← Chapters

Chapter 29

Vol. 3 Ch. 29

Chapter 29

Vol. 3 Ch. 29

ယွီရှင်းတစ်ယောက် နိုင်ထက်စီးနင်း မျက်နှာရှစ်ခေါက်ချိုးစတိုင်နှင့် တလက်လက် တောက်ပြောင်နေသည့် အနောက်တိုင်းဝတ်စုံအား ခရမ်းရောင်နက်တိုင်ဖြင့် တွဲဖက် ဝတ်ဆင်ထား၏။

ထန်းမီ သူမရှေ့ရှိလူအား စိုက်ကြည့်ကာ မျက်နှာတည်တည်မထားနိုင်လောက်အောင် ပါးစပ်အဟောင်းသားဖြစ်နေချေပြီ။

ယွီရှင်း ပြုံး၍ သူမဘေးရှိ ရုပ်ချောချောလူအား တွန်းထုတ်ကာ သူဝင်ထိုင်လိုက်၏။ ထို့နောက် မျက်လှည့်သဖွယ် သူ့လက်ထဲမှ နှင်းဆီပန်းတစ်ပွင့် ထွက်လာကာ-"အချစ်လေးအတွက်"

ထန်းမီ တခစ်ခစ်ရယ်လိုက်မိကာ သူမနှုတ်ခမ်းပါးများ လခြမ်းသဏ္ဍာန် ကွေးညွှတ်သွားတော့သည်။

"ရှင် တရုတ်စကားပြောတတ်တာလား?"

ယွီရှင်း ထန်းမီ၏ ဒရမ်မာအား ချက်ချင်း သဘောပေါက်သွားကာ ချောမွေ့စွာ တရုတ်စကား ပြောပြလိုက်၏။

"ကြည့်ရတာ အချစ်လေးက တရုတ်လူမျိုး ထင်တယ်နော်။ ကံကောင်းလို့ပေါ့ ကိုယ် တက္ကသိုလ်တုန်းက တရုတ်စကားကို စိတ်ကြိုက်ဘာသာအနေနဲ့သင်ခဲ့တာ"

ထန်းမီ : "...."

'ဒီအလှလေးက တကယ်ကို ယွီရှင်းပဲ! အသစ်‌ပေါ်လာတဲ့ စိတ်နေစိတ်ထားမဟုတ်ဘူး!'

ဘေးသို့ တွန်းခံလိုက်ရသည့် ရုပ်ချောချောလူသည် ယွီရှင်းအား ဒေါသတကြီး ပြောဆိုလာလေသည်။ သူတို့ ဂျပန်လို ပြောနေကြတာကြောင့် ထန်းမီ နားမလည်ချေ။ ခဏကြာတော့ တာဝန်ကျ လူတစ်ယောက်ရောက်လာကာ ခါးကိုင်း၍ ရုပ်ချောချောလူနားတွင် တစ်ခုခုအား တီးတိုးပြောပြ လိုက်တော့၏။ ထိုမှသာ ရုပ်ချောချောလူသည် မျက်မှောင်ကြုတ်လျက် ယွီရှင်းအား တစ်ချက်စိုက်ကြည့်ကာ တိတ်တဆိတ် ဘေးသို့ ထွက်သွားလေသည်။

ထို ပြဿနာအသေးစားလေးသည် ဧည့်သည် တော်တော်များများအား သတိထားမိသွားစေခဲ့ကာ တာဝန်ကျဝန်ထမ်း လှည့်ထွက်သွားခါနီးတွင် တစ်ခြား အမျိုးသမီးဧည့်သည်တစ်ယောက်သည် သူတို့အားတားကာ အံ့ဩတကြီးမေးလာ၏။

"အဲဒီလူက ဟို့စ်အသစ်လား? ဘုရားရေ အဲလူချောလေးနာမည်ကဘာလဲ? ကျွန်မ သူ့ကို ခေါ်လို့ရမလား?"

တာဝန်ကျဝန်ထမ်းလည်း ပြုံး၍တောင်းပန်လိုက်ရတော့သည်။

"စိတ်မရှိပါနဲ့ သူက ဧည့်သည်ပါခင်ဗျ~"

ထိုအမျိုးသမီးသည် မကျေမနပ်ဖြစ်ကာ ထပ်၍တောင်းဆိုပြန်၏။

"ကျွန်မနှစ်ဆပေးပါ့မယ်။ မဟုတ်ဘူး သုံးဆ!"

