Chapter 31
Vol. 4 Ch. 31
လုယွီတစ်ယောက် လေ့ဖုန်းဆိုသည့်ဟို့စ်အား အလွန်သိချင်သွားကာ နောက်တစ်ရက်ကျ ဟို့စ်ကလပ်သို့ထပ်သွားဖို့တောင် စီစဉ်နေပြီး အင်္ကျီတွေအများကြီးရမယ့်ကံအား စမ်းကြည့်ချင်နေသည်။
သို့သော် ကူရာကယ်ရာမဲ့နေသည့် ထန်းမီကတော့ ပါးစပ်ပိတ်ထားဆဲပင်။ လုယွီ သူမအား တစ်နေကုန်စစ်ဆေးမေးမြန်းနေသော်လည်း ဘာသတင်းအချက်အလက်မှမရဘဲ တစ်ဖြည်းဖြည်း လက်လျှော့လိုက်ရ၏။
ဖလှယ်ပွဲအစီအစဥ် တရားဝင်စတင်လေပြီ။ နိုင်ငံပေါင်း ၇နိုင်ငံမှ ပါဝင်တက်ရောက်ကြပြီး နိုင်ငံအသီးသီးကို ကိုယ်စားပြုသည့် စားဖိုမှူးများသည်လည်း အနည်းဆုံး တစ်ဒါဇင် ကျော်ကျော်လောက် ရှိကြပေမည်။ သို့သော် ထန်းမီ လူအုပ်ထဲတွင် လင်ချဲ့အား တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူမ လျှောက်လာသည်ကို မြင်တော့ လင်ချဲ့ သူ့ဘေးရှိ ကိုရီးယား လူမျိုးစားဖိုမှူးအား အနည်းငယ် တီးတိုးပြောလိုက်ကာ သူမထံ ရွှင်မြူးစွာ ဦးတည်လာတော့၏။
"ကိုယ် မင်းကို နိုင်ငံခြားမှာပါ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ဒါလူတွေပြောပြောနေတဲ့ "မိုင်ပေါင်းထောင်ချီအလွန်မှာ တွေ့ဆုံခြင်း" ဖြစ်မလား?"
ထန်းမီ ကံဆိုးမိုးမှောင်ကျသွားသလို ခံစားလိုက်ရတော့သည်။
"ရှင် ဒီမှာရှိနေမယ်ဆိုတာ ကြိုသိခဲ့ရင် ကျွန်မ မလာဘဲနေခဲ့မှာ"
လင်ချဲ့ စိတ်ဆိုးခြင်းများမပါဘဲ ခပ်ပါးပါးရယ်လိုက်၏။
"ဖလှယ်ပွဲ မှာပါရတာ အခွင့်အရေးကောင်းပဲ ယွီယိ မင်းကိုဒီလွှတ်လိုက်တာကြည့်ရရင် မင်းကိုမြင့်မြင့်မျှော်မှန်းထားလို့နေမှာ"
ထန်းမီ တိတ်ဆိတ်စွာ ခေါင်းအားအဝေးသို့ လှည့်လိုက်လေသည်။ ထိုအချိန် စီစဉ်သူရောက်လာကာ အားလုံးကိုထိုင်ဖို့ပြော၍ အဖွင့်မှာစကား အနည်းငယ်ပြောပြီးနောက် အားလုံးအတွက် စားချင်စဖွယ်အချိုပွဲများကို ခင်းကျင်းပြသတော့၏။
ထိုအချိုပွဲများသည် ဂျပန်စားဖိုမှူးများ အသင့်ပြင်ဆင်ထားသည့် အနုစိတ်လက်ရာများဖြစ်ပေသည်။ ဖလှယ်ပွဲ တွင်ပါဝင်သူများ အားလုံးလည်း သူတို့၏အကောင်းဆုံးအချိုပွဲများကို ပြင်ဆင်ဖို့လိုပြီး ဂျပန်ကတော့ ပွဲ၏အိမ်ရှင်နိုင်ငံဖြစ်သည့်အတွက် သူတို့ကအရင်ဆုံး ခင်ကျင်း ပြသရသည်။
လုယွီ ကိတ်မုန့်များအား ဓာတ်ပုံလိုက်ရိုက်နေရင်း ဝေပိုပေါ်တွင် ပို့စ်များအမှီတင်နေ၏။ ပို့စ်တင်ခလုတ်နှိပ်ပြီးသည်နှင့် ယွီယိနှင့်လော့ဟောက်တို့ လျှောက်လာတာကို တွေ့လိုက်ရတာကြောင့် သူမ အရမ်းလန့်သွားကာ လက်ထဲက ဖုန်းတောင် ပြုတ်ကျတော့မလိုဖြစ်သွားရတော့သည်။
'စီအီးအိုယွီလည်း ဖလှယ်ပွဲ မှာပါတာလား? ငါမကြားမိလိုက်ပါဘူး'
"မင်္ဂလာပါ စီအီးအိုယွီ!"
