Chapter 33
Vol. 4 Ch. 33
ယွီရှင်း ရုတ်တရက် မျက်နှာများဖြူဖျော့လာပြီး သူ့နားထင်သူ ဖိလိုက်ပုံသည် အရင်တစ်ခေါက်က ရှော့ပင်းမောလ်တွင် ဖြစ်ပျက်ခဲ့ပုံနှင့် တထေရာတည်း တူနေတာကြောင့် ထန်းမီသူ့အား အပြေးလေးသွားထူပေးကာ မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ? လူကြီးမင်းယွီ ထွက်လာပြီလား?"
ယွီရှင်း ဘာမှပြန်မပြောဘဲ အံကြိတ်နေမိ၏။ အရင်တုန်းက သူအိပ်ပျော်သွားသည့်အချိန်မှသာ ယွီယိသူ့ခန္ဓာကိုယ်သူပြန်ရတာပဲဖြစ်သည်။ သို့သော် ယခုတွင်တော့ ယွီရှင်းနိုးနေသည့် အချိန်များတွင်တောင် ယွီယိ ခန္ဓာကိုယ်အား ပြန်လည်ချုပ်ကိုင်နိုင်နေလေပြီ။
'ထန်းမီကြောင့်လား?'
သူထန်းမီ၏စိုးရိမ်ပူပန်နေသည့် မျက်နှာလေးအား ကြည့်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်သည်။
ထန်းမီ သူထိုင်လို့ရအောင်ကူပေးလိုက်ပြီး အရင်တစ်ကြိမ်ကအတိုင်း နိုးထလာဖို့စောင့်နေ၏။ သူမ ယွီယိ၏စိတ်နေစိတ်ထား အလှည့်အပြောင်းလုပ်ပုံကို မြင်ဖူးတာကြောင့် အရမ်းထိပ်လန့်မသွားခဲ့ချေ။
'ဘာလို့ ယွီရှင်း နှစ်ကြိမ်စလုံး ခေါင်းကိုက်ရတာလဲ?'
သူမ အဖြေရှာမတွေ့သေးခင်မှာပင် ထိုင်ခုံပေါ်ရှိ ယွီယိနိုးလာလေသည်။ သူ၏လှုပ်ရှားပုံများကို သေချာကြည့်ကာ ထန်းမီ စိုးရိမ်ကြီးစွာဖြင့် မေးမြန်းတော့သည်။
"လူကြီးမင်းယွီ? အဆင်ပြေရဲ့လား?"
ယွီယိ ခေါင်းအနည်းငယ် ငုံ့လိုက်ပြီးနောက် ဘေ့စ်ဘောဦးထုပ်အား ချွတ်လိုက်၏။
ဦးထုပ်၏လျှာထိုးနေရာတွင် "ဟန်နီ" ဆိုသည့်စာလုံးအား အင်္ဂလိပ်အက္ခရာဖြင့် ချစ်စဖွယ် ရေးထားပြီး ပေါကြောင်ကြောင် စမိုင်းပုံလည်း ဆွဲထားသေး၏။ သူ မျက်မှောင်ကြုတ်၍ ဦးထုပ်အား ဘေးကအမှိုက်ပုံးထဲ သို့ ပစ်ထည့်လိုက်လေသည်။
ထန်းမီ သူ့လုပ်ရပ်အားကြည့်ရင်း သူဘာဝတ်ထားလဲဆိုတာ မသိသွားဖို့ကိုသာ ဆုတောင်းနေမိတော့၏။