"ဒါပိုက်ဆံကြောင့် မဟုတ်ပါဘူး။ တကယ်တောင်းပန်ပါတယ်"

တာဝန်ကျဝန်ထမ်း ပြုံးရင်း သူမလက်အား ဆွဲဖယ်လိုက်မှသာ သူမနေရာမှထွက်ခွာသွားတော့သည်။

ယွီရှင်း လင်ဗန်းထဲမှ စပျစ်သီးအားယူကာ သေသေချာချာ အခွံခွာလိုက်၏။ ထို့နောက် တောက်ပနေသည့်အပြုံးဖြင့် ထန်းမီပါးစပ်နားသို့ ကပ်ပေးလိုက်ကာ-"အချစ်လေးကို ကိုယ်ခွံ့ကျွေးပါရစေ။"

ထန်းမီ : "...."

ယွီရှင်း၏ချိုမြိန်ကာ ချွဲနွဲ့နေသည့်အသံကြောင့် ထန်းမီ သတိလက်လွတ် ပါးစပ်ဟမိသွားတော့သည်။ ယွီရှင်း သူမပါးစပ်ထဲသို့ စပျစ်သီးလေးအား ထည့်ပေးလိုက်ချိန်တွင် သူမလျှာသည် သူ့လက်ချောင်းများအား မတော်တဆ ပွတ်ဆွဲမိသွား၏။

ထန်းမီ၏နှလုံးသားလေး လျင်မြန်စွာခုန်ပေါက်နေစဉ် ယွီရှင်းကတော့ အပြုံးကြီးကြီး ပြုံးလိုက်ပြီး..."ချိုလား?"

ဂ-လု--- ထန်းမီ စပျစ်သီးအား မျိုချလိုက်ကာ-"...ဟီးဟီး အရမ်းချိုတယ်"

ယွီရှင်းအပြုံးသည် ပို၍ပင်ကြီးလာတော့သည်။ မီးရောင်အောက်တွင် ထိုအပြုံးသည် အနည်းငယ်တော့ ဒွိဟဖြစ်စရာပင်။

"ချိုတာက စပျစ်သီးလား ကိုယ့်လက်ချောင်းတွေလား?"

ထန်းမီ : "...."

'ကယ်ပါဦး စီအီးအိုယွီ! ဒီယွီရှင်းကို သူ ခံနိုင်ရည်မရှိတော့ဘူး!'

ထိုစဥ် ဝိတ်တာတစ်ယောက် ရောက်လာပြီး သေးငယ်သည့်ချိစ်ကိတ်တစ်ချပ်အား လာချပေးပြီးနောက် ပြန်ထွက်သွားခဲ့၏။ ထန်းမီ စားပွဲပေါ်ရှိချိစ်ကိတ်အား ကြောင်အစွာကြည့်နေမိသည်။ ဟို့စ်ကလပ်မှာ ဒီလိုနူးညံ့တဲ့ကိတ်တွေ ရှိလိမ့်မည်ဟု သူမ လုံးဝထင်မထားခဲ့ပေ။

ယွီရှင်း ပြုံးလိုက်ပြီး ထိုချိစ်ကိတ်အား ဇွန်းအပြည့်ဖဲ့လိုက်ကာ ထန်းမီပါးစပ်နားသို့ ထိုးပေးလိုက်ပြန်၏။

"ဒီကိတ်က ဒီကယောက်ျားတွေထက်တောင် ပိုနာမည်ကြီးတယ်။ ဒါပေမဲ့ ဗွီအိုင်ပီအဖွဲ့ဝင်နည်းနည်းကိုပဲ လက်ဆောင်အနေနဲ့ပေးတာ စားကြည့်ချင်လား?"

ထန်းမီ ပြူးတူးတူးလေးဖြင့် မျက်တောင်ခတ်လိုက်သည်။

'ဒါဆို သူကဒီနေရာရဲ့ ဗွီအိုင်ပီအဖွဲ့ဝင်လား? ဘယ်တုန်းကလဲ?'

