှင်း : "...."

'တစ်ယောက်ကိုတစ်ယောက် ကိုယ်စောင့်နတ်လို စောင့်ရှောက်တယ်ဆိုတာ ဘယ်လိုဖြစ်သွားပြီလဲ?'

သောကဖြင့် ဆို့နင့်သွားကာ ဖုရှင်း ဈေးဝယ်စာရင်းထဲကရှိ တစ်ဝက်လောက်အား ရင်နာနာဖြင့် ဖယ်ပစ်လိုက်ရတော့သည်။

"ဟုတ်ပါပြီ။ ဒါပဲဝယ်ခဲ့ပေး နင်လည်း ဂျပန်ရောက်တုန်း အဝတ်အစားတွေဝယ်ခဲ့လေ နင့်ဗီရိုထဲမှာ အဝတ်အကောင်းစားတွေရှိလို့လား?"

ထန်းမီ နှုတ်ခမ်းအား ဖိကိုက်လိုက်ပြီး..."ဒါပေမဲ့ အဝတ်အစားတွေက ဈေးကြီးတယ် ငါ အဲလောက်ပိုက်ဆံကို ဘယ်ကရမှာမို့လို့လဲ?"

"အဲလိုဆိုရင်တောင် အဝတ်ကောင်းကောင်းလေး တစ်ထည်လောက်တော့ရှိရမှာပေါ့ နောက်ကျနင်အဝတ်တွေလိုရင် ငါငှားပေးတော့မှာ မဟုတ်ဘူးနော်"

"အယ် ငါငှားရင်တောင် နင့်အဝတ်တွေက ခါးမှာအရမ်းချောင်နေလို့ မတော်ဘူး"

ဖုရှင်း : "...."

ဖုရှင်း ခပ်တည်တည်ဖြင့် အခန်းထဲ ပြန်ဝင်ကာ ထိုင်-ထသွားပြန်လုပ်နေလိုက်တော့၏။

ရက်အနည်းငယ်ကြာပြီးနောက် ထန်းမီ ရုံးချုပ်၌ သက်ဆိုင်ရာ အချက်အလက်များကို သွားတင်ချိန်တွင်

သူမလိုပဲ အချက်အလက်များလာတင်သည့် ဂျော်နသန်နှင့်ဆုံဖြစ်ကြ၏။ နှစ်ယောက်သား ကော်ရစ်ဒါတွင် စကားစမြည်ပြောနေကြရင်း ယွီယိနှင့်လော့ဟောက်တို့လည်း လျှောက်လာ‌ခဲ့ကြသည်။

ထန်းမီ မတ်မတ်ရပ်မိရင်း ယွီယိအား ယဉ်ကျေးစွာနှုတ်ဆက်လိုက်လေ၏။

"မင်္ဂလာပါ စီအီးအိုယွီ"

ယွီယိ ခေါင်းညိတ်ပြပြီး သူမနှင့်သူမဘေးရှိ ဂျော်နသန်တို့အား စကားအနည်းငယ် ပြောလာတာကြောင့် ထန်းမီ တော်တော်လေး အံ့သြသွားရတော့သည်။ ယွီယိသည်လည်း ပြင်သစ်စကားကောင်းကောင်း ပြောတတ်နေတာပင်။

သိပ်မကြာခင်မှာပဲ ဂျော်နသန်ထွက်ခွာသွားပြီး သူမလည်း သူ့နောက်မှလိုက်၍ ထွက်သွားဖို့ လုပ်လိုက်ချိန် လော့ဟောက် သူမအား လှမ်းခေါ်လိုက်တာကြောင့် ရပ်တန့်သွားတော့၏။

"မင်း ပြင်သစ်စကားမွှတ်နေအောင် ပြောတတ်လိမ့်မယ်လို့မထင်ထားဘူး"

ထန်းမီ တခစ်ခစ်ရယ်လျက်-"ကျွန်မ ပြင်သစ်ကိုမသွားခင် သူတို့ဘာသာစကားကို သေချာလေ့လာခဲ့တာလေ။ အင်္ဂလိပ်စာကိုသာ အဲလိုလေ့လာခဲ့ရင် နာမည်ကြီးတက္ကသိုလ်ရဲ့ဝင်ခွင့် အောင်လောက်တယ်"