လုယွီ စိတ်အားထက်သန်စွာ ယွီယိအား နှုတ်ဆက်လိုက်လေ၏။
"ဒီနေ့ဖလှယ်ပွဲညီလာခံမှာ ပါဝင်ဖို့ ရောက်နေတာလား?"
"မဟုတ်ဘူး။ စစ်ဆေးဖို့အတွက် လမ်းကြုံဝင်လာတာ"
ဟောခန်းထဲတွင် အားလုံးကိုယ်စီ မတူညီသော ကိတ်များအား မြည်းစမ်းနေကြပြီး စကားအနည်းငယ် ဖလှယ်နေကြသည်ကို ယွီယိ စကန်ဖတ်သလို ကြည့်နေသည်။ အခြေအနေသည် အားလုံး အဆင်ပြေနေကာ သဟဇာတဖြစ်နေကြ၏။
သူ့အကြည့်များ ဧရိယာတစ်ခုလုံးအား လှည့်ပတ်ကြည့်နေရင်း ထန်းမီထံ ရောက်သွားချိန်တွင် ရပ်တန့်သွားတော့သည်။
ထန်းမီတစ်ယောက် ခေါင်းငုံ့၍ ကိတ်မုန့်အား မြည်းစမ်းကြည့်ပြီးနောက် ခေါင်းပြန်မော့ကာ ဘေးရှိ ဂျော်နသန်အား စကားလှမ်းပြောလိုက်၏။ သူမ ညာဖက်တွင် အနက်ရောင်ဆံပင်နှင့် လူငယ်တစ်ဦး ရှိနေကာ ထိုလူကို တွေ့လိုက်ရချိန်တွင် ယွီယိမျက်ခုံးများ မသိမသာလှုပ်ဆခတ်သွားတော့သည်။
ထိုလူမှာ လင်ချဲ့ပင်တည်း။
ပါဝင်သူစာရင်းထဲတွင် လင်ချဲ့ပါနေတာကို သူသတိထားမိခဲ့၏။
လော့ဟောက် ယွီယိကြည့်နေသည့် လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ချိန်တွင် သူ့နှုတ်ခမ်းများ အောက်ဘက်သို့ ကွေးသွားတော့သည်။
"သွားရအောင်"
ယွီယိ ဆန့်ကျင်ဖက်နေရာသို့ ချက်ချင်း လှည့်ထွက်လိုက်၏။ သူလုယွီအား ဖြတ်သွားစဉ် ခဏရပ်၍..."မင်း ဂျပန်ယဉ်ကျေးမှုနဲ့ ရင်းနှီးလား?"
လုယွီ ထိုမေးခွန်းအား သေချာနားမလည်သဖြင့် ဒီအတိုင်းခေါင်းသာ ညိမ့်ပြလိုက်လေသည်။
"နည်းနည်းပါ"
"ဒါဆိုငါ့အတွက် ဂျပန်ယဉ်ကျေးမှု မိတ်ဆက်ကို လက်ရေးစာမူနဲ့ရေးပေး စာလုံး၃၀,၀၀၀ အောက် မလျော့စေနဲ့"
လုယွီ : "....."
'နေပါဦး နေဦး ငါက ဘာလို့ရေးရမှာလဲ? ငါက ပီအာလေ ယဉ်ကျေးမှုဌာနကမှ မဟုတ်တာ!'