ချိစ်ကိတ်၏သင်းပျံ့နေသည့်ရနံ့လေးသည် သူမ၏အာရုံခံအင်္ဂါများကို နိုးကြွလာစေသည်။ ထန်းမီ ပါးစပ်ဟလိုက်ကာ အဆင်သင့်ခွံ့ကျွေးလာသော ကိတ်အား စားလိုက်လေ၏။

တစ်စက္ကန့်လေးအတွင်းမှာပဲ ချိစ်၏အရသာကြွယ်ဝမှုသည် သူမပါးစပ်တစ်ခုလုံးကို လွှမ်းမိုးသွားကာ ပျစ်နှစ်၍အေးစိမ့်သည့် ကိတ်သားလေးသည် သူမ၏အရသာခံဖုများကို ရွှင်မြူးသွားစေသည်။

ထန်းမီ မယုံကြည်နိုင်စွာ မျက်လုံးဖွင့်လိုက်တော့၏။ ဒီချိစ်ကိတ်သည် ကျွမ်းကျင်မုန့်ဖုတ်ဆရာများ၏ ဖန်တီးမှုထက်တောင် သာလွန်၍ အလွန်အမင်းအရသာရှိလှသည်။

ယွီရှင်း သူမ၏အနားသို့ တိုးကပ်လာပြီး သူ့မျက်လုံးများသည်လည်း အပြုံးဖြင့် တလက်လက် ဖြစ်နေလေသည်။

"ကိတ်က အရသာရှိလား? ကိုယ်တို့ကလပ်က ဝိုင်နဲ့ဆို ပိုကောင်းတယ်"

သူ ပြောပြီးနောက် ထန်းမီတုံ့ပြန်တာကို စောင့်မနေတော့ဘဲ စားပွဲပေါ်ရှိ မဖွင့်ရသေးသည့် ဝိုင်ပုလင်းအား ဆွဲယူလိုက်၏။

ထန်းမီ : "...."

ဒါခုဏက လုယွီမှာ ထားသည့်ဟာဖြစ်သည်။ သူမ အဲဒါဈေးဘယ်လောက်ရှိမှန်း မသိသော်လည်း ကြည့်ရသလောက်တော့ ဈေးအတော်ကြီးမည့်ပုံပင်....။

ယွီရှင်း ဝိုင်နီအား ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပြီး

နောက် ထန်းမီထံ ကမ်းပေးလာသည်။ ထန်းမီ ပေးလာသည့်ဝိုင်ခွက်ကို လှမ်းယူကာ သူ့အား မရိုးမသားပြုံးပြလိုက်၏။

"ဝိုင်ပု‌လင်းတောင် ဖောက်လိုက်ပြီပဲ။ အခုဘာတွေဖြစ်နေလဲပြောပြပါလား? ဘာလို့ ဒီကို ရောက်နေတာလဲ?"

ယွီရှင်း သူမအားပြုံးပြကာ သူမနှင့်အတူ ခွက်ချင်းတိုက်လိုက်၏။ သူဝိုင်နီအား ပါးစပ်အပြည့် မော့‌သောက်လိုက်ပြီးနောက်-"မင်းကရော? ကုမ္ပဏီက မုန့်ဖလှယ်တဲ့ပရိုဂရမ်မှာပါဖို့ လွှတ်ထားတာကို ဒီလိုနေရာမှာ ဘာတွေအချိတ်အဆက် လာလုပ်နေရတာလဲ?"

"မဟုတ်ဘူး အဲဒါ လုယွီ...."

ထန်းမီ ရုတ်တရက် ထရပ်လိုက်ကာ ဆိုဖာပေါ်မှ ချက်ချင်းထလိုက်၏။

"သွားပြီ လုယွီ! သူပြန်လာမယ်လို့ ပြောခဲ့တာ! ရှင့်ကို တွေ့သွားရင် သွားပြီပဲ!"

သူမ ယွီရှင်းလက်အား ဆွဲကိုင်လိုက်ကာ ထွက်သွားဖို့ ပြင်လိုက်သော်လည်း ယွီရှင်း သူမလက်အား ပြန်ဆွဲဆောင့်လိုက်ပြီး ထိုင်လိုက်စေသည်။

"ဘာလုပ်နေတာလဲ?"

