Chapter 30
Vol. 3 Ch. 30
ယွီယိ ကမ်းပေးလာသည့် ကတ်ထူအိတ်များအား ထန်းမီကြည့်ပဲကြည့်နေပြီး မယူပေ။ သူမဟန်လုပ်ရယ်လိုက်ကာ-"ရှင်မဝတ်ဘူးဆို ပြန်ပေးလိုက်ပါလား?"
ယွီယိ ခပ်ပြတ်ပြတ်သာ ရှင်းပြလိုက်လေသည်။
"အလုပ်ရှုပ်လို့"
ထန်းမီ၏အပြုံး ပို၍ပင် ရှုံ့မဲ့လာတော့၏။
"ရှင်လွယ်လွယ်မဆုံးဖြတ်ခင် ဈေးနှုန်းကို ကြည့်လိုက်တာ ပိုကောင်းမယ်ထင်တယ်"
ယွီယိ ဘာမှမပြောဘဲ ကတ်ထူအိတ်များကိုသာ ကိုင်ရုံမျှသာကိုင်ထားလေသည်။ ထန်းမီ ရဲရဲဝင့်ဝင့်ဖြင့် သူပေးသည့်အိတ်များအား ငြင်းဆန်နေပြီး သူတို့နှစ်ယောက် မသေမချင်း တိုက်ခိုက်နေကြသလိုတောင် အတွေးဝင်မိတော့သည်။
"အမ် အဲဒါဆို ကျေးဇူးတင်ပါတယ် စီအီးအိုယွီ"
နောက်ဆုံးတွင် သူမ ယွီယိ၏ဘော့စ် အရှိန်အဝါကြောင့် ရှုံးနိမ့်သွားပြီး ထပ်မလွန်ဆန်နိုင်တော့ဘဲ လက်လျှော့လိုက်ရ၏။
"အင်း"
ထန်းမီ အိတ်တွေကို လက်ခံလိုက်တော့မှ ယွီယိ ကျေနပ်သွားပုံပင်။ ထို့နောက် သူဘေးသို့ အနည်းငယ်ရွေ့လိုက်လျှင် ဘေးရှိကြီးမားလှသည့် ပြင်သစ်မှန်ထဲရှိ သူ့ပုံရိပ်အား တွေ့သွားရတော့သည်။
ထန်းမီ : "...."
သူမ ယွီယိ ဖြစ်နေမယ့် မျက်နှာထားအား မကြည့်ရဲချေ။
သူ သယ်ရမည့် ပစ္စည်းတွေလျှော့သွားဖို့အတွက် ယွီရှင်း ခုဏက ချွတ်ခဲ့သော ဘလင်းဘလင်း ဂျက်ကတ်အား ပြန်ကောက်ဝတ်လိုက်သည်။ ထန်းမီ မရဲတရဲဖြင့် ယွီယိ အနားအား တိုးကပ်သွားကာ ညင်သာစွာ ရယ်ရင်း မြှောက်ပင့်လိုက်တော့၏။
"စီအီးအိုယွီက ယွီရှင်း ထက်ပိုပြီး ဝတ်တတ်စားတတ်တာပဲ!"