"စီအီးအို...."
ယွီယိ မြင်ကွင်းမှပျောက်ကွယ်သွားသည်ကို လုယွီကြည့်နေရင်း သူမပြောမည့်စကားများလည်း လေထဲတွင်သာ ကျန်ခဲ့ရတော့၏။
မုန့်ဖလှယ်ပွဲပရိုဂရမ်သည် ၃နာရီထိကျင်းပပြီး ကျန်တဲ့အချိန်မှာတော့ အားလပ်နေကြ၏။
ထန်းမီ ဟိုတယ်ကို ပြန်ဖို့ပြင်နေစဉ် လင်ချဲ့အသံကြောင့် ရပ်တန့်သွားလေသည်။
"ဂျပန်ကိုရောက်ဖို့ဆိုတာမလွယ်ဘူး ဒီတော့ ကိုယ်တို့ အပြင်ထွက်ပြီး လျှောက်လည်ကြမလား?"
"တော်ပြီ ရတယ်။ ကျွန်မ မနေ့ကပဲ လမ်းလျှောက်လည်ထားတာမို့ ပင်ပန်းနေပြီ"
လင်ချဲ့ ဇွဲမလျှော့ပေ။
"ဒါဆို တစ်ခုခုသွားစားရအောင် ကိုယ်အရမ်းကောင်းတဲ့ ဂျပန်စားသောက်ဆိုင်ကို သိတယ်"
"ကျွန်မ ဗိုက်မဆာသေးဘူး"
ထန်းမီ သူ့ဆီမှ လှည့်ထွက်လိုက်၏။ လင်ချဲ့ သတိမမူမိဘဲ သူမလက်အား ဆွဲကိုင်ဖို့ လှမ်းလိုက်ချိန်မှာပဲ ရှည်လျားတဲ့ ပုံရိပ်၂ခု သူတို့ဆီ ဦးတည်လာနေတာကို မြင်လိုက်ရသည်။
အရှေ့ကလူသည် ယွီယိဖြစ်ပြီး မီးခိုးရောင် သုံးပိုင်းပါသည့် အနောက်တိုင်းဝတ်စုံအား ဝတ်ဆင်ထားကာ သူ့အနားသို့မကပ်နိုင်သည့် အရှိန်အဝါများဖြင့် လွှမ်းခြုံထား၏။
အီတလီစားသောက်ဆိုင်တွင် တွေ့ခဲ့တုန်းကနှင့်ယှဉ်လျှင် လုံးလုံးလျားလျားကို ကွဲပြားနေလေသည်။
လင်ချဲ့မျက်ခုံးပင့်ကာ သူ့လက်အား ရုတ်သိမ်းလိုက်၏။
ယွီယိ သူတို့အနားတွင်ရပ်လိုက်ပြီး ထန်းမီဘက်သို့ာခေါင်းစောင်းကာ-"သွားစို့ ငါတို့စားမယ့်နေရာကို ဆုံးဖြတ်ထားတယ် မလား?"
ထန်းမီ : "....."
'ဘယ်အချိန်က ဆုံးဖြတ်လိုက်တာလဲ?'
'.....ယွီရှင်း? မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ယွီရှင်းဆို ဒီလောက်ခန့်ညားမှာမဟုတ်ဘူး'
ယွီယိ သူမအဖြေအား စောင့်နေဟန် စိုက်ကြည့်နေ၏။ ထန်းမီ သူ၏သလင်းကျောက်သဖွယ် လှပသည့်မျက်လုံးလေးများနှင့် အကြည့်ချင်းဆုံသွားပြီးနောက် ချက်ချင်းတုံ့ပြန်လိုက်တော့သည်။
"အိုး ဟုတ်တယ် ညစာ"
ထိုစဥ် လင်ချဲ့ သူမအား ပြုံးပြုံးလေးမေးလာသည်။
"မင်း ဗိုက်မဆာဘူးလို့ ပြောခဲ့တယ်မလား?"
"ကျွန်မ စီအီးအိုယွီကို မြင်တော့ ဗိုက်ဆာသွားတာ"
.....
