Chapter 34
Vol. 4 Ch. 34
ထန်းမီ ပွဲမတိုင်ခင် ခေါင်းစဉ်အမျိုးမျိုးအား ခန့်မှန်းခဲ့သော်လည်း စီစဉ်သူသည် ဒီလိုရိုမန့်တစ်ဆန်သည့် ခေါင်းစဉ်မျိုး ပေးလာလိမ့်မည်ဟု မထင်ခဲ့ပေ။
သူမအမှတ်မထင်ဘဲ ယွီယိအား ငေးကြည့်မိသွားချိန်တွင် ယွီယိလည်း သူမအား လှမ်းကြည့်နေတာကြောင့် အမြန်ပင် အကြည့်လွှဲလိုက်ရ၏။
မုန့်ဖုတ်ဆရာတစ်ချို့သည် စဉ်းစားနေကြဆဲဖြစ်ကာ တစ်ချို့ကတော့ စတင်လှုပ်ရှားနေကြပြီဖြစ်သည်။ ထန်းမီ တစ်နေရာတည်းတွင်ပဲ အတော်အတန်ကြာ ရပ်နေပြီးနောက် အနောက်တွင်ရှိသည့် အစားအသောက်စင်သို့သွားကာ လိုအပ်မယ့်ပစ္စည်းများအား ပြေးယူလိုက်တော့၏။
ဘေးတွင်ရပ်နေသည့် လင်ချဲ့တစ်ယောက် သူမ ဝိုင်စွန်းဟောသွန်း( wine-stained hawthorn)တစ်ပုလင်းအား ယူလာသည်ကိုမြင်တော့ လှမ်းမေးလေသည်။
"ဟောသွန်းကိတ် လုပ်မလို့လား?"
ထန်းမီ ခေါင်းညိတ်ရုံမျှသာ အဖြေပေးလိုက်ပြီး ဘာမှသိပ်မပြောဘဲ လိုအပ်သည်များကိုယူယူပြီးနောက် နေရာသို့ပြန်သွားလိုက်တော့သည်။
သူမ ပထမဦးဆုံး ဗနီလာ ဟာရီကိန်းကိတ်ကိုလုပ်ကာ အိုဗန်ထဲတွင်ထည့်ထားပြီးနောက် ဇလုံအကြီးထဲသို့ ဒိန်ချဉ်များလောင်းထည့်ကာ ဒိန်ချဉ်မုစ်အား စတင်လုပ်လိုက်၏။
မုစ်လုပ်ခြင်းပြီးမြောက်ပြီးနောက် ဝိုင်စွန်းဟောသွန်းနှင့် သင့်တော်သလောက် သကာရည်ပမာဏအား ကြိတ်စက်ထဲသို့ထည့်ကာ အနှစ်ရအောင်မွှေလိုက်တော့သည်။ ရလာသည့်အနှစ်များကို ခရင်မ်အနှစ်တွင်သုံးလိုက်၏။ တစ်ဖက်တွင် အလှဆင်ရန် ခရင်မ်အနှစ်သည် ပန်းနုရောင်ဖြစ်သွားပြီး တစ်ခြားတစ်ဖက်တွင် ခရင်မ်အနှစ်အရသာ ပိုတိုးသွား၏။
ကျန်နေသည့် ဝိုင်စွန်းဟောသွန်းသီးများကို အခွံနွှာ၍ သေသေချာချာ အပိုင်းသေးလေးတွေလှီးပြီး အေအးခံထားသည့် ဟာရီကိန်းကိတ်အား ဒိန်ချဉ်မုစ်ဖြင့် သုတ်လိုက်သည်။
အချိန် အများကြီးမရတဲ့အတွက် ထန်းမီ အကြာကြီး အအေးခံထားဖို့ကို လက်လျှော့လိုက်ရပြီး ဟောသွန်းဒိန်ချဉ်မုစ်ကိတ် နှစ်လွှာအား အအေးခံသေတ္ထာထဲသို့ တန်း၍ထည့်လိုက်ရ၏။ နာရီဝက်ကြာပြီးနောက် အအေးခံသေတ္တာထဲမှထုတ်ကာ ရေခဲသေတ္တာထဲသို့ထပ်ထည့်လိုက်ပြီး ပြန်အနွေးပေးလိုက်ပြီး ကိတ်အားစတင်အလှဆင်လိုက်တော့သည်။
ပန်းရောင်ခရင်မ်ဆီမှ တမူထူးသည့်အနံ့ထွက်နေကာ ဟောသွန်းသီးအနှစ်တွင်လည်း အသီးဖက်လေးများဖြင့် ပျစ်နှစ်နေ၏။ သူမကိတ်ပေါ်တွင် ခရင်မ်အလွှာထပ်လိုက်ပြီး နှင်းဆီပွင့်ပုံဖဲပြားအကြီးအား သုံး၍အလှဆင်လိုက်တော့သည်။ ထို့နောက် သူမတွင် နောက်ဆုံးတစ်ဆင့်သာကျန်လေတော့သည်။
သူမ သန္တာကျောက် သကြားအလွှာပါးပါးအား ဆီလီကွန်အခံပေါ်၌တင်ကာ အပူပေးပြီးနောက် ဆီလီကွန်အခံအား ကိုင်လှုပ်၍ သကြားရည်ကို တောင်ပံပုံစံဖြစ်လာအောင်လုပ်လိုက်၏။ ခဲသွားချိန်မှသာ ကိတ်ပေါ်တွင်အလှဆင်လိုက်လေသည်။
သူမ၏ကိတ်မုန့် ပြီးစီးသွားချိန်တွင် ဘေးမှဝိုင်းကြည့်နေသည့် စီစဥ်သူ၏အာရုံအား ချက်ချင်းဆွဲဆောင်သွားတော့၏။ သူလက်ထဲတွင် မိုက်ခရိုဖုန်းကိုင်ထားရင်း ထန်းမီဆီသို့ တန်းလျှောက်လာလေသည်။
ထို့နောက် အံ့ဩတကြီးဖြင့် သက်ပြင်းချလိုက်ရင်း..."ဝိုး ဒီကိတ်ကအရမ်းလှတာပဲ! ပန်းရောင်ခရင်မ်က ချစ်စရာကောင်းပြီး ချိုမယ့်ပုံလေးနော် အပေါ်ဆုံးက ဖဲပြားလိုင်းက ချောမွတ်ကျစ်လျစ်နေရော ပြီးတော့ သန္တာကျောက်သကြားနဲ့လုပ်ထားတဲ့ တောင်ပံတွေက ကြည်လင်နေတာပဲ! ဒါအနုပညာထက်တောင် အနုစိတ်သေးတယ်!"