ယွီယိ ဘာမှပြန်မပြောပေမဲ့ သူမကြိုက်တာသည့်အရာအား လုပ်နေရတဲ့အတိုင်း မျက်မှောင် အနည်းငယ် ကြုတ်ထားသည်ကို ထန်းမီ မြင်လိုက်ရ၏။
ထန်းမီ မျက်လုံးများ လှုပ်ခတ်သွားသည်။ စန်းလန်ပြောခဲ့သလိုပဲ ယွီယိတွင်တကယ် စိတ်ခံစားချက်များရှိနေ၏။ သူ့ဘေးတွင် သိပ်မနေဖြစ်တဲ့ ထန်းမီသည်ပင် သတိထားမိနိုင်သည်။
"ငါ အဝတ်သွားလဲလိုက်ဦးမယ်"
ယွီယိ ပြောပြီးသည်နှသ့် ခြေလှမ်းကျယ်ကျယ်ကြီးများဖြင့် လှမ်းလျှောက်သွားလေသည်။ သူ အရင်ထွက်သွားသည်ကိုမြင်တော့ ထန်းမီ အိတ်များအား မနိုင်မနင်းဖြင့်သယ်ကာ နောက်မှ အမီလိုက်ရတော့၏။
ယွီယိ အမျိုးသား အနောက်တိုင်းဝတ်စုံဆိုင်ထဲသို့ ဝင်သွားလိုက်ပြီး အမျိုးသမီးဝန်ထမ်းများသည် သူ့အား မြင်သည်နှင့် စိတ်အားထက်သန်စွာ နှုတ်ဆက်ခဲ့ကြသည်။
ခတ္တခဏ စကားစမြည်ပြောလိုက်ပြီးနောက် ယွီယိရွေးဖို့ ဝတ်စုံများအများကြီးရလာ၏။ ထန်းမီ သူတို့ဘာတွေပြောနေမှန်းနားမလည်သော်လည်း ဝတ်စုံများကိုတော့ သဘောကျစွာ လိုက်ကြည့်နေလိုက်သည်။
သူမ ဘေးတွင် တိတ်တိတ်လေးရပ်နေရာမှ ဝတ်စုံတစ်စုံအား လက်ညှိုးထိုးပြရင်း ယွီယိကို လှမ်းပြောလိုက်၏။
"ဒါလေး ကောင်းသလားလို့"
ပြောပြီးစက္ကန့်ပိုင်းအကြာမှာပဲ ထန်းမီ အကျယ်ကြီးထုတ်ပြောမိသည်ကို သတိရသွားတော့သည်။
'ဘုရားရေ ဘာကိစ္စဝင်ပါရတာလဲ!? ဘော့စ်အဝတ်အစားဝယ်တာ ငါနဲ့ဘာဆိုင်လို့လဲ?!
ဘာလို့ ကောင်လေးအဝတ်အစားဝယ်တာကို သူ့ကောင်မလေးက လိုက်ရွေးပေးသလိုဖြစ်အောင် လုပ်လိုက်မိတာလဲ?!'
ထန်းမီ နှလုံးသားထဲတွင် အသံတိတ်စစ်ပွဲများဖြစ်နေချေပြီ။ သူမ ယွီယိအထင်လွဲသွားမှာကို စိုးရိမ်ပူပန်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာကြောင့်လည်း နေရခက်နေလေသည်။ ထန်းမီ၏နားရွက်လေးများ အနည်းငယ် နီရဲနေပြီး သူမ ယွီယိအား ခေါင်းငုံ့ပြကာ အောက်သို့ ကြည့်ရင်း တောင်းပန်လိုက်တော့၏။
"တောင်းပန်ပါတယ်....."
"ဘာလို့တောင်းပန်တာလဲ?"
ယွီယိ သူမပြောလိုက်သည့် ဝတ်စုံအားဆွဲယူကာ အဝတ်လဲခန်းထဲသို့ ဝင်သွားလေသည်။
သူ ပြန်ထွက်လာတော့ ကော့ကြော့နေသည့်အနောက်တိုင်းဝတ်စုံအား လဲထားပြီးသားဖြစ်နေသည်။ အမျိုးသမီးဝန်ထမ်းလေးများသည် တောက်ပစွာပြုံးရွှင်နေကြပြီး သူ့အားတစ်ခုခုပြောနေကြကာ ထန်းမီ သူတို့စကားကိုနားမလည်ရင်တောင် ယွီယိ၏ ချောမောခန့်ညားမှုကို မြှောက်ပင့်နေကြမှန်း တပ်အပ်ပြောနိုင်၏။
ယွီယိ ဘေးရှိ အရောင်းဝန်ထမ်းမလေးသည် လက်မြှောက်ကာ သူ့ကော်လံကို ဖြောင့်ပေးဖို့ ပြင်လိုက်သော်လည်း ယွီယိ၏စကားတစ်ခွန်းကြောင့် သူမလက်အား ပြန်ရှောင် လိုက်လေသည်။ ထို့နောက် သူမလက်အား ရုတ်သိမ်းကာ ရှက်ရှက်ဖြင့် ပြုံးလိုက်တော့၏။
ယွီယိ သူ့ဘာသာသူ အဝတ်အစားအား ဖြောင့်တန်းလိုက်ပြီးနောက် ထန်းမီ့အမြင်ကို သိချင်နေသလိုဖြင့် သူမဘက်လှည့်လာခဲ့သည်။ ထန်းမီ သူမ၏ဘာကိုမှ စိတ်ဝင်စားမှု မရှိသည့်ဘော့စ်နှင့် ဆက်ဆံရာတွင် အမှားပါသွားမည်ကို ကြောက်မိသော်လည်း မြှောက်ပင့်တာလောက်ကတော့ ပုံမှန်ပဲဖြစ်ကာ မမှားဘူးဟု တွေးမိတာကြောင့် သူမရိုးသားစွာပင် ချီးကျူးလိုက်၏။
"အရမ်းချောတယ်!"