သူတို့ တိုကျိုမြို့လယ်ခေါင်ရှိ လမ်းတစ်လမ်းတွင်ရောက်နေပြီး ထန်းမီကတော့ သူမဒီအခြေအနေကို ဘယ်လိုရောက်လာလဲဆိုတာ တွေးနေဆဲပင်။
ထန်းမီ အသံတိတ်နေသည့် ယွီယိအား ကြည့်ကာ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်လိုက်တော့၏။
ယွီယိ သူမ၏သေးငယ်သည့် လှုပ်ရှားမှုအား မြင်လိုက်တာကြောင့် မျက်နှာသေဖြင့်မေးလာလေသည်။
"မင်းလင်ချဲ့နဲ့ ဆက်ဆံရေး ကောင်းတာလား?"
ထန်းမီ လျင်မြန်စွာပင်.."တစ်စက်လေးမှ မကောင်းဘူး! ကျွန်မတို့ရဲ့ဆက်ဆံရေးလောက်တောင် မကောင်းဘူးရယ်!"
ယွီယိ သူမအား ခေါင်းစောင်း ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောချေ။ ထန်းမီ နှလုံးသားလေး ဒိတ်ကနဲ ဖြစ်သွားရကာ ထပ်ထည့်ပြောလိုက်ရသည်။
"ကျွန်မပြောချင်တာက သူနဲ့ကျွန်မရဲ့ဆက်ဆံရေးက တကယ် လုံးဝမကောင်းဘူးဆိုတာပါ"
ယွီယိ အဝေးအား လှမ်းကြည့်ကာ အနိမ့်အမြင့်မရှိသည့်လေသံ ခပ်အေးအေးဖြင့် ပြန်ပြောလာသည်။
"ငါတို့ဆက်ဆံရေးကို သာဓကပြပြီး မင်းနဲ့သူ့ရဲ့ဆက်ဆံရေး မကောင်းကြောင်းပြောတာက ငါတို့ဆက်ဆံရေးလည်း မကောင်းဘူးလို့ မင်းထင်နေလို့ပေါ့"
ထန်းမီ : "....."
'အရမ်းထိလွယ် ရှလွယ်မနေဘူးလား?'
သူမ တံထွေးမျိုချကာ ပြုံးရင်း..."အလုပ်မှာ ရှင်က ကျွန်မရဲ့အထက်လူကြီးလေ။ ဒီတော့ ကျွန်မတို့ဆက်ဆံရေးက 'ကောင်းတယ်' 'မကောင်းဘူး'ဆိုပြီး သတ်မှတ်လို့မရဘူး"
"ဒီတော့ ငါကမင်းအတွက် အထက်လူကြီးပဲလား?"
ယွီယိ၏အသံအနေအထားသည် ဘာသွယ်ဝိုက်မှုမှ မပါသော်ငြားလည်း ထိုမေးခွန်းသည် ထန်းမီ၏နှလုံးသားကို အဆမတန် တုန်ခါစေခဲ့သည်။
ယွီယိ အကြာကြီး စောင့်နေပြီးနောက် သူမ၏တိတ်ဆိတ်မှုကိုသာ သဘောတူမှုဟု မှတ်ယူလိုက်ရတော့၏။ ထို့နောက် သူ့မျက်အိမ်များ အနည်းငယ် ပိုကြီးသွားကာ-"ယွီရှင်းကရော?"
"ယွီရှင်း?"