[ T/N : ဒါလေးက စာရေးသူဖော်ပြထားတာနဲ့ အနီးစပ်ဆုံးတူတဲ့ ကိတ်ပုံပါ။ ]
စီစဉ်သူသည် စကားတွေအများကြီးပြောသွားသော်လည်း ထန်းမီ တစ်လုံးမှနားမလည်တာကြောင့် ပြုံးပဲပြုံးနေလိုက်တော့သည်။ တစ်ခြားမုန့်ဖုတ်ဆရာများလည်း ဆွဲဆောင်ခံလိုက်ရကာ စိတ်ဝင်တစား လာကြည့်
ရူကြ၏။
ဂျော်နသန် သူမ၏ကိတ်မုန့်အားတွေ့ပြီး မျက်ခုံးပင့်လိုက်ကာ-"ဒါကို အရင်ဆုံးစားကြည့်နိုင်တဲ့ ကံကောင်းသူ ဖြစ်ခွင့်ရမလား?"
ထန်းမီ ပြုံးကာ ပြင်သစ်စကားဖြင့် ပြန်ပြောလိုက်၏။
"ကျွန်မကသာ ဂုဏ်ယူရမှာပါ"
သူမကိတ်မုန့်အားလှီးကာ ပန်းကန်ပြားပေါ်တင်၍ ဂျော်နသန်အား လှမ်းပေးလိုက်သည်။ ဂျော်နသန် ကိတ်မုန့်အပြင်ပိုင်းရှိ ဒိန်ချဉ်မုစ်အလွှာလေးအား ကြည့်ကာ တီးတိုးပြောလိုက်လေ၏။
"အိုး လိုင်းရော အရောင်ရော တော်တော်လှတာပဲ။ ငါ့အရင်ဆရာပြောတာမှန်တယ်။ မုန့်ဖုတ်ဆရာတစ်ယောက်မှာ ပန်းချီဆရာထက် မနိမ့်တဲ့လက်ရာမျိုးရှိရမယ်တဲ့
မင်းက အရမ်းတော်တဲ့ ပန်းချီဆရာမပဲ!"
သူ၏မြှောက်ပင့်ပြောဆိုမှုကြောင့် ထန်းမီမြောက်သွားတော့သည်။ စီစဉ်သူသည် ကိတ်အား မြည်းဖို့အတွက် စောင့်နေဆဲပင်။ အားလုံး၏အာရုံစူးစိုက်မှုများနှင့်အတူ ဂျော်နသန် ဇွန်းဖြင့် ကိတ်အားဖဲ့ယူကာ ပါးစပ်ထဲထည့်လိုက်လေ၏။
ဤနေရာတွင် လွန်စွာတိတ်ဆိတ်သွားပြီး အားလုံးသည်ဂျော်နသန်ဆီတွင်ပဲ အာရုံစူးစိုက်နေကြ၏။
"အင်း...."