ဦးထုပ်ကို လွှင့်ပစ်ပြီးနောက် ယွီယိ ထန်းမီအား တစ်ခုခုပြောဖို့ ပြင်လိုက်စဥ် သူမလက်ထဲတွင် ပိုက်ထားသည့် အမွေးပွရုပ်လေးအား တွေ့သွားတော့သည်။ သူ ခဏငြိမ်နေပြီးမှ-"အရင်ဆုံး ဟိုတယ်ကိုပြန်ရအောင်"
"ဟုတ်ကဲ့"
ထန်းမီ ယွီယိနောက်မှလိုက်ကာ ဗီဒီယိုဂိမ်းမြို့တော်မှ ထွက်လာခဲ့၏။ ဒီတစ်ကြိမ်၌ ယွီယိ လော့ဟောက်ကို မခေါ်တော့ချေ။ အဲဒီအစား တက်စီတစ်စီးအား တားလိုက်ပြီး ထန်းမီနှင့်အတူ ဝင်ထိုင်လိုက်လေသည်။
ယွီယိ စိတ်ကြည်နေပုံ မပေါ်သဖြင့် ထန်းမီ သူ့အား စကားသွားမပြောရဲပေ။ သူမလည်း အချိန်တိုင်း ဒီလို ဝတ်စားပြီးနိုးလာရရင် တော်တော်ဒေါသထွက်မိမှာဟုသာ တွေးနေမိတော့သည်။
သူမ ခေါင်းငုံ့ရင်း ယွီရှင်းပေးခဲ့သည့်အမွေးပွရုပ်လေးအား ထိုးဆိတ်နေလိုက်မိ၏။ ထိုစဥ် ဘေးမှရုတ်တရက် ယွီယိ၏အသံ ထွက်ပေါ်လာသည်။
"တောင်းပန်ပါတယ်။ ငါမင်းကိုညစာစားဖို့ ဖိတ်ထားတာ အခုမသွားနိုင်တော့ဘူး"
ထန်းမီ ခဏငြိမ်နေပြီးနောက် အမြန်ပြောလာလေ၏။
"ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ယွီရှင်းက ကျွန်မကို ဗီဒီယိုဂိမ်းမြို့တော်ဆီ ခေါ်သွားခဲ့တယ်လေ"
ယွီယိ မျက်ခုံးများလှုပ်ခတ်သွားပြီး ဘာစကားမှထပ်မပြောတော့ချေ။
ထန်းမီ နောက်မှသိလိုက်ရတာက သူမ စကားမှားပြောမိတာကြောင့် ယွီယိ၏စိတ်အခြေအနေ ပိုဆိုးသွားတယ်ဆိုတာပင်။
လမ်းတစ်လျှောက်လုံးလည်း တိတ်ဆိတ်နေကာ ဟိုတယ်သို့ရောက်ခါနီးတွင် ထန်းမီ တစ်ခုခုပြောလိုက်သင့်သည်ဟု ခံစားမိလိုက်တာကြောင့်..။
"လူကြီးမင်းယွီ ယွီရှင်း ကျွန်မအခန်းဆီလာတုန်းက လုယွီနဲ့တွေ့သွားတယ်"
ယွီယိ နှာမှုတ်လိုက်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလာခဲ့သည်။
"ဒီ ကိစ္စကို ငါဖြေရှင်းလိုက်မယ်"
"အိုး....."