ထန်းမီ ဟန်လုပ်ရယ်လိုက်ရင်း..."သူ့ဦးနှောက်က နည်းနည်းထူးဆန်းတယ်လို့ ရှင်ပြောဖူးတယ်မလား? ကျွန်မ သူ့ကို ကလေးလေးလို့ပဲ မြင်တာ ဟားဟား"
ယွီယိ ထပ်ဖိအားမပေးတော့ဘဲ။ ကားမှန်ပြတင်းပေါက်အပြင်ဘက်သို့သာ အကြည့်လွှဲလိုက်ရင်း နှစ်ယောက်သား တိတ်ဆိတ်သွားပြန်သည်။
ထန်းမီ ကိုးကြိမ်လောက် သေရေးရှင်ရေးမှ ခဲရာခက်စစ် လွတ်မြောက်လာသလို ခံစားမိတော့၏။
မကြာခင်မှာပဲ ကားလေးထိုးရပ်သွားခဲ့သည်။ ယွီယိ သူမအား အထက်တန်းစားသောက်ဆိုင် တစ်ဆိုင်သို့ ခေါ်သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း အဲအစား ဂျပန်အချိုမုန့်ဆိုင်သို့ ရောက်လာ၏။
ဆိုင်အတွင်းပိုင်းသည် အလွန်ရိုးရာဆန်ကာ အလုပ်သမားများကလည်း ခီမိုနိုကို ဝတ်ဆင်ထားကြသည်။
ပုံမှန်စားသောက်ဆိုင်များကဲ့သို့ သီးသန့်အခန်းတွေလည်းရှိ၏။ ဆိုင်ဝန်ထမ်းတစ်ယောက် သူတို့အား ကြိုဆိုပြီးနောက် ထိုအခန်းများထဲမှတစ်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
အခန်းထဲတွင်ရှိသည့် စားပွဲအပုလေးသည် ပုံမှန်ဂျပန်စားပွဲများထက်ပိုရှည်လျားပြီး အနည်းဆုံး လူ၅ယောက်စာ ထိုင်လို့ရသည်အထိ ကျယ်၏။ ဂျပန် ဆာကူရာပန်းများနှင့် ရိုးရာ မှင်ပန်းချီကားများအား ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်နေသည့် နံရံပေါ်တွင်ချိတ်ဆွဲထားလေသည်။
ပန်းရောင် ပန်းပွင့်များ ဝေဝေဆာဆာ ပွင့်နေကြပုံက ပန်းရောင်တိမ်တိုက်လေးများ လွှမ်းမိုးထားသည့် ကောင်းကင် သကဲ့သို့ပင်။
ထန်းမီ ယွီယိ ထိုင်ချလိုက်သည့် ပုံစံအတိုင်း လိုက်ထိုင်လိုက်၏။ သူစကားအနည်းငယ် ပြောလိုက်ပြီးနောက် ဆိုင်ဝန်ထမ်းလေးသည် အံ့ဩသွားတဲ့ပုံဖြစ်သွားကာ ကိုယ်အားကိုင်းညွှတ်ပြီး အခန်းထဲမှထွက်သွားလေတော့သည်။
ဒူးထောက်ထားရတာ မသက်မသာဖြစ်သည့်အတွက်
ထန်းမီ မြန်မြန်လေး ထိုင်သည့်အနေအထား ပြောင်းရန် ပြင်လိုက်သော်လည်း ယွီယိကြည့်နေတာကြောင့် ချက်ချင်း ကိုယ်အားဖြောင့်မတ်ကာ မသက်မသာ ရယ်ပြလိုက်၏။
ယွီယိ သူမအတွက် လက်ဖက်ရည်ငှဲ့ပေးကာ-"မင်းအဆင်ပြေသလိုထိုင်ပါ"
ထန်းမီ နည်းနည်း တွန့်ဆုတ်သွားသော်လည်း မနေနိုင်တော့သဖြင့် တင်ပျဉ်ခွေပုံစံ ပြောင်းထိုင်လိုက်သည်။
သူမအပြင်ဘက်ရှိ အလုပ်သမားတစ်ချို့ တစ်ခုခုပြောလိုက်သည်ကို ကြားပြီးနောက် လူတန်းကြီးတစ်တန်း အခန်းထဲသို့တန်းစီဝင်လာတော့၏။
တစ်ဦးစီသည် မတူညီသော အချိုပွဲများအား စားပွဲပေါ်ချ
ပေးနေသည်ကို တွေ့လိုက်ရချိန်တွင် ခုဏက ဆိုင်ဝန်ထမ်းလေး ဘာလို့အံ့ဩသွားသလဲဆိုတာကို ထန်းမီသဘောပေါက်သွားလေသည်။
အလုပ်သမားအားလုံး အခန်းထဲမှ ထွက်သွားကြပြီးနောက် ထန်းမီတစ်ယောက် စားပွဲပေါ်ရှိ အစားအသောက်များအား ပြူးတူးပြဲတဲကြည့်ကာ မေးလိုက်တော့သည်။
"ရှင်မီနူးထဲရှိသမျှကို မှာလိုက်တာလား?"