ဂျော်နသန် သက်ပြင်းချကာ ပါးစပ်ထဲမှ ကိတ်အား မျိုချလိုက်ပြီးနောက်-"ဒီကိတ်ရဲ့အရသာကို ဘယ်လို ပြောပြရမှန်းတောင်မသိဘူး။ ဒါပေမဲ့ ငါ့အချစ်ဦးကို သတိရသွားစေတယ်။ အဲအချိန်တုန်းက ငါတို့ကျောင်းတက်နေတုန်းပဲရှိသေးတယ် နေ့လယ်ခင်းမှာ ကျောင်းဥယျာဉ်ထဲ
လမ်းလျှောက်ဖို့ သူမကိုခေါ်နေကျလေ ကောင်းတဲ့အမှတ်တရလေးပေါ့ ဒီကိတ်ရဲ့အရသာကလည်း အဲဒီအမှတ်တရလိုမျိုးပဲ နေရောင်ခြည်၊ လေပြည်၊ ပန်းတွေနဲ့ ချစ်သူရဲ့အငွေ့အသက်တွေရှိတယ်"
ဂျော်နသန် ပြင်သစ်စကားဖြင့်သာ ပြောလိုက်၏။ သိပ်မကြာမီမှာပဲ ဝန်ထမ်းသည် သူ့စကားအား အင်္ဂလိပ်ဘာသာနှင့် ဂျပန်ဘာသာသို့ ဘာသာပြန်ပေးလိုက်ချိန်တွင် နေရာမှာရှိနေသည့် ပရိတ်သတ်အုပ်ကြီး ထပ်၍မစောင့်ဆိုင်းနိုင်တော့ပေ။ ထို့ကြောင့် စီစဉ်သူများသည် ခပ်မြန်မြန်ပင် ကိတ်မုန့်အားဝေပေးဖို့ စီစဉ်ကြရတော့သည်။
တခြားမုန့်ဖုတ်ဆရာများလည်း သူတို့ကိတ်အား မြန်မြန်အပြီးသတ်လိုက်ကြပြီး စီစဉ်သူများလည်း ချီးမွမ်းကာ တစ်ခြားမုန့်ဖုတ်ဆရာများအား အရင်မြည်းစမ်းစားကြည့်စေသည်။ ထန်းမီလည်း နည်းနည်းစီ လိုက်စားကြည့်ရင်း အားလုံးရဲ့အရသာသည် ပြီးပြည့်စုံပြီး အပြစ်ပြောစရာမရှိတာကို သိလိုက်ရ၏။
ကိတ်မုန့်များ စတင်ဝေပေးနေပြီဖြစ်သည့်အတွက် ပရိတ်သတ်များ အုံကြွနေကြလေသည်။ သတင်းပို့ရန်လိုက်လာသည့်လုယွီတောင် ထန်းမီဆီသို့ လွယ်လွယ်မလာနိုင်ခဲ့သဖြင့် မျှော်လင့်ချက်ကြီးစွာ လှမ်းကြည့်နေရတော့၏။
"နင့်ရဲ့ကိတ်ကျန်သေးလား? ငါ့ကိုပေးဦး!"
ထန်းမီ ရိုးသားစွာပင် ခေါင်းရမ်းပြလိုက်လေသည်။
"ဘာမှမကျန်တော့ဘူး"
လုယွီ စိတ်ပျက်လက်ပျက် ဖြစ်သွားကာ ထန်းမီအရှေ့ရှိ ဘာမှမကျန်တော့သည့် လင်ဗန်းအား ကြည့်ရင်း နှာခေါင်း ရူံလိုက်ပြီးနောက် တစ်ခြားနေရာတွင်သာ ပုံများလိုက်ရိုက်နေလိုက်တော့သည်။
ယွီယိ ပွဲနေရာတွင်ရှိနေပြီး ထိုင်ခုံတွင်ငြိမ်သက်စွာ ထိုင်နေသော်ငြားလည်း သူ့အား သတိမထားမိတဲ့သူမရှိပေ။
ထန်းမီ ဖွက်ထားသည့် ကိတ်မုန့်အပိုင်းလေးအား ခိုးထုတ်လာကာ ယွီယိဆီ သွားပေးလိုက်၏။
"စီအီးအိုယွီ စားချင်လား? ဒါ နောက်ဆုံးကျန်တဲ့အပိုင်း"
ဘေးတွင်ထိုင်နေသည့် လော့ဟောက်တစ်ယောက် သူမအား မကျေမနပ်ကြည့်လာလေသည်။
"ငါလည်း ဗိုက်ဆာတယ်လေ"
ထန်းမီ မျက်စောင်းထိုးလိုက်ပြီး..."စီအီးအိုယွီက စားဆိုရင် တစ်ဝက်စားလို့ရတယ်"
ယွီယိ သူ့အရှေ့ရှိ ပန်းကန်ပြားအားယူ၍ အတုံးသေးလေးဖဲ့ကာ ပါးစပ်ထဲထည့်လိုက်ရင်း ခွန့်တုံပြန်လိုက်၏။
"မစားစေချင်ဘူး"
လော့ဟောက် : "......"
သူ ယွီယိ၏အစားအသောက် ဇီဇာကြောင်မှုကို သိသော်လည်း ပေါ်တင်ပြောခံလိုက်ရသည့်အတွက် အနည်းငယ် ဝမ်းနည်းသွားရသည်။
ထန်းမီ ခဏကြည့်နေပြီးနောက် ရယ်မောလိုက်၏။ သူစားပြီးသည်အထိ စောင့်နေသော်လည်း မသည်းခံနိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။
"အရသာ ဘယ်လိုလဲ?"
ယွီယိ စဉ်းစားလိုက်ပြီးနောက်-"ဂျော်နသန် ပြောတဲ့အရသာမျိုးရှိနေတယ်လို့တော့ မထင်ဘူး"
ထန်းမီ ပြင်းထန်သည့် တိုက်ခိုက်မှုအား ခံလိုက်ရပြီးနောက် သူဘာပြဿနာရှိနေလဲဆိုတာသာ မေးနိုင်တော့သည်။ ယွီယိ အနံ့ခံလိုက်ပြီးနောက် ဆက်၍ပြောလာ၏။
"မင်းရဲ့အရသာရှိတယ်လို့ ထင်တယ်။"
ထန်းမီ ရုတ်တရက် သူမ၏အရသာကို စဉ်းစားမိသွားတော့သည်။
'ငါ့အရသာက ဘာလဲ?'