ထန်းမီ ပေါက်ကွဲလုမတတ် သူ့အားကြည့်လိုက်လျှင်..။

ယွီရှင်း နှုတ်ခမ်းများကို ကွေးညွတ်နေအောင် ပြုံးကာ ထန်းမီအား ကျီစယ်လေသည်။

"အချစ်~ ကိုယ်တို့က ဧည့်သည်တွေကို ပြန်ချင်တိုင်း ပြန်ခွင့်မပေးဘူး"

ထန်းမီ : "...."

'ရှင် ဒီဟို့ကလပ်ဇာတ်ရုပ်ထဲကို တကယ်ကြီး နစ်ဝင်နေတာလား?!'

ထိုအချိန်တွင် တစ်ဖက်မှ ဩဘာသံများ ဆူညံစွာထွက်ပေါ်လာ၏။ ကလပ်ထဲရှိလူတိုင်း ထိုနေရာအား အာရုံစူးစိုက်နေကြကာ ဧည့်သည်တစ်ယောက် ရှန်ပိန်တာဝါ မှာလိုက်ခြင်းပင်။

ယွီရှင်း မျက်လုံးများ ဖျတ်ကနဲ အရောင်လက်သွားကာ သူကိုယ်အားကိုင်းညွတ်ပြီး ထန်းမီနားသို့ကပ်၍ တီးတိုးပြောလိုက်တော့သည်။

"အချစ်လေး ကိုယ့်အတွက် ရှန်ပိန်တာဝါမှာပေးရင် ကိုယ်မင်းနဲ့အတူ ထွက်သွားပေးမယ်"

ထန်းမီ : "...."

'သူ ဒီမြောင်းကို ဆက်မတူးနိုင်တော့ဘူး!'

ယွီရှင်း သူမ ဘာမှမတုံ့ပြန်သည်ကိုမြင်တော့ ပုခုံးတွန့်ပြရင်း..."မမှာပေးချင်ရင်လည်း ဒီမှာပဲ ဆက်သောက်ကြတောပေါ့"

ထန်းမီ : "...."

သူမ အသက်ပြင်းပြင်းရှု၍ ယွီရှင်းအား စိုက်ကြည့်လိုက်၏။ ပေါက်ကွဲတော့မလို ဖြစ်နေသော်လည်း အပြုံးတစ်ပွင့်အား မရရအောင် ဖြစ်ညှစ်ပြုံးပြကာ အံကြိတ်ပြောလိုက်လေသည်။

"ဟီးဟီး မှာပေးပါ့မယ်"

'ဒါပြီးရင် စီအီးအိုယွီဆီက ပြန်တောင်းရမယ်!'

ယွီရှင်း ပျော်ရွှင်စွာ ထန်းမီဘက်သို့ အနမ်းလေးတစ်ပွင့်အား မှုတ်ပြလိုက်ပြီး ဝိတ်တာခေါ်ကာ ရှန်ပိန်တာဝါ မှာလိုက်၏။ ကံဆိုးစွာပင် လုယွီအပြင်က ပြန်‌ရောက်သည်အထိ ထိုရှန်ပိန်တာဝါ ဆောက်မပြီးသေးချေ။ သူမစကားတစ်လုံးမှမပြောဘဲ ယွီရှင်းအားဆွဲခေါ်ကာ ဆန့်ကျင်ဖက်လမ်းကြောင်းဆီသို့ ထွက်ပြေးရတော့သည်။

"အနောက်တံခါး ဘယ်မှာလဲသိလား?"

ထန်းမီ ယွီရှင်းအား ဆွဲခေါ်လာရင်းမေးလိုက်၏။

ယွီရှင်း အပြစ်ကင်းသဖွယ် မျက်တောင်ပုတ်ခတ်လိုက်ကာ-"အနောက်တံခါးက ဟိုဘက်မှာ ဒါပေမဲ့ အချစ်လေး ပိုက်ဆံ မရှင်းရသေးဘူးလေ"

ထန်းမီ : "...."