ယွီယိ ရိုးရှင်းစွာ အဖြေပေးလိုက်၏။
"ဟုတ်တယ်"
ထန်းမီ : "...."
'စတော်ဘယ်ရီ ဒါအီဖုခု၊ ဆာကူရာကွတ်ကီး၊ ဒိုရာယာခီ၊ ကျွဲကောဂျယ်လီအချိုပွဲတွေ ၊ ဒန်ဂို.....ဝက်တွေကိုတောင် ဒီလောက်အများကြီးကျွေးမှာမဟုတ်ဘူး'
"ဒါတွေ.....အကုန်စားနိုင်ပါ့မလား?"
"ငါတို့အကုန်စားစရာမလိုဘူး"
ယွီယိ ဒန်ဂိုတုတ်ချောင်းအားကိုင်ကာ ထန်းမီကိုပေးလိုက်၏။
"အရသာစစ်ဆေးရုံပဲ"
"အရသာစစ်ဆေးတာ?"
ထန်းမီ သူ့လက်ထဲရှိ ဒန်ဂိုကိုယူလိုက်၍ သူပြောလိုက်သည့်စကားအား နားလည်ဖို့ကြိုးစားနေဆဲပင်။
"မင်းကြယ်ရောင်ပလာဇာကိုကြားဖူးလား? အဲမြေအောက်ထပ်မှာ ဟောကြီးတစ်ခု ပြန်ဆောက်နေတာ"
ထန်းမီ ခေါင်းညိတ်ပြလိုက်သည်။
"သိတယ် သူတို့အဲဒါကို အပြီးပြောင်းလဲပစ်ဖို့ လုပ်နေတာလို့ ကြားဖူးတယ်"
"ဟုတ်တယ် ငါအဲနေရာကိုငှားပြီးသွားပြီ အဲမှာအချိုပွဲတိုင်းပြည်ကြီးကြီးဖန်တီးဖို့ စီစဉ်ထားတယ်"
ထန်းမီ ခဏတောင့်ခဲသွားပြီး အတွေးများ ဂယောက်ဂယက်ဖြစ်လာတော့သည်။
'ချီးပဲ! သူထိပ်တန်းစီးပွားရေး လျှို့ဝှက်ချက်ကို ကြားလိုက်ရတာလား!?'
"ငါအဲဒီနေရာကို အချိုပွဲဆိုင်တွေ အများကြီးခွဲထုတ်ထားမယ်။ ဆိုင်အသီးသီးက မတူတဲ့နိုင်ငံတွေက အချိုပွဲတွေကိုရောင်းမယ်။ ဒီလိုဆို ဒေသခံအချိုပွဲတွေစားဖို့ တစ်ခြားနိုင်ငံကို သွားစရာ မလိုတော့ဘူးလေ"
"မိုက်တာပေါ့!"
ထန်းမီ ဒန်ဂိုကိုချလိုက်ပြီး သူမမျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုဖြင့် တလက်လက်ထနေသည်။
"ဒီအကြံက မတူညီတဲ့လူတွေ အများကြီးကို ဆွဲဆောင်နိုင်မှာသေချာတယ်! တကယ်အချိုပွဲ တိုင်းပြည်ကြီးလိုဖြစ်နေမှာ!"
ယွီယိ သူမအားကြည့်ရင်း မျက်တောင်များ မသိမသာလှုပ်ခတ်သွား၏။
"ဒီ အကြံကောင်းတယ်လို့ ထင်လား?"
"ကောင်းရုံတင်မဟုတ်ဘူး။ အရမ်းအရမ်းကောင်းတာ! အဲလိုဖြစ်လာရင် ကျွန်မသေချာပေါက်သွားပြီး ဆိုင်တိုင်းမှာစားပစ်မယ်!"