ဘေးတွင်ခေါင်းငုံ့ထိုင်နေသည့် လော့ဟောက်၏ပခုံးများ တုန်လှုပ်သွားတာကြောင့် ထန်းမီသူ့အား မရေရာစွာ ကြည့်လိုက်မိ၏။ လော့ဟောက် သူမ၏အကြည့်အား
သတိထားမိသွားကာ ခေါင်းမော့လိုက်ပြီးနောက်-"ဒီနေ့ရဲ့ခေါင်းစဉ်က အချစ်ရဲ့အရသာ မဟုတ်လား?"
ထန်းမီ နှလုံးခုန်သံများ မြန်လာလေသည်။
'ယွီယိ ဆိုလိုတာက......?'
'သူက အချစ်နှင့်ညီမျှတယ်လို့လား?'
ထန်းမီ ယွီယိအား လှည့်ကြည့်လိုက်ချိန်တွင် သူ သတိလက်လွတ် ချက်ချင်း ခေါင်းငုံ့ချလိုက်ပြီး ဇွန်းအပြည့်ဖြင့် ကိတ်မုန့်အား အတင်းသွပ်စားနေတော့သည်။
"ဒီ ကိတ်ကို ထုတ်ကုန်အသစ်အနေနဲ့ ရောင်းလို့ရတယ်။"
ထန်းမီ အံ့ဩသွားကာ ခေါင်းညိတ်လိုက်၏။
"အိုး တကယ်လို့ ကျွန်မတို့ဒါကိုစားသောက်ဆိုင်မှာ ရောင်းဖြစ်ရင် ကိတ်အရွယ်အစားကို သေးအောင်လုပ်ချင်တယ်။ ဒါမှသန္တာကျောက်သကြားရဲ့အလှက ပိုမြင်သာမှာ။"
"အင်း ကောင်းပြီ"
ယွီယိ တုံ့ပြန်ပြီးနောက် သူမအားထပ်ကြည့်လာကာ-"ငါတို့ မနက်ဖြန်ဆို ပြန်ရပြီ။ မင်းဝယ်ချင်တာရှိလား?"
ထန်းမီ : "ကျွန်မရဲ့အခန်းဖော်က ပစ္စည်းတွေ အများကြီးဝယ်ခိုင်းလိုက်တယ် အဲတာကြောင့် ကျွန်မ လုယွီနဲ့ချိန်းထားပြီးပြီ ဒီပွဲပြီးသွားရင် ကျွန်မတို့ဈေးဝယ်ထွက်ကြမလို့။"
ယွီယိ ဓာတ်ပုံလိုက်ရိုက်နေသည့် လုယွီအားကြည့်ကာ မေးခွန်းလိုက်၏။
"သူ ဂျပန်ယဉ်ကျေးမှုတင်ပြချက် ရေးပြီးသွားပြီလား?"
"အင်း မနေ့ညတုန်းက ရေးနေတာပဲ"
ယွီယိ ခေါင်းငိုက်စိုက်ကာ ပြောလက်စများ ရပ်သွားလျှင် လော့ဟောက်ရယ်ရင်း သူ့အား တိုးတိုးလေး ကပ်ပြောလာ၏။
"တကယ်တော့ သူ့ကို အလုံး၅၀,၀၀၀ ရေးခိုင်းလိုက်ရမှာ"
ယွီယိသူ့အား စောင်းကြည့်လာတာကြောင့် လော့ဟောက် ချက်ချင်းပါးစပ်ပိတ်လိုက်ရတော့သည်။
အပြန်နေ့တွင်လည်းယွီယိ၊ ထန်းမီနှင့်တစ်ခြားလူများ အတူတူ လေယာဉ်တစ်စီးတည်းစီးကြမည်ပင်။
ဟိုတယ်လော်ဘီတွင် ထန်းမီ ပန်းရောင်မွေးပွရုပ်အား ကိုင်ထားသည်ကို ယွီယိမြင်ကာ မျက်လုံးများ လှုပ်ရှားသွားတော့သည်။
"ဒါကို ယူခဲ့မလို့လား?"
"ဟုတ်တယ်"
သူမလည်း ဒီလို မွေးပွရုပ်လေးအား လေယာဉ်ပေါ်ထိ သယ်သွားဖို့ အဆင်မပြေတာကြောင့် ဟိုတယ်တွင် ပစ်ခဲ့ဖို့ လုပ်ခဲ့သော်လည်း သူ၏သနားစဖွယ် မျက်လုံးလေးများသည် ယွီရှင်း အတိုင်းပင်။ ထို့ကြောင့် ထန်းမီ၏နှလုံးသားလေး ပျော့ညံ့သွားရကာ သူမနှင့်အတူ ယူလာခဲ့ဖို့သာ ဆုံးဖြတ်လိုက်၏။
ယွီယိ သူမလက်ထဲရှိ မွေးပွရုပ်အားကြည့်ရင်း မျက်လုံးများ မသိမသာ ပြူးလာလေသည်။
"ဒါကို တကယ် လေယာဉ်ပေါ်ထိ ယူခဲ့ချင်တာလား?"
"ဟုတ်တယ်လေ စစ်ဆေးလို့ရတယ် မလား?"
"ဒါမျိုးကို စစ်ဆေးရတာ တော်တော်အလုပ်ရှုပ်တယ် သူတို့အရုပ်ကို ဖောက်ကြည့်ပြီး အထဲမှာ တစ်ခုခုဖွက်ထားလား ရှာကြမှာ"
ထန်းမီ : "....."