ထို့နောက် ယွီယိ ဘေလ် သွားရှင်းခဲ့လိုက်သည်။
အဝတ်ဆိုင်ထဲကနေ ထွက်လာပြီးနောက် ယွီယိ ဟိုဘလင်းဘလင်း အနောက်တိုင်းဝတ်စုံနှင့် ခရမ်းရောင်နက်တိုင်အား အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်လေ၏။
ထို့နောက် လော့ဟောက်ဆီ ဖုန်းဆက်ကာ သူတို့ရောက်နေသည့်နေရာအား ပြောပြလိုက်ပြီးနောက် ထန်းမီအား..."လော့ဟောက် လာကြိုနေပြီ အောက်ထပ်မှာ သွားစောင့်ရအောင်"
ထန်းမီ ခဏစဉ်းစားပြီးနောက် ပြုံးပြကာ ငြင်းဆိုလိုက်၏။
"တကူးတကကြီး ဖြစ်နေပါ့မယ် ကျွန်မ ဟိုတယ်နာမည်ကိုသိလို့ တက်စီငှားပြီး ပြန်လိုက်ပါ့မယ်"
"တကူးတက မဟုတ်ဘူး ငါတို့က ဟိုတယ်အတူတူပဲ လာသွားမယ်။"
ထန်းမီ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေပြီးနောက် ယွီယိနောက်မှလိုက်ရတော့သည်။
သူတို့ မြေညီထပ်သို့ ရောက်ချိန်တွင် ယွီယိ သူမ လက်ထဲရှိ အိတ်များအား သေချာကြည့်နေသည်ကို ထန်းမီတွေ့လိုက်ရ၏။ ထို့ကြောင့် သူမမျက်ခုံးပင့်သွားကာ တွေးလိုက်မိတော့သည်။
'စီအီးအိုယွီ နောင်တရသွားတာတော့ မဟုတ်ဘူးမလား?'
သူမပြန်သွားပေးဖို့ ပြောမလို့ရှိသေး၊ ယွီယိ စကားစလာ၏။
"အိတ်တွေ သယ်ပေးရမလား?"
ထန်းမီ မှင်သက်သွားကာ ချီတုံချတုံ ပြန်ဖြေလိုက်တော့သည်။
"ရပါတယ်။ ဒါတွေအကုန်လုံး နွေရာသီဝတ်စုံတွေမို့ အရမ်းပေါ့တယ်"
"အင်း"
ယွီယိ ခေါင်းညိတ်ပြကာ ဘာမှထပ်မပြောတော့ချေ။ ထန်းမီ သူ့အားပြုံးပြလိုက်သော်လည်း အံ့ဩမှုများသည် သူမနှလုံးသားထဲတွင် ဖုံးလွှမ်းနေဆဲပင်။
သူမ ယွီယိအား တိတ်တခိုးလေး ကြည့်နေမိသည်။ သူဘာလို့ ဂျပန်မှာပေါ်လာမှန်း သိချင်နေသော်လည်း ထုတ်မမေးရဲပေ။
'ဘော့စ်ရဲ့ခရီးစဉ်ကို သူ့ကိုတင်ပြဖို့လိုလို့လား?'