ထန်းမီ တကယ်ကို ထိုလူ့ကိုလည်ပင်းညှစ်ပစ်ချင်နေပြီ။

သူမ၏ပါးပြင်များ ဒေါသကြောင့်နီရဲနေသည်ကို မြင်ပြီး သူရယ်ချလိုက်လေတော့သည်။

"ဟုတ်ပါပြီကွာ ကိုယ်မစတော့ဘူး။ တစ်ယောက်ယောက် ရှင်းပေးလိမ့်မယ်။"

"ဘယ်သူလဲ?"

'အဲဒီ ကံမကောင်းတဲ့ကောင်..မဟုတ်ဘူး။ ကိုယ်ကျိုးစွန့်တဲ့ လေ့ဖုန်းလိုမျိုး စံပြပြည်သူ----ဘယ်သူများ ဖြစ်မလဲ?'

ယွီရှင်း မျက်ခုံးပင့်လိုက်ပြီး ပြန်မဖြေချေ။ ပြေးလွှားနေသည့်ထန်းမီကပဲ အနောက်လှည့်ကြည့်လိုက်ချိန် လော့ဟောက်၏ရှည်လျားသည့်ပုံရိပ်အား တွေ့လိုက်ရတာကြောင့် ဆွံ့အ သွားတော့သည်။

ထန်းမီ ယွီရှင်းအား လမ်းကြားတစ်နေရာသို့ ဆွဲခေါ်လာပြီးနောက် ခဏရပ်ကာ အသက်ကို အမိအရ ရှူနေမိ၏။ ယွီရှင်းကတော့ အေးဆေးပင် တက်စီတားကာ ထန်းမီအား တက်စီပေါ်တင်လိုက်၏။

ထို့နောက် သူသွားလိုသည့်နေရာအား ဂျပန်စကားဖြင့် ပြောလိုက်ပြီးနောက် တက်စီလေး စတင် ထွက်ခွာလာတော့သည်။ ထိုမှသာ ထန်းမီ စိတ်များ ငြိမ်ကျသွားကာ မောဟိုက်နေတာများ ရပ်သွားချိန်တွင် ယွီရှင်းအား မေးခွန်းထုတ်လိုက်၏။

"ဘယ်သွားမလို့လဲ?"

"မောလ်(Mall)"

ယွီရှင်းပြောပြီးနောက် ထန်းမီအား အဓိပ္ပာယ်ပါပါအကြည့်ဖြင့် ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

"သူတို့ ဒီလိုဝတ်ထားတဲ့ မင်းကို ဘယ်လို ဝင်ခွင့်ပေးလိုက်လဲ မသိဘူး"

ထန်းမီ : "...."

သူမနှုတ်ခမ်းအား ဘေးသို့ရူံမဲ့ကာ ရယ်သံပါပါဖြင့် ယွီရှင်းအား ပြန်ချေပလိုက်၏။

"တကယ့်မေးခွန်းက ရှင်ဘာလို့ဒီလိုဝတ်ထားတာလဲ? ရှော့ပင်းမောလ်ကရော ရှင့်ကို အဝင်ခံပါ့မလား?"

ယွီရှင်း သူ၏တောက်ပနေသည့် ဂျက်ကတ်အား ဆွဲချွတ်လိုက်ကာ ကားမှန်ပြတင်းပေါက်တွင် ထင်ဟပ်နေသည့် သူ့ပုံရိပ်သူကြည့်ရင်း ဆံပင်များဖွလိုက်သည်။

"အိုး ဒီအဝတ်တွေက ချွတ်ဖို့လွယ်သားပဲ"

ထန်းမီ : "...."

"စိတ်မပူပါနဲ့ လော့ဟောက်ရှင်းလိမ့်မယ်"

ထန်းမီ : "...."

'လက်ထောက်လော့ရဲ့ဘဝလည်း.....လွယ်ကူမနေဘူးပဲ။'

ယွီရှင်း ဆံပင်ပြင်ပြီးသည်နှင့် ထန်းမီအားလှည့်ပြုံးပြကာ-"အချစ်လေး အဲနေရာကယောက်ျားတွေကို သဘောကျတာလား?"

ထန်းမီ အလိုအလျောက် ချေပလိုက်၏။

"မဖြစ်နိုင်တာ သူတို့ကို ဆံသဆရာတွေလို့ ထင်နေတာ ဟားဟားဟား"

ယွီရှင်း : "...."