'သူတို့ မလုပ်လောက်ပါဘူး???'
ထန်းမီ ကြောက်ရွံ့သွားကာ အရုပ်လေးအား ကိုင်မြဲကိုင်ထားလိုက်၏။ လော့ဟောက် အရုပ်အား လှမ်းယူလိုက်ကာ ပြုံးပြရင်း..."ငါကူညီပေးမယ်။ စိတ်ချလက်ချသာနေ သူတို့ အရုပ်ကို ဖွင့်စစ်ရင်လည်း ပြန်ချုပ်ပေးမယ်။"
ထန်းမီ : "....."
လော့ဟောက်နှင့်ယွီယိတို့ ထွက်သွားပြီးနောက် သူမအမြန်ပင် ဖုန်းထုတ်ကာ မွေးပွရုပ်ကို ဖွင့်စစ်၊မစစ် အင်တာနက်တွင် ရှာကြည့်လိုက်၏။
လေဆိပ်သွားသည့်ကားထဲတွင် ယွီယိ သူ့ဘေးတွင် ရှိနေသည့် မွေးပွရုပ်လေးအား ထိုးဆိတ်ကာ လော့ဟောက်အား ကြည့်၍..."ဘယ်ချိန်ကတည်းက အရမ်းတက်ကြွနေတာလဲ?"
လော့ဟောက် ပြုံးလျက်-"ထန်းမီက လိမ္မာပါတယ်။ စီအီးအိုယွီက ကြောက်အောင် ဖြဲခြောက်လိုက်တာကိုး။"
ယွီယိ အရုပ်အားဆိတ်နေပြီး ဘာမှပြန်မပြောပေ။
ထန်းမီ စီစဉ်သူနောက်လိုက်နေခဲ့ပြီး လင်ချဲ့လည်း တစ်လျှောက်လုံး သူမနှင့်အတူရှိနေတာကြောင့် လေယာဉ်ပေါ်တွင် သူ့ထိုင်ခုံသည် သူမနှင့်ကပ်လျက် နေရာတွင်ကျခဲ့သည်။
လေယာဉ်ပေါ်ရောက်တော့ ထန်းမီ မျက်လုံးများ မှိတ်လိုက်ချိန် တန်း၍အိပ်ပျော်သွားတော့၏။ လင်ချဲ့ သူမအား အခုလိုတွေ့လိုက်ရတော့ မထိန်းချုပ်နိုင်တော့ဘဲ ပြုံးလိုက်မိကာ သူလည်းမျက်လုံးများမှိတ်ကာ အနားယူလိုက်လေသည်။
၃နာရီကျော် ကြာပြီးနောက် လေယာဉ် ပြန်လည်ဆင်းသက်လာ၏။
ကိုယ်စီ ကိုယ့်အထုပ်ကိုယ် ယူပြီးသည်အထိ လင်ချဲ့တစ်ယောက် ဇွဲမလျှော့ဘဲ ထန်းမီနောက်သို့ တကောက်ကောက်လိုက်နေတော့သည်။
"ကိုယ်အထုပ် ကူသယ်ပေးမယ်လေ အိမ်ကိုတန်းပြန်မှာလား? လိုက်ပို့ပေးမယ်"
"နေပါစေ လုယွီနဲ့သွားမှာ"
လင်ချဲ့ ဆက်ကြိုးစားမလို့ လုပ်နေစဥ် လော့ဟောက် သူတို့ဆီ မွေးပွရုပ်လေးကိုင်ရင်း ရောက်ချလာ၏။
"မင်းအရုပ် တော်တော် ကံကောင်းတယ် ဖွင့်မစစ်ခံရဘူး"
"ကျေးဇူးပါ!"