ထန်းမီ အနည်းငယ် လျော့တိလျော့ရဲ ဖြစ်သွားတော့၏။
"ပြဿနာ သူ လုယွီကို စကားအစဖော်ခဲ့တာ......ကျွန်မတို့က တွဲနေတယ်ဆိုပြီး"
ထန်းမီပြောပြီးနောက် သူဒီကောလဟာလကို တော်တော်လေး ရွံရှာလိမ့်မည်ဟု စိတ်ထဲတွင် မှတ်ယူလိုက်သည်။ သူ၏ဂုဏ်စည်းစိမ်တွေနှင့်ဆို သူ့ရွှေပေါင်တံကို မဖက်ချင်သည့် မိန်းမရှိမည် မဟုတ်ချေ။ သို့သော် ယွီယိ ခေါင်းပဲညိတ်ကာ တိတ်တဆိတ် အဖြေပေး၏။
"သိပြီ"
ဒီအဖြေသည် မဖြေတာနှင့်တောင်တူနေသည်။ ထန်းမီ သူဘာဆက်လုပ်မလဲ မေးချင်သော်လည်း မမေးဘဲနေဖို့သာ ဆုံးဖြတ်လိုက်တော့၏။
'ထားလိုက်ပါ သူပဲ လုယွီနဲ့ ရှင်းလိုက်တော့မယ်'
ဟိုတယ်သို့ ဆိုက်ရောက်ပြီးနောက် နှစ်ယောက်စလုံး အခန်းကိုယ်စီသို့ တန်းပြန်သွားခဲ့ကြသည်။ လော့ဟောက် ယွီယိ၏ဟိုတယ်ခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်နေပြီး ဖုန်းအားငုံ့ကြည့်နေကာ မျက်နှာထားသည်လည်း အနည်းငယ် စိတ်ပူပန်နေသလိုပင်။ စီအီးအိုယွီရောက်လာသည်ကို သိပြီးနောက် သူအမြန်ပင် ထရပ်လိုက်ကာ-"စီအီးအိုယွီ ပြန်လာပြီပဲ စီအီးအိုယွီနဲ့ ထန်းမီတို့ဖုန်းတွေ ခေါ်မရလို့ စိတ်ပူနေတာ သေတော့မယ်"
ယွီရှင်း ကုတင်အောက်တွင် ဖွက်သွားသည့်ဖုန်းအား ယွီယိ တွေ့သွားကာ ပါဝါဖွင့်လိုက်တော့သည်။
"သူ အနှောင့်ယှက်မခံချင်လို့ထင်တယ် သူထန်းမီဖုန်းကိုလည်း အတင်းအကြပ် ပိတ်ခိုင်းထားတာ"
လော့ဟောက် မျက်ခုံးများ ပင့်လိုက်ပြီး..."သူ ဒီတစ်ကြိမ်ရော ဘာလို့ထွက်လာတာလဲ?"
"ထန်းမီ သူ့ကို ကလေးလိုဆက်ဆံတာကို မကျေနပ်လို့ ဖြစ်မယ်"
"အဲလိုလား?"
လော့ဟောက်၏ မျက်ခုံးများ ပို၍တွန့်ခေါက်သွားတော့သည်။ ယွီရှင်းပေါ်ပေါ်လာရသည့် အကြောင်းရင်းသည် စီအီးအိုယွီကိုယ်တိုင်က တစ်ခုခု လုပ်ချင်သောကြောင့်ပင်။ သို့သော်အခုတော့ ထန်းမီ စနောက်လိုက်ရုံနဲ့တောင် ပေါ်လာနေပြီ ဖြစ်၏။ လော့ဟောက် ကိုယ်အား တစ်ခြမ်းစောင်းကာ စီအီးအိုယွီဘက်သို့ ကြည့်လိုက်လေသည်။
"စီအီးအိုယွီ အခုမအိပ်ပျော်ဘဲ ပြန်ထွက်မလာနိုင်တဲ့ပုံပဲ"
ယွီယိ အဝတ်ဗီရိုဆီသွားကာ အထဲတွင် အဖြူရောင်ရှပ်အင်္ကျီအားတွေ့သဖြင့် လဲဝတ်လိုက်ပြီးနောက်-"ဒေါက်တာကျန်းကို ဘိုကင်ယူထားပေး။ ငါအိမ်ပြန်ရောက်တာနဲ့ သူနဲ့တွေ့ရမယ်"
"နားလည်ပါပြီ"
လော့ဟောက် ခေါင်းညိတ်လိုက်ပြီးနောက် မေးလာ၏။
"ဟုတ်သားပဲ စီအီးအိုယွီ ဒီနေ့ ထန်းမီနဲ့ ညစာစားချင်သေးလား?"