"ရှင်ရော? အဲကို ဘာသွားလုပ်တာလဲ?"

ထန်းမီရပ်လိုက်ကာ ယွီရှင်းအား အံ့ဩတကြီးဖြင့် ကြည့်လာ၏။

"ဟို့စ်ကလပ်က အမျိုးသားဧည့်သည်တွေကိုလည်း လက်ခံတယ်လို့ ကြားဖူးတယ်"

ယွီရှင်း : "....."

ယွီရှင်း သူ့ရှေ့ဆံပင်များအား အနောက်သို့ ဖွတင်ပြီး ထန်းမီဘက်သို့ကပ်မှီကာ မဲ့ပြုံးပြုံးရင်း မေးလိုက်လေသည်။

"ဘာပြောလိုက်တာလဲ?"

"....ဘာပြောလိုက်တာပါလိမ့်?"

ထန်းမီ သူ့အား'အန္တရာယ်ကင်းဘေးရှင်း'အပြုံးဖြင့် ပြုံးပြတော့၏။

ယွီရှင်း ခဏလောက်ငြိမ်ကျသွားပြီးနောက် ရုတ်တရက်ခေါင်းညိတ်လာကာ-"ဟုတ်တယ် ယွီယိ သွားခဲ့တာ ကိုယ်မဟုတ်ဘူး။"

ထန်းမီ : "...."

'အဲဒါဆို.....?'

ထန်းမီ အတွေးပင်လယ်ထဲ ကူးခတ်နေတုန်းမှာပဲ တက်စီလေး နေရာသို့ထိုးရပ်သွားသည်။ ယွီရှင်းပိုက်ဆံရှင်းပြီးနောက် ထန်းမီအား ကားထဲကနေ ဆွဲခေါ်လာ၏။ ထန်းမီအရှေ့ရှိ အလွန်ကြီးမားလှသည့် အ‌ထွေထွေကုန်တိုက်ကြီးအား ငေးကြည့်ရင်း ရပ်တန့်သွားတော့သည်။

"ဘာဖြစ်လို့လဲ?"

ယွီရှင်း အနောက်တွင် ကျန်ခဲ့သည့်သူမအား လှည့်ကြည့်လာ၏။

ထန်းမီ တခစ်ခစ်ရယ်ချလိုက်ကာ-"ဒီနေရာကပစ္စည်းတွေက တော်တော်ဈေးကြီးမှာလေ?"

ယွီရှင်း မျက်ခုံးအနည်းငယ် ပင့်တက်သွားကာ သူ့ပိုက်ဆံအိတ်ထဲမှ ခရစ်ဒစ်ကဒ်အား ထုတ်ပြလိုက်လေသည်။

"ယွီယိရဲ့ခရစ်ဒစ်ကဒ်ကလည်း အနက်ရောင်လေ"

ထန်းမီ : "...."

နှစ်ယောက်သား ကုန်တိုက်ထဲသို့ဝင်လာပြီးနောက် ယွီရှင်း အမျိုးသမီးအထည်ဆိုင်ဘက်သို့ ဦးဆောင်ခေါ်လာခဲ့၏။

ထိုနေရာမှ အရောင်းဝန်ထမ်းအားလုံး အရမ်းတက်ကြွနေကြ၏။ တောက်ပြောင်နေသည့် ကျောက်မျက်ရတနာများ မျက်လုံးအား တလက်လက်ထသွားစေသလို ထိုနေရာမှအဝတ်အစားများကလည်း ထန်းမီ၏မျက်လုံးကို တလက်လက်ထသွားစေသည်။

အရောင်းဝန်ထမ်းမလေးသည် သူမအား မရပ်မနား အဝတ်များ တစ်ထည်ပြီးတစ်ထည်ချပြလာ၏။

ထန်းမီ သူတို့ပြောသည်များကို နားမလည်သော်လည်း အရောင်းဝန်ထမ်းလေးများသည် သူမအား ငွေထုပ်ကြီးသဖွယ် ဝိုင်းအုံကြည့်နေကြကာ တက်ကြွလက်ကြွဖြင့် အထည်များအား ချပြနေကြသည်။