ထန်းမီ လွတ်မြောက်လာသည့် အရုပ်လေးအား ယူပြီး လော့ဟောက်ကို ပြုံးပြလိုက်သည်။ လော့ဟောက် သူမအနားတွင် ရစ်သီရစ်သီလုပ်နေသည့် လင်ချဲ့အား တစ်ချက်စောင်းကြည့်ကာ သူမအား..."စီအီးအိုယွီရဲ့ကား အပြင်မှာစောင့်နေတယ် သွားရအောင်"
ထန်းမီ ဝမ်းသာသွားပြီး လော့ဟောက်အနောက်မှလိုက်ကာ လေဆိပ်ထဲမှထွက်လာတော့၏။
ရင်းနှီးနေသည့် ဘန်ထလေကားလေးသည် လမ်းတစ်ဖက်တွင် ရပ်ထားလေသည်။ ထန်းမီ သူမ၏မဖိတ်ခေါ်ထားသည့် အပြုအမူကြောင့် တော်တော်လေးရှက်နေ၏။ လော့ဟောက် သူမ၏အထုပ်အား နောက်ဖုံးထဲသို့ထည့်ပေးပြီး ကားပေါ်တက်လာသော်လည်း သူမကို ဘာမှမရှင်းပြသေးပေ။
ယွီယိ သူကားတံခါးပိတ်ပြီးသည်ကို စောင့်နေပြီးနောက် ဒါရိုင်ဘာအား အမိန့်ပေးလိုက်တော့သည်။
"ထန်းမီအိမ်ကို အရင်ပို့"
ဒါရိုင်ဘာ ယွီယိအပြောကို တုံ့ပြန်လိုက်ပြီးနောက် ကားအား စတင်မောင်းနှင်လိုက်လေ၏။
ထန်းမီ ရှက်ရွံ့နေကာ အရှက်ပြေရယ်လိုက်ပြီး..."ကျွန်မ စီအီးအိုယွီကို အလုပ်ရှုပ်မိစေပြန်ပြီ"
ယွီယိ ခေါင်းခါပြရင်း..."မင်းနေတဲ့တိုက်ခန်းမှာ ဓာတ်လှေကား မရှိဘူးလား? နောက်မှ လော့ဟောက် မင်းရဲ့ခရီးဆောင်အိတ်ကို ကူသယ်ပေးလိမ့်မယ်"
"ရပါတယ် ဒီနေ့ကရုံးပိတ်ရက်လေ။ ကျွန်မရဲ့အခန်းဖော် အိမ်မှာရှိတယ်။ ကျွန်မသူ့ကို အပေါ်သယ်ခိုင်းလိုက်မယ်။ ဘာပဲဖြစ်ဖြစ် သူ့အိတ်ပဲဟာ"
ယွီယိ ခေါင်းညိတ်ပြီး ဘာမှမပြောတော့ချေ။
အိမ်ပြန်ရောက်ပြီးနောက် ဘန်ထလေကားလေး အဝေးသို့ထွက်သွားသည်ကိုကြည့်ရင်း ထန်းမီ ဖုန်းထုတ်ကာ ဖုရှင်းအား ခေါ်လိုက်လေ၏။
"ရှင်းရှင်း ငါပြန်ရောက်ပြီ။ အောက်ဆင်းပြီး ကူသယ်ပေးဦး!"
ဖုရှင်း အမြန်ပင် အောက်ဆင်းလာပြီး အမွေးပွရုပ်အကြီးကြီးအား ပိုက်ကာ လှေကားအောက်တွင်ရပ်နေသည့် ထန်းမီကိုမြင်တော့ ပါးစပ်အား လက်ဖြင့်အုပ်လိုက်၏။
"ဂျပန်ကနေ ဒီလိုဟာမျိုးဝယ်ခဲ့ရအောင် နင်ကအသက်ဘယ်လောက်မို့လို့လဲ?"
ထန်းမီ လျစ်လျူရှု၍ မြေကြီးပေါ်က ခရီးဆောင်အိတ်အား လက်ညိုးထိုးပြလိုက်ကာ-"နင်လိုချင်တဲ့ ပစ္စည်းတွေက ဒီထဲမှာ အဲတော့ နင်သယ်ခဲ့လိုက်!"
သူမ ပြောပြီးသည်််နှင့် လက်တစ်ဖက်တွင် အရုပ်လေးအားပိုက်ပြီး ကျန်တစ်ဖက်တွင်တော့ ပေါ့ပေါ့ပါးပါး ခရီးဆောင်အိတ်လေးအားကိုင်ကာ အပေါ်သို့ တက်သွားတော့သည်။
သူမ အဝတ်လဲပြီးချိန်တွင် ဖုရှင်းတစ်ယောက် အိတ်ကြီးအားသယ်ကာ အပေါ်သို့ရောက်လာလေ၏။ သူမတံခါးဝတွင်မှီ၍ ထန်းမီအား လက်ညှိုးငေါက်ငေါက်ထိုးကာ ရင်ဖွင့်လိုက်တော့သည်။
"ငါ့ကို ဘယ်လိုတောင် လုပ်ရက်တာလဲ! ငါမှာ လိုက်တဲ့ပစ္စည်းတွေက ဘယ်လိုလုပ်ပြီး ဒီလောက်လေးမှာလဲ!"
ထန်းမီ အိတ်အားလာဆွဲပြီး သူမအား အပြစ်ကင်းသဖွယ် မျက်လုံးလေးများဖြင့် ကြည့်လိုက်၏။
"ငါ နင့်ကို ဝိတ်ကျစေချင်လို့ပါ ဒါနင်ကောင်းဖို့အတွက်ပဲ"
ဖုရှင်း မျက်စောင်းထိုးလိုက်ပြီး အိတ်အားဖွင့်ကာလှန်လှောရှာနေတော့သည်။
"ဟဲ့?? နင်ထီပေါက်လာတာလား?? နာမည်ကြီးတံဆိပ်အထည်တွေ အများကြီးဝယ်လာတယ်!"
ဖုရှင်း ယွီရှင်းဝယ်ပေးခဲ့သည့် အဝတ်အပုံလိုက်အား အမှတ်တမဲ့ ရှာတွေ့သွားကာ မျက်လုံးများသည်လည်း
ဘလင်းဘလင်း ဖြစ်နေလေတော့သည်။
ထန်းမီ အဝတ်များကို ပြန်သိမ်းရင်း ရှင်းပြလိုက်ရ၏။
"အိုး ဒါတွေကို ကုမ္ပဏီကပေးတာ"
ဖုရှင်း သူမအား မယုံသင်္ကာဖြင့် ကြည့်လာတော့သည်။
"ကုမ္ပဏီ? ယွီကျီက နင့်အပေါ် အရမ်းကောင်းနေတာပဲ!! နင့်ကုမ္ပဏီက သန့်ရှင်းရေးဝန်ထမ်း တကယ်မခေါ်တာလား?"