.....သူမ ခုဏကတွေးထားတဲ့အတိုင်း ယွီရှင်းကိုပဲ မေးခဲ့လိုက်သင့်၏။
"ဟုတ်သားပဲ မင်း ယွီရှင်းကို ဘယ်မှာတွေ့တာလဲ?"
ရုတ်ချည်း မေးလာသည့် မေးခွန်းကြောင့် ထန်းမီ သီးသွားရတော့သည်။
'သူဟို့စ်ကလပ်ကို သွားခဲ့တယ်ဆိုတာ ဝန်ခံရတော့မှာလား?'
အဲလိုနေရာမျိုးကို ပြောထွက်ဖို့ အရမ်းကိုခက်ခဲလွန်းလှသည်။
'နောက်ပြီး ယွီရှင်း ဟို့စ်တစ်ယောက်လို ပြုမူခဲ့တယ်ဆိုတာ ယွီယိ သိသွားရင် ဘယ်လိုလုပ်မလဲ?'
အဲတာအပြင် ယွီရှင်း ပြောခဲ့သည့် ယွီယိကိုယ်တိုင်က ဟို့စ်ကလပ်ကို သွားခဲ့သည်ဆိုတာပင်။
'တကယ်လို့ အဲတာမှန်နေရင် သူဘော့စ်ရဲ့လျှို့ဝှက်ချက်ကို သိသွားသလိုပဲမလား?'
ထန်းမီ ပြောဖို့ တွန့်ဆုတ်နေသည်ကို ယွီယိတွေ့လိုက်ရကာ သူ့မျက်လုံးများ ဖျတ်ကနဲဖြစ်သွား၏။
"မေးခွန်းက ဖြေရခက်နေတာလား?"
ထန်းမီ : "....."
'ခက်တာထက် ပိုတယ်! ရင်ထဲ အသည်းထဲအထိပါ နှိပ်စက်ဖို့ မေးခွန်းထုတ်ထားတာပဲ!'
ထန်းမီ ပြန်ဖြေဖို့ကိုအကြာကြီး အချိန်ဆွဲနေခဲ့ပြီး နောက်ဆုံးမှာတော့ အမှန်တိုင်းပြောဖို့ ဆုံးဖြတ် လိုက်တော့သည်။
"ဟို့စ်......ကလပ်ထဲမှာ"
သူမ နောက်ဆုံးစကားလုံးအား ခပ်သွက်သွက်ပြောလိုက်သော်လည်း ယွီယိ ရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်ရ၏။ ထို့နောက် သူထန်းမီအား စိုက်ကြည့်ကာ မျက်နှာသေဖြင့်မေးလိုက်လေသည်။
"ကုမ္ပဏီက မုန့်ဖလှယ်တဲ့ပရိုဂရမ်မှာပါဖို့ လွှတ်ထားတာကို မင်းကဟို့စ်ကလပ်သွားပြီး ဘာတွေအချိတ်အဆက် လုပ်နေရတာလဲ?"
ထန်းမီ : "....."
ဒီမေးခွန်းကို ကြားဖူးသလိုပင်.......သူမ ယွီယိအား အကဲခတ်နေ၏။ သူကရော ဟို့စ်ကလပ်ကို ဘာသွားလုပ်မှန်း တကယ်မေးချင်သော်လည်း မေးရဲတဲ့သတ္တိမရှိပေ။
သူမတံထွေးအား မျိုချလိုက်ပြီးနောက် ကွဲအက်သည့်အသံဖြင့်..."အမ် ဂျပန်ယဉ်ကျေးမှုကိုလေ့လာဖို့ လုယွီက အဲကိုခေါ်သွားတာ.."