ထန်းမီ အဝတ်များအားကြည့်ရင်း ဈေးနှုန်းကိုပါကြည့်လိုက်မိ၏။ ထို့နောက် ပြုံးပြကာ အရောင်းဝန်ထမ်းမလေး လက်ထဲပြန်ထည့်ပေးလိုက်လေသည်။

ယွီရှင်းဆိုဖာပေါ်မှာထ၍ ထန်းမီ့လက်ဆွဲကာ တစ်ဆိုင်လုံးအနှံ့ခေါ်ပြပြီး အဝတ်များအား စိတ်ကြိုက်ရွေးခိုင်း၏။ သူမျက်စိကျသမျှ အဝတ်တစ်ခုစီတိုင်းကို ထန်းမီအား ဝတ်ကြည့်ခိုင်းပြီး ထို ဝတ်လိုက်သမျှ အထည်အားလုံးကိုလည်း အကုန်ဝယ်ပေးခဲ့သည်။

သူတို့ ထွက်သွားချိန်တွင် အရောင်းဝန်ထမ်းများ ပိုပြီးတောင် တက်တက်ကြွကြွဖြစ်နေကြသည်။ သူတို့အပြုံးများ ပိုပြီးတောက်ပလာလေ ထန်းမီ၏နှလုံးသားလေး ပိုပြီး တုန်လှုပ်လာလေဖြစ်၏။

ယွီရှင်း လက်ထဲတွင် တံဆိပ်မတူညီသည့် ကတ်ထူအိတ် အများကြီးအား ကိုင်ထားကာ ရှေ့မှဦးဆောင် လျှောက်နေလေသည်။ ထန်းမီကတော့ နောက်တွင် မျက်ရည်လေး တစမ်းစမ်းဖြင့် သူ့အား မီအောင်လိုက်နေရ၏။

"စီအီးအိုယွီ နိုးလာလို့ ဒီလို လျှောက်ဝယ်ထားတာ မြင်ရင် ဘယ်လိုလုပ်မလဲ?!"

ယွီရှင်း ဂရုမစိုက်စွာဖြင့်..."ဘာလုပ်စရာ လိုလို့လဲ? ကိုယ် သူ့ကဒ်နဲ့ ဈေးကြီးတာတွေဝယ်နေကျလေ သူ ကျင့်သားရနေပြီးသား"

".....ဒါပေမဲ့ ကျွန်မအတွက် ဝယ်ပေးတာက မတူဘူးလေ! အားး ပြန်ပေးကြရအောင်!"

သူမ ယွီရှင်းလက်ထဲရှိ ကတ်ထူအိတ်များအား ဆွဲယူဖို့လုပ်လိုက်လျှင် ယွီရှင်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်

ပြီး သူမအား မပျော်မရွှင် ကြည့်လာလေသည်။

"ဘာလုပ်မလို့လဲ? ဒါတွေက ကိုယ်မင်းကို လက်ဆောင်ပေးတာလေ။ သူမင်းကိုဒေါသထွက်ရဲရင် ကိုယ်သူ့ ပိုက်ဆံတွေ အကုန်လှူပစ်မယ်!"

ထန်းမီ : "....."

'ရှင်လက်ဆောင်ပေးချင်ရင်.....ကိုယ့်ပိုက်ဆံကိုယ် သုံးလေ!'

ထန်းမီ လက်မခံသေးဘဲ ယွီရှင်းလက်ထဲရှိ အိတ်များအား ဆွဲလုဖို့ ကြိုးစားလိုက်တာကြောင့် ယွီရှင်း ရှောင်တိမ်းလိုက်၏။ သို့သော် ချက်ချင်းဆိုသလိုပင် သူ့ခြေလှမ်းများ ယိမ်းယိုင်သွားကာ ထိုနေရာ၌ပင် ယိမ်းထိုးသွားတော့သည်။ ထန်းမီ ရပ်တန့်သွားကာ သူ့အားကြည့်လိုက်ပြီး ရူပ်ထွေးစွာ မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ?"