ယွီယိ တိတ်ဆိတ်စွာ ပြန်ဖြေလေသည်။
"မလိုတော့ဘူး"
သူ ယွီရှင်းကို ထန်းမီနှင့် အတူမရှိစေချင်သလို....ယွီရှင်းသည်လည်း သူနှင့်ထန်းမီအား အတူမရှိစေချင်တာကို ကောင်းကောင်းသိ၏။
လော့ဟောက် ဘာမှမပြောတော့ဘဲ။ ယွီယိ၏အခန်းထဲမှ ထွက်ခွာသွားတော့သည်။ ယွီယိ ကုတင်ပေါ်ပစ်တင်ထားသည့် ပိုက်ဆံအိတ်အားယူ၍ ဖွင့်ကြည့်လိုက်၏။
အနက်ရောင် ပိုက်ဆံအိတ်ထဲတွင် ရောင်စုံတောက်ပနေသည့် ဓာတ်ပုံတစ်ပုံကပ်ထားပြီး ထိုပုံလေးထဲတွင် ပန်းရောင်ပိုလိုရှပ်အင်္ကျီနှင့် ယွီရှင်းသည် ထန်းမီအား တင်းကြပ်စွာ ဖက်တွယ်ထား၏။
သူ့ခေါင်းပေါ်တွင် ကြောင်နားရွက်ပုံစံ effectထည့်ထားပြီး မျက်နှာပေါ်မှာလည်း နှုတ်ခမ်းမွေး ၃ချောင်းစီ ဆွဲထားသေး၏။ ထန်းမီခေါင်းပေါ်တွင်ကျ ယုန်နားရွက်လေး ထည့်ထားကာ ပါးစပ်တွင်လည်း မုန်လာဥနီအား ကိုက်ထားလေသည်။
ဒီပုံအား မူကြိုကျောင်းနံရံတွင် ကပ်ထားရမယ်ဆိုလျှင်တောင် ဘယ်သူမှသံသယဝင်မည် မဟုတ်ချေ။
ယွီယိ ထိုပုံအား အတော်အတန်ကြာ စိုက်ကြည့်နေပြီးနောက် ပါးစပ်မှရေရွတ်လိုက်မိ၏။
"စုံတွဲ?....."
သူ ပါးချိုင့်များပေါ်သည်အထိ ပြုံးရယ်နေသော ယွီရှင်းအား ကြည့်ကာ ထန်းမီ မေးဖူးသည် မေးခွန်းကို ရုတ်တရက် ပြန်သတိရသွားတော့သည်။--
'ရှင်ရယ်လိုက်ရင် ပါးချိုင့်တွေ ပေါ်လာတာကို သိလား?'
ယွီယိ ပိုက်ဆံအိတ်အား ချကာ မှန်ရှေ့သို့သွားပြီး သူ့ပါးစပ်သူ ရွဲ့စောင်းကြည့်လိုက်၏။ နှုတ်ခမ်းလိုင်းအား အပေါ်သို့အတင်း ဆွဲကွေးလိုက်ပြီးနောက် မှန်ထဲရှိ သူ့ပုံရိပ်အားကြည့်ရင်း မျက်မှောင် ကြုတ်မိသွားတော့သည်။
'ဘာလို့ ပါးချိုင့်တွေ မပေါ်တာလဲ?'