ယွီယိ ခဏစိုက်ကြည့်နေပြီးနောက် တိတ်ဆိတ်စွာပင် အကြည့်များအား ပြန်ရုတ်သိမ်းခဲ့၏။ ထန်းမီ သူ၏ဘေးတစောင်း မျက်နှာလေးအား ကြည့်နေရင်း နှလုံးသားထဲတွင် အနည်းငယ် စိုးရိမ်လာတော့သည်။
နှစ်ယောက်သား ကုန်တိုက်ထဲမှ ထွက်လာချိန်အထိ လော့ဟောက်မရောက်သေးပေ။ ယွီယိ စကားတစ်ခွန်းမှမပြောတော့ ထန်းမီကပဲ ပြောစရာစကားစရှာနေသော်လည်း ကောင်းတာတစ်ခုမျှ စဉ်းစားလို့မရချေ။
ပေါက်ပန်းလေးဆယ် ဝတ်ဆင်ထားသည့် ကောင်ငယ်လေးတစ်သိုက် သူတို့အရှေ့သို့ စကိတ်ဘုတ်များဖြင့် ဖြတ်လာတာကြောင့် ယွီယိ သတိမထားမိဘဲ ထန်းမီ လက်ကောက်ဝတ်အား အလိုအလျောက်ဆုပ်ကိုင်မိကာ သူ့ဘေးသို့ ဆွဲချမိလိုက်လေသည်။
ထန်းမီ သူ့အား ခေါင်းမော့ကြည့်လိုက်သော်လည်း သူ၏ပုံမှန်မျက်နှာသေကြီးကိုသာ တွေ့လိုက်ရ၏။ သူမသတိလက်လွတ် တစ်ခုခုအား တွေးမိသွားပြီး မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် တောက်ပသွားတော့သည်။
"စီအီးအိုယွီ ဂျပန်ကို အလည်လာတာလား?"
ယွီယိ : "မဟုတ်ဘူး လာစစ်ဆေးတာ"
"အော်"
ထန်းမီ အသံထွက်လိုက်ချိန်မှာပဲ သူတို့အရှေ့သို့ အနက်ရောင်ကားတစ်စီး ထိုးရပ်လာခဲ့၏။ လော့ဟောက် အရှေ့ခရီးသည်ခုံမှ ထွက်လာပြီး သူ့အကြည့်များသည် သူတို့၏ဆက်နွယ်နေသော လက်များထံ မတော်တဆရောက်သွားလျှင်..။
"စီအီးအိုယွီ?"
ယွီယိ ထန်းမီလက်အား လွှတ်ချလိုက်ပြီး အမိန့်ပေးလိုက်တော့သည်။
"ကားပေါ်တက်"
ထန်းမီ ကားပေါ်တက်လိုက်ပြီးနောက် ယွီယိ သူမဘေးတွင် နေရာယူလိုက်၏။ ကားစထွက်တော့ လော့ဟောက် အနောက်သို့ လှည့်လာကာ ထန်းမီအား ပြုံးပြတော့သည်။
"မထင်မှတ်ဘဲဆုံလိုက်ရတာပဲ"
သူ ပြောလိုက်သည့်စကား၏ အဓိပ္ပာယ်ကို ထန်းမီချက်ချင်းသဘောပေါက်ကာ ရှက်သွေးဖြာ သွားရ၏။
"ဟီးဟီး ကျွန်မဟို့စ်ကလပ်မှာ ဘာလုပ်နေမိမှန်း တကယ်မသိတာပါ......"
လော့ဟောက်၏ ခပ်သောသောရယ်သံက သေချာပေါက် မယုံကြည်နေတဲ့ပုံပင်။
"အဲဒီဟို့စ်၂ယောက်ကို ကြည့်ရင်း ပြုံးရွှင်နေတာကို မြင်လိုက်တယ်"
"......အဲဒါအထင်လွဲနေတာ ကျွန်မသူတို့ပြောတာကိုနားမလည်လို့ ပြုံးပဲပြုံးပြနေတာပါ"
လော့ဟောက် မျက်ခုံးပင့်လိုက်ပြီး..."အဲမှာစားခဲ့တဲ့ ချိစ်ကိတ်ကရော ဘယ်လိုနေလဲ?"
ထန်းမီခေါင်းညိတ်ကာ-"အင်း တော်တော်ချိုတယ် ဘယ်သူလုပ်ထားတာလဲ?"