လော့ဟောက် သဘောတကျ ရယ်လိုက်လေသည်။

"ကံကောင်းလို့ပေါ့။ မဟုတ်ရင် ငါတို့တွေ မုန့်ဖုတ်ဆရာလိုနေမှာ"

ထန်းမီ ရောရယ်လိုက်မိပြီး ယွီယိကတော့ ဘေးတွင် အသံတိတ်ရပ်နေ၏။ သူ ထန်းမီထွက်သွားတော့မှာကို မြင်တော့မှ စကားလှမ်းပြောလေသည်။

"ဒီနှစ် မုန့်ဖလှယ်တဲ့ပရိုဂရမ်က သင်ယူဖို့အတွက် တော်တော်ကောင်းတဲ့ အခွင့်အရေးမို့လို့ ကောင်းကောင်းအသုံးချပါ"

"ဟုတ် သိပါပြီ"

"နိုင်ငံခြားရောက်ရင် လုံခြုံရေးကိုလည်း ဂရုစိုက်"

"ဟုတ် စိတ်ပူပေးတဲ့အတွက်ကျေးဇူးပါ စီအီးအိုယွီ"

ယွီယိ တိတ်ဆိတ်နေကာ တစ်ခုခုပြောဖို့ စဉ်းစားနေသလိုပင်။ အဆုံးမှာတော့ သူရိုးရိုးရှင်းရှင်းပဲ နှုတ်ဆက်လိုက်တော့၏။

"အင်း နောက်မှတွေ့မယ်"

".....ဟုတ် နောက်မှတွေ့ကြတာပေါ့"

ထန်းမီ ယွီယိ ထွက်သွားသည်ကို ရပ်ကြည့်နေလိုက်သည်။ လော့ဟောက် သူမဖြတ်လျှောက်သွားချိန်တွင် ထန်းမီမသိသေးသည့် အကြောင်းရင်းတစ်ချို့ကြောင့် ပြုံးကြည့်နေမိတော့၏။

ထန်းမီ : "...."

***************

တစ်နေ့ပြီးတစ်နေ့ လုပ်ငန်းဆောင်တာများဖြင့် ကုန်ဆုံးသွားကာ မသိလိုက်ခင်မှာပဲ သွားရမယ့်နေ့သို့ ရောက်လာတော့၏။

ထန်းမီ လုယွီအား လေဆိပ်မှာမတွေ့ခင်အထိ လုယွီလည်း ဂျပန်သို့ လိုက်ရလိမ့်မည်ဟုမသိခဲ့ပေ။

"ကျွန်မက မုန့်ဖလှယ်ပွဲမှာ ဖြစ်ပျက်သမျှကိစ္စ အစကနေအဆုံး သတင်းပြန်ပို့ရမှာ နေ့တိုင်း တရားဝင်ဝေပိုမှာလည်း နောက်ဆုံးရ အခြေအနေတွေကို တင်ဖို့လိုတယ်လေ"

လုယွီ ထန်းမီအား ရှင်းပြလိုက်၏။

ထို့နောက် သုံးယောက်သား လေယာဉ်ပေါ်သို့ အတူတက်လိုက်ချိန်တွင် သူတို့ထက်အရင် ယွီယိသည် လေယာဉ်ပေါ်ကြိုရောက်နေနှင့်ပြီး ဖြစ်သည်။

လော့ဟောက် သေချာစဉ်းစားပြီး စီစဉ်ခဲ့တာကြောင့် သူတို့၏ နိုင်ငံခြားစစ်ဆေးရေးခရီးစဉ်သည် ဖလှယ်မှုပရိုဂရမ်နှင့် တစ်နေရာတည်းပင်။

လေယာဉ်ပေါ်တွင် လုယွီ ထန်းမီနှင့်အတူ အားရပါးရ စကားပြောနေကြ၏။ သူမ ပြင်သစ်စကားမသိပေမဲ့ ဂျပန်စကားကိုတော့ ကိုယ့်ဘာသာလေ့လာခဲ့သည်။ ထန်းမီ တစ်နေရာရာ သွားလည်ချင်ရင် သူမ ခရီးသွားလမ်းညွှန်တောင် လုပ်ပေးလို့ရသည်။