ထန်းမီ နှုတ်ခမ်းအားသပ်လိုက်ကာ ဆက်ပြီးအထုပ်ဖြည်နေလိုက်၏။ ထို့နောက် ဖုရှင်း ဒေါင်လိုက်မျဉ်း စကတ်လေးအားကိုင်ကာ မျက်လုံးတစ်ဖက်မှိတ်ပြရင်း..."ထန်းထန်း ဒါငါ့ပေးလိုက်"
"မပေးဘူး"
ထန်းမီ ဖုရှင်းလက်ထဲမှ ပြန်ဆွဲယူလိုက်လေသည်။
"ငါလည်း ဒါကြိုက်တယ်"
"အိုခေလေ"
ဖုရှင်း လက်ဖြန့်ပြလိုက်ကာ-"ဘယ်ဟာကို မကြိုက်တာလဲ?"
"ဘယ်ဟာကို မကြိုက်တာလဲဆိုရင်..."
ထန်းမီ ကတ်ထူအိတ်အထပ်လိုက်ဖြင့် အခန်းထဲသို့ ပြေးဝင်သွားတာကြောင့် ဖုရှင်းလည်း ပြေးလိုက်ကာ အတင်းပူဆာတော့သည်။ အခန်းထဲတွင် တစ်နေ့ခင်းလုံးကြာပြီးနောက် သူမအတွက် စကတ်တစ်ထည် ရလာသော်လည်း ဝတ်ကြည့်လိုက်ချိန်တွင်......စကတ်သည် အရမ်းသေးနေ၏။
ထန်းမီ ပြုံး၍ သူမအား ဘေးမှလက်တို့လိုက်၍..."တွေ့လား ငါနင့်ကိုပေးတယ် ဒါပေမဲ့....."
ဖုရှင်း စကတ်အား ဆွဲချွတ်ပြီး လေးနက်စွာ ကျိန်ဆိုလိုက်လေတော့သည်။
"နောက်တစ်လနေရင် ဒါကိုဝတ်ဖို့ ဝိတ်ကျစေရမယ်!"
ထန်းမီ : "နင်နောက်တစ်လနေလို့မှ မဝတ်နိုင်သေးရင် ငါပြန်ယူမယ်"
ဖုရှင်း : "....."
'ဒီလောက်စကတ်အများကြီးနဲ့ ဘာလုပ်မလို့လဲ! ဟွန့်!!!'
********
တစ်ခြားတစ်ဖက်၌ ဒေါက်တာကျန်းတစ်ယောက် ယွီယိ၏အိမ်ဧည့်ခန်းထဲသို့ လျှောက်လာစဉ် ပီယာနိုရှေ့တွင်ထိုင်ကာ "အဲလစ်ဆီသို့"သံစဥ်အား တီးခတ်နေသူကို တွေ့လိုက်ရ၏။
သူ့လက်ချောင်းလေးများသည် ရှည်သွယ်လှပနေကာ ပီယာနိုပေါ်တွင် ပြေးလွှားနေပုံသည် တမူထူးခြားသည့်အလှတရားအား ပေးဆောင်နေလေသည်။ ချောမွေ့ပြီး သာယာနာ ပျော်ဖွယ်သံစဥ်များသည် သူ့လက်ချောင်းများမှတစ်ဆင့် စီးဆင်းလာနေသည်။ ထိုသူသည် ပန်းရောင်ညအိပ်ဝတ်စုံကြီးသာ မဝတ်ထားလျှင် သူဒီအခိုက်အတန့်လေးအား ဒီထက်ပိုကြာကြာ ပိုပျော်မွေ့မိမှာပင်။
"ယွီရှင်း?"
သူ ဝင်နှောင့်ယှက် လိုက်ရတော့၏။
ပီတာနိုအရှေ့မှ လူသည် လှုပ်ရှားမှုများ ရပ်တန့်သွားကာ သူ့ထံခေါင်းလှည့်လာပြီး ပြုံးပြလေသည်။
"ဒေါက်တာကျန်းက လျင်တုန်းပဲနော်"
ဒေါက်တာကျန်း ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး..."ကျွန်တော့်ကို တွေ့ချင်တဲ့သူက ယွီယိလို့ ထင်ခဲ့တာ"
"သူမင်းကိုတွေ့ချင်တာမှန်တယ်"
ယွီရှင်း ပြုံးရွှင်၍ ဆင်းလာကာ ဒေါက်တာကျန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"ငါ ထာဝရပျောက်ကွယ် သွားအောင်လုပ်ပေးဖို့ မင်းကိုမေးချင်တာဖြစ်မယ်"
ဒေါက်တာကျန်း၏ မျက်ခုံးများ မသိမသာလှုပ်ခတ်သွားကာ ဘာမှတော့သူပြန်မပြောခဲ့ပါ။
ယွီရှင်း မျက်နှာပေါ်တွင် အပြုံးတစ်ခုအား ဆက်လက်ထိန်းထားကာ သူ့အားစိုက်ကြည့်လိုက်၏။
"မင်းတော့ မသိလောက်ပေမဲ့ သူ အခု ငါနိုးနေတဲ့အချိန်မှာတောင် ခန္ဓာကိုယ်ကို အသာလေး ပြန်ယူနိုင်နေပြီ"
ဒေါက်တာကျန်း မျက်ခုံးလေးပင့်သွားတော့၏။
"ကြည့်ရတာ သူ့ဘာသာသူ ခံစားကို ထုတ်ပြနိုင်တယ်လို့ စတွေးလာပြီ ထင်တယ်"
ယွီရှင်း လှောင်ရယ် ရယ်လိုက်တော့သည်။
"သူ ဘာလုပ်နိုင်မှာမို့လို့လဲ? ငါကပဲ သူ လိုချင်တာအတွက် တိုက်ခိုက်ပေးနေတာ ငါ မရှိရင် သူလည်း ဘာမှမလုပ်နိုင်ဘူး"
ယွီရှင်း၏ပြုံးနေသည့် မျက်နှာထားသည် ချက်ချင်း ပျောက်ကွယ်သွားကာ ကိုယ်အား ကိုင်းညွှတ်လာပြီး ဒေါက်တာကျန်း၏ မျက်လုံးများအား တန်းတန်းစိုက်ကြည့်လာခဲ့၏။
"ပျောက်ကွယ်ရမယ့်သူက ငါမဟုတ်ဘူး သူ!"