"သူတို့ ဘော့စ်"
လော့ဟောက် ယွီယိအား လှမ်းကြည့်လိုက်၏။
"အဲဒီဟို့စ်ကလပ်ရဲ့ဘော့စ်က စီအီးအိုယွီရဲ့သူငယ်ချင်းလေ စီအီးအိုယွီက သူ့ကို ကျွန်တော်တို့ကုမ္ပဏီကိုဝင်ဖို့ အမြဲခေါ်နေတာ။ ဒါပေမဲ့ သူကဟို့စ်ကလပ်ပဲ ဖွင့်ချင်တာထင်တယ်"
".....ဟမ် လူတိုင်းက ရည်မှန်းချက် ကိုယ်စီရှိကြတာပဲ"
လော့ဟောက် ရယ်မောကာ ရှေ့သို့ပြန်လှည့်သွားပြီးနောက် အားလုံး တိတ်ဆိတ်သွားတော့သည်။ ထိုစဥ် တစ်ချိန်လုံးအသံတိတ်နေသည့် ယွီယိ ရုတ်တရက်ထပြောလာ၏။
"သူအရင်က အဆင့်မြင့် ပြင်သစ် စားသောက်ဆိုင်မှာ အလုပ်လုပ်ဖူးတယ်။ ငါပြင်သစ်မှာနေတုန်းက သူနဲ့မိတ်ဆွေဖြစ်ခဲ့တာ နောက်တော့ သူဂျပန်ပြန်သွားပြီး ဟို့စ်ကလပ်ကိုဖွင့်လိုက်တာပဲ။"
လော့ဟောက် ရယ်လျက် ထပ်တိုးပြောလိုက်၏။
"သူပြောတာတော့ ပြင်သစ်သွားဖို့ ဟို့စ်ကလပ်မှာ အလုပ်လုပ်ရင်း ပိုက်ဆံစုခဲ့တာ ဒါပေမဲ့ ပြင်သစ်က ပြန်ရောက်တော့ ဟို့စ်လုပ်တာက ပိုပြီးခက်ခဲတယ်တဲ့။"
ထန်းမီ : "...."
"အိုး ပြီးတော့ သူပြင်သစ်မှာ စားဖိုမှူးလုပ်ရင်း ရခဲ့တဲ့ပိုက်ဆံကို ဟို့စ်ကလပ်ဖွင့်ဖို့အတွက် သုံးလိုက်တာတဲ့ သံသရာလည်နေတယ်လို့ ထင်တယ်မလား?"
ထန်းမီ : "....."
'ကောင်းလိုက်တဲ့ဘဝပဲ ဒါပေမဲ့......ဘာလို့ သူ အဲလောက်ရှင်းပြနေတာလဲ?'
သူမ ဘေးက ယွီယိအား တစ်ချက်ကြည့်ရင်း မျက်တောင်ခတ်လိုက်မိသည်။
"စီအီးအိုယွီ ယွီရှင်းပြောတာ ရှင်က ဟို့စ်ကလပ်ရဲ့ဖောက်သည်တဲ့"
လော့ဟောက် အရှေ့ခုံမှာထိုင်ရင်း အသံမထွက်ဘဲ ကြိတ်ရယ်နေတော့၏။ ယွီယိ တစ်ခုခုအား ပြန်ပြောရန် တွေးနေစဉ်မှာပဲ ထန်းမီ မြန်မြန် ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်မ သူပြောတာကိုမယုံပါဘူး။ သူရှင့်ကို အပုပ်ချနေတာပဲဖြစ်မှာ!"
ယွီယိ နှုတ်ခမ်းများ တွန့်သွားကာ နောက်ဆုံးမှာတော့ သူတိတ်တဆိတ် သဘောတူလိုက်ရ၏။
ထန်းမီ ပြတင်းပေါက်ဘက်သို့လှည့်၍ တိတ်တိတ်လေး ခိုးရယ်နေမိသည်။ ယွီယိ သူမ၏ မသိမသာတုန်နေသည့် ပုခုံးများအားကြည့်ရင်း ချီတုံချတုံဖြင့် ရေရွတ်ပြောလိုက်တော့၏။
"ယွီရှင်းက ဦးနှောက်သိပ်မကောင်းဘူး။ သူပြောသမျှနားမထောင်နဲ့"
"အိုး"
ထန်းမီ အသံထွက်လာကာ ပုခုံးများကတော့ ပို၍ပင်တုန်နေတော့သည်။
ဟိုတယ် ဝင်ပေါက်ရှေ့တွင် ကားရပ်သွားပြီး လော့ဟောက် ထန်းမီ့ပစ္စည်းများအား ကူသယ်ပေးလိုက်၏။
"မင်း ဘယ်အခန်းမှာနေတာလဲ?"