ထန်းမီ ဖုရှင်း ပေးလိုက်သည့် ဈေးဝယ်စာရင်းအကြောင်း တွေးကာ ဘယ်မှာဝယ်ရမှန်းမသိ ဖြစ်နေမှာကို စိုးရိမ်နေခဲ့တာပင်။ အခုတော့ လုယွီလည်း ရှိနေပြီဖြစ်လို့ အဆင်ပြေသော်လည်း သူမစာရင်းထဲက တစ်ချို့ကိုတော့ ပယ်လိုက်ဖို့ ဆုံးဖြတ်ထားသည်။

နှစ်ယောက်သား လေယာဉ်ခရီးစဉ် တစ်လျှောက်လုံး စကားစမြည်ပြောနေကြပြီး နောက်ဆုံးမှာတော့ သူတို့၏ပန်းတိုင်သို့ ရောက်လာခဲ့ကြလေ၏။ လေယာဉ်ဆင်းသက်ပြီးနောက် သူတို့အား လာကြိုသူသည် သေးသွယ်ကျစ်လျစ်ပြီးလှပတဲ့ ဂျပန်မိန်းကလေး ဖြစ်နေလေသည်။ သူမသည် အင်္ဂလိပ်စကားအား ဂျပန်အသံလေးလေးဖြင့်ပြောလာ၏။ လုယွီ သူမ၏အင်္ဂလိပ်စကားသံအား ကြားပြီးနောက် ဆက်နားမထောင်ချင်တော့သဖြင့် ပြုံးပြကာ ဂျပန်လို မေးလိုက်တော့သည်။

"ရှင် ဂျပန်စကားပြောတတ်လား?"

ထန်းမီ ထိုမိန်းကလေးမျက်နှာပေါ်မှ ပြောစရာ စကားပျောက်ဆုံးသွားသည့်ရုပ်အား ရှင်းရှင်းလင်းလင်း မြင်ရ၏။

လုယွီ ဂျပန်စကားပြောတတ်သည်ကို သိလိုက်ပြီးနောက် ထိုမိန်းကလေး အင်္ဂလိပ်စကား ထပ်မသုံးတော့ချေ။ ခရီးစဉ်တစ်လျှောက်လုံး သူမအရာအားလုံးကို ဂျပန်စကားဖြင့်ရှင်းပြသည်။

လာကြိုသည့် ကားလေးသည် သူတို့အား ဟိုတယ်သို့ ခေါ်ဆောင်လာ၏။ ဂျော်နသန်နှင့် တစ်ခြား ပြင်သစ်မုန့်ဖုတ်ဆရာတစ်ယောက်သည် တစ်ခန်းအတူနေရပြီး လုယွီနှင့် ထန်းမီကတော့ အခြားအခန်းတွင် အတူနေရသည်။

မုန့်ဖလှယ်မှုပရိုဂရမ်သည် မနက်ဖြန် တရားဝင်စတင်မည်ပင်။ နှစ်ယောက်လုံး အခန်းကတ်များ ကိုယ်စီရပြီးနောက် သူတို့အခန်းဆီကို ရောက်လာကာ အထုတ်အား စတင်ဖြေတော့သည်။ ထို့နောက် ထန်းမီ ဖုရှင်းပေးလိုက်သည့် စာရင်းအား ထုတ်ကာ လုယွီကိုအကူညီတောင်းလိုက်လေသည်။

"ကျွန်မသူငယ်ချင်းက ပစ္စည်းတွေမှာလိုက်လို့ အတူလိုက်ခဲ့ပေးလို့ရလားဟင်?"

"ရတာပေါ့"

လုယွီ ခရီးဆောင်အိတ်အား အခန်းထောင့်တွင် ထားလိုက်ကာ ထန်းမီအား လှည့်ကြည့်ရင်း..."ငါတို့မပြန်ခင် ဝယ်ကြတာပေါ့။ ငါ့ကောင်လေးကလည်း ပစ္စည်းတွေ မှာလိုက်တယ်"

ထန်းမီ : "...."

'ဘာလို့လုယွီ အမြဲတမ်း 'ငါ့ကောင်လေး'စကေးကို ထုတ်ထုတ်သုံးရတာလဲ?'