ယွီယိလည်း သူမ၏ စိတ်လှုပ်ရှားမှုများ လွှမ်းမိုးတာကို ခံလိုက်ရပြီး သူတောင် မသိလိုက်ခင်မှာပင် နှုတ်ခမ်းများ အပေါ်သို့ကွေးညွှတ်သွားတော့သည်။
"ဒါပေမဲ့ သေချာဖြစ်မြောက်ဖို့ ဆိုရင် အရသာတွေက အတတ်နိုင်ဆုံးစစ်မှန်နေရမယ် မုန့်ဖုတ်ဆရာတစ်ယောက်ချင်းဆီကိုလည်း သေချာရွေးခေါ်ရမယ် အချိုပွဲတွေကိုလည်း ပစ်ထားလို့မရဘူး သေချာစဥ်းစားပြီးရွေးရမယ်။"
"အင်း"
ထန်းမီ ခေါင်းညိတ် ထောက်ခံလိုက်၏။
"ဂျပန်ဆိုင်မှာလုပ်ဖို့ ယူအူအီချီကို ကမ်းလှမ်းထားပေမဲ့ သူက ငြင်းလိုက်တယ်။"
ထန်းမီ ခဏစဥ်းစားလိုက်ပြီးနောက်-"ယူအူအီချီက ဟို့စ်ကလပ်ပိုင်ရှင်လား?"
"ဟုတ်တယ်"
ထန်းမီ နှစ်သိမ့်စကားဆိုလိုက်လေသည်။
"ရပါတယ်။ သူ့ကိတ်တွေက စားကောင်းတယ်ဆိုပေမဲ့ တစ်ခြားသင့်တော်မယ့်သူတွေလည်း ရှိမှာပါ"
ယွီယိ ခေါင်းညိတ်ကာ-"အဲဒါ ငါဂျပန်ကိုလာရတဲ့ အဓိကအကြောင်းရင်းပဲ။"
သူအချိုပွဲများနှင့် ပြည့်နှက်နေသည့် စားပွဲအားကြည့်ပြီး ထန်းမီဖြင့်မျက်နှာချင်းဆိုင်လိုက်သည်။
"ဒီဆိုင်မှာ ဂျပန်အချိုမုန့်အမျိုးအစားတွေ စုံစုံလင်လင်ရှိတယ်။ ဒါပေမဲ့ အားလုံးကို သုံးဖို့ကျ များလွန်းတာကြောင့် နည်းနည်းပဲရွေးလိုက်ရအောင်။"
"အာ သိပြီ"
စီအီးအိုယွီ သူမအား ညစာစားဖို့ခေါ်လာတာက အလုပ်ကိစ္စကြောင့်ဆိုတာကို သူမနောက်ဆုံးတော့ ချိတ်ဆက်မိသွားလေ၏။
သူမနှုတ်ခမ်းတင်းတင်းစေ့ကာ ဒန်ဂိုအားပြန်ယူလိုက်ပြီးနောက် ကိုက်ချလိုက်သည်။
"အင်း ဒါရဲ့မုန့်သားက တော်တော်ဝါးလို့ကောင်းတယ်။ ဆော့စ်ထူထူလေးကလည်း ပျစ်နှစ်နေတာပဲ ဒီတော့ဒါလေးဆို ရောင်းကောင်းမယ်ထင်တယ်။"
သူမ မျိုချလိုက်ပြီးနောက် မေးမြန်းလာ၏။
"လက်ထောက်လော့ ဘယ်မှာလဲ? သူ့ကိုလာခိုင်းပြီး သူဘယ်လိုထင်လဲမေးကြည့်ပါလား?"
ယွီယိ ဆာကူရာကွတ်ကီးအား ကောက်ယူကာ မျက်နှာသေကြီးဖြင့် ပြန်ဖြေလိုက်တော့သည်။
"သူ့မှာ သူ့အလုပ်နဲ့သူရှိတယ်။ ငါတို့ဘာသာပဲစားရအောင်။"
ထန်းမီ : "....."
လက်ထောက်လော့လည်း တကယ်လွယ်ကူမနေပေ။
_____________________________________________