"1203 ရပါတယ်။ ကျွန်မဘာသာသယ်နိုင်ပါတယ်"
လော့ဟောက် ပစ္စည်းများအား ဓာတ်လှေကားထဲထိ သယ်ပေးလိုက်ပြီးနောက်-"ငါတို့ကမင်းတို့ရဲ့ အပေါ်ထပ်မှာနေတာ တစ်ခုခုဖြစ်ရင် ငါ့ကို တန်းခေါ်လိုက်"
"ဟုတ် ကျေးဇူးပါ"
ဓာတ်လှေကား ၁၂ထပ်သို့ ရောက်လာပြီး ထန်းမီ ယွီယိတို့အား နှုတ်ဆက်ကာ ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။
သူမအခန်းသို့ ပြန်ရောက်တော့ လုယွီလည်း ပြန်ရောက်နေပြီဖြစ်ကာ မျက်နှာအား မက်စ်ကပ်ထားရင်း အိပ်ရာပေါ်လှဲနေ၏။ ထန်းမီပစ္စည်းအများကြီး ဝယ်လာသည်အားမြင်သော် သူမချက်ချင်းဘေးတွင် လာထိုင်လိုက်ပြီး..."ဘယ်လိုဖြစ်ပြီး ဒီလောက်အများကြီး ဝယ်လာတာလဲ?"
"အမ်....."
ထန်းမီ ဘယ်လို ရှင်းပြရမှန်းမသိပေ။ လုယွီ ဂါဝန်တစ်ထည်အား ထုတ်ကြည့်လိုက်၏။
"ရှင်ချမ်းသာတာလား? ဒီလောက်ဈေးကြီးတဲ့ ဂါဝန်ကို ဝယ်လာတယ်?"
ထန်းမီ ဘာမှပြန်မပြောချေ။ လုယွီ ဂါဝန်အားချလိုက်ပြီး အမိအရမေးလာ၏။
"ငါ ဖုန်းပြောပြီးဝင်လာတော့ နင်ယောက်ျားတစ်ယောက်ကိုဆွဲပြီး အနောက်တံခါးကနေ ထွက်သွားတာကို မြင်လိုက်တယ်"
ထန်းမီ ရုတ်တရက် ရင်တုန်သွားရလေသည်။
"ဘယ်သူ့ကို မြင်ခဲ့တာလဲ?"
လုယွီ ပခုံးတွန့်ပြရင်း..."ဟို့စ်အသစ်လို့တော့ ကြားတယ်? ရှင် ချက်ချင်း ဆွဲသွားလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်တော့ ဒီည ပြန်မလာလောက်တော့ဘူးတောင် ထင်နေတာ"
ထန်းမီ : "....."
"လျှောက်တွေးနေပြန်ပြီ"
သူမ အထုတ်ဖြေရင်း အဝတ်များအား ခရီးဆောင်အိတ်ထဲသို့ ပြောင်းထည့်လိုက်သည်။
လုယွီ သူမဆီ တိုးကပ်လာကာ တံတောင်ဖြင့်တို့လိုက်ပြီး..."ဒါတွေကို သူ ဝယ်ပေးသွားတာလား? ထူးတော့ထူးဆန်းတယ်။ ဘယ်လိုဖြစ်ပြီး ဟို့စ်ကပိုက်ဆံရှာမယ့်အစား ပိုက်ဆံသုံးနေတာလဲ?"
ထန်းမီလှည့်ကြည့်ပြီး ဖြတ်ခနဲပြုံးလိုက်၏။
"သူက သူများကို ကူညီရတာ ကြိုက်တဲ့ဟို့စ်လေ လေ့ဖုန်းလို့ ခေါ်တယ်"
လုယွီ : "....."
'သူ့ကို ငတုံးလို့ ခေါ်သင့်တာ'
________________________________________