ယွီရှင်း နံရံကို မှီရပ်လိုက်ပြီးနောက် သူ့ညာလက်ထဲရှိ အိတ်များ တစ်အိတ်ပြီးတစ်အိတ် မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။ သူ့မျက်ခုံးများ ခပ်တင်းတင်း တွန့်ချိုးနေကာ အရမ်း နေမ‌ကောင်းဖြစ်နေသလိုပင်။

ထန်းမီ တကယ်ကြောက်ရွံ့သွားပြီး ချက်ချင်း သူ့အားကူတွဲပေးလိုက်တော့သည်။

"ရှင်ဘာဖြစ်လို့လဲ? ခေါင်းကိုက်လို့လား?"

ယွီရှင်း လေကို အမိအရရှုနေပြီး အသံသည်လည်း အရမ်းတင်းမာနေလေ၏။

"ယွီယိ....."

ထန်းမီ သူ့အားကြောင်ကြည့်နေပြီးနောက် စိုးရိမ်တကြီး တရစပ်ပြောလာသည်။

"စီအီးအိုယွီ? စီအီးအိုယွီ ပြန်ထွက်လာချင်တာလား? အာ...ရှင်သူ့ပိုက်ဆံအားလုံး လှူပစ်မယ်။ ခြိမ်းခြောက်လို့ ပြန်ထွက်လာချင်တာနေမှာ ကျွန်မပြောသလိုပဲ ဒါတွေအားလုံးကို ပြန်ပေးလိုက်မယ်!"

ယွီရှင်း သူမအား စိုက်ကြည့်နေစဥ် မျက်လုံးထဲတွင် ခံစားချက် မုန်တိုင်းထန်နေသည်ကို အထင်းသား မြင်နေရ၏။ ထန်းမီ သူ၏လက်မောင်းမှဆွဲထူကာ အနားရှိထိုင်ခုံတွင် ထိုင်ဖို့ ကူညီ ပေးလိုက်တော့သည်။ ထန်းမီ သူ့ဆီကနေ မျက်တောင်တစ်ခတ်စာတောင် အကြည့်မလွှဲရဲပေ။

သိပ်မကြာခင်မှာပဲ ယွီယိ နိုးလာလေသည်။ ထန်းမီ သူ့မျက်လုံးများ ပွင့်လာသည်ကိုမြင်တော့ တုံ့ဆိုင်းစွာ ခေါ်ကြည့်လိုက်တော့သည်။

"စီအီးအိုယွီ?"

ယွီယိ၏မြင်ကွင်း တစ်ဖြည်းဖြည်း ကြည်လင်လာပြီးနောက် ထန်းမီ့မျက်နှာအား မြင်လိုက်ရ၏။ သူ တစ်ဖြည်းဖြည်း ကိုယ်ကိုမတ်လိုက်ပြီး အသံပြုကာအတည်ပြုပေးလိုက်သည်။

"အင်း"

"ရှင်ရရဲ့လား?"

"ရတယ်"

ယွီယိ ဘေးပတ်လည်ကို ကြည့်ပြီးနောက် သူ့လက်ထဲတွင် ကတ်ထူအိတ် အထပ်လိုက်အား ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ထန်းမီ : "..."

"အာ ဒါတွေက......အကုန် ယွီရှင်းဝယ်ထားတာ!"

ထန်းမီ မြန်မြန်ဆန်ဆန်ပင် ယွီရှင်းအပေါ် အပြစ်လွှဲချလိုက်၏။

ယွီယိ ကတ်ထူအိတ်များထဲရှိ အဝတ်အစားများအား ကြည့်ကာမေးလာလေသည်။

"သူ ဒီရက်ပိုင်း မိန်းမအဝတ်တွေ ဝတ်နေတာလား?"

"....အမ် ဟုတ်လောက်မယ်ထင်တယ် အဟဲဟဲ"

'ဘာပဲဖြစ်ဖြစ် စီအီးအိုယွီမှာ ယွီရှင်း မှတ်ဉာဏ်မှမရှိတာ အဲတော့......ဆောရီးပါ ယွီရှင်းရေ'

ယွီယိ ဘာမှမပြောတော့ဘဲ ပြုတ်ကျထားသည့် အိတ်များအား တစ်ခုချင်း လိုက်ကောက်လိုက်ပြီးနောက် ထန်းမီ့လက််ထဲအကုန် ထည့်ပေးလိုက်သည်။

"ငါမိန်းမအဝတ်တွေမဝတ်ဘူး။ အကုန်မင်းယူလိုက်တော့"

________________________________________

All Chapters