ထန်းမီ တိတ်တိတ်လေးသာ အထုတ်ပြန် ဖြေနေလိုက်တော့၏။

လုယွီ အထုတ်ဖြေပြီးနောက် ထန်းမီဘက်ပြေးလာကာ-"ကျွန်မတို့ဒီနေ့အားတာပဲ အပြင်ထွက်ပြီး လျှောက်လည်ရအောင် ဂင်ဇာမှာ ပင်လယ်စာသွားစားကြမလား?"

ထန်းမီ : "...."

လုယွီ၏လစာသည် တော်တော်လေးမြင့်လိမ့်မည်ဟု သူမခံစားမိလိုက်သည်။

"ကျွန်မတို့သာ မန်အစားအစာလေးပဲ စားကြမလား? ကျွန်မအခုတလော ခေါက်ဆွဲအရမ်းစားချင်နေတာ"

"အိုခေလေ!"

လုယွီ ဖုန်းထုတ်လိုက်ပြီး ဟိုတယ်ဝိုင်ဖိုင်နှင့် ချိတ်ကာ ထန်းမီကို ပြဖို့ ဝေပိုဖွင့်လိုက်၏။

"ကျွန်မ အရင်တစ်ခေါက် ဂျပန်ကို လာတုန်းက ဟောဒီ ဖုဒီခရီးသွားလမ်းညွှန်ကိုသုံးခဲ့တာ ကျွန်မ မှတ်ထားတာလည်းရှိသေးတယ် ခဏစောင့် ရှင့်ဆီ ပို့လိုက်မယ်"

နှစ်ယောက်သား လမ်းညွှန်အတိုင်း ခရီးစဉ်ဆွဲလိုက်ကြတော့သည်။ သူတို့လမ်းလျှောက်ရင်း စားကြတာကြောင့် ဗိုက်ဝသလိုမခံစားရပေ။ ထို့နောက် တစ်ဖြည်းဖြည်း ကောင်းကင်၌ မှောင်ရိပ်သန်းလာချိန်တွင် ထန်းမီ ဟိုတယ်ဆီပြန်ကြဖို့ အကြံပေးလိုက်ရ၏။

လုယွီကတော့ ထိုအကြံပေးချက်အား ပြင်းပြင်းထန်ထန်ကန့်ကွက်ကာ-"အခုမှနေစဝင်ရုံ ရှိသေးတယ် ဘာလို့အစောကြီး ပြန်အိပ်ရမှာလဲ?!"

ထန်းမီ မျက်တောင်များ ပုတ်ခတ်လိုက်မိတော့သည်။

"ဒါဆို ဘယ်သွားကြမလို့လဲ?"

ထိုစဥ် လုယွီ၏ယောကျာ်းဆန်ဆန် ရယ်သံကြီး ထွက်ပေါ်လာကာ-"တိုကျိုရောက်ရင် ဟို့စ်ကလပ်ဆီ မသွားဘဲ နေလို့ရမလား?"

ထန်းမီ နှုတ်ခမ်းများ ပွင့်ဟလာတော့၏။

"ရှင့်မှာ ကောင်လေးရှိတယ်မလား?"

လုယွီ သူမအား ကြည့်ရင်း မျက်နှာတည်သွားလေသည်။

"ကလပ်ကို ဘယ်နေရာလို့ တွေးနေတာလဲ? ဒီနေရာက အရက်သောက်ရုံပဲ! နင့်အတွေးတွေ တော်တော် ညစ်ပတ်တာပဲ!"

ထန်းမီ : "......"

'သူ? သူ့အတွေးတွေက ညစ်ပတ်တယ်?!'

သူမကိုယ်သူမ ပြန်လည်သုံးသပ်နေတုန်းမှာပဲ ဖြူစင်လှသည့် လုယွီလေးသည် တံခါးပေါက်ဆီ ဦးဆောင်ခေါ်သွားလေသည်။

ဝင်သွားပြီးနောက် ကောင်လေးချောချောလေးများ တန်းစီပြီး ပြိုင်တူနှုတ်ဆက်ကြ၏။ ထန်းမီ ကြောက်သွားကာ တံခါးအပြင်ဘက်သို့ ပြေးထွက်မိတော့မလိုဖြစ်သွားရတော့သည်။ လုယွီကတော့ အတော်လေး တည်ငြိမ်နေကာ လျင်မြန်စွာသူတို့နှင့် စတင်စကားစမြည်ပြောနေလေ၏။