သူပိုက်ဆံအိတ်ကို ပြန်ကောက်ယူလိုက်ကာ ယွီရှင်း၏ပါးချိုင့်များအား ပြန်ဆန်းစစ်ကြည့်ပြီးနောက် မှန်ထဲရှိသူ့ကိုယ်သူ ပြန်ကြည့်သည်။
သူ့ပါးပေါ်တွင် တိမ်တိမ်လေးဖြစ်နေသည့် ပါးချိုင့်နှစ်ခုရှိနေပြီး ယွီယိ သိပ်စိတ်တိုင်းမကျသေးချေ။ ယွီရှင်း၏ပါးချိုင့်တွေက ပိုပြီးထင်သာမြင်သာရှိ၏။
ထို့နောက် ယွီယိ ပိုက်ဆံအိတ်အား ပစ်ချလိုက်ကာ ချစ်စရာကောင်းသည့် ပါးချိုင့်များရဖို့အရေး ရယ်နည်း ထိုင်လေ့ကျင့်နေလိုက်တော့သည်။
ထန်းမီကတော့ အခန်းသို့ပြန်ရောက်သည်နှင့် လုယွီအား သူမ၏ဘဝဇာတ်ခုံ အဖုံဖုံကို တစ်ညလုံးပြောပြနေရလေ၏။ ထို့နောက် ယွီယိနှင့်သူ၏ချစ်ခြင်းမေတ္တာ ဆိုသည့်ခေါင်းစဥ်ဖြင့် ဝါဒမဖြန့်တော့မည်ဆိုတာ သေချာသွားမှသာ သူမအိပ်ရာဝင်နိုင်တော့သည်။
******
နောက်ရက်တွေ၌ ထန်းမီ ယွီယိအားမမြင်သလို ယွီရှင်းသည်လည်း ပေါ်မလာချေ။ သူတော်တော်အလုပ်များနေလို့ ဖြစ်မည်ဆိုသော်လည်း သူမနှလုံးသားထဲရှိ ယုံကြည်မှုလေးကတော့ တစ်ဖြည်းဖြည်း ပျောက်ကွယ်နေလေပြီ။
မုန့်ဖလှယ်ပွဲ မပြီးခင်ရက်တွင် စီစဉ်သူများသည် မောလ်ထဲ၌ ပွဲအသေးစားလေး စီစဉ်ပေးထား၏။ ထိုပွဲသည် ဖလှယ်ပွဲတွင်ပါဝင်သည့် မုန့်ဖုတ်ဆရာများအား သာမန်ရိုးကျခေါင်းစဉ်တစ်ခုပေးပြီး ထိုခေါင်းစဉ်အတိုင်း ကိတ်မုန့်လုပ်ရမည်ဖြစ်ပင်။ မောလ်ထဲရှိဧည့်သည်တိုင်း ထိုကိတ်အား မြည်းစမ်းခွင့်ရှိ၏။
ထိုပွဲ၌ ထန်းမီ ယွီယိအား ပြန်တွေ့လိုက်ရသည်။ အရင်တစ်ခေါက်က သူမရွေးပေးထားသည့် အနောက်တိုင်းဝတ်စုံအား ဝတ်ဆင်ထားပြီး စင်အောက်တွင် ငြိမ်သက်စွာထိုင်နေလေ၏။
ဒီပွဲတွင် အကောင်းဆုံးကိတ်မုန့်အား ရွေးချယ်မည်မဟုတ်သော်လည်း မုန့်ဖုတ်ဆရာများကတော့ အချင်းချင်း ကြိတ်ပြိုင်နေကြသည်။ ဒီနေရာရှိလူအားလုံးတွင် ထန်းမီသည် ဝါအနုဆုံး ဖြစ်သည့်အတွက် သူမဖိစီးမှုသိပ်မရှိသော်လည်း ယွီယိအား တွေ့လိုက်ချိန်တွင် သူမသွေးများ ချက်ချင်း ဆောင့်တက်သွားတော့၏။
ဘော့စ်သည် လူအုပ်ထဲတွင် ကိုယ်တိုင်ကိုယ်ကျ နေရာယူထားလေသည်။ သူမကောင်းကောင်းမလုပ်လျှင် တကယ်ကြီး အလုပ်ဖြုတ်ခံရနိုင်သည်။
စီစဉ်သူများသည် အားလုံးအဆင့်သင်ဖြစ်နေသည်ကို စစ်ဆေးပြီးနောက် စင်ပေါ်တက်၍ ပွဲစတင်လိုက်ကာ ကိတ်မုန့်အတွက် ခေါင်းစဉ်များအား စတင်ကြေညာခဲ့၏။
ထိုအချိန်တွင် မေးခွန်းဘုတ်ပေါ်တွင် ဖုံးထားသည့်အကာအား ဖယ်ရှားလိုက်ပြီး 恋 ဆိုတဲ့စာလုံးတစ်လုံးသာ ရေးထားလေသည်။
တရုတ်စာလုံး၏အပေါ်တွင် ရောမသံဖြင့် အသံထွက်ပြထား၏။
ထိုသည်မှာ 'အချစ်'ပင်တည်း။
_____________________________________________