ဒေါက်တာကျန်း သူ့အား ကြည့်ခွင့်ပေးထားပြီး ခပ်ပါးပါးလေး ပြုံးလိုက်တော့သည်။
"မင်းက ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ပေါင်းစပ်သွားမှာ"
"ပေါင်းစပ်မယ်?"
ယွီရှင်း မျက်လုံးများထဲတွင် မဝံ့မရဲအရိပ်ယောင်များ ပေါ်လာခဲ့၏။
"ဒါဆို ငါက မပျောက်ကွယ်ဘူးပေါ့? ငါသူ့အတွက် လုပ်ပေးနေရတာ ပင်ပန်းနေပြီ သူဘာလို့ ဘာမှ မလုပ်ဘဲနေနိုင်ရတာလဲ? ငါ့မှာလည်း ငါလိုချင်တာရှိသေးတယ်"
ဒေါက်တာကျန်း သူ့အား ပြန်လည်စိုက်ကြည့်လိုက်၏။သံလိုက်၏ခပ်တိုးတိုးအသံသည် အခန်းထဲတွင် ဖြည်းညှင်းစွာ စီးဆင်းနေသကဲ့သို့ပင်။
"မကွဲပြားပါဘူး။ မင်းလိုချင်တဲ့အရာက သူ လိုချင်တဲ့အရာပဲလေ။ မင်းက သူပဲ"
"ငါက သူမဟုတ်...."
ယွီရှင်း၏အသံ နိမ့်ကျသွား၏။ သူ့အရှေ့ရှိ မျက်နှာဝါးတားတား ဖြစ်လာတဲ့လူအား ကြည့်ရင်း စိတ်ဆန္ဒမပါဘဲ မျက်လုံးများ ပိတ်လိုက်တော့သည်။
သူ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာလဲနေတာကို သိလိုက်ရပြီး ဒေါက်တာကျန်းသည်လည်း ဘေးတွင်ရပ်ကာ သူ့အား ငုံ့ကြည့်နေ၏။
သူ နားထင်အား ပွတ်သပ်ကာ ထထိုင်လိုက်ပြီးနောက်-"ငါ သတိမထားမိလိုက်တုန်း ယွီရှင်း ယူသွားတာ ခံလိုက်ရတယ် နောက်ဒီလိုထပ် မဖြစ်စေချင်တော့ဘူး"
ဒေါက်တာကျန်း တခစ်ခစ်ရယ်လိုက်တော့သည်။
"မင်းနဲ့ယွီရှင်း ဆယ်နှစ်ကျော်လောက် အတူနေလာကြတာ အခုကျမှ ရုတ်တရက်ကြီး တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်ကြတော့ဘူး။ ဘာကြောင့်များလဲ?"
ယွီယိ ပြန်မဖြေချေ။ ဒေါက်တာကျန်း သူ့ဆီလျှောက်လာပြီး ထိုင်ချလိုက်ကာ မျက်လုံးများတွင်လည်း အပြုံးဝေဆာနေ၏။
"ဘာပဲဖြစ်ဖြစ် ဒါကောင်းတဲ့အခွင့်အရေးပါ။ မင်းတက်ကြွလာတယ် မင်းအဲလိုမဖြစ်ချင်ရင် မင်းကိုယ်ကို ညှင်းပန်းနေတာပဲ မင်းနှလုံးသားနောက်ကို လိုက်တတ်ဖို့ ကြိုးစားပြီး ကိုယ့်အစွမ်းအစနဲ့ကိုယ် လိုချင်တာကိုရအောင်ယူနိုင်မယ်ဆိုရင် ယွီရှင်းကဘာမှမဟုတ်တော့ဘူး"
ယွီယိ သူ့အားကြည့်ကာ မေးလာလေသည်။
"အဲတာဆို ယွီရှင်း ထပ်မပေါ်လာတော့ဘူးလား?"
"မင်းတို့ တရားဝင် မပေါင်းစည်းသရွေ့ မင်းအပြုအမူကို လိုက်ပြီး သူက ပေါ်လာဦးမှာပဲ"
ယွီယိ အနည်းငယ်မျက်မှောင်ကြုတ်နေပြီး အတော်အတန်ကြာ စဉ်းစားနေလိုက်ပြီးမှ အဖြေ ပြန်ပေးလိုက်သည်။
"နားလည်ပြီ"
__________________________________________