တစ်ဖက်ရှိ ထန်းမီကတော့ ထိတ်လန့်နေသည့် အခြေအနေ၌သာ အတောင့်သား ရပ်နေလေသည်။ ဖရိုဖရဲ ဖြစ်နေသည့် သူမအား လုယွီ ဆိုဖာပေါ်မှာ ထိုင်ဖို့ဆွဲခေါ်သွားပြီး ချောမောခန့်ညားတဲ့ ယောက်ျားတစ်ယောက် သူမဘေးတွင် လာထိုင်ကာ စကားစလာသည့်အချိန်အထိ သူမအတွေးများ ဗလာဖြစ်နေဆဲပင်။

ထန်းမီ : "...."

ထို့နောက် သူမတရုတ်လို မေးစမ်းကြည့်လိုက်သည်။

"ရှင် တရုတ်စကားပြောတတ်လား?"

ထို ချောမောခန့်ညားသည့် ယောက်ျားသည် ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် မျက်တောင်ပုတ်ခတ်ပြကာ ပြုံး၍ကြည့်နေလျှင်..။

ထန်းမီ ပြင်သစ်လိုထပ် ပြောကြည့်လိုက်သည်။

"ပြင်သစ်စကားရော ပြောတတ်လား?"

ချောမောခန့်ညားတဲ့ယောက်ျားက ပြုံးပြုံးလေး မျက်တောင်ခတ်ပြ ပြန်သည်။

ထန်းမီ အင်္ဂလိပ်စကားပြောဖို့လုပ်လိုက်သော်လည်း လေဆိပ်မှာ တွေ့ခဲ့တဲ့ ကောင်မလေးရဲ့အင်္ဂလိပ်စကားကို ပြန်အမှတ်ရပြီး စကားလုံးတွေကို မျိုချလိုက်သည်။

သူ(မ) လုယွီကို အကူအညီတောင်းဖို့တွေးလိုက်သော်လည်း လုယွီဖုန်းက ထမြည်လာလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မလဲ?

" ဒါစီစဉ်သူခေါ်တာပဲ တခုခုဖြစ်လို့နေမှာ ငါဖုန်းသွားပြောလိုက်ဦးမယ် ပြန်လာခဲ့မယ်နော် "

ထန်းမီ : "...."

လုယွီနှင့် မြူးထူးစွာ စကားပြောနေသည့် ရုပ်ချောချောယောက်ျားသည်လည်း သူမဘက် လှည့်ကြည့်လာကာ မျက်တောင်ခတ်ပြလေသည်။

ထန်းမီ ထိုရုပ်ချောချောယောက်ျား နှစ်ယောက်အား နားလည်လွယ်သည့် မျက်နှာထားဖြင့်သာ တုံ့ပြန်လိုက်တော့၏။

ယွီယိ ဟို့စ်ကလပ်ထဲ ဝင်လာချိန်တွင် ထိုမြင်ကွင်းအား တွေ့လိုက်ရသည်။

ထန်းမီ ထိုယောက်ျားနှစ်ယောက်အား ကြည့်နေစဉ်မှာပဲ အရှေ့ကနေ တောက်ပနေသည့် အသံလေး ထွက်လာခဲ့၏။

"မင်္ဂလာပါ ကျွန်တော်က ဟာ့တ်ဖြစ်ပါတယ်။ ဒီနေ့က ကျွန်တော်ရဲ့ပထမဆုံးရက်ပါ"

သူ ဂျပန်လိုပြောလိုက်တာကြောင့် ထန်းမီ နားမလည်ပေ။ သို့ပေမဲ့ ဒီအသံက.......

သူမ အရှေ့မှာ ရပ်ကာ ပါးချိုင့်များပေါ်အောင် ပြုံးပြနေသည့် ယောက်ျားအား တွေ့လိုက်ရချိန်တွင် တစ်ကိုယ်လုံးတောင့်တင်းသွားရတော့သည်။

'စီအီးအို....ယွီ? မဟုတ်ဘူး ယွီရှင်း?'

_________________________________________

All Chapters